Thursday, August 4, 2011

ဘလော့ဂ်တာ…(၈)

“အရှင်မွေး၍ နေ့ချင်းကြီး” ဆိုသလို ဖန်ဆင်းရှင် လူသား၏ မွေးဖွားမှုကြောင့် ၁၆နှစ်သားအရွယ် ဘွားကနဲ ပေါ်လာတတ်သည်။ တင်စား၍ အရွယ်နှင့် ပုံခိုင်းလိုက်သော်လည်း အမှန်စင်စစ်မှာ ဒြပ်သဏ္ဍာန် ပုံပန်းမရှိ ဘုံဗိမာန်များ၌ ကိုယ်ပျောက် နေတတ်ကြပြီး၊ မနောချင်း ဆက်သွယ်ကာ၊ စာလုံးများ ရုပ်ပုံများနှင့် စကားဆိုကြသည်။ ရသကို စားသုံးကြပြီး အနုပညာနှင့် မွေ့လျော်ကြသည်။ အသိုင်းအဝိုင်းရှိသော်လည်း အသက်အရွယ်၊ အဆင့်အတန်း၊ အလုပ်အကိုင်၊ နေရာဒေသနှင့် ပိုင်းခြားဖြစ်တည်လာခြင်း မဟုတ်၊ ဆန်းကြယ်စွာ ဖြစ်တည်နေခြင်းဟုသာ ဆိုနိုင်ပေသည်။

စရိုက်သဘာဝအနေနှင့် တခါတရံ၌ ဖန်ဆင်းသူ အရှင်လူသား၏ အငွေ့အသက်များ ပါနေတတ်ကြပြီး၊ ရံခါမူလည်း အရှင်လူသားကို ခန့်မှန်းမရအောင် သိုသိပ်လျှို့ဝှက်စွာဖြင့်၊ သူတို့၏ သဘော ဆန္ဒအရ ကွဲပြားခြားနားသည့် အသွင်ကို ဆောင်နေတတ်ကြသည်။ မာယာကား မဟုတ်။ အနှောင်အဖွဲ့၏ သြဇာကို အပိုင်းအခြားဖြင့် လက်ခံခြင်း သဘောသာ ဖြစ်သည်။ သက်တမ်းရှိသော်လည်း၊ သေဆုံးခြင်းမရှိ။ ရပ်တန့်သွားခြင်းသာ ရှိလေသည်။

ဖန်ဆင်းသူ အရှင်သည် လူသားများ ဖြစ်သည့်အတွက် လူသားနှင့် အလွန်ပင် နီးစပ်ကြသော်လည်း သတ္တဝါမဟုတ်သော ဘုံလောကသားများဖြစ်သည်။ လူသားတို့၏ စွမ်းအင်များ အားလုံးလိုလိုကို ပိုင်ဆိုင်ကြပြီး၊ ရံဖန်ရံခါ ဖန်ဆင်းရှင်လူသား ကိုယ်တိုင်၌ ရှိပင် ရှိငြားသော်လည်း ဖော်ထုတ်ခွင့် မရသော၊ မသင့်သော၊ ရှိ၍ ရှိမှန်းပင် မသိသော စွမ်းရည်များကို ပြသကြသေးသည်။ နတ်ဒေဝါများအလား မွန်မြတ်သည်ဟု အမွှန်းတင်နိုင်သော်လည်း၊ လောက၏ သဘာဝအတိုင်း မိစ္ဆာများထက်ပင် ဆိုးဝါးသူများလည်း ရှိနေသည်ပင်။

စွမ်းအင်ကိုယ်စီရှိကြ၍ ယေဘူယျအားဖြင့် တူညီသောအချက်မှာ အနုပညာစွမ်းအင်ကို ပိုင်ဆိုင်ကြခြင်းပင် ဖြစ်သည်။ အပြောအဆိုမှာ အသိမ်းအနှုတ်၊ အသွားအလာမှာ အလှမ်းအဆုတ်၊ တေးဂီတမှာ အဆွဲအငင်၊ ပန်းချီဓာတ်ပုံမှာ အယူအဆ၊ အစားအသောက်… အနေအထိုင်…၊ နေရာတိုင်း၊ အချိန်တိုင်း၊ အပြုအမူတိုင်း၊ အတွေ့အကြုံတိုင်း၊ အမှတ်တရဖြစ်ဖွယ်ရာတိုင်းကို အနုပညာများနှင့်သာ ထုံမွှမ်း ခင်းကျင်းကြသည်။ ရသ ချင်း ဖလှယ်ရန်သာရှိ၍၊ အသက်မွေးရန်ကားမဟုတ်။

သဘာဝအားဖြင့် အနုပညာကို လွတ်လပ်စွာ ပိုင်ဆိုင်ကြပြီးဖြစ်၍၊ လူ့လောက လူသားများကဲ့သို အသက်မွေး ဝမ်းကျောင်းရန် မလို။ ဆိုလိုသည်မှာ အနုပညာ ဝမ်းစာကို အတင်းအဓမ္မ ဖြည့်ဆည်းရန် မလိုပေ။ ထိုစွမ်းအင် အစဉ်သဖြင့် ကြည်လင်တောက်ပနေစေရန် ဖြစ်တည်မှု၌ အမြုတေအဖြစ် ပါဝင်နေသော ရိုးသားသော စေတနာသာ လိုအပ်ပေသည်။

13 comments:

ခိုင် said...

wowww.... မသီတာ ဒီပို့စ်ကို အရမ်းလေးစားတယ်ဗျိုးးးးး..

Anonymous said...

ဟုတ်တယ် ဟုတ်တယ်ဗျို့
ရွှေစင်ဦး

seesein said...

အမသီတာရေ
စစတော့ မဘလော့နိုင်လို့
ရိုးသားသော စေတနာ နဲ့ ရေးပေးကြတဲ့ ဘလော့ဂါများကို ရိုးသားလေးစားစွာနဲ့ ထောက်ခံသွားပါတယ် ။

ခင်မင်တဲ့
စစ

ညီလင်းသစ် said...

Wow..ကောင်းလိုက်တာ..၊ ရင်သပ်ရှုမော အံ့သြဘနန်း ဆန်းပြားထူးထွေ မှော်ကဝေ အလား ပြုစား နိုင်လွန်းတဲ့ ဒီပို့စ်ကို ဦးထုပ်ချွတ်၊ လက်ဖျားခါပြီး ဖတ်သွားပါတယ်..။း)

Maung Myo said...

ထောက်ခံပါတယ်း)

ပြီးတော့ ကိုယ့်ကိုယ်ကို လည်း မြောက်ကြွကြွ ဖြစ်သွားတယ် ။

အပြုံးပန်း said...

ွှအနုပညာသည် အနုပညာအတွက်
အနုပညာသည် ဘာလော့ဂ်ဖတ်သူများအတွက်

T T Sweet said...

အစ်မတော်တော်ရေးတတ်တယ်။ မြင့်တယ်ဂျာ။ ပထမတော့ ကိုဧရာရေးတာ ထင်နေတာ။ နတ်ဒေ၀ါတွေ၊ မိစ္ဆာတွေ ပါလာလို့လေး)

TZA said...

လှလိုက်တာဗျာ

မအိမ်သူ said...

သရုပ်ဖေါ်တာ ပီပြင်လိုက်တာ.. ဘလော့ဂ်နဲ့ ဘလော့ဂ်ပိုင်ရှင် ဘလော့ဂါတွေရဲ့ ဆက်စပ်မှု ဘလော့ဂါအချင်းချင်းရဲ့ ဆက်နွယ်မှုတွေကို အပီပြင်ဆုံး တင်စားထားနိုင်ပါပေတယ်.. သဘောကျလို့ အထပ်ထပ်ဖတ်သွားပါတယ်ရှင်။

သက်ဝေ said...

ပိုစ့်လေးက လှလိုက်တာ သီတာ...
စေတနာသာ အဓိက ဆိုတာကို အကြိုက်ဆုံးပဲ... ပြီးတော့ မှန်လည်း အမှန်ဆုံးပဲ... စာတကြောင်းကို ဖတ်လိုက်ရင် စေတနာမှန် မမှန် သိပ်သိသာပါတယ်...

စော(အဝါရောင်မြေ) said...

အဟီး ခရစ်စယန်ဘုရားစာအုပ်ထဲ ရောက်သွားသလိုပဲ။ ပြီးတော့မှ အော် ဂလိုဘယ်လိုက် ဘလောစ့်အကြောင်းပါလားလို့  သိရတော့တယ်။ :)

တန်ခူး said...

မိုက်တယ်ကွာ... သဘာဝအားဖြင့် လွတ်လပ်စွာပိုင်ဆိုင်ထားတဲ့ အနုပညာ... သင်းပျံ့ ထုံသင်းတဲ့ ပို့ စ်လေးပါ မ ရေ....

ဇွန်မိုးစက် said...

ဒီဘလော့ဂ်တာ မမက သိပ်ရေးတတ်တာပဲ။


သိပ်ကြိုက်တာပဲ။