Saturday, May 23, 2009

လူရည်ချွန်

တခေတ်တခါက လူရည်ချွန် ဆိုတာနဲ့ မိမိ ပတ်သက်ဖူးသလောက်လေး ရေးထားချင်ပါတယ်။

ကျမ တသက်နဲ့ တကိုယ် ၇တန်းမှာ မြို့နယ်အဆင့် လူရည်ချွန်အရည်အချင်းစစ် စာမေးပွဲ ဖြေခဲ့ရဖူးပါတယ်။ ကျောင်းက ပထမ အစမ်း စာမေးပွဲမှာ ပထမရလို့ပါ။ ဆိုလိုတာက ကျောင်းအဆင့်မှာ လူရည်ချွန်အတွက်ရယ်လို့ သီးသန့်အရည်အချင်းစစ်ခြင်း၊ စခန်းသွင်းလေ့ကျင့်စေခြင်းမျိုး မရှိခဲ့ပါဘူး။ ဟုတ်ပါတယ် လူရည်ချွန်တယောက်ဖြစ်ဖို့ စာတခုတည်း တော်နေလို့ မရပါဘူး။ အထွေထွေ ဗဟုသုတ၊ ဉာဏ်စမ်းနဲ့ ကိုယ်လက်ကြံ့ခိုင်မှု အားကစားများကိုလည်း အစစ်ဆေးခံကြရပါတယ်။ နှစ်ပတ် အလိုမှ အထက-၃ကို ကိုယ်စားပြုပြီး မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ၀င်ရမယ်ဆိုတာကို သိရတာပါ။ ကိုယ်လက်လှုပ်ရှား အားကစားဆိုလို့ ဘုံဘိုင်က လာတဲ့ရေကို တိုင်ကီထဲခပ်ထည့်တာလောက်သာ လုပ်ဖူးတဲ့ ကျမကို အမကြီးနဲ့ အကိုလေးက အိပ်-ထ-မတင် စတင်လေ့ကျင့်ပါတော့တယ်။ တယောက်ကခြေကကိုင်၊ တယောက်က ခေါင်းကမ။ သူတို့ အားနဲ့တော့ ကြွနေတာပဲ။ လွှတ်ထားလိုက်ရင်တော့ ကြမ်းပြင်နဲ့ကျောကပ်နေတာ တလက်မတောင် မကြွတော့ပါဘူး။

ဒီလိုနဲ့ပဲ အားကစားဖြေရမည့်နေ့ ရောက်လာခဲ့ပါတော့တယ်။ အထက-၄ ကျောင်းရှေ့ ကွင်းကြီးမှာ ပွဲဦးထွက်က မီတာ ၁၀၀ ပြေးရတာပါ။ ၃ယောက်ပြေးရတဲ့ အစုမှာ ကျမ ဒုတိယရပါတယ်။ ဒါတောင် လိုက်ပို့တဲ့ အတန်းပိုင်ဆရာမက “ရှေ့ဆုံးက တာထွက်လာတော့ ငါကစိတ်ထဲက တယ်ဟုတ်ပါလား ထင်နေတာ ပန်းလည်းဝင်ရော ပထမနဲ့ အတော်ကြီးကွာကျန်ခဲ့တယ်”လို့ မှတ်ချက်ပေးပါတယ်။ (အဖျားရှူးတတ်တဲ့ ဇာတိတို့ရဲ့ အစပါ)။ ဒီမှာဖြင့် မောလိုက်တာ ငါ့ပေါင်ကြီး ဒီလောက်လေးမှန်း ခုမှသိလို့ ကောင်းတုန်း နောက်တခါ လာပြန်ပြီ လားဟေ့ မီတာ ၄၀၀… အဲ့ဒီကွင်းကို နှစ်ပတ်ပြေးရမှာတဲ့… ။ ပြေးဆိုတော့လည်း ပြေးပေါ့… ။ ကွင်းတပတ်လည်း ပြည့်ရော ပြေးလမ်းကနေချော်ပြီး ဆရာမ ရင်ခွင်ထဲတန်းပြေး.. တရှုံ့ရှုံ့ ငိုရင်း ပါးစပ်ကလည်း တီချယ် သမီးမရတော့ဘူး သမီးမရတော့ဘူးနဲ့ ချွဲပေါ့…။ အခြားစောင့်ရှောက်နေတဲ့ သူတွေက “ဟဲ့ဟဲ့ ဘယ်လိုဖြစ်တာလဲ တပတ်ကျန်သေးတယ်လေ ပြေးဦးလေ… ဆရာမ ဆက်ပြေးခိုင်းဦးလေ”ပေါ့…။ ဆရာမလည်း သံပုရာသီးစိပ် ပါးစပ်ထဲလှမ်းထည့်ပြီး “မရဘူး မရဘူး ကျမသမီး အကြောင်း ကျမသိတယ်” ဆိုပြီး ပွဲလယ်တင့်ရပါတော့တယ်။

ကွင်းပြင်ကြီးထဲမှာတော့ ဒီလိုနဲ့ တစခန်းပြီးလို့ အခြားသော စစ်ဆေးမှုတွေအတွက် အားကစားရုံကြီးဆီ ချီတက်ကြပြန်ပါလေရော။ ပြိုင်ပွဲဝင်သူတွေ အကုန်တန်းစီပြီး အိပ်၊ ရွှီ ကနဲ ခရာမှုတ်တာနဲ့ စတော့ အိပ်-ထ-မတင်။ ပြိုင်ပွဲ ဆိုတဲ့ အသိကြောင့်လား မသိဘူးရှင် တချက်မှကို ကြွမလာတာပါ။ အသာလေးထပြီး ကိုယ့်ဘေးနားက အားတက်သရော လုပ်နေတဲ့ လူတွေကို ငုတ်တုတ်ထိုင် ကြည့်နေလိုက်တော့တယ်။ ဒီအချိန်မှာတော့ မငိုတော့ပါဘူး။ ခုနင်က တ၀ကြီး ငိုပြီးသွားပြီလေ။ ကလေးဆိုတော့ ကောင်းတယ်… ဖြစ်ကြောမရှည်ဘူး။ နောက်တော့ ဒိုက်ထိုးတဲ့။ နှစ်ချက်သုံးချက်တော့ ထိုးခဲ့သေးတယ် မှတ်တာပဲ။ အခြားစစ်ဆေးမှုတွေ တခုနှစ်ခု အပြီး ပြန်လာခဲ့ရတော့ သူတို့ကျောင်းတောင် မဆင်းသေးဘူး။ စာသင်ခန်းတွေနား တမင်တကာ အတင်း ကပ်လျှောက်ပြီး စပ်စုစိန် လုပ်ခဲ့သေးတာ မှတ်မိတယ်။ (ဟုတ်တယ်လေ ဒီလိုကျောင်းတက်ချိန်ကြီးမှာ ကိုယ့်ကျောင်းမဟုတ်ပဲနဲ့ သူများကျောင်း ကော်ရစ်ဒါမှာ လတ်လျားလတ်လျားလုပ်ရတာ နည်းတဲ့ အခွင့်အရေးကြီးလားလို့)။

Result မျှော်တာပေါ့ရှင်…။ ကိုယ်ကောင်းကောင်းမွန်မွန် ဖြေနိုင်ခဲ့တယ် မဖြေနိုင်ခဲ့ဘူးဆိုတာ ကိုယ်ကိုယ်တိုင် အသိဆုံးဖြစ်ပေမဲ့ မျှော်တာကတော့ မျှော်တာပါပဲ။ ဒီလိုနဲ့ မမျှော်လင့်တဲ့ တနေ့မှာ ရပ်ကွက်ထဲက အင်္ဂလိပ်ကျူရှင်မှာ အထက-၄ ကျောင်းသူ တစ်ဦးက သူ မြို့နယ်အဆင့် လူရည်ချွန် အရွေးခံရကြောင်း သူ့သူငယ်ချင်းတွေကို ပြုံးစစနဲ့ ပြောပြနေတာ တစွန်းတစ ကြားလိုက်ရတဲ့ အခါမှာတော့… ကျမလည်း သူတို့ဝိုင်းထဲတိုးဝင်ပြီး “ငါ နင်တို့ကျောင်းမှာ အားကစားလာဖြေတုန်းက နင်လာဖြေတာ မတွေ့ပါဘူး” လို့ မေးမိတယ်။ “အဲ့ဒီနေ့က ငါနေမကောင်း”လို့တဲ့… နောက်သူဘာတွေ ဆက်ပြောနေခဲ့လဲ (တကယ်ပါ) ကျမ မှတ်ဉာဏ်ထဲ လုံးလုံးမရှိတော့လို့ ရေးမပြနိုင်တော့ပါဘူး။ သူ့ကို ကျမ တချိန်လုံး အကဲခတ်နေတယ် သူမျက်နှာ တချက်မပျက်ဘူး…။ ကျမသိပါတယ်.. ကျမလည်း မျက်နှာပျက်မှာ မဟုတ်ပါဘူး။ “နင်က သိပ်တော်တာပဲဟယ်”လို့ အဓိပ္ပါယ် ထွက်တဲ့ သူ့အတွက် ၀မ်းသာတဲ့ မျက်နှာပေးလေး ပေးခဲ့သေးလာတောင် မသေချာပါဘူး။ ပြိုင်ဘက်တွေလို့ ပြောလို့ရတဲ့ အားကစားဖြေတဲ့နေ့ကမှ တနေ့ထဲသာ တွေ့ဆုံခင်မင်ခွင့်ရခဲ့တဲ့ အခြားကျောင်းက သူငယ်ချင်းတွေရဲ့ ကြိုးစားပမ်းစား ပြေးကြ၊ အားတက်သရော ကုန်းကြ ကွကြ၊ အိပ်-ထ-မတင်လုပ်နေကြတာတွေ ပြန်မြင်ရင်း နင်တို့လည်း result ကို မျှော်နေကြတုန်းလား လို့ စိတ်ထဲကနေ စကားတွေ လှမ်းပြောနေမိပါရဲ့။ ကျမတို့တွေဟာ ၇-တန်းဆိုတော့ သိပ်ကို ငယ်ပါသေးတယ် ပြောမလား၊ အသိတရားရှိနေပါပြီလို့ ပြောမလား။ transparency ဆိုတဲ့ အသုံးအနှုန်းကို မသိသေးပေမဲ့ transparency မရှိရင် တရားမျှတမှုမရှိနိုင်ဘူးဆိုတာ ခပ်ရေးရေး သဘောပေါက်နေပြီလို့ ပြောလို့ရပါတယ်။ အဲ့ဒီနောက်တော့ လူရည်ချွန်ရဖူးတယ်ဆိုတဲ့ သူတွေ တွေ့တိုင်း အိပ်-ထ-မတင် လုပ်တတ်လားလို့ တအံ့တသြကြီး လိုက်မေးနေမိတဲ့ ခပ်ကြောင်ကြောင် ကောင်မလေး တယောက်ဟာ မသီတာပဲ ဖြစ်ပါတော့တယ်။

ဒီလိုနဲ့ ငုတ်လျိုးသွားရတဲ့ လူရည်ချွန်ပိုးဟာ ဆယ်တန်း အတန်းတင်စာမေးပွဲ ဖြေတဲ့ ပထမဦးဆုံးနေ့ - မြန်မာစာဖြေတဲ့နေ့ စာမေးပွဲအခန်းထဲမှာ အခါအားမလျော်စွာပဲ ပြန်ပေါ်လာပါတော့တယ်။ ထုံးစံအတိုင်းမေးခွန်းကို အေးအေးဆေးဆေး ဖတ်လာရင်း နောက်ဆုံး အောက်ပါ ခေါင်းစဉ်များမှ ကြိုက်ရာတခု စာစီကုံးပါ ဆိုတဲ့ မေးခွန်းမှာ

ခေါင်းစဉ်(၁) မြန်မာ့သစ်လုပ်ငန်း - သုတ ကိုမေးတာ
ခေါင်းစဉ်(၂) သုတ-ရသ မေးတဲ့ ခေါင်းစဉ်
ခေါင်းစဉ်(၃) “ပျော်ရွှင်ဖွယ် မြင်ကွင်းတခု” တဲ့ ရသ ကို ရေးရမည့် အခက်ဆုံးလို့ ပြောလို့ရတဲ့ဟာ

ကျမလေ လူရည်ချွန်တွေ စခန်းသွားကြရင် ‘ရန်ကုန်ဘူတာကြီးမှ ထွက်ခွာသွားကြပါသည်’ ဆိုတဲ့ သတင်းစာထဲက သတင်းမျိုးမှာ ပါတဲ့ ဓာတ်ပုံ မျက်စိထဲ ဖျောက်မရအောင်လာထင်နေပြီး အခြားမေးခွန်းတွေ ဖြေနေတဲ့ အချိန်လည်း အဲ့ဒီပျော်ရွှင်ဖွယ် မြင်ကွင်းကို ဘယ်လိုရေးချလိုက်မယ် ဆိုတာ တန်းတန်းစွဲရင်း မြန်မာစာ ၆၅-မှတ်ဖြင့် အောင်မြင်ခဲ့ပါတော့တယ်။

မှတ်ချက်။ ။ ၇တန်း အတန်းပိုင် ဆရာမ ဒေါ်ဗစ်တိုးရီးယားလူပါ။ (ခရစ်ယာန် ဘာသာဝင် ကရင်လူမျိုး- မြန်မာ အမည် ဒေါ်ဆိတ်ကျင်) ဆရာမနဲ့ ၆တန်း ၇တန်း နှစ်နှစ်ဆက်တိုက် သင်္ချာ(၂) သင်ခဲ့ရပါတယ်။ အသင်အပြ စည်းကမ်း အလွန်ကောင်းမွန်ပါတယ်။ ကြုံဖူးခဲ့တာလေး ချရေးခြင်းမျှသာပါ။ အရည်အချင်းရှိတဲ့ လူရည်ချွန်တွေ အများကြီးပါ။ ကျမကို ကွန်ပြူတာနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့၊ အခွင့်ကြုံသလို သွန်သင်ဆုံးမတတ်တဲ့၊ အမအရင်းတယောက်မဟုတ်ပေမဲ့ ကျေးဇူးတရားကြီးမားတဲ့ အမတယောက်ကလည်း လူရည်ချွန် အကြိမ်ကြိမ်ရခဲ့ဖူးသူပါ။

22 comments:

တန်ခူး said...

မ ရေ… မ ဒဏ်ရာက ကျွန်မထက် ခါးသက်ပါလား… ဟိုတနေ့ ကပဲ ရွာသားလေးရဲ့ အမှန်တရားပျောက်ဆုံးခြင်း ပို့ စ်လေးမှာ ကျွန်မ အတွေ့ အကြုံလေးကို ဒီလို ကော်မန့် ပေးခဲ့သေးတယ် မ ရေ… တရားမျှမျှတတ အရည်အချင်းစစ်စစ် ရတဲ့ လူရည်ချွန်တွေအများကြီးရှိသလို တရားမမျှမတ အရည်အချင်းမစစ်တဲ့ လူရည်ချွန်တွေရော ဘယ်နှစ်ယောက်ရှိခဲ့သလဲ… တွေးနေမိတယ်…
“ရွာသားလေးက လေးတန်းကတည်းက အာဂသတ္တိပဲ…
ဒီပို့ စ်လေးဖတ်ပြီး အမငယ်ငယ် လူရည်ချွန်ဖြေတုန်းက အကြောင်း သွားသတိရတယ်…
အားကစားကို ဖြေတဲ့နေ့ ပေါ့.. လူရည်ချွန်က ဘက်စုံရမှ လူရည်ချွန်ဖြစ်တာလို့  နားလည်ထားတဲ့ ကလေးအတွေး… ချမ်းချမ်းစီးစီး မနက်တွေမှာ အိပ်ယာထဲမကွေးနိုင်ပဲ အမေနဲ့ အတူ အားကစားလေ့ကျင့်ခဲ့ရတာလေ…
အမက ငယ်ငယ်က အဆော့သန်တော့ အားကစားကို မကြောက်ဘူး… အိပ်ထမတင် ဒိုက်ထိုး အကုန်ရတယ်… ပြိုင်ဘက်ကျောင်းက ပိုက်ဆံရှိကျောင်း… ပျော့ဖတ်ဖတ်ကောင်မလေး မထိုးနိုင်ထိုးနိုင်နဲ့  ဒိုက်ထိုးတာကို ရေတွက်နေတဲ့ လူက ၁၀ ကနေ ၁၁ မဟုတ်ပဲ ၂၀ ကျော်ရေတယ်… ၂၀ကနေ ၂၁ မဟုတ်ပဲ ၂၅ ကျော်ရေတယ်… အသားတွေ တဆတ်ဆတ်တုန်အောင် မခံနိုင်ဖြစ်တယ်… အဲဒီလူကို ဘာလို့ ကျော်ရေတာလဲလို့  သွားမေးပစ်လိုက်တယ်… အဲဒီတုန်းက ကိုယ့်ပုံစံက ယောင်္ကျားလေးလိုဆိုတော့ ဒီကောင်မလေးပြိုင်ဘက်လို့  မထင်ဘူး… ဒီလူက ရူးချင်ယောင်ဆောင် ခေါင်းလေးပုတ်ပြီး ဘယ်မှာ ကျော်ရေလို့ လဲ ချာတိတ်ရဲ့တဲ့… အိမ်ရောက်တော့ အမေက အဖေ့ကို ပြောတယ်… ရိုးရိုးလေးနဲ့  လူရည်ချွန်မရဘူးတဲ့… ပိုက်ဆံအိတ်ချိုင်းကြားညှပ်လိုက်မှတဲ့… အဖေက မရရင်နေပစေတဲ့… လူရည်ချွန်တိုင်းကို ပြောတာတော့ မဟုတ်ပါဘူး… ဒါပေမယ့် အဲဒီအဖြစ်က ကိုယ်တွေ့ ပဲ… အဲဒီကစ ယုံကြည်ချက်တွေ နည်းလာတယ်ဆိုပါတော့… ဒါက ရင်ထဲက အနာထဲက တခု… နောက်ရှိသေးတယ်…အမှန်တရားဆိုတာ စမ်းတ၀ါးဝါးရှိတုန်းပါ ရွာသားလေးရယ်…”

အပြုံးပန်း said...

တူနေပြီ၊
လူရည်ချွန်ဖြေဖူးတယ်၊ အဲဒီလိုလဲပြေးဖူးတယ်၊ ညဏ်စမ်းတော့ ကောင်းကောင်းဖြေနိုင်ခဲ့တယ်၊ မြို့နယ်ကနေ ပြည်နယ်အဆင့်ထိ ရောက်အောင်ဖြေခဲ့ရတာဆိုတော့
result ထွက်လာခါနီးတော့ မျှော်ဖူးတယ်။ အဲဒီတုန်းကရသွားတဲ့သူက မသီတာပြောတဲ့Transparency ပဲ၊ အဲဒီတုန်းကနားမလည်ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် ဟိုတနေ့ကမှ ထမင်းစားရင်း အဖော်မွန်နဲ့ သူတော်ကြောင်း ကိုယ်တော်ကြောင်းလေးပြောရင်း လူရည်ချွန်ဖြေခဲ့ရတဲ့ အကြောင်းလေး ရောက်သွားသေးတယ်။

Anonymous said...

ကျနော်လည်း ၇ တန်းတုန်းကဖြေဖူးတယ်။ အားကစားက ရပေမဲ့၊ အဲဒီအချိန်က ရှေ့ဆောင်လူငယ်တို လမ်းစဉ်လူငယ်တို့ မဆလ ပါတီ အကြောင်းတွေ မေးတာမဖြေနိုင်ဘူး။ ၇တန်းဆိုတော့လည်း မဖြေနိုင်တာ တရားပါတယ်။ ခင်ဗျား post ဖတ်လိုက်မှပဲ ဘ၀အစအဆုံး ပြန်လွမ်းရမလို ဖြစ်ပြီ/

tis

MANORHARY said...

မသီတာ
ဘဝတူတွေမို့
ပြုံးသွားတယ်
း)
(ခုမှ ပြုံးဖြစ်တဲ့အပြုံးမျိုးနဲ့..)

khin oo may said...

ပြောချင်တာက မြန်မာစာဖြေရင်း စဉ်းစားတာ အဲဒီဘက်အာရုံရောက်သွားလို့ အမှတ်နည်းသွားတယ်လို့ပြောချင်တာလား။

tg.nwai said...

တို့တွေတုန်းကတော့ လူရည်ချွန်လေးထပ်ကွမ်းက ၆-တန်းကတည်းက တခုံတည်းထိုင် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးလေ..။ အဲဒီတော့ သူရတာတွေက တရားတယ်လို့ ထင်တာပဲ။ သူတော်တာ ကြိုးစားတာတွေ ကိုယ် သိနေတာကိုး။ တခြားသော တခြားတွေတော့ ကြားဖူးတယ်..။

ဖတ်ပြုံးပြန်သွားပါတယ်...။
တို့တုန်းကတော့ ဖြေဖူးတယ်ရှိအောင် ၀င်ဖြေခဲ့ရုံပဲ..:)

sonata-cantata said...

23 May 09, 17:58
Rita: စာလာဖတ်ပါတယ် မမရေ။
23 May 09, 17:59
Rita: မမKOM ဘယ်သူ့ blog မှာလဲမသိဘူး ရေးထားတာလေး သတိရမိတယ်။ အတွေ့အကြုံဆိုတာ ကိုယ်က ခံရတာချည်းပဲ တဲ့။ ရီရတယ်
23 May 09, 21:25
ယုဝရီ: လူရည်ချွန်အကြောင်း ပြောရင် စိတ်လည်းနာ၊ ကိုယ်လက်တွေအောင်နာလာပြီ အသီတာ။ အားး.မီတာ ၄၀၀ ပြေးရင်း လဲလို့ 
23 May 09, 21:26
ယုဝရီ: မသီတာ လို့ ရေးတာ “အ” တွေ လျှောက်နှိပ်မိသွားတယ်။

အပြုံးပန်း said...

ဆောရီးပါ မသီတာရေ၊
ကိုယ်မရတာနဲ့ သူများကို မသိပဲ ပြောမိသွားတယ်၊ အဲဒီနှစ်မှာ ရသွားတဲ့ တယောက်က ဆရာဝန်ဖြစ်သွားတာဆိုတော့ အမှန်တကယ်တော်လို့ ဖြစ်မှာပါ။
တကယ်က ကိုယ်လိုနေသေးလို့ မရတာ ဖြစ်မှာပါ။

Ko Paw said...

အားလုံးကို ကြုံလို့ ကြွားရရင်တော့ ကျနော် ၇ တန်းနှစ်က လူရည်ချွန်ရဘူးတယ်ခင်ဗျ။ ငပလီ ရွှေဝါချိုင်စခန်းကို သွားရပါတယ်။း-)

ဧရာ said...

မသီတာက လူရည်ချွန် ဖြေဖူးလားလို့ မေးလာပါတယ်။ အလယ်တန်းအဆင့်မှာတော့ “လူရည်ချွန် အရည်အချင်းစစ် စာမေးပွဲ” ဖြေရမယ်လို့တော့ အကြောင်းကြား ခံရဖူးပေမဲ့ ဘယ်အချိန် ဘယ်နေရာ ဖြေသွားကြသလဲတော့မသိခဲ့ ပါ။ ကိုယ်က အ, တာကိုး။ အဲနောက် သိတတ်လာတော့လည်း ကိုယ့်အရည်အချင်း ကိုယ် သိနေတော့၊ ၀င်ဖြေ မနေတော့ပါဘူး။

Craton said...

အလဲ့.. အန်တီတာကြီးက တယ်ဟုတ်ပါလား.. သားသားလည်း လူရည်ချွန်ပြိုင်ဖူးတယ်..မူလတန်းတုန်းက တစ်ခါ.. ၈တန်းတုန်းက တစ်ခါ။ မြို့နယ်ထိပဲ ၁ ချိတ်ပြီး တိုင်းမပါ..း( စစ်တဲ့အထဲ သီချင်းဆိုပြရတာ အပျော်ဆုံးပဲ.. အဟိ

စူး said...

အမ ..ဟုတ်တယ်အမ

မြတ်နိုးတို့က နောက်ဆုံးနှစ်လားသိဘူးး
ဘေးကတယောက်က ကြွားတယ်.. အဲတုန်းက သူကြွားနေမှန်းတောင်သိဘူး

သူပြောတာ ပညာရေးဝန်ကြီးအိမ်ကို ဆိုလားး အမြဲတမ်းပို့ဆိုပဲ..

အမရယ် ကိုယ့်အရည်အချင်း ကိုယ်သိပါတယ်..
ပြိုင်လာရင် အရှုံးပေး နှလုံးအေးတဲ့ဆေးတဲ့..
ခုချိန်ထိ လက်ခံထားတုန်းး

ကိုယ်လုပ်စရာရှိတာပဲ ကိုယ့်ဘာသာလုပ်သွားတယ်..။
ဆရာပြောတာ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးတာတဲ့..။ ဘာပဲလုပ်လုပ် ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပဲ လိုတာပါပဲ။

ကိုယ့်လိပ်ပြာလုံဖို့ပဲ အတွက် လုပ်နေဦးမှာပါပဲ။ အများမိုးခါးရေသောက်လဲ သောက်ကြပါစေ။ လူဆိုတာ ကိုယ့်လမ်းကိုယ်ထွင် လျှောက်ကြတာပါပဲ။

မြတ်နီုးတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံနေဆဲပဲ..။

WWKM said...

လူရည်ချွန်ပို့စ်လေးဖတ်ပြီး ကြုံကြွားလုပ်လိုက်ဦးမယ်
အစ်မရေ...း))
ဝါလည်းဖြေဘူးတာ ပို့စ်ထဲတောင်ထည့်ရေးဘူးတယ်..
ကိုယ်ကတကယ်ညံ့တာပါ..အားကစားက လုံးဝမရတော့
လေ.. အိပ်ထမတ်တင်ကတော့ ..ဝေးးးး
ဝင်ပြိုင်ဖူးသွားတာ အမြတ်ပေါ့.
ဝါ့သူငယ်ချင်းကတော့ ၃ထပ်ကွမ်းလူရည်ချွန်လေ.
အားကျမိပါတယ်သူ့ကိုတော့...သူကတကယ်တော်တာ
ပါ..ကျောင်းဆရာသားပဲလေ.. စာလည်းအရမ်းတော်
တယ်.
ပျော်စရာကြီး.. ၀င်ကြွားသွားတယ်နော်..
လုရည်ချွန်အသင်းထောင်ရအောင်လေ..း))))

Nu Thwe said...

မတရားတာတွေ ရှိခဲ့မယ်ဆိုတာ အဲဒီတုံးက နားမလည်ခဲ့ဘူး။ မဖြစ်သင့်ပေမယ့် ဖြစ်ခဲ့ပြီး၊ ဖြစ်နေတုံး လူ့သဘာဝနဲ့ ချွတ်ယွင်းချက်တွေပေါ့လေ။
လသာ၂ မှာတုံးက ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်က လူရည်ချွန် လေ့ကျင့်ရေးကို သေသေချာချာ အားပေးပါတယ်။ ကျောင်းအဆင့် အောင်ပြီးသူတွေအားလုံးကို ဆရာမတွေနဲ့ အဖွဲ့ သေချာဖွဲ့ပြီး train လုပ်တယ်။ ဆောင်းတွင်း ချမ်းချမ်းစီးစီး မနက် ခြောက်နာရီ မိုင်ဒါကွင်းမှာ အားကစား သွားသွားကျင့်ရတာကို စိတ်အညစ်ဆုံးပဲ။ အအိပ်မက်တာကိုး။

JulyDream said...

ကျွန်တော်က အိပ်ထမတင် မလုပ်တတ်သေးတာ အခုချိန်ထိပဲ။ တော်သေးတာပေါ့ လူရည်ချွန် ၀င်မဖြေရလို့။ ဖြေရရင်လည်း ကျမှာပဲလေ။

သက်ဝေ said...

၇တန်း ၈ တန်း ၉ တန်း ၃ နှစ်စလုံး မြို့နယ်အဆင့်အထိ ဖြေခဲ့ဖူးပါတယ်...
တခါမှ မရခဲ့ဖူးပါ...။
ဆရာမတွေ လူကြီးတွေက ဖြေဖြေ ဆိုလို့ ဝင်ဖြေခဲ့တာပါ...။
မသီတာတို့ တန်ခူးတို့ ပြောပြမှ မသိသေးတာတွေ သိလာရပါတယ်...။ ကျေးဇူးတင်ပါတယ်...။ (ပြုံးပြုံးလေး ပြောသွားသည်)

ဝေလေး said...

လူရည်ချွန် တစ်ခါမှမဖြေဖူးဘူး... ဟဲ....
အားငယ်လိုက်တာ လူတော်တွေကြားထဲမှာ.... :)

ကြည်ဖြူပိုင် said...

လူရည်ချွန်ပို့စ်လေးသဘောကျသွားတယ်မမရေ

မီယာ said...

လူရည်ချွန်က လူရွေးပြီး ပြိုင်ခိုင်းတာလေ။ ဘင်ခရာတောင် ၀င်ချင်တဲ့ သူတိုင်း မ၀င်ရပါဘူး။ သင်္ကြန်အကလည်း ထိုနည်းလည်းကောင်းပဲ။

မသီတာ အိမ်ရှေ့ထွက်ကြိုပေးတာ ကျေးဇူးတင် လိုက်တာ။ မုန့်တွေလာယူနော်။

Kay said...

နယ်မြို့လေး ကနေ.. ခရိုင်မြို့ကြီး တမြို့ဆီ..နှစ်စဉ် နှစ်တိုင်း မလျှော့သော ဇွဲဖြင့်.. သွားရောက် ယှဉ်ပြိုင်လေ့ ရှိပါတယ်။ နှစ်စဉ် နှစ်တိုင်း အရွေးခံရသူကလည်း..အဲဒီ ခရိုင်မြို့ကြီးက..နံမယ်ကြီး ကျောင်းကြီးက..အတော်ဆုံး ဆိုတဲ့ တယောက်ဖြစ်ပြီး.. ဆံထိုးမြင့်မြင့် ကြီးနဲ့ ပိုက်ဆံအိတ်ကြီး ချိုင်းကြားညှပ်ထားတဲ့.. ခန့်ညား ၀ံ့ကြွားတဲ့..မိန်းမကြီး ( အမေ ဖြစ်မှာပါ) က..နောက်က..ဖြေရာ နေရာတိုင်း အခန်းတိုင်း ပြေးတိုင်း ..လိုက်လေ့ရှိပါတယ်။
လူကလည်း တော်မှာပါ.. တော်သလို..ပံ့ပိုးမူ အားကောင်းခဲ့တာကို အမြဲ အားကျ ငေးမော နေခဲ့ဖူးပါတယ်။

နေရာ ဒေသအားသာချက်..ကြိုတင် အသိအမှတ်ပြုခံရခြင်း.. ပံ့ပိုးမူကောင်းခြင်းကြောင့်..ယုံကြည်မူ မြင့်တက်ခြင်း.. စတာတွေ ကို နားလည်ခဲ့မိပါတယ်..မသီတာရေ-

Dr.Nay Oo (Burma) said...

မသီတာခင်ဗျား ...
ကျွန်တော်ဒေါက်တာနေဦး၊ Luyechun (လူရည်ချွန်) Facebook Group Admin တယောက်ပါ။ လူရည်ချွန်ဟောင်းများနဲ့ လူရည်ချွန်စီမံကိန်း အကြောင်း မှတ်တမ်းမှတ်ရာများကို စုစည်းထားတဲ့ ကျွန်တော်တို့ အုပ်စုစာမျက်နှာမှာ စီမံကိန်း အကြောင်း အခြားသူများရဲ့ ခံစားထင်မြင်ယူဆချက်များကို စုစည်းတင်ပြ ထားလိုပါတယ်။ မသီတာ၏စာစုနှင့် မှတ်ချက်ပြုသူများ၏ ကိုယ်တွေ့ခံစား ထင်မြင်မှုများကို လူရည်ချွန် ဖေ့စ်ဘွတ်ခ် စာမျက်နှာ http://www.facebook.com/home.php?sk=group_76491580738&id=10150263987545739 တွင်တဆင့် ပြန်လည် မှတ်တမ်းပြု တင်ပြပေးခြင်းအား ခွင့်ပြုပေးပါရန် မေတ္တာရပ်ပါတယ် ခင်ဗျား။
လေးစား ကျေးဇူးတင်လျှက်
နေဦး (ခေတ္တ - လီဆိုသို)

sonata-cantata said...

ရပါတယ် ဒေါက်တာနေဦးရှင့်