imaginarycloudsno2 မှ ဆို၊ က၊ ေရး၊ တီး အကြောင်းရေးပါ ဟု ဆိုဖူးသည်။
Kookaburra – Nursery Rhyme
မကြီး အကြောင်းရေးပြီး အကြွေးကျန်နေသည့် အကိုသုံးယောက်အကြောင်း ကို ရေးမိလျက်သားလည်း ဖြစ်သွားပါသည်။
ဆို၊ က၊ ရေး၊ တီးသည် အနုပညာ ဖြစ်ပါသည်။ ဤဘဝတွင် အနုပညာနှင့် နီးစပ်ခွင့် မရခဲ့ပါ။ လေ့လာ ဆည်းပူးခွင့် မရခဲ့ပါ။ ဘဝခရီးလမ်းတလျှောက် မှတ်မှတ်ရရ ကြုံဖူးခဲ့သည်များကို အနုပညာနှင့် အတင်းကာရော ဆက်စပ်လိုက်ပါဦးမည်။
ကျမဂါဝန်ကလေး ဝတ်သောအရွယ်တွင် ကိုကြီးက ညတိုင်လျှင် အိမ်အပေါ်ထပ်ဝရံတာတွင် ကုလားထိုင်ပေါ်ထိုင်၍ ဂစ်တာ တဒေါင်ဒေါင်လုပ်ပါသည်။ “သီတာလာ သီချင်းဆို” ဟုခေါ်လျှင် ဝမ်းသာအားရ အပြေးကလေးသွားပြီး သူ့အနား ကျုံ့ကျုံ့လေးထိုင်ကာ
သစ်ပင်ပေါ်မှာ ထိုင်နေတဲ့ တောက်တဲ့တောက်တဲ့
မိုးလေဝသ ဟောတတ်တဲ့ တောက်တဲ့တောက်တဲ့
အို…အော်လိုက်စမ်းပါ…ဝို
ဝိုလား မင်းလား လေလား မိုးလား တောက်တဲ့ အို တောက်တဲ့ (မှတ်မိသည့် အတိုင်း ပြန်ရေးပါသည်။)Kookaburra – Nursery Rhyme
https://www.youtube.com/watch?v=9V8r52_uWhA
ဟု ဆိုရပါသည်။ ကိုကြီး၏ ဂစ်တာလက်သံနှင့်ဖြစ်ပါသည်။
ကိုကြီးက “ထ ဟန်ပါလုပ်”ဟု ဆိုလိုက်လျှင် ဒီသီချင်းကိုပင် ဟန်နှင့်ပန်နှင့် တကျော့ပြန်ရပြန်ပါသည်။
သီချင်းဆုံးသွားသော်လည်း ကိုကြီးက ဂစ်တာကို ဆက်တီးနေပါသေးလျှင် ငြိမ်ပြီး နားထောင်နေမိပါသည်။
ကိုကြီးက “သွားတော့” လို့ ပြောလိုက်မှ ခါခါ ခါခါနှင့် ထပြေးပါတော့သည်။
အိမ်မှာ ကစလ(အကြီးစား စက်မှုလုပ်ငန်း)ထုတ် ရေဒီယို တလုံးရှိပါသည်။ နားထောင်သင့်သလောက် နားထောင်ခဲ့ပါသည်။ ကျမအလယ်တန်းကျောင်းသူဖြစ်ချိန်မှာတော့ ကိုကြီးက National ကက်ဆက်အမဲရောင်လေးတလုံး ဝယ်လာပါသည်။ နှစ်ထောင့်လေးရာ(ကျပ်)တောင် ပေးရသည်ဟု ဆိုပါသည်။ “ရိုရိုသေသေ ကိုင်ရမည်” ဟု ကျမတို့ မောင်နှမတွေ အားလုံးကို ပြောထား၍ ညီအမတွေ တယောက်တလှည့် ထိုကက်ဆက်လေးကို ဖုန်သုတ်ကြပါသည်။ တခါတရံ ကက်ဆက်လေးမှာ တနေ့ထဲ နှစ်ခါ သုံးခါ ဖုန်သုတ်ခံခဲ့ရပါသည်။ အကိုတွေက သူတို့ နှစ်သက်ရာ အခွေတွေ ဝယ်လာတတ်ပါသည်။ ကိုကြီးက ကျော်ဟိန်း၊ သန်းနိုင်၊ စိုးပိုင်၊ ဘိုဘိုဟန်… ကိုလတ်က ဇော်ဝမ်း၊ စိုင်းထီးဆိုင်၊ စိုင်းဆိုင်မော့၊ ခွန်သန်းထွန်း၊ ကံကော်တောမျိုးအောင်… ကိုလေးက ကိုင်ဇာ၊ မေဆွိ စသဖြင့်တို့ ဖြစ်ပါသည်။ (သူတို့ နားထောင်တဲ့ သီချင်းတွေက သူတို့စရိုက်ကို ပြောပြနေကြတယ်။ ကိုကြီးက ဟော့ရှော့၊ ကိုလတ်က လူအေး၊ ကိုလေးကတော့ ကြားထဲ ထားလိုက်ပါတော့)
ကက်ဆက် ဝယ်လာသည့်နေ့မှာပင် အဖေက ကိုကြီးကို အပြစ်ပြောပါသည်။ “မင်းတို့ဟာ ဆူညံဆူညံတွေကွာ နားမခံသာပါဘူး” ဟူ၍။ သို့ပါသောကြောင့် အဖေအိမ်မှာရှိလျှင် ကျမတို့ ကက်ဆက်မဖွင့်ရပါ။ သူအပြင်သွားချိန်မှ ဖွင့်ရပါသည်။ အဖေပြန်လာပြီ ဆိုပါက လမ်းထိပ်မှ ‘ပွမ်’ဆိုသော ကားဟွန်းသံကြားရပြီ ဆိုသည်နှင့် နီးရာလူက ကက်ဆက်ကို ‘ဒေါက်’ ကနဲ ပိတ်ပြီးသား ဖြစ်ပါသည်။ တခါတရံမူလည်း အဖေ့ အရိပ်အယောင် မြင်လိုက်သူ တယောက်ယောက်က “ဂျိန်းစဘွန်း လာပြီဟေ့” ဟု ကက်ဆက်ပိတ်ရန် လှမ်းအချက်ပေးရသည်များလည်းရှိပါသည်။ ဂီတနှင့် ခိုးကြောင်ခိုးဝှက် နီးစပ်ခဲ့ရခြင်း ဖြစ်ပါသည်။
မည်သို့ဆိုစေ ခေတ်ရေစီးကြောင်းအရ ကျမတို့အိမ်တွင် National ပင်ဖြစ်သော်လည်း ကက်ဆက်ခွေ နှစ်ခွေထည့်၍ရသော ကက်ဆက်လတ်တခု ရှိလာခဲ့ပြန်ပါသည်။ ကျမရှစ်တန်းတွင် ပထဝီဝင်ဘာသာ၌ ဂရပ်ဖ် ဆွဲခြင်းကို စတင်သင်ကြားရပါသည်။ အလွန်စိတ်ဝင်စားခဲ့ပါသည်။ တညမှာတော့ ကျမ ဂရပ်ဆွဲခြင်း သင်ခန်းစာများကို ပြန်လည်လေ့ကျင့်နေခဲ့ပါသည်။ တအိမ်လုံးလည်း အိပ်နေကြပြီဖြစ်၍ အခန်းလေးထဲတွင် နှစ်ပေမီးချောင်းလေးထွန်းပြီး တယောက်ထဲရှိနေခဲ့ပါသည်။ ပျင်းပျင်းရှိလာ၍ ကက်ဆက်ထဲသို့ အနားရှိ ကက်ဆက်ခွေတခု ကောက်ထည့်ဖွင့်လိုက်ပါသေးသည်။ စာ၌ အာရုံအပြည့်ဝင်စားနေစဉ် ဘာသံမှန်းမသိသည့် အသံကြီးထွက်ပေါ်လာရာ ကျမအလွန်ပင် လန့်ဖျန့်သွားပြီး ဘေးဘီဝဲယာ အမှောင်ထုထဲသို့ မဝံမရဲ လှည့်ပတ် ကြည့်ရှုမိပါသည်။ ကျမ၏ အသိစိတ်အာရုံများ ပုံမှန်ပြန်ဖြစ်ချိန်တွင်တော့ ပြုံးစိစိနှင့် ရယ်ချင်ပတ်ကျိဖြစ်နေပြီး ထိုညအဖို့ စာကြည့်ခြင်းကိုလည်း ရပ်နားလိုက်ပါတော့သည်။
ကျမကို လိပ်ပြာလွင့်သွားစေသော အသံမှာ ကက်ဆက်မှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဆေးကျောင်းသား ကိုလေး သူတို့ကျောင်း Annual Dinner ၌ စင်ပေါ်တက်ကဲရန် လေ့ကျင့် အသံသွင်းထားသော ဆိုင်းမပါ ဗုံမပါ သုံးရာသီ တေးသံသာပင် ဖြစ်ပါတော့သည်။ နောက်နေ့၌ ဖြစ်ကြောင်းရယ်ကုန်စင်ကို ဗိုလ်ပုံအလယ်၌ ပြောပြရင်း တခွိခွိရယ်လေရာ ကိုလေးက “ငါ့အသံကိုများ..” ဆိုပြီးကျမကို မျက်စောင်းတွေ ထိုးပါသည်။ ကိုလေးသည် သူစိတ်ပေါက်လာပါက သူ၏ ပြူး၍မှေးသော မျက်လုံးကြီးဖြင့် မျက်စောင်းတွေ ပစ်ပြက်ထိုးတတ်ပါသည်။ ထို့ထက်ပို၍လည်း သူ စိတ်မဆိုးတတ်ပါ။ စိတ်ဆတ်၍ ဒေါသကြီးသော အကိုနှစ်ယောက်ဆီမှ စိတ်ဆိုးခြင်းနှင့် ပတ်သက်၍ သူလေ့လာ ဆည်းပူးတတ်မြောက်ထားခြင်း မိုင်ကုန် ဖြစ်ပါသည်။ (တကယ်တန်းမှာ သူ့ခမျာ စင်ပေါ်မတက်ခဲ့ရရှာပါ။ ပထမအဆင့် လူရွေးပွဲမှာပင် တီးဝိုင်းက တီးနေတာ တပိုဒ်ဆုံးသွားပြီ သူက ဘယ်နေရာက စဝင်ရမှန်းမသိ၍ အစမ်းပင် မဆိုခဲ့ရပါဟု နောင် အတော်ကြာမှ ကျမတို့က မေးလာ၍ မချိုမချဉ် ပြုံးဖြီးဖြီးဖြင့် ပြောပြပါသည်။ သုံးရာသီ သီချင်းကြားတိုင်း ကျမတို့ မောင်နှမတွေ တယောက်မျက်နှာ တယောက်ကြည့်မိစေသည့် အမှတ်တရ တခုဖြစ်ပါသည်။ သူမှ စင်ပေါ်မတတ်ခဲ့ရသလားဆိုလျှင် ၇ယောက်ကြီးများတောင်ရှိသော်လည်း တဦးတယောက်မျှပင် ပွဲဝင်ခဲ့ရဖူးခြင်းမရှိခဲ့ပါ။)
ကျမ တက္ကသိုလ် တက်နေပြီ ဖြစ်ပါသည်။ သို့သော် ကျောင်းများပိတ်ထားသော တချိန်တွင် ရန်ပုံငွေ စတိတ်ရှိုးပွဲ လက်မှတ် အိမ်တိုင်ယာရောက် မဝယ်မနေရ လာရောင်းလေသည်။ မဖြစ်မနေမို့ လက်မှတ်တစောင်ကို ငါးရာကျပ်နှင့် ဝယ်ထားလိုက်ရပါသည်။ ကျမတို့မှာ မောင်နှမတွေများ၍ ထိုသို့ ဈေးကြီးပေးမှ ကြည့်ခွင့်ရသော စတိတ်ရှိုးပွဲမျိုးကို ရုံအပြင်မှ ခဏတဖြုတ် မတ်တပ်ရပ်သာ ကြည့်ဖူးပါသည်။ ဗလာပွဲများဆိုလျှင်တော့ တက်ညီလက်ညီရှိကြပါသည်။ ပွဲရက်နေ့ကျလာတော့ တအုံတမကြီးနဲ့ လက်မှတ်တစောင် ဘယ်လိုကြည့်မလဲ..လက်မှတ်လေးမှာအလိုအလျောက် အဆုံးခံရဖွယ်သာရှိပါသည်။ ကျန်သူများကား မလှုပ်ကြပါ။ စပ်စလူးကျမသာ လှုပ်ပါတယ်။ “နှမျောစရာကြီး သီတာကြည့်ချင်တယ်။ သီတာတို့ဆီ လက်မှတ်ရောင်းပြီး ဟိုဘက်လမ်းဆက်ရောင်းတာဆိုတော့ ဟိုဘက်လမ်းက သီတာ့ သူငယ်ချင်းတွေလည်း လာကြည့်မှာပဲဟာ” ဟူ၍ လုပ်ဇတ်ခင်းကာ သိုသိုသိပ်သိပ် ပူဆာသဖြင့် ကိုလတ်က လိုက်ပို့ပါသည်။ Honda Super Cub ရွှေရောင် ဆိုင်ကယ်လေးနှင့် ဖြစ်ပါသည်။ ပွဲလုပ်သည့်နေရာကို အသေအချာမမှတ်မိတော့ပါ။ အသွားလမ်းမှာ ဆိုင်ကယ်ဘီးဝင်ဖာရသည်ကိုတော့ မှတ်မိပါသည်။ ကန်တော်လေးဘက်ဟု ထင်ပါသည်။ ရုံရှေ့ရောက်တော့ “ည ၁နာရီ ငါလာကြိုမယ် ဒီရုံရှေ့ကပဲစောင့် ဘယ်မှလျှောက်မသွားနဲ့” ဟု မှာခဲ့ပြီး ထွက်သွားပါတော့သည်။
ကျူဖျာထရံတွေ ကာထားသော ဖုန်တသောသောထနေသည့် ပွဲရုံထဲ တယောက်ထဲဝင်သွားရဲခြင်းသည် အပျော်ကြူးသော လူငယ်တဦး၏ တက်ကြွရွှင်လန်းခြင်းမဟုတ်သလို၊ တကိုယ်တော် မိုက်ရူးရဲခြင်းလည်း မဟုတ်မှန်း ကိုယ်တိုင်သိနေခဲ့ပါသည်။ ထိုင်ခုံနေရာရှာတော့ နေရာက နောက်နားတော်တော်ရောက်သည်။ ထိုင်ခုံများမှာ သစ်သားခေါက်ကုလားထိုင်များ ဖြစ်ကာ တခုံနှင့်တခုံ ကြိုးများဖြင့် တွဲသီထားပါသည်။ ပွဲခင်းထဲ ရောက်ချိန်၌ အလင်းရောင်လက်ကျန်ရှိသေးပြီး ဘေးခုံများတွင် လူရောက်မလာသေး။ ညမှောင်လာသည်နှင့်အမျှ ကိုယ့်ဘေးကို ဘယ်လိုလူတွေများရောက်လာလေမလဲဟု စိုးလွင်လွင်သီချင်းလို တိုးတိတ်စိုးထိတ် ကြောက်နေပါပြီ။ အချိန်ကျလာတော့ မျှော်လင့်ထားသလို မိန်းမဖော်များက ရောက်မလာ၊ ကောင်လေးများရောက်လာသည်။ ဒန်တန့်တန်။ သို့သော်…မနေနိုင် မထိုင်နိုင်တော့သော ကိုယ်ကပင် ဦးအောင် "ဒီနေရာလက်မှတ်တွေက အန်တီမြတို့ကို ရောင်းထားတာ မဟုတ်လား" စကားစလိုက်သည်နှင့် "ဟုတ်ပါတယ် သူတို့မအားလို့ ကျွန်တော်တို့ကို သွားကြည့်ကြဆိုပြီး လက်မှတ်သုံးစောင်ပေးလိုက်တာပါ။ ကျွန်တော်တို့က အောင်မင်္ဂလာကျောင်းက ကျောင်းသားတွေပါ" ဟု ဆိုလိုက်သောအခါ ကျမရင်ထဲမှ "ဟေး" ဟုပင် အော်လိုက်မိပါတော့သည်။ ကျမမိဘများ ဆွမ်းဝတ်ပြုနေသော အောင်မင်္ဂလာ စာသင်တိုက်မှ ကျောင်းသားများသည် ကျမကို ထိဖို့တို့ဖို့ မဆိုထားနှင့် အကယ်၍ အန္တရာယ် တစုံတရာ ကျရောက်လာလျှင်ပင် ကျမအား အသက်ပေး၍ ကာကွယ်ကြမည့်သူများပေဟု စိတ်ထဲမှ ယုံကြည်မိ၍ ဖြစ်ပါသည်။ (လွန်ခဲ့သော အနှစ်နှစ်ဆယ်က ယဉ်ကျေးမှုကို တလေးတစား ထည့်သွင်းဖော်ပြခြင်းမျှသာ)
ပွဲစတော့ စင်ကို မမြင်ရတော့ပါ။ ကျမလည်း ဘုန်းကြီးကျောင်းသားများနှင့် တန်းတူညီတူ ထိုင်ခုံပေါ်တက် မတ်တပ်ရပ် ကြည့်ရပါတော့သည်။ မှတ်မှတ်ရရ စိုးသူ စင်ပေါ်ရောက်သည် ဆိုလျှင်ပင် တနေရာမှ ရုန်းရုန်း ရုန်းရုန်းထဖြစ်ပါသည်။ မျှော်လင့်ပြီး ဖြစ်သည့် ရန်ဖြစ်ကြသည်ဟူသော စကား ပရိသတ်တွေက လက်ဆင့်ကမ်းယူလာသည်။ ကိုစိုးသူကတော့ ပွဲဆူအောင်လုပ်လေပြီဟု အူတူတူအတတ တက္ကသိုလ်ကျောင်းသူကျမပင် တန်းသိလေသည်။ ခဏနှင့် ငြိမ်သွားသည်။ ကိုစိုးသူလည်း သီချင်းတွေ ဆက်ဆိုနေသည်။ နောက်ဘယ်သူတွေ ဆိုလေသလဲ မမှတ်မိတော့ပါ။
ကျမလည်း ညောင်းရင် ထိုင်လိုက်၊ ကြည့်ချင်လာရင် ခုံပေါ်တက်လိုက်နှင့် လေ့ကျင့်ခန်း ယူနေပါသည်။ စိုးလွင်လွင်ဟု ကျေညာလိုက်ချိန်မှာတော့ ထိုင်ခုံပေါ်မှာ အပီအပြင်ရပ်နေပြီ ဖြစ်ပါသည်။ နောက်က လူများကိုလည်း အားမနာနိုင်တော့ပါ။ ကိုစိုးလွင်လွင် သီချင်းတွေ အများကြီးဖြင့် အကြာကြီး ဖျော်ဖြေပါသည်။ သို့သော် ဘာမူးသလဲတော့မသိ ယိုင်ထိုးနေပါသည်။ သူနဲ့ အပြိုင်ယိုင်နေကြသော ကောင်လေးတွေကလည်း စင်ပေါ်တက် ၂၀၀တန်တွေ သူ့ပါးစပ်ထဲထည့် ဆုချကြပါသည်။ ဘယ်လိုကြီးလည်း ထူးဆန်းထွေလာတွေပါလား ဟူသော ခံစားမှုကိုရစေပါသည်။ (ထိုခေတ်အခါက ပွဲကြည့်လာသူ ပရိသတ်မှာ မီးရောင်ထိုးထားသောစင်ပေါ်သည် မိမိနှင့်မဆိုင်သော ကန့်သတ်နယ်မြေ အဖြစ်သာ နားလည်ကြပါသည်။) တီးဝိုင်းက သူဆိုပါမည်ဟု ကျေငြာလိုက်သော သီချင်းကို တီးနေပြီ သူက ဝင်ရမည့်နေရာမှာ မဝင်သေး ဆိုချင်သည့်နေရာက ထဆိုသည်။ တီးနေသူတွေ မျက်နှာတွေ ရှုံမဲ့ကာ သူဆိုသောနေရာက တရောသောပါးလိုက်တီးရသည်။ ကျမ မခံစားနိုင်တော့ပါ။ ညဉ့်နက်လာသည်နှင့်အမျှ နာရီ အတော်ကြာ အာရုံပြင်းပြင်းတွေကို တလစပ် မြည်းစမ်းနေတော့ လူလည်း ငိုင်စပြုလာပါပြီ။ နာရီကြည့်လိုက်တော့ ၁နာရီထိုးဖို့ ၁၅မိနစ်အလို…ပွဲခင်းထဲကနေ ထွက်လာလိုက်တော့သည်။ ရုံရှေ့ရောက်တော့ ကိုလတ်ကရောက်နေပြီ။ ဆိုင်ကယ်နောက်ခုံလေးက ထိုင်လိုက်လာရင်း မောင်နှမနှစ်ယောက် အိမ်ပြန်လာကြတော့ (စိုးလွင်လွင် သီချင်း ထဲကလို မင်းဆံနွယ်တွေ တောင်ပံဖြန့်စရာ ဆံနွယ်တွေတော့ မရှိပါ။) နားနှစ်ဖက်မှာ ဝတ်ထားတဲ့ နားစွဲအရှည်ကြီးကတော့ လေထဲမှာ ဝဲလို့
ဒီပို့စ်မှာတော့ ဆို နှင့် ပတ်သက်သည်များသာ၊ က ကိုတော့ သည်မှာ ရှုစားနိုင်ပါသည်။ ရေး တာတွေကတော့ ဘလော့ပေါ်မှာ ကပေါက်တိ ကပေါက်ချာ၊ တီး ကတော့ စောင်းကြီးပိုက်ရိုက်ထားသည့် ဓာတ်ပုံ ကိုယ်နဲ့ အတူရှိမနေတော့၍ မကြွားနိုင်တော့ပါ။
(ကျမ ၁၆နှစ်မတုန်းက အိမ်မှာအလှထားသည်ဟုပင် မဆိုနိုင်သည့် ဖုန်အလိမ်းလိမ်းတက်နေသည့် စောင်းကြီးကို သူ့ဟာသူ ဖုန်သုတ်ယူလာပြီး၊ ဒီလိုထိုင် ဒီလိုပိုက် လက်ကို ဒီလိုထားရတယ်ဟဲ့ ဆိုပြီး ကိုလေး ရိုက်ပေးထားသော ဓာတ်ပုံဖြစ်ပါသည်။)
မကြီး အကြောင်းရေးပြီး အကြွေးကျန်နေသည့် အကိုသုံးယောက်အကြောင်း ကို ရေးမိလျက်သားလည်း ဖြစ်သွားပါသည်။
သားကြီး ၁၁နှစ်ပြည့် မွေးနေ့ (August 17)အတွက် မေမေပေးထားပြီးသားအကောင်းဆုံးလက်ဆောင် ညီလေးနဲ့ အတူ တွဲညှပ်ပေးချင်တဲ့ လက်ဆောင်တခုလည်း ဖြစ်ပါတယ်။
(လူဆိုတာ ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်၊ အမှားနှင့်မကင်းကြပါ။ သည်းခံခွင့်လွှတ်အနစ်နာခံစိတ်များဖြင့် သွေးရင်းသားရင်း မောင်နှမချင်းတွေ ရှေးကထက်ပိုချစ်စေလိုသော ဆန္ဒဖြင့်)
16 comments:
အမတို့မောင်နှမတွေက ပျော်စရာကြီးးး
ဖတ်ရင်းရီရတယ်...
အမကရေးတတ်တယ်..
မသီတာရေ...
လင့်တွေကိုပါ သွားပြီး ပြန်ဖတ်နေတာ...။
သုံးရာသီ သီချင်းလည်း အခု ဒေါင်းထားပြီး နားထောင်နေတယ်။
နားထောင်လိုက်မှ သိတယ်.. ညီမရဲ့ အစ်ကိုက အဲဒီသီချင်းကို "မောင် မ,မ နိုင်ဘူးကွယ့်ခင့်ကို...၊ ခင့်ကိုယ်ကြီးက လေးတယ်ဆို " လို့ အမြဲပြောင်ဆိုတဲ့သီချင်းပဲ...။
မသီတာရဲ့ အစ်ကိုလေးမျက်လုံးကို ပုံဖော်ကြည့်လို့မရပါ.. မှေး ပြီး ပြူးသော မျက်လုံးဆိုလို့ ...။
ကြည်နူးစရာလေး မမ။
စတိတ်ရှိုးတယောက်ထဲ ကြည့်ရဲတဲ့ သတ္တိကိုတော့ လက်ဖျားခါ သွားပါတယ် :))))
မောင်နှမအချင်းချင်းချစ်ကြတဲ့ မေတ္တာကို နှစ်သက်မိပါတယ်...
တကူးတက အချိန်ပေးရေးလို့ တကယ်ကို ကျေးဇူးတင်ပါတယ် မသီတာ ။ စောင်းကြီးပိုက်ပြီး ရိုက်ထားသော ဓါတ်ပုံ ဆိုလို့ စိတ်ဝင်စားသွားသေးတယ် ။ ငယ်ငယ်က အဲသလို ရိုက်တဲ့ ပုံတွေ တွေ့ဖူးတယ် ။
သုံးရာသီ သီချင်းကို ဒေါင်းလုပ်လုပ်သွားတယ် ။ အဲသလို သီချင်းတွေ တခါတလေ နားထောင်ပါတယ် ။ ကြယ်ကလေးတွေ ချစ်စရာတို့ ၊ သူတို့ကို ပြုံးပြီးကြည့်နေပါတို့ ဘာတို့ ။ သီချင်းရေးတဲ့ သူတွေရဲ့ အသုံးအနုန်းလေးတွေကို သိခြင်တာလဲပါတယ် ။ တခါက ခေတ်ပေါ်ကဗျာရေးတဲ့ ကဗျာဆရာတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားပြောဖြစ်တယ် ။သူက ကဗျာထဲမှာ အသံသာအောင် ၊ ပြုတဲ့ အကြောင်း ၊ ဖေါ့သံ ၊ ဖိသံ ၊အသံပြေပြေလျော့လျော့အသံတွေ ၊ အသံညီမူတွေနဲ့ ဆက်စပ်ပြီး ရှေးသီချင်းထဲက စကားအသုံးအနူန်း ၊ ဝေါဟာရတွေကို သေချာလေ့လာသင့်တယ် ။ဆိုပြီးသူပြော တယ် ။ အဲသည့်နောက်ကစပြီး ဂရုတစိုက်နားထောင်ဖြစ်တယ် ။
ငယ်တုန်းကတော့..
အိမ်က မောင်လေးတွေနဲ့ စတိတ်ရှိုးသွားရတယ်..
စတိတ်ရှိုးလဲရောက်ရော..
သူ့သူငယ်ချင်းနဲ့သူ..
ကိုယ့်သူငယ်ချင်းနဲ့ ကိုယ်ဘဲ..
ပြန်မှ တူတူချိန်းပြန်တာ..
ပေါက်
အော... မသီတာရဲ့... လူငယ်ဘ၀ဒိုင်ယာရီပေါ့လေ...
မသီတာ၊ မောင်နှမတွေအများကြီးပဲ၊ အားကျလိုက်တာ
ငယ်ငယ်တုန်းက အကိုလိုချင်ခဲ့တယ်၊ သုံးယောက်လိုချင်ခဲ့တာ၊ စိတ်ကူးယဉ်တာပေါ့လေ၊ ၀တ္ထုတောင် စမ်းရေးလိုက်သေးတယ်။
ငယ်ငယ်တုန်းက ခါခါ ခါခါနဲ့ ပြေးသွားတာလေးမြင်ယောင်တယ်၊ ပြုံးမိတယ်။
ကိုယ့်အမက တနေ့ထက်တနေ့ ခင်ဖို့ကောင်းလာတယ်။
သုံးရာသီသီချင်းကို မသီတာအကို ဆိုတာကို ဖွင့်ပြတာလားမှတ်ပြီး ဖွင့်နားထောင်လိုက်သေးတယ်။ ရင်ရိုဖြစ်နေတာကိုး။
ငယ်ငယ်က ကိုကိုလိုက်ပို့လို့ စတိတ်ရှိုးတွေကြည့်ဘူးတယ်။ဒါပေမဲ့ တယောက်ထဲတော့ တခါမှမကြည့်ရဲဖူးဘူး။ သီတာကသတ္တိကောင်းတယ်။
ကျွန်တော့် ဆိုကရေးတီး ပါရမီကို ရေးပြရင် မျက်ရည် တောက်တောက်ကျသွားမယ်။
နောက်ကြုံမှ ရေးဦးမယ်။
မမသီတာရေ
ဖတ်လို့ကောင်းလိုက်တာဗျာ တစ်ခါထဲကို ဆွဲခေါ်သွားတာ စာတွေက
စကားမစပ် မမသီတာရဲ့ သားကြီးနဲ့ ကျွန်တော်နဲ့ မွေးနေ့တူတယ်ဗျ
သူ့အတွက်
http://www.youtube.com/watch?v=yolLqx6k1OM&feature=related
ခင်မင်စွာဖြင့်
သီဟသစ်
ဆို-က-ရေး- တီး လာ အားပေးတယ်..း)
လွန်ခဲ့တဲ့ နှစ် ၂၀ က စတိတ်ရှိုးလေးက လွမ်းစရာ
မောင်နှမတွေ အများကြီးနဲ့ပျော်စရာကြီးနော်
မမ က ညီအမ နှစ်ယောက်ထဲ ရှိခဲ့တာမို့
အကို ရှိတဲ့ သူငယ်ချင်းတွေ ဆို အရမ်း အားကျမိတယ်
မမသီရိ
အစ်မရေးတာ ဖတ်ချင်စရာလေးမှို့ အစအဆုံး သေချာဖတ်သွားပါတယ် ... အစ်မကအဲလိုမထင်ရဘူးနော် ... ကျောင်းမှာကထဲက ဆံပင်ကောက်ကောက်ထူထူလေးနဲ့ အစ်မကို ငေးခဲ့တာ ... ခုပို့စ်တွေထဲကလို ခပ်သွက်သွက်လို့ မထင်ခဲ့ပါဘူးဗျာ ...
နင်တယောက်ထဲ ဘယ်တုံန်းက hot လိုက်တာလဲ။ ငါမသိလိုက်ပါလား!!!!
ရှေး ကထက်ပို ချစ်ကြပါစေဗျာ။
Post a Comment