ဘာစီလိုနာသို့ ကုန်းတတန် ရေတတန် ယူဆောင်လာခဲ့ရသော အိုလံပီယာမှ ဤမီးတောက်မီးလျှံသည် စစ်ရပ်ဆိုင်းသော အလံသဖွယ် ဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ်မှ အမျိုးသား၊ အမျိုးသမီးများစုရုံးကာ ငြိမ်းချမ်း ချစ်ကြည်စွာဖြင့် တူညီသောဝါသနာကို လိုက်စားလေ့ကျင့်နိုင်ကြစေရန် တိုက်ခိုက်မှု၊ ရန်ပြုမှု အဖုံဖုံ ရပ်ဆိုင်းလိုက်ခြင်းကို ရည်ညွှန်းပါသည်။ အိုလံပစ်အားကစားပွဲသည် လူသားတို့ ထူးချွန် ပြောင်မြောက်ရေးအတွက် ကြိုးပမ်းရုန်းကန်သော အသွင်အပြင်တရပ်ကို ဖော်ပြပါသည်။ ဤသို့သော ကြိုးပမ်းမှုသည် ချမ်းသာသုခနှင့် ဆက်နွယ်နေသည်ဟု ရှေးဟောင်းဂရိလူမျိုးများက ရှုမြင်ခဲ့သည့်အလျှောက် ယနေ့ အခမ်းအနားသည် ခေတ်ပေါင်းများစွာမှစ၍ ယဉ်ကျေးသော လူသားများဆွတ်ခူးရန် ရှာဖွေခဲ့သော ဆုကြီးများဖြစ်သည့် ငြိမ်းချမ်းမှုနှင့် ချမ်းသာသုခကို ရည်စူး၍ ကျင်းပသည်ဟု ဆိုနိုင်ပါသည်။
ကာယစွမ်းအားကို ဉာဏနှင့် စိတ္တစွမ်းအားများနည်းတူ လိမ္မာစွာ ပညာဉာဏ်ဖြင့် ပျိုးထောင်ခြင်းကို အလေးပေးသော ရှေးဂရိတိုင်းသားတို့၏ အမွန်မြတ်ဆုံး စံသတ်မှတ်ချက်သည် အိုလံပစ် ထုံးစံဓလေ့၏ ဇစ်မြစ်၌ တည်ရှိပါသည်။ ကာယ၊ ဉာဏနှင့် စိတ္တဗလသုံးသွယ် သင့်မြတ် ညီညွှတ် လှုပ်ရှားပါက လူသား၏ စွမ်းဆောင်နိုင်မှု ဘောင်နယ်နိမိတ်များ ချဲ့ထွင်နိုင်ကြောင်းကို စံချိန်ဟောင်းများ အဖန်တလဲလဲကျိုး၍ စံချိန်သစ်များ တင်နိုင်ခြင်းဖြင့် သက်သေပြနိုင်ပါသည်။ ပိုမိုသန်စွမ်းပြီး စွမ်းရည်သာသော အားကစားသမားများ မွေးထုတ်ရာတွင် ခေတ်သစ် သိပ္ပံပညာကိုမှီးသော ပိုမိုကောင်းမွန်သည့် လေ့ကျင့်နည်းများနှင့် ကျန်းမာရေးထိန်းသိမ်းနည်းများ၏ အခန်းကဏ္ဍ အဓိကကျသည်မှာ မှန်ပါသည်။ သို့သော် နောက်ဆုံး၌ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်သည်သာ အိုလံပစ် သူရဲကောင်းကို အောင်ပွဲသရဖူ ဆောင်းပေးနိုင်ပါသည်။
ပန်းတိုင်သို့ ရောက်ခါနီးတွင် အစွမ်းကုန်အားသွန်၍ အကြိတ်အနယ် လုံးပန်းရ၍ နာကျင်လာသည်ကို လျော့ပါးသွားအောင် မည်ကဲ့သို့ လေ့ကျင့်ရပါသနည်းဟု ရွှေတံဆိပ်ဆုရ အပြေးသမားတစ်ဦးကို အမေး ခံရခဲ့ဖူးပါသည်။ ၎င်း၏ အဖြေကား “နာကျင်မှုသည် မည်သည့်အခါမျှ လျော့မသွားခဲ့ပါ။ နာကျင်လျက် ဆက်လက် အားစိုက်သွားနိုင်ရန်ကိုသာ လေ့ကျင့်ထားရပါသည်။” ဘဝဇာတ်ခုံပေါ်မှာ ကဲ့သို့ပင် အားကစားကွင်း၌လည်း လူသားတို့သည် မိမိတို့၏ စွမ်းဆောင်နိုင်မှု စံချိန်ကို တိုးမြှင့်လိုပါက ခံနိုင်ရည်မွေးကာ မိမိ၏ အားနည်းချက်များကို ကျော်လွှားရန် မိမိကိုယ်တိုင် ပြန်လည် လုံးပန်းရပါသည်။
အကျိုးအမြတ်နှင့် ကျော်ကြားမှုကို မျှော်မှန်းကာ လူသားသည် မတန်တဆ ကြီးမားသော အခက်အခဲ အတားအဆီးများကို အံတုရန် ကြိုးပမ်း အားထုတ်ကြရပါသည်။ သို့သော်လည်း အကျိုးအမြတ်ကို မစဉ်းစားပဲ စိန်ခေါ်မှုကို အတတ်နိုင်ဆုံး အကောင်းဆုံး ရင်ဆိုင်မည်ဟူသော စိတ်ဓာတ်ကသာလျှင် ပကတိပြည့်စုံသော အောင်မြင်မှုကို ရစေနိုင်ပါသည်။ စစ်မှန်သော အားကစားသမား စိတ်ဓာတ်ကို ကလေးတစ်ဦးက ပြသခဲ့သည်။ မိမိထက် များစွာကြီးသူများနှင့်အတူ ပြေးပွဲဝင်ခဲ့ပြီး စိတ်မလျော့ပဲ ယှဉ်ပြိုင်ခဲ့ရာ အားလုံးနောက်ဆုံးမှ ပန်းတိုင်သို့ ရောက်သောအခါ၌ အောင်ပွဲခံသော လေသံဖြင့် “ကျွန်တော် နောက်ဆုံးက နိုင်တယ်” ဟု ကြေညာလိုက်ပါသည်။ စိတ်အားထက်သန်စွာ ပြေးခဲ့သော ပြိုင်ပွဲ၌ ရှုံးနိမ့်ခြင်း မရှိနိုင်ပါ။
စစ်ဖြစ်ပွားခဲ့သော နိုင်ငံများ ပြန်လည် သင့်မြတ်ရေးအတွက် ခေတ်သစ် အိုလံပစ်ကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာအထူးချွန်ဆုံး အားကစားသမားများသည် အကြိတ်အနယ် ပြိုင်ဆိုင်ကြသော်လည်း သိက္ခာရှိ၍ မိတ်ဖြစ်ဆွေဖြစ် စိတ်ဓာတ်လွှမ်းမိုးသော ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲကြသောအခါ၌ နယ်နိမိတ် သတ်မှတ်ချက်၊ အရှေ့ အနောက်၊ လူမျိုးနှင့် ဇာတိဆိုင်ရာခြားနားမှုများ မရှိတော့ကြောင်း ပြသခြင်းဖြင့် ငြိမ်းချမ်းသော နိုင်ငံတကာ သဟဇာတရရှိရေးကို အားပေးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက် ဆက်လက် ရှင်သန်နေမည်ဖြစ်ပါသည်။
သို့သော်လည်း ကျွန်မတို့ကမ္ဘာသည် ယခုတိုင် ဘယ, လောဘ, ဒေါသ, မောဟတည်းဟူသော တံတိုင်းကြီးများဖြင့် ပိုင်းခြားထားခြင်း ခံနေရပါသည်။ လူသားတို့သည် မိမိတို့ကို ထိခိုက်ပျက်စီးစေ၍ မိမိတို့ဆက်လက်ရှင်သန်ရေးအတွက်ပင် အန္တရာယ်ပြုမည့် အင်အားများကို တွန်းလှန် တိုက်ခိုက်ခြင်းမရှိပဲ၊ အချင်းချင်း ပြိုင်ဆိုင် တိုက်ခိုက်နေသောကြောင့် ကမ္ဘာပေါ်တွင် ဒုက္ခပင်လယ် ဝေနေပါသည်။ ကျဉ်းမြောင်း၍ အရာမရောက်သော စိတ်ဓာတ်များကို ဖယ်ရှား၍ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အသက်သွင်းပေးမည့် စိတ်ဓာတ်များ ဤကမ္ဘာ၌ ပေါ်ပေါက်လာရန်မှာ လွန်စွာလိုအပ်နေပါသည်။
မွေးရာပါ အရည်အသွေးများကို အထူးချွန်ဆုံး အဆင့်တိုင်း ဖွံ့ဖြိုးစေနိုင်မည့် ဘဝမျိုးအတွက် စိတ်အချရဆုံးသော အခြေခံ အုတ်မြစ်မှာ ငြိမ်းချမ်းရေးပင်ဖြစ်ပါသည်။ ဖိနှိပ်မှုကြောင့် ပိပြားစိတ်ငြိမ်နေခြင်း၊ တစ်ဖက်သတ် တယူသန် အတွေးခေါ်များ ပိုက်ဖက်ထားသည့် ခေါင်းဆောင်ပိုင်း၏ ပယောဂကြောင့် မလှုပ်မရှား ငြိမ်သက်နေသည့် စိတ်အခြေနေဟူသည့် သရုပ်ပျက် အတုအယောင် ငြိမ်းချမ်းရေးမျိုးကို ဆိုလိုသည် မဟုတ်ပါ။ တရားမျှတမှု, ကရုဏာစိတ်, ညီညာသင့်မြတ်မှု, ပုဂ္ဂလိက လွတ်လပ်မှု, အများပြည်သူ ထိန်းသိမ်းအပ်သော စည်းမျဉ်းများအတိုင်း ရှိသင့်ရှိထိုက်သော ညီမျှမှု, မိမိနိုင်ငံအပေါ် ထားအပ်သော တာဝန်သိစိတ်နှင့် အပြည်ပြည်ဆိုင်ရာ အသိအမြင် နားလည်မှုမျာကို မျှတအောင်မြင်အောင် ပြုလုပ်မှု စသည်တို့အပေါ်တွင် အခြေခံသော ငြိမ်းချမ်းရေးမျိုးကို ဆိုလိုပါသည်။
အိုလံပစ်မီးရှုးတိုင်သည် အမွန်မြတ်ဆုံးသော စံထားချက်နှင့် ရည်မှန်းချက်များ ပြန်လည်ဆန်းသစ်မှုနှင့် စိတ်ဓာတ် ပြန်လည်သန့်စင် မြင့်မားစေလိုမှုတို့၏ သင်္ကေတ ဖြစ်ပါသည်။ နောက်တစ်လကြာသောအခါတွင် နှစ်ပေါင်း နှစ်ထောင်ကျော်က လူသားတို့၏ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် စတင်ကျင်းပခဲ့သော အားကစားပွဲတော်ကြီးကို ဤနေရာ၌ ခေတ်သစ်အသွင်ဖြင့် ကျင်းပပါတော့မည်။ ၁၉၉၂-ခုနှစ် အိုလံပစ်ပွဲတော်ကြီး၌ နိုင်ငံတကာ အားကစား စိတ်ဓာတ်များနှင့် အပြည်ပြည်ဆိုင်ရာ နားလည်မှု စိတ်ဓာတ်များ အမြင့်ဆုံးအဆင့်သို့ ရောက်နိုင်ပါစေဟု ဆုမွန်ကောင်း ပို့သလိုက်ပါသည်။ တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေးနှင့် ချမ်းသာသုခရရှိရေးဟူသော ပိုမို ကျယ်ပြန့်သည့် ရုန်းကန်မှုကြီး၌လည်း ကမ္ဘာသူ ကမ္ဘာသားများအားလုံး အောင်ပွဲသရဖူ ဆောင်းနိုင်ကြပါစေဟူသည့် အလွန်တန်ဖိုးထားရပါသော မျှော်လင့်ချက်ကို ဖော်ပြလိုက်ရပါသည်။
[၁၉၉၂-ခုနှစ် ဇွန်လ ၁၃ ရက်နေ့က စပိန်နိုင်ငံတွင် အိုလံပစ် မီးရှုတိုင်ရောက်သည်ကို ကြိုဆိုသော မိန့်ခွန်း ဖြစ်ပါသည်။ မိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည် ရေးသားထား၍ သားကြီးဖြစ်သူ မောင်မြင့်ဆန်းအောင်က ဖတ်ကြားခဲ့ပါသည်။]
ဧရာ(မန္တလေး)

4 comments:
မသီတာရေ တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်းခုတင် ဒီကြောင်းရေးခဲ့တာ။ ဒီရောက်တော့ မသီတာအရေးအသားက ပိုကောင်းနေ
လို့ မနာလိုဝန်တိုဖြစ်တော့မလို့ ။ နောက်မှ ဒေါ်အောင်ဆန်းစုကြည်ရေးခဲ့တာကို ပြန်ရေးထားမှန်းသိတော့တာ။ ဖေါ်ပြသူကလည်းပ
ညာသားပါတော့ ဖတ်ရတာ အရသာရှိလိုက်တာ။
tg: အန်တီစုရဲ့ အိုလံပစ်ကို ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ သီတာ..။ ကူးယူသွားပါတယ်။
(CBox မှ ပြန်ကူးယူထားခြင်းဖြစ်ပါသည်။)
အမ..ကျေးဇူးပါ။ ဗဟုသုတရတယ်။
ဒါ ဒေါ်အောင်ဆန်းစုကြည်ရေးတာကိုး...။
အရင်တုန်းက ဖတ်ဖူးထားတာ... ခုတော့ မေ့တောင်နေပြီ..။ အမှတ်တရ တင်ပေးထားတာ ကျေးဇူးပါ မသီတာ...။
Post a Comment