ပထမပို့စ်နှင့် ယခုပို့စ်ပါ ငယ်ငယ်တုန်းက သူငယ်ချင်းများနဲ့ အဆက်အသွယ်မရှိပါ၊ နေရပ်လိပ်စာ မသိပါ။ အားလုံး မသီတာရဲ့ memoryထဲမှာပဲ ရှိပါတော့တယ်။ (Titanic ထဲက Rose ဆီက ခိုးချတာ)
Tuesday, October 6, 2009
လမ်းထဲက FRC တွေ - ၂
ကျမတို့အိမ်နှင့် မျက်စောင်းထိုး နှစ်ဆောင်ပြိုင် နှစ်ထပ် သစ်သားအိမ်ကြီး၏ အပေါ်ထပ် ခြေရင်းခန်းတွင် တရုတ်မိသားစု တစု နေထိုင်ကြပါသည်။ သူတို့၏ ဖခင်ကြီးမှာ ကျမတို့ ငယ်ငယ်မှာပင် သူ့အသက်လည်း သိပ်မကြီးသေးပဲ ဆုံးပါးသွားခဲ့ပါသည်။ ဘာရောဂါလည်းတော့ အသေအချာ မသိခဲ့ပါ။ ကျမ အကိုကြီး ပြန်ပြောသလောက် မှတ်မိနေခဲ့သည်မှာ… “အန်ကယ်ကြီးက အေးဆေးပြီး သိပ်သဘောကောင်းတာ၊ သေခါနီးမှ ဘာဖြစ်သွားတယ် မသိဘူး စိတ်ဖောက်ပြန် သွားရှာတယ်…” ဟူ၍သာ။
နောက်တော့ အန်ကယ်ကြီး၏ ဇနီး ကျမတို့ကတော့ သူ့ကလေးများ ခေါ်သလို မာမား ဟုပင် လိုက်ခေါ်သော အန်တီကြီးမှာလည်း တဖြေးဖြေးနှင့် ယဉ်ယဉ်လေး စိတ်ဖောက်ပြန် လာပါတော့သည်။ တချိန်လုံး ပြုံးနေပြီး ဘာစကားမှ မပြောတော့ပါ။ ည ည ဆိုလျှင် အိမ်ပေါ်မှ ဆင်း၍ ခြေဦးတည့်ရာ လျှောက်သွားတတ်ပါသဖြင့် သူတို့၏ သမီးအကြီးဆုံး အမကြီးမှာ မာမားကို အချိန်ပြည့် အနီးကပ် စောင့်ရှောက်သူ ဖြစ်လာရပါတော့သည်။ ထိုအမကြီး၏ အောက်တွင် ယောကျ်ားလေးနှစ်ယောက် ဖြစ်ပြီး သူတို့အောက် မိန်းကလေး ၃ယောက်မှာ အကြီးမက ကျမအထက်က အမနှင့် မတိမ်းမယိမ်း၊ အလတ်မက ကျမနှင့်ရွယ်တူ၊ အငယ်မလေးက ကျမညီမလေးနှင့် အရွယ်တူ အတန်းတူ ကစားဖော်များ ဖြစ်ခဲ့ကြပါသည်။
သူတို့ညီအမ ၃ယောက်လုံး ကစားသန်ကြပါသည်။ အလတ်မမှာ အငြင်းပါသန်ပါသည်။ ထုတ်ဆီးတိုးကြပြီဟေ့ ဆိုလျှင် သူတို့ညီအမများသည် ခေါင်သူကြီးများ ဖြစ်ကြပြီး အလယ်စည်းမှ တဖက်အသင်းသား ကျောကုန်းကို အုံးကနဲ နေအောင် ရိုက်ဖမ်းနိုင်စွမ်းရှိကြပါသည်။ သို့ပါသော်လည်း သူတို့၏ မာမားကိုမူ ကြမ်းကြမ်းတမ်းတမ်း ပြောဆို ဆက်ဆံခြင်းမျိုး တခါဖူးမှ မတွေ့ခဲ့ရပါ။ မာမားကို ကလေးတယောက်လိုပင် အလိုလိုက်ထားကြပါသည်။ စနေ တနင်္ဂနွေလိုနေ့မျိုးတွင် မာမားကို ခေါ်၍ မြို့ထဲလိုမျိုး ထွက်ပေးကြသည်။ စိတ်ဖောက်နေသည့် အမေကြီးဆိုပြီး ချောင်ထိုးမထား။ အိမ်နီးနားချင်းတို့၏ အလှူ၊ မင်္ဂလာပွဲများကို မာမားအား သစ်လွင်သော အဝတ်အစားလေးများ ဝတ်စေ၍ သမီး တယောက်ယောက်နဲ့ အတူသွားစေသည်။ မာမား ရောက်မလာသော အလှူပွဲ ဆိုလျှင်ပင် အလှူရှင်က “ဟဲ့ မာမား နေမကောင်းဘူးလား၊ လာတာမတွေ့သေးဘူး၊ နေမကောင်းဘူး ဆိုရင် ချိုင့်နဲ့ သွားပို့ပေး”ဟု စီစဉ်တတ်ကြသည်အထိ ပတ်ဝန်းကျင်က မာမားကို အလေးထားကြပါသည်။
ကျမတို့ မောင်နှမတတွေ မာမားကို အလေးထားကြပုံလေး အမှတ်တရတခုမှာ… ကျမတို့ အဖေသည် အိမ်မှာ ကက်ဆက်တောင် မဖွင့်ရ ဆူညံဆူညံတွေ မကြိုက်တတ်ကြောင်း ပို့စ်တခုတွင် ရေးပြီးဖြစ်ပါသည်။ နယ်မှာနေသော အဖေ့ညီ ဦးဦးမှာ အဖေ့လို မဟုတ်ပါ။ ကလေး၊ လူငယ်များကို အလိုလိုက်တတ်၍ ပစ္စည်းကောင်းကြိုက်တတ်သူလည်း ဖြစ်ပါသည်။ သူ့အလုပ်အားချိန် ပိုက်ဆံလည်းလက်ထဲမှာ ရှိနေမည် ဆိုပါလျှင် ရန်ကုန်တက်လာပြီး TV လာဝယ်ခြင်း၊ ဗွီဒီယို အောက်စက်လာဝယ်ခြင်း စသဖြင့် လုပ်တတ်ပါသည်။ အခုတခေါက်မှာ ကာယာအိုကေစက် လာဝယ်ခြင်း ဖြစ်ပြီး တညသာ ကျမတို့အိမ်မှာ အိပ်ပြီး မနက်သင်္ဘောနှင့် နယ်ပြန်မည် ဖြစ်ပါ၍ ဒီတညသာ ကျမတို့ မောင်နှမတတွေ ကာယာအိုကေစက်နှင် မိုက် ကောင်းမကောင်း စမ်းသပ်ခွင့်ရကြမည် ဖြစ်ပါသည်။ ထိုစဉ်က သန်းနိုင်၏ “ဆု” အခွေ ပေါက်နေ၏။ “စိတ်မဆိုးနဲ့နော် ခွင့်လွှတ်ပါကွယ် ကိုယ်ရိုင်းနေရင်…” စသည့် သီချင်းအေးအေးလေးများ ပါသလို “ရောင်စုံမမ သိပ်လှတယ်ဗျ…” ဆိုတာမျိုး တအုံတမကြီး ဝိုင်းအော်လို့ ကောင်းသော သီချင်းများလည်း ပါ၏။ ရောင်စုံမမ သီချင်းမှ အချပိုဒ်လေး “အို မမ အိုး မမ ”ကို အသံဖြင့် “အို မာမား အိုး မာမား ” ဟု သုံးလေးခေါက် အော်ဆိုနေကြပြီးမှ ကိုလေးက “ဟဲ့ နင်တို့ … မာမားက သူ့ခေါ်တယ် အောင်းမေ့ပြီး ဆင်းလာနေဦးမယ်” ဟု သတိပေးတော့မှ အဲ့ဒီနေရာလေးရောက်ရင် အသံကို နှိမ့်ဆိုခဲ့ကြပါသည်။
ဒီလိုနဲ့ ကြီးကောင်လေးတွေ ဝင်လာကြတော့ ကျမနဲ့ရွယ်တူ အလတ်မမှာ သူ့အမများနဲ့ မတူ တမူထူးခြားပြီး သိသိသာသာ တသွေးတမွေး ဖြစ်လာသည်။ အသားအရေမှာလည်း တနေ့ထက်တနေ့ စွတ်စွတ်ဖြူနုလာသည်။ ကိုယ်လုံးကိုယ်ပေါက်လေးမှာလည်း ကောက်ကြောင်းလေးနှင့် ဖြစ်လာသည်။ ကျမတို့နှင့်လည်း အခေါ်အပြောနည်းလာသည်။ “ဒီမိန်းမ လှလာသလောက် သွေးကြီးလာတယ် ငါတို့ကိုတောင် ရှိတယ် မအောင်းမေ့တော့ဘူး” လို့ ကွယ်ရာတွင် အတင်းပြောကြသည်။ ထုံးစံအတိုင်း လူကြီးတွေ စပ်ပေးစား၍ သူ အိမ်ထောင်ပြုသည်။ သူ့ အမျိုးသားမှာ အမေရိကန်တွင် နေထိုင်သူဟု သိရပါသည်။ သူတို့ လက်မှတ်ထိုးတဲ့နေ့ သူတို့အိမ် ဝရံတာမှာ ဓာတ်ပုံရိုက်တာကို ကျမတို့ အိမ်ကနေ လှန်းကြည့်လိုက်ရပြီး သူ့အမျိုးသားက သူ့ထက် အရပ်ပုတယ် ဆိုတာသာ မှတ်မိလိုက်ပါတော့သည်။ နောက်တော့ ယောင်နောက် ဆံထုံးပါသွားသည်။
ကျမ စင်္ကာပူ ရောက်လာပြီးမှ သူတို့အိမ်ကြီးကို အိမ်ပိုင်ရှင်က ပိုင်ရှင်အသစ်ဆီ ရောင်းလိုက်၍ သူတို့လည်း လမ်းထဲမှာ မရှိကြတော့သလို၊ မာမားလည်း မြန်မာပြည်မှာ မရှိတော့ပါ။ အလတ်မက သူ့အမေကို သူ့နဲ့အတူ ခေါ်ထားခဲ့ပါပြီ။ မာမားမှာ သူ့မြေးတွေ ထိန်းကျောင်းရင်း ကျန်းမာရေးလည်း ကောင်းမွန်နေသည်ဟု ဝမ်းသာဖွယ်ကြားသိရပါသည်။ နောက်များမကြာမီ အကြီးမနဲ့ အငယ်မပါ အလတ်မဆီ လိုက်သွားကြပြီလို့ ထပ်မံကြားသိရပါသည်။
Subscribe to:
Post Comments (Atom)
9 comments:
ဖတ်လို့ကောင်းတယ်မသီတာ... စိတ်ဝင်စားတယ်... အပိုင်း၃ရှိအုန်းမယ်ထင်တယ်နော်... လူတွေရဲ့ ကွဲပြားတဲ့ ဘဝနေမှုတွေက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်
ငယ်ငယ်တုန်းကအကြောင်းတွေပေါ့လေ.. ဒီလောက်သတင်းကြားရတာပဲ တော်လှနေပြီ..
တီတီတာပြောတာနဲ့ အလတ်မဆိုတာကိုတောင် မြင်ယောင်ကြည့်သွားတယ်..
မာမားဆိုတာရော ဘယ်လိုပုံမျိုးလဲမသိ..း)
FRC တွေနဲ့ အဲ့လိုပဲရင်းရင်းနှီးနှီး အနီးကပ်နေဖူးတယ် .. တကယ့်ကလေးလေးတွေနဲ့ပါ။
အခုတော့ လူပျိုပေါက်တွေဖြစ်ရောပေါ့ ..
ကျေးဇူးပါပဲ မသီတာ ..
သတိထားမိတာ တခုရှိတယ်။
သူတို့ သားသမီးတွေက မာမားကို အရေးစိုက်ကြလို့ ကျန်တဲ့သူတွေ အားလုံးကလည်း အလေးထားကြတာ ဖြစ်မယ်။
မသီတာရေးတာ စိတ်ဝင်စားစရာလေး ... ရိုးရိုးအကြောင်းအရာကိုပဲ စိတ်ဝင်စားအောင်ရေးတတ်တယ် ... အရင်အပိုင်းတွေတောင် မဖတ်ရသေးဘူး ...
နောက်ထပ်လာဖတ်ဦးမယ် အစ်မ။
အမ ရေးတဲ့ ၂ပိုင်းလုံးဖတ်ကောင်းလိုက်တာ အမရာ..
ကိုယ်လဲ သူတို့နေရာမျိုးရောက်နေလို့လား မသိဘူး။ ပိုစိတ်ဝင်စားမိတာ...
ကော်မန့်တွေ မပြန် ဖြစ်တာတောင် တော်တော်ကြာသွားပါတယ်။
Rose ရေ သူငယ်ချင်းတွေတော့ ကျန်သေးတယ်...နောက်များ အကြောင်းတိုက်ဆိုင်မှပဲ ရေးတော့မယ်လေနော့
Craton ရေ မာမား ဘယ်လိုပုံမျိုးလဲဆိုတာ ပုံဖော်ကြည့်တာ အန်တီတာ့ပုံ ပေါ်နေတယ်မလား...း(
ကိုTinMinHtet အဲ့ဒါလေး သတိထားမိတဲ့အတွက် ကျေးဇူးပါ။
TTSweet ရေ တို့တွေအချင်းချင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတဲ့သဘောပေါ့...
Momiji ရေ ကျေးဇူးပါ။
Rita ရေ အတိတ်စာအုပ်တွေ လှန်ပြီ်း အဖြေရှာကြည့်တာပါ။
:)
ဆက်ရေးပါမသီတာ။
မြို့ထဲတရုတ်တန်းတစ်ဝိုက်မှာသာ အစ်မနေခဲ့မယ်ဆို ဒီထက်တောင်ေ၇းစရာတွေပေါမယ်ထင်တယ်။
mm
FRC သူငယ်ချင်း..မိတ်ဆွေ တွေ.. လူတိုင်းလိုမှာ ရှိကြတာနော်။ မြန်မာပြည်ရဲ့ နိုင်ငံခြားသား ပေါ်လစီ အကြောင်း..ပြန်စဉ်းစား မိတယ်။ နောက်တော့..မသီတာ ပြောသလို..ကိုယ်တွေ လဲ..သူများနိုင်ငံ ရွှေ့ပြောင်းနေထိုင် တော့မှ.. second class citizen ဆိုတာရဲ့.. အရသာ ကို သိတော့တယ်။ ဗမာပြည်မှာတုန်းက..ဘယ် FRC ကိုမှ.. ခွဲခြား ဆက်ဆံတာမျိုး မလုပ်ခဲ့ မိလို့..၀ဋ္ဋ်တော့ မလိုက်လောက်ဘူး ထင်တာပဲ.. ဟိ။
( မနော်ဖော ဆီမှာ... မန့်ခဲ့တာ..ဒီမှာ ပြန်လာပြတာ..)
အပေါ်က..မသီတာ ပြောတာ..သဘောကျလို့..ဟိ..
မသီတာရေ..မတန်ခူး ဆီမှာ..အေရိုးဘစ် သွားတက်လေ..း))
Post a Comment