Friday, April 25, 2014

လမ်းဆုံလမ်းခွမှာ...

“သူလိုလူ” ကို အားကျပြီး
သတင်းစာသမား ဖြစ်လာတဲ့ သူက
ဂျာနယ်ကျော်မမလေး လိုက်မရေးမိခဲ့တဲ့
“ကွိ” ကို ဘာသာပြန်သွားတယ်။

အရေးကြုံတော့
အရေးတော်ပုံတပ်သားလို့
သူ့ကိုယ်သူ သတ်မှတ်ပြီး...
“မတရားတဲ့ အမိန့်အာဏာမှန်သမျှ
(တာဝန်အရ) ဖီဆန်ကြ” တဲ့။
သူ အကျဉ်းကျခဲ့ပါတယ်။

ကြိုးကိုင်လိုသူတွေက သူ့ကို
ကြိုးကိုင်သူလို့
အထင်တကြီး စွတ်စွဲခဲ့ကြပေမယ့်၊
သူကတော့ …
သစ္စာရှိတဲ့ နောက်လိုက်တဦး အဖြစ်သာ
ခံယူသွားခဲ့တယ်။

ရှေ့မှာ အများနဲ့ရောယောင် ထောက်ခံပြပြီး
နောက်ကွယ်မှာ ဖောက်ပြန်ကြသူတွေလို မဟုတ်၊
သူမြင်ရာကို ထောက်ပြပြီး၊
ပွင့်လင်းစွာ ဝေဖန်တတ်တာကိုက
သူ့ရဲ့ ရိုးသား သစ္စာရှိမှု တစ်ခုပဲ။

သိမ်းပိုက်လိုသူတွေက
သူ့အသိုက်အမြုံကို သိမ်းယူ ဖြိုခွဲခဲ့ပေမယ့်၊
သူကတော့ ရှိသမျှကို ဝေခွဲ
ပြိုကွဲသွားသူတွေရဲ့ ဘဝကို တည်ဆောက်ပေးရင်း
ရသေ့တဦးရဲ့ ဘဝလို နေထိုင်သွားခဲ့တယ်။

သူစွဲမြဲစွာဝတ်ခဲ့တဲ့
အပြာရောင် အကျဉ်းသား အင်္ကျီအောက်မှာ
မိုးကောင်းကင်ပြာလို ကျယ်ပြောလှတဲ့
သူ့ရဲ့ လွတ်လပ်တဲ့ နှလုံးကို
ကောင်းကောင်း ခံစားသိနိုင်တယ်။

အခုတော့…
ခေတ်ဝန်ကို ထမ်း၊ ခေတ်လမ်းကို လျှောက်ရင်း
သူ ကျဆုံးခဲ့ပြီ။
ခရီးမဆုံးသေးပေမယ့်
သူကျဆုံးတာ လမ်းခုလပ်မှာတော့ မဟုတ်ဘူး။
သူ သေချာ မှာ သွားခဲ့တယ်။
သူ ကျဆုံးခဲ့တာ ...
“လမ်းဆုံလမ်းခွ” မှာ …။

(ကွယ်လွန် အနိစ္စရောက်သွားသော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဤစာဖြင့် ဂါရဝပြုပါသည်။)

Thursday, April 17, 2014

Chinese Orchestra

သစ်ငုတ်တိုပင် ဖြစ်စေဦးတော့
အနုပညာဦးထုပ် ဆောင်းလိုက်ရင်
နှလုံးသားများ ဦးညွတ်သွားကြတယ်။

Sam and his cello
မအေက မိတ်ကပ်တွေ ဖွေးနေအောင် လိမ်းပေးထားသေးတာ...
Singapore Youth Festival အတွက် ပြိုင်ပွဲဝင် Radin Mas Primary School - Chinese Orchestra 
သင်္ကြန်အတက်နေ့မှာ အတွေ့အကြုံသစ်တွေ သားငယ်နဲ့ ဆက်စပ်ပြီးရပါတယ်။ ဒီနှစ်ကူးမှာ သကြန်ဒိုးတွေနဲ့ ဝေးပြီး တရုတ်သံစုံတီးဝိုင်းကြီး ခေါ်ဆောင်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားမိတယ်။
ပွဲဝင်ကြမည့် ကျောင်းသူလေးနှစ်ယောက်ကို မိတ်ကပ်ပြင်ပေးတယ်။ ဒုတိယမြောက် ပြင်ပေးတဲ့ ကျောင်းသူလေး သိပ်ချစ်စရာကောင်းတာပဲ။ ရုပ်ကလေးက ဆိုးရှာတယ်။ ရှေ့တည့်တည့်သွားနှစ်ချောင်းက ထပ်လို့...။ မိတ်ကပ်လည်း တခါမှ မလိမ်းဖူးပဲ လိမ်းရမယ်ဆိုလို့သာ အလိမ်းခံရရှာတာ။ သူ့ကိုယ်သူ ရုပ်ဆိုးမှန်းလည်း သိနေပြီး မိတ်ကပ်တွေ လိမ်းလိုက်မှ ပိုရုပ်ဆိုးသွားမလား ..သူ့စိတ်ထဲက စိုးရိမ်နေတာကို ခံစားလို့ရတယ်။ ဒီက ပရော်ဖက်ရှင်နယ်ကြီးကလည်း တုန်တုန်ရီရီနဲ့ မျက်ခုံးမွှေး ဆွဲလိုက်တာ..တဖက်က ထူ.. တဖက်က ပါး...မနည်းပြန်ဖျက်ရတယ်။ ခပ်ပြေပြေလေးပဲ လိမ်းပေးပြီး မှန်ပြတော့ ခေါင်းလေးငြိမ့်ပြီး ပြုံးတယ်။ နောက် ကျောင်းသူလေးတွေ ကျစ်ဆံမြီးမှာ ဖဲကြိုးစီးပေးနေတုန်း အန်တီ အန်တီနဲ့ ခဏ ခဏ လာခေါ်.. ရယ်...ရယ် ပြတယ်။ ခဏနေတော့ သူမျက်နှာ လာပြပြန်တယ်...။ ဆရာမ တယောက်က မိတ်ကပ်ကို ပိုထင်းအောင် high light လုပ်ပေးလိုက်တယ် လို့လည်း ပြောသေးတယ်။ သူ အလှပြင်လို့ ရတယ် ဆိုတဲ့ ယုံကြည်မှုလေးရှိအောင် အစပျိုးပေးလိုက်နိုင်တာ ကိုယ်ပျော်နေမိတယ်။
တာဝန်ခံ ဆရာတယောက်က Scorpion hair လုပ်တတ်လား...လာမေးလို့... I don't know ဖြေလိုက်ရသေးတယ်။ ကိုယ့်ဆံပင်ကြည့်ပြီး ဆရာ အထင်ကြီးသွားပုံရတယ်။ ကျောင်းသားလေးနှစ်ယောက်ကို ပါးနီလိမ်းပေးလိုက်တယ်။

၁၃၇၆ သင်္ကြန်အတက်နေ့ အမှတ်တရ -
နှစ် အကူးအပြောင်းမှာ သင်္ကြန်ဆိုတဲ့ အနုပညာ တွဲချည်လိုက်တော့ ရင်ခုန်စရာတွေကောင်းလို့...
သည်ကြားထဲ အနုပညာဆိုတာ ဘာလဲလို့ တွေး တွေးနေရတာ ခက်ကပီ

Wednesday, April 16, 2014

စိတ္တဇ

သူရူးမ တယောက်…
ပန်းနီနီတပွင့် ထိပ်တည့်တည့်မှာ ပန်ထားတာဟာ…
သူရူးကြောင်းပြနေတာပါပဲ။
ဖောက်လာရင်…
ပန်ထားတဲ့ပန်းကို ဆွဲဖြုတ်
ပွင့်ချပ်တွေ ချေဆုပ်လို့
ငိုယိုလည်းနေသေးတယ်…။

အတ္တနဲ့မာနကို ဦးထိပ်မှာပန်ဆင်ဖို့
တလောကလုံးကို ရွက်ပိုးထားသူ တယောက်…
လေးလံလို့တဲ့လေ…
ပွင့်ချပ်တွေ ချွေချနင်းတယ်။
ကြွေမွသွားတာက
ငါ့လင်နဲ့ ငါ့သားလေးတွေ…။  ။