
တင်ပြပုံ (presentation) ဆိုသည်က ဘဝတွင် အရေးကြီးသည်။ ထို့ကြောင့်ပင် ငယ်စဉ် ကျောင်းသားဘ၀ သင်ခန်းစာထဲတွင် စာစီစာကုံးရေးသားခြင်းကို ထည့်သွင်းခဲ့ခြင်း ဖြစ်ပေမည်။
အလုပ်ခွင်တွင်လည်း ပရောဂျက် အစီရင်ခံစာတွေကို တင်ပြတတ်ဖို့လိုသည်။ ကိုယ့်အဖွဲ့အစည်းကို တင်ပြတာလား, ကိုယ့်ရဲ့ အထက်အရာရှိတွေကို တင်ပြတာလားစသဖြင့် ကိုယ်ရဲ့ ပရိသတ်ကိုလိုက်ပြီး တင်ပြပုံကလည်း ပြောင်းပေးရသည်။ ပရောဂျက် အစီရင်ခံစားမျိုးတွေမှ မဟုတ်။ ရုပ်ရှင်တစ်ကား, ဝတ္ထုတစ်ပုဒ်, သမ္မတလောင်းတစ်ဦး၏ မဲဆွယ်စည်းရုံးပွဲ မိန့်ခွန်း, ပညာရပ်ဆိုင်ရာစာတမ်း, ဓမ္မကထိကတစ်ဦး၏ တရားပွဲ, ကုန်စုံဆိုင်ရှင်တစ်ဦး၏ ကုန်ပစ္စည်း အခင်းအကျင်း, ယုတ်စွအဆုံး Catwalk လျှောက်သော မယ်တစ်ဦး၏ လမ်းလျှောက်ပုံဟန်… စသဖြင့် အရာရာတွင် တင်ပြပုံက အရေးကြီးသည်။
“သား… စာစီစာကုံးတစ်ပုဒ် ရေးတော့မယ်ဆိုရင် နိဒါန်းက အရေးကြီးတယ်။ ကိုယ်ရေးမယ့်စာကို ဆက်ဖတ် ချင်လောက်အောင် ဆွဲဆောင်မှုရှိရမယ်။ စာပိုဒ်တွေတိုင်းမှာလည်း ကိုယ်ဘာကို ပြောချင်တယ်ဆိုတာ စာတစ်ကြောင်းတည်းနဲ့ ပြန်ပြောပြနိုင်လောက်အောင် ရှင်းရှင်းလင်းလင်း စုစုစည်းစည်း ရှိရမယ်။ ... ။ နိဂုံးကတော့ အရေးအကြီး ဆုံးကွ။ ကိုယ်ရေးတဲ့ စာတစ်ပုဒ်လုံးရဲ့ အချုပ်ပဲ။ အချို့ဆိုရင် ဆောင်ပုဒ်လေးတွေ ထုတ်ပေးထားတတ်တယ်။ ကိုယ်စာဖတ်ပြီး စာဖတ်တဲ့သူတွေမှာ အတွေးတစ်ခု ကျန်သွားနိုင်လောက်အောင် နိဂုံးချုပ် ပေးနိုင်ရမယ်.. သား… ”
အားကြိုးမာန်တက်ပြောရင်း မူလတန်းကျောင်းသား သားဖြစ်သူကို ကြည့်လိုက်တော့… စိတ်ဝင်တစားနှင့် စာရွက်အဖြူ တစ်ရွက်ပေါ်တွင် ရုပ်ပုံရေးခြစ်နေရာမှ မျက်စိ ပေကလပ်ပေကလပ်နှင့် အလန့်တကြား မော့ကြည့်သည်။ ရုတ်တရက် ဒေါသထွက် မလိုဖြစ်ပြီးမှ မိမိ၏ တင်ပြပုံ ညံ့ဖျင်းခြင်းများအကြောင်းကို ပြန်တွေးရင်း ပြုံးမိ၏။ ငယ်စဉ်ကဆိုလျှင် ဦးလေးဖြစ်သူက “မင်းက မန္တလေးသားသာဆိုတယ် ပုဆိုးဝတ်ပုံ လမ်းလျောက်ပုံကတော့ တကယ့် တောသားပဲ” ဟု ချီးမွမ်း ဖူးသည်။ ကျွန်တော် စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်တွင် ပရောဂျက် အသေးလေးအတွက် စာတမ်းငယ်တစ်စောင် ရေးတင်တော့ ဆရာက “ခင်ဗျားရဲ့ Audience က ဘယ်သူလဲ” ဟု မေးယူရ၏။ စကားပြောတော့လည်း မန္တလေးသားသာဆိုသည် အပေါက်လမ်းတည့်အောင် မပြောတတ်။ စိတ်ကူးထဲရောက်လာသည်ကို အရင်းမရှိ အဖျားမရှိ ပြောတတ်သော ကျွန်တော့်ကြောင့် မန်းသားများ နာမည်ပျက်နိုင်သည်။ ကျွန်တော်၏ တင်ပြပုံအံချော်မှုတွေက ပြော၍ ကုန်မည်မဟုတ်။ ဆရာပိုးမစွန့်နိုင်၍ ကျောင်းသားဘဝမှစ လုပ်ငန်းခွင်ထဲရောက်သည်အထိ ဆရာလုပ်နေတတ်သော ကျွန်တော်၏ တင်ပြပုံအံချော်မှုတွင် ဓားစာခံဖြစ်ခဲ့ရရှာသူများအား တွေး၍ အားနာမိသေးသည်။
အကယ်၍ တင်ပြပုံအကြောင်း ပိုစ့်တစ်ခုရေးဖြစ်ခဲ့လျှင် ထိုပိုစ့်သည် တင်ပြပုံအံချော်မှုတစ်ခုသာ ဖြစ်နေပါလိမ့်မည်။
ဧရာ(မန္တလေး)
ဧရာ(မန္တလေး)
5 comments:
ကျနော်လည်း တင်ပြပုံ ညံ့ဖျင်းတဲံ့အထဲမှာပါဝင်ပါတယ်..
တခါတလေ..သူငယ်ချင်းက ကျနော့ဘလော့ဖတ်ပြီး အသားကုန်ရယ်ပါတယ်..
တင်ပြပုံ ညံ့ဖျင်းလို့တဲ့လေ..
(အခုလို မန့်နေတာလည်း ညံ့ဖျင်းနေအုန်းမှာပါပဲ
အို...ဒီလိုညံ့ဖျင်းမှုကိုလည်း လူတိုင်းလုပ်နိုင်တာမှမဟုတ်ပဲ..
ကောင်းတာသာ လူတွေက ပြိုင်ချင်ကြတာ ညံ့ဖျင်းမှုမှာတော့ ကိုယ်က ဗိုလ်ပဲ..ဟီး)
ဟဲဟဲ..သဘောတကျ ရီပြုံးသွားပါတယ်ဆရာ.. ကျူရှင်မှာ ဆရာ စာသင်တဲ့ အချိန်တွေကို ပြန်မြင်ယောင်ရင်း..။
ကျမလဲ စကားပြောရင်..လိုရင်းမရောက်..အပြောမကောင်း။ ရုပ်ရှင်ဇတ်လမ်းများ ပြန်ပြောလို့တော့..ပြောရင်း လည်နေရော။ ဒါပေမဲ့..အဖော်တွေ ရှိလို့..အားမငယ်တော့ဘူး..။ ဘာဖြစ်လို့ဆို.. ဆရာကြီး ရွှေဥဒေါင်း က..သူလဲ လုံးဝ အပြောမကောင်းလို့..စာပဲရေးတာတဲ့။
ဆရာအောင်သင်းကတော့..ပြောဖူးတယ်။ သူငယ်ငယ်က.. ရုပ်ရှင်ဇတ်လမ်းပြောပြရင်..နားထောင်တဲ့လူတွေက..ရုပ်ရှင်ကြည့်တာထက် ပိုကြိုက်တယ်တဲ့။
စကားပြောကောင်းတာနဲ့ မဆိုင်ဘူးပေါ့။ မန်းသူမန်းသား အတော်များများ ကတော့ အပြောကောင်းပါ့
တစ်နေ့နေ့ ဒီပို့စ်လေးနဲ့ ဆိုင်တဲ့ အတွေးလေးတွေ ဆက်ရေးပါဦးလား..။ လုပ်ငန်းခွင်မှာ ပြရတဲ့ presentation တွေ, ဘ၀ နဲ့ ကိုယ့် သရုပ်ကို ပြရတဲ့ presentation တွေ..အများကြီးပဲနော်..။ ဒီပို့စ်လေး ဖတ်ပြီးတော့ တကယ်တမ်းက အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကို တင်ပြပြီး လျှောက်နေရဲ့ ဘ၀တွေ မဟုတ်လားဆိုပြီး တွေးနေမိတယ်...။
Post a Comment