Monday, August 31, 2009
ပစ္စုပ္ပန်ကမ္မဝါဒနှင့် အယူဝါဒကွန်ရက်
“ပစ္စုပ္ပန်ကမ္မဝါဒ” ဆိုတာကို အင်တာနက်ပေါ်မှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က တွေ့ခဲ့ဖူးပါတယ်။ ဖတ်ပြီး ဝေဖန် သုံးသပ်ချက်တစ်ခုရေးဖို့ စဉ်းစားမိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ပါဘူး။ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်ကို, ကိုယ်နှစ်သက်တဲ့ အယူအဆကို အပြစ်တင် ဝေဖန်ရှုတ်ချရင် မကျေမချမ်းဖြစ်တတ်ပါတယ်, ရန်ငြိုးဖွဲ့တတ်ပါတယ်။ ကိုယ်လေးစားတဲ့သူ, ကိုယ်နှစ်သက်တဲ့ အယူအဆကို ချီးမွမ်းပြောဆိုရင်လည်း နှစ်သက် ဝမ်းမြောက်တတ်ကြပါတယ်။ အမျက်ဒေါသထွက်နေသူဟာ တစ်ဖက်က ဝေဖန်မှုရဲ့ ကောင်းဆိုးမှားမှန်ကို မပိုင်းခြားနိုင်သလို၊ အဆင်ခြင်မဲ့ နှစ်သက် ဝမ်းမြောက်ပြီး မာန်တက်နေတာလည်း မကောင်းပါဘူး။ (ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ ဗြဟ္မဇာလသုတ်)။
အသေးစိတ်အချိန်ပေး မဖတ်နိုင် (မဖတ်လို) ပေမယ့် အနည်းဆုံး ပစ္စုပ္ပန်ကမ္မဝါဒဟာ ဘယ်လိုဝါဒမျိုးလဲလို့ အဓိပ္ပါယ်ပေါ်ယုံ သယံဝသီရဲ့ site http://sayamvasi.googlepages.com/toe-bookspage မှာတင်ထားတဲ့ စာအချို့ကို ဖတ်ခဲ့ပါတယ်။ ပစ္စုပ္ပန်ကမ္မဝါဒဟာ နိကာယ်ငါးရပ်က ဒေသနာတွေနဲ့ ဘယ်လို ကွဲပြားခြားနားနေသလဲဆိုတဲ့ အချက်တွေ၊ အနက်အဓိပ္ပါယ် ကောက်ယူမှု ကွဲလွဲချက်တွေကိုပဲ ဦးစားပေး ဖတ်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ ပစ္စုပ္ပန်ကမ္မဝါဒီတွေက ဘာကြောင့် ဒီလိုယူဆရသလဲ, ဘယ်အယူအဆတွေရဲ့ သြဇာသက်ရောက်မှုရှိလဲဆိုတဲ့ အကြောင်းရင်းဇစ်မြစ်နဲ့ ရည်ရွယ်ချက်တွေကို ရှာကြည့်ခဲ့ပါတယ်။
ပစ္စုပ္ပန်ကမ္မဝါဒရဲ့ သိသာထင်ရှားပြီး အရေးပါတယ်လို့ ယူဆရတဲ့ အချက်တွေကတော့
၁။ နတ်, ဗြဟ္မာ, ငရဲ, ပြိတ္တာစတဲ့ ပရလောကကို လက်မခံပါ။
၂။ ရှေးဘဝ, နောက်ဘဝကို လက်မခံပါ။
၃။ ပစ္စုပ္ပန် မျက်မှောက်ဘဝမှ ကိုယ်နှုတ်နှလုံးလှုပ်ရှားမှုကိုသာ ကံအဖြစ်သတ်မှတ်ပါတယ်။
၄။ ဒီမှာလည်း လူ-လူချင်းဆက်ဆံရေးမှ ကိုယ်နှုတ်နှလုံးလှုပ်ရှားမှုကိုသာ ကံအဖြစ်သတ်မှတ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်သတ်တာဟာ ပါဏာတိပါတ မဟုတ်၊ အစိုးရပစ္စည်းခိုးတာဟာ အဒိန္နာဒါနကံ မမြောက် စသဖြင့် ယူဆပါတယ်။
၅။ ကံ၏ အကျိုးဝိပါတ်ဆိုတာဟာ ကံကို ပြုစဉ်က ကိုယ်စိတ်တို့အတိုင်း ထပ်မံဖြစ်ပွားနေခြင်းလို့ ယူဆပါတယ်။
၆။ ရူပ, အရူပဆိုတဲ့ ဈာန်တရားတွေကို အတ္တကိလမထာနုယောဂ အစွန်းဟုသတ်မှတ်ထားပါတယ်။
၇။ ရုပ်နမ်တို့၏ ဖြစ်ပျက်ကို ရှုပွားခြင်းသည် တရားမဟုတ်။ ကိုယ်နှုတ်စိတ် အမှားမဖြစ်အောင် နေခြင်းကသာ တရားဖြစ်တယ်လို့ ယူဆပါတယ်။
၈။ သံသရာအတွင်းမှာ လူ-သတ္တဝါတို့ လည်ကြခြင်းမဟုတ်ပဲ လူ-သတ္တဝါအတွင်းမှာ သံသရာတို့ လည်ကြခြင်း ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်ဟာ သုံးဘဝလည်တာမဟုတ်။ ဒီဘဝအတွင်းမှာ လည်တာသာ ဖြစ်တယ်။
၉။ ငါက အနတ္တမဟုတ်ဘူး၊ ငါတို့ ထင်ထားတဲ့ (လူဟု ထင်ထားသည့်) ပဉ္စုပါဒါနက္ခန္ဓာတွေကိုသာ အနတ္တလို့ဟောတာ။ သက္ကာယဒိဋ္ဌိပျောက်သွားရင် ငါသက်သက် (လူသက်သက်, အတ္တသက်သက်)ပဲ ကျန်တယ်လို့ ယူဆကြပါတယ်။
အခြားသော ကွဲပြားခြားနားမှုတွေ အများအပြားရှိသေးပေမယ့် ဒီအချက်တွေလောက်နဲ့ ပစ္စုပ္ပန်ကမ္မဝါဒရဲ့ ကောက်ကြောင်း ပေါ်လောက်ပါတယ်။ (ထေရဝါဒ ရဟန်းတော်များနဲ့ ကမ္မဋ္ဌာန်းရိပ်သာများအပေါ် စွတ်စွဲဝေဖန်ထားမှုတွေရှိပေမယ့် အခြေအမြစ်သိပ်မရှိပဲ ပုဂ္ဂိုလ်ရေးဆန်ဆန်သာဖြစ်လို့ အကျိုးမများတဲ့အတွက် ပြန်လည်မဖော်ပြတော့ပါဘူး။ အယူဝါဒ သက်သက်အပေါ်မှာပဲ သုံးသပ်ပြလိုပါတယ်။)
သိပ္ပံထွန်းကားလာတဲ့ ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာဝင်များအကြား ကာလာမသုတ်လို ဒေသနာမျိုးတွေ ရေပန်းစားလာပါတယ်။ ရှေးရိုးစဉ်လာ ယုံကြည်မှုတွေကို စိန်ခေါ်ချင် လာကြပါတယ်။ အထူးသဖြင့် အနောက်တိုင်းစာပေနဲ့ ထိတွေ့ခွင့်ရသူတွေက ဘာသာတရားကို သိပ္ပံပညာဆိုတဲ့ ပေတံနဲ့ တိုင်းထွာ ကြည့်ချင်လာကြပါတယ်။ ဥရောပမှာ ဘုရားကျောင်းတွေနဲ့ ထာရဝဘုရားသခင်ရဲ့ လောင်းရိပ်အောက်က လူသားတန်ဖိုးကို ဆွဲထုတ်ပြီး လူသားဝါဒကို ကြွေးကြော်ခဲ့ကြတယ်။ ဒီလို လှုပ်ရှားမှုမျိုးတွေကို အတုယူချင် လာကြပါတယ်။ ရှင်ဥက္ကဋ္ဌရဲ့ “လူသေလူဖြစ်ဝါဒ” ဟာ သိပ္ပံပညာက ဒြဗ်ထုတည်မြဲမှုနိယာမ, ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ, လူသားဝါဒ စတာတွေကို ဗုဒ္ဓဝါဒနဲ့ ပေါင်းစပ်ဖို့ ကြိုးပမ်းရင်း သိပ္ပံနည်းလည်းမကျ၊ ဗုဒ္ဓဝါဒမှလည်း သွေဖီသွား ပါတယ်။
ယခုပစ္စုပ္ပန်ကမ္မဝါဒမှာလည်း “လူသားဝါဒ”ကို ရှေ့တန်းတင်လိုတဲ့ သဘောမျိုး တွေ့ရပါတယ်။ တကယ်တော့ ဗုဒ္ဓဝါဒဟာ ဖန်ဆင်းရှင်ကို လက်ခံတဲ့ဝါဒမျိုး မဟုတ်တဲ့အပြင် ရခဲလှတဲ့ လူသားရဲ့ ဘဝတန်ဖိုးကို အလွန် အလေးထားတဲ့အတွက် အထူးတလည် လူသားဝါဒကို ပွဲထုတ်နေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ပစ္စုပ္ပန်ကမ္မဝါဒမှာ လူကို လွန်လွန်ကျုးကျုး နေရာပေးထားတာ တွေ့ရပါတယ်။ လူ-လူချင်း ဆက်ဆံရာမှာ ပြုမူတဲ့လှုပ်ရှားမှုတွေကသာ ကံအစစ်ဖြစ်တယ်။ လူမဟုတ်တဲ့ တိရစ္ဆာန်သတ်ခြင်းဟာ ပါဏာတိပါတမဟုတ် စသဖြင့် ခံယူထားပါတယ်။
လူသေလူဖြစ်ဝါဒလို သိပ္ပံပညာက သဘောတရားတွေကို ယူသုံးမထားပေမယ့် ပစ္စုပ္ပန်ကမ္မဝါဒတစ်ခုလုံးဟာ Common Sense ဆိုတဲ့ သဘောတရားကို အခြေခံထားတာတွေ့ ရပါတယ်။ ပစ္စုပ္ပန်ကမ္မဝါဒက “မည်သည့်ဘာသာဝါဒ, ဒဿနကမှ မှီခို ကူးချ ယူဆောင် ထုတ်နှုတ်ထားခြင်းမဟုတ်တဲ့ ကိုယ်တိုင် သိမြင်ချက်များ” လို့ ကြေညာပြီး၊ “သာမညသဘောတရားကျမ်း” ကို အကျယ်တဝင့် ရေးသားထားပါတယ်။ ဒဿနဆန်ဆန် ဝေါဟာရအသုံးအနှုန်းတွေ သုံးပြီး စာမျက်နှာ ၁၀၀ ကျော် ရေးသွားပေမယ့် အာရုံခံအင်္ဂါငါးပါးနှင့် ကိုယ်တိုင်သိသော သာမညအသိဆိုတဲ့ Common Sense ပါပဲ။ Common Sense ကိုသာ ဦးစားပေးတဲ့ ဝါဒကို ဒဿနလောကမှာ Naïve Realism လို့ခေါ်ပါတယ်။ အထူးအဆန်း မဟုတ်ပါဘူး။ မြက်ဟာ စိမ်းတယ်, ကျောက်ခဲဟာ မာတယ်, နှင်းဟာ အေးတယ်စတဲ့ ခပ်ရိုးရိုးမြင်တဲ့ လူပြိန်းအမြင်မျိုးကို ဆိုတာပါ။ ယေဘုယျအားဖြင့် ကြည့်ရင် ဒီလို ခပ်ရိုးရိုး မြင်ခြင်းဟာ မလွဲနိုင်တဲ့ ပစ္စက္ခဖြစ်တယ်, ဒိဋ္ဌဓမ္မအမြင် ဖြစ်တယ်လို့ ယူဆရပေမယ့် Quantum Mechanics ပေါ်လာတဲ့ ဒီနေ့ခေတ်မှာ သာမာန် ပဉ္စာရုံသိဟာ ပကတိအရှိတရားနဲ့ အလှမ်းကွာသွားပြီလို့ သိပ္ပံပညာရှင်တွေက လက်ခံကြပါတယ်။ ဒီဝါဒနဲ့ ပတ်သက်ပြီး Bertrand Russell က “Naive realism က ရူပဗေဒကို ဦးဆောင်တယ်။ ရူပဗေဒက Naive realism မှားကြောင်း ပြခဲ့တယ်။ ဒါကြောင့် Naive realism က မှားပါတယ်” လို့ An Inquiry Into Meaning and Truth ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ဖူးတယ်။ သိပ္ပံပညာဟာ စဉ်းစားဆင်ခြင်တွေးခေါ်မှုမပါပဲ အာရုံသိသက်သက်နဲ့တော့ ရှေ့ဆက် မတိုးနိုင်ပါဘူး။ မြတ်စွာဘုရားဟာ ဒီ Common Sense ပေါ်အခြေခံပြီး ဟောကြားထားတဲ့ (ဥပမာ ကာလာမသုတ်, အပဏ္ဏကသုတ်တို့လို) သုတ္တန်တွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ဒီလိုသုတ္တန်အများစုဟာ အဆင့်မြင့်တဲ့ သစ္စာလေးပါးတရားတွေကို လက်ခံနိုင်စွမ်းမရှိသေးတဲ့ (တွေဝေနေသေးတဲ့) သူတွေကို ဟောကြားခဲ့တာ များပါတယ်။ ဒီသုတ္တန်တွေမှာလည်း တမလွန်ဘဝကို လက်ခံခြင်းဟာ အကျိုးမယုတ်ကြောင်းကို ဟောကြားခဲ့ပါတယ်။ အာရုံခံအင်္ဂါငါးပါးဖြင့် သိမြင်တဲ့ သာမာန်အသိထက် မနောဝိညာဏ်ဖြင့်သိတဲ့ အသိမျိုးကိုပဲ ဗုဒ္ဓဘာသာက ဦးစားပေး ပါတယ်။ ပညာဟာ မနောဝိညာဏ်ပေါ်မှာ ဖြစ်ပေါ်ပြီး ထိုးထွင်းသိခြင်း, ပိုင်းခြားသိခြင်း, ကိလေသာကို ပယ်သတ်ခြင်းစတဲ့ အကျိုးတွေရှိတယ်လို့ ရှင်သာရိပုတ္တရာမထေရ် ဟောကြားခဲ့ပါတယ်။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ စူဠယမကဝဂ်၊ မဟာဝေဒလ္လသုတ်)
ပစ္စုပ္ပန်ကမ္မဝါဒဟာ ဘာကြောင့် Common Sense ကိုရွေးချယ်ခဲ့ပါ သလဲ။ ဗုဒ္ဓက ဓမ္မဟာ စဉ်းစားတွေးခေါ်ခြင်း၏ ကျက်စားရာမဟုတ် “အတက္ကာဝစာရော” လို့ ဟောကြားခဲ့တာကြောင့် တစ်ကြောင်း၊ သာမာန်အာရုံသိနဲ့ မမြင်နိုင်တဲ့ ရှေ့ဘဝ, နောက်ဘဝ, နတ်, ဗြဟ္မာ, ငရဲ စတာတွေကို ငြင်းပယ်လိုတာကြောင့် တစ်ကြောင်းလို့ ယူဆရပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်ကံဟာ “ထုံးပုံးထဲ လက်နှိုက်ရင် ဖြူပြီး၊ ကတ္တရာပုံးထဲ လက်နှိုက်ရင် မဲသလို” ပစ္စုပ္ပန်မှာပဲ အကျိုးပေးတယ်လို့ ယူဆပါတယ်။ စင်စစ် ပစ္စုပ္ပန်ကမ္မဝါဒဟာ လူသေပြီး လူမဖြစ်တော့တာကလွဲရင် လူသေလူဖြစ်ဝါဒရဲ့ ကံအယူအဆနဲ့ ခပ်ဆင်ဆင် တူပါတယ်။ တကယ်တော့ အနောက်တိုင်းသား အများစုဟာလည်း ဗုဒ္ဓအဆုံးအမကို လက်ခံလိုကြပေမယ့် ဘဝတစ်ဖန်ဖြစ်ခြင်းဆိုတဲ့ အယူအဆကို ငြင်းပယ်လိုကြပါတယ်။ သို့မှသာ Common Sense နဲ့ကိုက်ညီပြီး သဘာဝကျတဲ့ ကမ္မဝါဒဖြစ်မယ်လို့ ယူဆကြပါတယ်။ သဘာဝလွန် နတ်ဗြဟ္မာလောကတွေကို လက်မခံ, သေလွန်ပြီး ပြန်ဖြစ်သောဘဝကို လက်မခံတဲ့ ပစ္စုပ္ပန်ကံဝါဒမျိုးဟာ ဗြဟ္မဏဝါဒနဲ့ ဂျိန်းဝါဒတို့ရဲ့ ကံဝါဒထက်တော့ ပိုပြီးသင့်တော် လိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓက ဘာသာအယူဝါဒအကျင့်တွေကို ဝေဖန်ပြတဲ့အခါ ပရလောကကို ငြင်းပယ်တဲ့ဝါဒတွေကို မမြတ်သောဘာသာတရား (အဗြဟ္မစရိယ) တနည်းအားဖြင့် မှားယွင်းတဲ့ ဘာသာတရား False Religion လို့ သတ်မှတ်ပါတယ်။ ဒီအယူဝါဒမျိုးကို စွဲမြဲစွာ ကျင့်သုံးခဲ့ရင် မဂ်ဖိုလ်မရနိုင်၊ သေလွန်လျှင် မုချ အပါယ်သို့လားစေမည့် နိယတမိစ္ဆာဒိဋ္ဌိ အမြင်ဖြစ်တယ်။ ဗြာဟ္မဏဝါဒနဲ့ နိဂဏ္ဍနာဋပုတ္တရဲ့ ဂျိန်းဝါဒတွေကိုတော့ သက်သာရာ မရစေနိုင်တဲ့ ဘာသာတရား (အနဿာသိက ဗြဟ္မစရိယ) Unsatisfactory Religion လို့သာ ဟောကြားခဲ့ပါတယ် (မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ သန္ဒကသုတ်)။
ပစ္စုပ္ပန်ကမ္မဝါဒဟာ Common Sense နဲ့ “လူ” ဇောင်းပေးလွန်းတဲ့အတွက် ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်းကို အပိုအလုပ်လို့ မြင်ပါတယ်။ စိတ်တည်ငြိမ်အောင် ချုပ်တည်းတဲ့ ဈာန်တရားတွေကို အတ္တကိလမထာနုယောဂလို့ သတ်မှတ်ပါတယ်။ ရုပ်နာမ်တို့၏ ဖြစ်ပျက်ရှုပွားခြင်းဟာ တရား မဟုတ်ဘူးလို့ ယူဆပါတယ်။
ဒီတော့ ပစ္စုပ္ပန်ကမ္မဝါဒရဲ့ လာရာလမ်းကြောင်းကို ပြန်ကောက်ရရင် သာမညအသိ (ဝါ) သာမာန်လူပြိန်း အသိနဲ့ လူကသာ ပဓာနကျတယ်ဆိုတဲ့အချက်ကို အခြေခံထားတဲ့ ဥစ္ဆေဒဝါဒ, နိတ္ထိကဝါဒ နိယတမိစ္ဆာ အယူအဆသာ ဖြစ်ပါတယ်။ တမလွန်ဘဝနဲ့ သံသရာကို လက်မခံတဲ့အတွက် ဗုဒ္ဓအဆုံးအမသာသနာရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ သံသရာမှ ထွက်မြောက်ခြင်း ချမ်းသာ (ဝိမုတ္တိသုခ) ကိုလည်း မရနိုင်ပါ။ တမလွန်တွင် အပါယ်ဘေးမှ လွန်မြောက်သော ချမ်းသာ (သမ္ပရာယိကသုခ) ကိုလည်း မရနိုင်ပါ။ အစိုးရပစ္စည်း ခိုးယူခြင်းသည် အဒိန္နာဒါနာကံ မမြောက် စသဖြင့်ခံယူတဲ့အတွက် မျက်မှောက်ဘ၀ ကိုယ်ကျင့်သီလ စာရိတ္တမဏ္ဍိုင်ကိုတောင် အထောက်အကူ မပြုနိုင်ပါဘူး။ သူတော်ကောင်းတို့ ကဲ့ရဲ့ရှုတ်ချမှုကိုလည်း မလွတ်နိုင်ပါဘူး။ သမာဓိနဲ့ ဝိပဿနာကိုလည်း ပစ်ပယ်ထားတဲ့အတွက် ဗုဒ္ဓဝါဒရဲ့ သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာသုံးရပ်လုံးနဲ့ ဆန့်ကျင်နေပါတယ်။
***** ******
ဗုဒ္ဓဝါဒနှင့် နှိုင်းယှဉ်ချက်
ပစ္စုပ္ပန်ကမ္မဝါဒရဲ့ အယူအဆများဟာ ဗုဒ္ဓဝါဒနဲ့ ကွဲပြားခြားနားကြောင်းကို အထက်ကပြောခဲ့တဲ့ အချက် (၉) ချက်ပေါ်မူတည်ပြီး (အဋ္ဌကထာအဖွင့်များ မပါပဲ) ဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့တဲ့ မူရင်းနိကာယ်ငါးရပ်မှ အကျဉ်းချုပ် ကောက်နှုတ်ချက်များနှင့် နှိုင်းယှဉ်ပြပါမယ်။
တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နာ။
တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂ လောကံ ဥပပန္နာ။
နိကာယ်ငါးရပ်လုံးထဲက သုတ္တန်အတော်များများမှာ “အကြင်သူသည် ကိုယ်ပျက်စီး၍ သေလွန်သော် အပါယ် မကောင်းသောလားရာ (ဒုဂ္ဂတိ) သို့ ကျရောက်၍ ငရဲ၌ ဖြစ်ရ၏”… “အကြင်သူသည် ကိုယ်ပျက်စီး၍ သေလွန်သော် ကောင်းရာ (သုဂတိ) နတ်လောက၌ ဖြစ်ရ၏” ဆိုတဲ့ ဝါကျများ တွေ့ရပါတယ်။ “ကိုယ်ပျက်စီး၍ သေလွန်ပြီးနောက် (ကာယဿ ဘေဒါ ပရံ မရဏာ)” ဆိုတဲ့ အသုံးအနှုန်းအရ အပါယ်ကျခြင်း, နတ်ဖြစ်ခြင်းတို့ဟာ ဒီမျက်မှောက်လူ့ဘဝမှာပဲ ဆင်းရဲခြင်း, ချမ်းသာခြင်းတွေကို တင်စားပြောနေဆိုခြင်း မဟုတ်ကြောင်း ထင်ရှားပါတယ်။
ပစ္စုပ္ပန်ကမ္မဝါဒီတို့ကိုးကားတဲ့ မဟာသီဟနာဒသုတ်မှာလည်း ဒီအသုံးအနှုန်း ပါဝင်ပါတယ်။ အဲဒီသုတ်ထဲမှာ ငရဲ (နိရယ), တိရစ္ဆာန်, ပြိတ္တာ (ပေတ္တိဝိသယ), လူ (မနုဿ), နတ် (ဒေဝါ) ဆိုတဲ့ ဂတိငါးမျိုးကို ဖော်ပြထားပြီး ဒီဂတိငါးမျိုးဟာ သေလွန်ပြီးမှ ရောက်ရတယ်ဆိုတာ အထင်အရှား ဖော်ပြထားပါတယ်။ ဒီလို လားရာဂတိတွေကို ရောက်သွားပြီး ဆင်းရဲချမ်းသာကို ခံစားနေရတာကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုဉာဏ်ရှိကြောင်း ဟောကြားထားပါတယ်။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ သီဟနာဒဝဂ်၊ မဟာသီဟနာဒသုတ်) ဒါကြောင့် ပစ္စုပ္ပန်ကမ္မဝါဒရဲ့ “သုံးဆယ့်တစ်ဘုံဆိုတာ ပစ္စုပ္ပန်လူ့ဘဝထဲမှာပဲ ကျင်လည်နေရတာ” ဆိုတဲ့ အယူအဆတွေဟာ ဗုဒ္ဓဝါဒနဲ့ မကိုက်ညီပါဘူး။
အနမတဂ္ဂေါယံ, ဘိက္ခဝေ, သံသာရော။ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။ (နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၊ အနမတဂ္ဂသံယုတ်မှ သုတ္တန်များ)
ရဟန်းတို့… ဤသံသရာ၏ အစကို မသိနိုင်၊ အဝိဇ္ဇာဖြင့် ပိတ်ဖုံးကာ တဏှာဖြင့် နှောင်ဖွဲ့ထား၍ သံသရာကို ကျင်လည်နေကြသော သတ္တဝါတို့၏ အစဦးအစွန်းသည် မထင်။
နိဒါနဝဂ္ဂသံယုတ်ပါဠိတော် အနမတဂ္ဂသံယုတ်မှာ သံသရာသည် အစမထင်ဟု ဟောကြားခဲ့ပါတယ်။ အကယ်၍ ပစ္စုပ္ပန်ကမ္မဝါဒက ယူဆထားသည့်အတိုင်း “လူသည် သံသရာတွင်ကျင်လည်ခြင်း မဟုတ်ပဲ၊ သံသရာသည် လူပေါ်တွင် ကျင်လည်နေကြခြင်း” သာမှန်ပါက သံသရာသည် အစမထင်သော အနမတဂ္ဂတရားလို့ ဟောမှာ မဟုတ်ပါဘူး။ အဲ့ဒီအပြင် အနမတဂ္ဂသံယုတ်မှာ “မရေတွက်နိုင်သော အမိ, အဖ တော်ခဲ့ဖူးသူများ ရှိခဲ့သည်။ သမုဒ္ဒရာလေးစင်းမကသော မျက်ရည်တို့ ကျခဲ့ဖူးသည်။ မရေတွက်နိုင်သော ကမ္ဘာပေါင်းများစွာမက သံသရာရှည်ကာ သချိုင်းမြေပုံတို့ တိုးခဲ့ဖူးသည်” စတဲ့ ဥပမာများနဲ့ ဟောကြား ထားပါတယ်။ အနမတဂ္ဂသံယုတ် တစ်ခုတည်းနဲ့တင် ပစ္စုပ္ပန်ကမ္မဝါဒရဲ့ သံသရာအယူအဆဟာ ဗုဒ္ဓဝါဒ မဟုတ်ကြောင်း ထင်ရှားလောက်ပါတယ်။
“အရာရာဟာ ရှေးဘဝကပြုခဲ့တဲ့ ကံတွေကြောင့်ဖြစ်ရတာ, ယခုဘဝမှာ အရင်ဘဝက ကံတွေက အကျိုးပေးနေကြတာ”လို့ ယူဆတာမျိုးကို ဗုဒ္ဓက အယူမှား ပုဗ္ဗေကတဟေတုဒိဋ္ဌိ (ရှေးကပြုသော အကြောင်းဟူသည့် အယူ)လို့ ဟောကြားခဲ့တာ မှန်ပါတယ်။ ဒီလို အယူဝါဒရှိသူတွေဟာ “မိမိတို့ လုပ်သင့်သည်တို့အား လုပ်ဆောင်ရန်၊ မလုပ်သင့်သည်တို့အား မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးပမ်းအားထုတ်မှုတို့ ဖြစ်ပေါ်မလာနိုင်။ လုပ်သင့်, မလုပ်သင့်ကိုလည်း မှန်ကန်စွာ မသိမြင်၍၊ သတိထား စောင့်ထိန်းခြင်းလည်း ပြုမည် မဟုတ်တော့။” လို့ ဗုဒ္ဓက မိန့်ကြားခဲ့ဖူးပါတယ် (အံ-၃-၆၂၊ အင်္ဂုတ္တရနိကာယ်၊ မဟာဝဂ်၊ တိတ္ထာယတနသုတ်)။ ဒါဟာ မျက်မှောက်ဘဝမှာပြုတဲ့ ပစ္စုပ္ပန်ကံတွေ, ကြိုးစားအားထုတ်မှုတွေ, အခြားသောအကြောင်းတရားတွေကို ငြင်းပယ်ရာ ရောက်လို့ ဖြစ်ပါတယ်။ အရာရာဟာ ကံရဲ့ အကျိုးဝိပါက်တွေ မဟုတ်ပါဘူး။ ရောဂါတစ်ခုရတာဟာ ကံကြောင့် ဖြစ်နိုင်သလို၊ ရာသီဥတုဖောက်ပြန်လို့, သွေး လေ သည်းခြေ ဖောက်ပြန်လို့, ကိုယ့်ကိုကိုယ် ဂရုမစိုက်လို့, သူတစ်ပါးက လုပ်ကြံလို့ စတဲ့ အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရာရာ ဖြစ်ပျက်သမျှမှာ ကံကို ပုံချတာဟာ ပုဗ္ဗေကတဟေတုဝါဒပဲလို့ ဗုဒ္ဓက ဟောကြားထားပါတယ် (သံ-၄-၂၆၉၊ သဠာယတနဝဂ္ဂသံယုတ်၊ ဝေဒနာသံယုတ်၊ အဋ္ဌသတပရိယာယဝဂ်၊ သီဝကသုတ်)။
သို့သော်လည်း အတိတ်ကံတွေကို လုံးဝပစ်ပယ်ခြင်း မပြုပါဘူး။ အတိတ်ကံဟောင်းတွေက မျက်မှောက်ဘဝပေါ်မှာ လွမ်းမိုးမှုရှိသလို ပစ္စုပ္ပန်ကံသစ်တွေက မျက်မှောက်ဘဝနဲ့ နောင်ဘဝများအတွက် လွှမ်းမိုးမှုရှိပါတယ်။ သတ္တဝါတွေကို ညှင်းဆဲတဲ့သူဟာ သေလွန်ပြီးရင် အပါယ်, ငရဲ ကျရောက်ရတယ်။ မရောက်ခဲ့လို့ လူဖြစ်ရင် အသက်တိုမယ်။ အနာရောဂါများမယ်။ တမလွန်ဘဝမှာ အသက်, စည်းစိမ်ချမ်းသာ, အချွေအရံစသဖြင့် ကွဲပြားခြားနားမှုတွေဟာ မျက်မှောက်ဘ၀ ကံတွေရဲ့ အကျိုးပေးတွေပါ။ (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဝိဘင်္ဂဝဂ်၊ စူဠကမ္မဝိဘင်္ဂသုတ်) ထို့အတူပဲ မျက်မှောက်ဘဝကံတွေရဲ့ အကျိုးကို မျက်မှောက်ဘဝမှာဖြစ်စေ, နောက်ဘဝ၌ဖြစ်စေ, အခြားသောဘဝများ၌ ဖြစ်စေ ခံစားရတယ်လို့ ဟောကြားထားပါတယ် (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဝိဘင်္ဂဝဂ်၊ မဟာကမ္မဝိဘင်္ဂသုတ်)။ ဒါကြောင့် ပစ္စုပ္ပန်မှာပြုမူတဲ့ လှုပ်ရှားမှုများကသာ ကံဖြစ်တယ်။ ပစ္စုပ္ပန်ကံရဲ့ အကျိုးကို ပစ္စုပ္ပန်ဘဝမှာပဲ ခံစားရတယ်ဆိုတဲ့ ပစ္စပ္ပန်ကမ္မဝါဒအယူဟာ ဒီသုတ္တန်တွေနဲ့ လျော်ညီမှု မရှိပါဘူး။
‘ကမ္မ’ဆိုတာဟာ ကိုယ်နှုတ်နှလုံးသုံးပါရဲ့ ပြုမူလှုပ်ရှားမှုတွေကို ခေါ်တာမှန်ပေမယ့် စင်စစ်ကတော့ ဒီအပြုအမူတွေကို စေ့ဆော်နေတဲ့ ‘စေတနာ’ သည်သာ ကံဖြစ်ပါတယ်။ စေတနာနဲ့ စေ့ဆော်ပြီးမှသာ ကိုယ်ဖြင့် ပြုမူ, နှုတ်ဖြင့် ပြောဆို, စိတ်ဖြင့် ကြံစည်ကြလို့ ဖြစ်ပါတယ်။ (အံ-၆-၆၃၊ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ မဟာဝဂ်၊ နိဗ္ဗေဓိကပရိယာယသုတ်) ဒီတော့ ကံကောင်း ကံဆိုးဟာ စေတနာကောင်း စေတနာဆိုးပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် အပြုအမူတွေကို စေ့ဆော်တဲ့ စေတနာက ဒီအပြုအမူတွေ သက်ရောက်ခံရမယ့် လူ, တိရစ္ဆာန်, အဖွဲ့အစည်း, ရုပ်ဝတ္ထုပစ္စည်းတွေထက် ပိုပြီး ပဓာနကျပါတယ်။ ပစ္စုပ္ပန်ကမ္မဝါဒရဲ့ လူ-လူချင်းဆက်ဆံရာမှာ ကိုယ်နှုတ်နှလုံး လှုပ်ရှားမှုကိုသာ ကံလို့သတ်မှတ်ချက်ဟာ နိဗ္ဗေဓိကပရိယာယသုတ်ကို ဆန့်ကျင်ပါတယ်။ ဥပမာ ရာသီဥတုပူတာကို ဒေါသထွက်နေခဲ့ရင်လည်း ဗုဒ္ဓဝါဒအရ ဒေါသစိတ် (ဒေါသနှင့်ယှဉ်တဲ့ စေတနာ) ကြောင့် အကုသိုလ်ကံမြောက်ပါတယ်။ ပစ္စုပ္ပန်ကမ္မဝါဒကတော့ လူ-လူချင်းဆက်ဆံတာ မဟုတ်လို့ ကံမမြောက်ဘူးလို့ ယူဆပါတယ်။
ပစ္စုပ္ပန်ကမ္မဝါဒီတွေက ဘုရားအလောင်းတော်ရဲ့ ဒုက္ကရစရိယာအကျင့်ကို ရူပဈာန်, အရူပဈာန်လို့ မှားယွင်းစွာ ဖော်ပြထားပါတယ်။ ထို့အတူပဲ စိတ်ကိုချုပ်တည်းတဲ့ ဈာန်တရားတွေဟာ မိမိကိုယ်ကို ညှင်းဆဲတဲ့ အတ္တကိလမထာနုယောဂ အကျင့်တွေလို့ မှားယွင်းစွာ ယူဆထားပါတယ်။ စင်စစ် အလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့်ကို ပယ်စွန့်ဖို့ အကြံဖြစ်တာဟာ “မိမိငယ်စဉ်ဘ၀ သပြေပင်အောက်မှာ ရခဲ့ဖူးတဲ့ ပဌမဈာန်ဟာ ဗောဓိဉာဏ်ကိုရဖို့ အကျင့်လမ်းဖြစ်မယ်, ပဌမဈာန်ချမ်းသာဟာ ကာမဂုဏ်တရားနဲ့ အကုသိုလ်တရားတွေကို ပယ်စွန့်ထားတဲ့ ချမ်းသာဖြစ်တဲ့အတွက် မှီဝဲအားထုတ်ရမှာကို (တွန့်ဆုတ်) ကြောက်ရွံ့နေစရာလိုကြောင်း” စဉ်းစားမိလို့ပါ။ ဒီအကြောင်းကို ဗုဒ္ဓကိုယ်တိုင် သစ္စကပရိဗိုဇ်ကို ပြန်ပြောခဲ့ပါတယ် (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မဟာယမကဝဂ်၊ မဟာသစ္စကသုတ်)။ ဈာန်ချမ်းသာဟာ မှီဝဲပွားများအပ်တဲ့ (အာသေဝိတဗ္ဗ ဘာဝေတဗ္ဗ ဗာဟုလီကာတဗ္ဗ) တရားတွေ ဖြစ်တယ်။ သို့သော်လည်း တွယ်ငြိနေရန်မဟုတ်ပဲ ထိုထက်ပို၍ အဆင့်မြင့်သော တရားများအတွက် ပယ်စွန့်ရပါတယ် (မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဘိက္ခုဝဂ်၊ လဋုကိကောပမသုတ်)။ “သမ္မာသမာဓိ” ဆိုတာ ပဌမဈာန်, ဒုတိယဈာန် စသဖြင့် ဈာန်တရားလေးပါးဖြင့်ယှဉ်တဲ့ စိတ်တည်ကြည်မှု သမာဓိကို ခေါ်ကြောင်း နိကာယ်ငါးရပ်မှ ဒေသနာမြောက်မြားစွာမှာ ဟောကြားထားပါတယ်။ ဒါကြောင့် ဈာန်တရားများကို ရှုတ်ချခြင်း, ပစ်ပယ်ပြောဆိုခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးက သမ္မာသမာဓိကို ငြင်းပယ်ရာရောက်ပါတယ်။ အချို့က ဈာန်တရားကို မြေလျှိုးမိုးပျံစတဲ့ တန်ခိုးတွေနဲ့ ရောနှော ရှုပ်ထွေးနိုင်ပါတယ်။
ဓမ္မစကြာသုတ်အပါအဝင် အခြားသောဒေသနာများက ဒုက္ခသစ္စာရဲ့ အကျဉ်းချုပ်အဓိပ္ပါယ်ကို ပဉ္စုပါဒါနက္ခန္ဓာ (ဥပါဒါန်ဖြင့် စွဲယူထားသော ခန္ဓာငါးပါး) လို့ ဖွင့်ဆိုပါတယ်။ စွဲလမ်းမှု ဥပါဒါန်နဲ့ ပဉ္စုပါဒါနက္ခန္ဓာဟာ သီးခြားမဟုတ်သလို အတူတူလည်း မဟုတ်ပါဘူး။ ခန္ဓာငါးပါးပေါ်မှာ စွဲလမ်းကပ်ငြိတဲ့ ဆန္ဒရာဂကို ဥပါဒါန်လို့ခေါ်ပါတယ် (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဒေဝဒဟဝဂ်၊ မဟာပုဏ္ဏမသုတ်)။ ဒီဥပါဒါန်ကြောင့် “ငါ ရှိတယ်” လို့ထင်တဲ့ အထင် (အသ္မိမာန) ဖြစ်ပါတယ် (ခန္ဓဝဂ္ဂသံယုတ်၊ ခန္ဓသံယုတ်၊ ထေရဝဂ်၊ အာနန္ဒသုတ်)။ ရေမှာ ထင်တဲ့ ပုံရိပ်လို ဥပါဒါန်ရှိနေတဲ့ ပုထုဇဉ်အတွက် ရုပ်, ဝေဒနာ, သညာ, သင်္ခါရာ, ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးကို စွဲပြီး ငါရှိတယ်လို့ ထင်တာပါ။ ပုထုဇဉ်ကတော့ ဒီပုံရိပ်ကိုပဲ တကယ် ရှိတယ်လို့ ယူဆပါတယ်။ ဒါကလည်း ခန္ဓာငါးပါးကို “မြဲတယ်, ချမ်းသာတယ်, ငါပဲ” လိုထင်နေတဲ့ နိစ္စသညာ, သုခသညာ, အတ္တသညာကြောင့်ဖြစ်တာပါ။ ဒါကြောင့် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တလို့ မြင်အောင်ရှုရမယ်လို့ အနတ္တလက္ခဏာသုတ်အပါအဝင် ဒေသနာအများပြားမှာ ဟောကြားထားပါတယ်။ ပစ္စုပ္ပန်ကမ္မဝါဒယူဆသလို “ပဉ္စုပါဒါနက္ခန္ဓာကသာ အနတ္တဖြစ်ပြီး, ပဉ္စက္ခန္ဓာက အတ္တ၊ (လူလို့ထင်နေတဲ့ စွဲလမ်းမှုတွေက အနတ္တဖြစ်ပြီး လူသက်သက်ကတော့ အတ္တ) သက္ကာယဒိဋ္ဌိကို ပယ်သတ်လိုက်ရင် လူသက်သက်, အတ္တသက်သက်ပဲ ကျန်မယ်” ရယ်လို့ မြတ်စွာဘုရား မဟောကြားခဲ့ပါ။ ဗုဒ္ဓက “သဗ္ဗေ ဓမ္မာ အနတ္တာ”လို့ ဟောပါတယ်။ ပစ္စုပ္ပန်ကမ္မဝါဒက လူဆိုတဲ့ အတ္တဝါဒကို လက်ခံထားတဲ့ အတွက် ရုပ်နာမ် သင်္ခါရတရားတွေပေါ် “အနိစ္စ, ဒုက္ခ, အနတ္တ” ရှုပွားဖို့ ငြင်းပယ်ထားပါတယ်။
ဧရာ (မန္တလေး)
31 comments:
မောင်ဖားကြီး said...
အဖိုးတန်တဲ့ ပို့စ်ပါခင်ဗျာ ... အေးအေးဆေးဆေး တွေးတွေးဆဆကို ဖတ်သွားပါတယ် .. နောင်လည်း ဒီလိုပို့စ်မျိုးလေးတွေ အလျဉ်းသင့်သလိုရေးပါဦးခင်ဗျာ
kay said...
ကိုဧရာ- ကျမ ကြိုးစားပြီး ဖတ်ပါတယ်။ အင်မတန် နက်နဲ ..လက်ဝင်တဲ့.. ဘာသာ အယူဝါဒ ဆိုတဲ့ အပေါ်က.. ပိုင်းခြားပြမူ တခုလို့ မြင်ပါတယ်။
burmesesoccerfan said...
Thanks! I read "luthay lu phit " accidentally . After that,My hindrance is developing rapidly in addition to my little knowledge and thought base on so-called common sense. Your post may steer my thought to right view. Thank again.
စူး said...
ဒီလိုစာကို လိုချင်နေတာ..
ကျေးဇူးပါ..ကိုဧရာ ရေ..။
လူသေလူဖြစ်ဆိုတဲ့ အချက်ကို မထောက်ခံချင်ပါဘူး. အခုလို အချက်အလက်နဲ့ ရှင်းပြပေးတာ ကျေးဇူးပါ။
ပီးတော့ အခုတလော ရတနာ ဆိုတဲ့ ဘလော့မှာ..
ဘုန်းကြီး တွေကိုတိုက်ခိုက်နေတာဖတ်ရပါတယ်.
ကိုယ်သိခဲ့တဲ့တရားတွေကို ..ဘာမှန်းမသိတဲ့ ပဲ ဒွိဟတွေ ဖြစ်အောင်လုပ်နေပါတယ်။ ကွဲပြားရှင်းလင်းအောင် ဖတ်ရမလားလို့ မျှော်နေပါတယ်။ အမသီတာချစ်ချစ်ကြီး ... အကို ကိုဧရာ..။
တန်ခူး said...
အရေးကြိးတဲ့အချက်လေးတွေကို ထုတ်နှုတ်ရေးပြသွားတော့ အရင်က မသိခဲ့တာတွေ ရှင်းကနဲ ဖြစ်သွားပါတယ်ဆရာ… နှိုင်းယှဉ်ပြသွားတော့ ပိုလို့ တောင် ရှင်းသွားပါတယ်… ဒီတိုင်းမေးခွန်းမေးဆို ဘယ်ကစမေးရမှန်းမသိတာကြောင့် ကျွန်မတို့ လိုလူမျိုးတွေအတွက် ဒီလိုဆောင်းပါးလေးတွေ သိပ်ကိုလိုအပ်ပါတယ်… တန်ဖိုးကြီးတဲ့စာတပုဒ်အတွက် ကျေးဇူးတင်လေးစားမိပါတယ်ဆရာ…
Nay Lin said...
မြန်မာအင်ဂျင်နီယာ ဖိုရမ်မှာလည်း ဒီဝါဒကြောင်း စကားတွေ ပြောနေကြရတာကိုး
Unknown said...
ဆရာ... ကိုယ့်စိတ်ထဲမှာ သိနေတာကို သူများကမေးလာရင် ဘယ်လိုဖြေရမယ်မှန်းမသိ၊ မရှင်းမလင်းဖြစ်မှာစိုးတာတွေ အများကြီးကနေ ဒီစာကိုဖတ်လိုက်ရတာ တကယ်ကို မြူတိမ်ကင်းစင်သွားတဲ့ ကောင်းကင်လို ရှင်းကနဲဖြစ်သွားစေရတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ... သူငယ်ချင်းတွေလဲ ဝေမျှလိုက်ပါတယ်။
လေးစားစွာဖြင့်...စုချစ်
KNL said...
သိသင့် သိထိုက်တာတွေ အများကြီးသိရလို့ ကျေးဇူးအများကြီးတင်ပါတယ်..
Harry said...
ကိုဧရာရေ ...
မြန်မာ အင်ဂျင်နီယာဖိုရမ်မှာလည်း ဒီဝါဒ လာဖြန့်နေပါတယ်။
ကျနော်လည်း မအားတာနဲ့ အသေးစိတ် ပြန်မဆွေးနွေးနိုင်သေး ပါဘူး။
မင်ဘာ ၂-ယောက်က ဒီပို့စ်ကို အဲဒီမှာ လာတင်ပေးသွားကြပါတယ်။
ူသာသနာတော်အတွက် အကျိုးရှိလှပါတယ်ဗျာ ...
ကျေးဇူးပါ ကိုဧရာ
မငုံ said...
သိပ်ကောင်းတဲ့ ဝေမျှမှု့လေးပါ။ ဒီဝါဒကို အခုမှသိဖတ်ဖူးတာပါ။ အသေးစိတ်ကို တခါတည်းသိသွားရတော့ ၀မ်းသာတယ်။ ရှေ့လျောက်လဲ သာသနာအကျိုး ဆထက်တပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေနော့။
သံဇဉ် said...
အဖိုးတန်တဲ့ ပို့စ်ပါ
နဲ့ပတ်သတိပြီးတော့.. သိပ်နားမလည်သလိုဖြစ်သွားပါတယ်.. "ယခုဘ၀မှာ အရင်ဘ၀က ကံတွေက အကျိုးပေးနေကြတာ" ဆိုတာကိုပဲအမြဲလိုလိုနှလုံးသွင်းနေမိလို့ပါ။
"ပစ္စုပ္ပန်ကမ္မ၀ါဒနှင့် အယူဝါဒကွန်ရက်" တွေကိုကြားသိရတော့ တဖြည်းဖြည်းနဲ့.. လန့်လာတယ်။ အခံရှိမထားရင် သူတို့ပြောတာ မှန်သယောင်ယောင် ထင်မိမှာဆိုးလို့ ဗုဒ္ဓဝါဒ ကို ဒီထက်သေချာသိအောင်လုပ်ရအုံးမယ်၊ ပြီးတော့ဒီဘဝမှာ တတ်နိုင်သလောက်...ပါရမီတွေဖြည့်ထားရမယ်။
Anonymous said...
ပထမဦးဆုံးအကြိမ်ကွန်မန့် ပေးသွားပါတယ်...
သာဓုပါဗျာ...
နောက်ဆက်တွဲဆောင်းပါးလေးများလည်း
မျှော်လင့် လျှက်ပါ....
အောင်ဦး said...
မင်္ဂလာပါ အကို
ထေရ၀ါဒ သာသနာအတွက် အကျိုးများတဲ့ ရေးသားမှုလေးပါ။ ကူးယူသိမ်းထားလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ် အကို။
ခင်မင်လေးစားစွာဖြင့်
အောင်ဦး
Nay Lin said...
ဒီစာလေးကို ကြိုက်လွန်းလို့ ကျွန်တော့် ဘလောက်မှာ လင့်ပြီး ညွှန်းပေးပါရစေခင်ဗျာ
Sonata Cantata said...
ရပါတယ် Nay Lin ခင်ဗျာ
စုလတ် said...
သိပ်ကောင်းတဲ့ ပိုစ့်အတွက် ကျေးဇူးတင်ပါတယ် ကိုဧရာ...
ဗုဒ္ဓဘာသာဟာ သေချာ နက်နက်နဲနဲ လေ့လာလေလေ အဖိုးတန်ကြောင်းသိလာလေလေ ဆိုတဲ့ ဘာသာမျိုးပါ။
မိရိုးဖလာ ဗုဒ္ဓဘာသာကို ကျော်လွန်တဲ့ ပညာဓိက ဗုဒ္ဓဘာသာ ကိုကိုးကွယ်နိုင်ကြသူတွေ ဆထက်တပိုး တိုးပါစေ....
Unknown said...
သာသနာတော်ကြီးသန့်ရှင်းတည်တန့်စေဖို့၊
လူအများဆင်ခြင်နှိုင်းဆနိုင်စေဖို့
အများကြီးအထောက်အကူပြုပါတယ်။
သာဓုခေါ်ပါတယ် ...
ပြန်လည်ဝေမျှခွင့်ပြုပါခင်ဗျာ။
Nge Naing said...
အသစ်တင်ထားတာတော့ တွေ့နေတာ ကြာပါပြီ။ ဒါပေမယ့် ဘယ်လိုမှ အချိန်မရလို့ ပြီးအောင် မဖတ်ဖြစ်ဘူး။ ဒီလို စာမျိုးကို သုတ်သုတ်လာ သုတ်သုတ်ဖတ်သွားဖို့လည်း မဖြစ်ပါဘူး။ အသေအချာ အချိန်ပေးဖို့ လိုလို့ အခုမှ ဖတ်ဖြစ်ပါတယ်။ ကိုဧရာ ပို့စ်လေးက ဗုဒ္ဓဘာသာအတွက် တကယ်ကို တန်ဖိုးရှိပါတယ်။ ဗုဒ္ဓဘာသာ မိဘအသိုင်းအ၀ိုင်းက ဆင်းသက်လာတဲ့ သူတွေကိုယ်တိုင် အတူးသဖြင့် ခေတ်လူငယ်တွေနဲ့ သိပ္ပံပညာတတ် အတော်များများက ကိုဧရာ ပြောတဲ့ ပစ္စုပ္ပန် ကမ္မ၀ါဒကိုပဲ ယုံကြည်တာ တွေ့ရပါတယ်။ ရှေးဘ၀ နောက်ဘ၀နဲ့ ဆိုင်တဲ့ ကံ၊ ကံ၏အကျိုးကို မယုံကြည်ကြဘူး။ ကျွန်မကိုယ်တိုင်လည်း ဒီလိုရှိခဲ့ပေမယ့် ဒေါက်တာမင်းတင်မွန်ရဲ့ ရှေးဘ၀နောက်ဘ၀က ကျွန်မကို ချွတ်ပေးလိုက်လို့ အကျွတ်တရား ရသွားပါတယ်။ ဒေါက်တာမင်းတင်မွန်က ကျွန်မအတွက် တကယ်ပဲ ကျေးဇူးကြီးမားလှတယ်။ မျက်စိနဲ့ တိုက်ရိုက်တွေ့ရတဲ့ လူ့ဘုံ၊ တိရိစ္ဆာန်ဘုံကိုပဲ လက်ခံကြပြီး မမြင်ရတဲ့ နတ်တွေ ဗြဟ္မာတွေကို ကျွန်မ အရင်က မယုံခဲ့ဘူး။ သိပ္ပံနဲ့ ပတ်သက်ပြီး ဥပမာပေးရင်လည်း ကျွန်မတို့ ၁၂ တန်းက biology ဘာသာ သင်ရတုန်းက လူ့ခန္ဓာကိုယ် တခုလုံးမှာ micro-organism တွေ ကပ်နေတယ်ဆိုတာ စာတွေ့သင်ရတဲ့အချိန်မှာ သိပ်လက်မခံချင်ဘူး။ ရေချိုးထားတဲ့သူမှာ ဘယ်ရှိမလဲပေါ့။ ဒါပေမယ့် ကျောင်းရောက်လို့ ဓါတ်ခွဲခန်းမှာ စမ်းသပ်မှုတွေလုပ်ရပါတယ်။ ဂျယ်လီခွက်ထဲမှာ ကျောင်းသားတွေကိုယ်တိုင်ရဲ့ လက်မဆေးခင် နှိပ်ထားတဲ့လက်မအရာ၊ လက်ဆေးပြီး ခြောက်အောင် သုတ်ထးတဲ့ လက်မအရာ၊ မိမိပါးစပ်ထဲမှာ ဂွမ်းတံနဲ့ ခြစ်ယူပြီး ဂျယ်လီခွက်မှာ သုတ်ထားတဲ့ နေရာ၊ အခုလောလောဆယ် ပိုးသတ်ဆေးတွေနဲ့ သန့်ရှင်းရေး လုပ်သွားတဲ့ ဘီရိုထဲမှာ ဂွမ်းတံနဲ့ ခြစ်ပြီးယူထားတဲ့ ဂျယ်လီခွက် အဲဒီလေးခုကို အဖုံးလုံအောင်ဖုံးပြီး နောက်နေ့ မိုက်ခရိုစကုပ်အောက်မှာ ကြည့်လိုက်တော့ ဘီရိုထဲက ခြစ်ထားတဲ့ခွက်ကလွဲရင် ကျန်တဲ့ ဂျယ်လီခွက်တွေထဲမှာ ပိုးမွှားတွေ ရှိနေတာကို တအံ့တသြ တွေ့ရမှ ကျွန်မတို့ ဘယ်လိုပဲ ရေချိုးထား သွားတိုက်ထားပေမယ့် ကျွန်မတို့ ပါးစပ်အပါအ၀င် ခန္ဓာကိုယ် တခုလုံးမှာ ပိုးမွှားတွေ အမြဲရှိနေပါလားဆိုတာ သိရတယ်။ ဒီလိုပဲ သာမန်မျက်စိနဲ့ မမြင်နိုင်လို့ မရှိဘူးလို့ ပြောလို့မရသလို ဥာဏ်မျက်စိနဲ့ ကြည့်မှ မြင်နိုင်တဲ့ အရာတွေလည်း အများကြီး ရှိနိုင်တယ်ဆိုတာ သုံးသပ်မိတဲ့ တနေ့မှာ ရှေးဘ၀၊ နောက်ဘ၀ ကံ၊ ကံ၏အကျိုး အပါအ၀င် နတ်ဘုံ ဗြဟ္မာဘုံတွေဆိုတာဟာလည်း တကယ်ရှိတယ်ဆိုတာ တရားအတွေ့အကြုံအရ ဒါမှမဟုတ် အခုလို ဆင်ခြင်သုံးသပ်မှုအရ ဘယ်သူမဆို လက်ခံကြလိမ့်မယ်လို့ ကျွန်မထင်တယ်။
Unknown said...
ကွမ်တမ်သီအိုရီ မှသက်သေပြချက်ကို
Where Science and Buddhism Meet
( Part 2 )
http://www.youtube.com/watch?v=ZlmrHMBW36w
ခေါင်းစဉ်အောက်မှ နှစ်လွှာကွဲစမ်းသပ်မှု
( Double-slit experiment ) တွင်
ရှင်းပြထားပါသည်။ Video File ကို http://www.youtube.com/watch?v=DfPeprQ7oGc တွင်ကြည့်ရှူနိုင်ပါသည်
Unknown said...
Where Science and Buddhism Meet
( Part 2 ) Translation
http://ahlataya.blogspot.com/2009/05/where-science-and-buddhism-meet-part-2.html
Anonymous said...
သိပ်ကိုကျေးဇူးတင်မိပါတယ်။ နိုင်ငံခြားရောက်ပြီး အခြားဘာသာဝင်တွေနဲ့
အနေနီးရာကနေ မိရိုးဖလာ ဘာသာကို အချို့အပိုင်းတွေမှာ သံသယနဲနဲဝင်ခဲ့မိတာ အမှန်ပါ။ အခုတော့ လုံးဝရှင်းသွားပါပြီ။ Ma Nge Naing ပြောတဲ့ ဒေါက်တာမင်းတင်မွန် စာအုပ်လဲ ၀ယ်ဖတ်လိုက်ပါဦးမယ်။ နောက်လဲ အဆင်သင့်ရင် ဘာသာတရားနဲ့ ပတ်သက်ပြီးအကျိုးအကြောင်းဆက်စပ် ရှင်းပြနိုင်တဲ့ ပိုစ့်လေးတွေတင်ပါဦးနော်။ ငယ်ကတည်းက ခုထိ ဘုရားတရားကို အင်မတန်လုပ်ပါတယ်။ဒါပေမဲ့ ဒီ့ထက် နက်နက်ရှိုင်းရှိုင်း ယုံကြည်သက်ဝင်စွာ သံသရာလွတ်ကြောင်းအထိလုပ်ချင်တာပါ။
စီးပွါးတက်ရုံ၊ ဘေးကင်းရုံ၊ ဆိုတဲ့စိတ်နဲ့ မလုပ်ချင်တော့တာပါ။ခုလောလောဆယ် ဦးဆန်းထွန်းရဲ့ စာအုပ်တွေလဲ ဖတ်နေပါတယ်။
thurakyaw said...
ဦးဇင်း တစ်ပါး ဘုန်းကြီး တစ်းပါးပေါ့။မခင်ဦးမေဆီက လင့်ကနေ ဝင်ရင်း ရောက်လာပါတယ်။ပြောမယ်ဆို ပြောစရာတွေ အများကြီး ပါ။အဓိက အချက်က အခု ပို့လေးအတွက် ရေးသူကို ချီးကျူးချင်တာ ..ပို့ကို ဖတ်ရလို့ ဝမ်းသာမိကြောင်း ပြောချင်တာပါပဲ။ဟုတ်တယ် ..ဘာသာရေးစကားတွေကို အပေါ်ယံ အမြင်နဲ့ ကောက်ချက်ချဖို့ မလွယ်ပါဘူး။အကောင်းရှိရင် အဆိုးရှိမယ် ဆိုတာ လက်ခံရမယ့် သဘောပါ..ဒါပေမယ့် ဘာသာရေးနဲ့ ပတ်သက်ရင်တော့ အမြင်မတော်တဲ့ နေရာ များနေသလိုပဲ ခံစားရတယ်။အမြင်တော်၏ မတော်၏ မဝေဘန်မိအောင် ပဲ နေလာတတ်ပါတယ်။ဒီလို အစစ်အမှန် လေးစားစရာ အရေးမျိုး အသိမျိုး ရှိနေသေးတယ် ..သိရတော့ တကယ် ကျေနပ်မိပါတယ်။ခေတ်အရ စာပေနှံ့စပ်ဖို့လဲ လိုသလို ကိုယ်ပိုင် သိမြင် ထိုးထွင်း သိမြင်မှုတွေ လဲ လိုမယ် ထင်ပါတယ်။ပို့စ်ရှင် ဘလောဂ်ရှင်နဲ့တကွ လေ့လာသူ အားလုံး ထိုက်သင့်ရာရာ ထိုးထွင်း သိမြင်မှုတွေ ရနိုင်ကြပါစေ ...ဆုတောင်းပေးရင်း နိဂုမ်းချုပ်လိုက်ပါတယ်။
KNL said...
To
Anonymous
September 10, 2009 5:35 PM
ဒေါက်တာမင်းတင်မွန်ရဲ့ ရှေးဘ၀ နောက်ဘ၀ စာအုပ်ဝယ်ဖတ်ဖို့ မလွယ်ရင်ဒီမှာ download လုပ်လို့ ရပါတယ်..
http://dhammadownload.com/File-Library/DrMehmTinMon/DrMehmTinMon-ShayBawaNautBawa.pdf
ကိုသူရကျော်
စိတ်ထားတာမှန်ပါတယ်.. ဒီတရားလေးနာကြည့်ရင် ပို့ ပြည်စုံသွားမယ်..
စာရေးဆရာ မြသန်းစံက မြစိမ်းတောင် ဆရာတော်ကို မေးသွားတဲ့ မေးခွန်းလေးနဲ့ ဆင်ပါတယ်.. ဆရာတော် ရှင်းပြသွားတာ တော်တော် ရှင်းလင်းပြီး ပြည်စုံပါတယ်..
http://www.dhammadownload.com/MyaSeinTaungSayadaw-Bhaddanta-ZarNayYa-mp3.htm
က နံပါတ် ၅၂ ကိုနာကြည့်ပါ.. (နံပါတ်၄၀ မဟုတ်ပါဘူး).. မှတ်သားစရာတွေအများကြီးပါပါတယ်..
ဧရာ said...
စာလာဖတ်ပြီး ဆွေးနွေးအကြံပေးကြသူများ, ပြန်လည်ဖော်ပြပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ စိတ်ဝင်စားစရာ စာအုပ်အညွှန်းတွေ, link တွေပေးသွားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ အလှတရားရဲ့ http://www.ahlataya.com/2009/09/blog-post_08.html မှာ “ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍ စစ်ဆေးချက်” နှင့် အရှင်ကောဝိဒရဲ့ “ဗုဒ္ဓ၏ ဗုဒ္ဓ၀ါဒ” e-book တင်ထားတာ တွေ့ရပါတယ်။ http://www.dhammadownload.com/ မှာ ဒေါက်တာမင်းတင်မွန်ရဲ့ စာအုပ်နှင့် မြစိမ်းတောင်ဆရာတော်ရဲ့ တရားတော်တွေအပြင် မူရင်းပါဠိတော် မြန်မာပြန်များ
(http://www.dhammadownload.com/MyanmarTipitaka-eBook.htm) နှင့် အခြားစိတ်ဝင်စားစရာ ဓမ္မစာအုပ်များကိုလည်း ဓမ္မဒါနပြုထားတာ တွေ့ရပါတယ်။
Mokenlay said...
ပင်ကိုယ်ဓါတ်ခံညံ့လို့ အခြေမခိုင်ရတဲ့အထဲ ဒီပစ္စုပ္ပန်ကမဝါဒကြီးလာရှပ်တော့ ကျွန်တော်မှာ သောပြင်လွှတ်တဲ့ခွေးပမာ ခိုလှုံစရာမရှိသလောက် ဖြစ်ခဲ့ရပါတယ်။ အခု ကိုဧရာရဲ့ ရှင်းလင်းချက် ဖတ်ရှု့လိုက်ရမှပဲ ကန္တာရခရီးသွားတယောက် အေးရိပ်မှာစမ်းရေသောက်လိုက်ရသလို အလွန်တရာပဲ ဧမြသွားရပါတော့တယ် ကျေးဇူးပါခင်ဗျား
Law Shay said...
သာဓုသာဓုသာဓုပါဗျာ။
Unknown said...
လူလူချင်း ဆက်ဆံတာလို့ယူတာထက် .. လူ့အဖွဲ့အစည်း လူ့အသိုင်းအ၀ိုင်းလို့ မြင်ရင် ပိုမှန်မယ်ထင်မိပါတယ်.. အစိုးရပစ္စည်းခိုးရင် အပြစ်မဖြစ်လို့ ပစ္စုပ်ပန်က ယူဆတယ်ဆိုတဲ့အချက်လေးကို သူတို့ဘယ်လိုပြောတယ်ဆိုတဲ့ အကိုးအကားလေးဖတ်ဖူးချင်ပါတယ်.. ကျနော်ဖတ်တာ မတွေ့မိလို့ပါ..
Unknown said...
သူတို့ ရဲ့ သင်ပြမှုမှာ.. လူလူချင်းဆက်ဆံတာ လို့ ယူတာထက်.. လူ့အဖွဲ့ အစည်း လူ့အသိုင်းအ၀ိုင်းအပေါ် အကျိုးသက်ရောက်မှု လို့ ယူရင် ပိုမှန်မလားမသိဘူး.. အစိုးရပစ္စည်းခိုးရင် အပြစ်မရှိလို့ ဘယ်လို ပြောထားလဲ ဆိုတာ လင့်လေးပေးပါလားခင်ဗျာ.. ကျနော် လည်းလေ့လာနေတာ မတွေ့မိလို့ပါ..
Sonata Cantata said...
ကိုဇော်မိုး... လင့်က ပို့စ်ရဲ့ ဒုတိယပိုဒ်မှာ ပါပါတယ်။ စာပိုဒ်အချို့ကို အောက်မှာ ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။
“… ပါဏာတိပါတ်၊ လူကို သတ်မှ။ အလွတ်တခြား ပိုးမှုန်မွှားနှင့်၊ အများတိရစ္ဆာန်၊ သက်ရှိမှန်က၊ မကျန်သစ်ပင်၊ သတ်ခံလျှင်မူ၊ သတ်မဟူဘူး…” (မိုးပြာကျောင်းမှ ပေးစာများ၊ နှာ-၉၃-၉၄)
“… အစိုးရပစ္စည်းမှာ သူ့ထိလျှင် အရေးယူဖို့ ဥပဒေပြုပြီးသား ရှိနေပါတယ်။ အရေးယူရမှာကို ခံနိုင်လျှင် ဒါမှမဟုတ် အရေးမယူအောင် တတ်နိုင်လျှင် ထိနိုင်တာပဲ။ တရားဓမ္မရဲ့ အကျိုးအပြစ်သတ်မှတ်နေဖို့ မရှိပါဘူး။ တရားဓမ္မဟာ လူလူချင်းအတွက် စည်းကမ်းပဲ ဖြစ်ပါတယ်။ အရာရာအတွက် စည်းကမ်း မဟုတ်ပါဘူး။… ” (မိုးပြာကျောင်းမှ ပေးစာများ၊ နှာ-၁၀၇)
carpe diem said...
Let's me share this artical in facebook. I will also mention the link to your blog there... Thanks.
Sonata Cantata said...
>>>carpe diem
ကျေးဇူးပါ။