Friday, April 22, 2016

ကရင် တစ်ရက်၊ မွန် တစ်ရက်

မြန်မာပြည်က တိုင်းနဲ့ ပြည်နယ်တွေကို အစုံ မရောက်ဖူးသေးဘူး။ ကျိုက်ထီးရိုးဘုရားဖူး ရောက်ဖူးခဲ့ပေမည့် မွန်ပြည်နယ်ကို ရောက်တယ်လို့ အမှတ်မထားခဲ့ဘူး။ သာမညတောင် ရောက်ဖူးခဲ့ပေမည့် ကရင်ပြည်နယ်ရောက်ဖူးတယ်လို့ အမှတ်မထားခဲ့မိဘူး။ သူငယ်ချင်းတွေ ဆုံမိတော့ ခရီးသွားမယ် ကျုံထော်ရေတံခွန်ကို လိုက်မလားတဲ့။ လိုက်မယ်သာဖြေလိုက်တယ် ဘယ်နားလဲ မသိ။ အဝေးပြေးကားဂိတ်ကနေ ည ၇ နာရီထွက်မယ် ဖားအံကို သွားမယ်တဲ့။ အော် ဖားအံဆိုတော့ ကရင် ပြည်နယ်ပေါ့။ အရင်နှစ်များက ရှမ်းပြည်ကို ကဒီးကဒီး ရောက်ဖြစ်ပြီး ရှမ်းတွေနဲ့ ချစ်ကျွမ်းဝင်ခဲ့တာ၊ ဒီတခါတော့ လာထား ကိုယ့်အမျိုး အရင်းကြီးတွေ (မမြင်ဖူးလိုက်ရသော အဖိုး - အမေ့ အဖေက ကရင်စစ်စစ်ဖြစ်ပါတယ်)“တွေ့ရာ ကရင် ချစ်လိုက်မယ်ဟဲ့” ဆိုပြီး လိုက်သွားလိုက်တာပဲ။ အလုံကနေ ညနေ ၅း၃၀နာရီထွက်လာတာ လမ်းတလျှောက်ကားပိတ်၊ ၇ နာရီက ထိုးပြီ… မြောက်ဥက္ကလာ အောင်မင်္ဂလာအဝေးပြေးဂိတ်ကို မရောက်သေး။ ကားဂိတ်ကို ရောက်နှင့်သော သူငယ်ချင်း၊ ကိုယ်နှင့်အတူတူ ကားဂိတ်ကို မရောက်သေးသော သူငယ်ချင်းများရဲ့ အစီအမံနဲ့ အမှတ်(၃) လမ်းမကြီးထိပ်ကနေ ဂိတ်က ထွက်လာတဲ့ ကားကို စောင့်စီး၊ ကားပေါ်ရောက်မှ အဟီး အဟီး ရယ်မလို့ ရှိသေး… ကားက အဲယားကွန်းမပါ… ပြူတင်းပေါက်ဖွင့် စီးခဲ့ရတာ…။ ၀၆-၀၄-၂၀၁၆ ဗုဒ္ဓဟူးနေ့မှာ သက်တူရွယ်တူ ငယ်သူငယ်ချင်းငါးယောက်… တယောက်က သားလေးနှစ်ယောက်ပါတယ်… ခရီးစဉ်ကို ပင်တိုင်စီစဉ်ပေးတဲ့ သူငယ်ချင်းက သမီးလေးပါတယ်… စုစုပေါင်း ၈ယောက် လည်ကြတယ်။
ဖားအံကို ညလယ် ၂နာရီထိုး ရောက်တယ်။ တည်းခိုမည့် သူငယ်ချင်းအမျိုးအိမ် လမ်းထိပ်မှာ ကားရပ်ပေးတယ်။ ဂမုန်းပင်တွေ ပတ်ခြာလည်ဝိုင်းနေတဲ့ ခေတ်မှီမှီ နှစ်ထပ်တိုက်ကလေးရဲ့ ဘုရားခန်းမှာ ဝတ်ဖြည့်လိုက်ရင်း ဘဝေဘဝဟောင်းက ဆွေမျိုးတွေဆီရောက်ပြီဆိုတာ သေချာသွားခဲ့တယ်။ ကိုယ့်ကို ဒီနေရာရောက်အောင် ခေါ်လာတဲ့သူတွေကလည်း သူငယ်ချင်းတွေ ဆိုပေမည့် တကယ်တော့ ဘဝဟောင်းက ဆွေမျိုးတွေပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် တမှေးအိပ်ပြီး… အိပ်ယာထ ရေချိုးပြီးချိန်မှာ တနေကုန်လည်ဖို့ ငှားထားတဲ့ ကားက ၀၇-၀၄-၂၀၁၆ ကြာသပတေးနေ့ မနက် ၆နာရီ အိမ်ရှေ့မှာ လာကြိုနေခဲ့ပြီ။ တည်းခိုတဲ့အိမ်က သူငယ်ချင်းရဲ့ အမဝမ်းကွဲတော်ပေမည့် သူကဒေါ်လေးလို့ပဲ ခေါ်တဲ့ အန်တီက ရန်ကုန်သူ ငါးဆယ်နားနီးကလေးတွေကို စိတ်မချလို့ဆိုပြီး ခရီးစဉ်မှာ တိုးဂိုက်လိုက်လုပ်ပေးတယ်။ ဖားအံမြို့ ဓမ္မပီယကျောင်းတိုက်နားက အသက် ၇၂နှစ်အရွယ် ကရင်လှပျိုဖြူရဲ့ ကိုယ်ရောစိတ်ပါ ကြံ့ခိုင်မှုကတော့ အံ့မခမ်း အတုယူစရာပါပဲ။
မနက်အစောစာ စားဖို့ ဖားအံက နာမည်ကြီး လက်ဖက်ရည်ဆိုင်ကို ရောက်တယ်။ ဆိုင်နာမည်က ချစ်လေးတဲ့… သူက ဆိုင်ခွဲတွေလည်း ရှိတော့ ချစ်လေး(၁) ချစ်လေး(၂) စသဖြင့်ပေါ့…။ ဒါကိုလည်း အသက် ငါးဆယ်နီး အန်တီကြီးတွေက “အဆန်းတော့ ဟီးဟီး…ချစ်လေး” ဆိုပြီး ရယ်ကြပြန်တာပဲ။ ရာသီဥတုကလည်း သာယာတယ်… လမ်းခရီးကလည်း ဖြောင့်ဖြူးတယ်… စိတ်လက်လည်း ပေါ့ပါးနေတယ်… ဘာလိုသေးလဲ… စစ်ဆေးရေးဂိတ် သုံးခု ဖြတ်အပြီးမှာတော့ ကျုံထော်ရေတံခွန်ကို ရောက်ပြီပေါ့ကွယ်။
ရေချိုးပြီး အဝတ်လဲနေတဲ့ သူငယ်ချင်းတွေကို ကွတ်ပျစ်လေးမှာ ထိုင်စောင့်နေတုန်း ကရင်အမျိုးသမီးတယောက် လသားအရွယ် သမီးငယ်လေးကို ချီပြီး ကိုယ့်နားရောက်လာတယ်။ ကိုယ့်ကို “ဘယ်ကလာသလဲ” လို့ ပြုံးရင်းမေးတယ်။ “ရန်ကုန်က လာတယ်” ဆိုတော့ “အို…အဝေးကြီးပဲ” လို့ ပြောပြီး ကိုယ့်ဘေးနားထိုင်ကာ ကလေးနို့တိုက်နေခဲ့တယ်။ ဟုတ်တယ် ဒီကနေ့ ရေတံခွန်မှာ လူအတော်စည်ပေမည့် အများစုက အနီးတဝိုက်က အလည်လာဟန် ရှိသူတွေများတယ်။ အဝေးကနေ လာဟန်ရှိသူက အနည်းစုသာ တွေ့ရတယ်။ သူငယ်ချင်းတွေ ရောက်လာကြတော့ သူတို့ရဲ့ ဖိနပ်တွေက နို့တိုက်နေတဲ့ ကလေးအမေထိုင်နေတဲ့နေရာ ကွတ်ပျစ်အောက်တည့်တည့်ရောက်နေလို့ ကိုယ်က “ညီမ ဟိုဘက်နည်းနည်းတိုးလိုက်ပါလား” လို့ မဆင်မခြင် ပြောမိတယ်။ သူငယ်ချင်းတွေက “ရတယ် ရတယ်” ဆိုပြီး ကုန်းနှိုက်လိုက်ကြတော့ ကလေးအမေမှာ တင်ပါးလေး တခြမ်းကြွပေးလိုက်ရုံနဲ့ အဆင်ပြေသွားခဲ့တယ်။ ကိုယ့်ကြောင့် မင်းနို့သောက်ရာမှာ အနှောက်အယှက် ဖြစ်သွားခဲ့မယ်ဆိုရင် ခွင့်လွှတ်ပါလို့ တောင်းပန်လိုက်ပါတယ် ကလေးလေးရယ်။
ရိုးရှင်းလှတဲ့ ခြေတံရှည် အိမ်လေးတွေကို ငေးရင်း၊ ပြန့်ပြူးလှတဲ့ မြေပေါ်မှာ ထီးတည်းကြီး ထွက်နေတတ်တဲ့ ထုံးကျောက်တောင်တွေကို အံ့သြမှင်သက်ရင်း၊ စိုစိုစွတ်စွတ်ရှိလှတဲ့ လိုဏ်ဂူတွေမှာ အေးချမ်းမှုရဲ့ အရသာအစစ်ကို ရှာဖွေသွားကြတဲ့ သူတော်စင်များကို ဂါရဝပြုရင်း၊ လွန်ခဲ့တဲ့ တချိန်က တောတွေ တောင်တွေကြား ဖိနပ်မပါ ခြေဗလာနဲ့သာ သွားလာလေ့ရှိတတ်ကြတဲ့ ဖြူဖြူဖွေးဖွေး တုတ်တုတ်ခိုင်ခိုင် ကရင်အမျိုးသားအမျိုးသမီးတွေ့ရဲ့ နှလုံးသားထဲကို တိုးဝင်ကြည့်ရင်း… ဒီနေရာတွေ ရောက်ခဲ့တယ်။

ကျုံထော်ရေတံခွန် အဝင်
ကျုံထော်ရေတံခွန်
ကျုံထော်ရေတံခွန်
မြိုင်ကြီးငူဆရာတော်ကျောင်း
မြိုင်ကြီးငူဆရာတော်ကျောင်း နံဘေးက သံလွင်မြစ်နှင့် ယွန်းဇလင်းချောင်းဆုံရာ

ကော့ကသောင်ဂူ
ကော့ကသောင်ဂူ
ကော့ကသောင်ဂူ
ကော့ကသောင်ဂူ
ကော့ဂွန်းဂူ
ကော့ဂွန်းဂူ
ကော့ဂွန်းဂူ
ကော့ဂွန်းဂူ
ကော့ဂွန်းဂူ
ကော့ဂွန်းဂူ
ကော့ဂွန်းဂူ
ကော့ဂွန်းဂူ
ရသေ့ပျံဂူ
ရသေ့ပျံဂူ
ရသေ့ပျံဂူ
ကျောက်ကလပ် (ကြောင့်-ကမ်-လာဘ်) စေတီတော်



ကျောက်ကလပ် (ကြောင့်-ကမ်-လာဘ်) စေတီတော်



တောင်ကမ်းပါးယံမှာ စပ်စေ့ဖိုးနှင့် နော်မူးဖန် မောင်နှမ ပုံပေါ်နေတဲ့ ဇွဲကပင်တောင်

ဇွဲကပင်တောင်ခြေ
ရွှေယဉ်မျှော် ပြည်တော်ဧ စေတီတော်

 ဒီနေရာက တို့ရယ်သံတွေ သံလွင်မြစ်အတိုင်း စီးဆင်းပါစေ

စံမတူထမင်းဆိုင်မှာ နေ့လည်စာနဲ့ ညစာ စားခဲ့တယ်။

နောက်တနေ့ ၀၈-၀၄-၂၁၀၆ သောကြာနေ့မှာ မနေ့က ငှားထားတဲ့ကားနဲ့ပဲ  ရန်ကုန်ကို ပြန်ကြပြီ… မော်လမြိုင်ကို ဝင်လည်ဦးမှာမို့ နံနက်စောစော ၅နာရီကတည်းက ဖားအံကထွက်ခဲ့ကြတယ်။ မော်လမြိုင်မှာ စားရတဲ့ မနက်အစောစာမျိုး နေ့တိုင်းစားရမယ်ဆို အာဂပါးစပ် လူဖြစ်ကျိုးနပ်မှာပဲ း)။
ပထမဦးဆုံး အလျား ၁၂၁ပေ ၉လက်မရှိတဲ့ ဘင်လှိုင်လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် (ကော့ခပုံစံပြကျေးရွာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်) ကို ဖူးမြှော်ခွင့်ရခဲ့တယ်။




ဘင်လှိုင်ဆံတော်ရှင်စေတီတော် (မြင်းနှစ်ကောင် မုဒ်ဝ)

ဘင်လှိုင်လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်

ဘင်လှိုင်လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်

နောက် ဝင်းစိန်တောရကို ခရီးဆက်တယ်။
ဝင်းစိန်တောရ

ကျိုက်မရောမြို့ ဆုတောင်းပြည့် ဘုရားကြီး

ငယ်ငယ်က Writing Pad မျက်နှာဖုံးတွေမှာ ပါလေ့ရှိပြီး၊ ရောက်ဖူးချင်ခဲ့တဲ့ ထန်းပင် ထန်းရွက် ထန်းလက် စုံညီတဲ့ ကျိုက်မရောမြို့က လမ်းလေးကို ရောက်ခဲ့တယ်။

 ကျိုက်သလ္လန်စေတီတော်အနီးက နှီးဘုရား

ကျိုက်သလ္လန်စေတီတော်

ကျိုက်သလ္လန်စေတီတော် ပေါ်က မြင်ရတဲ့ သံလွင်မြစ်ကမ်းနဘေးက မော်လမြိုင်မြို့

စိမ်းလဲ့တင်မှာ နေ့လည်စာ စားပြီး၊ ရန်ကုန်ကို ညနေ ၃နာရီမှာ ချောချောမောမော ပြန်ရောက်ခဲ့ပါပြီ။

လသာ(၂)က သူငယ်ချင်းတွေနဲ့ ခရီးထွက်ဖို့ စကား စ,မိကြသေးပေမဲ့၊ အလုံ(၃)က သူငယ်ချင်းတွေနဲ့ ခရီးစဉ်က ဖြစ်သွားတယ်။ ဘယ်သူ့ကိုမှ ပို ချစ်လို့ မဟုတ်ဘူးနော်။ အမက(၁၁)က သူငယ်ချင်းတွေနဲ့ RIT က သူငယ်ချင်းတွေလည်း ရှိသေးတယ်မဟုတ်လား။ မနှစ်ကတော့ RITက သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးဘုရားဖူးရောက်ခဲ့ရတယ်။ ရှမ်းကို ချစ်သလို… ကရင်၊ မွန်လည်း ချစ်တာပါပဲ။ နောက် ဘာသာမတူ၊ လူမျိုးကွဲ၊ နိုင်ငံခြားတဲ့ သူငယ်ချင်းတွေ ရှိသေးသလို၊ online ကနေ ခင်ရတဲ့ မိတ်ဆွေတွေလည်း ရှိပါသေးတယ်။ မြန်မာပြည်အနှံ မေတ္တာ ပွားချင်သလို၊ ကမ္ဘာဖြန့်ပြီးလည်း မေတ္တာ ပွားချင်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကိုကိုယ်တောင် မချစ်နိုင်တော့တဲ့အခါတွေမှာ  ထွက်ပေါက်အဖြစ်ပေါ့။ အဲ့ဒီရက်များအတွင်းက အာရုံတွေရဲ့ ရိုက်ချက်ကြောင့် မလှပနေတဲ့ ကိုယ့်စိတ်ရဲ့ ပဲ့တင်သံ… ကိုဧရာကို ပြောဖြစ်တာက… “I don’t want to be your wife!.. I don’t want to be anybody’s wife.”။ သူငယ်ချင်းတွေနဲ့ ခရီးသွားမယ်လို့ သူ့ကို ခွင့်တောင်းအသိပေးတော့ “အင်း သွား..သွား.. အန္တရယ် ရှိတဲ့ နေရာတွေတော့ မသွားနဲ့” ဆိုလို့ “ကျမက တောခိုမှာ” လို့တောင် ဘုတောလိုက်သေး… တကယ်ကို စိတ်ထဲမှာ ကျိတ်ကြံနေတာ… အဲ့ဒီ့လူကြီးရဲ့ Beautiful Mind ကြောင့်သာ ဒီက အရူးပါးရဲ့ အကြံ အထမမြောက်တာပါလို့ ဝန်ခံရင်း ခရီးစဉ် ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်လျက်-








Saturday, February 27, 2016

မေတ္တာခြုံ လုံတဲ့ခရီး - ၇

2 January 2016

ဒီနေ့တော့ Hato Bus နဲ့သွားကြမှာပါ...
အစီအစဉ်ထဲမှာ နေ့လည်စာ နဲ့ Tea time အချိုပွဲ အဝစား  ပါ ပါတယ်။

Tochigi - Strawberry Farm
အခင်းထဲက ကိုယ်ကိုတိုင် ကြိုက်ရာရွေးဆွတ်လို့ စတော်ဘယ်ရီအဝစား...


Nikko

နေ့လည်စာ  Sukiyaki

Toshogu Shrine




Shinkyo Bridge




Tokyo ပြန်ရောက်တော့ Sushi စားကြတယ်။

3 January 2016
Tokyo Disneyland မှာ တနေကုန်...

ဂျပန်မှာ ကျယ်ပြော ပျံ့လွင်တဲ့ ကောင်းကင်ကြီးရှိတယ်




4 January 2016
ပြန်ခဲ့ပါပြီ... စင်္ကာပူကို ညကြီးမိုးချုပ်မှ ရောက်တော့သည်။

ဂျပန်ကို လာလည်ဖို့ အကြိမ်ကြိမ်ခေါ်ခဲ့ပြီး၊ တပြုံတမကြီးနဲ့ ရောက်လာတဲ့ သူငယ်ချင်းကို လေဆိပ်ကနေ အနွေးထည်နဲ့ စီးကြိုတာက စလို့၊ ငယ်သူငယ်ချင်းနဲ့ မိသားစုဝင်အားလုံးရဲ့ အဆုံးမရှိတဲ့ မေတ္တာကို ကျေးဇူးတင်ခြင်း များစွာဖြင့် -
ဧရာသီတာရေချမ်းရေစင်

5 January 2016
အပျော်တွေရပ် လက်တွေ့ဘဝထဲ ဦးဆုံးပြန်ဝင်ရသူက သားငယ်ပါ... မနက် ၆း၃၀နာရီ Secondary ကျောင်းသစ်ကို သွားရပါတယ်။


အကိုကြီးက ဆီလိမ်းပြီး ခေါင်းဖီးပေးနေတာ...