Tuesday, May 12, 2009

လွတ်မြောက်ခြင်း


ဒီနေ့ နေသာပုံက ထူးတယ်။ ဟိုးငယ်ငယ် စနေတနင်္ဂနွေမဟုတ်တဲ့ ကျောင်းပိတ်ရက်တွေကို အမှတ်ရစေတယ်။ ပျောက်ဆုံးနေတဲ့အရာကို ပြန်ရလိုက်သလို။ ဒီခံစားချက်လေးဟာ ကြာရှည်မခံဘူးဆိုတာ သိနေပေမဲ့ ဘာကိုမှန်းမသိ ကျေးဇူးတင်မိတယ်။ ခဏတာလေး မိမိရရ ဆုပ်ကိုင်မိလိုက်တဲ့အရာကို ကဗျာမပီ စာမမည်ပါစေ ရေးချဖို့ ရင်ထဲက တောင်းဆိုတယ်။


စက္ကန့် ၆၀ တမိနစ်၊ မိနစ် ၆၀ တနာရီ၊ ၂၄နာရီ တရက် သတ်မှတ်ချက်တွေ မပြောင်းလဲသေးပေမဲ့ နေ့တာတွေက တိုလာသလိုလို။ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတယ်ဆိုတဲ့ စီးကြောင်းကြီးမှာ အလိုက်သင့်လေး လိုက်ပါစီးမျောလို့ရော ရနိုင်ပါ့မလား…။ ကိုယ့်ကို တွန်းလှဲ တိုက်ဝှေ့ သွားသူကသွား။ ကိုယ်တိုင်ကလည်း တက်သုတ်နှင်…။ ကိုယ်နဲ့ ဆိုင်သူတွေကိုလည်း ဆွဲခေါ် တွန်းတင်ကြ။ “မအားဘူး” ဆိုတဲ့စကားကို ဂုဏ်ယူစရာတစ်ခုလို တွင်တွင်ပြောနေကြတဲ့ လောက။ နေခင်းကြောင်တောင် အိပ်နေမိတာတောင် လူသိအောင် မပြောရဲတဲ့ ဘ၀။ အတန်းတင် စာမေးပွဲတစ်ခု ၀င်ဖြေနေတာမဟုတ်ပဲနဲ့… ကြားလိုက်ရတဲ့ အသံက… “အချိန်ရော လောက်ရဲ့လားတဲ့”။ အိုင်းစတိုင်းကတော့ အမြန်နှုန်းကို တင်လိုက်ရင် အချိန်ကာလကို ဆွဲဆန့်နိုင်သတဲ့။ အလိုက်သင့်ပဲဖြစ်ဖြစ်၊ ရုန်းရင်းကန်ရင်းပဲဖြစ်ဖြစ် ဒီလောက်မြန်တဲ့ စီးကြောင်းကြီးထဲ မျောပါနေသော်လည်း လူ့သက်တမ်းက တိုးမလာတာတော့ သေချာသပ။


ငယ်စဉ်က စာမေးပွဲပြီးလို့ အနှောင်အဖွဲ့မဲ့ ပေါ့ပါး လွတ်လပ်ခြင်းမျိုး ဒီနေ့ရလိုက်တယ်။

7 comments:

Yu Wa Yi said...

မသီတာရေ...ဒီနေ့ မန္တလေးမှာ မိုးရွာလို့ အေးနေတယ်။ ပေါ့ပါးမိတာချင်းတော့ လာတူနေပြီ။ နေ့ လယ်ကြောင်တောင်အိပ်ပြီး ညကျမှပြန်ထတာတော့ အေးအေးဆေးဆေးတွေးပြီးရေးလို့ ရတာပေါ့။ မသီတာက ကုသိုလ်ထူးတာပါ။ ကျွန်မတို့ တော့ ဖွင့်ရက်မှာနေ့ လယ်အိပ်ချင်ရင် ခိုးပြီး ပြန်အိပ်ရတာ။ ဒါကြောင့်မပြောရဲကြတာနေမယ်နော်။ ဒီမှလေကြမ်းကျသွားတာဟုတ်တယ်မသီတာ။ နာဂစ်ပုံစံအသေးစားလေးတဲ့။
ပျော်ရွှင်အောင်နေပေါ့...အဲလိုပဲပြောတတ်တယ်။

ဇနိ said...

နည်းနည်းအိပ် (မျက်လုံးဖွင့်ပြီး အသက်ရှင်ချိန်တွေ ပိုများအောင်လို့)

ThuHninSee said...

ချာမွဲပြီးသွားပြီ။ အစ်မခံစားချက်ကို ထပ်တူ ခံစားပစ်လိုက်တယ်။

MANORHARY said...

မသီတာ
အဲဒီလွတ်မြောက်ခြင်းမှာ
ပျော်ရွှင်ပါစေ

Ko Paw said...

>>>“မအားဘူး” ဆိုတဲ့စကားကို ဂုဏ်ယူစရာတစ်ခုလို တွင်တွင်ပြောနေကြတဲ့ လောက။ နေခင်းကြောင်တောင် အိပ်နေမိတာတောင် လူသိအောင် မပြောရဲတဲ့ ဘ၀။<<<<

အဲသည်စကားလေးကို ကြိုက်လွန်းလို့ဗျာ။ အလုပ်မရှိရင် မနေတတ်ဘူးလို့ ပြောတတ်ကြလွန်းသူတွေကြားထဲမှာ အလုပ်က ခဏလောက် ထွက်ပြီး အိမ်မှာ ဇိမ်နဲ့ နှပ်နေချင်ရှာသူ ကျနော့်ခမြာ ကိုယ်ဖြစ်ချင်တာလေးတွေကို ပြန်ပြန်မျိုချရလွန်းလို့ ဒီမှာ ရင်ပြည့်ရင်ကယ်တောင် ဖြစ်ချင်နေပြီ။

sonata-cantata said...

12 May 09, 07:27
အပြုံးပန်း: မင်္ဂလာပါ မသီတာ၊ လွတ်မြောက်ခြင်းလေးလာဖတ်တယ်၊ ထပ်တူခံစားလိုက်ရသလိုပဲ။
12 May 09, 23:38
ThihaThit: မမသီတာရေ လွတ်မြောက်ခြင်းကို လာရောက်ခံစားတယ်
12 May 09, 23:39
ThihaThit: စိတအေးလက်အေးလေး နေလိုက်ရတယ် ဆို ကောင်းပါ့ဗျာ

ပျော်ရွှင်ပါစေ ဆုတောင်းပေးတဲ့ မယုဝရီ၊ မနော်။ လွတ်မြောက်ခြင်းကို အတူတူ ခံစားပေးတဲ့ ကိုဧရာ၊ mm၊ အပြုံးပန်း၊ သဟသ၊ ကိုပေါ။ ရှင်သန်ချိန်တွေ ပိုများအောင်ဆန္ဒပြုတဲ့ ကိုဇနိ အားလုံးကို ကျေးဇူးတင်ပါတယ်...

tg.nwai said...

ပြန်လိုချင်တယ် အဲဒီလို လွတ်မြောက်ခြင်း ခံစားချက်မျိုး..ခဏလေးပဲဖြစ်ဖြစ်ပေါ့..။
နေ့လည်ကြောင်တောင်အိပ်တာကို လူမသိခံရဲစရာမရှိပါဘူး မသီတာရယ်..ကိုယ်စက်ဝန်းနဲ့ကိုယ် လည်ပတ်နေကြတာလေ..။ ညဘက် အလုပ်တွေသိပ်များသွားလို့ပါ..အဲ..ညဘက်မှ မီးလာတာကိုး..:}}} အသက်လေးရလာတော့ နားနားနေနေ နေမှ ဖြစ်မယ်ဆိုတာ ခန္ဓာကိုယ်က တောင်းဆိုလာပြီ..