Wednesday, February 18, 2009

တုန်းကွမ်မှ သန္တိနိကေတန်သို့

ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်လျှင် လယ်ကွင်းပြင်ကြီးများကို တမျှော်တခေါ် မြင်နေရသည်။ ငါးမွေးမြူရေး ကန်များကိုလည်း ကြိုကြား ကြိုကြားတွေ့ရသည်။ ကန်ဘောင်ပေါ်တွင် သွတ်ပြားအဟောင်းများဖြင့် ခနော်ခနဲ့ဆောက်ထားသော တဲအိမ်လေးများ လည်းရှိသည်။ လေဝှေ့လိုက်လျှင် ဖုံတွေက တလိပ်လိပ် တက်သွားသည်။ မြန်မာပြည် အညာဒေသကို သတိမရမိပဲ စိတ်က “သန္တိနိကေတန်”ကို ရောက်သွားသည်။ စင်စစ် မိမိရောက်နေသော နေရသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ်မှ တုန်းကွမ်မြို့ (Dongguan) မြို့ဖြစ်သည်။

“သန္တိနိကေတန် ပညာရေး” ဆိုသောဆောင်းပါးကို ပညာလောကစာစောင်တွင် ဖတ်ခဲ့ဖူးသည် (စာရေးသူ၏ အမည်ကို မမှတ်မိတော့ပါ)။ သန္တိနိကေတန်သည် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့မြောက်ဖက် ကီလိုမီတာ ၁၈၀-ခန့်အကွာမှ မြို့ငယ်လေး ဖြစ်သည်။ စာပေနိုဗယ်လ်ဆုရှင် ဘင်္ဂလီ ကဗျာဆရာကြီး ရာဘင်ဒြာနတ်သ် တဂိုးတို့ မိသားစုပိုင်သော နေရာဖြစ်၍ တဂိုး၏ ဖခင်ကပင် “သန္တိနိကေတန်” (ချမ်းမြေ့အိမ်) ဟုအမည် ပေးခဲ့သည်။ ဤမြို့လေးတွင် တဂိုးက ကျောင်းသား ၅-ယောက်ခန့်ဖြင့်စ၍ ကျောင်းတစ် ကျောင်းထောင်ခဲ့သည်။ ကျောင်းဆိုသော်လည်း စာသင်ခန်း မရှိ။ သစ်ပင်ရိပ်အောက်တွင် ဝိုင်းဖွဲ့၍ သင်ကြားသော ကျောင်းဖြစ်သည်။ ထိုခေတ်၏ ကြက်တူရွေးနှုတ်တိုက် ပညာသင်ကြားနည်းများကို ဆန့်ကျင်၍၊ ဆရာနှင့် တပည့်အကြား, လူသားနှင့် သဘာဝအကြား ပွင့်လင်းရင်းနှီးစွာ ပညာသင်ကြားသော စနစ်ဖြစ်သည်။ အရေး, အဖတ်, အတွက်ကိုသာ ဖိ၍သင်ကြားခြင်းမျိုး မဟုတ်။ သစ်ပင်တက်ချင် တက်မည်။ သစ်ပင်ရိပ်အောက်တွင် ပန်းချီဆွဲသူ ဆွဲမည်။ တူရိယာတစ်ခုခုကို တီးမှုတ်၍ နေချင်နေမည်။ ကသူက ကနေမည်။ ပြေးလွှားခုန်ပေါက် နေသူတွေလည်း ရှိမည်။ ပညာရေးသည် ဘဝအတွက် ပညာရေးဟူသော ရည်မှန်းချက်ဖြင့် ထူထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်တွင်လည်း ကျေးရွာများတွင် ရွာဦးကျောင်း သစ်ပင်ရိပ်အောက် ကွပ်ပျစ်လေးပေါ်တွင် “ဒွေ ဧက ဒွေ” အလီတွေရွတ်၊ ဆားတစ်ဆုပ်ကို ခါးပုံစတွင်ထည့်၍ သရက်ပင်ပေါ်တက် သရက်သီးခူးစားရင် ပညာသင်ခဲ့ရသည်။ သို့သော် “အာဂုံဆောင်မှ အာဂလူ” ဆိုသော ထုံးကို နှလုံးမူ၍ အလွတ်ကျက်မှတ်မှုကို အလေးပေးလွန်း၍ တဂိုး၏ သန္တိနိကေတန် ပညာရေးမျိုး မဖြစ်တော့။ တက္ကသိုလ်ကြီးများ၌ပင် ကြက်တူရွေး ပညာသင်ကြားမှုကို အားထား လွန်းနေသည်။

၂၀၀၀-ခုနှစ်ကာလက တုန်းကွမ်မြို့လေးသည် စက်မှုမြို့သစ်လေးအဖြစ် ကူးပြောင်းဆဲကာလဖြစ်သည်။ လယ်ကွင်းများမှသည် စက်ရုံများတစ်ခုပြီး တစ်ခုပေါ်လာသည်။ စင်္ကာပူတွင် စီးပွားရေးပျက်ဆုတ်ကပ် (ထိုစဉ်က dot com ဈေးကွက် ပျက်သွားသည်) ကြုံသည်က တစ်ကြောင်း၊ လုပ်ခလခနှင့် ကုန်ကျစားရိတ်တွေ တက်လာသဖြင့် စင်္ကာပူတွင် ကုန်ထုတ်လုပ်ရန် မကိုက်တော့သည်ကတစ်ကြောင်း၊ တရုတ်ပြည်ကြီးက စီးပွားရေးလမ်းဖွင့်လိုက်သည်က တစ်ကြောင်း စသဖြင့် အကြောင်းပြချက် အမျိုးမျိုးဖြင့် စင်္ကာပူမှ စက်ရုံအတော်များများသည် တရုတ်ပြည် ကမ်းရိုးတန်းနယ်များသို့ ပြောင်းရွှေ့သွားသည်။ တရုတ်ပြည် ကုန်းတွင်းဒေသမှ လယ်သမားသားသမီးများက ကမ်းရိုးတန်းစက်မှုမြို့သစ်များသို့ သိမ်းကြုံး ဆင်းလာကြသည်။ Toffler ၏ စကားဖြင့် ဆိုရလျှင်တော့ စင်္ကာပူအား တတိယလှိုင်းရိုက်ခတ်လိုက်ပြီး၊ တရုတ်ပြည်သည် စိုက်ပျိုးရေးယဉ်ကျေးမှုမှ စက်မှုယဉ်ကျေးမှု ဒုတိယလှိုင်းထဲသို့ ကူးပြောင်းကာစဟု ဆိုရပေမည်။

ကျွန်တော်တို့ကုမ္ပဏီက စက်မှုလုပ်ငန်းများတွင်သုံးသော high-precision automation စက်များကို ထုတ်သည်။ တရုတ်ပြည်မှ (printer စက်ရုံ, head and media စက်ရုံစသော) စက်ရုံအသစ်များတွင် assembly line များ ဆင်ပေးရသည်။ စက်များအား တပ်ဆင်ပြီးသောအခါ မိမိတို့ ကုမ္ပဏီရုံးခွဲမှ နယ်ခံ အင်ဂျင်နီယာများအား ထိုစက်တို့ကို ပြုပြင် ထိမ်းသိမ်းတတ်ရန် knowldege transfer အဖြစ်ပြန်လည် သင်ကြားပေးရသည်။ ထိုအချိန်က ခေတ်စားနေသော စကားတစ်ခုမှာ “think globally, act locally” ဖြစ်သည်။ ကမ္ဘာနှင့်ချီ၍ အမြင်ကျယ်ကျယ် တွေးခေါ်ပြီး, မိမိတို့ ရေမြေသဘာဝနှင့် ကိုက်ညီအောင် ကျင့်သုံးရန်ဖြစ်သည်။ အစပိုင်းတွင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ အတတ်ပညာရှင်များ, စီမံခန့်ခွဲသူများကို တရုတ်ပြည်သို့ ခေါ်ယူ၍ စက်ရုံများကို ထူထောင်လည်ပတ်ပြီး၊ နောက်ပိုင်းတွင် ဌာနေတရုတ် အင်ဂျင်နီယာများ၊ မန်နေဂျာများကို မွေးထုတ်ပေး၍ localization လုပ်နေသော အချိန်ဖြစ်သည်။

renovation လုပ်ဆဲဖြစ်သော စက်ရုံအသစ်တစ်ခု၏ အခန်းထဲတွင် projector, ကွန်ပျုတာတို့လို အထောက်အကူပစ္စည်းများမပါပဲ၊ ကျွန်တော်က white board ပေါ်တွင် အပြာရောင် soft-pen တစ်ချောင်းကို ကိုင်ရင်း စိတ်အားတက်ကြွစွာ နားထောင်နေသော တရုတ်အင်ဂျင်နီယာများအား အဆင့်မြင့် computer vision သဘောတရားများကို ချွေးတလုံးလုံးနှင့် ပြောနေခြင်းဖြစ်သည်။ လေအဝှေ့တွင် ဖုံများထသွားသောအခါ ရုတ်တရက် (မဆီမဆိုင်ပဲ ဆိုဆို) “သန္တိနိကေတန်” ကို ပြေးသတိရမိခြင်း ဖြစ်သည်။ “ဒီ နေရာဟာ မြန်မာပြည်ဖြစ်နေခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ” လို့လည်း တွေးမိပါသေးသည်။ သို့သော်… စက်မှုနိုင်ငံတစ်ခု ထူထောင်ဖို့ လိုအပ်သော infrastructure များအကြောင်း တွေးမိရင်း… အင်း… နောက်တစ်ခေါက် ကမ္ဘာစီးပွားဆုတ်ကပ် ကြုံရင်ပေါ့လေ” ဟုဖြေသိမ့်ရသည်။ ဘယ်အလှည့်လည်းတော့ မသိ။

ဧရာ (မန္တလေး)

7 comments:

Ko Paw said...


လာပြီ…လာပြီ…ဒေါ်သက်ရီ….. အခန့်မသင့် စင်္ကာပူအစိုးရတောင် ပြိုလဲသွားနိုင်တယ်။ (ဒါပေမယ့် မြန်မာငွေဈေးကတော့ ပိုတောင် ခိုင်မာလာသေးသဗျား…. ပြီးခဲ့တဲ့ စနေနေ့ကတင် ငွေလဲခဲ့သေးတယ်။)

ကြက်တူရွေးတစ်ကောင် said...

ရသစုံသောပို့စ်ပါ
ကျက်မှတ်သွားပါတယ်...

တန်ခူး said...

ဆရာရေ… ကျွန်မတို့ တိုင်းပြည်ကို ဒုတိယလှိုင်း ဘယ်တော့ လာမလဲ… ကျွန်မကတော့ စိတ်ရှည်ရှည်နဲ့ စောင့်နေသေးတယ်… သန္တိနိကေတန်ဖြစ်လာမယ့်နေ့ ကိုလေ…

SDL said...

ဖတ်သွားပါသည်။

Kay said...

သန္တိနိကေတန်” ကျောင်းကလေးကို သေချာမဖတ်ဖူးပေမဲ့.. အိမ်မှာ ကြားဖူးနေခဲ့တယ်။ နောက် နေရူးက..အင်ဒီရာ ဂန္ဒီကို အဲဒီမှာ ထားခဲ့ဖူးတယ်လို့ သိဖူးတယ်။

သဘာဝကနေ.. တဖြည်းဖြည်းချင်..ဒီနှစ်ပိုင်းတွေမှာတော့..လျင်မြန်စွာ သွေဖယ်လာနေတဲ့ ကမ္ဘာနဲ့ သူ့လူသားတွေ အတွက်..အဲဒီလို ကျောင်းလေးတွေဟာ..ဝေးသထက် များ ဝေးသွားတော့မလား။

ကျမတို့နိုင်ငံကတော့..လှိုင်းအာမခံ ခိုင်ခန့်လေရော့သလား..ဘာလှိုင်းမှ မပါ..ဘာလှိုင်းမှ မကြောက်..ခေတ်တိုင်း..လှိုင်းတိုင်းရဲ့ နောက်မှာ ကျန်နေခဲ့ပြီမို့.. လှိုင်းပုတ်လို့ သောင်တင်ကြတဲ့..အခု ဘလော့ဖတ်..ဘလော့လာ ပရိသတ် တွေသာပဲ.. လှိုင်းဗျာပါဒ တွေ များနေမိတာ ထင်ပါရဲ့။

sonata-cantata said...

18 Feb 09, 01:17
ုKom: သိတ်မြင့်တယဘဲ။

18 Feb 09, 11:13
pauk: မသီတာရေ..လှေကားထောင်ပြီး ဖတ်သွားတယ်...ကိုဧရာ့စာကို..

ဧရာ said...

Ko Paw ရေ … အဆိုးထဲက (ဖြစ်လိုဖြစ်ငြား) အကောင်းကို မျှော်လင့်မိတာပါ။
ကြက်တူရွေးရေ… ကျက်မှတ်ခြင်းဆိုတာလည်း လိုအပ်ပါတယ်။
တန်ခူးရေ… တနေ့နေ့တော့ ဖြစ်၍လာလိမ့်မည်ပေါ့။
K ရေ … အင်ဒီရာဂန္ဒီ သန္တိနိကေတန်မှာ နေဖူးတယ်ဆိုတာ အခုမှသိရပါတယ်။ ကျေးဇူးပါ။ လှိုင်းကြီးတွေ ရောက်မလာခဲ့ပေမဲ့ လှိုင်းနဲ့အတူပါလာတဲ့ အမှိုက်သရိုက်တွေပဲ လာတင်မှာကိုတော့ လှိုင်းဗျာပါရ များရပါသေးတယ်။

စာဖတ်သွားသူတွေအားလုံး… ကျေးဇူးပါ။