ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖေါ်ပြထားတဲ့ စာရေးဆရာမ မသီတာ(စမ်းချောင်း) နဲ့ အင်တာဗျူးပါ။ ခေါင်းစဉ်လေး ပေးထားပုံကအစ ချစ်စရာကောင်း၊ စွဲဆောင်မှုရှိလှပါတယ်။
ဆရာမနှင့်တကွ အင်တာဗျူးစီစဉ်သူများကို လေးစားစွာဖြင့် S-Cဘလော့ဂ်မှ ထပ်ဆင့် ဝေမျှလိုက်ပါတယ်။
မသီတာ(စမ်းချောင်း)ကို မြင်ဖူးချင်တယ်။ စိတ်ဝင်စားတယ်လို့ ပြောထားဖူးတဲ့အတွက် အမှတ်တရ မေးလ်ပို့ပေးလာတဲ့ ကေ ကို ချစ်ခင်စွာနဲ့ ကျေးဇူးအထူးပါ။
*****ရွှေအသစ် တို့ရဲ့ သီတာ ခုနှစ်တန် သို့မဟုတ် မသီတာ(စမ်းချောင်း)
Written by ခင်လေးမြင့်
Monday, 30 August 2010 13:09
ခရီးတွေ သွားရင်း ဆောင်းပါးတွေလည်း ရေးဖြစ် နေသလို ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ရွှေအသစ် စာမူများ ရွေးချယ်မှုကို တာဝန်ယူ ပေးနေတဲ့ ဆရာမ မသီတာ(စမ်းချောင်း)နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ပါတယ်။
ဆရာမက teen (ဖူးငုံ ဆယ်ကျော်သက်) မဂ္ဂဇင်းမှာ ပင်တိုင် ဆောင်းပါး များစွာကို ရေးဖြစ်နေပြီး teen မဂ္ဂဇင်းရဲ့ အယ်ဒီတာလည်း ဖြစ်ပါတယ်။ မကြာခင်ကမှ အမေရိကန် နိုင်ငံရှိ ဟားဗက် တက္ကသိုလ်မှာ ရှိတဲ့ Radcliff Institue For Advanced Study မှာ စာပေနဲ့ ပတ်သတ်တဲ့ သုတေ သနများ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။
လောလောဆယ် ဆရာမ ပြန်လာတဲ့ ခရီးစဉ် အကြောင်းကို အရင်ဆုံး ပြောပြပေးပါလား။
ဒီနှစ်ကတော့ ၂၀၀၉-၂၀၁၀ စာသင်နှစ် အတွက် ဟားဗတ် တက္ကသိုလ်မှာ ရှိတဲ့ Radcliff Institue For Advanced Study ဆိုတဲ့ ဟားဗတ် တက္ကသိုလ် ခွဲက Fellowship ရလို့ပါ။ Radcliff Fellowship ဆိုတာက အဓိကက သုတေသန လုပ်ငန်းတွေကို အားပေးတယ်။ သိပ္ပံ ပညာရှင်တွေနဲ့ အနုပညာ သည်တွေ စုစုပေါင်း အယောက် ၄၀ ကျော် အရွေးခံကြ ရတယ်။ နှစ်စဉ်ဆိုရင် အယောက် ၅၀ ကျော်ထိ လက်ခံပေမယ့် နောက်ပိုင်းမှာ စီးပွားရေး ကျလာလို့ အယောက် ၄၀ ကျော်ပဲ ဖိတ်တာ။ အဲဒီ ၄၀ကျော်ကို Radcliff ဝင်းထဲမှာ ရှိတဲ့ အဆောက်အအုံကြီး တစ်ခုမှာ Fellow တွေကို အခန်း အသီးသီးမှာ ထားပေးတယ်။ သူတို့ ကျွမ်းကျင် လိမ္မာရာ၊ စိတ်ဝင်စားရာကို အေးအေးဆေးဆေး သုတေသန လုပ်နိုင်ဖို့ ပေးထားတာ။ Scholarship Award သဘောမျိုးပေါ့။ ရုံးခန်း အသီးသီး ပေးထားတယ်။ အာကာသ သိပ္ပံပညာရှင်တွေ ပါလာတယ် ဆိုရင် သူတို့အတွက် လိုအပ်မယ့် အာကာသကြည့် မှန်ပြောင်းက အစ လိုအပ်ချက်တွေကို လုပ်ပေးတယ်။ အနုပညာသည် တွေမှာလည်း Documentary Film ဒါရိုက်တာတွေ ပါလာတယ် ဆိုရင်လည်း လိုအပ်တဲ့ စက်ပစ္စည်းတွေက အစ လုပ်ပေးတယ်။
ဒီလူတွေရဲ့ သုတေသန လုပ်ငန်းအတွက် အထောက်အကူ ဖြစ်အောင် လုပ်ပေးတယ်။ စာရေးဆရာဆိုလည်း ရေးမယ့် စာအုပ်နဲ့ ပတ်သက်တာ၊ ရုံးခန်းတို့၊ ကွန်ပျူတာတို့ ပေးထားတယ်။Radcliffe Fellowship က အမေရိကားမှာရှိတဲ့ Fellowship တွေ အားလုံးထဲမှာ တော်တော်လေး ကောင်းတယ်။ တန်ဖိုးရှိတယ် ဆိုတဲ့ ဟာမျိုးပေါ့။ ဟားဗတ်တက္ကသိုလ်မှာ လာပြီး ပညာသင် နေတဲ့ ကျောင်းသားတွေကို သုတေသနလက်ထောက်ဆိုပြီး Fellow ပညာရှင်တွေ အတွက် ကူညီဖို့ ခေါ်ပေးတယ်။ ကျောင်းသားတွေက သုတေသန လုပ်ငန်းတွေမှာ ကူညီပေးတဲ့ အတွက် ငွေရတယ်။
အဲဒီတော့ ကျောင်းသားတွေက အတွေ့အကြုံလည်းရ၊ ဝင်ငွေလည်း ရတာပေါ့။Fellow တွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အမေရိကားရဲ့ နာမည်ကျော် ပရော်ဖက်ဆာတွေ ဖြစ်ပြီး ကျန်တာ ကတော့ International ကပေါ့။ ဒီလို နာမည်ကြီး ပညာရှင်တွေနဲ့ အတူတူ အလုပ် လုပ်ရတဲ့ အတွေ့အကြုံ ရတယ်။ သုတေသနနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖြစ်လာတဲ့ အခါ သူတို့ရဲ့ နာမည်တွေလည်း ဖော်ပြခွင့်ရမယ့် အကျိုးတွေ အဲဒီ ကျောင်းသားတွေမှာ ရတယ်။ Fellow တွေ အတွက်ကလည်း သုတေသနကို တစ်ယောက်တည်း ထိုင်လုပ်နေရမယ့် အစား ဒီကျောင်းသားတွေရဲ့ အကူအညီနဲ့ဆို အင်မတန် သက်သာတယ်။ အဲဒီနည်းနဲ့Fellow ကို ဖန်တီးထားတာ ဆိုတော့ ကျွန်မက စာရေးဆရာ အနေနဲ့ စာရေးဖို့ သူတို့ စီစဉ်ပေးထား တာပေါ့။
Radcliffe ကနေပြီး တာဝန်ယူပြီး စာအုပ်ထုတ် ပေးတာမျိုး မဟုတ်ဘဲ သူတို့ ကနေတစ်ဆင့် Publisher ကို ရှာပေးကောင်း ရှာပေးနိုင်တယ်။ ဒါပေမယ့် သူတို့မှာ ဒီတာဝန် မရှိဘူး။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က သက်ဆိုင်ရာ ပညာရှင်တွေ ကနေပြီး သုတေသန တစ်ခုကို စိတ်အေးလက်အေး လုပ်နိုင်အောင် စီစဉ်ပေးတာ။ သက်သောင့်သက်သာနဲ့ သုတေသန လုပ်နိုင်ရေးပဲ ရှိ ပြီး စာအုပ် ထုတ်ဖို့တော့ သူတို့ဘက်က ဘာတာဝန်မှ မရှိဘူး။
ဟားဗတ် တက္ကသိုလ်ကို မသွားခင် Brown တက္ကသိုလ်ကိုလည်း သွားခဲ့သေးတာ ဆိုတော့ ဘာအတွက် သွားခဲ့တာလဲ။
၂၀၀၅ ခုနှစ်ှုသတေ* (* typo error - Iowa ဟုထင်ပါသည်။ S-C) တက္ကသိုလ်က International Writing Program သွားပြီး ပြန်လာခါစမှာ အဲဒီ တက္ကသိုလ်က ဒါရိုက်တာက ဘရောင်း တက္ကသိုလ်မှာ Program တစ်ခုရှိတယ်၊ International Writing Project ရှိတယ်၊ စိတ်ဝင်စားလားလို့ မေးခဲ့ဖူးတယ်။ အဲဒီ အချိန်တုန်းက ပြည်ပခရီး ၁၀ လသွားပြီး ပြန်ရောက်ခါစ ဆိုတော့ နောက်ထပ် အကြာကြီး ခရီး စဉ်မျိုးကို မသွားချင်ဘူး။ နောက်ပြီး မွေးရပ်ကို ၂ နှစ် ပြန်ရမယ် ဆိုတဲ့ ဂျေဝမ်းဗီဇာ ထုံးတမ်းကလည်း ရှိတဲ့ အတွက် မသွားဖြစ်ရာကနေ မေ့မေ့လျော့လျော့ ဖြစ်ခဲ့တယ်။ ၂၀၀၈ နှစ်ဆန်းပိုင်းမှာUniversity of York မှာ Course တစ်ခု သွားတက်ဖူးတယ်။
အဲဒါ တက်နေချိန်မှာ Brown က ပြန်ဆက်သွယ်တယ်။ Brown ရဲ့ နာမည်ကြီး Department တစ်ခုဖြစ်တဲ့Watson Institute of International Study ဆိုတာရှိတယ်။ နောက် Literary Arts ဆိုတဲ့ Department တစ်ခု ရှိတယ်။ အဲဒီ နှစ်ခုက ပေါင်းပြီး စပွန်ဆာ လုပ်တဲ့ International Writing Project ပေါ့။ International Writer တွေကို ခေါ်တယ်။ တစ်နှစ်မှာ တစ်ယောက်ပဲ ရွေးတယ်။ ကျွန်မက ၆ ယောက်မြောက် Inter-national Writer ဖြစ်တယ်။ အဲဒီ စာရေးဆရာတွေ Watson Institute မှာ ရုံးခန်း ပေးထားတယ်။ Literary Arts Department က လှုပ်ရှားမှု တွေမှာ ပါဝင်ပေးဖို့ စီစဉ်ထားတာ။ သူတို့ရဲ့ ထုံးစံက Watson Institute မှာ လာပြီး ရုံးခန်း ပေးခေါ်ထားတဲ့ ပညာရှင် အားလုံးက ကျန်တဲ့ ကျောင်းသားတွေကို အတန်း ယူပေးရတယ်။ သက်ဆိုင်ရာ ဘာသာရပ် အလိုက် စာသင် ပေးရတယ်။ International Writing Projectအရ ရောက်နေတဲ့ သူတွေက စာရေးဆရာတွေ ဖြစ်တယ်။
အဲဒီ စာရေး ဆရာတွေကလည်း Creative Writer တွေ၊ ဝတ္ထုတို၊ ဝတ္ထု ရှည်ရေးတဲ့သူတွေပဲဖြစ်တဲ့ အတွက် သူတို့နဲ့ ပတ်သက်ရင် လွတ်လပ်မှု အပြည့်ပေးတယ်။ စိတ်ပါလို့ စာသင်ချင်ရင် လည်းသင်၊ မသင်ချင်လည်း ရတယ်။ အဲဒီတော့ စာသင် စရာလည်းမလိုဘူး။ လေ့လာ ဆည်းပူး သင်ယူ စရာလည်း မလိုတဲ့ အတွက် ကိုယ့်စာ ကိုယ်ရေးဖို့ပဲ။ ဒီ Radcliffe နဲ့ ယှဉ်ရင် Brown မှာ ပိုပြီး လွတ်လပ်တယ်လို့ ပြောလို့ရ သေးတယ်။ Radcliffe မှာတော့ လုပ်နေတဲ့ Project နဲ့ ပတ်သက်လို့ ဖြစ်စေ၊ ကိုယ့်ရဲ့ Background ကိုဖြစ်စေပြန်ပြီး Presentation လုပ်ပေးရတာ မျိုးတွေ ရှိတယ်။ အချင်းချင်း ကြားထဲမှာလည်း တစ်ယောက် ဘာလုပ်တယ်ဆိုတာ ကျန်တဲ့ Fellow တွေ သိရအောင် Presentation တွေရှိတယ်။
ဟားဗတ် အသိုင်းအဝိုင်းက Brown နဲ့ ယှဉ်ရင် ဟားဗတ် က ပိုကြီးတဲ့ အတွက် တခြား Department တွေကနေ ဖိတ်ခေါ်ပြီး လာပြောပေးပါ ဆိုတာ မျိုးတွေ ပိုများတယ်။ Brown မှာ အဲဒီလောက် မများတဲ့ အပြင် ဒီ Brown ရဲ့ သဘာ၀ ကိုက ကျန်တဲ့ Department တွေကို ကြေညာထားတယ်။ သူတို့ရဲ့စာရေးဆရာသည် စာသင်ပေးတာ၊ ဟောပြော တာတွေကို မဖြစ်မနေ ဆိုတာမျိုး လုပ်ချင်မှ လုပ်မှာ ဆိုပြီး ကြိုလုပ်ထားတဲ့ အတွက် ကိုယ့်သဘောပဲပေါ့။
International Writing Project နဲ့ ရောက်နေတဲ့ စာရေး ဆရာက တစ်နှစ်ကို တစ်ယောက် နိုင်ငံ မတူအောင် ဖိတ်ခဲ့တာ ဖြစ်တယ်။ နှစ်စဉ် ရောက်နေတဲ့ လက်ရှိ စာရေးဆရာနဲ့ ပတ်သက်တဲ့ စာပေ ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ ရှိတယ်။ ကျွန်မ မသွားခင် တစ်နှစ်က ဇင်ဘာဘွေက စာရေးဆရာ ရှိတဲ့အတွက် အာဖရိကနဲ့ ပတ်သက်တဲ့ စာပေပွဲတော် ကျင်းပတယ်။ အဲဒီ စာပေပွဲတော် ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်က နှစ်ချက်ရှိတယ်။ စာရေးဆရာနဲ့ ပတ်သက်တဲ့ နိုင်ငံရဲ့ စာပေကို မိတ်ဆက်ချင်တယ်။ နောက်တစ်ချက်က လက်ရှိ ဌာနေ စာရေးဆရာ ကိုယ်တိုင်ကိုပဲ Promote လုပ်ပေးချင်တာ။ များသောအားဖြင့် သူ တို့ ဆုပေးပြီး ရွေးထားတဲ့ စာရေးဆရာကို ပိုပြီး လူသိစေ ချင်တယ်။ ထိုက်ထိုက်တန် တန်နဲ့ လုပ်နိုင်စွမ်း ရှိတဲ့ စာရေး ဆရာ ဆိုတာကိုလည်း သိစေ ချင်တယ်။
ဒီစာရေး ဆရာပေါ် မှာ တက္ကသိုလ် အသိုင်းအဝိုင်း က ဂုဏ်ပြုတယ် ဆိုတာမျိုး လည်း ဖြစ်စေချင်တယ်။ အဲဒီတော့ သူ့အတွက် ပွဲတော်လုပ်တဲ့ ပုံစံမျိုးပါပဲ။ ကျွန်မ ရောက်တဲ့နှစ်မှာ မြန်မာပြည်နဲ့ ပတ်သက်တာ လုပ်ပြီး ကျွန်မနဲ့ ပတ်သက်တဲ့ စာပေဘဝကို Focus လုပ်တာပေါ့။ စာပေ ပွဲတော်ကို အနည်းဆုံး ၃ ရက် ကျင်းပပြီး တစ်ရက်က ကျွန်မနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ကိုပဲ လုပ်ပေးတယ်။ ကျွန်မ အကြောင်းသိတဲ့ တခြား စာရေးဆရာတွေက ဝိုင်းပြီး ပြောတဲ့ပွဲလုပ်တယ်။ အဲဒီမှာ Amitav Gosh ကိုလည်း ဖိတ်တယ်။ တခြားစာရေးဆရာ တွေကိုလည်း ဖိတ်တယ်။ သူတို့ ဖိတ်တဲ့ အကြောင်းကThe Glass Palace အကြောင်းကို ရေးတဲ့ အတွက်ကြောင့်။ Brown မှာရှိတဲ့ ဒါရိုက်တာ Robert Coover က အမေရိကန် စာပေသမိုင်း တစ်လျှောက် မှာ တီထွင်ခဲ့တာ များတဲ့ သူ တစ်ယောက်လေ။ သူက Amitav Gosh ရဲ့စာတွေကို လည်းကြိုက်တယ်The Glass Palace ကလည်း မြန်မာပြည် အကြောင်း ရေးထားတာ ဖြစ်တဲ့အတွက် ဖိတ်ချင်တယ် လို့ လာပြောတယ်။ မြန်မာပြည်က စာရေးဆရာတွေ ဖိတ်ချင်ရင် ဖိတ်လို့ရတယ်လို့ ကျွန်မကို ပြောတယ်။ သူတို့က အစစအရာရာ တာဝန်ယူမှာ ဖြစ်တဲ့အတွက် နှစ်ယောက်လောက် တာဝန် ယူနိုင်မယ်လို့ ပြောတာကြောင့် ဆရာ မျိုးမြင့်ညိမ်းနဲ့ ဆရာနေဝင်းမြင့် တို့ သင့်တော်မယ်လို့ ထင်တဲ့ အတွက် ညွှန်းဖြစ်တယ်။ ရွှေအမြုတေ မဂ္ဂဇင်းမှာThe Glass Palace ကို ဘာသာပြန် ရေးနေတဲ့ စာရေးဆရာဖြစ်တဲ့ အတွက် ဖိတ်ခေါ်ဖို့ အကြံ ဉာဏ် ပေးခဲ့တယ်။ အဲဒါ ကြောင့် ဆရာ နေဝင်းမြင့် ပါဝင်ခွင့် ရခဲ့တယ်။
ထူးထူးခြားခြား ဆိုရင် အဲဒီပွဲ မနက်ပိုင်းမှာ ဝိပဿနာ အားထုတ်တာကို ပြခွင့်ရခဲ့ သေးတယ်။ အနောက် နိုင်ငံကလည်း အခုနောက်ပိုင်းမှာ ဝိပဿနာကို စိတ်ဝင်စားနေတဲ့ အခါကျတော့ ကျွန်မ ဝိပဿနာ တရားကို အချိန် ကာလ တစ်ခုမှာ တစ်နေ့ကို နာရီ ၂၀ အထိ အားထုတ်ဖြစ် ခဲ့တယ် ဆိုတာကို သိနေတဲ့ ဒါရိုက်တာ ရောဘတ်ကူးဗား ကလည်း ဒါလေးကို လုပ်ပေး ပါဆိုလို့ လုပ်ပေးခဲ့တယ်။ ရေကန်သာ ကြာတိုင်းအေး နဲ့ ပတ်သက်ပြီး ပြည့်စုံချင်တဲ့ အတွက်ကြောင့် ပန်းချီဆရာ ကိုဝသုန်ရဲ့ လက်ရာတွေကို မိတ်ဆက်ပြီး ပန်းချီဆရာ ကိုဝသုန်နဲ့ ပတ်သက်ပြီး ရိုက်ထားတဲ့ ဒါရိုက်တာ ကြည်ဖြူ သျှင်ရဲ့Sketch of Wathone ကိုလည်း ပြတယ်။ Amitav Gosh ရေးထားတဲ့ မြန်မာ့ အနှစ်သာရ တစ်ခုလုံးကို ခြုံငုံပြီး ဖန်တီး ပေးနိုင်ခဲ့တယ် လို့ ပြောလို့ရတယ်။ နောက်ပြီး မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပန်းချီ၊ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အနုပညာ ဆိုတဲ့ ဟာတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်တဲ့ ပွဲလေးဖြစ်အောင် ဖန်တီး ပေးနိုင်ခဲ့တယ်။ စာပေ တင်မကဘူး၊ ဂီတနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်တဲ့ သူတွေ လည်းရှိတဲ့အတွက် စာပေ၊ ဂီတ၊ ပန်းချီ အကုန်လုံးကို ပြခဲ့တယ်။ ပွဲတော် လေးရက် စလုံးမှာ မြန်မာပြည်နဲ့ ပတ်သက်တာတွေပဲ ပြခဲ့တယ်။
အခုဆရာမ တာဝန်ယူ ပေးနေရတဲ့ ရွှေအမြုတေရဲ့ ရွှေအသစ် စာမူတွေရဲ့ အဝင်က များတာကြောင့် စိစစ်ရွေး ချယ်တဲ့ အခါ ဘယ်လို မူတွေများ ချမှတ်ထားလဲ။
စာမူ အရမ်းများတဲ့ အတွက် ဆရာ ဦးဝင်းငြိမ်းနဲ့ တိုင်ပင်ပြီး စည်းမျဉ်းကို သတ်သတ်မှတ်မှတ် ပြန်ရေး ပေးမယ်။ စည်းမျဉ်းနဲ့ မညီတာတွေကို ဖတ်ကိုဖတ်မှာ မဟုတ်ဘူး ဆိုတာကို ကြိုတင် အကြောင်းကြားမယ်။ စည်းမျဉ်းနဲ့ မကိုက်ညီဘူး ဆိုရင် မှတ်ပုံတင် လက်ခံသူက တစ်ခါတည်း ပယ်လိုက်ပြီး ကျွန်မဆီကို ရောက်လာမှာ မဟုတ်တော့ဘူးပေါ့။ နောက်တစ်ခုက စာမူ အကြွေးတွေကို မြန်သွားချင်တော့ လောလောဆယ်မှာ စည်းမျဉ်းနဲ့ မတိမ်းမယိမ်း ကွာပြီး ဆိုးဆိုးရွားရွား မဖြစ်တဲ့ဟာတွေကို ဆိုးဆိုး ရွားရွား ဖြစ်တဲ့ နေရာမှာ ဖြည့်ပြီး ဖတ်ပေးသွားမယ်။ ဝတ္ထု တိုကို ဗလာ စာရွက်နဲ့ ၂ မျက်နှာရေးပြီး ပို့တာမျိုး၊ လျှောက်လွှာစာရွက် ၁၅ မျက်နှာလောက် ရေးပြီးပို့တာ မျိုးတွေကို ပယ်သွားမယ်။ တစ်လအပုဒ် ၆၀ ဖတ်တာကို မလျှော့ချင်ဘူး။ တကယ် စာရေးတဲ့သူတွေ နစ်နာမှာ စိုးတယ်လေ။
အခု လောလောဆယ် ရွှေအသစ်စာမူတွေကို ဖတ်တဲ့ အခါ ကြုံတွေ့ရတဲ့ အခက် အခဲတွေ ရှိရင် သိချင်ပါတယ်။
ရွှေအသစ်ရဲ့ ပြဿနာက စာဖတ်မနာဘဲ ရွှေအမြုတေ တစ်အုပ်တည်းကိုပဲ ဖတ်ပြီး၊ စာဖတ် နာတယ်လို့ ထင် ပြီး စာရေးနိုင်တဲ့ ယုံကြည် ချက်တွေနဲ့ အများစုက ရေးကြတာ များတယ်။ အဲဒါကြောင့် ဒီပြဿနာ ရှိတယ်လို့ ထင်တယ်။ ဝမ်းစာ မရှိဘူး။ ရွှေအမြုတေ ၂၅ အုပ်တောင် ဖတ်ပြီးပါပြီ။ စာဖတ်နာလှ ပါပြီ။ ဒါကြောင့် သူတို့ ရေးထားတာပါ ဆိုပြီး ရေးတဲ့စာတွေ ဖတ်ရတော့ တခြားအသိ အမြင် မရှိဘဲ ဒါပဲသိ၊ ဒါကိုပဲ ဝင်တိုး ဆိုတာမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် များသောအားဖြင့် ရေးလာတဲ့ စာတွေက ပုံစံခွက် ဆန်လာတယ်။ ဒါမျိုး ရေးရင်ပါလိမ့်မယ် ဆိုတဲ့ သဘောနဲ့ ဒါမျိုး တွေရှာကြံပြီး ရေးလာတယ်။ စာဖတ်မနာတဲ့အတွက် စာ လုံးပေါင်း သတ်ပုံမမှန်တာ၊ သဒ္ဒါ အထားအသို နားမလည်တာ၊ စကားပြေ စကားပြော ရောနေတာတို့၊ စာရေးဆရာ တစ်ယောက်အခြေခံ သိနားလည်ရမယ့်ဟာတွေ အားနည်း နေတာ တွေ့ရတယ်။ တကယ်လို့ အဲဒီ စာမူတွေမရှိဘူး ဆိုရင် တစိုက်မတ်မတ်နဲ့ အရည် အချင်းရှိ စာရေး နေတဲ့သူ အယောက် ၃၀ လောက် ရှိပါတယ်။ အခုလို စာမူတွေကြောင့် အဲဒီလူတွေ နစ်နာနေ ရပါတယ်။
ဆရာမ အနေနဲ့ ခရီးတွေ သွားရင်း ဆောင်းပါး၊ ရသ စာတမ်းတွေလည်း ရေးရင်း ရွှေအသစ်ကဏ္ဍကိုလည်း တာဝန် ယူရင်းကနေ ဝတ္ထုတို တွေ ရေးတာ မတွေ့ရဘူး။ ဘာကြောင့် မရေးဖြစ်တာလဲ။
အရင်ကလို ဝတ္ထုတို တွေ မရေးဖြစ်တာက ခရီးတွေ သွားနေရတာလည်း ပါတယ်။ ကျွန်မ ရေးချင်တဲ့ ဝတ္ထုတိုတွေက မြန်မာပြည်က လူတွေအကြောင်း၊ မြန်မာပြည်က လူတွေရဲ့ဘဝ။ အမြဲတမ်း ငယ်ငယ်ကတည်းက ရေးခဲ့တဲ့ အကြောင်းတွေကို ကြည့်ရင် သာမန် လူတွေရဲ့ အကြောင်း၊ သူတို့တွေရဲ့ဘ၀ ကို ထင်ဟပ်လေ့ ရှိတယ်ဆိုတော့ လတ်တလော ခရီးတွေ ချည်းသွား နေရလို့ ဒီလူတွေရဲ့ ကြားထဲမှာ မနေနိုင်တဲ့ ပြဿနာကလည်း ရှိတယ်။ ဒီလူတွေကြားထဲမှာ မနေနိုင်တဲ့ အတွက် ဒီလူတွေ အကြောင်း ရေးဖို့ ခက်ခဲလာတယ်။ သူတို့ ခေါ်လို့သာ သွားနေရတယ်၊ မရောက် ရောက်အောင်တော့ ပြန်လာ နေတယ်။ ဒီလူတွေကြားထဲမှာ နေမှ ဒီလူတွေ အကြောင်း ရေးနိုင်မှာလေ။ နောက်တစ်ခုက အသက်အရွယ် အရလည်း ငယ်ငယ်ကလို ဘာလေးပဲ ဖြစ်ဖြစ် ရေးလိုက်မယ်ဟဲ့ ဆိုတာမျိုး မရှိဘဲ ချိန်လာတာ၊ တွက်လာတာမျိုး ရှိလာတယ်။နောက်တစ်ခုက ရွှေအသစ်ကို တာဝန်ယူရတဲ့ အခါ ရသကို ဖတ်ရင်း ဖတ်ရင်းနဲ့ ငြီးငွေ့တဲ့ သဘော ဖြစ်နေတာပေါ့။ ဖတ်နေရတဲ့ ဟာတွေက များလာတဲ့ အခါကျတော့ ကိုယ် ရေးဖို့အချိန် မရှိတာလည်း ပါတယ်။ ဆောင်းပါးတွေ ကလည်း အချိန် မီပြီးအောင် ရေးရတယ်။ စာမူအပုဒ် ၆၀ ကလည်း ပြီးအောင် ဖတ်ရတာတွေ ရှိတော့ မရေးဖြစ်ဘူး။ ဝတ္ထုတိုကို အချိန်ရတဲ့ တစ်ချိန်ကျရင် ပြန်ရေးချင်ပါတယ်။
အခုလောလောဆယ် teen (ဖူးငုံဆယ်ကျော်သက်) မဂ္ဂဇင်းမှာပါတဲ့ message to teen ဆိုတာကို မဂ္ဂဇင်းမှာ နာမည်မခံဘဲ ရေးခဲ့တာ ရှိတယ်။ အဲဒါတွေကို ထုတ်ဖို့ထုတ်ေ၀ သူတစ်ယောက်က စကား ပြောထားတဲ့ အတွက် ထုတ်ဖြစ်ပါမယ်။ teen မဂ္ဂဇင်းမှာ အောင်ကလောင် အမည်နဲ့ ပါခဲ့တဲ့ “ဆယ်ကျော်သက်တို့ အတွက် ဆုံးဖြတ်ချက်ချရ မယ့် အရေးအကြီးဆုံး အချက် ၆ ချက် ” ကို စာအုပ် အဖြစ်ထုတ်ဖို့ ထုတ်ဝေသူ တစ်ယောက်နဲ့ စီစဉ်နေတာရှိ ပါတယ်။ နောက်တစ်ခုက teen မှာ တောက်လျှောက် ရေး ခဲ့တဲ့ ခရီးသွား ဆောင်းပါးတွေ အားလုံးကို ထုတ်မယ်လို့ စိတ်ကူးရှိတဲ့ ထုတ်ဝေသူလည်း ရှိတယ်။
အခု လောလောဆယ် စာအုပ်တွေကို ထုတ်ဖို့တော့ စီစဉ်နေတယ်။ မှန်တာပြောရ ရင် ခရီးသွားခဲ့တဲ့ နိုင်ငံတွေ က ၂၅ နိုင်ငံကျော်လာပြီး မြို့ တွေကလည်း များနေတဲ့ အတွက် ခြေသွားနိုင် သလောက် လက်ကမလိုက် နိုင်တော့ဘူး။ အကုန်လည်း မရေးနိုင်တော့ဘူး။ ဒီအချိန် မြန်မာစာပေလောကမှာလည်း ခရီးသွား ဆောင်းပါးရေးတဲ့ သူတွေလည်း များလာသလို သွားနိုင်တဲ့ သူတွေကလည်း များလာပြီ ဆိုတော့ အဲဒီလိုမျိုး သတ်သတ်မှတ်မှတ် ပြန်ရေး မယ်လို့တော့ စိတ်ကူး မရှိတော့ဘူး။ ခြုံငုံပြီး ရေးနိုင် သလောက် ရေးခဲ့ပြီးပြီလေ။ အခု မြန်မာသစ် ကလည်း အခန်းဆက်မျိုး တစ်ခုခုလုပ် ချင်တဲ့အတွက် သွားခဲ့ဖူးတဲ့ ပြတိုက်တွေပေါ့၊ နေရာတိုင်း မှာ ဖြစ်နိုင်ရင် ပြတိုက် တစ်ခု ခုကို ရောက်အောင် သွားခဲ့တာ ဆိုတော့ ပြတိုက်နဲ့ ပတ်သက်တာတွေ အပြည့်အစုံ ရှိ နေတယ်။ ပြန်ဖြည့်၊ ပြန်ရှာ ပြီး ခရီးသွား ဆောင်းပါး မဟုတ်ဘဲ ပြတိုက်ပေါင်း များစွာကို မိတ်ဆက်တဲ့ အနေနဲ့ ရေးမယ်လို့ လောလောဆယ် စိတ်ကူးထားတာ ရှိပါ တယ်။
ဆရာမ မသီတာ(စမ်းချောင်း)နဲ့ ခဏတာ တွေ့ဆုံ မေးမြန်းမှုများကို ဖတ်ရှုတဲ့ ရွှေအမြုတေ ပရိသတ်များ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖြေကြားပေးတဲ့ ဆရာမ မသီတာ(စမ်းချောင်း)ကိုလည်း ကျေးဇူး တင်ရှိပါတယ်။
ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၀)


13 comments:
မသီတာ ရေ
ဆရာမ မသီတာ (စမ်းချောင်း)က အမြဲတန်း လေးစား နှစ်သက် ရတဲ့ ဆရာမ တဦးပါ..
ရွှေကို လစဉ်ဖတ်ပေမဲ့ အခု စက်တင်ဘာလေး မဖတ်ရသေးဘူး အခုဖတ်လိုက်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်
ခင်မင်လေးစားစွာဖြင့်
ရွှေစင်ဦး
မသီတာ ရေ
ဆရာမ မသီတာ (စမ်းချောင်း)က အမြဲတန်း လေးစား နှစ်သက် ရတဲ့ ဆရာမ တဦးပါ..
ရွှေကို လစဉ်ဖတ်ပေမဲ့ အခု စက်တင်ဘာလေး မဖတ်ရသေးဘူး အခုဖတ်လိုက်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်
ခင်မင်လေးစားစွာဖြင့်
ရွှေစင်ဦး
နာမည်တူသလို လူချင်းလည်း တူသလိုလိုပဲ
=)
ဖတ်ရတာ အားရစရာ အားကျစရာ ကောင်းလိုက်တာ။
တင်ပေးတာ ကျေးဇူးပဲ မသီတာရေ။
မသီတာ စမ်းချောင်းရဲ့ အင်တာဗျူးပြီးရင်
မသီတာ လမ်းခြောင်း ရဲ့ အင်တာဗျူးလေး
မျှော်နေပါတယ်။ ဟိုး အရင်က မသီတာတို့ကို အတူတူထင်နေတာ။ :D
mm
အပေါ် ဓါတ်ပုံက ဘလော့ဂါမသီတာနဲ့ တော်တော်တူတယ်။ ညီအစ်မလား။ ဒါမှမဟုတ် တယောက်တည်းလားလို့ တွေးနေမိတယ်။
ခေါင်းစဉ်မြင်တော့ မသီတာက မသီတာ(စမ်းချောင်း) များလားလို့...
အပေါ်က ပြောတာတွေ အမှန်ပဲ ... အစ်မပုံတင်ထားတာ မှတ်လို့။ ဒီလောက်တိုက်ဆိုင်တာ ဖြစ်နိုင်ပါ့မလား။ စာတောင်မဖတ်ရသေးဘူး။ ညက်စိတွေလည်ကုန်ပြီ။
အစ်မ ဖတ်ပြီးသွားပြီ။ အစ်မမဟုတ်တာ သေချာသွားပြီ။ ညီအစ်မ ဖြစ်မယ်နော်။
ဟုတ်တယ်နော်... တူနေတယ်၊ နာမည်ရော၊ လူရော။း)
သူ့ဆောင်းပါးတွေ ဖတ်ဖူးတယ်။ ဟားဗတ်က fellowship အကြောင်း သိခွင့်ရလို့ ပေးပို့သူမကေကိုရော၊ ပြန်တင်ပေးသူ မသီတာကိုရော ကျေးဇူးတင်ပါတယ်။
၂၆ နိုင်ငံ၊
အားကျလိုက်တာ၊
အများပြောသလိုပဲ၊ မသီတာပုံတင်တာ မှတ်လို့ အားရ၀မ်းသာ လာကြည့်တယ်။ :)
စာထဲက မသီတာနဲ့ ညီအမလို ခင်ပါတယ်။ ဒီဘလော့ ပိုင်ရှင် မသီတာကိုတော့ မမြင်ဖူးလို့ စာနဲ့ပဲ ခင်နေမိပြီ။ အထက်ကလူတွေ ပြောသလို လူပါ ရုပ်တူတယ် ဆိုရင် ချောတာပေါ့နော်..
အစ်မသီတာကို မမြင်ဖူးဘူး။ မသီတာ စမ်းချောင်းနဲ့ တူတယ်ဆိုတော့ အစ်မသီတာလည်း ချောတာပဲပေါ့..။
ဆရာမ မသီတာ(စမ်းချောင်း)ကိုလည်း အားကျတယ်။ မသီတာ (လမ်းကြောင်း)ကိုလည်း အားကျတယ်း))။
Post a Comment