Saturday, September 27, 2008

ပထမဆုံး ကျိန်စာ


သက္ေ၀ က မသီတာရေ... tag ထားကြောင်း... တဲ့။
“Blog ကိုလေ အသည်းတစ်ခြမ်းနဲ့ ရေးနေတာဆိုတော့ ပထမဆုံး…တွေကို ကျောခိုင်းထားပါရစေ… ဝေ။” လို့ အကြောင်းပြန်လိုက်ရရင် ကောင်းလေမလား (ကျန်တဲ့ တစ်ခြမ်းကို ဟို သီချင်းထဲကလို မုန်းရတဲ့ တနေ့၊ လမ်းခွဲတဲ့တနေ့၊ မှန်းဆလို့ တမ်းတလို့ လွမ်းရဖို့ backup)
စ, တာပါ။ ကူလီကူမာတွေ မပါဘူး။ အဟုတ်ရေးပြီ။

ပထမဦးဆုံးရောက်ဖူးသော နေရာ - ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီး (အဲ့ဒီမှာ မွေးတယ်။)

ပထမဦးဆုံး စီးဖူးသောယာဉ် - ဆိုက်ကား (ဆေးရုံက ဆင်းတော့ အိမ်ကို ဆိုက်ကားနဲ့ ပြန်ခဲ့ကြတယ်တဲ့။ အဖေက အော်စတင်ကားလေး ရှိရက်နဲ့ လာလည်းကြိုဘူးတဲ့။ အမေကတော့လေ တိတ်တိတ်လေး နေလိုက်တော့တာ မဟုတ်ဘူး။ ဒီက ခံစားရပြီ တသက်လုံး။)

ပထမဦးဆုံး တက်ဖူးသောကျောင်း - လမ်းမတော် ကီလီလမ်းရှိ မူကြိုကျောင်း။

ပထမဦးဆုံးရဖူးသော အပြစ်ဒဏ် - မူကြိုကျောင်း လာပို့ပြီး ပြန်တဲ့ အမေ့နောက်ပြေးပြေးလိုက်လို့ ကျောင်းကတိုင်မှာ ကြိုးတုတ်ထားတယ်တဲ့။ ဒီက ဂလောက်တောင် ဆိုးခဲ့သလား။ ကြိုးတုတ်ထားလို့ ရတဲ့ အရွယ်ကို ရှိစေတော့။

ပထမဦးဆုံးတက်ခဲ့သော အတန်းကျောင်း - အ.မ.က (၁၁) အလုံ အတန်းပိုင်ဆရာမ- ဒေါ်သန်းမြ၊ ကျောင်းအုပ်ကြီး - ဦးအေးကြည်။ တသက်လုံး မှတ်မိတယ်။ (၁)တန်းမှာ ဖြေရတဲ့ အထွေထွေဗဟုသုတ၊ အတန်းပိုင်ဆရာမ ဒေါ်လှလှဝင်းက မေးတယ်။ စာမေးပွဲ ဖြေတာနဲ့တောင် မတူပါဘူး။ သမီး လာဦးဆိုပြီး သူပေါင်ပေါ်ထိုင်ခိုင်းတယ်။ သမီး သိတဲ့ အသီးငါးမျိုး အမည် ပြောပြတဲ့။ ရတယ်လေ အလွတ်ကျက်ထားတာ။ ဘာ.. ဘာ.. ဘာ ပေါ့။ အရောင် ငါးမျိုး… OK ပဲ အထစ်အငေါ့မရှိ။ ဒါဆိုရင် သမီး ကျောင်းအုပ်ဆရာကြီး နာမည်သိလားတဲ့။ နဲနဲတော့ စဉ်းစားရပြီ။ အင်း.. ဦးအောင်ကြည်။ ဆရာမက မှားတယ်လဲ မပြော၊ မှန်တယ်လဲ မပြောဘဲ ပြုံးပြုံးကြီးနဲ့ သမီးသွားလို့ ရပြီတဲ့။ ငါမှားသွားလား..ငါမှားသွားလား။ စဉ်းစားစမ်း။ ကျောင်းမှာက ဆရာလေး ဦးအောင်ရီ ရယ်။ ဆရာကြီး ဦးအေးကြည် ရယ်။ အမျိုးသားဆရာဆိုလို့ နှစ်ယောက်ထဲရှိတာများ ဖြေချလိုက်တာ ကြည့်ပါဦး။ ပတ်ဝန်းကျင်လေ့လာမှုက အဲ့ဒီအရွယ်ကတည်းက ညံ့တာ။ အရေးဟယ် အကြောင်းဟယ်ဆို တစ်လွဲချည်းပဲ။

ပထမဦးဆုံးရဖူးသည့် ပညာရည်ချွန် မဟုတ်သည့်ဆု - ၆တန်းတုန်းက မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ တတိယဆု။ ခေါင်းစဉ်က “အာဇာနည်နေ့၊ တို့မမေ့” ။ အတန်းပိုင် မြန်မာစာ ဆရာမ ဒေါ်တင်မိ။ ဆရာမက ဆုရတယ်လို့လည်း မပြောဘဲ ကျောင်းကနေ အလုံမြို့နယ် ခန်းမကို ခေါ်သွားတယ်။ ပြိုင်တုန်းကလည်း ခန်းမမှာဘဲ လာဖြေရတာ။ မထင်မှတ်ဘဲ ကိုယ့်နာမည် ဆုယူဖို့ခေါ်လိုက်တော့…ရင်မခုန်ပါဘူး။ ကိုယ်က အဲ့ဒီအရွယ်ထဲက တွေဝေခြင်းမှာ မေ့မျောတတ်သူ။ အပြန်မှာ မိုးတွေ ရွာတယ်။ ဆုအထုပ်ကို အိမ်ရောက်မှ ဖွင့်ကြည့်တော့ Dictionary စာအုပ်တစ်အုပ်ရယ်။ မြို့နယ်လျှပ်စစ်က လူကြီးတစ်ယောက်က အပိုဆောင်းပေးတဲ့ Diary စာအုပ်လေးရယ်ပါတယ်။ မိုးရေ နည်းနည်းထိ သွားတဲ့ စာအုပ်လေးတွေကို ရေသုတ်ရင်းနဲ့မှ တသိမ့်သိမ့် ရင်ထဲမယ်ပေါ့။

ပထမဦးဆုံး ယောကျ်ားလေး သူငယ်ချင်း၊ မိန်းကလေး သူငယ်ချင်း နံမည်တွေတော့ ကျော်ခဲ့တော့မယ်။

ပထမဦးဆုံး အချစ်တော် နာမည် - အေးအေး။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျောင်းရောက်တိုင်း ဒေလီယာ ပန်းလေးတွေ တစ်နေ့ တစ်ပွင့် ကိုယ့်ကိုပေးတယ်။ ၆တန်း တစ်တန်းလုံးရဲ့ ကိုယ်စားလှယ်လဲဖြစ်။ ကျောင်းစာမှာလည်း ထိပ်ဆုံးနားကပ်နေချင်တဲ့ ကိုယ်နဲ့ ကိုယ့်ထက်အတန်းကြီးပြီး စာသိပ်မတော်ဘူးလို့ ထင်ရတဲ့ သ့ူကြားမှာ တစ်ခုခု ခြားနေသလိုပဲ။

ပထမဦးဆုံး စင်ပေါ်မှာ ဆိုခဲ့တဲ့ ကဗျာ - You are old Father William ( by Robert Louis Stevenson)။ ၇တန်းတုန်းကပါ။ YMCA အသင်းက ကြီးမှုးကျင်းပတဲ့ပွဲကို ကျောင်းကအစီအစဉ်နဲ့ ပြိုင်ခဲ့တာပါ။ အထက်တန်းအဆင့် အဖွဲ့လိုက်မှာ ပထမဆုရခဲ့ပါတယ်။ အခြား အဆိုတွေ အကတွေနဲ့ကတော့ ခုချိန်ထိ စင်ပေါ်မတက်ရသေးလို့ ကိုယ့်ကိုယ်ကို အကြွေးမှတ်ထားတယ်။

ချစ်၍ Tag လာ
ပထမဆုံး အရာကို
ဖွေဖွေရှာရှာ
ရေးချင်ပါလည်း
ရေးချင်ပါလည်း
…
…
…
မချစ်၍ မဟုတ်ပါ
blog ရွက်ကာ
ကျိန်ဆိုပါသည်။
…
စားလည်း ဒီblog
သွားလည်း ဒီblog
ဂေါက်တောက်တောက်
ဖြစ်စေသတည်း။ ။

3 comments:

khin oo may said...

တို.က တော. ကျိန်စာ သင့်တာ ကြာပါရော့

တန်ခူး said...

မ ရေ… ရေးပုံလေးက စိတ်ဝင်စားစရာ… ဒါတောင်အသဲတခြမ်းနဲ့ ပဲရေးလို့ … မ ပြောတာနဲ့  ကျွန်မရဲ့ ပထမဆုံးအချစ်တော်ကို သွားသတိရတယ်…မ က ကဗျာဆိုကောင်းတာပဲ… တော်လိုက်တာနော်…

သက်ဝေ said...

မသီတာရေ...
ရေးပေးတာ ကျေးဇူးပါနော်...။
မသီတာရဲ့  ပထမဆုံးတွေက တစ်မျိုးလေးနဲ့  စိတ်ဝင်စားစရာကောင်းပြီး ထူးခြားနေပါတယ်..။
အင်း... အသဲတစ်ခြမ်းကိစ္စကတော့... ဟုတ်ပါတယ်လေ.. ဘလော့ဂ်ရေးဖို့ အတွက် အသဲကို တစ်ခြမ်းလောက်ပဲ သုံးဖို့ ကောင်းတယ် ထင်ပါတယ်...။ တစ်ခြမ်းထဲသုံးနေတာတောင် ဘလော့ဂ် ဆိုတာကြီးက ကိုယ်တွေကို ဒီလောက် လွှမ်းမိုး ကြီးစိုး မင်းမူနေတာ..