“မင်းကြီး… ဆန္ဒာဂတိနောက် လိုက်သူ မဖြစ်စေသင့်။ ဘာသာရေးဂိုဏ်း အချင်းချင်း ပဋိပက္ခ မဖြစ်ပွားစေသင့်။”
ဗုဒ္ဓမြတ်စွာလက်ထက်က တိတ္ထိတို့သည် ဇေတဝန်ကျောင်း အနီးအပါးတွင် ကျောင်းဆောက်လုပ်ရန် ကြိုးပမ်းကြ၏။ ထိုအကြောင်းကို သိသော် အသံဗလံ ဆူညံခြင်းမှအစ မသင့်လျော်လှသဖြင့် ရဟန်းတို့အား ကောသလမင်းထံ သွားရောက်ကာ ကန့်ကွက်စေ၏။ စင်စစ် ကောသလမင်းကြီးသည် တိတ္ထိတို့ထံမှ တန်စိုးလက်ဆောင်ယူကာ ခွင့်ပြုထားခြင်း ဖြစ်၍ ရဟန်းတို့အား အတွေ့မခံဘဲ ရှောင်၍ နေလေသည်။ အဂ္ဂသာဝကနှစ်ပါး စေလွှတ်သော်လည်း အတွေ့မခံဘဲ ရှောင်မြဲရှောင်၍ နေလေသည်။ ဤတွင် နောက်တနေ့ နံနက်စောစော၌ ဘုရားရှင်ကိုယ်တိုင် ရဟန်း ၅၀၀ တို့အား ခေါ်ဆောင်ကာ နန်းတော်သို့ ကြွ၍ ကောသလမင်းထံ သွား၏။ ကောသလမင်းလည်း မနေသာတော့ဘဲ ပြဿာဒ်ဆောင်မှ ဆင်းလာ၍ ဘုရားရှင်အား တွေ့ရ၏။ ထိုအခါတွင် ဘုရားက “ဆန္ဒာဂတိကို လိုက်၍ ဘာသာရေးဂိုဏ်း အချင်းချင်း ခိုက်ရန်များအောင် မပြုသင့်ကြောင်း၊ ထိုသို့ပြု၍ တိုင်းပြည်ပျက်ခဲ့ရဖူးကြောင်း” ဤဘရုဇာတက ဇာတ်လမ်းအား ပြောပြ၏။
“ဣသီနမန္တရံ ကတွာ၊ ဘရုရာဇာတိ မေ သုတံ။ဥစ္ဆိန္နော သဟ ရဋ္ဌေဟိ၊ သ ရာဇာ ဝိဘဝင်္ဂတော။”“တသ္မာ ဟိ ဆန္ဒာဂမနံ၊ နပ္ပသံသန္တိ ပဏ္ဍိတာ။အဒုဋ္ဌစိတ္တော ဘာသေယျ၊ ဂိရံ သစ္စုပသံဟိတံ။”(ဇာတက အမှတ်-၂၁၃။ ဘရုဇာတ်)။ရသေ့တို့အား ရန်တိုက်သဖြင့်၊မင်းနှင့်တကွ တိုင်းပြည်ပျက်ခဲ့ရဖူးကြောင်းဘရုဇာတ်ကို ငါကြားဖူး၏။ထို့ကြောင့် ဆန္ဒာဂတိလိုက်ခြင်းအား ပညာရှိတို့ကို မချီးမွမ်းကြ။မပျက်စီးသော စိတ်ရှိသည်ဖြစ်၍ မှန်သောစကားကိုသာ ဆိုရာ၏။
ရှေးက ဘရုနိုင်ငံ (ယနေ့ခေတ် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ Bharuch မြို့) တွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းတစ်ခု ဖြစ်သည်။ ဗောဓိသတ္တသည် ဈာန်အဘိညာဉ်ရ ရသေ့တစ်ပါးဖြစ်ခဲ့၍ ရသေ့ ၅၀၀-ရှိသော ဂိုဏ်းအား အကြီးအမှူးပြုကာ ဟိမဝန္တာတောင်၌ သီတင်းသုံးနေထိုင်၏။ တနေ့တွင် ရသေ့တို့သည် ဆား၊ အချဉ်တို့ကို အလိုရှိသဖြင့် ဟိမဝန္တာမှ ဆင်းကာ ဘရုနိုင်ငံသို့ လာရောက်၏။ မြို့၏ မြောက်ဖက်အရပ်ရှိ ပညောင်ပင်ရင်းတွင် စတည်းချကာ စားသောက် နေထိုင်ကြသည်။ ထိုသို့နေထိုင်ရင်း လဝက်မျှကြာသော် အခြား ရသေ့ဂိုဏ်းတစ်ခုသည် ဘရုနိုင်ငံသို့ ရောက်ရှိလာကာ မြို့၏ တောင်ဖက်အရပ်ရှိ ပညောင်ပင်ရင်းတွင် အလားတူ တည်းခိုကြပြန်သည်။ ထိုရသေ့ဂိုဏ်း နှစ်ဂိုဏ်းတို့သည် ဘရုနိုင်ငံတွင် အလိုရှိသလောက် နေထိုင်ကြပြီးနောက် အသီးအသီး မိမိတို့ နေရပ်ဒေသသို့ ပြန်ကြသည်။
ရသေ့တို့ ဘရုနိုင်ငံမှ ထွက်ခွာသွားသော အချိန်တွင် မြို့တောင်ဖက်မှ ပညောင်ပင်သည် အကြောင်းအမျိုးမျိုးကြောင့် ခြောက်သွေ့သွားလေသည်။ နောင်တွင် ဒုတိယရသေ့အုပ်စုသည် ဘရုသို့ပြန်လည် ရောက်ရှိလာသောအခါ ယခင်က မိမိတို့ တည်းခိုခဲ့သည့် ပညောင်ပင်သည် ခြောက်သွေ့၍ အရိပ်ကင်းမဲ့နေသည်ကို တွေ့ရ၏။ ထိုအခါတွင် မြို့မြောက်ဖက်မှ ပညောင်သို့ ပြောင်းရွှေ့၍ စတည်းချကြလေသည်။ ထိုအချိန်တွင် ပထမရသေ့အုပ်စုသည် ဘရုသို့ ပြန်လည်ရောက်ရှိလာပြီး မိမိတို့ တည်းခိုခဲ့ဖူးရာ မြို့မြောက်ဖက် ပညောင်ပင်၌ပင် နေထိုင်နေလေသည်။ ဤတွင် ရသေ့အုပ်စု နှစ်စုတို့သည် ပညောင်ပင်အား “သူ့အပင်၊ ငါ့အပင်” လုကာ အချင်းချင်း ခိုက်ရန်ဖြစ်ကြလေတော့သည်။
အမှုသည် ဘရုမင်းဆီသို့ ရောက်သော် ဤပညောင်ပင်သို့ ဦးစွာ စတည်းချဖူးသော ပထမရသေ့အုပ်စုအား အရှင်အဖြစ် ပေး၏။ ထိုအခါ ဒုတိယရသေ့အုပ်စုက အလွယ် အရှုံးမပေးဘဲ၊ ဘရုမင်းအား တန်စိုး လက်ဆောင်ပေး၏။ တန်စိုးလက်ဆောင် မျက်နှာဖြင့် ဘရုမင်းသည် ဒုတိယ ရသေ့အုပ်စုအားလည်း ထိုပညောင်ပင်တွင် နေခွင့် ပေးပြန်လေသည်။ ထိုအခါ ပထမရသေ့အုပ်စုကလည်း အလျှော့မပေးဘဲ ဘရုမင်းအား တန်စိုးလက်ဆောင်ပေးကာ မိမိတို့အားသာ နေခွင့်တောင်း ပြန်သည်။ ဘရုမင်းကလည်း တန်စိုးကို ယူ၍ ပထမရသေ့အုပ်စု၏ တောင်းဆိုသည့်အတိုင်း လိုက်လျောပြန်သည်။ နောက်ဆုံးတွင် ရသေ့တို့သည် ကာမဂုဏ်တို့ကို စွန့်၍ ရသေ့ရဟန်းပြုလာပါလျှက် သစ်တစ်ပင်ကြောင့် အငြင်း အခုန်ဖြစ်ရုံမက၊ မသင့်တော်သော တန်စိုးလက်ဆောင်ပေးခြင်းအမှုတို့ကို ပြုမိကြသည့် မိမိတို့၏ အဖြစ်ကို စိတ်ပျက်နောင်တရ၍ ဟိမဝန္တာသို့ ပြန်ကြသည်။
ထိုအခါတွင် နတ်တို့က “ဤမင်းသည် သူတော်စဉ်ရသေ့တို့ကို ခိုက်ရန်ပွားစေခြင်းဟူသည့် မပြုသင့်သော အမှုကို ပြုဘိ၏” ဟု အမျက်ထွက်ကာ ဘရုနိုင်ငံအား သမုဒ္ဒရာ ရေဖြင့် လွှမ်းမိုးစေ၏။ ဘရုမင်းကို အကြောင်းပြု၍ အပြစ်မဲ့သော ဘရုနိုင်ငံသားတို့လည်း သေကျေ ပျက်စီးခြင်းသို့ ရောက်ကြလေသည်။
0 comments:
Post a Comment