ကြာပန်းသည်ရေကို မှီ၍ ဖြစ်သကဲ့သို့အချစ်သည် …ရှေးက အတူနေခဲ့ဖူးခြင်း,ပစ္စုပ္ပန်၌ အကျိုးဆာင်ပေးခြင်းဟူသော အကြောင်းနှစ်ပါးကြောင့် ဖြစ်ပေါ်လာ၏။ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန ဝါ။ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။ (ဒုကနိပါတ်၊ သာကေတဇာတ်)
ဘုရားရှင် လက်ထက်က နကုလပိတာနှင့် နကုလမာတာဟူသည့် အလွန် ရင်းနှီး ချစ်ခင်ကြသော ဇနီးမောင်နှံ ရှိခဲ့ဖူးသည်။ နကုလပိတာနှင့် နကုလမာတာ ဟူသော အမည်များသည် အမည်ရင်းများ မဟုတ်ကြ။ နကုလ၏ အဖေနှင့် အမေဟု အဓိပ္ပါယ်ရသည်။ သူတို့ ဇနီးမောင်နှံအား ဘုရားရှင်က ဝိဿာသကအရာ၌ ဧတဒဂ် ထားတော်မူ၏။ တစ်ဦးနှင့် တစ်ဦး ယုံကြည် ရင်းနှီး အကျွမ်းဝင်မှု (mutual trust and harmony) ရှိရာတွင် အသာဆုံး, အမြတ်ဆုံး ဇနီးမောင်နှံဟု အင်္ဂလိပ်ဘာသာပြန်များတွင် ဖော်ပြလေ့ရှိကြသည်။ မြန်မာဘာသာပြန်နှင့် နိဿယများတွင် (သတ္ထုဝိဿာသိကဘာဝံ စသော အဋ္ဌကထာအဖွင်တို့ကို မှီး၍) ဘုရားရှင်နှင့် ရင်းနှီး ကျွမ်းဝင်သော စကားကို ဆိုလေ့ရှိသူတို့တွင် အသာဆုံး, အမြတ်ဆုံး ဇနီးမောင်နှံဟု ဖော်ပြကြပါသည်။
နကုလပိတာတို့ ဇနီးမောင်နှံသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့မှ ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် သုသုမာရဂိရိမြို့တောင်ဖက်ရှိ ဘေသလကတောအုပ်တွင် အဋ္ဌမမြောက် ဝါဆိုရန်အတွက် ကြွရောက်လာသောအခါ မြို့သူမြို့သားတို့က ကြိုဆို ဖူးမြှော်ကြ၏။ ထိုဇနီးမောင်နှံတို့သည် ဘုရားရှင်အား ဖူးမြင်ရသောအခါ သားအရင်းသဖွယ် ချစ်ခင်ရင်းနှီးသည့်စိတ် ဖြစ်ပေါ်လာ၍ ဘုရားရှင်၏ ခြေတော်ရင်း၌ ဦးခိုက်ကာ “သား… ဘာကြောင့်များ မိဘနှစ်ပါးအား ဤမျှလောက်ကြာအောင် ပစ်ထားရပါသနည်း” ဟု တရင်းတနှီး ပြောဆို၏။ ထိုဇနီးမောင်နှံတို့သည် ဘဝပေါင်း ငါးရာ မိဘတော်စပ်ခဲ့ဖူး၍၊ ဘထွေး, ဘကြီး, ဦးရီး, မိထွေး, မိကြီး, အရီးစဖြင့် ဘဝပေါင်း ငါးရာစီ ဆွေမျိုးအရင်းအခြာ တော်စပ်ခဲ့ကြဖူးသောကြောင့် သားဟူသော အမှတ်ဖြင့် လေးမြတ်ချစ်ခင်သော စိတ်ဖြစ်ကြောင်း ဟောကြားတော်မူ၏။ တရားအဆုံးတွင် နကုလပိတာနှင့် နကုလမာတာတို့သည် သောတာပန် ဖြစ်ကြသည်ဟု အင်္ဂုတ္တရနိကာယ် အဋ္ဌကထာတွင် ဖော်ပြထား၏။
*****
အခါတစ်ပါးက နံနက်ဆွမ်းခံချိန်တွင် ဘုရားရှင်သည် နကုလပိတာ သူကြွယ်အိမ်သို့ ကြွရောက်တော်မူ၏။ ထိုအခါ ဇနီးမောင်နှံတို့က “မိမိတို့သည် ငယ်ရွယ်စဉ်ကပင် ထိမ်းမြား လက်ထက်ခဲ့ကြပြီး၊ တစ်ပါးသူတို့အား ကိုယ်ဖြင့် မဆိုထားဘိ, စိတ်ဖြင့်ပင် မလွန်ကြူးခဲ့ကြဖူးပဲ တစ်ဦးအပေါ် တစ်ဦး သစ္စာရှိကြောင်း၊ ယခုဘဝတွင်သာမက နောင်ဘဝများတွင်ပါ ပြန်လည် ဆုံဆည်းကြလိုကြောင်း” လျှောက်ထားကြသည်။ နကုလပိတာတို့ ဇနီးမောင်နှံ၏ အာသီသကို ဗုဒ္ဓက ကဲ့ရဲ့ ဝေဖန်ခြင်းမပြုဘဲ၊ သမဇီဝီခေါ် အတူတကွ မျှတစွာ နေထိုင်ရနိုင်မည့် အကျင့်လေးမျိုးကို ဟောကြားတော်မူခဲ့သည်။
(၁) သမသဒ္ဓါ - တူမျှသော ယုံကြည်ခြင်း
(၂) သမသီလာ - တူမျှသော အကျင့်သီလ
(၃) သမစာဂါ - တူမျှသော စွန့်ကြဲ ပေးကမ်းမှု
(၄) သမပညာ - တူမျှသော အသိပညာ
ဤသို့သော အချက်လေးချက် တူမျှအောင်အားထုတ်ပါက ယခု မျက်မှောက်ဘဝတွင် သာမက တမလွန်ဘဝ၌ပင် အတူတကွ ဆုံဆည်းကြရမည်ဟု ဟောကြားတော်မူ၏။
ဗုဒ္ဓဝါဒ၏ အဓိကပန်းတိုင်သည် သတ္တဝါတို့အား သံသရာဝဋ်ဆင်းရဲမှ ကယ်ထုတ်ရန် ဖြစ်သည့်အားလျှော်စွာ ဘဝကို တောင့်တခြင်းအား ဗုဒ္ဓမြတ်စွာက ချီးမွန်းပြောဆိုလေ့ မရှိသည့်တိုင်၊ နကုလပိတာတို့ ဇနီးမောင်နှံ၏ ရာသက်ပန် ရိုးမြေကျ ပေါင်းသင်းလိုယုံမက နောင်ဘဝများတွင် ပြန်လည် ဆုံဆည်းလိုသည့် ဆန္ဒအား ပြစ်ပယ် ငြင်းဆန်ခြင်း မပြုခဲ့ပါ။ လူ့ဘောင်ဘဝထဲတွင် အေးချမ်း သာယာစွာနေထိုင်နိုင်မည့် အကျင့်များ, တမလွန်ဘဝ ကောင်းစားမည့် အကျင့်များကိုလည်း နာကြားသူတို့၏ စရိုက်နှင့် အာသယအလိုက် ဟောကြားတော်မူလေ့ ရှိပါသည်။ ဒီဃနိကာယ် သိင်္ဂလောဝါဒသုတ်၌လည်း လင်ကျင့်ဝတ်, မယားကျင့်ဝတ်တို့ကို ဟောကြားဖူးပါသည်။
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင်လင်ကျင့်ရာ။
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချိ
ပျင်းရိမမူ၊ ဝတ်ငါးဆူ
အိမ်သူကျင့်အပ်စွာ။
*****
ထို့အတူပင် နကုလမာတာအားလည်း မယားကောင်းတို့၏ အကျင့် (၈) မျိုးကို ဟောကြားထားဖူး ပါသည်။
(၁) ခင်ပွန်းသည်၏ ရှေးဦးစွာ နိုးထ၍ နောက်ကျမှ အိပ်ခြင်း, အလိုက်သိစွာ နာခံခြင်း, နှစ်သက်ဖွယ် အမူအကျင့်ရှိ၍ ချိုသာစွာ ပြောဆိုခြင်း
(၂) မိမိ၏ ခင်ပွန်း လေးစားသော “မိဘ, ရဟန်း, ပုဏ္ဏား” တိုအား အရိုအသေ အလေးအမြတ်ပြုခြင်း
(၃) အိမ်တွင်းမှု ကိစ္စများတွင် ကျွမ်းကျင်လိမ္မာခြင်း
(၄) အလုပ်သမား, အစေခံတို့ “အလုပ် လုပ်သည်, မလုပ်သည်, ကျန်းမာရေး ကောင်းသည်, မကောင်းသည်”ကို သိနားလည်ခြင်း၊ စားသောက်ဖွယ်ရာတို့ကို ခွဲဝေပေးခြင်း
(၅) ခင်ပွန်းသည်၏ ငွေကြေး, ပစ္စည်းဥစ္စာတို့အား မခိုးမဝှက်, မပျက်မစီးစေဘဲ လုံခြုံအောင် ထိန်းသိမ်းခြင်း
(၆) ဘုရား, တရား, သံဃာတို့ကို ကိုးကွယ် ဆည်းကပ်ခြင်း
(၇) ငါးပါးသီလကို လုံခြုံအောင် စောင့်စည်းခြင်း
(၈) ဝန်တိုမှုကင်း၍ စွန့်ကြဲပေးကမ်းတတ်ခြင်း
ဤသို့သော မယားကောင်းတို့၏ အကျင့် (၈) ပါးတို့နှင့် ပြည့်စုံပါက သေလွန်လျှင် “မနောမယိကာ” ခေါ် မိမိစိတ်အလိုကျ ဖြစ်စေနိုင်သော နိမ္မာနရတိနတ်သမီးအဖြစ် ရောက်စေနိုင်သည်ဟု ဟောကြားတော်မူခဲ့သည်။
*****
နကုလပိတာတို့ ဇနီးမောင်နှံသည် မိမိတို့ အချင်းချင်း သော်လည်းကောင်း, ဘုရားရှင် အပေါ်၌ သော်လည်းကောင်း “ဂေဟဿိတ ပေမ” ခေါ် မိသားစုအချစ် သံယောဇဉ် ကြီးမားလှသော်လည်း၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို လစ်လျှူရှု ထားသူများ မဟုတ်ကြပါ။ တစ်ခါက နကုလပိတာသည် “ကိလေသာမှ မငြိမ်းအေးနိုင်ကြရသည့် အကြောင်းရင်း” အား ဘုရားရှင်ထံ မေးလျှောက်ခဲ့ဖူးသည်။
နှစ်သက် မြတ်နိုးဖွယ်ကောင်းသော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, အတွေးအကြံဟူသော အာရုံ ၆-ပါးအား နှစ်သက်, စွဲလမ်း, ကပ်ငြိသည်ရှိသော် (အဘိနန္ဒတိ, အဘိဝဒတိ, အဇ္ဈောသာယ တိဋ္ဌတိ) ထိုအာရုံအား မှီကာ စွဲလမ်းငြိတွယ်သော စိတ် (တန္နဿိတံ ဝိညာဏံ ဟောတိ တဒုပါဒါနံ) ဖြစ်သည်။ စွဲလမ်းမှု ဥပါဒါန်ရှိသော ရဟန်းအား ကိလေသာမှ ငြိမ်းအေးမှုသည် မဖြစ် (သဥပါဒါနံ … ဘိက္ခု နော ပရိနိဗ္ဗာယတိ)။
အာရုံ ခြောက်ပါးတို့ အပေါ်တွင် စွဲလမ်းမှု ဥပါဒါန်ရှိက ငြိမ်းအေးမှု မရှိနိုင်ဟု ဗုဒ္ဓက ပြန်လည် ဖြေကြားခဲ့သည်။ ဤတွင် ဥပါဒါန်ဟူသော အဓိပ္ပါယ်သည် စွဲလမ်းငြိတွယ်မှုဟု ရသည့်နည်းအတူ တိုက်ရိုက်အားဖြင့် “လောင်စာ” ဟုလည်း အဓိပ္ပါယ်ရသည်။ လောင်စာ ရှိနေသ၍ မီး မငြိမ်းဟုလည်း တင်စား ဟောကြားခဲ့ခြင်း ဖြစ်သည်။ ဤတရားတော်မျိုးသည် ကိလေသာထူသော ပုဂ္ဂိုလ်များ နားလည်သက်ဝင်နိုင်သည့် တရားဒေသနာမျိုး မဟုတ်ပါ။
*****
တခါကလည်း နကုလပိတာသည် ဘုရားရှင်ထံသို့ ချဉ်းကပ်၍ ဤသို့ လျှောက်ထား၏။
“အရှင်ဘုရား တပည့်တော်သည် အိုမင်း၍ ဘဝ၏ နောက်ဆုံးအရွယ်သို့ ရောက်နေပါပြီ၊ နာကျင် နှိပ်စက်သော ကိုယ်ရှိသည်ဖြစ်၍ မကျန်းမမာ ရှိပါ၏။ ဘုရားရှင်နှင့်တကွ ကြည်ညိုဖွယ်ကောင်းသည့် ရဟန်းတော်တို့အား အမြဲတစေ မဖူးမြင်နိုင်တော့ပါ။ တပည့်တော်အား အဓွန့် ရှည်ကြာစွာ အကျိုးရှိစေနိုင်မည့် တရားတော်များအား ဟောကြား ဆုံးမတော်မူပါ။”
“သူကြွယ် … မှန်ပေ၏။ ဤကိုယ်သည် နာကျင် နှိပ်စက်သည်သာတည်း။ ဤကိုယ်သည် (ကွဲလွယ်သော) ဥခွံကဲ့သို့ ဝန်လေးလှ၏။ ဤကိုယ်ကို ဆောင်ထားပါလျှက် တခဏမျှပင်ဖြစ်စေ ကျန်းမာသည်ဟု ဝန်ခံသူသည် မိုက်မဲသူသာ ဖြစ်၏။ သူကြွယ်… ထို့ကြောင့် နာကျင်သော ကိုယ်ရှိသော ငါ့အား နာကျင်ခြင်းကင်းသော စိတ်ရှိသည် ဖြစ်လတ္တံ့ (အာတုရာကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတိ) ဟု ကျင့်အပ်၏”
“ကိုယ်သာနာ၍ စိတ်မနာစေနှင့်” ဟူသော အဆုံးအမ၏ အနက်အဓိပ္ပါယ်အား အရှင်သာရိပုတ္တမထေရ်မြတ်က အကျယ် ဆက်လက် ဟောကြားတော်မူခဲ့ပါသည်။ ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ” ဟူ၍ တဏှာ, မာနတို့ဖြင့် တပ်ငြိစွဲလမ်းနေပါက ထိုခန္ဓာငါးပါးတို့ ဖောက်ပြန် ပြောင်းလဲသောအခါတွင် စိုးရိမ်ပူပန်ခြင်း, စိတ်ဆင်းရဲခြင်းတို့ ဖြစ်ကြရသည်။ ကိုယ် ဆင်းရဲသာမက စိတ်ဆင်းရဲပါ ဖြစ်ရသဖြင့် မြှားတစ်စင်း စူးဝင်ပြီးသူအား နောက်ထပ် မြှားတစ်စင်း ထပ်မံ စူးဝင်သည်နှင့် တူသည်။ ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ” ဟူ၍ တပ်ငြိစွဲလမ်းခြင်း မရှိပါက၊ ထိုခန္ဓာငါးတို့ ဖောက်ပြန် ပျက်စီးသောအခါ စိုးရိမ်ပူပန်ခြင်း, စိတ်ဆင်းရဲခြင်း မဖြစ်တော့။ နာကျင်သော ကိုယ်ရှိသော်လည်း စိတ်နာကျင်ခြင်း မရှိတော့။ ကိုယ်ဆင်းရဲခြင်းဟူသော မြှားတစ်စင်း စူးဝင်သော်လည်း နောက်ထပ် မြှားတစ်စင်း အစူးဝင် မခံရတော့။ “ကိုယ်သာနာ၍ စိတ်မနာစေနှင့်” ဟူသော အဆုံးအမသည် ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ” ဟူ၍ စွဲလမ်းတပ်မက်ခြင်း မဖြစ်စေရန် အဆုံးအမ ဖြစ်လေသည်။ (ဤဒေသနာ၏ အဓိပ္ပါယ် အကျယ်ကို နောက်ဆက်တွဲအဖြစ် ဖော်ပြပါမည်။)
ဤသုတ္တန်ဒေသနာအရ နကုလပိတာသည် ဘဝ၏ နောက်ဆုံး အချိန်တွင် သေခြင်းတရားအား ရဲဝံ့စွာ ရင်ဆိုင်ရန် ပြင်ဆင်နေကြောင်း သိနိုင်ပါသည်။ ဇနီးသည် နကုလမာတာသည် လင်သားအပေါ် အလွန်ချစ်ကြီးသည် မှန်သော်လည်း၊ မိမိကိုယ်တိုင် ဘာသာတရား အသိတို့ဖြင့် ဖြေဆည်နိုင်ယုံသာမက မိမိ၏ ခင်ပွန်းအားလည်း အသေဖြောင့်စေနိုင်ရန် အားပေးစကား ပြောကြားတတ်သည်။ တစ်ခါက နကုလပိတာသည် အသည်းအသန် မနာမကျန်း ဖြစ်နေသောအခါ “သူကြွယ်… သင်သည် ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေခြင်းသည် ဆင်းရဲ၏။ ဘုရားရှင်ကလည်း ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေခြင်းကို ကဲ့ရဲ့တော်မူ၏” ဟူ၍ လင်သား စိတ်အေးစေမည့် အချက် (၆) ချက် ကို ပြောကြား၏။
(၁) “ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် သားသမီးများကို ကျွေးမွေး စောင့်ရှောက်နိုင်မည် မဟုတ်, အိမ်ထောင်မှုကို ထိမ်းသိမ်းနိုင်မည် မဟုတ်” ဟူ၍ မမှတ်ပါလင့်။ ကျမသည် ဗိုင်းငင်ခြင်း, သိုးမွေးချည်ခင်တို့ကို ဖြီးသင်ခြင်းတို့၌ ကျွမ်းကျင်လိမ္မာ၏။ ကျမသည် သားသမီးများကို ကျွေးမွေး စောင့်ရှောက်နိုင်ပါသည်။ အိမ်ထောင်မှုကို ထိမ်းသိမ်းနိုင်၏။
(၂) “ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် အခြား အိမ်ထောင် ပြုလိမ့်မည်” ဟု မမှတ်ပါလင့်။ ကျမတို့သည် လွန်ခဲ့သည့် ၁၆-နှစ်ကစ၍ လူတို့၏ ဗြဟ္မစရိယအကျင့်ကို ကျင့်သုံးခဲ့ကြသည်ကို သင်လည်း သိသည်, ကျမလည်း သိသည်ဖြစ်၏။
(၃) “ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့အား ဖူးမြော် လိုစိတ် ဖြစ်လိမ့်မည် မဟုတ်” ဟု မမှတ်ပါလင့်။ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့အား ပို၍ပင် ဖူးမြှော် လိုပါလိမ့်မည်။
(၄) “ငါသေလျှင် အိမ်ရှင်မ နကုလမာတာသည် အကျင့်သီလတို့ကို ဖြည့်ကျင့် ဆည်းပူးလိမ့်မည် မဟုတ်” ဟု မမှတ်ပါလင့်။ ကျမသည် အကျင့်သီလတို့ကို ဖြည့်ကျင့် ဆည်းပူးလေ့ရှိသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင် ဖြစ်ပါသည်။ ဤအချက်အား သံသယရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။
(၅) “အိမ်ရှင်မ နကုလမာတာသည် မိမိ၏ အတွင်းစိတ် ငြိမ်းအေးမှု (အဇ္ဈတ္တံ စေတော သမထဿသာ) ရရှိသူ မဟုတ်သေး” ဟု မမှတ်ပါလင့်။ ကျမသည် မိမိ၏ အတွင်းစိတ် ငြိမ်းအေးမှု ရရှိကြသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင် ဖြစ်ပါသည်။ ဤအချက်အား သံသယရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။
(၆) “အိမ်ရှင်မ နကုလမာတာသည် ဤသာသနာ၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာ ရရှိသည် (သြဂါဓပ္ပတ္တာ ပတိဂါဓပ္ပတ္တာ အဿာသပ္ပတ္တာ) မဟုတ်သေး” ဟု မမှတ်ပါလင့်။ ကျမသည် ဤသာသနာ၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာ ရရှိကြသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင် ဖြစ်ပါသည်။ ဤအချက်အား သံသယရှိပါက မြတ်စွာဘုရားရှင်အား မေးလျှောက်နိုင်ပါသည်။
ဤသို့ နကုလမာတာ၏ အားပေး ဆုံးမစကားကို ကြားရသောအခါ နကုလပိတာ၏ ရောဂါဝေဒနာသည် ခဏချင်း သက်သာလာ၏။ ရောဂါပျောက်ကင်းပြီး မကြာမီတွင် နကုလပိတာသည် တောင်ဝှေးဖြင့် ထောက်ကာ ဘုရားရှင်ထံသို့ သွားရောက်၏။ ဘုရားရှင်က နကုလမာတာ၏ သီလ, သမာဓိ, ပညာ အဆင့်အတန်းတို့ကို ထောက်ခံပြောဆိုကာ ချီးမွမ်းစကား မိန့်ကြားတော်မူ၏။
“သူကြွယ် … သင့်အား ချစ်ခင်ကြင်နာ၍ သင်၏ အကျိုးစီးပွားကို လိုလားကာ အားပေး ဆုံးမတတ်သော ဇနီးသည် နကုလမာတာကို ရရှိထားခြင်းသည် အရ တော်လှပေ၏”
သံယောဇဉ်တို့ကို ပယ်သတ်၍ ကိလေသာတို့ကို ငြိမ်းအေးစေမည့် ဗုဒ္ဓ၏ အဆုံးအမလမ်းစဉ်သည် အိမ်ယာထူထောင် လူတို့ဘောင်နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်နေသော်လည်း အိမ်ထောင်သည် ဘဝဖြင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်တို့ကို (အတိုင်းအတာတစ်ခု အထိ) ကျင့်ကြံပွားများနိုင်ကြောင်း နကုလပိတာနှင့် နကုလမာတာတို့၏ စံပြ အိမ်ထောင်ရေးက သာဓကပြုနေပါသည်။
[Great Disciples of the Buddha စာအုပ်ပါ ကောက်ကြောင်းအား မှီး၍ နကုလပိတာနှင့် နကုလမာတာတို့အား ဟောကြားခဲ့သည့် သုတ္တန်ဒေသနာများအား စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။ ]
စာညွှန်း
၁။ ဇာတ်တော် အမှတ်-၂၃၇၊ ဒုကနိပါတ်၊ ဥပါနဟဝဂ်၊ သကေတဇာတ်
၂။ အံ-၁-၂၅၇၊ အင်္ဂုတ္တရနိကာယ်၊ ဧကကနိပါတ်၊ ဧတဒဂ္ဂဝဂ်၊ နကုလပိတာသုတ် - အဖွင့်အဋ္ဌကထာ
၃။ သံ-၃-၁၊ ခန္ဓဝဂ္ဂသံယုတ္တပါဠိတော်၊ ခန္ဓသံယုတ်၊ နကုလပိတုဝဂ်၊ နကုလပိတုသုတ် - အဖွင့်အဋ္ဌကထာ
၄။ အံ-၄-၅၅၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ ပုညာဘိသန္နဝဂ်၊ ပဌမသမဇီဝသုတ်
၅။ အံ-၈-၄၈၊ အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဥပေါသထဝဂ်၊ နကုလမာတာသုတ်
၆။ သံ-၄-၁၃၁၊ သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်၊ သဠာယတနသံယုတ်၊ ဂဟပတိဝဂ်၊ နကုလပိတုသုတ်
၇။ သံ-၄-၂၅၄၊ သဠာယတနဝဂ္ဂ သံယုတ်ပါဠိတော်၊ ဝေဒနာသံယုတ်၊ သဂါထာဝဂ်၊ သလ္လသုတ်
၈။ အံ-၆-၁၆၊ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သာရဏီယဝဂ်၊ နကုလပိတုသုတ်
၉။ Nyanaponika Thera & Hellmuth Hecker: Great Disciples of the Buddha – Their lives, their works, their legacy.
****
နောက်ဆက်တွဲ
နကုလပိတာသည် “ကိုယ်သာနာ၍ စိတ်မနာစေနှင့်” ဟူသော အဆုံးအမအား ဘုရားရှင်ထံမှ နာယူ၍ ထွက်ခွာလာပြီးနောက် ရှင်သာရိပုတ္တမထေရ်ထံ ချဉ်းကပ် ဖူးမြင်၏။ ထိုအခါ အရှင်သာရိပုတ္တက “သူကြွယ်… သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏။ မျက်နှာအဆင်းသည်လည်း ဖြူစင် တောက်ပနေ၏။ ယနေ့ ဘုရားရှင်ထံမှ အဘယ်သို့သော တရားမျိုးကို နာကြားခဲ့ရပါသနည်း” ဟု မေး၏။ နကုလပိတာက ပြန်၍ ဖြေကြားသောအခါ “အဘယ်မျှဖြင့် ကိုယ်ရော စိတ်ပါ နာကျင်သူဖြစ်၍ အဘယ်မျှဖြင့် ကိုယ်သာနာ၍ စိတ်မနာသူ ဖြစ်သည်” ကို ဘုရားရှင်အား ပြန်လည် မေးလျှောက်ခဲ့ပါသလောဟု အရှင်သာရိပုတ္တက မေး၏။ ဤတရား၏ အနက်အဓိပ္ပါယ်ကို သိရန်အတွက် အရှင်သာရိပုတ္တထံ လာရပါသည်, ဤတရား၏ အနက်ကို ဟောတော်မူပါဟု နကုလပိတာက တရားတောင်း၏။ အရှင်သာရိပုတ္တမထေရ်က ခန္ဓာငါးပါးအား သုံးသပ်ပုံ (သမနုပဿနာ) အခြင်းအရာ (၂ဝ) အား မူတည်၍ ဖြေကြားတော်မူ၏။
အကြားအမြင် မရှိသော ပုထုဇဉ်တို့သည် (အဿုတဝါ ပုထုဇနော) -
(၁) ရုပ်ကို အတ္တဟု အဖန်ဖန် ရှုမြင်သုံးသပ်၏။ (ရူပံ အတ္တတော သမနုပဿတိ)
(၂) ရုပ်ရှိသော အတ္တဟူ၍ လည်းကောင်း (ရူပဝန္တာနံ အတ္တာနံ ဝါ)
(၃) အတ္တ၌ ရုပ်ဟူ၍ လည်းကောင်း (အတ္တနိ ဝါ ရူပံ)
(၄) ရုပ်၌ အတ္တဟူ၍ လည်းကောင်း (ရူပသ္မိံ ဝါ အတ္တာနံ) အဖန်ဖန် ရှုမြင်သုံးသပ်၏။
“ငါသည် ရုပ်ဖြစ်သည်၊ ရုပ်သည် ငါ၏ ဥစ္စာ ဖြစ်သည် (အဟံ ရူပံ, မမ ရူပန္တိ)” ဟု ဖိစီးလွှမ်းမိုးလျှက် တည်၏။ ထိုသို့ ဖိစီးလွှမ်းမိုးနေသူအား ထိုရုပ်သည် တစ်မျိုးတစ်မည်အဖြစ် ဖောက်ပြန်သောအခါ စိုးရိမ်ခြင်း, ပူဆွေးခြင်း, ကိုယ်စိတ် ဆင်းရဲခြင်း, စိတ်နှလုံး ပူလောင်ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏။ … သူကြွယ် ဤသို့ဖြင့် ကိုယ်ရော စိတ်ပါ နာကျင်သောသူ ဖြစ်၏။
အကြားအမြင် ရှိသော အရိယာသာဝကတို့သည် (သုတဝါ အရိယာသာဝကော) -
(၁) ရုပ်ကို အတ္တဟု အဖန်ဖန် မရှုမြင် မသုံးသပ်။
(၂) ရုပ်ရှိသော အတ္တဟူ၍ လည်းကောင်း
(၃) အတ္တ၌ ရုပ်ဟူ၍ လည်းကောင်း
(၄) ရုပ်၌ အတ္တဟူ၍ လည်းကောင်း အဖန်ဖန် မရှုမြင် မသုံးသပ်။
“ငါသည် ရုပ်ဖြစ်သည်၊ ရုပ်သည် ငါ၏ ဥစ္စာ ဖြစ်သည်” ဟု ဖိစီး လွှမ်းမိုးလျှက် မတည်။ ထိုသို့ ဖိစီး လွှမ်းမိုးမှု မရှိသူအား ထိုရုပ်သည် တစ်မျိုးတစ်မည်အဖြစ် ဖောက်ပြန်သောအခါ စိုးရိမ်ခြင်း, ပူဆွေးခြင်း, ကိုယ်စိတ် ဆင်းရဲခြင်း, စိတ်နှလုံး ပူလောင်ပင်ပန်းခြင်းတို့ မဖြစ်ကုန်။ … သူကြွယ် ဤသို့ဖြင့် နာကျင်သော ကိုယ်ရှိသော်လည်း နာကျင်သော စိတ်မရှိသူ ဖြစ်သည်။
ဤသို့အားဖြင့် ခန္ဓာတစ်ခုလျှင် လေးမျိုးသော အခြင်းအရာအားဖြင့် သုံးသပ်ပုံ ၂ဝ-အား သက္ကာယဒိဋ္ဌိ ၂ဝ-အဖြစ် ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော် ဒိဋ္ဌိကထာတွင် အကျယ် ဟောကြားထားပါသည်။
“ရုပ်အား အတ္တဟု ရှုမြင်သုံးသပ်ခြင်း” (ရူပံ အတ္တတော သမနုပဿတိ) ဆိုသည်မှာ ဆီမီးလျှံနှင့် အဆင်းသည် နှစ်ခုမကွဲ တစ်သားတည်း ဖြစ်သကဲ့သို့ ရုပ်နှင့် အတ္တကို ထပ်တူပြု၍ ရှုမြင်ခြင်း ဖြစ်သည်။
“ရုပ်ရှိသော အတ္တဟု ရှုမြင်သုံးသပ်ခြင်း” (ရူပဝန္တံ အတ္တာနံ သမနုပဿတိ) အား အရိပ်ရှိသော သစ်ပင်ဖြင့် ဥပမာ ပေးထား၏။ သစ်ပင်နှင့် အရိပ်သည် တစ်ခုတည်း မဟုတ်သော်လည်း သစ်ပင်တွင် အရိပ် ရှိသကဲ့သို့ ရုပ်နှင့် အတ္တသည် သီးခြားစီ ဖြစ်သော်လည်း အတ္တတွင် ရုပ်ရှိသည်ဟု ရှုမြင်ခြင်း ဖြစ်သည်။
“အတ္တ၌ ရုပ်ဟု ရှုမြင်သုံးသပ်ခြင်း” (အတ္တနိ ရူပံ သမနုပဿတိ) အား အနံ့ရှိသော ပန်းဟု ရှုမြင်ခြင်းဖြင့် ဥပမာ ပေးသည်။ အနံ့သည် ပန်း၌ ပျံ့နှံ့တည်သကဲ့သို့၊ ရုပ်နှင့် အတ္တသည် သီးခြားစီဖြစ်သော်လည်း ရုပ်သည် အတ္တ၌ ပျံ့နှံ့တည်သည်ဟု ရှုမြင်ခြင်း ဖြစ်သည်။
“ရုပ်၌ အတ္တဟု ရှုမြင်သုံးသပ်ခြင်း” (ရူပသ္မိံ အတ္တာနံ သမနုပဿတိ) အား ကြုတ်တွင် ထည့်ထားသော ပတ္တမြားနှင့် ဥပမာပြု၏။ ရုပ်အတွင်း၌ အတ္တသည် တည်ရှိသည်ဟု ရှုမြင်ခြင်း ဖြစ်သည်။
ဤသို့ ခန္ဓာငါးပါးအား အတ္တအားဖြင့် မှားယွင်းစွာ သုံးသပ် ရှုမြင်ခြင်းအား “ငါ့ဟာ ဖြစ်သည်, ငါ ဖြစ်သည်, ငါ၏ အတ္တ ဖြစ်သည်” (ဧတံ မမ, ဧသော အဟမသ္မိ, ဧသော မေ အတ္တာ) ဟု အဆင့် သုံးဆင့် ရှိသည်။ ခန္ဓာငါးပါးအား ငါ့၏ ဥစ္စာ (မမ - mine) အဖြစ် တပ်မက် တွယ်တာခြင်းအား တဏှာ ဟုခေါ်သည်။ ခန္ဓာငါးအား အမှီပြု၍ ငါဖြစ်သည်, ငါရှိသည် (အဟံ အသ္မိ - I am) ဟူသော အသိတွင် မာနအား တရားကိုယ်ကောက်ရသည်။ ငါ၏ အတ္တ (မေ အတ္တာ - my Self, Self for me) ဟုသုံးသပ်ခြင်းသည် “ငါ” အား အမာခံ အကောင်အထည် အတ္တ, ဝိညာဉ်, လိပ်ပြာအဖြစ် မှတ်ယူလိုက်သော အမြင်မှား ဒိဋ္ဌိ ဖြစ်သည်။ ဤ “တဏှာ, မာန, ဒိဋ္ဌိ” တို့အား ပပဉ္စတရားသုံးပါးဟုလည်း ခေါ်၏်။
သောတာပတ္တိမဂ် ရသောအခါတွင် အကြမ်းစား အဆင့်ဖြစ်သော “ဧသော မေ အတ္တာ” ဟူသည့် ဒိဋ္ဌိကို အကြွင်းမဲ့ ပယ်သတ်ပါသည်။ သို့သော်လည်း သောတာပန်, သကဒါဂါမ်, အနာဂါမ်ဟူသော အောက်အဆင့် အရိယာပုဂ္ဂိုလ်တို့သည် (ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်ဟုလည်း ခေါ်သည်) တဏှာနှင့် မာနဟူသော သိမ်မွေ့သည့် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်စွမ်း မရှိသေးပါ။ “ငါ” ဟူသော အတ္တအား ဝိညာဉ်လိပ်ပြာကဲ့သို့ အကောင်အထည်အဖြစ် ဒိဋ္ဌိအမြင် မရှိတော့သော်လည်း “ငါ့ဟာ, ငါ” ဟူသော တဏှာ, မာနအားဖြင့် တပ်မက်ခြင်း, ထောင်လွှားခြင်း မကင်းသေးပါ။ ရဟန္တာ အရှင်မြတ်များမှာမူ တဏှာ, မာန, ဒိဋ္ဌိ ကိလေသာသုံးပါးလုံးမှ စင်ကြယ်ပါသည်။
ဤဒေသနာတော်အရ စိတ်အား “ငါသည် ရုပ်ဖြစ်သည်၊ ရုပ်သည် ငါ၏ ဥစ္စာ ဖြစ်သည် (အဟံ ရူပံ, မမ ရူပန္တိ)” စသဖြင့် တဏှာ, မာနဖြင့် ဖိစီး လွှမ်းနေခြင်းအား နာကျင်သော စိတ်ရှိခြင်းဟု ဟောကြားထားပါသည်။ ထို့ကြောင့် ပုထုဇဉ် အများစုတို့သည် စိတ်နာကျင်မှု မကင်းသေးသူများ ဖြစ်ကြပြီး၊ အာသဝေါ ကုန်ခမ်းပြီးသော ရဟန္တာများသည်သာလျှင် မုချအားဖြင့် စိတ်နာကျင်မှု ကင်းကြပါသည်။ ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်များသည် စိတ်နာကျင်မှု မကင်းသည် မဟုတ်သလို, စိတ်နာကျင်မှု လုံးဝကင်းသူများလည်း မဟုတ်ကြ (နေဝ အာတုရစိတ္တာ န အနာတုရစိတ္တာ)။ စိတ်နာကျင်မှု ကင်းစေရန် ကျင့်ကြံပွားများ နေကြသူများ ဖြစ်ကြောင်း ဤသုတ်အဋ္ဌကထာက ထောက်ပြထားပါသည်။
စာညွှန်း
၁။ သံ-၃-၁၊ ခန္ဓဝဂ္ဂသံယုတ္တပါဠိတော်၊ ခန္ဓသံယုတ်၊ နကုလပိတုဝဂ်၊ နကုလပိတုသုတ်
၂။ ပဋိသံ-၁၃၁၊ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၊ မဟာဝဂ်၊ ဒိဋ္ဌိကထာ၊ အတ္တာနုဒိဋ္ဌိနိဒ္ဒေသ
6 comments:
စံပြ အိမ်ထောင်ရေးအကြောင်း သေသေချာချာ ဖတ်သွားပါတယ်။ ဘုရားဟောဇာတ်တော်များက တကယ့်ကို နာကြားစရာချည်းပါပဲ..
နောက်ဆုံးခန်းက နကုလပိတာ နေကောင်းသွားပုံကို သဘောကျနေမိတယ်။
အဟိ စကားမစပ်..(မ သီတာ ဘယ်ဘက်မျက်လုံးစွံနေတာကို ကိုဧရာကို အာငွေ့နဲ့ မန်းခိုင်းလေ အစ်မ..းD အဲဒါ ပျောက်သတဲ့..) နောက်စ်..။ (အဲ. အတည်လည်း ပြောတာ..ဘိုဘိုးရှိတုန်းက အဘွားမျက်လုံးစွံရင် အဲလိုပဲ မန်းမန်းပေးတာ မြင်ဖူးတယ်။ ဖေဖေကတော့ မေမေ့ကို မန်းမပေးဘူး၊ ရှက်လို့နဲ့တူတယ်..း)))။
ဆရာ... ဒီပိုစ့်လေးအတွက် ကျေးဇူးပါ...
ချစ်ခင်ကြင်နာ၍ သင်၏ အကျိုးစီးပွားကို လိုလားကာ အားပေး ဆုံးမတတ်သော အိမ်ထောင်ဘက်ဖြစ်ဖို့ရယ်... အိမ်ထောင်သည် ဘ၀ဖြင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်တို့ကို (အတိုင်းအတာတစ်ခု အထိ) ကျင့်ကြံပွားများနိုင်ကြောင်း ဆိုတာတွေရယ် မှတ်သားသွားပါတယ်....
ဖတ် မှတ် သွားပါတယ်
သာဓု သာဓု သာဓု
ကိုဧရာ ရေ
ဖတ် မှတ်သွားပါတယ် ကျေးဇူးတင်ပါတယ်ဗျာ
လေးစားစွာဖြင့်
ရွှေစင်ဦး
သေချာဖတ်သွားပါတယ် ကိုဧရာ။ ခုလိုသိခွင့်ရအောင် ပြန်လည်ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်။
23 Jul 10, 06:09
kom: ဒီပိုစ်ကို ဖတ်ပြီးတော့ကိုဧရာဘဲဖြစ်ရမယ်ဆိုပြီး ကြည့်လိုက်တယ်။ ဟုတ်တယ်တော့.။
23 Jul 10, 14:15
crystal: ပိုစ့်လေးက ကောင်းလိုက်တာနော်။ ဝမ်းမြောက်စွာဖြင့် သာဓုခေါ်သွားပါတယ်။
24 Jul 10, 02:21ဥယျာဉ်မှုးလေး: လာရောက်ကာ ဖတ်မှတ်သွားပါသည်။ ကျန်းမာပါစေ။
Post a Comment