Friday, May 29, 2009

ကြောက်တတ်ဖို့ လိုပါသည်

ကြောက်တတ်ဖို့ လိုပါသည်။ ကြောက်ရွံ့ခြင်းသည် ဘေးအန္တရာယ်ကို ရှောင်ရှားလိုခြင်း ဖြစ်သည်။ မိမိအပေါ်, မိမိ၏ ပတ်ဝန်းကျင်အပေါ် ကြရောက်လာမည့် ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ သို့သော် ကြောက်ခြင်းတွင် မှန်ကန်သော ကြောက်ခြင်းနှင့် မှားယွင်းသော ကြောက်ခြင်းဟု နှစ်မျိုးရှိလေသည်။

မှန်ကန်သော ကြောက်ခြင်းသည် အမှားအမှန်ကို ပိုင်းခြားဝေဖန်သိ၍ အမှားကို ကျူးလွန်မိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကြောက်ရွံ့ခြင်းဖြစ်သည်။ မှားယွင်းသော ကြောက်ရွံ့ခြင်းသည် လတ်တလောရင်ဆိုင်ရမည့် ပြဿနာကိုသာ ကြောက်တတ်ကြသည်။ အသိဉာဏ်မပါ၍ အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်စွမ်းမရှိပဲ၊ အမှားကိုလည်း ကျုးလွန်မိစေနိုင်သည်။ မတရားမှုဆီသို့ ဦးတည်စေနိုင်၍ “ဘယာဂတိ”ဟု သတ်မှတ်သည်။ မှန်ကန်သော ကြောက်ရွံ့ခြင်းကသာ တရားမျှတသော လူ့ဘောင်လောကကို ဖန်တီးနိုင်သည်။ ထို့ကြောင့် “သြတ္တပ္ပ”ခေါ် မှန်ကန်သော ကြောက်ရွံ့ခြင်းအား လောကကို စောင့်ရှောက်သော လောကပါလတရားဟု သတ်မှတ်သည်။ မှန်ကန်သော ကြောက်ရွံ့ခြင်းသည် အဓမ္မအင်အားစုများ၏ ခြိမ်းခြောက်မှုကို မကြောက်။ မတရားမှုများ ကျုးလွန်ရမည်ကိုသာ ကြောက်သည်။ မှားယွင်းစွာ ကြောက်တတ်သူများသည် လတ်တလော ခြိမ်းခြောက်မှုကို စိုးရွံ့ကြသော်လည်း၊ မတရားမှုတို့ တဖြည်းဖြည်း လှိုက်စားကာ လူ့ဘောင်လောက ပျက်စီးစေမည့် ဘေးအန္တရာယ်များကိုမူ လစ်လျှုရှု မျက်ကွယ်ပြု ထားတတ်ကြသည်။


ကောဋသိမ္ဗလိဇာတ်တော်တွင် ဂဠုန်နှင့် ငှက်ငယ်ကို ပမာပြု၍ မှန်ကန်စွာ ကြောက်တတ်ဖို့လိုကြောင်း ဟောကြားထားသည်ကို မျှဝေလိုပါသည်။ တခါက ဂဠုန်မင်းသည် မိမိ၏ ကိုယ်အား ယူဇနာ-၁၅၀ မျှကြီးအောင် ဖန်ဆင်း၍ သမုဒ္ဒရာရေပြင်ကိုခွဲကာ နဂါးမင်းကို အမြီးမှ ဖမ်း၍ ချီလိုက်သည်။ နဂါးလည်း ရုန်းရင်းကန်ရင်းဖြင့်ပင် ဂဠုန်ချီရာ ပါသွားရသည်။ ဂဠုန်လည်း ပြင်းသောအရှိန်အဟုန်ဖြင့် လက်ပံပင်တစ်ပင်ရှိသည့် တောကို ဖြတ်ကျော်သွားသည်။ နဂါးက အသက်ဘေးမှလွတ်ရန် လှမ်း၍မိသော ညောင်ပင်ကြီးအား ရစ်ခွေ၍ ရုန်းသည်။ သို့သော် ဂဠုန်မင်းသည် အလွန်ခွန်အားကြီး၍ ညောင်ပင်ပါ အမြစ်မှကျွတ်၍ ပါသွားလေသည်။ ထို့နောက် နဂါးကို စားကား အကြွင်းအကျန်တို့ကို သမုဒ္ဒရာတွင် စွန့်ပစ်၏။

ထိုအခါတွင် ညောင်ပင်တွင်နေသော ငှက်မသည် မိမိ၏ အသိုက်အမြုံပျက်စီးသွား၍ လက်ပံပင်သို့ ပြောင်း၍ နေလေသည်။ ဤသို့ ငှက်ငယ်မ ပြောင်းရွေ့လာသောအခါ လက်ပံပင်စောင့်နတ်က အလွန် တုန်လှုပ်ခြောက်ခြားသွား၍ လက်ပံပင်သည် အမြစ်မှ စ၍ တုန်လေ၏။ ဤသည်ကိုမြင်သော ဂဠုန်မင်းက “မိမိကဲ့သို့ အလွန်ခွန်အားကြီးမားသော ဂဠုန်က နဂါးကို ချီ၍ လက်ပံပင်ကို ဖြတ်ကျော်သွားစဉ်က ကြောက်ရွံ့ခြင်း မရှိ။ အလွန်သေးငယ်သော ဤငှက်ငယ်မ လာသည်ကို အဘယ်ကြောင့် ကြောက်ရွံ့ရပါသနည်း” ဟု တအံ့တသြ မေးလေ၏။ ထိုအခါ လက်ပံပင်စောင့်နတ်က “ဤငှက်ငယ်မသည် ငါ၏ သစ်ပင်ခွ၌ ကျင်ကြီး စွန့်အံ့။ ထိုကျင်ကြီးမှ ညောင်စေ့, ရေသဖန်းစေ့တို့သည် အပင်ပေါက်ကာ, ဤလက်ပံပင်အား လွှမ်းမိုး လတ္တံ့။ ငါ၏ ဗိမာန်လည်း ပျက်အံ့” ဟူသော အနာဂတ်ဘေးကို မြင်၍ စိုးရိမ်ထိတ်လန့်ကြောင်း ဖြေလေသည်။

သေကၤယ် သကႋတဗၺာနိ၊ ရေကၡယ်ာ နာဂတံ ဘယံ
ရွံရှာသင့်သည်ကို ရွံရှာရာ၏။ အနာဂတ်ဘေးကို ကာကွယ်စောင့်ရှောက်ရာ၏။

မကြောက်သင့်သည်တို့ကို မကြောက်မိဖို့ လိုသည်။ ကြောက်သင့်သည်တို့ကို ကြောက်တတ်ဖို့လိုသည်။ မတရားမှုတို့ တဖြည်းဖြည်း လှိုက်စား ၀ါးမြိုခံရမည့် အရေးကို မျက်ကွယ်မပြုမိပဲ၊ စေ့စေ့တွေး၍ ကြောက်တတ်ဖို့လိုပါသည်။


ဧရာ(မန္တလေး)

စာညွှန်း။
ဇာတက-၄၁၂၊ သတ္တကနိပါတ်-ဂန္ဓာရ၀ဂ်-ကောဋသိမ္ဗလိဇာတ်

12 comments:

Moe Cho Thinn said...

"မှန်ကန်သော ကြောက်ရွံ့ခြင်းသည် အဓမ္မအင်အားစုများ၏ ခြိမ်းခြောက်မှုကို မကြောက်။ မတရားမှုများ ကျုးလွန်ရမည်ကိုသာ ကြောက်သည်"

ကိုဧရာ.. အင်အားဖြစ်စေတဲ့အတွက် ကျေးဇူးပါ။

Steve Evergreen said...

too much! i will





















































































come back and read it through soon.





i arrived from pauk's blog.

sonata-cantata said...

မင်္ဂလာပါ ကိုSteve
ကြိုဆိုလျက်ပါ ကိုSteve

Ko Paw said...

မျက်စိဖွင့်ပေးတဲ့ ဆောင်းပါးကောင်းတပုဒ်ပါပဲ… ကိုဧရာ။

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ကြောက်တော့ကြောက်ပါ။ ဒါပေမယ့် မျက်စိဖွင့်ပြီး ကြောက်ကြပါ” ဆိုတာ ဒီအဓိပ္ပါယ်ပဲပေါ့။

ဆရာအောင်သင်းကတော့ ဟောပြောပွဲတခုမှာ စာရိတ္တသတ္တိဆိုတာ….

“လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့သတ္တိ။
မလုပ်သင့်မလုပ်ထိုက်တာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ”….လို့ ဆိုပါတယ်။

ခြုံငုံပြောရရင်တော့ ဟီရိသြတ္တပ္ပကို မှန်မှန်ကန်ကန်အဓိပ္ပါယ်ဖွင့်ပြီး ကျင့်ကြံကြဖို့ပါပဲ။ အဲဒီအရှက်နဲ့အကြောက်ဟာ “လောကပါလတရား” (သို့မဟုတ်) လောကကို စောင့်ရှောက်သောတရား ရယ်လို့ ခေါ်ဆိုကြောင်း မှတ်သားခဲ့ရဖူးပါတယ်။ အဲသည်တရားကို လူအများမစောင့်ထိန်းရင် လောကကြီးဘယ်လိုဖြစ်တတ်သလဲဆိုတာ မြန်မာပြည်သူပြည်သားတွေကို အထူးတလည် ဥပမာတောင် ပေးနေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။

တန်ခူး said...

ဆရာ့စာတွေဖတ်ဖတ်ပြီး ကျွန်မတို့  5th yr နဲ့  final yr မှာ ဆရာစာသင်ခဲ့တာကို အမြဲပြန် သတိရမိတယ်… ကွန်ပြူတာဘာသာကို ကိုယ်နဲ့ အတော်အလှမ်းဝေးနေသလို ကြောက်လန့် နေတတ်တဲ့ ကျွန်မတို့ လို ခပ်ဖျင်းဖျင်းလူမျိုးတွေ ဆရာရဲ့ တိကျပြတ်သား အချိတ်အဆက်မိတဲ့ ရှင်းပြချက်တွေကြောင့် အောင်ဖို့ ကနေ အမှတ်များဖို့ ထိ ကြိုးစားချင်စိတ်တွေ ၀င်လာခဲ့တယ်… ဟိုတနေ့ ကပဲ ဆရာရဲ့ ဓမ္မနဲ့ အဓမ္မပို့ စ်ကို ဆရာ့တပည့်ကျွန်မအမျိုးသားကို ပြောပြရင်း ဟိုးအရင် ဆရာစာသင်ခဲ့တာတွေပါ ပြောဖြစ်ကြတယ်… သူက ဆရာရဲ့ချက်ကျလက်ကျ ရှင်းပြချက်တွေကို ပြန်ပြောနိုင်တဲ့အထိ မှတ်မိနေသေးတယ် (ကျွန်မက သူ့ လောက်တော့ မမှတ်မိဘူးလေ… 8-() ဆရာရေးတဲ့ စာတွေကလဲ အဲဒီလိုပဲ… တခါတခါ ကိုယ့်ကိုယ်ကိုမှုန်ဝါးနေရာက ကြည်လင်လာအောင်၊ တခါတခါ ကိုယ့်ကိုယ်ကိုမသိမသာလိမ်မိနေရာက မလိမ်မိအောင်၊ တခါတခါ ကိုယ့်ကိုယ်ကို အလျော့ပေးအလိုလိုက်နေရာက စည်းကမ်းတကျထိန်းသိမ်းတတ်အောင် တည့်တည့်မတ်မတ် လမ်းညွှန်ပေးတတ်တဲ့ ဆရာ့စာတွေက တန်ဖိုးကြီးလွန်းလို့  အရမ်းကို ကျေးဇူးတင်လေးစားမိပါတယ်ဆရာ… ဆရာက ကျွန်မတို့ ကို ဒီဘလော့လေးနဲ့ စာတွေသင်နေတုန်းပါပဲ… ( မမသီတာရေ… ဟိုတနေ့ က ကျွန်မက ကြောက်တတ်တယ်လို့  မမကိုပြောတာ ဆရာများကြားသွားလားဟင်… ဒီပို့ စ်က အတော်ထိတယ်… ဟိဟိ)

ခင်မင်းဇော် said...

ကျမတော့ ဒီပို့စ်ကို သိပ်ကြိုက်တာပဲ။ လူတိုင်းနားလည်ဖို့လိုတယ်။ မကြောက်တတ်တာက မိုက်ရူးရဲတာပဲ။ ကြောက်တတ်ဖို့လိုတယ်။ မျက်စိဖွင့်ပြီး ကြောက်တတ်ဖို့လိုပါသည်။
ကျေးဇူးတင်ပါတယ်။

Anonymous said...

ကြိုက်တယ်ဗျာ။ သိမ်းထားလိုက်အုန်းမယ်။



hanlinhtun

Yu Wa Yi said...

အသက်ကို ဥာဏ်စောင့် လို့ ဆိုတယ်မဟုတ်လား။
ဥာဏ်ဆိုတာက အကြောက်တရားရှိမှ ပေါ်လာကြတာထင်ရဲ့ နော်။

tg.nwai said...

အင်း..ကြောက်တတ်ဖို့လည်း သတ္တိလိုသေးတာပဲနော်..။
တန်ဖိုးရှိတဲ့ ပို့စ်လေးအတွက် ကျေးဇူးပါ..

ရွှန်းမီ said...

ကြောက်စရာကောင်းတာကိုပဲ ကြောက်တတ်ဖို့ သတိပေးတဲ့တွက် ကျေးဇူးတင်ပါတယ်..

Myo Win Zaw said...

မှန်မှန်ကန်ကန်ကြောက်တက်ပါပြီ

သက်ဝေ said...

တန်ခူးတို့လို ကျောင်းတုန်းက ဆရာ့ တပည့် မဖြစ်ခဲ့ရပေမယ့် အခု ဘလော့ဂ်ထဲမှာတော့ ဆရာ့ တပည့် ဖြစ်နေပါတယ်နော်။
ဆရာရေးတာတွေကို အမြဲတမ်း သေသေချာချာ ဖတ်ပါတယ်။ အခေါက်ခေါက်ဖတ်ပြီး နားလည်အောင် ကြိုးစားပါတယ်...။
အခုလဲ ကြောက်တယ်ဆိုတဲ့နေရာမှာ နည်းမှန်လမ်းမှန်နဲ့ ကြောက်တတ်ဖို့ လိုအပ်တဲ့အကြောင်း ကောင်းကောင်းနားလည် သွားပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်...။