Friday, May 29, 2009

ကြောက်တတ်ဖို့ လိုပါသည်

ကြောက်တတ်ဖို့ လိုပါသည်။ ကြောက်ရွံ့ခြင်းသည် ဘေးအန္တရာယ်ကို ရှောင်ရှားလိုခြင်း ဖြစ်သည်။ မိမိအပေါ်, မိမိ၏ ပတ်ဝန်းကျင်အပေါ် ကြရောက်လာမည့် ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ သို့သော် ကြောက်ခြင်းတွင် မှန်ကန်သော ကြောက်ခြင်းနှင့် မှားယွင်းသော ကြောက်ခြင်းဟု နှစ်မျိုးရှိလေသည်။

မှန်ကန်သော ကြောက်ခြင်းသည် အမှားအမှန်ကို ပိုင်းခြားဝေဖန်သိ၍ အမှားကို ကျူးလွန်မိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကြောက်ရွံ့ခြင်းဖြစ်သည်။ မှားယွင်းသော ကြောက်ရွံ့ခြင်းသည် လတ်တလောရင်ဆိုင်ရမည့် ပြဿနာကိုသာ ကြောက်တတ်ကြသည်။ အသိဉာဏ်မပါ၍ အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်စွမ်းမရှိပဲ၊ အမှားကိုလည်း ကျုးလွန်မိစေနိုင်သည်။ မတရားမှုဆီသို့ ဦးတည်စေနိုင်၍ “ဘယာဂတိ”ဟု သတ်မှတ်သည်။ မှန်ကန်သော ကြောက်ရွံ့ခြင်းကသာ တရားမျှတသော လူ့ဘောင်လောကကို ဖန်တီးနိုင်သည်။ ထို့ကြောင့် “သြတ္တပ္ပ”ခေါ် မှန်ကန်သော ကြောက်ရွံ့ခြင်းအား လောကကို စောင့်ရှောက်သော လောကပါလတရားဟု သတ်မှတ်သည်။ မှန်ကန်သော ကြောက်ရွံ့ခြင်းသည် အဓမ္မအင်အားစုများ၏ ခြိမ်းခြောက်မှုကို မကြောက်။ မတရားမှုများ ကျုးလွန်ရမည်ကိုသာ ကြောက်သည်။ မှားယွင်းစွာ ကြောက်တတ်သူများသည် လတ်တလော ခြိမ်းခြောက်မှုကို စိုးရွံ့ကြသော်လည်း၊ မတရားမှုတို့ တဖြည်းဖြည်း လှိုက်စားကာ လူ့ဘောင်လောက ပျက်စီးစေမည့် ဘေးအန္တရာယ်များကိုမူ လစ်လျှုရှု မျက်ကွယ်ပြု ထားတတ်ကြသည်။


ကောဋသိမ္ဗလိဇာတ်တော်တွင် ဂဠုန်နှင့် ငှက်ငယ်ကို ပမာပြု၍ မှန်ကန်စွာ ကြောက်တတ်ဖို့လိုကြောင်း ဟောကြားထားသည်ကို မျှဝေလိုပါသည်။ တခါက ဂဠုန်မင်းသည် မိမိ၏ ကိုယ်အား ယူဇနာ-၁၅၀ မျှကြီးအောင် ဖန်ဆင်း၍ သမုဒ္ဒရာရေပြင်ကိုခွဲကာ နဂါးမင်းကို အမြီးမှ ဖမ်း၍ ချီလိုက်သည်။ နဂါးလည်း ရုန်းရင်းကန်ရင်းဖြင့်ပင် ဂဠုန်ချီရာ ပါသွားရသည်။ ဂဠုန်လည်း ပြင်းသောအရှိန်အဟုန်ဖြင့် လက်ပံပင်တစ်ပင်ရှိသည့် တောကို ဖြတ်ကျော်သွားသည်။ နဂါးက အသက်ဘေးမှလွတ်ရန် လှမ်း၍မိသော ညောင်ပင်ကြီးအား ရစ်ခွေ၍ ရုန်းသည်။ သို့သော် ဂဠုန်မင်းသည် အလွန်ခွန်အားကြီး၍ ညောင်ပင်ပါ အမြစ်မှကျွတ်၍ ပါသွားလေသည်။ ထို့နောက် နဂါးကို စားကား အကြွင်းအကျန်တို့ကို သမုဒ္ဒရာတွင် စွန့်ပစ်၏။

ထိုအခါတွင် ညောင်ပင်တွင်နေသော ငှက်မသည် မိမိ၏ အသိုက်အမြုံပျက်စီးသွား၍ လက်ပံပင်သို့ ပြောင်း၍ နေလေသည်။ ဤသို့ ငှက်ငယ်မ ပြောင်းရွေ့လာသောအခါ လက်ပံပင်စောင့်နတ်က အလွန် တုန်လှုပ်ခြောက်ခြားသွား၍ လက်ပံပင်သည် အမြစ်မှ စ၍ တုန်လေ၏။ ဤသည်ကိုမြင်သော ဂဠုန်မင်းက “မိမိကဲ့သို့ အလွန်ခွန်အားကြီးမားသော ဂဠုန်က နဂါးကို ချီ၍ လက်ပံပင်ကို ဖြတ်ကျော်သွားစဉ်က ကြောက်ရွံ့ခြင်း မရှိ။ အလွန်သေးငယ်သော ဤငှက်ငယ်မ လာသည်ကို အဘယ်ကြောင့် ကြောက်ရွံ့ရပါသနည်း” ဟု တအံ့တသြ မေးလေ၏။ ထိုအခါ လက်ပံပင်စောင့်နတ်က “ဤငှက်ငယ်မသည် ငါ၏ သစ်ပင်ခွ၌ ကျင်ကြီး စွန့်အံ့။ ထိုကျင်ကြီးမှ ညောင်စေ့, ရေသဖန်းစေ့တို့သည် အပင်ပေါက်ကာ, ဤလက်ပံပင်အား လွှမ်းမိုး လတ္တံ့။ ငါ၏ ဗိမာန်လည်း ပျက်အံ့” ဟူသော အနာဂတ်ဘေးကို မြင်၍ စိုးရိမ်ထိတ်လန့်ကြောင်း ဖြေလေသည်။

သင်္ကေယျ သင်္ကိတဗ္ဗာနိ၊ ရက္ခေယျာ နာဂတံ ဘယံ
ရွံရှာသင့်သည်ကို ရွံရှာရာ၏။ အနာဂတ်ဘေးကို ကာကွယ်စောင့်ရှောက်ရာ၏။

မကြောက်သင့်သည်တို့ကို မကြောက်မိဖို့ လိုသည်။ ကြောက်သင့်သည်တို့ကို ကြောက်တတ်ဖို့လိုသည်။ မတရားမှုတို့ တဖြည်းဖြည်း လှိုက်စား ၀ါးမြိုခံရမည့် အရေးကို မျက်ကွယ်မပြုမိပဲ၊ စေ့စေ့တွေး၍ ကြောက်တတ်ဖို့လိုပါသည်။


ဧရာ(မန္တလေး)

စာညွှန်း။
ဇာတက-၄၁၂၊ သတ္တကနိပါတ်-ဂန္ဓာရ၀ဂ်-ကောဋသိမ္ဗလိဇာတ်

Saturday, May 23, 2009

လူရည်ချွန်

တခေတ်တခါက လူရည်ချွန် ဆိုတာနဲ့ မိမိ ပတ်သက်ဖူးသလောက်လေး ရေးထားချင်ပါတယ်။

ကျမ တသက်နဲ့ တကိုယ် ၇တန်းမှာ မြို့နယ်အဆင့် လူရည်ချွန်အရည်အချင်းစစ် စာမေးပွဲ ဖြေခဲ့ရဖူးပါတယ်။ ကျောင်းက ပထမ အစမ်း စာမေးပွဲမှာ ပထမရလို့ပါ။ ဆိုလိုတာက ကျောင်းအဆင့်မှာ လူရည်ချွန်အတွက်ရယ်လို့ သီးသန့်အရည်အချင်းစစ်ခြင်း၊ စခန်းသွင်းလေ့ကျင့်စေခြင်းမျိုး မရှိခဲ့ပါဘူး။ ဟုတ်ပါတယ် လူရည်ချွန်တယောက်ဖြစ်ဖု့ိ စာတခုတည်း တော်နေလို့ မရပါဘူး။ အထွေထွေ ဗဟုသုတ၊ ဉာဏ်စမ်းနဲ့ ကိုယ်လက်ကြံ့ခိုင်မှု အားကစားများကိုလည်း အစစ်ဆေးခံကြရပါတယ်။ နှစ်ပတ် အလိုမှ အထက-၃ကို ကိုယ်စားပြုပြီး မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ဝင်ရမယ်ဆိုတာကို သိရတာပါ။ ကိုယ်လက်လှုပ်ရှား အားကစားဆိုလို့ ဘုံဘိုင်က လာတဲ့ရေကို တိုင်ကီထဲခပ်ထည့်တာလောက်သာ လုပ်ဖူးတဲ့ ကျမကို အမကြီးနဲ့ အကိုလေးက အိပ်-ထ-မတင် စတင်လေ့ကျင့်ပါတော့တယ်။ တယောက်ကခြေကကိုင်၊ တယောက်က ခေါင်းကမ။ သူတို့ အားနဲ့တော့ ကြွနေတာပဲ။ လွှတ်ထားလိုက်ရင်တော့ ကြမ်းပြင်နဲ့ကျောကပ်နေတာ တလက်မတောင် မကြွတော့ပါဘူး။

ဒီလိုနဲ့ပဲ အားကစားဖြေရမည့်နေ့ ရောက်လာခဲ့ပါတော့တယ်။ အထက-၄ ကျောင်းရှေ့ ကွင်းကြီးမှာ ပွဲဦးထွက်က မီတာ ၁၀၀ ပြေးရတာပါ။ ၃ယောက်ပြေးရတဲ့ အစုမှာ ကျမ ဒုတိယရပါတယ်။ ဒါတောင် လိုက်ပို့တဲ့ အတန်းပိုင်ဆရာမက “ရှေ့ဆုံးက တာထွက်လာတော့ ငါကစိတ်ထဲက တယ်ဟုတ်ပါလား ထင်နေတာ ပန်းလည်းဝင်ရော ပထမနဲ့ အတော်ကြီးကွာကျန်ခဲ့တယ်”လို့ မှတ်ချက်ပေးပါတယ်။ (အဖျားရှူးတတ်တဲ့ ဇာတိတို့ရဲ့ အစပါ)။ ဒီမှာဖြင့် မောလိုက်တာ ငါ့ပေါင်ကြီး ဒီလောက်လေးမှန်း ခုမှသိလို့ ကောင်းတုန်း နောက်တခါ လာပြန်ပြီ လားဟေ့ မီတာ ၄၀၀… အဲ့ဒီကွင်းကို နှစ်ပတ်ပြေးရမှာတဲ့… ။ ပြေးဆိုတော့လည်း ပြေးပေါ့… ။ ကွင်းတပတ်လည်း ပြည့်ရော ပြေးလမ်းကနေချော်ပြီး ဆရာမ ရင်ခွင်ထဲတန်းပြေး.. တရှုံ့ရှုံ့ ငိုရင်း ပါးစပ်ကလည်း တီချယ် သမီးမရတော့ဘူး သမီးမရတော့ဘူးနဲ့ ချွဲပေါ့…။ အခြားစောင့်ရှောက်နေတဲ့ သူတွေက “ဟဲ့ဟဲ့ ဘယ်လိုဖြစ်တာလဲ တပတ်ကျန်သေးတယ်လေ ပြေးဦးလေ… ဆရာမ ဆက်ပြေးခိုင်းဦးလေ”ပေါ့…။ ဆရာမလည်း သံပုရာသီးစိပ် ပါးစပ်ထဲလှမ်းထည့်ပြီး “မရဘူး မရဘူး ကျမသမီး အကြောင်း ကျမသိတယ်” ဆိုပြီး ပွဲလယ်တင့်ရပါတော့တယ်။

ကွင်းပြင်ကြီးထဲမှာတော့ ဒီလိုနဲ့ တစခန်းပြီးလို့ အခြားသော စစ်ဆေးမှုတွေအတွက် အားကစားရုံကြီးဆီ ချီတက်ကြပြန်ပါလေရော။ ပြိုင်ပွဲဝင်သူတွေ အကုန်တန်းစီပြီး အိပ်၊ ရွှီ ကနဲ ခရာမှုတ်တာနဲ့ စတော့ အိပ်-ထ-မတင်။ ပြိုင်ပွဲ ဆိုတဲ့ အသိကြောင့်လား မသိဘူးရှင် တချက်မှကို ကြွမလာတာပါ။ အသာလေးထပြီး ကိုယ့်ဘေးနားက အားတက်သရော လုပ်နေတဲ့ လူတွေကို ငုတ်တုတ်ထိုင် ကြည့်နေလိုက်တော့တယ်။ ဒီအချိန်မှာတော့ မငိုတော့ပါဘူး။ ခုနင်က တဝကြီး ငိုပြီးသွားပြီလေ။ ကလေးဆိုတော့ ကောင်းတယ်… ဖြစ်ကြောမရှည်ဘူး။ နောက်တော့ ဒိုက်ထိုးတဲ့။ နှစ်ချက်သုံးချက်တော့ ထိုးခဲ့သေးတယ် မှတ်တာပဲ။ အခြားစစ်ဆေးမှုတွေ တခုနှစ်ခု အပြီး ပြန်လာခဲ့ရတော့ သူတို့ကျောင်းတောင် မဆင်းသေးဘူး။ စာသင်ခန်းတွေနား တမင်တကာ အတင်း ကပ်လျှောက်ပြီး စပ်စုစိန် လုပ်ခဲ့သေးတာ မှတ်မိတယ်။ (ဟုတ်တယ်လေ ဒီလိုကျောင်းတက်ချိန်ကြီးမှာ ကိုယ့်ကျောင်းမဟုတ်ပဲနဲ့ သူများကျောင်း ကော်ရစ်ဒါမှာ လတ်လျားလတ်လျားလုပ်ရတာ နည်းတဲ့ အခွင့်အရေးကြီးလားလို့)။

Result မျှော်တာပေါ့ရှင်…။ ကိုယ်ကောင်းကောင်းမွန်မွန် ဖြေနိူင်ခဲ့တယ် မဖြေနိူင်ခဲ့ဘူးဆိုတာ ကိုယ်ကိုယ်တိုင် အသိဆုံးဖြစ်ပေမဲ့ မျှော်တာကတော့ မျှော်တာပါပဲ။ ဒီလိုနဲ့ မမျှော်လင့်တဲ့ တနေ့မှာ ရပ်ကွက်ထဲက အင်္ဂလိပ်ကျူရှင်မှာ အထက-၄ ကျောင်းသူ တစ်ဦးက သူ မြို့နယ်အဆင့် လူရည်ချွန် အရွေးခံရကြောင်း သူ့သူငယ်ချင်းတွေကို ပြုံးစစနဲ့ ပြောပြနေတာ တစွန်းတစ ကြားလိုက်ရတဲ့ အခါမှာတော့… ကျမလည်း သူတို့ဝိုင်းထဲတိုးဝင်ပြီး “ငါ နင်တို့ကျောင်းမှာ အားကစားလာဖြေတုန်းက နင်လာဖြေတာ မတွေ့ပါဘူး” လို့ မေးမိတယ်။ “အဲ့ဒီနေ့က ငါနေမကောင်း”လို့တဲ့… နောက်သူဘာတွေ ဆက်ပြောနေခဲ့လဲ (တကယ်ပါ) ကျမ မှတ်ဉာဏ်ထဲ လုံးလုံးမရှိတော့လို့ ရေးမပြနိုင်တော့ပါဘူး။ သူ့ကို ကျမ တချိန်လုံး အကဲခတ်နေတယ် သူမျက်နှာ တချက်မပျက်ဘူး…။ ကျမသိပါတယ်.. ကျမလည်း မျက်နှာပျက်မှာ မဟုတ်ပါဘူး။ “နင်က သိပ်တော်တာပဲဟယ်”လို့ အဓိပ္ပါယ် ထွက်တဲ့ သူ့အတွက် ဝမ်းသာတဲ့ မျက်နှာပေးလေး ပေးခဲ့သေးလားတောင် မသေချာပါဘူး။ ပြိုင်ဘက်တွေလို့ ပြောလို့ရတဲ့ အားကစားဖြေတဲ့နေ့ကမှ တနေ့ထဲသာ တွေ့ဆုံခင်မင်ခွင့်ရခဲ့တဲ့ အခြားကျောင်းက သူငယ်ချင်းတွေရဲ့ ကြိုးစားပမ်းစား ပြေးကြ၊ အားတက်သရော ကုန်းကြ ကွကြ၊ အိပ်-ထ-မတင်လုပ်နေကြတာတွေ ပြန်မြင်ရင်း နင်တို့လည်း result ကို မျှော်နေကြတုန်းလား လို့ စိတ်ထဲကနေ စကားတွေ လှမ်းပြောနေမိပါရဲ့။ ကျမတို့တွေဟာ ၇-တန်းဆိုတော့ သိပ်ကို ငယ်ပါသေးတယ် ပြောမလား၊ အသိတရားရှိနေပါပြီလို့ ပြောမလား။ transparency ဆိုတဲ့ အသုံးအနှုန်းကို မသိသေးပေမဲ့ transparency မရှိရင် တရားမျှတမှုမရှိနိုင်ဘူးဆိုတာ ခပ်ရေးရေး သဘောပေါက်နေပြီလို့ ပြောလို့ရပါတယ်။ အဲ့ဒီနောက်တော့ လူရည်ချွန်ရဖူးတယ်ဆိုတဲ့ သူတွေ တွေ့တိုင်း အိပ်-ထ-မတင် လုပ်တတ်လားလို့ တအံ့တသြကြီး လိုက်မေးနေမိတဲ့ ခပ်ကြောင်ကြောင် ကောင်မလေး တယောက်ဟာ မသီတာပဲ ဖြစ်ပါတော့တယ်။

ဒီလိုနဲ့ ငုတ်လျိုးသွားရတဲ့ လူရည်ချွန်ပိုးဟာ ဆယ်တန်း အတန်းတင်စာမေးပွဲ ဖြေတဲ့ ပထမဦးဆုံးနေ့ - မြန်မာစာဖြေတဲ့နေ့ စာမေးပွဲအခန်းထဲမှာ အခါအားမလျော်စွာပဲ ပြန်ပေါ်လာပါတော့တယ်။ ထုံးစံအတိုင်းမေးခွန်းကို အေးအေးဆေးဆေး ဖတ်လာရင်း နောက်ဆုံး အောက်ပါ ခေါင်းစဉ်များမှ ကြိုက်ရာတခု စာစီကုံးပါ ဆိုတဲ့ မေးခွန်းမှာ

ခေါင်းစဉ်(၁) မြန်မာ့သစ်လုပ်ငန်း - သုတ ကိုမေးတာ
ခေါင်းစဉ်(၂) သုတ-ရသ မေးတဲ့ ခေါင်းစဉ်
ခေါင်းစဉ်(၃) “ပျော်ရွှင်ဖွယ် မြင်ကွင်းတခု” တဲ့ ရသ ကို ရေးရမည့် အခက်ဆုံးလို့ ပြောလို့ရတဲ့ဟာ

ကျမလေ လူရည်ချွန်တွေ စခန်းသွားကြရင် ‘ရန်ကုန်ဘူတာကြီးမှ ထွက်ခွာသွားကြပါသည်’ ဆိုတဲ့ သတင်းစာထဲက သတင်းမျိုးမှာ ပါတဲ့ ဓာတ်ပုံ မျက်စိထဲ ဖျောက်မရအောင်လာထင်နေပြီး အခြားမေးခွန်းတွေ ဖြေနေတဲ့ အချိန်လည်း အဲ့ဒီပျော်ရွှင်ဖွယ် မြင်ကွင်းကို ဘယ်လိုရေးချလိုက်မယ် ဆိုတာ တန်းတန်းစွဲရင်း ... “ပျော်ရွှင်ဖွယ် မြင်ကွင်းတခု” စာစီစာကုံးခေါင်းစဉ်ကို ရွေးချယ်ဖြေဆိုခဲ့ပါသော်လည်း အမှတ်ထွက်သည့်အခါ မြန်မာစာ ၆၅-မှတ်ဖြင့် သာ မပျော်ရွှင်စရာ အောင်မြင်ခဲ့ပါတော့တယ်။။

မှတ်ချက်။ ။ ၇တန်း အတန်းပိုင် ဆရာမ ဒေါ်ဗစ်တိုးရီးယားလူပါ။ (ခရစ်ယာန် ဘာသာဝင် ကရင်လူမျိုး- မြန်မာ အမည် ဒေါ်ဆိတ်ကျင်) ဆရာမနဲ့ ၆တန်း ၇တန်း နှစ်နှစ်ဆက်တိုက် သင်္ချာ(၂) သင်ခဲ့ရပါတယ်။ အသင်အပြ စည်းကမ်း အလွန်ကောင်းမွန်ပါတယ်။ ကြုံဖူးခဲ့တာလေး ချရေးခြင်းမျှသာပါ။ အရည်အချင်းရှိတဲ့ လူရည်ချွန်တွေ အများကြီးပါ။ ကျမကို ကွန်ပြူတာနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့၊ အခွင့်ကြုံသလို သွန်သင်ဆုံးမတတ်တဲ့၊ အမအရင်းတယောက်မဟုတ်ပေမဲ့ ကျေးဇူးတရားကြီးမားတဲ့ အမတယောက်ကလည်း လူရည်ချွန် အကြိမ်ကြိမ်ရခဲ့ဖူးသူပါ။

Thursday, May 21, 2009

Free English Course for Parents - အိပ်မရတဲ့ ညအပေါင်းတွေရယ်


Are you thinking of getting a new computer?
Are you having problems getting to sleep at the moment?
Do you see why men should get paid more than women?
Where do you want to go for your next holiday?

အထက်ပါ မေးခွန်းတွေကို ဆရာမက သင်တန်းသူတွေ အချင်းချင်း တလှည့်စီ မေးစေပါတယ်။ ၁၅မိနစ် အချိန်ပေးထားခဲ့ပြီး ကိုယ့်နေရာကိုယ် ပြန်ထိုင်စေပြီးမှ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အဖြေတွေကို တဦးချင်းစီ ပြောစေပါတယ်။ စိတ်ဝင်စားစရာ အဖြေရဖို့ဆိုတာက စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းဖြစ်မှု အပေါ်မှာလည်း မူတည်နေမယ်လို့ ထင်မိပါတယ်။ မေးခွန်းက ကျယ်ပြန့်ပြီး လေးနက်သော်ငြားလည်း အဖြေက သေးသိမ်နေမယ် ဆိုရင် မှန်းခြေမကိုက် ဖြစ်တတ်ပါတယ်။ သမားရိုးကျမေးခွန်းကို မထင်မှတ်တဲ့ ရှုထောင့်က လှလှပပလေး ဖြေသွားမယ်ဆိုရင်လည်း တမျိုးတမည်ဖြစ်သွားနိုင်ပါတယ်။

အထက်ပါမေးခွန်းတွေထဲမှာ မိမိအနေနဲ့ Do you see why men should get paid more than women? ဆိုတဲ့ မေးခွန်းကို စိတ်ဝင်စားစရာ အကောင်းဆုံး မေးခွန်းအဖြစ် စိတ်ထဲက ရွေးချယ်လိုက်ပါတယ်။ ဒီမေးခွန်းအတွက် ကျောင်းသူ အများစုရဲ့ အဖြေကတော့ No ဖြစ်ပါတယ်။ နှစ်ယောက်ကတော့ Yes လို့ ဖြေပါတယ်။ ဒီတော့ သူတို့ အဖြေတွေက ထူးခြားနေပြီပေါ့။ ဆရာမက ဘာကြောင့်လဲလို့ မလေးသူ Intan ကို မေးပါတယ်။ ယောကျ်ားဟာ အိမ်ထောင်ဦးစီး တယောက်ဖြစ်တဲ့ အတွက်ကြောင့် မိသားစုကို ထောက်ပံ့နိုင်ဖို့ ယောကျ်ားတွေရဲ့ ဝင်ငွေဟာ မိန်းမထက်သာသင့်ပါတယ်တဲ့။ သူတို့ လူမျိုးတွေရဲ့သဘာဝ၊ သူ့ရဲ့လက်ရှိ အနေအထားနဲ့ လိုက်လျောညီထွေစွာ သမားရိုးကျ ဖြေသွားတဲ့ အဖြေတခုလို့ပဲ မြင်မိပါတယ်။ အဲ… နောက်တယောက်ကတော့ တိုင်ဝမ်မှာမွေး၊ ဂျပန်မှာ ပညာသင်ခဲ့တဲ့ စင်ကာပူသူပါ။ သူ့အဖြေကတော့ ယောကျ်ားတွေက ပိုသန်စွမ်းလို့ ပိုရသင့်ပါတယ်တဲ့။ မိမိစိတ်ထဲက IT ခေတ်ကြီးထဲမှာ “အောက်လိုက်တဲ့ အဖြေ” လို့ မှတ်ချက်ပေးလိုက်ပါတယ်။ စာသင်ခန်းထဲမှာတော့ Yes or No မည်သည့်အဖြေပဲ ဖြစ်ဖြစ် ဆရာမက Good, very Good နဲ့ တချိန်လုံး motivate လုပ်နေတာပါပဲ။

အလကားသင်ပေးနေတဲ့ သင်တန်း (အဲ deposit S$150 တော့ တင်ထားရပါတယ်။ ကျောင်းခေါ်ချိန်ပြည့်ရင် သင်တန်းအဆုံးမှာ ပြန်ထုတ်ပေးပါတယ်။) ကနဦး အစမှာတော့ သူ့ဆီက ကျောင်းသားတွေရဲ့ မိဘကိုသာ သင်တန်းတက်ရောက်ခွင့် ပေးခဲ့ပေမဲ့ တကယ်တန်းမှာ လာတက်တဲ့ လူဦးရေက သတ်မှတ်ဦးရေ မပြည့်မီတာကြောင့် (တတန်းလျှင် ဆယ်နှစ်ဦး) ကျောင်းသားမိဘမှ မဟုတ်ပဲ စိတ်ဝင်စားသူများ မည်သူမဆို တက်ရောက်နိုင်ပါတယ်။

သင်တန်းသူ အများစုက သက်လတ်ပိုင်းအရွယ် အိမ်ရှင်မတွေဖြစ်ပြီး ဘဝကို အေးအေးချမ်းချမ်း ပေါ့ပေါ့ပါးပါး ဖြတ်ကျော်နေကြသူများလို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ ဒါကြောင့်လည်း Are you having problems getting to sleep at the moment? ဆိုတဲ့ မေးခွန်း အတွက် No ဆိုတဲ့ အဖြေ တညီတညွတ်တည်း ထွက်လာပါတယ်…။ တိုက်တိုက်ဆိုင်ဆိုင် ဆရာမက မိမိကိုမှ ဒီမေးခွန်းအတွက် ထူးခြားတဲ့ အဖြေမျိုးရခဲ့ပါသလားတဲ့ …။ မိမိရဲ့အဖြေကတော့ I can’t find anyone, except me ပါ …

ဒီမှာ အိပ်မရတာ ဘာကြောင့်လဲ…???

ဒီတော့အားလုံးက ကျမကို ဝိုင်းကြည့်ပြီး စိတ်ဝင်တစား မေးကြပါတယ်။ ဘာကြောင့်လဲပေါ့…။ ကျမအဖြေကတော့ လူတစ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ခံရလို့ ၆-နှစ်ကျော် အကျယ်ချုပ်ကျခံနေရတဲ့ သူရဲ့အိမ်ကို ခပ်ကြောင်ကြောင် လူတစ်ယောက် ကျုးကျော် ဝင်ရောက်လာတဲ့အတွက် ထောင်ဒဏ်ပါ ဆက်ကျခံရတော့မယ်ဆိုတဲ့ တရားဥပဒေအကြောင်း စဉ်းစားနေလို့ပါလို့ အဖြေပေးလိုက်ပါတယ်။

I am having problems getting to sleep at the moment...
I was thinking about the law which says that because someone forcibly broke into the house of a person who had been serving over six years in house arrest for being a victim of a gang attack, she would continue to face prison time.

Tuesday, May 19, 2009

ဓမ္မနှင့် အဓမ္မ


လူ့လောကတွင် အရိုင်းအစိုင်း တိရစ္ဆာန်သဘာဝနှင့် ယဉ်ကျေးသော လူ့သဘာဝဟူ၍ နှစ်မျိုးရှိသည်။ တိရစ္ဆာန်သဘာ၀ ကြီးနိုင်ငယ်ညှင်း နိုင်ရာစား အဓမ္မတရားကြီးစိုးသောလောကတွင် လူတို့သည် လူဂုဏ်သိက္ခာမဲ့စွာ အထိတ်တလန့် ကျီးလန့်စာစား နေထိုင်အသက်မွေး ကြရသည်။ ယဉ်ကျေးသော မေတ္တာ၊ ကရုဏာစသည့် ဗြဟ္မစိုရ်တရားတို့ကြီးစိုးသော လောကတွင် လူ့ဂုဏ်သိက္ခာရှိရှိ အေးချမ်းတည်ငြိမ်စွာ နေထိုင်ကြရသည်။ တိရစ္ဆာန်စိတ်, ဗြဟ္မစိုရ်စိတ်တို့သည် လူသားတစ်ဦးချင်းစီ၏ စိတ်အတွင်းသန္တာန်တွင်သာ မူတည်သည်မှန်သော်လည်း၊ အဓမ္မကြီးစိုးသော လောကအလယ်တွင် လ့ူသိက္ခာရှိစွာ နေထိုင်ရန်မလွယ်။ မိမိသည် မည်မျှပင် မေတ္တာ, ကရုဏာတရားများ ထားလိုပါသော်လည်း အဓမ္မအင်အားစုများနှင့် ဆန့်ကျင်ဖက်ဖြစ်နေမည်။ စိတ်ဓာတ်ပျော့ညံ့သူဖြစ်လျှင် အများနည်းတူ မိုးခါးရေသောက်ကာ အဓမ္မအင်အားစုများ၏ ဖက်တော်သားဖြစ်သွားနိုင်သည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်း၍ လူ့သိက္ခာရှိသော လောကတွင် နေထိုင်လိုသူတို့သည် အဓမ္မတရားများကို ဆန့်ကျင်၍ ဓမ္မကြီးစိုးအောင် အစဉ်ကြိုးပမ်းရသည်။ ထို့အတူပင် နိုင်ရာစား တိရစ္ဆာန်ဝါဒကို လိုလားသူတို့ကလည်း အဓမ္မတို့လွမ်းမိုးအသာရအောင် ကြိုးစားကြပေမည်။ လောကသည် ဓမ္မနှင့် အဓမ္မတို့၏ စစ်မြေပြင်ဖြစ်သည်။ ဓမ္မဖက်တော်သားသည် အဓမ္မ၏ ရန်သူဖြစ်၍၊ အဓမ္မ၏ ဖက်တော်သားတို့သည် ဓမ္မ၏ ရန်သူဖြစ်သည်။ ကြားနေသူဟူ၍ မရှိ။ မိမိသည် လူ့တိရစ္ဆာန်လော, လူပီသသော လူလော ရွေးချယ်ရန်သာရှိသည်။ ဓမ္မကိုရွေးချယ်လျှင် အဓမ္မကို ဆန့်ကျင်ရန်မှာ တာဝန်ဖြစ်သည်။ ကိုယ်အမှုတို့ဖြင့် ဆန့်ကျင်ရမည်။ နှုတ်အမှုတို့ဖြင့် ဆန့်ကျင်ရမည်။ ကိုယ်နှုတ်တို့ဖြင့် မဆန့်ကျင်သာလျှင်လည်း “မတရားမှုတို့အား လက်မခံနိုင်” ဟု စိတ်မှ ဆန့်ကျင်ကြရမည်။

မတရားမှုကို ဆန့်ကျင်ခြင်းသည် ပန်းတိုင်အရ ဓမ္မကို ဦးတည်သည်။ သို့သော် ပန်းတိုင်တစ်ခုတည်းသာ ပဓာနမဟုတ်။ ပန်းတိုင်သို့ လျှောက်လှမ်းသော လမ်းစဉ်သည်လည်း ပဓာနကျသည်။ ပန်းတိုင်ရော လမ်းစဉ်ပါ မှန်ကန်ပါမှ ဓမ္မအစစ်ဖြစ်သည်။ မတရားမှုတို့ကို ဆန့်ကျင်ရာတွင် အကြမ်းမဖက်ဝါဒကိုစွဲကိုင်၍ ဆန့်ကျင်သည်လည်းရှိသည်။ ဓားကိုစွဲကိုင်၍ ဆန့်ကျင်သည်လည်းရှိသည်။ ဓားကိုစွဲကိုင် ဆန့်ကျင်ခြင်းသည် လမ်းစဉ်အရ ဓမ္မနည်းမကျ၍ မည်မျှပင် ရည်ရွယ်ချက်ကောင်းစေ စင်းလုံးချော ဓမ္မ မဖြစ်။ စစ်သည် တရားသောစစ်ဟုဆိုဆို, မတရားသောစစ်ဆိုဆို ပါဏာတိပါတကံ ကျူးလွန်ခြင်းသာဖြစ်သည်။ အကုသိုလ်သာဖြစ်သည်။ စစ်မြေပြင်တွင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်း အသက်စွန့်သွားသော စစ်သည်တို့၏ လားရာကို ဂါမဏိစစ်သူကြီးက ဗုဒ္ဓထံ မေးလျှောက်ခဲ့ဖူးသည်။ ဗုဒ္ဓက မဖြေ။ သုံးကြိမ်တိုင်တိုင်မေးပါမှ စစ်သည်တို့၏ လားရာသည် ငရဲနှင့် တိရစ္ဆာန်သာဖြစ်သည်ဟု ဖြေကြားခဲ့ဖူးသည်။ “ရဲသော် မသေ၊ သေသော် ငရဲမလား”ဟူသော ဆောင်ပုဒ်သည် ဗုဒ္ဓဝါဒအရ မှန်ကန်သော ဆောင်ပုဒ် မဟုတ်။ ဓမ္မသည် မျက်နှာမလိုက်။ စင်စစ် တရားသောစစ်၊ မတရားသောစစ်ဟု မရှိ။ အကုသိုလ်မှန်လျှင် မကောင်းသောအကျိုးကိုသာ ပေးသည်။ ထို့ကြောင့် ဗုဒ္ဓဝါဒအရ အဓမ္မကို ဆန့်ကျင်ရာတွင် တရားသဖြင့်သော နည်းကိုသာ သုံးရသည်။

သို့ဆိုက အကြမ်းမဖက်သော နည်းတို့ဖြင့် တုန့်ပြန်၍ မရနိုင်လောက်သော အဓမ္မတို့၏ ရန်ကို အညံ့ခံရတော့မည်လော…။ အဓမ္မကြီးစိုးမှုကို လက်ပိုက်ကြည့်နေရတော့မည်လော…။ မြစ်တစ်ဖက်ကမ်းသို့ ကူးခပ်လိုသော ယောက်ျားသည် သစ်ဝါးတို့ကို အမှီပြု၍ ကူးရသည်။ အကယ်၍ သစ်ဝါးတို့ မရပဲ ခွေးသေကောင်ပုတ်သာ ရပါကလည်း တစ်ဖက်ကမ်းသို့ရောက်ရေးကိုသာ ပဓာနထား၍ စက်ဆုပ်ရွံရှာဖွယ် ခွေးသေကောင်ပုတ်ကိုပင် အမှီပြုကာ ကူးသင့်ကူးရပေမည်။ စက်ဆုပ်ဖွယ် အကုသိုလ်ဖြစ်မှန်း သိသော်လည်း၊ ထိုအကုသိုလ်ကြောင့် အပါယ်ဘဝကျရမည်ကို သိသော်လည်း မိမိ၏ ဘဝကိုအနစ်နာခံ၍ မိမိ၏ ပတ်ဝန်းကျင် ကောင်းစားရေး, အဓမ္မမထွန်းကားရေးတို့ကို ဆောင်ရွက်ကြရသည်။ ဇာတ်တော်တို့တွင် ဘုရားအလောင်းတော်သည်လည်း ဓားလမ်းစဉ်ကို သုံးခဲ့ဖူးသော သာဓကများစွာရှိသည်။ သို့ကြောင့်လည်း အလောင်းတော်ဘဝတွင် အပါယ်ငရဲ ကျရသည်များလည်း ရှိသည်။ တိရစ္ဆာန်ဘ၀ ရောက်ရသည်များ လည်းရှိသည်။ ဓားလမ်းစဉ်သည် ခွေးသေကောင်ပုတ်ကဲ့သို့ပင် စက်ဆုပ်ဖွယ်ဖြစ်၍ ပန်းတိုင်ရောက်ရေး အတွက်သာ ဖြစ်ပြီး၊ ဆက်လက် ဖက်တွယ်ထားရမည့် လမ်းစဉ်မျိုး မဟုတ်။ မိမိဘဝကောင်းစားရေး, မိမိ မိသားစုစားဝတ်နေရေးအတွက် ဓားလမ်းစဉ်ကို ကိုင်စွဲခဲ့ခြင်းမဟုတ်ပဲ အနိုင်ကျင့် အဓမ္မဝါဒတို့ မလွှမ်းမိုးစေရန် ဆောင်ရွက်ခြင်းသာ ဖြစ်ရသည်။ ဓားလမ်းစဉ်ကို ဆက်လက်ဖက်တွယ်ထားပါက မိမိတို့၏ ဓမ္မထွန်းကားရေး မူလပန်းတိုင် ပျောက်ဆုံးကာ အဆိုးသံသရာ လည်နိုင်သည်ကို သတိပြုကြရမည်။

“စိတ္တေန နိယျတိ လောကော” ဆိုသည့်အတိုင်း လောကကို စိတ်က ဖန်တီးထားခြင်းဖြစ်သည်။ လူသားတို့၏ ရွေးချယ်မှုများက ဖန်တီးထားခြင်းဖြစ်သည်။ မိမိ၏ “ဓမ္မနှင့် အဓမ္မ” ရွေးချယ်မှုသည် လူပီသသော လူသားလောကနှင့် လူ့တိရစ္ဆာန်လောကကို ရွေးချယ် လိုက်ခြင်းပင် ဖြစ်သည်။

ဧရာ (မန္တလေး)

စာညွှန်း။
သံ-၄-၃၅၅၊ သဠာယတဝဂ္ဂသံယုတ်ပါဠိတော်၊ ဂါမဏိသံယုတ်၊ ယောဓာဇီဝသုတ်
ဦးရွှေအောင် - ဘဝအမြင်သစ်
ဦးရွှေအောင် - ကုသိုလ်နှင့် အကုသိုလ်

Saturday, May 16, 2009

Free English Course for Parents - Perfect Tense

ဟယ် သီဟ...
ဟင် သီရိ...

ဘယ်တုန်းက မြို့ပြန်ရောက်နေတာလဲ
သိပ်မကြာသေးပါဘူး လွန်ခဲ့တဲ့ ၂ပတ်လောက်ကမှပါ အဖေ အသည်းအသန် ဖြစ်လို့လေ
အော် ဟုတ်လား
ဘယ်ကတည်းက ပြန်ရောက်နေတာလဲ
မနေ့ကပဲ ရောက်တယ် အငယ်မ မင်္ဂလာဆောင်လာတာလေ
အော်
...
အချိန်ရတယ် မဟုတ်လား လ္ဘက်ရည်ဆိုင် ဖြစ်ဖြစ် ခဏလောက်ထိုင်ကြတာပေါ့
သွားလေ

လူနှစ်ယောက် လမ်းမပေါ်မှာ မထင်မှတ်ပဲ ဆုံတယ်... သူတို့ဟာ သိဟောင်းကျွမ်းဟောင်းတွေ ဖြစ်ခဲ့ကြပြီး နှစ်အတော်ကြာ အဆက်အသွယ်ပြတ်နေကြပုံပဲ။ သူတို့ရဲ့ အတိတ်က ဆက်ဆံရေးက ဘယ်လိုပုံစံလဲ…ငယ်သူငယ်ချင်းတွေလား…လုပ်ဖော်ကိုင်ဖက်ဟောင်းတွေလား…အဲ.. ငယ်ချစ်ဟောင်းတွေလား???

သိချင်ရင် ဆက်ဖတ်ကြည့်လေ…တကယ့် အဖြစ်အပျက်မှာတော့ သီဟနဲ့ သီရိ မဟုတ်ပါဘူး... Peter နဲ့ Amanda ပါ...

“And so, Peter, did you become a foreign correspondent?”
“Not exactly,”... “I’m a lawyer, believe it or not.”
“You enjoy it?”
“Yes,”...“And you? Are you a world-famous artist?”
“Well, …no.”
“So, What are you up to?”
“Nothing much,”... “I’ve tried a few things...”
“So you are not painting at all?”
“Only doors and walls,”
...
“So where are you in London?”
“North,” ...“And you?”
“South. It’s okay, I rent a room.”...“But I’m thinking of buying somewhere. It’s one of the reason I came home. I want to sort things out a bit,”
...
“Oh, Peter, I don’t know why I left that day,”
“It’s all right,” ... “We were young. Young people do things like that all the time,”
“I suppose you’re right.”
...
“Well, I ought to be going,”
“Already? I thought you had time to kill.”
“I did,” ...“But I ought to get back now to help my mother with the wedding.”
“I understand,”... “Shall I give you my phone number. Perhaps we could meet up?”
“perhaps,” “Thanks. Goodbye, Peter.”
“Goodbye, Amanda.”


ကဲ ..သူတို့ ပြောပုံ ဆိုပုံတွေ ကြည့်ပြီး ရိပ်ဖမ်းသံဖမ်းတော့ ရှိလာပြီ မဟုတ်လား…သူတို့က ဇာတ်လမ်းတွေ ရှိခဲ့ပုံပဲ…အပြည့်အစုံလေး သိချင်ရင်တော့…

They walked towards Gaby’s, a small café just off the high street. They had spent hours there when they had first met, laughing and holding hands under the table, and discussing their plans for the future over cups of coffee.


“And so, Peter, did you become a foreign correspondent?” she asked, remembering the places they dreamed of visiting together – India, Moroccco, and Australia.
“Not exactly,” he said. “I’m a lawyer, believe it or not”. She looked at his clothes, and she could believe it. They were a far cry from the second-hand shirts and jeans he’d worn as a student. “You enjoy it?” she asked.
“Yes,” he lied. “And you? Are you a world-famous artist?” He’d always loved her pictures. He remembered the portrait of herself which she’d painted for him for his twentieth birthday. He still had it.
“Well, …no.” She tried to laugh. She wondered if he still had her self-portrait. She’d stopped painting years ago. He looked at her hair, cascading in dark unruly waves over her shoulders. He could see a few white hairs now, but she was still very beautiful.
“So,” he said. “What are you up to?”
“Nothing much,” she said. “I’ve tried a few things.” She didn’t want to tell him about the succession of temporary jobs that she’d hoped might lead to something more permanent but never had.
“So you are not painting at all?”
“Only doors and walls,” she joked, and he laughed politely. She remembered the evenings they’d spent in the bedsit that they rented together in their last term at college. He’d sit for hours just watching her paint. She filled sketch book after sketch book.
“So where are you in London?” she asked.
“North,” he said. It was a three-bedroom flat in Hampstead. Nice in an empty kind of way. He thought about all the evenings he wished he had someone to come home to.
“And you?” he asked, after a pause.
“South. It’s okay, I rent a room.” She thought of the small room with the damp walls which she rented in an unfashionable part of Clapham.
“But I’m thinking of buying somewhere. It’s one of the reason I came home. I want to sort things out a bit,” she signed, thinking about the letters from him that she’d found in her old bedroom. She’d been reading them only yesterday.
“Oh, Peter, I don’t know why I left that day,” she said at last. He looked up at her.
“It’s all right,” he said, remembering the evening she hadn’t come back to the bedsit.
“We were young. Young people do things like that all the time,” he added, knowing that this wasn’t true, knowing that he hadn’t deserved such treatment. He thought of all the letters he’d sent to her parent’s home. He’d written every day at first, begging her to return or at least to ring him. He’d known even then that he would never meet anyone like her again.
“I suppose you’re right.” She swallowed hard, trying to hide her disappointment and hurt that he seemed to have no regrets.
“Well, I ought to be going,” she said.
“Already? I thought you had time to kill.”
“I did,” she said, blinking to hold back the tears. “But I ought to get back now to help my mother with the wedding.”
“I understand,” he said, though he didn’t. Surely her parents would understand?
“Shall I give you my phone number. Perhaps we could meet up?”
“perhaps,” she said. He wrote his telephone number on the back of the bill and she tucked it into the zipped compartment of her handbag.
“Thanks. Goodbye, Peter.”
“Goodbye, Amanda.”
Years later, every so often, she still checked that compartment to make sure his number was there.

သင်တန်းမှာ သင်ခဲ့ရတဲ့ Fiona Goble ရဲ့ Things we never said က စာအချို့ပါ။ Perfect tense တွေကို ဆေးရောင်လေးချယ်ပြထားပါတယ်။

Thursday, May 14, 2009

The Great Debaters


“What we have to do in order that we can do what we want to do” [from The Great debaters]
“Education is the only way out from the darkness into glorious light.” [from The Great debaters]
“An unjust law is no law at all.” [St. Augustine]
“ကျွန်စိတ်၊ ပညာရေးနှင့် လွတ်လပ်မှု” ဟူသော ပို့စ်ရေးစဉ်က ‘The Great Debaters’ ဇာတ်လမ်းအကြောင်းကို ထည့်ရေးဖို့ရန် စဉ်းစားခဲ့သည်။ သို့သော်လည်း သိပ်ရှည်လွန်းသွား၍ မထည့်ဖြစ်ခဲ့။

၁၉၃၀-ခုနှစ်ကာလ လူမည်းစကားရည်လု အသင်းတစ်ခုကို အခြေတည်၍ ရိုက်ကူးထားသော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုဖြစ်သည်။ ထိုအချိန်က အမေရိကန်နိုင်ငံတွင် ကျွန်စနစ်နှင့် အဓမ္မစေခိုင်းသောစနစ်တို့ကို ဖွဲ့စည်းပုံအခြေခံအရ ဖျက်သိမ်းပြီးဖြစ်သည်။ သို့သော်လည်း လူဖြူတို့သည် Lynching ဟူသော နည်းကို အသုံးချ၍ အာဖရိကနွယ်ဖွား လူမည်းတို့ကို ကျွန်စိတ်မပျောက်စေရန် စိတ်ဓာတ်ကို အညွှန့်ချိုးခဲ့ကြသည်။ ကျွန်စနစ်ကို ဆန့်ကျင်သူများအား ကြောက်ရွံ့ နောင်ကြဉ်စေရန် လူအုပ်စုဖွဲ့၍ အကြမ်းဖက် အနိုင်ကျင့်ခြင်း၊ ရိုက်နှက်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်း၊ လူအများမြင်သာစေရန် ကြိုးပေးကွပ်မျက်ခြင်းစသော ဥပဒေ ပြင်ပနည်းများကို သုံးခဲ့ကြသည်။


လူမည်း ပညာတတ်လူငယ်တို့က မိမိတို့၏ အခြေခံရပိုင်ခွင့်များကို ခံစားနိုင်ရန် ကြိုးပမ်းကြသည်။ ပညာရေးသည်သာ မိမိတို့မျိုးနွယ်ဖွားတို့၏ တစ်ခုတည်းသော လွတ်မြောက်ရာလမ်းဖြစ်သည်ဟု ခံယူခဲ့ကြသည်။ ပထမဆုံးအလုပ်သည် လူငယ်များ၏ နှလုံးသားမှ သိမ်ငယ်စိတ်၊ ကျွန်စိတ်ကို ဖယ်ထုတ်ပစ်ရန်ဖြစ်သည်။ နောင်တွင် ထင်ရှားသည့် လူမည်း ကဗျာဆရာတစ်ဦးဖြစ်လာမည့် Melvin B. Tolson သည် Wiley Collge မှ လူငယ်များအားစုစည်းကာ စကားရည်လုပွဲအသင်းတစ်ခု ထူထောင်ခဲ့ကြပုံကို အခြေခံ၍ ဤဇာတ်ကားကို ရိုက်ကူးထားခြင်း ဖြစ်သည်။


“ဒို့လုပ်ချင်တာတွေ လုပ်နိုင်ဖို့အတွက် ဒို့လုပ်ရမယ့် အရာ” ဟူသည့် တာဝန်ယူစိတ်ကို လှုံ့ဆော်သော စကားကို ထပ်လဲလဲ သုံးသွားသည်။ ပညာရဲရင့် ပွဲလယ်တင့်ဆိုသော စကားအတိုင်း ထိုစကားရည်လုပွဲ အသင်းလေးသည် ဟားဘတ်တက္ကသိုလ် (ဖြစ်ရပ်မှန်တွင် ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ်) အသင်းကို ရင်ဘောင်တန်း ယှဉ်ပြိုင် ခွင့်ရခဲ့သည်။ ထိုစဉ်က စကားရည်လုပွဲတွင် James Farmers သည် “မတရားသော ဥပဒေသည် ဥပဒေပင် မဟုတ်” ဟူသော စိန့်သြဂတ်စတင်း၏ စကားကို မကြာခဏ ကိုးကားခဲ့သည်။ နောက်ဆုံး စကားရည်လုပွဲကို လူမည်းအသင်းက အနိုင်ရလိုက်ပုံဖြင့် ဇာတ်သိမ်းထားသည်။ နောင်တွင် James Farmers သည် ထင်ရှားသော လူမည်း အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

http://www.youtube.com/watch?v=JnezpSJwr8c&feature=fvst
ဧရာ (မန္တလေး)

Saturday, May 9, 2009

အမေ

ကိုယ်ဟာ သူရဲ့ ကိုယ်ပွားတခုဆိုရင်
ကိုယ့်ရဲ့အစဟာ သူရဲ့သွေးတစက်ပေါ့
ကိုယ့်ရဲ့ ခြေလှမ်းတွေအောက် သူ့လက်ဖဝါးတွေ
ကိုယ့်ကိုသူက ချစ်ဖို့မွေးခဲ့တာလေ...

အချိန်မရွေး သူပေးလေတဲ့
မေတ္တာချို စေတနာဆိမ့်
ကရုဏာမွှေး အကြင်နာနွေးတွေ
လှိုင်လှိုင်ကြီး စားသုံး
လူလုံးလည်း လှခဲ့သပေါ့...

ကိုယ့်ရဲ့ ဖြူစင်ခြင်းဟာ သူ့ရဲ့ အသွေးအသား
ကိုယ့်ရဲ့ ရှင်သန်ခြင်းမှာ သူ့ရဲ့ အနစ်နာ
ကိုယ့်ရဲ့ ယုံကြည်ခြင်းက သူ့ရဲ့ အလင်းရောင်
ကိုယ့်ရဲ့ ဖြစ်တည်ခြင်းက သူ့ရဲ့ အမျှော်အမြင်
ကိုယ့်ရဲ့ ရပ်တည်မှုကတော့…
ထောက်တည်ရာမရတဲ့ သူ့အဝေးကအရိပ်

မိန်းမတယောက်ဟာ
ထူးဆန်းတဲ့ ဘဝတခုကို ပိုင်ဆိုင်ခဲ့ပြီဆိုရင်
အနစ်နာခံခြင်း
ယုံကြည်ခြင်းနဲ့
ချစ်ခြင်းတရားတွေမှာ
တစုံတရာတော့
မှားယွင်းနေခဲ့ပြီလေ...

မျက်ရည်တွေ ခမ်းခြောက်ပါစေတော့ … အမေ။ ။

Friday, May 8, 2009

သာသနာ့အလံ


ဗုဒ္ဓအဆုံးအမ သာသနာ၏ သင်္ကေတအဖြစ် ကိုယ်စားပြု လွှင့်ထူကြသော သာသနာ့အလံတော်ကို ၁၈၈၅-ခုနှစ် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် စတင် လွှင့်ထူခဲ့ကြခြင်းဖြစ်သည်။

နာယကဆရာတော်အရှင် ဟိက္ကဒုေ၀ သီရိမင်္ဂလ မထေရ်အမှုးပြု၍ အနာဂါရိကဓမ္မပါလ၏ မိဘနှစ်ပါးတို့ ပါဝင်သော ကိုလံဘိုကော်မတီက ပထမဆုံးဗုဒ္ဓသာသနာ့အလံတော်ကို ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ဗုဒ္ဓ၏ ရောင်ခြည်တော် ခြောက်သွယ်ကို သင်္ကေတပြု၍ ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ ဗြိတိသျှကိုလိုနီဘဝတွင် ဝိသာခါနေ့ (Vesak day) အား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ပထမဆုံးအကြိမ်သတ်မှတ်ပေးခဲ့သော ၁၈၈၅-ခုနှစ် မေလ ၂၈-ရက် ဝိသာခါအခါတော်နေ့တွင် သာသနာ့အလံတော်အား စတင်လွှင့်ထူခဲ့ကြသည်။

သို့သော်လည်း အရွယ်အချိုးအစားသည် လွှင့်ထူရန် အဆင်မပြေ၍ နိုင်ငံတကာအလံများ၏ အရွယ်အချိုးအစားအတိုင်းပြောင်းလဲရန် အမေရိကန် စာနယ်ဇင်းသမား ဗိုလ်မှူးကြီး Henry Steel Olcott က အကြံပြုခဲ့သည်။ ၁၈၈၆-ခုနှစ် ဧပြီလတွင် လက်ခံအတည်ပြု၍ သတင်းစာမှ ကြေညာခဲ့သည်။

ဗိုလ်မှူးကြီး Olcott နှင့် အနာဂါရိကဓမ္မပါလတို့နှစ်ဦးသည် ၁၈၈၉-ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်စဉ် သာသနာ့အလံတော်အား ဂျပန်ဧကရာဇ်ထံ လက်ဆောင်ဆက်သခဲ့၍ ဂျပန်နိုင်ငံက စတင်လက်ခံခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအပါအဝင် ဗုဒ္ဓဘာသာနိုင်ငံများက ဗုဒ္ဓသာသနာကို ကိုယ်စားပြုသော အလံတော်အဖြစ် လက်ခံလွှင့်ထူခဲ့ကြသည်။

သာသနာ့အလံတော်သည် “နီလ-ပီတ-လောဟိ-တောဒါတ-မဉ္ဇိဋ္ဌ-ပဘဿ ရဝသေန ဆဗ္ဗဏ္ဏရသ္မိယော… ” ဟူသော မြတ်စွာဘုရား၏ ရောင်ခြည်တော်ခြောက်သွယ်အား ဖော်ညွှန်းထားခြင်းဖြစ်သည်။ နီလ (အပြာရောင်), ပီတ (အဝါရောင်), လောဟိတ(အနီရောင်), သြဒါတ(အဖြူရောင်), မဉ္ဇိဋ္ဌ (မောင်းသောအရောင် - လိမ္မော်) ဟူသော ထောင်လိုက်အစင်း ၅-ခု အစဉ်အတိုင်းပါဝင်သည်။ ညာဘက်ဆုံးအစင်းတွင် ထိုငါးရောင်မျိုးအား အလျားလိုက်ရေးဆွဲထား၍ ပဘဿရ (ပြိုးပြိုးပြက်သောအရောင်)ကို ကိုယ်စားပြုသည်။

နီလ (အပြာ) – Loving kindness, peace and universal compassion
ပီတ (အဝါ) – The Middle Path – avoiding extremes, emptiness
လောဟိတ (အနီ) – The blession of practice – achievement, wisdom, virtue , fortune and dignity
သြဒါတ (အဖြူ) – The purity of Dharma – leading to liberation, outside of time and space
မဉ္ဇိဋ္ဌ (အမောင်း) – The Buddha’s teachings – wisdom

မှတ်ချက်။
မြန်မာဘာသာကျမ်းများတွင် နီလအား အညိုရောင်ဟု ပြန်ကြပါသည်။ ဦးဟုတ်စိန်၏ ပါဠိ-မြန်မာ အဘိဓာန်တွင် “ညိုသည်, စိမ်းညိုသည်, ပြာသည်” ဟုဖွင့်ပြသည်။ ဦးမြတ်ကျော်၏ မြန်မာစာ၊ မြန်မာမှု ပါဠိ အဘိဓာန်သစ်တွင် “အမည်းရောင်၊ အနက်ရောင်” ဟုဖွင့်ပြသည်။ မဉ္ဇိဋ္ဌကို မြန်မာတို့က နီမောင်းသောအရောင်ဟု ပြန်ဆိုလေ့ရှိသည်။

စာညွှန်း။
http://en.wikipedia.org/wiki/Buddhist_flag
အဋ္ဌသာလိနီ - ဓမ္မသင်္ဂဏီအဋ္ဌကထာ

ဧရာ(မန္တလေး)

Thursday, May 7, 2009

ကဆုန်လပြည့်ဗုဒ္ဓနေ့

 
 Vesak Day ကျင်းပရန် ပြင်ဆင်ထားသော ပုံအချို့

ကဆုန်လပြည့်ဗုဒ္ဓနေ့ သည် မြန်မာပြက္ခဒိန်အရ ၈.၅.၂၀၀၉ခုနှစ် သောကြာနေ့တွင် ကျရောက်ပါသည်။ မနှစ်က တင်ခဲ့သော ပို့စ်ကိုပင် ထပ်မံ၍ ဓမ္မဒါနပြုလိုက်ပါသည်။


“အဂ္ဂေါဟမသ္မိ လောကဿ။
ဇေဋ္ဌောဟမသ္မိ လောကဿ။
သေဋ္ဌောဟမသ္မိ လောကဿ။
အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ”တိ။
[မ-၃-၂၀၇-အစ္ဆရိယအဗ္ဘုတသုတ္တံ]

“ငါသည် လောကတွင် ထိပ်ဆုံးဖြစ်၏။
ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။
ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။
ဤမွေးဖွားခြင်းသည်ကား နောက်ဆုံးမွေးဖွားခြင်းတည်း။
နောင်တစ်ဖန် ဘဝဖြစ်ခြင်း မရှိတော့ပြီ။”


ကဆုန်လပြည့်နေ့သည် မြင့်မြတ်ခြင်း၏ သင်္ကေတဖြစ်သည်။ လောကတွင် သာမာန်လူနှင့် မြင့်မြတ်သောလူဟူ၍ နှစ်မျိုးရှိသည်။ လူသာမာန်တို့သည် လောကသဘာဝအရ ရယူမှုကို အလိုရှိကြသည်။ မိမိတို့၏ စီးပွားချမ်းသာကို အလိုရှိကြသည်။ ချီးမွမ်းမြှောက်ပင့်မှုကို အလိုရှိကြသည်။ အချွေအရံတို့ကို အလိုရှိကြသည်။ သြဇာအာဏာကို အလိုရှိကြသည်။ မြင့်မြတ်သူတို့ကား လူအများ၏ အကျိုးစီးပွားအတွက် မိမိတို့၏ စီးပွားချမ်းသာကို စွန့်လွှတ်ကြသည်။ မိမိတို့၏ အသက်ကို စွန့်လွှတ်ကြသည်။ သြဇာအာဏာတို့ကို စွန့်လွှတ်ကြသည်။ လောကအတွက် စွန့်လွှတ် အနစ်နာခံခြင်းသည် မြင့်မြတ်သူတို့၏ လက္ခဏာဖြစ်သည်။

ဤကဆုန်လပြည့်တွင် လောက၏ အမြင့်မြတ်ဆုံးဖြစ်သော ဗုဒ္ဓမြတ်စွာ အလောင်းလျာကို ဖွားမြင်တော်မူခဲ့သည်။ မယ်တော်မာယာဒေဝီသည် အလောင်းတော်၏ သန္ဓေကို လွယ်ပြီးဆယ်လအကြာတွင် မိမိ၏ ဆွေမျိုးများရှိရာ ဒေဝဒဟပြည်သို့ အသွားလမ်းခရီး ပင်လုံးကြွတ်ပွင့်နေသော အင်ကြင်းပင်များရှိသော လုမ္ဗနီဥယျာဉ်တွင် ခေတ္တ အနားယူ၏။ ထိုသို့အနားယူခိုက် မဟာသက္ကရာဇ် ၆၈-ခု ဝိသာခါနက္ခတ် နှင့် စန်းလယှဉ်သော ကဆုန်လပြည့် သောကြာနေ့ နံနက်တွင် အလောင်းတော်ကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ မြင့်မြတ်သူတို့၏ လုပ်ဆောင်ချက်တို့သည် အံ့ချီးမခမ်းဖြစ်သကဲ့သို့ပင်၊ သဘာဝတရားက ထိုမြင့်မြတ်သူတို့အပေါ် တုန့်ပြန်မှုသည်လည်း မယုံနိုင်စဖွယ် ဖြစ်ရသည်။ ဖွားမြင်စ အလောင်းတော်သည် ညီညွတ်သော ခြေတို့ဖြင့် မြေ၌ ရပ်တည်ပြီးလျှင် မြောက်အရပ်သို့ ရှေးရှု၍ ခုနှစ်ဖဝါးလှမ်းကာ ကြွတော်မူ၏။ ထို့နောက် “ငါသည် လောကတွင် ထိပ်ဆုံးဖြစ်သည်။” စသော ကြုံးဝါးသောစကားကို ဆိုခဲ့၏။ ဗုဒ္ဓ အလောင်းတော်သည် မြင့်မြတ်သူတို့တွင် အမြတ်ဆုံးဖြစ်ပေ၏။

အမျိုးဇာတ်ကြောင့် မြတ်ခြင်း, တန်ခိုးအာဏာကြောင့် မြတ်ခြင်းတို့သည် မြင့်မြတ်ခြင်း အစစ်မှန်မဟုတ်။ လောကအတွက် အနစ်နာခံ စွန့်လွှတ်သော နှလုံးသားကသာ မြင့်မြတ်ခြင်းဖြစ်သည်။ မြင့်မြတ်သော နှလုံးသားသည် မိမိပတ်ဝန်းကျင်မှ ဆင်းရဲဒုက္ခရောက်နေကြရသော လောကသားတို့အပေါ် သက်သော အေးမြသည့် ကရုဏာတရား အပေါ်အခြေခံသည်။ လောကသားတို့အား ဖုံးလွှမ်းထားသည့် အမိုက်မှောင်ကို ပယ်ရှားနိုင်သော ပညာအလင်းရောင် အပေါ်တွင် အခြေခံရသည်။ မြင့်မြတ်သော နှလုံးသားသည် ကောက်ရိုးမီးကဲ့သို့ ဝုန်းကနဲတောက်၍ ဝုန်းကနဲငြိမ်းပျောက်သွားသော သဘောမျိုးမဟုတ်။ မြင့်မြတ်သော နှလုံးသားသည် ပြုစုပျိုးထောင်၍ ယူရသည်။ ထိုသို့ ပြုစုပျိုးထောင်ခြင်းကို ပါရမီဖြည့်ကျင့်သည် ဟုခေါ်သည်။



ဤကဆုန်လပြည့်သည် မြင့်မြတ်သော နှလုံးသားကို စတင်သန္ဓေတည်ခဲ့သော အခါကာလလည်း ဖြစ်သည်။ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တွင် အလောင်းတော်သည် သုမေဓာရှင်ရသေ့ဖြစ်ခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရား ကြွရောက်လာမည့် လမ်းအား သန့်ရှင်းနေကြသည့်လူတို့ထံမှ “မြတ်စွာဘုရား” ဟူသောစကားသံကို ကြားသောအခါ၊ သုမေဓာရှင်ရသေ့သည် အလွန် နှစ်သက်ဝမ်းမြောက်မှု ဖြစ်ရသည်။ မြင့်မြတ်ခြင်းသည် မိမိ၏ ပတ်ဝန်းကျင်မှ တစ်ဆင့် ကူးလူးဆက်ဆံသော သဘောလည်း ရှိရကား၊ သုမေဓာသည် အများနည်းတူ လမ်းသန့်ရှင်းရေးတွင် ကူညီပါဝင်ခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရား ကြွလာသောအခါတွင် အလောင်းတော်သည် မိမိ၏ ဆံပင်တို့ကို ဖြေ၍၊ သင်္ကန်း, စမ္မခဏ် သားရေပိုင်းတို့ကို ဖြန့်ကျက်၍၊ မိမိ၏ ကိုယ်ကို အလျားမှောက်ကာ တံတားခင်း၍ ပေးသည်။ ဒီပင်္ကရာမြတ်စွာဘုရားကဲ့သို့ပင် ဘုရားအဖြစ်ရောက်ကာ လောကအား ကျေးဇူးပြုလိုစိတ် ဖြစ်ပေါ်ဆုတောင်းလေသည်။ ဤသည်ကို ကြာပန်းရှစ်ခိုင်ဖြင့် မြတ်စွာဘုရားအား ပူဇော်ရန်လာသော အမျိုးသမီးငယ် သုမိတ္တာသည် မြင်၏။ ဤတွင် ကြာပန်းငါးခိုင်အား သုမေဓာရှင်ရသေ့အတွက်, ကျန်သုံးခိုင်အား မိမိအတွက်ထား၍ ဘုရားရှင်အားလှူဒါန်းကာ သုမေဓာရှင်ရသေ့၏ မြင့်မြတ်သော အမှုတွင် ပါရမီဖြည့်ဖက်အဖြစ် ပါဝင်လေသည်။ “ဤကမ္ဘာမှ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်တွင် သုမေဓာရသေ့သည် မြတ်စွာဘုရားဖြစ်လတ္တံ။ ဤသတို့သမီးသည် သင်ရသေ့နှင့် တူမျှသော စိတ်, တူမျှသော ကံ, တူမျှသောအမှုရှိ၍၊ သင့်အား အစဉ်စောင့်ရှောက်လျှက် ပါရမီ ဖြည့်လတ္တံ” ဟု ဒီပင်္ကရာဘုရားက ဗျာဒိတ်စကား မိန့်ကြားခဲ့သည်။ ဤကဆုန်လပြည့်တွင် ဒီပင်္ကရာဘုရား၏ မြင့်မြတ်ခြင်းတို့သည် သုမေဓာ၏ စိတ်နှလုံးကို သိမ်းကြုံးယူကာ၊ ကူးလူး သန္ဓေတည်ခဲ့၏။

ထိုမှစ၍ သိဒ္ဓတ္ထ နှင့် ယသော်ဓရာ အလောင်းလျာမောင်နှံတို့သည် ဖြစ်ရာဘဝ, ရောက်ရာနေရာမှ မြင့်မြတ်သော နှလုံးသားတို့ကို ပြုစုပျိုးထောင်ခဲ့သည်။ မိမိတို့အကျိုးစီးပွားထက် လောက၏ အကျိုးစီးပွားကိုသာ ပဓာနပြု၍၊ စည်းစိမ်ဥစ္စာ, အသွေးအသား, အသက်တို့ကို စွန့်လွှတ်ခဲ့သည်။ သိဒ္ဓတ္ထမင်းသားဘဝရောက်သော် ထိုပါရမီတို့သည် အထွတ်ခေါင်သို့ရောက်လေပြီ။ သိဒ္ဓတ္ထမင်းသားသည် လူသားစင်စစ်အဖြစ် မွေးဖွားလာသော်လည်း၊ သာမာန်လူသားမဟုတ်တော့။ မြင့်မြတ်သော မဟာလူသားဖြစ်လေပြီ။ မြင့်မြတ်သူတစ်ကာတို့ထက် မြတ်သော အထွတ်ခေါင်ဖြစ်လေပြီ။

သိဒ္ဓတ္ထမင်းသားသည် အသက် ၂၉-နှစ်အရွယ်တွင် ဖြစ်ပေါ်လာအံ့သော စကြဝတေးမင်းစည်းစိမ်ကို စွန့်ကာ သတ္တဝါတို့ အကျိုးအတွက် ဘုရားအဖြစ်သို့ရရန် အားထုတ်ခဲ့သည်။ အလောင်းတော်ဘဝဖြင့် လောကသားတို့ကို လောကဆင်းရဲမှ လွတ်ရန် မရေတွက်နိုင်သောကမ္ဘာများစွာ အားထုတ်ခဲ့ဖူးပြီ။ ယခုနောက်ဆုံးဘ၀ ရောက်သောအခါ၌ကား သတ္တဝါတို့အား သံသရာဝဋ်ဆင်းရဲမှ ကယ်မ, ထုတ်ဆောင်ရန် အားထုတ်လေပြီ။ လောကဆင်းရဲနှင့် သံသရာဆင်းရဲနှိုင်းစာလျှင်၊ လောကဆင်းရဲသည် ပြောပလောက်သော ဆင်းရဲမဟုတ်တော့။ သံသရာမှ မလွတ်သရွေ့ ဆင်းရဲအမျိုးမျိုး ကြုံတွေ့ရမည်သာ။ ဆင်းရဲဟူသမျှ၏ အရင်းမြစ်ကို ချိုးဖြတ်ရန်အတွက် တစ်ပြောင်းတစ်ပြန်ပြန် ပြေးသွားကျင်လည်နေရသော သံသရာကို ဖြတ်တောက် ရပေမည်။ လောကအကျိုးကို ဆောင်ရန် ဦးစွာပထမ မိမိကိုယ်တိုင် သံသရာဆင်းရဲအပေါင်းမှ လွတ်မြောက်ရန် ကျိုးပမ်းရသည်။ ထို့ကြောင့် သံသရာမှ ထွက်မြောက်ကြောင်းတရားကို ရှာဖွေခြင်းဟူသော မြတ်သောရှာဖွေခြင်း (အရိယာပရိယေသန) ကို အားထုတ်တော်မူခဲ့၏။

ဤကဆုန်လပြည့်သည် လောက၏ အမြတ်ဆုံးဖြစ်သော ဗုဒ္ဓအဖြစ်ရောက်တော်မူသောနေ့ ဖြစ်သည်။ ‘ဗုဒ္ဓ’ ဟူသည် နိုးကြားသိမြင်ခြင်းဟု အဓိပ္ပါယ်ရသည်။ ဒုက္ခခပ်သိမ်း၏ အရင်းမြစ်ကို ရှာဖွေသိမြင်ခြင်းကြောင့် ဗုဒ္ဓ ဟူ၍ အမည်ရသည်။ အလောင်းတော်သည် ဂယာအရပ်မှ ဥရုဝေဠတော သေနနိဂုံး ဗောဓိပင်ရင်းတွင် “ဘုရားမဖြစ်သရွေ့, ဤနေရာမှ မထတော့”ဟူသော ခိုင်မြဲသောစိတ်ဖြင့် အားထုတ်တော်မူရာ၊ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့အကုန် အာရုဏ်တက်အချိန် ဝိသာခါနက္ခတ်နှင့် စန်းလတို့ ယှဉ်ခိုက်တွင် ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။


“အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။”
“ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။
သဗ္ဗာ တေဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ”တိ။ [ဓမ္မပဒ-ဇရာဝဂ်-ဂါထာ-၁၅၃, ၁၅၄]

ဆင်းရဲဒုက္ခကို အဖန်ဖန်ဖြစ်စေတတ်သော လက်သည် (အိမ်ဆောက်လက်သမား)အား ရှာဖွေခဲ့ပါသော်လည်း၊ မတွေ့သဖြင့် ဘဝများစွာသံသရာကို ကျင်လည်ခဲ့ရလေပြီ။
အို... အိမ်ဆောက်လက်သမား၊ ငါသည် သင့်အား ယခု မြင်ပြီ။
သင်သည် နောက်တစ်ဖန် ဆောက်လုပ်နိုင်တော့မည် မဟုတ်တော့။
သင်၏ ကိလေသာဟူသော အခြင်ရနယ်တို့ကို ချိုးဖျက်ခဲ့ပြီ။
အဝိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ။
ငါ၏ စိတ်သည် ပြုပြင်စီရင်ခြင်းကင်းရာနိဗ္ဗာန်သို့ ရောက်ပြီ။
တဏှာကုန်ကြောင်း အရဟတ္တဖိုလ်ကို ရပြီ။

ဗုဒ္ဓဘုရားဖြစ်သည်နှင့် ဤ “အနေကဇာတိ” အစချီသော ဝမ်းမြောက်သော ဥဒါန်းစကားကိုဆို၏။ ဆင်းရဲအပေါင်းတို့၏ လက်သည်ရင်းမြစ်သည် မသိမှု ‘အဝိဇ္ဇာ’ နှင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ကြောင်းသိလေပြီ။ ၄၅-ဝါကာလပတ်လုံး မနားတမ်း မိမိသိသော အသိတရားကို မျှဝေ၍ ဟောကြားခဲ့သည်။ အလောင်းတော်ဘဝတွင် စည်းစိမ်, အာဏာ, ကိုယ်လက်အင်္ဂါ, အသက်တို့ကို စွန့်လွှတ်ပေးဆပ်၍ လောကသားတို့အား ကယ်တင်ခဲ့သည်။ နောက်ဆုံး ဗုဒ္ဓအဖြစ်တွင် သစ္စာလေးပါးတရားကို ဟောကြား၍ သတ္တဝါတို့ကို သံသရာမှကယ်တင်ခဲ့သည်။

ဟန္ဒဒါနိ, ဘိက္ခဝေ, အာမန္တယာမိ, ဝယဓမ္မာ သင်္ခါရာ, အပ္ပမာဒေန သမ္ပာဒေထ။ [ဒီ-၂-၁၈၅-မဟာပရိနိဗ္ဗာနသုတ္တံ]
ရဟန်းတို့... အကျဉ်းလိုရင်းကို ဆိုအံ့။ အလုံးစုံသော သင်္ခါရာတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။ မမေ့မလျော့သောသတိတရား ရှိကြကုန်လော့။

အင်ကြင်းပင်တို့ အကြားတွင် ဖွားမြင်တော်မူခဲ့သော ဗုဒ္ဓသည် အင်ကြင်းပန်းတို့ပွင့်သော ဤကဆုန်လပြည့်နေ့ (မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ အရုဏ်တက်ခါနီး အချိန်တွင်) မလ္လာမင်းတို့၏ ဥယျာဉ်အတွင်းရှိ အင်ကြင်းပင်ရင်း၌ပင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ သာမာန်လူသားတို့အမြင်တွင် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သော်လည်း၊ အရိယာသူတော်စင်တို့ အမြင်၌ကား ဒုက္ခခပ်သိမ်းငြိမ်း၍ လုံးဝအေးငြိမ်းမှုကိုပြုသွားခြင်းပင် ဖြစ်သည်။ ဤသည်ကား မြင့်မြတ်သူတို့၏ ထိပ်ဆုံးမြင့်မြတ်မှုပင် ဖြစ်သည်။ မြင့်မြတ်သော နှလုံးသားပိုင်ရှင်ဖြစ်သည့် ဗုဒ္ဓသည် ဤကဆုန်လပြည့်တွင် “အပ္ပမာဒေန သမ္ပာဒေထ” ဟူသော နောက်ဆုံးသြဝါဒ စကားဖြင့် လောကသားတို့အား ကျေးဇူးပြုသွားခဲ့လေသည်။


ဧရာ (မန္တလေး)

Wednesday, May 6, 2009

ဘာသာစကား အသုံးအနှုန်း

သတ္တဝါတို့သည် မိမိတို့ ဆိုင်ရာဆိုင်ရာ သညာသိများဖြင့် ဘာသာစကားများကို တီထွင် အသုံးပြုကြလေသည်။ မိခင်ဘာသာ စကားပင် ဖြစ်လင့်ကစား၊ မရေရာ၍ မှားယွင်းခဲ့သော စကားအသုံးအနှုန်းလေးများကို ဤနေရာတွင် မှတ်တမ်းပြုထားလိုပါသည်။
*****
ငယ်စဉ်က အဖိုးအဖွားများရှိရာ မြစ်ဝကျွန်းပေါ် ရွာလေးတရွာတွင် နွေရာသီ ကျောင်းပိတ်ရက်များကို ကုန်ဆုံးရလေ့ရှိ၏။ ရွာသူရွာသားတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်မှာ ဆန်စပါးစိုက်ပျိုးခြင်းသာ ဖြစ်၏။ စပါး တမျိုးသာ စိုက်ကြ၏။ အိမ်စားရန် ဟင်းသီးဟင်းရွက်ပင် တပိုင်တနိုင် စိုက်ပျိုးသူမရှိ။ မြေကြီးက စိုက်မရ၍လော၊ စိုက်ကို မစိုက်တတ်ကြ၍လော၊ မိမိဉာဏ်ဖြင့် မမီ၍ လူကြီးများကို မေးကြည့်ဖူးသော်လည်း ရေရာသော အဖြေကားမရ။ မြစ်ဘေးချောင်းဘေး နေသော်လည်း ငါး၊ ပုဇွန် ပေါပေါများများမစားရ။ ဝက်သား၊ အမဲသား.. ချောင်းရိုးထဲတွင် လှေကလေးဖြင့် အော်ရောင်းသူများ၏ သိုးသိုးသံ့သံ့ အသံလေးများသည် ရံဖန်ရံခါမှသာ ကြားရလေ၏။ အိမ်ရှင်မတို့၏ “ဒီနေ့ဘာဟင်းချက်သလဲအေ”့ ဟူသော စကားမျိုးသည် ထိုရွာတွင် ပြောလေ့မရှိ။ ဆိုလိုချင်သည်မှာ ထမင်းဝိုင်းတွင် ပဲ၊ အာလူး၊ ဘဲဥ၊ ငါးပိ၊ ငါးခြောက် စသဖြင့် အခြောက်အခြမ်းများဖြင့်သာပြီး၏။ လေကောင်းလေသန့်တွေရ၊ အချိန်နှင့် ကစား၊ အချိန်နှင့် စားနေ၍ပေလားမသိ ထမင်းဝိုင်းပြင်ချိန်တွင် မဲ့ချင်သလို ဖြစ်မိသော်လည်း ထမင်းအနပ်တိုင်းသည် ရှောရှောရှူရှူဝင်သွားသည်ချည်းသာ။ တခါတော့ မိုးဦးကျတနေ့တွင် အဖွားသည် ကျမတို့အား ငြုပ်သီးစပ်စပ်ဖြင့် ချက်ထားသော အတုံးသေးသေးလေးတွေ တုံးထားသော အသားဟင်း တမျိုးဖြင့် ကျွေး၏။ အစေ့အစေ့လို ပြွတ်တွဲတွဲလေးများလည်း ပါ၏။ အဖွားကို “ဒါဘာဟင်းလဲ” ဟု မေးရာ၊ အဖွားက “ဖားသားဟင်း” ဟု ပြော၏။ ပထမဦးဆုံးအကြိမ်စားဖူးသော ဖားသားဟင်း အရသာကို သေချာမှတ်ရင်း ထမင်းတွေ နှစ်ပန်းကန်လား သုံးပန်းကန်လား စားနေမိသည်။ ထမင်းစားပြီးသောအခါ အဖွားက “သမီး မြိန်လား” ဟု မေး၏။ မြိန်ဟူသော စကားလုံးသည်လည်း ကျမအတွက် မကြားဖူးသော အစိမ်းဖြစ်ပြန်ပါ၏။ စိတ်ထဲမှာ အလျင်အမြန် စဉ်းစားလိုက်သည်။ မြိန်…မြိန်…အသံကြီးကလည်း ဘယ်လိုကြီးမှန်း မသိဘူး၊ မကောင်းဘူး ပြောတာပဲဖြစ်မယ် ဆိုပြီး “မမြိန်ဘူး” ဟု ပြန်ဖြေလိုက်၏။ အဖွားက “သြော်..မြိန်ဆိုတာကို မသိဘူးကိုး” ဟု တိုးတိုးဆိုသောအခါမှ ကျမ အထင်နှင့် အဖြေမှားသွားပြီ ဆိုတာကို သိသွားရပြီး၊ ထိုအချိန်မှစ၍ စားမြိန်သည် ဟူသော စကားအသုံးအနှုံး ဝေါဟာရကို စွဲစွဲမြဲမြဲကြီး မှတ်သားမိရပါတော့သည်။
*****
အိမ်တွင် ကြွက်ရန်မှအေးရန် အမေက ကြောင်မွေး၏။ အမေက ကြောင်တွေကို အသွင်အပြင်၊ အကျင့်စရိုက်နှင့် လိုက်ဖက်စွာ အပျံစား နံမည်တွေ ပေးထားလေ၏။ “ကျည်းတန်မ” တဲ့၊ “ညစ်ပတ်မ” တဲ့၊ “ငကျိုး” တဲ့။ ညစ်ပတ်မ တော်တော်ညစ်ပတ်၏။ အမေကုတင်အောက်မှာ ညတိုင်းလိုလို အီးပါ၍ မနက်မိုးလင်းသည်နှင့် အမေနဲ့ အတူအိပ်သော ကျမ၊ ပျော့ပျော့လေးနဲ့ တော်တော်နံတဲ့ ကြောင်ချေးတွေကို အုန်းဆံဖတ်တွေနဲ့ ကျုံးရပါပြီ။ လေးလေးနက်နက်တွေး၍ ပြတ်ပြတ်သားသား ပြောတတ်သော မိမိ၊ တခါတော့ ကြောင်ချေးတွေ ငုံ့ကျုံးရင်း အနားတွင်ရပ်နေသော အကိုလတ်ကို “သီတာလေ ပါးစပ်ထဲက တံတွေးတွေ ထွက်လာတယ် စားချင်လို့လားမသိဘူး” ဟု ပြောလိုက်ရာ
“ဟာ ဒီကောင်မလေး အဲ့ဒါ စားချင်လို့ သွားရည်ယိုတာ မဟုတ်ဘူးဟဲ့ ရွံလို့ တံတွေး တပျစ်ပျစ် ဖြစ်တာ” ဟုရှင်းပြရလေ၏။ ထိုအချိန်မှ စ၍ ပါးစပ်ထဲတွင် သွားရည်များ ပြည့်လာတိုင်း ဒါကြောင့်လား၊ ဟိုဟာကြောင့်လား ဆိုသည့် ခွဲခြမ်းစိတ်ဖြာတတ်သော အကျင့်သည်လည်း တပါတည်း ရရှိခဲ့ပါလေတော့သတည်း။

နောက်ဆက်တွဲ
ကိုဧရာက ဖတ်ပြီး "ဒီလောက်လွယ်လွယ်လေးတွေတောင် မသိဘူး ဘယ်အရွယ်မလို့လဲ" ဟု စောဒက တက်ချင်သလို ဆိုလာပါ၍...
ကျမ မလိမ်ပါဘူး တကယ် အမှန်တွေပါ။ ကျမ အထက်ကအမ ငယ်ငယ်ကဆိုလျှင်လည်း တံတောင်ဆစ်ကို လက်ဒူးခေါင်းဟု ပြောတတ်ကြောင်းနှင့် သူ့ကို အဒေါ်တွေက မီးမီးလာ အန်တီ့နင်းပေးစမ်း ဟု ခိုင်းလျှင် ကလေးပီပီ ပျင်းကလည်း ပျင်း၊ လွန်လည်း မလွန်ဆန်ချင်သောအခါ စိတ်မရှည်သည့် လေသံလေးဖြင့် "ကဲ..လာ.. ပက်လက်မှောက်" ဟု ပြောတတ်သေးကြောင်း
တက္ကသိုလ်ရောက်မှ ခင်ရသောသူငယ်ချင်း တယောက်ဆိုလျှင် ပက်စီလို အအေးမျိုးသောက်ပြီး လေချဉ်တက်လိုလျှင် "ငါ လေလည်ချင်လာပြီ" ဟု ပြောတတ်ကြောင်း စုံစုံလင်လင် ရှင်းပြလိုက်ရပါသည်။

Friday, May 1, 2009

တာဝန် (ကမ္မဿကတ)

“လူ့ဘဝဆိုတာ ရေးထားပြီးသား စာအုပ်တစ်အုပ်လိုပဲ။ ဘဝမှာ ဘာတွေဖြစ်မယ်ဆိုတာက ရေးထားနှင့်ပြီးသား။”
“ဘဝဆိုတာက ဇာတ်ဆရာ အလိုကျ ကရတဲ့ ရုပ်သေးတစ်ရုပ်လိုပါပဲ။”
“ဘဝဆိုတာက လောင်းကစားပွဲတစ်ခုလိုပဲ… ထွက်ချင်တဲ့ ဂဏန်းထွက် မှာပဲ။ ထွက်လာတော့မှ ဟိုဟာ… ဒီဟာ အကြောင်းပြ ကြရတာ။”
“ဘဝမှာ ကောင်းတာဖြစ်ဖြစ်, ဆိုးတာဖြစ်ဖြစ် ဘုရားသခင် အလိုတော်အတိုင်း ဖြစ်ရတာပဲလို့ ဖြေသိမ့်ရတယ်။”
“အထက်ပုဂ္ဂိုလ်များ မ,လို့သာ ဖြစ်ရမယ်။ ထင်တောင် မထင်ထားဘူး။”
“မင်းဟာ မင်းဘယ်လောက် လုပ်လုပ်… သူဖြစ်ချင်မှ ဖြစ်မှာ။ ဘာမှ အစိုးရတာမှ မဟုတ်ဘူး။”
“ရောဂါတစ်ခုရလာရင် လူကြားထဲ ထုတ်ပြောရမှာ ရှက်ပါတယ်။ ကိုယ်အတိတ်က ဘယ်လို မကောင်းမှုတွေ လုပ်ခဲ့တယ်ဆိုတာ အထုပ်ဖြေပြသလို ဖြစ်နေလို့။”
“သေနေ့စေ့နေတော့ ဘယ်လောက်ပဲ ဆေးတွေကုကု၊ ယတြာတွေလုပ်လုပ်၊ ဘယ်ရပါ့မလဲ။”
“သူ့ဆန်စားမှတော့ ရဲရတော့မပေါ့။ ကျုပ်က လုပ်ချင်လို့ လုပ်တာမဟုတ်ပါဘူး။”
“ခေတ်ကြီးကိုက ဆုတ်ကပ်။ လုပ်နေလို့ကော ဘာများ အကျိုးထူးဦးမှာလဲ။”
“ဒင်းတို့ ဒီလောက် ဘုရားတရားသံဃာ စော်ကားနေတာတောင်… မိုးကြိုးက မပစ်နိုင်ဘူး။ ကြီးပွားရင်းသာ ကြီးပွား နေကြတယ်။”
“ကောင်းတယ် ဆိုးတယ်ဆိုတာက ပညတ်ချက်တွေ။ လူဘဝဆိုတာက တိုတိုလေး၊ နေရတုန်းပျော်အောင်သာနေ။”
**** ****
မကြာခဏ ပြောဖူးနေကြ၊ ကြားဖူးနေကြ စကားများပင် ဖြစ်မည်။ ဒဿနဆရာတစ်ဦး မဟုတ်သော်လည်း ဖြစ်ရပ်များ၏ အကြောင်းရင်းများကို စဉ်းစားဖူးကြပေလိမ့်မည်။ ထိုအကြောင်းပြချက်များတွင် “ဘာလုပ်သင့်သလဲ”ဟူသော မေးခွန်း၏ အဖြေတို့ ပါဝင်နေလိမ့်မည်။ သို့မဟုတ် “ဘာလုပ်သင့်သည်” ဟူ၍ ဆုံးဖြတ်မရနိုင်လောက်အောင် တွေဝေမှုများ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ ဤစကားအများစုတွင် ဗုဒ္ဓဘာသာဝင်များ ပြောလေ့ရှိသော စကားများလည်း ပါဝင်သည်။ သို့သော် ဗုဒ္ဓ၏ တရားတော်အရ မည်သည့် အတိုင်းအတာအထိ မှန်ကန်ပါသနည်း… ။ အမြင်မှန်ကန်ခြင်းအား သမ္မာဒိဋ္ဌိဟုခေါ်သည်။ သမ္မာဒိဋ္ဌိ အဆင့်ဆင့် ရှိသည့်အနက် အခြေခံ အကျဆုံးဖြစ်သော ကမ္မဿကတ သမ္မာဒိဋ္ဌိဖြင့်ပင် ထိုမေးခွန်းတို့၏ အဖြေကို ပေးနိုင်ပါလိမ့်မည်။

‘ကမ္မ’ သည် အကောင်းအဆိုးများအား ပြုလုပ်ခြင်း၊ ‘သက’သည် ကိုယ်ပိုင်ဥစ္စာဟု အဓိပ္ပါယ်ရသည်။ ကမ္မဿကတအမြင်သည် “မိမိတို့ပြုလုပ်သော အမှုများအား မိမိတို့ ပိုင်ဆိုင်သည်” ဟူသော အမြင်ဖြစ်သည်။ တနည်းဆိုလျှင် မိမိတို့၏ အပြုအမူများအပေါ် ‘တာဝန်ယူစိတ်ရှိခြင်း’ ပင်ဖြစ်သည်။ လောကတွင် တာဝန်ရှောင်သော အမြင်များ၊ အတွေးအခေါ်များက ထုနှင့်ထေး ဖြစ်သည်။ ထိုသို့သော တာဝန်ရှောင်သည့် အမြင်များ လွှမ်းမိုးလာပါက၊ ထိုအမြင်များအား နှစ်သက်စွဲလမ်းနေကြပါက “မိမိတို့ လုပ်သင့်သည်တို့အား လုပ်ဆောင်ရန်၊ မလုပ်သင့်သည်တို့အား မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးပမ်းအားထုတ်မှုတို့ ဖြစ်ပေါ်မလာနိုင်။ လုပ်သင့်, မလုပ်သင့်ကိုလည်း မှန်ကန်စွာ မသိမြင်၍၊ သတိထား စောင့်ထိန်းခြင်းလည်း ပြုမည် မဟုတ်တော့။” ထို့ကြောင့် ဤသို့ တာဝန်ရှောင်သော အယူဝါဒများအား ငြင်းပယ်ရမည်ဟု ဗုဒ္ဓဝါဒက ခံယူသည်။


ဧရာ(မန္တလေး)

စာညွှန်း။
အံ-၃-၆၂၊ မဟာဝဂ်-တိတ္ထာယတနသုတ်