Saturday, August 1, 2009
စင်္ကာပူ မြို့ကြီးကိုတဲ့ ယောင်လည်လည် ရောက်လာခဲ့တယ်။
ဘာကြောင့်နိုင်ငံရပ်ခြားထွက်ခဲ့တာတဲ့လဲ...
ကိုယ်ရေးကိုယ်တာ စစ်စစ်ဖြစ်ပါတယ်။ တဆက်တည်းမှာလည်း ကိုယ်နဲ့ နီးစပ်ရာကို ကြုံရင် ကြုံသလို ပြောပြဖြစ်တာမို့ ခေတ်တခေတ် (စနစ်ကတော့ ရှိကို မရှိဘူးလို့ ထင်ပါတယ်) ကို ဖြတ်သန်းခဲ့တဲ့ လူတယောက်ရဲ့ ဘ၀ တစိတ်တဒေသကို ပို့စ်အဖြစ်ရေးထားချင်ပါတယ်။ တဆက်တည်းမှာပဲ ကျေးဇူးတင်ထိုက်သူများကို မှတ်တမ်းထဲမှာ စုစည်းထားပြီးသားလည်း ဖြစ်ပါတယ်။  
၁၉၉၆ခုနှစ်မှာ စင်္ကာပူကို ထွက်ခဲ့ပါတယ်။ အဲ့ဒီရဲ့ ရှေ့ ၁၁နှစ်လောက်ကစ နောက်ကြောင်းပြန်ပါရစေ။  
၁၉၈၅ခုနှစ် မတ်လမှာ စစ်ဆေးခဲ့တဲ့ ဆယ်တန်းခေါ် တက္ကသိုလ်ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို ဇူလိုင်လမှာ အောင်စာရင်းထုတ်ပြန်တော့ ဖြေကြားရသည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု/ရူပ၊ ပထဝီ/ဘောဂ၊ သမိုင်း (၆)ဘာသာမှာ မြန်မာစာ နှင့် သမိုင်းမှ လွဲ၍ ကျန် လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါတယ်။ စာမေးပွဲအောင်လို့ စိတ်အေးအေး မပျော်ရွှင်နိုင်ပါဘူး။ အမှတ်ပေါင်း သိရဖို့ အလွန် အရေးကြီး နေပါတယ်။ လမ်းထဲက သတင်းထောက်ဦးလေးကြီး (ကျမကို ၆တန်း၊ ရတန်း သင်္ချာ(၁)ဘာသာ သင်သော ဆရာမ၏ အမျိုးသား)က သူ့နည်း သူ့ဟန်နဲ့ အမှတ်ပေါင်း သိအောင်လုပ်လာပါတယ်။ ၄၆၀မှတ်ပါတဲ့။ (အဲ့ဒီ ဦးလေးက ကျမတို့ လမ်းထဲက ဆယ်တန်းဖြေသူတွေရဲ့ အောင်စာရင်း ကြိုကြည့်ပေးခြင်းကို ခေတ်အဆက်ဆက် ဒိုင်ခံ ဆောက်ရွက်လာသူ ဖြစ်ပါတယ်။ တရားဝင်မထုတ်ပြန်မီ တပတ် သုံးရက် အလိုမှာ စာမေးပွဲ အောင်သူတွေကို အောင်ကြောင်း အိမ်တိုင်ယာရောက် သူကိုယ်တိုင် လိုက်ပြောတတ်ပြီး၊ ရှုံးသူတွေကိုတော့ ကြည့်လို့ မရဘူးကွာ၊ ထွက်တဲ့နေ့သာ စောင့်ကြည့်ကြတာပေါ့လို့ ပြောတတ်ပါတယ်။ ဘယ်နေရာမှာ ဘယ်လိုကြည့်ခဲ့သည်ဆိုတာကိုတော့ ပြန်မပြောတတ်ပါ။ အခြားမသမာသည့် တစုံတခုမှ မလုပ်ခဲ့ခြင်းကို ဤနေရာ၌ ကျိန်ဆိုပြောနိုင်ပါတယ်။) အမှတ်ပေါင်း သိရတဲ့နေ့ကစ ငိုရတာ နေ့စဉ်ရက်ဆက်ပါ။ ဆရာဝန်လိုင်း မဝင်နိုင်တော့မှန်းသိလို့ပါ။ ဆရာဝန်ကို ဝါသနာ ပါလွန်းသည်လား မသေချာပေမဲ့၊ အင်ဂျင်နီယာကတော့ (လုံးဝ) လုံး၀ ဝါသနာ မပါပါ။ ဝင်ခွင့်တွေ ဖြည့်တော့ တော်တော် ဒုက္ခရောက်ခဲ့ရပါသည်။ Second Choice ကို ရန်ကုန် စက်မှု တက္ကသိုလ် ဟု ရေးထည့်နိုင်ရန် ဘဝမှာ ကိုယ့်ကိုကိုယ် မကြာခဏဆိုသလို ထိုးနေရသည့် ထုံဆေးကို ပထမဦးဆုံး အကြိမ် ထိုးခဲ့ရခြင်း ဖြစ်ပါသည်။ ကျောင်းပိတ်ရက်ရှည်မှာ ဆယ်တန်းအောင်ခဲ့သော အထက်တန်းကျာင်းမှာပဲ လုပ်အားပေးနေရင်း ဆယ်တန်းမှာတွဲခဲ့သည့် ကျမ၏ အချစ်ဆုံး သူငယ်ချင်း (သူကတော့ ဘာသာစုံဂုဏ်ထူးနှင့် အောင်၍ အမှတ်ပေါင်း ၅၀၀ကျော်ရထားသူ ဖြစ်ပါသည်။) က သူ့လက်ရေးနှင့် ကူးလာသည့် List လေးတခု ပြပါသည်။ ဆေးတက္ကသိုလ် ၄၆၀၊ စက်မှုတက္ကသိုလ် xxx စီးပွားရေး xxx စသဖြင့် ရေးထားသည့် ဗလာစာရွက် တရွက် ဖြစ်ပြီး နှုတ်မှလည်း “နင်ဝင်ပါတယ်..ဒီမှာကြည့်” ဟု တတွတ်တွတ်ပြောနေပါသည်။ ကျမ ဝမ်းမသာခဲ့ပါ။
  စိတ်က မရွှင်နိုင်တော့သောအခါ ကျန်းမာရေးက ယိုင်လာပါတော့သည်။ အစကတည်းက ကျန်းမာရေး မတောင့်တင်းသူမို့ အမြဲတမ်းလိုလို ကိုယ်လေး ငွေ့ငွေ့နဲ့ ဖျားနေတတ်ပါသည်။ မနက်အစောပိုင်းလောက်သာ လုပ်အားပေးသော လေးတန်း(D) အတန်းတွင် အတန်းပိုင် ဆရာမကို ကူညီနိုင်ပြီး အဖျားတွေ တရှိန်ရှိန်တက်လာလို့ ကျောင်းဆေးခန်း ကုတင်တွင် တနေကုန် သွားအိပ်နေရတတ်ပါသည်။ ကျောင်းဆင်းတော့ ကျောင်းကားနှင့် ပြန်လာရာ လမ်းတလျှောက် ခေါင်းကမထူနိုင်တာမို့ ဘေးက သူငယ်ချင်းက သူ့ဒူးခေါင်းပေါ် သူ့လက်ကလေးတင်၊ သူ့လက်ပေါ် ကျမ လက်ဖမိုး အစုံတင်လို့ လက်ဖဝါးနှစ်ဖက်ပေါ် မျက်နှာအပ်ပြီး တလမ်းလုံး အိပ်လာလိုက်တာ အိမ်နားရောက်တော့ သူက ရောက်ပြီ ထ ထဆို နှိုးမှ မျက်လုံးဖွင့်ကြည့်တော့ သူ့လက်မှာ ကျမ လက်သူကြွယ်မှာ ဝတ်ထားသည့်လက်စွပ်နဲ့ ဖိထားလို့ အရေပြားလေး ပေါက်ထွက်ပြီး သွေးစို့နေခဲ့ပါပြီ…အဲ့ဒီသူငယ်ချင်းကတော့ ကျမနဲ့ တအိမ်ကျော်နေတဲ့ သူငယ်ချင်းပင် ဖြစ်ပါသည်။ (ကျမတို့ ဆယ်တန်းအောင်တဲ့ နှစ်မှာ ကျမတို့ လမ်းထဲက ဆေးတက္ကသိုလ် - အတိုကောက်အခေါ် MC - Medical College ဝင်သောသူ ဖြစ်ပါသည်။) ဝင်ခွင့်တွေ ထွက်တော့ RC(3) - Regional College ဒေသကောလိပ် No. 3 ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ)မှာ အနီးဆုံးကြည့်လို့ရပါသည်။ ကျမသွားမကြည့်ခဲ့ပါ။ ရန်ကုန်မှာ ရှိမနေခဲ့ဘူးဟု ထင်ပါသည်။ ရန်ကုန်ပြန်ရောက်တော့ သူငယ်ချင်းတယောက်အိမ် ကို ဘာမှ မသိသည့် မျက်နှာပေးနှင့် သွားတော့ သူက “ငါဝင်ခွင့်တွေ ကပ်ထားတာ သွားကြည့်ပြီးပြီ သိလား” ဟု စကားစရာ သူ့အဒေါ် အပျိုကြီးက ဝင်ပြောပါလေတော့သည်။ “အဲ့ဒီမယ်လေ လူကြားထဲ သီတာနာမည်ကြည့်ပြီး နင့် သူငယ်ချင်း မျက်ရည်တွေ ကျလာလို့ အနည်းခေါ်ထုတ်လာရတယ်” ဟု… (ထိုသူငယ်ချင်းသည် ခြောက်တန်းကျောင်းသူ ဘဝမှာပင် မိခင်ဖြစ်သူ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သော တစ်ဦးတည်းသော သမီး ဖြစ်ပါသည်။ “သီတာရေ မေမေ သေတုန်းကလေ ငါမငိုဘူး သိလား။ မေမေ ခံစားနေရတဲ့ ဝေဒနာတွေက လွတ်မြောက်သွားတာပဲလို့ ငါ စိတ်တင်းထားတယ် သိလား”ဟု တခါက ပြောခဲ့ဖူးပါသည်။ ကျမတို့နေတဲ့မြို့နယ်ထဲကကျောင်းမှာ ၇တန်းထဲက စတွဲခဲ့ပြီး ရှစ်တန်းအောင်ကြသောအခါ လသာ(၂)သို့ နှစ်ဦးသဘောတူ ပြောင်းရွှေ့ခဲ့ကြပါသည်။ ကျောင်းသူ အသစ်များချည်းသာထားသော နဝမတန်း(ဈ)၌ နေခဲ့ကြရပြီး၊ ထိုအချိန်မှစ၍ ဒဿမတန်းသို့ တက်သောအခါ ထိပ်ဆုံးအတော်ချည်းများသာ ထားသော (က)တန်း Aခန်းကို ရောက်နိုင်ဖို့ အရေး တယောက်မျက်နှာတယောက် အရိပ်လိုကြည့်နေခဲ့ကြသည့် သူငယ်ချင်းပင် ဖြစ်ပါသည်။ သူနဲ့ ကျမ ကွဲကြရပါပြီ။) “ငါ သွားမကြည့်တော့ပါဘူးဟာ စာတိုက်က ပို့တဲ့စာလည်း အိမ်ရောက်နေပါပြီ” လို့ ပြန်ပြောခဲ့ပါသည်။ စာတိုက်မှ ပြန်ရောက်လာခဲ့သည့် (ဝင်ခွင့်လျှောက်လွှာ တင်စဉ်မှပင် တပါတည်း ထည့်ပေးရသည့်) အမည်၊ လိပ်စာ နေရာတွင် ကိုယ့်လက်ရေးဖြင့် ကိုယ်တိုင် ဖြည့်၍ တက်ရောက်ခွင့် ရသည့် တက္ကသိုလ်နေရာတွင် ရန်ကုန် စက်မှုတက္ကသိုလ်ဟု မှင်ပြာတံဆိပ်တုံးဖြင့် ခပ်စောင်းစောင်း ရိုက်နှိပ်ထားသာ Acknowledgment slip သည် ကိုယ်နှင့် မဆိုင်၊ ကိုယ်ဆီလာတာ မဟုတ်ဟုသာ ထင်နေခဲ့ပါသည်။ နောက်ဆုံးတော့ စာရွက်ကို လက်နှစ်ဖက်နှင့် သေသေချာချာကိုင်ပြီး ရေးထားသမျှ စာအားလုံးကို တလုံးမကျန် ကျောရော ရင်ပါ သုံးပြန်လောက်ဖတ်ပြီး “ဖိုင်အသစ်မှာ အသေအချာသာ ညှပ်ထားလိုက်တော့” ဟု ကိုယ့်ကိုယ်ကို အမိန့်ပေးခဲ့ရပါတော့သည်။  
*****
ဒီလိုနဲ့ ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာ ကြီးတဲ့ ကျမဟာ ၁၉၈၅ခုနှစ်ရဲ့ ဒီဇင်ဘာ မနက်ခင်း တခုမှာ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ ဦးလူပေါဂိတ်မှာ (ဦးထောင်ပိုဂိတ် ဟု အစက မှားရေးခဲ့ပါသည်။ ဒီလောက် အထင်ကရကို မှားဖြစ်အောင် မှားထားတာ ကော်မန့်မှာ ပြင်ပေးသော Anonymous ကို ကျေးဇူးတင်ပါသည်။) သူငယ်ချင်းနှစ်ယောက်နဲ့ အတူ ပထမဦးဆုံး အကြိမ် ရောက်နေခဲ့ပါပြီ။ သူငယ်ချင်းအမေက ကိုယ်တိုင်ကားမောင်းလိုက်ပို့ပြီး ဂိတ်ဝထိပ်မှာ ကျမတို့ကို ချထားပေးခဲ့တာပါ။ ပင်မကျောင်းဆောင်အနီးမှာ ကားပတ်ခ်ရှိကြောင်း လိုက်ပို့သူ အန်တီလည်း သိဟန်မတူပါဘူး။ ဒီတော့ ကျမတို့သုံးယောက် ပင်မဆောင်ကြီးရောက်အောင် လမ်းရှည်ကြီးကို စလျှောက်ရပါတော့သည်။ ကျောင်းသားအဆောင်တွေ ပေါ်ကနေ ကျမတို့ကို လှမ်း လှောင်ပြောင်အော်ဟစ်နေကြတဲ့ အသံတွေဟာ နေခြည်နွေးနဲ့ ဆောင်းမနက်ခင်းရဲ့ မြူနှင်းငွေ့တွေကြား ကနေ ကျမကို အမှည့်ခြွေ ခြွေနေကြပါပြီ။ (ကျမဟာ ငါးတန်းကနေ ဆယ်တန်းထိ နေခဲ့သော ကျောင်းနှစ်ကျောင်းစလုံးမှာ မိန်းကလေးကျောင်းချည်းသာ ဖြစ်သဖြင့် ကျားသတ္တဝါတို့၏ ဘာသာဘာ၀ အလေ့အထနှင့် အတော်စိမ်းပါသည်။ တက်ခဲ့သော ကျူရှင်များမှာလည်း စည်းကမ်းကို အလွန် အလေးထားသော ကျူရှင်များဖြစ်ခဲ့ပါသည်။) ကျောင်းသားရေးရာမှာ လုပ်ဆောင်စရာရှိသည်များ လုပ်ဆောင်အပြီး ကျမတို့ ပြန်ကြတော့ ဘတ်စ်ကားနှင့် ပြန်ကြမှာမို့ ပင်မဆောင်ကြီးမှ ပစ္စည်းမဲ့ဂိတ်သို့ (အစက ဆင်းရဲသားဂိတ်လို့ မှားရေးထားသေးတယ်။ ကော်မန့်မှာ ကိုပေါ လာပြင်ပေးလို့..ကျေးဇူးပါ။) အထွက် လူသွားလမ်းကျဉ်းလေးမှာ.. ပထမဆုံး နှင်းတောထဲ ခြေချတဲ့နေ့က အလှတရားကို သည်းခြေကြိုက် ဖြစ်တဲ့ ကျမဟာ အဲ့ဒီခေတ်က ခေတ်စားတဲ့ အကြေသားခေါ် ချစ်စရာကောင်းတဲ့ အရေးအကြောင်းလေးတွေပါသောပိတ်စကို ချုပ်ထားသော လက်ဖောင်း လက်စက ပန်းနုရောင် ဘလောက်စ် အကျီလေးနဲ့ ရှန်လုံချည်လို့ ခေါ်တဲ့ အနက်ခံမှာ ပန်းနုရောင်၊ ပန်းရင့်ရောင် အပွင့်သေးသေးလေးတွေ ပါတဲ့ လုံချည်လေးကို ဝတ်ထားခဲ့တယ်။ ခါးမှာလည်း ရွှေရောင် ခါးပတ်သေးသေးလေး ပတ်လို့။ အကျီ လက်အနားနဲ့ ကော်လံကတုံးအနားမှာ ရောင်စုံ ပန်းပွင့်လေးတွေပါတဲ့ ဇာအနားလေးကွပ်ထားသေးတယ်။ 
(အင်္ကျီကော်လံက ဒီလိုမျိုးလေး ဆိုတာ ပြချင်လို့ ကိုးရီးယားမင်းသမီးပုံ ယူထားပါတယ်)
ရုပ်ဝတ္တုတွေနဲ့ လောလောလတ်လတ်ရထားတဲ့ အတိုင်းအတာ တစ်ခုထိ မြင့်မားတဲ့ ပညာအဆင့်အတန်းတွေ စိတ်ကူးထဲ စိုးစဉ်းမျှမရှိ၊ ငယ်ရွယ်နုနယ်မှုနဲ့ အပြောင်းအလဲ တစ်ခုအတွက် ရင်ခုန်နေခဲ့တဲ့ ကျမကို ဘေးကဖြတ်လျှောက်ရင်း ပြောသွားတဲ့ လူတစ်ယောက် စကား “နင်က ဟော့ရှော့လား၊ ငါတို့ ကျောင်းမှာ ဒါမျိုးမရဘူး” တဲ့ ။ စ, စချင်းဆောက်နဲ့ထွင်း ဆိုသလို စိတ်ကူးထဲမှာတောင် မရင်းနှီးတဲ့ စက်ဆုပ်ခြင်း၊ မုန်းတီးခြင်းတွေနဲ့ ကျမ ကို အကျည်းတန်စေခဲ့တယ်။ ကျမ.. ငါကမ္ဘာမှားရောက်လာခဲ့ပြီ…ငါဟာ တကယ်တော့ သေဆုံးသွားခဲ့ပါပြီ… တကယ်ကိုပဲ နောက်တနေ့ကစ ကျောင်းတက်လာတဲ့ သီတာဟာ အယင်တုန်းက သီတာ မဟုတ်တော့ပါဘူး။ (အဲ့ဒီတုန်းက စနိုးဝှိုက်ကလေးလို အိပ်ပျော်သေဆုံးသွားခဲ့တဲ့ မသီတာ ပြန်လည်နိုးထဖို့ ဘလော့ရေးရင် ကြိုးစားနေပါတယ်။) (မိမိရဲ့ ပေါ့သွမ်းတဲ့ ဆန္ဒ တစ်ခု အတွက် သူတပါးရဲ့ အလှတရားကို ထိခိုက်စေသူ ဒီစာကို ဖတ်မိစေချင်ပါတယ်။ ဒီစာဖတ်ပြီးချိန်မှာတော့ သီတာဆိုတာ အညှိုးအတေး အစွဲအလန်းကြီးတဲ့ မိန်းမတယောက်လို့ ထင်ကောင်းထင်မယ်။ ရှေ့လာမဲ့ အပိုင်းမှာတော့ ဘာအမှတ်အသား၊ ဘာဦးတည်ချက်မှ မရှိတဲ့ ခပ်ပေါပေါ မိန်းမတယောက်ကို တွေ့ရပါလိမ့်ဦးမယ်။)
ဒုတိယနှစ်အောင်ရင် လိုင်းခွဲတာမို့ တဖန် ဒုက္ခရောက်ရပြန်တယ်။ ဘာဝါသနာပါလဲ၊ ဘာစိတ်ဝင်စားလဲ လာပြန်ပါပြီ။ ဆွေထဲမျိုးထဲ အသိမိတ်ဆွေထဲ အင်ဂျင်နီယာဆိုတာ ကြားတောင်မကြားဘူးတော့ အင်ဂျင်နီယာတွေ ဘာလုပ်လည်း ဂဃဏန မသိဘူးလေ။ လူသေကောင်လို ကျောင်းတက်နေတဲ့သူအတွက် ဆရာတွေရဲ့ လက်ချာတွေက ကျွဲပါးစောင်းတီး။ စာမေးပွဲ အောင်အောင် ဖြေတယ်။ ဒါပဲ ကိုယ်သိတယ်။ Civil က တိုက် အမြင့်ကြီးတွေပေါ်တက်ရတယ်။ ငါ အမြင့် ကြောက်တယ် မဖြစ်ဘူး။ Mechanical က စက်ကြီးတွေ ငါ့ခွန်အားဗလနဲ့ မဖြစ်ပါဘူး။ Electronic ဆိုရင်တော့ ကိုင်ရတွယ်ရတာလေးတွေက သေးသေးကွေးကွေးလေးတွေ တနေရာထဲ ထိုင်လုပ်နေရတာဆိုတော့ မဆိုးဘူး။ ထိုကဲ့သို့သော မဟာဧရာမ အတွေးအကြံတို့ဖြင့် အီလက်ထရောနစ်ကို ရွေးချယ်ခဲ့ပါလေတော့သည်။ သေချာတာကတော့ ကျမဟာ သူ့အသက်အရွယ် သူ့အနေအထားနဲ့ ရှိရမည့် အသိဉာဏ် အဆင့်အတန်း မရှိခဲ့တာ အမှန်ပါပဲ။ တတိယနှစ်ရောက်တော့ ရှေ့ကို ကြိုကြည့်မြင်တတ်တဲ့ ကျမသူငယ်ချင်းက အစစအရာရာမှာ ကျမကို ဦးဆောင်ရပါတယ်။ ကျမက ဒရွတ်ဆွဲလေး လိုက်ရုံပါပဲ။ သူကတဆင့် သိရတဲ့ Electronic နဲ့ ကျောင်းပြီးပြီး ကွန်ပြူတာ သင်တန်းမှာ ဆရာမဖြစ်တဲ့ အမက စာကို သိပ်စိတ်ဝင်စားသူမို့ အီလက်ထရွန်နစ်နဲ့ ဆိုင်တဲ့ ဘာသာတွေကို သူ့အိမ်မှာ စာအတူ ဝိုင်းဖတ်ပေးပါတယ်။ လူရည်ချွန် အထပ်ထပ်ကွမ်း၊ Roll one အကြိမ်ကြိမ်ရတဲ့ အမက ဘယ်လောက်ပဲ စေတနာတွေနဲ့ အနီးကပ်ကြီးကြပ် သင်ကြားပေးခဲ့ပေမဲ့ ကျမကတော့ ဒုံရင်းပါပဲ။ ကျမဟာ ရှေးကုသိုလ် အလွန်ကောင်းခဲ့သူပါ။ အဆွေခင်ပွန်းကောင်း တွေနဲ့ ကြုံခဲ့ရသလောက် မိမိဖက်က လက်ငင်း သဘောထားနဲ့ အားထုတ်မှုအပိုင်းမှာ အလွန်အားနည်းခဲ့ကြောင်း ဘဝသက်တမ်းရှည်လာလေ ထင်ရှားလာလေပါပဲ။ ကျောင်းတွေ ပိတ်တော့ အမက သူ့သင်တန်းကျောင်းကို ခေါ်သွားတယ်။ ကျမတို့ သူငယ်ချင်းသုံးယောက်ကို တနေ့ Duty သုံးပိုင်းခွဲလိုက်တယ်။ မနက်အစောပိုင်းမှာ ကျမ၏ အစဉ်သဖြင့် အားကိုးရလေသော သူငယ်ချင်းမ၊ ကျမကတော့ နေ့လည်ပိုင်း၊ မြို့ထဲမှာတင်နေပြီး နေ့လည်ဖက် မိဘကို ဆိုင်ကူထွက်ပေးစရာရှိတဲ့ သူငယ်ချင်းမက ညပိုင်း..သူ့ လက်ထောက်အဖြစ် ကျောင်းမှာ စာကူပြပေးဖို့။ သင်တန်းပိုင်ရှင် ဆရာကလည်း သဘောကောင်းလိုက်တာ သူအသစ်အဆန်း လေ့လာမိတာဆို ကျမတို့ကို ပြန်သင်ပြရတာ အမော။ ကျောင်းပိတ်သွားတယ် အဆိုး၊ ပညာနဲ့ ကင်းလွတ်မသွားစေရဘူး အကောင်း၊ ရေကန်အသင့် ကြာအသင့် ဆိုတဲ့ စကားမျိုးဟာ မနာလို မရှိပါနဲ့ အချို့ ဘဝတွေမှာ တကယ်ကို ရရှိပါတယ်။ တကြိမ်တခါ ကျောင်းပိတ်တယ် ဆိုတာမျိုးက အဖတ်ဆယ်လို့ ရကောင်းရမှာ ဖြစ်ပေမဲ့ ဖွင့်လိုက် ပိတ်လိုက် အကြိမ်တွေ များလာတဲ့ အခါမှာတော့ အစကတည်းက သမာဓိမခိုင်တဲ့ အူကြောင်ကျား ကျမ ကိုယ်ဘာလုပ်လို့၊ ဘာဖြစ်နေမှန်း မသိတော့ပါဘူး။ စမ်းချောင်းထဲမှာ အမကြီးရဲ့ မိတ်ဆွေ အန်ကယ်ကြီးဆီမှာ ဂျပန်စာ သွားသင်သေးတယ်။ စဦးဆုံးနေ့ အန်ကယ်ကြီးက “အ၊ အိ၊ အု၊ အဲ၊ သိလား” မေးတော့ ကျမက “ဟုတ်ကဲ့ သိပါတယ်။ အ၊ အိ၊ အု၊ အေ၊ အဲ၊ အော၊ အံ၊ အို” ပါလို့ (ရသည့် ဆုတွေပဲ ပြောရန်လို -ငယ်စဉ်ကတည်းက မှတ်သားထားတဲ့ ဟာတွေကို သွက်သွက်ကြီး ရွတ်ချလိုက်ပါတယ်။) အန်ကယ်ကြီးက ဘာမှ ပြန်မပြောပါဘူး။ (သူရည်ညွှန်းတာက ဂျပန်စာရဲ့ Katakana စာလုံးတွေ)။ ဂျပန်စာကို ကြိုးစားပမ်းစား သင်လာလိုက်တာ တနေ့တော့ အန်ကယ်ကြီးက ဂျပန်သွားမလားမေးပါတယ်။ သူ့ သမီး အငယ်ဆုံး(ကျမ အမကြီးရဲ့ သူငယ်ချင်း)နဲ့ ဟိုမှာ အတူသွားနေပြီး အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ဖို့ပါ။ ကျမလည်း အိမ်နဲ့ တိုင်ပင်လိုက်ပါဦးမယ်ပေါ့။ ဘာအကျိုးဆောင်ခမှ ယူမှာမဟုတ်ပါဘူး။ ကိုယ့်လေယာဉ်လက်မှတ် ကိုယ်ဝယ်ပြီး သွားဖို့ပါပဲ။ ကျမလည်း အိမ်မှာ အကိုကြီးနဲ့ တိုင်ပင်ပြီး၊ နောက်တနေ့ညနေမှာတော့ အိမ်က လေးဘီးကားလေးနဲ့ စမ်းချောင်းကို မောင်နှမနှစ်ယောက် မောင်းလာကြတာ လမ်းတလျှောက် လမ်းမီးတွေရော၊ အိမ်မီးတွေရော မှောင်လို့ ကားမီးလေး ထိုး ထိုးပြီး မောင်းရတယ်။ ဟိုရောက်တော့ အန်ကယ်ကြီးက စကားလည်း ကောင်းကောင်းမပြောဘူး။ အသက်က ၇၀ဆယ်နား ဆိုတော့လည်း အာရုံထဲ တခုခုရောက်နေရင် နောက်အာရုံတခုကို တုန့်ပြန်မှု နှေးကွေးထယ် ထင်ပါရဲ့။ ဒီလိုနဲ့ ပြန်လာခဲ့ကြပြီး အကိုကြီးက “နင့်ဟာက မရေမရာနဲ့ဟာ၊ ကျောင်းလည်းပြီးသေးတာ မဟုတ်ဘူး၊ ကျောင်းပြီးအောင်ပဲ ဆက်တက်ပါ” လို့ ဆုံးဖြတ်ချက် ချပေးခဲ့ပါတယ်။ သူငယ်ချင်းတွေထဲမလဲ နိုင်ငံခြား ထွက်နိုင်သူတွေက ဟိုကထွက် ဒီကထွက် ထွက်ထွက်ထွက် ဆိုတော့ ကိုယ်လည်း ထွက်ချင်တယ်ပေါ့လေ ဒီလောက်ပါပဲ။ နောက်ကျောင်းဖွင့်တော့ စာသင်နှစ်တွေ ချုံ့ပြီး အတန်းတွေ တက်သွားလိုက်တာ၊ စိတ်ညစ်ရတဲ့ အထဲ စိတ်ပျက်တာတွေ ထပ်လောင်းပြီး ကျောင်းပြီးသွားပါတယ်။ နှင်းတောထဲမှာ ဆယ်စုနှစ်နီးပါး ကြာခဲ့တယ်။ (လူအများစုရဲ့ ပျော်စရာအကောင်းဆုံး ကျောင်းသားဘ၀ ဆိုတာကို ထော်လော်ကန့်လန့် တိုက်လိုက်တာ မဟုတ်ပါဘူး။ "နင်ရယ်(ရီ)နေခဲ့တာတွေ့ပါတယ်" လို့ ဆိုလာခဲ့ကြရင် "အဲ့ဒါ ဟန်ဆောင်အပြုံးတွေ" လို့ ကျားကန်ပြီး ငြင်းဖို့ အဆင်သင့်ပါ။) ကျောင်းပြီးသွားတော့ အိမ်က အလုပ်တွေပဲ ဝိုင်းကူ လုပ်ပေးနေခဲ့ပါတယ်။ မနက်စောစော ငါးရောင်းတယ်။ ကျန်တနေလုံး ဆန်ရောင်းတယ်။ စာရင်းလုပ်ပြီး လေး၊ ငါးကျပ် ကွာရင် မနက် လေးနာရီလောက်ကြီးလည်း အဖေက စာရင်းတွေ ပြန်စစ်ဖို့ လာနှိုးတတ်တယ်။ သူ့အခန်းက တညလုံးဖွင့်ထားလို့ အေးစိမ့်နေတဲ့အဲယားကွန်းထဲ ငိုချင်တာပါပဲ။ ဒါပေမဲ့ ဒီစာရင်းလောက်ကတော့ အချဉ်ပါ။ ၁၅မိနစ်လောက်ဆို ပျော်ရွှင်စွာ အဖေ့အခန်းထဲက ထွက်လို့ရပြီ။ လကုန်စာရင်း ချုပ်လိုက်တော့ အမြတ်ငွေက တသောင်းကျော်…အဖေ့လုပ်ငန်း လည်ပတ်နေတာ ဆယ်သိန်းကျော်။ “အဖေ ၁၀% မပြောနဲ့ ၁%တောင် မမြတ်ပါလား အဖေရယ်” ပြောတော့ “လုပ်ငန်းဆိုတာ ဒီလိုပဲပေါ့ သမီးရယ်” တဲ့။ ကိုယ်ကတော့ ကိုယ့်ရှေ့ရေးတွေပါ ထည့်တွက်နေတော့ ရှုံးလိုက်တာ သောက်သောက်လဲ လို့ပဲ မြင်နိုင်ပါတော့တယ်။ အမေကလည်း အဖေမရှိချိန် ဒီလိုပြောလာပါတယ်။ “နင် တက္ကသိုလ်မှာ ဆယ်နှစ်နီးပါး သင်ထားတဲ့ ပညာတွေ ဒီလိုပဲ မျှောပစ်တော့မှာလား” တဲ့။ “ဟုတ်ကဲ့ပါ အမေ သမီး သိပါတယ်။” ကွန်ပြူတာသင်တန်းမှာ လုပ်အားပေးခဲ့စဉ်ကတည်းက သင်တန်းပိုင်ရှင်ဆရာက "နင်တို့ ကျောင်းပြီးသွားကြရင် အခြား အလုပ်တခုခု မဝင်မီ ငါဆီသာ လာခဲ့ကြ" လို့ စကားရှိခဲ့တာကြောင့် သင်တန်းကို ပြေးပါတော့တယ်။ ကိုယ်က မနက်ပိုင်း အိမ်က အလုပ်ကူရမှာမို့ နေ့လည်ပိုင်း အလုပ်ဝင်ပါတယ်။ တလကို လစာ ၂၀၀၀ကျပ် စရပါတယ်။ အဖေ့ကိုတော့ သင်တန်းတက်တယ်ပဲ ပြောထားလို့ ကြုံရင်ကြုံသလို သင်တန်းကို လိုက်ပို့ပေးတတ်ပါတယ်။ အဖေရဲ့ ဆန္ဒနဲ့ ခံယူချက်က သူ့သားသမီးတွေကို ပညာ ကြိုက်သလောက်သင်၊ ပြီးရင်တော့ ကိုယ့်အလုပ်ကိုယ်လုပ်၊ သူများဆီမှာ လခစားလုပ်ဖို့ ဘယ်တော့မှ မစဉ်းစားနဲ့။ (ဒါက သူဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံက ရတဲ့ သူ့ခံယူချက်) သင်တန်းမှာ နည်းပြလုပ်နေရင်း ကွန်ပြူတာ အရောင်း၊ တပ်ဆင် Trading လုပ်တဲ့ ကုမဏီတခုမှာ လစာ ၆၀၀၀နဲ့ သွားလုပ်ဖို့ သင်တန်းပိုင်ရှင် ဆရာက ပြောပါတယ်။ ငါ့ဆီမှာ လစာလည်း ပိုမပေးနိုင်ဘူး။ အဲ့ဒီမှာ နိုင်ငံခြားနဲ့ အလုပ်လုပ်ရမှာမို့ အခွင့်အလမ်း ပိုသာတယ် ဆိုပြီး လွှတ်တာပါ။ မိဘတွေ၊ ငယ်ဆရာ၊ ဆရာမတွေရဲ့ လက်အောက်ကနေ လောကအလယ် လွှတ်ပေးခံလိုက်ရတဲ့ ကျမ အစွမ်းအစတွေ ပြပါတော့တယ်။ အဲ့ဒီ အလုပ်ကို လလယ်မှာ စ,ဝင်၍ လကုန်အထိ နှစ်ပတ်သာ အလုပ်ဆင်းခဲ့ပြီး လကုန်တော့ အလုပ်ထွက်လိုက်ပါတယ်။ (လစာ မယူခဲ့ပါဘူး။) အကြောင်းပြချက်မှာ ကျမ ကျန်းမာရေးမကောင်းလို့ပါ ဟူ၍ဖြစ်ပြီး အကြောင်းရင်းမှာ မြန်မာပြည်က သူဌေးတို့၏ ထုံးစံအတိုင်း လုပ်ပိုင်ခွင့်ရလျှင် ရသလောက်ယူထားသည့် လုပ်ငန်း ပေါင်းစုံကို ကျမအား DO ALL လုပ်ခိုင်း၍ ဖြစ်ပါသည်။ (ထိုအလုပ်မှာမူ နေအိမ်နှင့် အတန်ဝေး၍ အဖေက နေ့တိုင်းလိုလို "ကိုယ်ပိုင်အလုပ်တွေ ရှိလျက်နှင့် သူများဆီမှာ ဘာကြောင့်လခစားလုပ်ရပါသလဲ" ဟူ၍ ဆူတခါ ချော့တလှည့် တသွင်သွင်ပြောရင်း အလုပ်သို့ လိုက်ပို့ပေးခဲ့ပါသည်။ ကျမမှာ ထိုအချိန်၌ ပြန်မပြောနားမထောင် အတတ်ကို တဖက်ကမ်းခတ်တတ်မြောက်နေပြီ ဖြစ်ပါသည်။) ကျမ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ယောင်ကောင်းနေချိန်၊ စင်္ကာပူမှာသင်္ဘောတက်ရန် အချိတ်အဆက်တွေလုပ်ပြီး လာခဲ့သော ကျမ၏ တူတော်မောင်သည် အလိမ်ခံခဲ့ရပါသည်။ တူတော်မောင်လည်း စင်္ကာပူမှာ နေထိုင်ခွင့်ကို ကျောင်းစတေးဖြင့် စလုံးဒေါ်လာ ၅၀၀၀ depositတင်ပြီးယူ၊ အချိန်ပိုင်းအလုပ်လုပ်၍  ရပ်တည်ရုန်းကန်နေရင်း အမှန်တကယ် သင်္ဘောတက်နိုင်သည့် အခွင့်အလမ်း သူ့ကျောင်းစတေး မကုန်မီ နှစ်ပတ် အလိုမှာ ရရှိခဲ့ပါသည်။ “အန်တီတာ ဒီမှာ အန်တီတာတို့ကျောင်းက ပြီးတဲ့ လူတွေ အီးပီ ဆိုတာနဲ့ နေထိုင်ခွင့်ရကြတယ်။ လစာတွေလည်း သိပ်ကောင်းတာပဲ။ သားသင်္ဘောမတက်မီ တပတ်လောက်တော့ အချိန်ရတယ်။ လာ try ကြည့်ပါလား” ဟုဆိုလာ၍ စီစဉ်စရာတွေကို အမြန်ဆုံးစီစဉ် (ထွက်လာဖို့ နှစ်ရက် အလိုမှ အဖေ့ကို အသိပေးပြီး။) အမေ ထည့်ပေးလိုက်သော ရှိုးမန်းနီး အစိမ်းတထောင်ဖြင့် စင်္ကာပူ မြို့ကြီးကိုတဲ့ ယောင်လည်လည် ရောက်လာခဲ့ပါတယ်။
34 comments:
ရွာသားလေးဝိုင်တီယူ said...
အမသီတာ
အခုလို စေ့စေ့စပ်စပ် သေသေချာချာရေးပေးတာတကယ့်ကိုကျေးဇူးအထူးပါ။
အားလုံးက ၀ိုင်းဝန်းဆွေးနွေးကြရင် ကျနော့ဆွေးနွေးခန်းလေး ပိုအသက်ဝင်လာသလိုပါပဲ။ ကျောင်းကဘ၀တွေကိုလည်း မြင်ယောင်မိတယ် အခုအချိန်ထိ ပထမဆုံးနေ့ရက်လေးကိုမှတ်မိနေသေးတာ အံ့သြမှတ်တမ်းတင်မိပါတယ်ဗျာ။
လေးစားစွာဖြင့်
ရွာသားလေးဝိုင်တီယူ
MANORHARY said...
မသီတာ
ဖတ်သွားတယ်
သေသေချာချာ...
MANORHARY said...
မသီတာ
ဖတ်သွားတယ်
သေသေချာချာ...
ပုံရိပ် said...
မသီတာရေ ဖတ်သွားတယ်။ လူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံပြင်ပ ရောက်လာကြတယ်နော်။ ကိုယ်ဝါသနာ မပါဘူး ထင်တဲ့ အလုပ်တွေလည်း လုပ်ဖြစ်တယ်၊ ပညာတွေလည်း သင်ဖြစ်တယ်။
သီဟသစ် said...
မမသီတာရေ
စုံစုံစေ့စေ့ဖြစ်အောင်ရေးထားတာလေးကို သေသေချာချာ ဖတ်သွားပါတယ်ခင်ဗျာ
ခင်မင်စွာဖြင့်
သီဟသစ်
Kay said...
မင်းသားက..ဘယ်အခန်းမှာကျမှ ပါတာလည်း။
မင်းသား မတွေ့သေးဝူး။း)
PAUK said...
မသီတာ အလယ်တန်း အထက်တန်းတွေက..
အမှတ်တွေနဲ့ ကျော်ဖြတ်ခဲ့ရတယ်နော်..
အားကျတယ်..
ကျနော်တို့ကတော့ ဝေလေလေနဲ့ ဖြတ်ကျော်ခဲ့ရတယ်..
စက်မှုတက္ကသိုလ်ကို..နီမ်ဂျာသိုင်းတို့..
မစန္ဒာတို့ ..မောင်စိန်ဝင်း( ပုတီးကုန်း) တို့ဖတ်ပြီး
စာအုပ်ထဲမှာပဲ စိတ်ကူးယဉ်ခဲရတယ်..။။
( အောင်ရင်လဲ အမ်အိုင်တီပဲတက်ရမှာဆိုတော့..မကြိုးစားတော့ပါဘူးလေ
အဟီးး)
မသီတာရဲ့ အဖေ ပြောစကားကိုသေချာမှတ်သွားတယ်..။။
အိမ်က အမေကလဲ ဒီလိုပဲပြောတယ်..
သူများလက်အောက်မလုပ်ပဲ..ကိုယ့်ဖာကိုယ်ကြိုးစား
လုပ်ကြည့်ပါတဲ့..
ကျနော်က အဖြစ်မရှိဘူး..။။
Rita said...
ဆက်ရေးပါဦး မမရယ်
လူ့ဘ၀များ ရတာမလို လိုတာမရတွေ ပါပဲလေ။
SDL said...
မသီတာရေ....
အားလုံးကို မှတ်မိနေတယ်နော်...။
အားထုတ်မှုအပိုင်းမှာ အလွန်အားနည်းခဲ့တယ်ဆိုတာ.. ကိုယ့်ကိုယ်ကို အဲလောက်မနှိမ့်ချပါနဲ့ အစ်မရာ....။
မသီတာလည်း EC လို့သိရတာဝမ်းသာပါ၏။ ညီမကတော့ ၁၀ တန်းအမှတ် တော်တော်နည်းလို့ ပေါင်းကူးတွေ ကုန်းကျော်တံတားတွေနဲ့ လာခဲ့ရတာ...။
သင်းနွယ်ဇင် said...
သူငယ်ချင်းရေ
ဆက်ရေးအုံးမယ်မဟုတ်လား. မင်းသားနဲ့မင်းသမီးဇတ်ပေါင်းလေးရောလေ.. :)
khin oo may said...
နောက်ဆုံးအပိုဒ်ကလေးက သုတ်ခြေတင်လိုက်သလိုဘဲ. ။
မောင် said...
ဆက်၇န် မျှော်နေပါတယ်
ZT said...
စိတ်ဝင်တစားနဲ့ အစကနေ အဆုံး တလုံးမကျန် ဖတ်သွားပါတယ်။ တကယ်လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
Anonymous said...
မင်းသားကြီးရော .. ထွက်လာမယ့်အခန်းကို မျှော်နေတယ်။
mm
imaginary clouds no 2 said...
အတွေ့အကြုံ တွေကို ပြန်ရေးပြတော့ ကျနော်တို့ မသိတာတွေသိရပါတယ် ။ အဆင်ပြေရင် ဆက်ရေးပါဦး အမ။
ပိုးဥ said...
ပိုးဥလဲ ဆယ်တန်းကို ၂၀၀၆မှာ အမှတ်၄၆၀နဲ့အောင်ခဲ့တယ်.ပိုးဥတုံးကတော့ ပျော်လိုက်တာ ကိုယ်ကစီးပွါးရေးပညာရှင်ပဲ ဖြစ်ချင်ခဲ့တာကိုး..အီကို ကိုဝင်ဖို့က လုံလောက်တဲ့အမှတ်ပဲလေ...ဒါပေမဲ့ ကံဆိုးဖို့လားကံကောင်းဖို့လားမသိ၊ အမေခေါ်ရာ လိုက်ခဲ့မိတယ်။ အခု
ပိုးဥေ၇ာက်နေတဲ့ တိုင်းပြည်က ၁၀တန်း အောင်ဆို ဒီက အထက်တန်းကျောင်း ကိုပြန်တက်၇တယ်၊ ဘွဲ့ရ ဆိုရင် ဒီက Uni မှာ ပထမနှစ်အနေနဲ့ ပြန်စ တက်ရတယ် အချိန်တွေ ကုန်တာပေါ့နော် ကိုယ့်အမှတ်ကလေးတွေ နှမြောမိတယ်၊
အပြုံးပန်း said...
မကေပြောသလို မင်းသားလည်းမပါသေးဘူး။
မကေအိုအမ်ပြောသလို နောက်ဆုံးအခန်းမှာ ဆက်လာမလားလို့ ကြွက်ကလေးကို လှိမ့်ချလိုက်တော့ ကွန်မန့်တွေ ဖြစ်သွားတယ်။
(၁၉၈၅) မှာ ဆယ်တန်းအောင်တာဆိုတော့... သိသွားပြီ။
rose of sharon said...
မသီတာကိုနင်ကဟော့ရှော့လားလို့ပြောတဲ့သူကိုရိုက်ချင်တယ်... ယောင်္ကျားကြီးဖြစ်ပြီးသူများလှတာမနာလိုဘူး...
မုန်းစရာကြီး...
မြစ်ကျိုးအင်း said...
သေသေချာချာကိုမှတ်မိနေတာပါပဲလား
ဘ၀ရဲ့အမှတ်တရ တွေပေါ့...။
ဒီလိုပါပဲလေ ကိုယ်ရည်ရွယ်ရာတွေရဲ့ လွဲချော်မှု အဖြစ် နိင်ငံခြားကိုထွက်လာကြရတာပါပဲ...။
Ko Paw said...
မျက်လုံးလေး ကလယ်ကလယ်... မျဉ်းကျားမကူးလို့ ရုတ်တရက်ဖမ်းကာ ဒဏ်ရိုက်ခံရတယ်.... ဆိုတဲ့ ကဏ္ဍကို မျှော်နေပါသည်။း-)
pandora said...
မသီတာရဲ့ စင်္ကာပူမရောက်ခင် ဇာတ်ကြောင်းကို ဖတ်သွားပါတယ်။ အခုတော့ သူနဲ့အတူ ပျော်ရွှင်နေပြီလို့ ယူဆပါတယ်။ သူများတွေပြောသလို မင်းသားနဲ့ တွေ့တဲ့အခန်းလေး ဆက်ပါဦးနော်။
Anonymous said...
U Htaung Po Gate, should be U lu paw Gate .
Ko Paw said...
အစ်မရေ… ပစ္စည်းမဲ့ဝင်ပေါက်လို့ ခေါ်တဲ့ ၀င်ပေါက်အသေးလေးကို ဦးထောင်ပို ၀င်ပေါက်လို့ ခေါ်တယ်လေ။ အစ်မပြောတာ မမှားပါဘူး။ ဦးလူပေါ ၀င်ပေါက်က ကားဝင်လို့ရတဲ့ တံခါးမကြီးကို ခေါ်တာ။
Ko Paw said...
အဲ… ဆောရီး… လမ်းအရှည်ကြီး လျှောက်ရတယ်ဆိုတော့… ဦးလူပေါ ၀င်ပေါက်ပေါ့။း-)
Anonymous said...
very nice post.
interesting post.
where did u meet ur hubby????
interesting all....
i hope..
this post will be continued.
MN
Yu Wa Yi said...
ကိုပေါပြောနေတဲ့ ၀င်ပေါက်တွေ ရောက်ဖူးတယ်။ အဲ့ကျောင်းက အကျယ်ကြီးပဲ..နော်။ ပျော်စရာကောင်းမှာပဲ။ အဆောင်တွေကလည်း A,B,C,D,E,F,G တဲ့။ များမှများပဲ။ ဆက်ရေးပါဗျို့ ။
T T Sweet said...
ဂျူဂျူနဲ့ သိတယ်လို့ Cbox မှာတွေ့လို့ ကမန်းကတန်း လာဖတ်တာ ... ကျောင်းက တစ်တန်းကြီးတဲ့ အစ်မတစ်ယောက်ဖြစ်နေပါရောလား ... ဘယ်သူမှန်း စဉ်းစားလို့ မရဘူး ... အစ်မရေးထားတာတွေ အများကြီး ဖတ်သွားပါတယ်။ သူများလဲ ၄၆၀နဲ့ ပဲ RIT ရောက်လာတာ ...
အိမ့်ချမ်းမြေ့ said...
သေသေချာချာဖတ်ပြီး ကေ ပြောသလို မင်းသားဘယ်တော့ထွက်လာမလဲ မျှော်နေတာ မင်းသားမထွက်လာဘူးနော်း)
ဒီပိုစ်ဖတ်ရတော့ ခြေချရုံချခဲ့ရတဲ့ တက္ကသိုလ်ဘ၀ကိုလွမ်းသလို၊ ဘ၀ကို တဖန်ပြန်စလို့ရရင် ဆိုတဲ့အတွေးဝင်သွားမိတယ်...
ဏီ(န်)ကင်း said...
အမဆယ်တန်းအောင်မှကျွန်တော်မွေးတာပါ။စာလာဖတ်သွားပါတယ်။ဘ၀ဆိုတာဒီလိုပါပဲဗျာ
hnin said...
Ma Thida,
Are u Nyein Nyein's elder sister.
I'm Nyein Nyein's friend.
I remember u that tall,fair and lovely lady at your YIT days.
With love
Hnin Hnin
sonata-cantata said...
နှင်းနှင်းရေ
ဟုတ်ပါတယ်ရှင်။
ဟိုတခါက မေးထားတဲ့ ညီမ ခိုင်ဝေ ကိုလည်း မပြန်ရသေးဘူး။ အခုတခါတည်း ပြန်လိုက်တယ်နော်။ ဟုတ်ပါတယ်ရှင်။ (ညီမထားခဲ့တဲ့ လင့်က အမပြန်လိုက်လို့မရလို့ ချက်ချင်း အကြောင်းမပြန်ဖြစ်တာ စိတ်မရှိပါနဲ့နော်)
အခြားဘလော့မိတ်တွေရဲ့ ကော်မန့်တွေကိုလည်း ပြန်ပါမယ်...ပို့စ်ရေးပြီးတော့လေ...
တက်မလာရင်တော့...ပုံပြောသွားတဲ့ မသီတာလို့သာ မှတ်လိုက်ကြပေတော့း)
sonata-cantata said...
သီတာ
အခုမှ အားလို့ပိုစ့်တွေလာဖတ်သွားတယ်
ကျွန်မကကော်မန့်တွေသိပ်မရေးတတ်
တော့ comment မရေးတာပါ..
အမ ပိုစ့်တွေဖတ်ပြီး ငယ်ငယ်ကလမ်း
ထဲမှာ ကစားခဲ့တာတွေကိုပြန်သတိရမိတယ်..
ငယ်ငယ်က လမ်းထဲမှာ ပျှော်ရွှင်ခဲ့တာတွေကို
အရမ်းလွမ်းမိတယ်...
တနေ့နေ့မှာကျွန်မတို့မြန်မာပြည်မှာပြန်ဆုံကြ
မယ်လို့မျှော်လင့်ပါတယ်...
အမတို့မိသားစုများအားလုံး သာယာပျှော်ရွှင်ချမ်း
မြေ့ကြပါစေ...
ခိုင်ဝေ
Harry said...
မသီတာက အကုန်မှတ်မိနေတာပဲကိုး ....
ဒီအတိုင်းဆို RIT ကို ရောက်တာ ကျနော့်ထက် တနှစ်နောက်ကျတာပေါ့ ... ကျနော်က 84 လေ
အင်းဗျာ ... ကျောင်းကိုတော့ အမြဲလွမ်းနေမိတာပါပဲ
ပစ္စည်းမဲ့ဂိတ်လို့ခေါ်သလို ဆင်းရဲသားဂိတ်လို့လဲ ခေါ်ပါတယ်ဗျ။ ကျနော်တို့ကတော့ ဆင်းရဲသားဂိတ်ပဲ ပြောတာပါပဲ။ ဒီဂိတ်ကပဲ ကျောင်းတက်ခဲ့ရတာပါပဲဗျာ ...
လေးမီ said...
မယ်သီတာ
လွမ်းအောင်ရေးလေဟယ်.....