Monday, August 11, 2008

ဌာန်၊ ကရိုဏ်း၊ ပယတ်နှင့် နိုင်ငံတကာ ပါဠိအသံထွက်

ပါဠိဘာသာတွင် အက္ခရာတို့အား အသံဖြစ်ပေါ်ပုံကို လိုက်၍ သဒ္ဒဗေဒ (Phonology) အရ စနစ်တကျ စီစဉ်ထား၏။ က, ခ, ဂ, ဃ စသဖြင့် အက္ခရာစဉ်သည် ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သုတိ၊ ကာလစသော အသံဖြစ်ပေါ်ရန် အားထုတ်မှု (articulation) ကို မူတည်၍ စီစဉ်ထားခြင်းကို ဆိုလိုသည်။ ပါဠိဘာသာတွင် သရ (Vowel) ၈-လုံး၊ ဗျည်း (Consonants) ၃၃-လုံး စုစုပေါင်း အက္ခရာ ၄၁-လုံးရှိသည်။ ဦးစွာပထမ ( အ, အာ, ဣ, ဤ, ဥ, ဦ, ဧ, သြ) ဟူသော သရ-၈ လုံး၊ ထို့နောက် က အစ, မ အဆုံး ၅-လုံးလျှင် တစ်အုပ်စုစီ စီထားသော ဝဂ် ခေါ် အုပ်စု ၅-စုရှိသည့် ဝဂ်ဗျည်း (အုပ်စုရှိဗျည်း) ၂၅-လုံး၊ ထို့နောက် အုပ်စုဖွဲ့မရပဲ သီးခြားခွဲ ထားသော (ယ, ရ, လ, ဝ, သ, ဟ, ဠ, အံ) ဟူသော အဝဂ်ဗျည်း (အုပ်စုမဲ့ဗျည်း) ၈-လုံး ရှိသည်။

ဌာန်, ကရိုဏ်း, ပယတ်
သဒ္ဒဗေဒတွင် လည်ချောင်း, အာခေါင်, အာထိပ်, သွားရင်း, နှုတ်ခမ်း စသော အသံဖြစ်ပေါ်ရာဌာန (Place of Articulation) ကို ‘ဌာန်’ ဟုခေါ်သည်။ ဌာန် ၅-ပါး ရှိသည်။
၁။ ကဏ္ဌဌာန် - လည်ချောင်းအရပ်
၂။ တာလုဌာန် - အာစောက်အရပ်
၃။ မုဒ္ဓဌာန် - အာထိပ်အရပ်
၄။ ဒန္တဌာန် - သွားအရပ်
၅။ သြဋ္ဌဌာန် - နှုတ်ခမ်းအရပ်

ထို ဌာန်တို့မှ အသံထွက်ရာတွင် လျှာဖြင့် အထောက်ပံ့ပြုပေးရသည်။ ရံခါတွင် လျှာဖျားဖြင့် ထောက်၍ အသံထွက်ရသည်။ ရံခါ လျှာလယ်ဖြင့် ထိ၍ အသံထွက်ရသည်။ ဤသို့ အသံဖြစ်ပေါ်ရန်အတွက် အထောက်ပံ့ပြုရသည့် လျှာအနေအထားဟူသော အကြောင်း(ကရဏ)အား ‘ကရိုဏ်း’ (Instruments) ဟုခေါ်သည်။ ကရိုဏ်း လေးမျိုးရှိသည်။
၁။ ဇိဝှာမဇ္ဈ - လျှာလယ်
၂။ ဇိဝှောပဂ္ဂ - လျှာအဖျားအနီး
၃။ ဇိဝှဂ္ဂ - လျှာဖျား
၄။ သကဋ္ဌာန - လျှာအကူညီအထူးမလိုပဲ မိမိ၏ အသံဖြစ်ပေါ်ရာဌာန် သက်သက်ဖြင့် ရွတ်ဆိုမှု

အသံကို ပိတ်၍ ထွက်ခြင်း, ဖွင့်၍ ထွက်ခြင်း, မထိတထိထွက်ခြင်းစသော အသံထွက်ရန် အားထုတ်ပုံ (ပယတန) အား ‘ပယတ်’ (Manner of Articultion) ဟုခေါ်သည်။ ပါဠိသဒ္ဒါကျမ်းတို့တွင် ပယတ်လေးမျိုး ပြသည်။

၁။ သံဝုဋ (ပိတ်၍ ရွတ်ခြင်း) – အ-သရကို ရွတ်ရာတွင် မိမိ၏ ဌာန်ဖြစ်သော လည်ချောင်းသားကို ပိတ်၍ ရွတ်ဆိုရသည်။
၂။ ဝိဝုဋ (ဖွင့်၍ ရွတ်ခြင်း) – အ-မှ အခြားသောသရများ ( အာ, ဣ, ဤ, ဥ, ဦ, သြ )၊ သ နှင့် ဟ တို့ကို ရွတ်ဆိုရာတွင် ဌာန်ကရိုဏ်းတို့ကို ပွင့်ပွင့် ဖွင့်၍ ရွတ်ဆိုရသည်။ သ နှင့် ဟ တို့ကိုရွတ်ရာတွင် ဌာန် နှင့် ကရိုဏ်းကြားမှ လေကို တွန်းထုတ်၍ ရွတ်ရသဖြင့် Fricative ဟုခေါ်သည်။
၃။ သံဖုဋ္ဌ (စေ့စပ်စွာထိ၍ ရွတ်ခြင်း) – ဝဂ်ဗျည်း ၂၅-လုံးအားရွတ်ဆိုရာတွင် ဌာန်နှင့် ကရိုဏ်းကို ကောင်းစွာ ထိ၍ လေကို အဆီးအတားပြုပြီး ရွတ်ဆိုရသည်။ အနောက်တိုင်း သဒ္ဒဗေဒတွင် “Stop” ဟုခေါ်သည်။ ခံတွင်းကိုသာပိတ်၍ လေကို နှာခေါင်းမှသာထွက်စေက နာသိက (Nasal Stop) ဟုခေါ်သည်။
၄။ ဤသံဖုဋ္ဌ (စဉ်းငယ်ထိ၍ ရွတ်ခြင်း) – ယ, ရ, လ, ၀ တို့ကို ရွတ်ရာတွင် ဌာန်နှင့် ကရိုဏ်းကို မထိတထိပြု၍ ရွတ်ရသည်။ ဝဂ်ဗျည်းတို့ကဲ့သို့လည်း စေ့စပ်စွာ ထိခြင်းမပြု။ သ, ဟ နှင့် သရသံတို့ကဲ့သို့လည်း ဖွင့်၍ ရွတ်ခြင်းမပြုပဲ မထိတထိ ရွတ်ရသဖြင့် အကြားတွင်ရှိသောအသံ (အန္တဋ္ဌ) ဟုခေါ်သည်။ တစ်နည်းလည်း သရသံတဝက် ဗျည်းသံတစ်ဝက်ရှိသော Semi-vowel အသံဟုလည်းခေါ်သည်။ ဗျည်းတို့နှင့် တွဲသောအခါ ယ သည် ယ-ပင့် ( – ျ ) သံ၊ ရ သည် ရ-ရစ်သံ ( ြ– )၊ ၀ သည် ဝ-ဆွဲသံ ( –ွ ) ထွက်သည်။ အနောက်တိုင်း သဒ္ဒဗေဒတွင်ဤ ပယတ်မျိုးအား Approximant ဟုခေါ်သည်။
▪ ပ-ဝဂ် (ပ, ဖ, ဗ, ဘ, မ) နှင့် ဥ, ဦ တို့သည် နှုတ်ခမ်းအရပ် သြဋ္ဌဌာန(Libials)တွင် ထွက်သော သြဋ္ဌဇအက္ခရာများ ဖြစ်သည်။ နှုတ်ခမ်းနှစ်ခုကို ထိ၍ ရွတ်ရသော ကြောင့် Bilibals ဟုလည်း ခေါ်သည်။

▪ တ-ဝဂ် (တ, ထ, ဒ, ဓ, န)၊ လ နှင့် သ တို့အားရွတ်ဆိုရတွင် သွားအရငျး - ဒန်တဌာန(Dentals) အား လြှာဖြား (ဇိဝှဂ်ဂ) ဖွင့ျ တို့ထိ၍ ရှတျရသညျ။

▪ သွားအရင်း၏ အထက် မို့မောက်နေသောအာထိပ်အရပ် အား မုဒ္ဓဌာန ဟုခေါ်သည်။ ဋ-ဝဂ် (ဋ, ဌ, ဍ, ဎ, ဏ)၊ ရ နှင့် ဠ တို့သည် လျှာကို အနည်းငယ် လိပ်ပြီး၊ လျှာဖျားအနီး (ဇိဝှောပဂ္ဂ)ဖြင့် သွားအရင်း၏ အထက် မို့မောက်နေသော အာထိပ်အရပ် (Aleveolar ridge)ကို ထိ၍ ရွတ်ဆိုရသည့် မုဒ္ဓဇ (Cerebrals) အက္ခရာများဖြစ်သည်။ လျှာကို အနည်းငယ် လိပ်၍ ရွတ်ရ၍ အနောက်တိုင်း သဒ္ဒဗေဒတွင် Retroflex ဟုလည်းခေါ်သည်။ မြန်မာသံတွင် ဋ-အုပ်စုသံတို့အား တ-အုပ်စုသံတို့နှင့် အသံတူရွတ်ဆိုလေ့ရှိကြသော်လည်း၊ ဌာန်ကရိုဏ်းမတူသည်ကို သတိပြု သင့်သည်။

▪ စ-ဝဂ် (စ, ဆ, ဇ, ဈ, ဉ )၊ ယ၊ ဣ၊ ဤ တို့အား ရွတ်ရာတွင် ဋ-အုပ်စုရွတ်စဉ် အာထိပ်အရပ်ထက် အထက်သို့တက်၍ အာခေါင်မာအရပ် - တာလုဌာန (Palatals)သို့ လျှာအလယ်ပိုင်း (ဇိဝှာမဇ္ဈ)ဖြင့် ထိ၍ ရွတ်ရသည်။ ထို့ကြောင့် စ-အုပ်စုကို ပီပီသသ ရွတ်ဆိုလျှင် မြန်မာသံ (စ, ဆ, ဇ, ဈ ) ဟူသော အသံမထွက်။ ဋ-အုပ်စု အသံနှင့် လည်ချောင်းသံထွက်သော က-အုပ်စု အသံတို့ကြား အာခေါင်သံပါသော (ကျ, ချ, ဂျ, ဃျ) ဟူ၍ ရွတ်ရသည်။

▪ က-ဝဂ် (က, ခ, ဂ, ဃ, င )၊ ဟ၊ အ၊ အာ တို့သည် လည်ချောင်းအရပ်တွင်ဖြစ်သော ကဏ္ဌဇအက္ခရာ (Gutterals)များ ဖြစ်သည်။ အနောက်တိုင်း သဒ္ဒဗေဒတွင် ဤအသံတို့အား အာခေါင်အပျော့ (Velar) အား လျှာရင်းဖြင့် ထိ၍ ဖြစ်သောအသံဟု ခေါ်သည်။

▪ အချို့အက္ခရာတို့သည် ဌာန်တစ်ခုထက် ပို၍ ရှိနိုင်သည်။ ဧ ကို ကဏ္ဌဇနှင့် တာလုဇ၊ ၀ ကို ဒန္တဇနှင့် သြဋ္ဌဇ၊ ကဏ္ဌဇနှင့် သြဋ္ဌဇ နှစ်နေရာတို့တွင် အသီးသီး ရွတ်ဆိုနိုင်သည်။

▪ ဝ-ဂ်ဗျည်းတို့၏ အဆုံး (ဝဂ္ဂန္တ) ဖြစ်သော “င, ဉ , ဏ, န, မ” တို့ကိုရွတ်သောအခါ လေကို နှာခေါင်းမှ ထွက်စေ၍ နှာသံဖြင့် ရွတ်ရသောကြောင့် နာသိက (nasals) ဌာန္ဟုလည်း ခေါ်သည်။

▪ အံ-ဗျည်းသည် အံ, ဣံ, ဥံ တို့မှ သရ၏ နောက်တွင်လိုက်သော သေးသေးတင် ဗိန္ဒုကို ဆိုလိုသည်။ နှာခေါင်းသံပါအောင် ရွတ်ရသော နာသိကဖြစ်သည်။ မြန်မာသံတွင် ပါးစပ်ကိုပိတ်၍ နှာခေါင်းသံပါအောင် ရွတ်လေ့ရှိသော်လည်း၊ နိုင်ငံတကာ အသံတွင် ပါးစပ်မပိတ်ပဲ အင်္ဂလိပ်စာလုံး Sing မှ ‘ng’ အသံကဲ့သို့ ရွတ်သည်။

▪ ‘သ’ နှင့် ‘ဟ’ တို့သည် ဖွင့်၍ရွတ်ဆိုရသော ဝိဝုဋပယတ်ဖြစ်မျိုးဖြစ်သည်။ ဝိဝုဋပယတ်ဖြင့်ထွက်သော ဗျည်းသံသည် ဌာန်နှင့် ကရိုဏ်းအကြားလေကို ညှစ်၍ ထုတ်ရသော အသံမျိုးဖြစ်၍၊ အနောက်တိုင်း သဒ္ဒဗေဒတွင် Fricative ဟုခေါ်သည်။ ဒန္တဇဖြစ်သော ‘သ’သံကို ထွက်သောအခါ သွားအရင်း (ဒန္တဌာန) နှင့် လျှာအဖျား (ဇိဝှဂ္ဂ) အကြားလေကို ညှစ်ထုတ်လိုက်ပါက မြန်မာလူမျိုးတို့ထွက်သော သ-သံ မထွက်။ စ-သံ (အင်္ဂလိပ် s-သံ) သာထွက်သည်။

▪ ဤသံဖုဋ္ဌပယတ်ဖြစ်သော ‘ဝ’ ကို သြဋ္ဌဇနှင့် ဒန္တဇနှစ်မျိုးရ၍၊ အင်္ဂလိပ်အက္ခရာ v-သံကဲ့သို့ နှုတ်ခမ်းနှင့် သွားကို မထိတထိပြု၍ ရွတ်ရသည်။ သို့သော်လည်း ဝ-ဆွဲကဲ့သို့ အခြားဗျည်းများနှင့် တွဲသောအခါ သရသံဆန်ဆန် (semi-vowel) ဖွင့်၍ ရွတ်ရ၍ မြန်မာအသံ ‘ဝ’ အင်္ဂလိပ်အသံ w-သံထွက်ရသည်။

ဒီဃ (Long), ရသ (Short) 
အက္ခရာတို့ကို ရွတ်ဆိုသော ကာလကို မတြာ (meter) ဖြင့်တိုင်းထွာသည်။ မျက်စိ တစ်မှိတ် လက်ဖျစ် တစ်တွက် ကာလကို ၁-မတြာဟု တိုင်းထွာသည်။ ၁-မတြာကြာ ရွတ်ဆိုရသော အသံတို့အား ရသ (သံတို short) ဟုခေါ်၍၊ ၂-မတြာကြာ ရွတ်ဆိုသော အသံတို့အား ဒီဃ (သံရှည် - long) ဟုခေါ်သည်။ “အ, ဣ, ဥ” သရတို့သည် သံတိုသရများဖြစ်၍၊ “အာ, ဤ, ဦ, ဧ, သြ” တို့သည် သံရှည်သရများ ဖြစ်သည်။

သိထိလ (Unaspirated), ဓနိတ (Aspirated)

 ဝဂ်ဗျည်းတို့၏ ပထမ, တတိယ နှင့် ပဉ္စမအက္ခရာ (က, ဂ, င, စ, ဇ, ဉ , ဋ, ဍ, ဏ, တ, ဒ, န, ပ, ဗ, မ) တို့အား ခပ်လျော့လျော့ ရွတ်ဆိုရ၍ ‘သိထိလ’ သံပျော့ (Unaspirated) ဟုခေါ်သည်။ ဝဂ်၏ ဒုတိယ, စတုတ္ထအက္ခရာ (ခ, ဃ, ဆ, ဈ, ဌ, ဎ, ထ, ဓ, ဖ, ဘ) တို့အား ဟ-ထိုးသံကဲ့သို့ လေသံ ခပ်တင်းတင်းရွတ်ဆိုရ၍ ‘ဓနိတ’ သံတင်း (Aspirated) ဟုခေါ်သည်။ ဂ နှင့် ဃ တွင် ဂ သည် သိထိလဖြစ်၍ ခပ်ပျော့ပျော့ဆိုရပြီး၊ ဓနိတဖြစ်သော ဃ အား လေသံတင်းတင်း ရွတ်ရသည်။ ပါးစပ်ရှေ့တွင် လက်ဝါးခံ၍ ကြည့်ပါက လက်ဝါးသို့ လေတိုးမှု အတင်းအလျော့ ကွာအောင် ရွတ်ရမည်။ ရောမအက္ခရာအရေးသားတွင် ဓနိတသံတို့အား h ထည့်၍ ရေးသည်။ ပုံစံအားဖြင့် က ကို k, ခ ကို kh, စ ကို c, ဆ ကို ch ဟု h ထည့်ရေးသည်။

အဃောသ (Voiceless), ဃောသ (Voiced) 
၀ဂ်ဗျည်းတို့၏ ပထမနှင့် ဒုတိယဗျည်းများ နှင့် သ-အက္ခရာ (က, ခ, စ, ဆ, ဋ, ဌ, ပ, ဖ, သ) တို့အား ဟိန်းသံ မပါပဲရွတ်ဆိုရ၍ အဃောသ (Voiceless) ဟုခေါ်သည်။ ဝဂ်၏ တတိယ နှင့် စတုတ္ထ (ဂ, ဃ, ဇ, ဈ, ဍ, ဎ, ဒ, ဓ, ဗ, ဘ) နှင့် (ယ, ရ, လ, ဝ, ဟ, ဠ) တို့သည် မြည်ဟိန်းသံ ပါအောင် ရွတ်ရသော ဃောသ (Voiced) များဖြစ်သည်။ လည်ချောင်း အသံအိုးနေရာတွင် လက်ဖြင့် အသာစမ်းသပ်ကြည့်ပါက၊ က, ခ စသော အဃောသသံများကို ရွတ်သောအခါထက် ဂ, ဃ စသော ဃောသသံများကို ရွတ်ဆိုသောအခါ အသံအိုး တုန်ခါမှုကို ပို၍ တွေ့ရပေမည်။

သရဆုံးသံ (Open Syllables), အသတ်သံ (Closed Syllables)
သရဆုံးသော အသံများအား သဒ္ဒဗေဒတွင် သရသံ (Open syllable) ဟုခေါ်သည်။ ပုံစံအားဖြင့် “အ, ဝါ, မေ, သော” စသော အသံများ ဖြစ်သည်။ ပါဠိဘာသာတွင် ဗျည်းဆုံးသော အသံများမရှိသော်လည်း၊ သရနောက်တွင် ဗျည်းနှစ်လုံးဆင့်သော သံယုဂ် (Conjunct Consonants) လိုက်က အသတ်သံ (Closed Syllable) ဟုခေါ်သည်။ ပုံစံအားဖြင့် “အတ္တ, မဂ္ဂ, သစ္စ” တို့တွင် “အတ်, မဂ်, သစ်”ဟု ဗျည်းနှစ်လုံးဆင့်တွင် အပေါ်ဗျည်း (သို့မဟုတ် ရှေ့ဗျည်း) နှင့် သတ်သော အသံဖြစ်သည်။ အသတ်ဆိုသည်မှာ open syllable များတွင်ကဲ့သို့ သရ၏ လေသံကို လွတ်လွတ်လပ်လပ် ဖွင့်၍ မထွက်စေပဲ နောက်ဗျည်းသံနှင့် သတ် (Stop) ၍ ရွတ်ဆိုခြင်းကို ဆိုလိုသည်။ နိုင်ငံတကာပါဠိအသံထွက်တွင် အသတ်သံကို ရွတ်ရာတွင် မြန်မာပါဠိသံကဲ့သို့ အသတ်သံ ပီပီသသ (ပုံစံ အတ္တ = အတ်တ ဟု) မထွက်ပဲ၊ ရှေ့သရသံကို နောက်ဗျည်းသံဖြင့် အုပ်၍ သတ်ပေးရုံံသာ (ပုံစံ အတ္တ = အ(တ်)တ) ထွက်ရသည်။


စာညွှန်း။
၁။ ရူပသိဒ္ဓိဘာသာဋီကာ ပထမတွဲ - မဟာဂန္ဓာရုံဆရာတော်
၂။ နိရုတ္တိဒီပနီ - လယ်တီဆရာတော်
၃။ ဌာန်၊ ကရိုဏ်း၊ ပယတ် - ဆရာဉာဏ် [မြန်မာ့စွယ်စုံကျမ်းမှ]
၄။ အခြေပြု ပါဠိသဒ္ဒါသင် - ဆရာဉာဏ်
၅။ Introduction to Pali, A.K. Warder
၆။ A Practical Grammar of the Pāli Language, Charles Droiselle
၇။ Pali – Weikipedia
http://en.wikipedia.org/wiki/Pali
၈။ Phonology – Weikipedia http://en.wikipedia.org/wiki/Phonology




8 comments:

တန္ခူး said...

သိမ်းထားရမယ့် မှတ်သားစရာ post ကောင်းလေးပါ...

tg.nwai said...

သိပ်ကောင်းပါတယ်။ အသံလေးတွေပါ ထည့်ပေးနိုင်ရင် ထည့်ပေးဖို. တောင်းဆိုပါရစေ။ လုပ်နိုင်သူတွေဖြစ်နေလို့ပါ။

ဗေဒါရီ said...

အခုမှ ဒီဘလော့ကို ဖတ်မိတယ်။
အလွန်အဖိုးတန်သော စာတွေကို တင်ပေးတာမို့ ကျေးဇူးအများကြီး တင်ပါတယ်။

Harry said...

အလွန်တရာ တန်ဖိုးရှိလှတဲ့ ပို့စ်ပါခင်ဗျာ ...
ဒီအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်

Anonymous said...

Keep posting stuff like this i really like it

နျူမာန် (မိုးတား) said...

ကိုဧရာ့ လက်ရာဖြစ်မလား မသိဘူး။
ဒီဆောင်းပါးကို ကြိုက်တယ်ဗျို.။

Anonymous said...

You are a linguist....Ko Ayar.
Thanks for the valuable post.
Gyidaw

Anonymous said...

၁၀တန်း မြန်မာစာ မဟုတ်လား