Wednesday, April 30, 2008
အရေး၊ အဖတ်၊ အတတ်၊ ပညာ။
ကျွန်မတို့ မြန်မာစာ အရေးအဖတ် သင်တန်းရဲ့ သင်တန်းဆင်းပွဲ အမှတ်တရ ဓါတ်ပုံ
English လိုတော့ Burmese Language Reading & Writing Class for Children
English မှာ Reading ကအယင်လာတယ်။ ဒါ ပိုသဘာဝ ကျတယ်။ အယင် ဖတ်တတ်ရမယ်။ ပြီးမှ အရေးကို ကြိုးစားမယ်။
သင်တန်းမှာ မြန်မာစကားပြောတတ်တဲ့ အသက်(၇)နှစ်နှင့်အထက် ကလေးများကို လက်ခံပါတယ်။
ဘာသာစကား တစ်ခုကို အပြော၊ အဖတ်၊ အရေး တဲ့။ ဘာလုပ်ဖို့လဲ။ အခြေခံအားဖြင့်တော့ ဆက်သွယ်ဖို့ပါပဲ။ လူဆိုတာ တစ်ဦးတစ်ယောက်ထဲ နေတဲ့ သတ္တ၀ါ မဟုတ်လေတော့။ တစ်ဦးတစ်ယောက်ထဲ နေစေဦးတော့ စကားလုံးတွေနဲ့ မဟုတ်တောင် ပတ်ဝန်းကျင်နဲ့ အလျဉ်းသင့်အောင် ဆက်ဆံရေး အတွက်တော့ ပြောရဦးမှာပဲ။ (ဥပမာ- အေးရင်စောင်ခြုံ၊ အိုက်ရင် ယပ်ခတ်။)
စမ်းသပ်မှုတွေအရတော့ စကားလုံးတွေရဲ့ အရေးပါမှုဟာ အလွန်နည်းပါးပြီး၊ အသံနေ အသံထားနဲ့ ကိုယ်နေ ဟန်ထားတွေက အတော် အရေးပါဆိုပဲ။ ပြောသူကို နာသူက နားလည်နိုင်ဖို့ အတွက်ပေါ့လေ။ (ကျွန်မကို မျက်စိတစ်ဖက် မှိတ်ပြယင်တော့ သြော်သူ မျက်ကျောလိုက်နေရှာတယ်လို့ပဲ နားလည်လိုက်မှာနော်။)
အဖတ်နဲ့ အရေး အတွက်ကျတော့ ကျောင်းမှာ ကျွန်မတို့ သင်ယူကြရတယ်။ သင်မှတော့ ဖတ်တတ်ရမယ် (သူများရေးထားတာကို)။ ဖတ်ရင်လည်း စာလုံးတွေနဲ့ စာရင် ပုံလေးတွေကို ဖတ်ရတာ ပိုအရာရောက်မလားလို့။ (ဟောဒီမှာ ပုံကို အယင်ကြည့်၊ စာကိုနောက်မှဖတ်။)
ကဲဖတ်တော့။
ဘာဖြစ်လို့ ဖတ်တာလဲ။
ဖတ်တတ်လို့ ဖတ်တာပေါ့။
ဖတ်တတ်ရင် ဖတ်မယ်။
ဖတ်ရင် ဖတ်တတ်မယ်။ (စာကောင်းပေမွန်တွေကို)
စာကောင်းဖတ်တော၊့ စိတ်ကောင်းရှိတယ်။
မယုံမရှိနဲ့၊ သတိကလေးနဲ့တော့ထိန်း။
(ကြားဖြတ် သံချပ်- ငါသိ၊ ငါတတ်၊ ငါတော်သည်။ အဲ့ဒီလိုမျိုးဟာ အကျိုးမရှိပါဘူး။
အဲ့ဒီလိုမျိုးဟာ အကျိုးမရှိပါဘူး။ ငါသိ၊ ငါတတ်၊ ငါတော်သည်။)
ပြီးရင်တော့ လာပြီ
(ကိုယ်တိုင်) ရေးတတ်ရတော့မယ်။
(ထင်ခဲ့တယ်။ ကိုယ်တိုင်ရေးဖို့ မလိုပါဘူး။ ခေတ်အဆက်ဆက်က သူများရေးထားတဲ့ စာကောင်းပေမွန်တွေ ဖတ်လို့ရယ်တဲ့မှ မကုန် လို့။)
ကျေးဇူးပြု၍ မပြောလိုက်ပါနဲ့၊ စာရေးတာ ၀ါသနာ မပါဘူးလို့။
စာဆိုတာ ၀ါသနာပါမှ ရေးရမှာ မဟုတ်ဘူး...။ ဟူးးးးးးးးး
Wednesday, April 23, 2008
Change is on the way...
Changi Airport ကကြော်ငြာပုံလေးတစ်ခု။ ဒီပုံလေးက လွန်ခဲ့တဲ့ (၁၂)နှစ်က ဒီနေရာကို စိတ်ကူးဗလာ၊ ခံစားချက်ဗလာ၊ ယောင်ချာချာ ရောက်လာတဲ့ ကောင်မလေး တစ်ယောက်ကို စိမ်းသက်တဲ့ အငွေ့တွေနဲ့ Change is on the way လို့များ တံခါးဖွင့်ပေးခဲ့လေသလားလို့...။
တူမလေး အိငယ် ကို ကြိုဆိုခြင်း အမှတ်တရ (၂၁.၀၄.၂၀၀၈ Changi Airport, Singapore)
Tuesday, April 22, 2008
မရွက်ဝါသို့
မရွက်ဝါ ဒီကမ္ဘာကြီးထဲမှာရှိနေတယ်။ သီတာလည်း ဒီကမ္ဘာကြီးထဲမှာ ရှိနေတယ်။
...............
မရွက်ဝါနဲ့တွေ့ဆုံခဲ့ရပုံက ဒီလို...
...............
ဒီနေ့လေဆိပ်ကို အပြေးအလွှားဆင်းလာခဲ့ရပါသည်။ သူငယ်ချင်းတစ်ယောက်ကို ကြိုဖို့ပါ။ မြန်မာပြည်က ၂၅ရက်နေ့ ၁၀နာရီထွက်လာမဲ့လေယာဉ်နဲ့ သူလာမယ်။ ကျွန်မအိမ်မှာတည်းမယ်။ အဆင်မပြေက အကြောင်းပြန်ပါတဲ့။ အကြောင်းပြန်ချိန် မရှိတော့ပါ။ လွန်ခဲ့သည့် ၂ရက်ကပို့ထားသည့် သူ့email ကို ယခုမှ စစ်မိပါသည်။
လေဆိပ်ကို ဒီကအချိန် ၂း၃၀pm မှာရောက်သည်။ Yangon က လာသည့် MAI/Jetstar လေယာဉ်မဆိုက်သေး။ ok။ နေဦး နေဦး Silkair ရော ဆိုက်သွားပြီလားဟင်။ ကျွန်မလိုပင် လာကြိုကြဟန်ရှိသော လူရွယ်များကိုမေးမိသည်။ အစ်မ Silkairက Terminal 2 မှာလေ။ (ကိုယ်ရောက်နေတာ Terminal 1)၊ ဗုဒ္ဓေါ။ ကိုယ့် ကိုယ်ကို နှစ်ခြမ်းဘယ်လိုခွဲရပ။ Just try my luck ဒီမှာပဲ စောင့်တော့မည်။ အိမ်မှ သားကြီးဆီက ဖုန်းဝင်လာသည်။ မေမေ ဖွားဖွားကြီးကပြောခိုင်းတယ်။ ဦးဦးကြီးက Bangkok Transit နဲ့လာမှာတဲ့။ ဟေ...။ Bangkok Transit နဲ့ဟာက ဘယ်အချိန်ဆိုက်မှာတုံး။ air-ticket ရောင်းသည့် ဆိုင်ကို ဖုန်းဆက်မေးလိုက်သည်။ Bangkok Transitဆိုရင်တော့၊ ညနေ ၄နာရီခွဲမှာဝင်တဲ့ TG တော့ရှိတာပဲ bye။ (ဤဖုန်း call မျိုးသည် ဖြေဆိုသူအတွက် $ မ၀င်သော call မျိုးဖြစ်ကြောင်း၊ ခေါ်ဆိုသူကျွန်မ နားလည်ပေးရပါသည်။) ရောက်လက်စနဲ့ မထူးဘူး... ဆက်စောင့်လိုက်ပါမယ်လေ။
...............
Yangon က လာသည့် MAI/Jetstar လေယာဉ်ဆိုက်လာသည်။ ကျွန်မ၏မျက်စိသည် အဝေးမှုံပါသည်။ မျက်မှန်ပါမလာ၍ မှုံဝါးဝါးမြင်ကွင်းဖြင့် မိမိကြိုရမည့်သု မပါ၍ အားစိုက်စရာမလိုဘဲ လေယာဉ်မှဆင်းလာသည့်လူများကို ငေးနေမိသည်။ ထိုသောအခါ ကျွန်မ၏အတွေးများသည် အားစိုက်၍ တွေးကြလေတော့သည်။
“ပြည်ထောင်စု မပြိုကွဲရေး၊ ဒို့အရေး” ဆိုတာကို ကျွန်မ နားမလည်ပါသဖြင့် နေ့စဉ်နှင့်အမျှ နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးကြောင့် နည်းမျိုးစုံဖြင့် ထွက်လာနေကြခြင်းသည်ပင် ပြည်ထောင်စု ပြိုကွဲနေခြင်းတစ်မျိုးပေလောဟု တွေးမိပါ၏။
လူတော်တော်များများ ထွက်လာပြီးသောအခါ ဒီမှာ Work permit ဖြင့် အလုပ်လာလုပ်ကြသည့် လူရွယ်များ အုပ်စုလိုက်ထွက်လာကြ၏။ သူတို့ အသွင်မှာ လန်းဆန်းမနေ၊ လေးလံနေကြ၏။ သူတို့ကို ကျွန်မနားလည်နိုင်ပါသည်။ သူတို့ ဒီလိုအလုပ်ရရှိရေး အတွက် ပေးထားကြရသော Agent Fee သည် တနင့်တပိုးဖြစ်၏။ သူတို့၏နောက်မှလည်း အုပ်စုလိုက် ထွက်လာကြပြန်၏။ ဤအုပ်စုမှာ အမျိုးသမီးငယ်လေးများ အုပ်စုဖြစ်၏။ ရင်ဘတ်တွင် တူညီတံဆိပ်ဝိုင်းလေးများ တပ်ထားကြသည်။ ထိုအုပ်စုထဲမှ အမျိုးသမီးလေးများကိုတော့ ကျွန်မပြတ်သားစွာမြင်နေရသည်။ သူတို့ကို ကျွန်မ အာရုံအပြည့်စူးစိုက်နေမိသည်မှာ သေချာသည်။ ဤမြင်ကွင်းသည် ကျွန်မအတွက် ဆန်းသစ်၏။ ကျွန်မတို့နိုင်ငံမှ ဒီမှာ maid လုပ်ရန် ထိုကဲ့သို့ အစုလိုက်လာကြခြင်းမျိုးကို အခုမှမြင်ဖူးခြင်းဖြစ်သည်။
ငယ်ငယ်ရွယ်ရွယ် သေးသေးညှက်ညှက်လေးများဖြစ်သည်။ လူကောင်သေးတာ ကိစ္စမရှိပါ။ ကျွန်မလိုချင်သည်မှာ မျက်လုံးတောက်တောက်လေးများသာ ဖြစ်သည်။ ဒီမှာ Domastic helper လာလုပ်ကြသည့် Filipino မလေးများ၊ Bar Assistant လာလုပ်ကြသည့် Vietnamese မလေးများ၏ မျက်လုံးတောက်တောက်မျိုးမဟုတ်ပါ။ ဖြူစင်သော သီလကိုအခြေခံသည့် ဖော်ရွေသော စိတ်နှလုံး၊ ခိုင်မာသော ယုံကြည်ချက်တို့၏ ရောင်ပြန် မျက်လုံးတောက်တောက်မျိုး ဖြစ်ပါသည်။ ကျွန်မ ဘာတွေကို ရှာဖွေမိနေပါလိမ့်။ ခေတ်ဆိုတာကြီးထဲမှာ ကျွန်မတို့ရောက်နေကြတာလား။ ကျွန်မတို့က ခေတ်တွေကို ဖန်တီးနေတာလား။ ကျွန်မ မသိ။ ကျွန်မ၏ အာရုံကို စွဲကျုံးယူငင်ထားသော ထိုအမျိုးသမီးငယ် လူစုသည် သူတို့ကို လာကြိုသည့် Agent နောက်သို့ တန်းစီ၍ လိုက်ပါ သွားကြလေတော့သည်။ ကျွန်မလည်း ထိုနေရာမှလေးကန်သော ခြေလှမ်းဖြင့် ဦးတည်ရာမဲ့ ထွက်လာခဲ့သည်။ မြန်မာလူရွယ်တစ်စု၏ သဲ့သဲ့ပြောလိုက်သော စကားသံကို ကြားလိုက်ရသေးသည်။ “ဒီအစ်မကြီး အခုထိမတွေ့သေးဘူးနဲ့တူတယ်။ ငါတို့ခေါ်သွားမှပဲ” တဲ့။ ထိုလူငယ်စုထံ ပြန်လှည့်၍ သူတို့နားလည်သော၊ ကျွန်မရည်လည်စွာ ပြောတတ်သော စကားများဖြင့် သူတို့ပြောလိုက်သော စကားနှင့်ပတ်သက်၍ အခြေအတင် ဆွေးနွေးချင်စိတ် ပေါ်မိသေး၏။ များသောအားဖြင့် မိမိနားမလည်သော ဘာသာစကားများကြားတွင် အနေကြာနေပြီဖြစ်သော ကျွန်မ။ ယခုကဲ့သို့ သူတို့၏ စကားကို နားလည်၍ အဓိပ္ပါယ်တွေ ကောက်တတ်နေခြင်းသည်ပင် ကျွန်မအမှားဖြစ်ပါ၏ ဟု ကိုယ့်ကိုကိုယ် ဆုံးမ၍ ဒေါသကို မျိုချလိုက်ရ၏။ မရှေးမနှောင်းဆိုသလို ဆက်တိုက်ခံစားလိုက်ရသော ‘ကျ’ ဒေါသနှင့်၊ ‘တက’် ဒေါသကို အအေးနှင့်မျှောချရန် Burger King ဆိုင်သို့ ဦးတည်လိုက်ပါ၏။
...............
Burger one set မှာ၍ ချောင်ကျသော ခုံတစ်ခုတွင် ၀င်ထိုင်လိုက်သည်။ ကျွန်မ၏ ရှေ့စားပွဲတွင် ကျွန်မကို ကျောပေး၍ ထိုင်နေသော အစ်မကြီးတယောက် ဖုန်းပြောနေသည်။ သူမြန်မာလို ပြောနေတာပါလား။ သူဖုန်းပြောအပြီးတွင် ကျွန်မ သူ့ဘေးမှခုံကို ပြောင်းထိုင်၍ “အစ်မမြန်မာလားဟင်” ဟုမိတ်ဆက်လိုက်သည်။ (မြန်မာမှန်းသိလျှင် အနည်းဆုံးတော့ ပြုံးပြမည်။ အပြုံးထဲတွင် ကျွန်မ မြန်မာပါဟူသော ဖေါ်ရွေမှုတွေ စီးဝင်နေရမည်။ ဤအကျင့်ကို ကျွန်မတမင်တကာပင် မွေးမြူထားသည်ဟု ဆိုနိုင်ပါသည်။ အကြောင်းရှိပါသည်။ ဤနိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်နေကြသော ရွှေမြန်မာများတွင်၊ မိမိကိုယ်မိမိ မြန်မာနှင့် မတူအောင်နေ။ မိမိ သားသမီးများကိုလည်း မြန်မာဇတ် ဖျောက်၍၊ မြန်မာမှန်း မသိရအောင် အထူး အာရုံစိုက်ကြလေသော လက်ယာစွန်းရောက်များနှင့်၊ ဘယ်သူက ဘာထင်ထင် ကိုယ်နေချင်သလို (စည်းမရှိ၊ ကမ်းမရှိ) နေမည်၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ ဆိုသောအချိုးနှင့် နေကြသော လက်ဝဲစွန်းများဟူ၍ နှစ်မျိုးနှစ်စားတွေ့ရလေသည်။ ဤသည်မှာလည်း သူတို့ အကြောင်းနှင့်သူတို့ ဖြစ်ပါသည်။ ကျွန်မ၏ ခံယူချက်မှာမူ ဘယ်နေရာဘဲ ရောက်ရောက် ကျွန်မတို့သည် လူတွေထဲနေခြင်းဖြစ်၍ မြန်မာနဲ့ မတူမှ လူနဲ့တူမှာ မဟုတ်။ မိမိဘာဆိုတာကို မိမိ၏ ကိုယ်ကျင့်သိက္ခာနှင့် ကိုယ်ရေးကိုယ်သွေးတို့ ဖြင့်သာ ဖေါ်ပြရပေမည်။)
ထိုအစ်မကြီးက နှစ်လိုဖွယ် အပြုံးဖြင့် ပြန်ပြုံးပြရင်း၊ “ဟုတ်တယ်။ သူ ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ” ဟုနှုတ်ဆက်စကားကိုဆို၏။
“သီတာ(ကျွန်မစကားပြောလျှင် ကိုယ့်နာမည် ကိုယ်ထည့်ပြောတတ်၍) ဒီရောက်တာ ဆယ်နှစ်ကျော်သွားပြီအစ်မ။ အခု အမျိုးသားရဲ့ ညီရဲ့သူငယ်ချင်း လာမှာမို့ လာကြိုတာ။”
“အမျိုးသားရဲ့ ညီကို မြန်မာလို ဘယ်လိုခေါ်လဲ။”
“ညီဆိုတော့ ‘မတ’်၊ အစ်ကိုဆိုရင်တော့ ‘ခဲအ’ို လို့ခေါ်တယ်။”
“ဒို့က ညီမလေးရဲ့ အမျိုးသားကို လာကြိုတာ။ ညီမလေးရဲ့ အမျိုးသားကိုရော ဘယ်လိုခေါ်လဲ။”
“ညီမလေးရဲ့ အမျိုးသားဆိုရင်လဲ ‘မတ်’ ပဲအစ်မ။”
အစ်မကြီးသည် သူ့လက်ကိုင်အိတ်ထဲမှ စာအုပ်သေးသေးလေး (diary) ကိုထုတ်၍ မှတ်၏။ တရုတ်စာလုံးများရေးပြီး ဘေးကမြန်မာလိုရေးသည်။ “စာရေးချင်တယ်ဆိုရင် ဒီလိုဘဲ တစ်နေ့၊တစ်နေ့ ကိုယ်တွေ့ကြုံတာလေးတွေကို ရေးမှတ်ထားရတယ် သီတာရဲ့။ ဒီမှာ အစ်မ name card၊ အဲ့ဒီမှာတော့ တရုတ်လိုရေးထားတယ်။ မြန်မာလိုတော့ ရွက်ဝါလို့ အသံထွက်နဲ့တူတယ်။ ‘ရွက်ဝါ’ လို့ပဲခေါ်ပေါ့။”
“သီတာနဲ့မတွေ့ရင် ဒို့ ဒါကိုပဲဖတ်နေတော့မှာ၊” တရုတ်ဘာသာဖြင့် ထုတ်ဝေသော “i weekly” မဂ္ဂဇင်းကိုပြ၏။ “ဒီမှာ ဒို့ရေးထားတာ။ ကိုယ်ရေးထားတာလေးတွေ ပါလာတော့။ ဘယ်လိုပြောမလဲ ဖတ်ရတာ ပျော်တယ်လေ။ သီတာကတော့ နားလည်မှာ မဟုတ်ဘူး။ ဒို့ မြန်မာလို ရေးထားတဲ့ စာတွေလည်းဖတ်ချင်တယ်။ Internet နဲ့ ဘယ်မှာဖတ်ရမလဲ။”
“အိမ်ကဆရာကြီးကလေ...xxxx xxxx
“သားက မြန်မာပြည်ကို သူ့ဖာသူလည်းသွားတယ်။ xxxx xxxx
“သမီးကတော့ ကလေးတွေကို ကျူရှင်လိုက်ပြတယ်။ သူတို့ကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တတ်အောင် xxxxx xxxx
မရွက်ဝါနဲ့ ကျွန်မ စကားတွေ အများကြီးပြောဖြစ်ခဲ့ကြပါသည်။
...............
ရုတ်တရက် မရွက်ဝါက-
“သီတာ အသက်ဘယ်လောက်ရှိပြီလဲ။”
“သီတာ က 1969 မွေးတာဆိုတော့...”
“1969? ဒို့မြန်မာပြည်ကထွက်လာခဲ့တာ အဲ့ဒီနှစ်ပဲ။ အဲ့ဒီတုန်းက ဒို့က ဆယ့်လေးနှစ်။ ရန်ကုန် ဘယ်နားနေလဲ။”
“သီတာက အလုံမှာနေတာ။”
“ဒို့က အ.ထ.က(၄)အလုံမှာ ကျောင်းတက်ခဲ့တာ၊ ဟိုတုန်းကတော့ ကူရှင်ကျောင်းပေါ့။ ဒို့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် နာမည်ကလဲ သီတာပဲ၊ သီတာ စာသိပ်တော်တယ်။ ကြက်တောင်ရိုက်လည်း တော်တယ်။ ဒို့တွေ ကျောင်းတွေ ကျောင်းတွေ လိုက်ပြိုင်ကြတာ ဆုတွေ နှစ်တိုင်းရတယ်။ သိပ်ပျော်တာဘဲ။ အင်း သီတာ၊ သီတာ သူ့ကို သိပ်တွေ့ချင်တာပဲ။ ဘယ်မှာ ရှာရမလဲ။ ဘယ်လို ရှာရမလဲဟင်?”
Saturday, April 19, 2008
သုတ္တန် နှင့် အဘိဓမ္မာ
ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားစုတို့ကား ဉာဏ်ဖြင့် သိနိုင်သော အစစ်အမှန်တရားအစုဖြစ်သည်။ သို့သော် ပုထုဇဉ်တို့သည် ခန္ဓာ ၅-ပါး၊ ရုပ်နာမ်တရားတို့အား “ငါ့ဟာ, ငါ, ငါ၏ အတ္တ”ဟု “တဏှာ, မာန, ဒိဋ္ဌိ”ဟူသော ပပဉ္စတရားတို့ဖြင့် စွဲလမ်း သုံးသပ် ထင်မှတ်မှားကြသည်။ ထို့ကြောင့် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ”ဟု မမြင်နိုင်။ “နိစ္စ, သုခ, အတ္တ”ဟု ဆန့်ကျင်ဖက် တလွဲဖောက်ပြန်၍ မြင်သည်။ ထို ၀ိပ္ပလ္လာသခေါ် ဖောက်ပြန်သော အသိအမြင်တို့သည် ပုထုဇဉ်၏ သန္တာန်တွင် အမြစ်တွယ်နေရကား အမှန်သိမြင်သော အမြင်ပေါ်ရန် ကြီးစွာသော လုံ့လ၀ီရိယ၊ ပညာ၊ သတိတို့ ဖြင့် အဖန်ဖန်အားထုတ်ရန် လိုအပ်သည်။ ရုပ်နာမ်သင်္ခါရတရားတို့၏ သဘောအစစ်မှန်အား အမှန်ကို အမှန်အတိုင်း ယထာဘူတဉာဏ်ဖြင့် သိမြင်ပါက၊ ထို ရုပ်နာမ်သင်္ခါရတရားတို့အပေါ်၌ တပ်မက်စွဲလမ်းသော စိတ်ကင်းကာ ငြီးငွေ့သော နိဗ္ဗိန္ဒဉာဏ်အမြင် ဖြစ်ပေါ်လာပေမည်။ ရုပ်နာမ်သင်္ခါရတရားတို့အပေါ် ငြီးငွေ့ စွန့်ပယ်လိုသော အမြင်သန်လာပါက ရုပ်နာမ်သင်္ခါရတရားတို့၏ ဆန့်ကျင်ဖက်သဘာဝဖြစ်သော ဖြစ်ပျက်ချုပ်ငြိမ်းသော နိဗ္ဗာန်ကိုမြင်သည့် တပ်မက်ခြင်းကင်းသော ၀ိရာဂ ခေါ် မဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုနိုင်ပေမည်။ ဤသည်ကား ဗုဒ္ဓမြတ်စွာ ၄၅-၀ါကာလပတ်လုံး အဖန်တလဲလဲ နည်းပရိယာယ်မျိုးစုံဖြင့် ဟောကြားတော်မူခဲ့သော သုတ္တန်ဒေသနာတော်၏ အချုပ် ဖြစ်သည်။
“ယထာဘူတ၊ နိဗ္ဗိန္ဒ၊ ၀ိရာဂ” (မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေါဟာရဖြင့်ဆိုပါက ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး) ဟူ၍ အဆင့်ဆင့် ကြိုးပမ်းအားထုတ်ခြင်းအား ၀ိပဿနာတရား ပွားများသည်ဟု ခေါ်သည်။ ဤတွင် ရုပ်နာမ်တရားတို့၏ သဘာဝအမှန်ကို သိမြင်ရန် အားထုတ်ရာတွင် ရှေးဦးစွာ “ဃန”ခေါ် တစ်ပေါင်းတည်း၊ တစ်သားတည်းဟု ထင်မှတ်ထားသော အထင်မှားကို ပြိုကွဲအောင် ကြိုးပမ်းရသည်။ ယောက်ျား, မိန်းမ, ငါ စသဖြင့် အသွင်အပြင်အားဖြင့် တစ်ပါင်းတည်း သမူဟဃန ထင်မှတ်ခြင်းကို ပယ်ဖြောက်ရန် “ဆံပင်, မွေးညင်း, ခြေသည်း, လက်သည်း...” စသဖြင့်ဖြစ်စေ၊ “ပထ၀ီ, တေဇော, ၀ါယော, အာပေါ” စသဖြင့်ဖြစ်စေ တစ်စစီ ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ ဤကားရုပ်, ဤကားနာမ် စသဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ ယခင်နေ့က ငါသည် ယနေ့ငါပင် ဖြစ်သည်စသဖြင့် ကာလအားဖြင့် တစ်သားတည်းမြဲမြံနေသည်ဟု ထင်မှတ်သော သန္တာနဃနကို ကွဲရန် ဤရုပ်, ဤနာမ်တို့သည် ဤနေရာတွင်ဖြစ်၍ ခဏအတွင်းမှာပင်ချုပ်ကြသည်ဟု ကာလအားဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရှုရသည်။ “ခံစားခြင်းသည် ဝေဒနာဖြစ်သည်၊ မှတ်သားခြင်းသည် သညာဖြစ်သည်” စသဖြင့် ကိစ္စဃန ကွဲအောင်ရှုရသည်။ “ဤကား အဆင်း, ဤကား အသံ, ဤကား အနံ...” စသဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ယောက်ျား, မိန်းမဟု အာရုံအားဖြင့် ရောထွေးနေသော အာရမ္မဏဃန ကိုကွဲအောင် ရှုရသည်။ အချုပ်အားဖြင့် ၀ိပဿနာ၏ ရှေးဦးအလုပ်မှာ နေ့စဉ်တွေ့မြင်ကြုံတွေ့နေရသော တရားတို့အား တစ်စစီဖြစ်အောင် ခွဲခြမ်းစိတ်ဖြာရသော အလုပ်ဖြစ်သည်။ ဒေသနာတော်တွင် နာကြားသူတို့၏ အလိုအာသယအလိုက် ခန္ဓာ ၅-ပါးအဖြစ်၊ အာယတန ၁၂-ပါး အဖြစ်၊ ဓာတ် ၁၈-ပါး အဖြစ် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားသည်။ အကြောင်းမှာ အတ္တဟု မှတ်ယူထားခြင်း၊ ငါ့ဟာဟု နှစ်သက်တပ်မက်သော စိတ်ဖြင့် မှတ်ယူထားသောတရားတို့သည် အမှန်တကယ်ရှိသော အရှိတရားများ မဟုတ်။ အထင်တရားများသာ ဖြစ်သည်ဟု သဘောပေါက်နားလည်စေရန်ဖြစ်သည်။
ထို့နောက် ထို ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသော အမှန်တကယ်ဖြစ်ပျက်နေသောတရားတို့သည် မိမိတို့၏ ပင်ကိုယ်အစွမ်းအားဖြင့် ဖြစ်လာကြသည် မဟုတ်။ တန်ခိုးရှင်၊ ဖန်ဆင်းရှင်တို့ ဖန်ဆင်းလိုက်သည် မဟုတ်။ အကြောင်းတရားတို့ ပေါင်းဆုံ၍ ဖြစ်ပေါ်လာရပြီး၊ ထိုအကြောင်းတရားတို့ ချုပ်ငြိမ်းသောအခါ၊ အကျိုးတရားတို့လည်း ချုပ်ပျက်ရသည် ဟူသော အကြောင်းအကျိုးဆက်နွယ်မှု ပစ္စယသဘောကို ထင်အောင်ရှုရလေသည်။ ပထမအဆင့်တွင် ခွဲခြမ်းစိတ်ဖြာ၍ ရှုမြင်ခဲ့သော တရားတို့သည် မည်သို့ အချင်းချင်းအပြန်အလှန် အကြောင်းကျိုးဆက်စပ်၍ နေပုံကို ဤဒုတိယအဆင့်တွင် ရှုမြင်ရန်အားထုတ်ရသည်။ စာပေတွင် ပထမအဆင့်အား နာမ်ရုပ်အား ပိုင်းခြားသိသော နာမရူပပရိစ္ဆေဒဉာဏ်၊ ဒုတိယအဆင့်အား အကြောင်းတရားကို သိမ်းဆည်းသော ပစ္စယပရိဂ္ဂဟဉာဏ်ဟု ခေါ်သည်။ ထိုသို့ တစ်စစီ ခွဲခြားစိတ်ဖြာခြင်း နှင့် ထို တရားအစိတ်တို့ မည်သို့ အကြောင်းအကျိုးအားဖြင့် ဖွဲ့စည်းဆက်စပ်ခြင်းတို့ကို သုတ္တန်ဒေသနာတော်တွင် ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ၊ သစ္စာ ဟူ၍ ဖွဲ့၍ ဟောကြားတော်မူသည်။
သုတ္တန်ဒေသနာတော်သည် မျက်စိဖြစ်လျှင်၊ အဘိဓမ္မာဒေသနာတော်သည် အလွန်အားကောင်းသော မှန်ပြောင်းတလက် ဟုဆိုရပေမည်။ သုတ္တန်ဒေသနာတော်တွင် သတ္တ၀ါတို့၏ အလိုအဇ္ဈာသယစသည်တို့ကို လိုက်၍ တစ်စိတ် တစ်ဒေသအားဖြင့်သာ ဟောကြားရသော်လည်း၊ အဘိဓမ္မာဒေသနာတော်တွင်ကား မည်သည်ကိုမျှမငဲ့ဘဲ ယထာဓမ္မ သဘာဝရှိသည့်အတိုင်း နည်းမျိုးအသွယ်သွယ်ဖြင့် ဟောကြားတော်မူထား၏။ ဤသို့ သုတ္တန်ဒေသနာတော်ထက် နက်ရှိုင်း သာလွန်၍ပင် အဘိဓမ္မ (အဘိ – သာလွန်သော+ ဓမ္မ – တရား)ဟု အမည်ရခြင်း ဖြစ်ပေသည်။ အဘိဓမ္မာဒေသနာတော်သည်လည်း သုတ္တန်ဒေသနာတော်ကဲ့သို့ပင် “ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ၊ သစ္စာ” တရားတို့အား “ပုဂ္ဂိုလ်, သတ္တ၀ါ, သူ, ငါ” မဟုတ်၊ “နိသတ္တ၊ နိဇီဝ၊ အနတ္တ”သက်သက် ဖြစ်ကြောင်း ပေါ်လွင်စေရန် ဟောကြားထားခြင်း ဖြစ်သည်။
အဘိဓမ္မာပိဋကတ်တော်တွင် ကျမ်း ၇-ကျမ်းရှိရာ၊ ပထမဆုံးဖြစ်သော ဓမ္မသင်္ဂဏီကျမ်းသည် ဓမ္မတရားအစုစုတို့ကို ခွဲခြမ်းစိတ်ဖြာ၍ ရေတွက်ပြသောကျမ်းဖြစ်သည်။ အလုံးစုံသောတရားတို့အား “ကုသိုလ်, အကုသိုလ်, အဗျာကတ” စသဖြင့် သဘောတူရာ, တူရာအုပ်စု သုံးအုပ်စုစီခွဲ၍၎င်း၊ “ဟိတ်တရားအစု, ဟိတ်မဟုတ်သောတရားအစု” စသဖြင့် နှစ်အုပ်စုစီခွဲ၍၎င်း၊ မာတိကာခေါ် ဇယားချ၍ ပြသည်။ သုံးအုပ်စုဖွဲ့သော ဇယားအား “တိကမာတိကာ”၊ နှစ်အုပ်စုဖွဲ့သော ဇယားအား “ဒွိကမာတိကာ”ဟုခေါ်သည်။ ထို့နောက် ထိုအုပ်စုတစ်ခုချင်းစီမှ တရားတို့ကို –
“ယသ္မိံ သမယေ ... စိတ္တံ ဥပ္ပန္နံ ဟောတိ ... ။ တသ္မိံ သမယေ ... ဟောတိ။ ... ဟောတိ။ ...”
“အကြင်အခါ၌ (ဤမည်သော) စိတ်သည်ဖြစ်၏။ ထိုအခါ၌ (ဤတရားသည်) ဖြစ်၏။ (ဤတရားသည်) ဖြစ်၏။ ...”
စသဖြင့် ရေတွက်ပြခြင်းဖြစ်သည်။ ဤသို့အားဖြင့် စိတ်အမျိုးပေါင်း ၁၂၁-မျိုးအား ထိုစိတ်ဖြစ်ခိုက် အတူဖြစ်ကြသော (စေတသိက်)တရားများဖြင့် တွဲ၍ရေတွက်ပြသည်။ ရုပ်တရားတို့အား ရေတွက်ပြသည်။ အဘိဓမ္မာဝိဘင်း စသော နောက်ကျမ်းများတွင် ထိုတရားတို့အား ပိုင်းခြားဝေဖန်၍၊ အဓိပ္ပါယ်ကိုတိကျအောင် သတ်မှတ်ပေးသည်။ ဤသို့ဖြင့် အမှန်တကယ်ရှိသော ပရမတ္တတရားတို့အား အစိတ်စိတ် ပိုင်းခြားဝေဖန်ကာ အတ္တဟု ထင်မှတ်အပ်သောတရား ရှာမရနိုင်ပုံကို အသေးစိတ် ဟောကြားထားသည်။
“ပုဂ္ဂိုလ်, သတ္တ၀ါ, သူ, ငါ, အတ္တ” တို့သည် အစစ်မှန်အားဖြင့် မရှိ။ အထင်ပညတ် တရားများသာဖြစ်သည်။ “စိတ်၊ စေတသိက်၊ရုပ်၊ နိဗ္ဗာန်”ဟူသော ပရမတ္ထတရား လေးပါးသည်သာ အစစ်မှန်အားဖြင့် ဉာဏ်တွင် သိရှိနိုင်သော တရားများဖြစ်သည်။ သို့သော်လည်း ထိုပရမတ္ထတရားတို့သည် အနုမြူဝါဒ (Atomism) တွင်ကဲ့သို့ သီးခြားစီ မိမိအစွမ်းအားဖြင့် ဖြစ်တည်ကြသော တရားများမဟုတ်။ သိကြား၊ ဗြဟ္မာ၊ တန်ခိုးရှင်များက ဖန်ဆင်းထားခြင်းမျိုးလည်း မဟုတ်။ “စိတ်၊ စေတသိက်၊ ရုပ်” ဟူသော သင်္ခါရတရားတို့သည် အကြောင်းတရားကိုမှီ၍ ဖြစ်ပျက်ကြရသည်။ ယုတ်စွအဆုံး အကြောင်းတရားဆိုရာ၌ပင် တစ်ခုတည်းသော အကြောင်းကိုသာမှီ၍ ဖြစ်ပျက်ကြခြင်း မဟုတ်။ တစ်ပါးမကသည့် အကြောင်းတရားများ ညီညွတ်မှသာ ဖြစ်တည်နိုင်ကြလေသည်။ နောက်ဆုံး ခုနှစ်ကျမ်းမြောက်ဖြစ်သော ပဋ္ဌာန်းကျမ်းတွင် ရှေ့ကျမ်းများက အစိတ်စိတ် အမွှာမွှာပြု၍ ခွဲခြားဝေဖန်ပြထားသော “ခန္ဓာ, အာယတန, ဓာတ်” တရားတို့သည် တစ်ပါးနှင့် တစ်ပါးမည်သို့ ဆက်နွယ်ပတ်သက်၍ ထောက်ပံ့နေကြပုံ အသေးစိတ် စနစ်တကျ ဟောကြားထားပေသည်။ သုတ္တန်ဒေသနာတော်က ညွှန်ပြပေးသော (၁) ပိုင်းခြားဝေဖန်၍ သိသည့် နာမရူပပရိစ္ဆေဒ အသိ၊ (၂) ထိုတရား အစိတ်တို့ တစ်ပါးနှင့် တစ်ပါး ထောက်ပံ့ကျေးဇူးပြုနေပုံ အကြောင်းတရားကို သိမ်းဆည်းသည့် ပစ္စယပရိဂ္ဂဟ အသိ တို့ကိုပင်၊ ဓမ္မသင်္ဂဏီအစ ပဋ္ဌာန်းအဆုံး အဘိဓမ္မာဒေသနာတော်က ညွှန်ပြပေးပေသည်။ ခြားနားချက်ကား အဘိဓမ္မာဒေသနာတော်သည် သတ္တ၀ါတို့၏ အလိုကိုလိုက်၍ ဟောခြင်းမျိုး မဟုတ်ဘဲ၊ ဓမ္မသဘောသက်သက်ကို လိုက်ကာ၊ နည်းအမျိုးမျိုးဖြင့် အသေးစိတ် ဟောကြားထားခြင်းပင်ဖြစ်သည်။
ထို့ကြောင့်ပင် ကိုလံဘိုမြို့ရှိ ၀ဇီရာရာမကျောင်းတိုက်မှ ၀ဇီရဉာဏ မဟာထေရ်က “အဘိဓမ္မာသည် အားကောင်းသော မှန်ပြောင်းတစ်လက်နှင့် တူ၏။ သို့သော် သုတ္တန်ဒေသနာတော်မှရသော အသိဉာဏ်သည် မြင်ခြင်းအမှုကို ပြီးစေသည့် မျက်စိပင်ဖြစ်လေသည်။ တစ်နည်းအားဖြင့် အဘိဓမ္မာသည် ဆေးပုလင်း တံဆိပ်ပေါ်မှ ဆေးဖော်စပ်ပုံအညွှန်းဖြစ်လျှင်၊ သုတ္တန်ဒေသနာတော်မှရသော အသိပညာသည် ရောဂါနှင့် လက္ခဏာတို့ကို ပျောက်ကင်းစေနိုင်သော ဆေးနှင့်တူပေမည်။” ဟု မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ကျမ်းကိုး။
(၁) ပါဠိတော်ကျမ်းများ၊ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ နှင့် အဋ္ဌသာလိနီ
(၂) Abhidhamma Studies: Buddhist Explorations of Consciousness and Time by Venerable Nyanaponika Thera.
(၃) A Comprehensive Manual of Abhidhamma by Bhikkhu Bodhi.
Thursday, April 17, 2008
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး - အသံထွက်ပူဇော်ခြင်း
ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော
ပကိဏ္ဏကနမက္ကာရအစိန္တေယျကြီး
(ဤနေရာကို နှိပ်၍ သွားပါ။)
အစိန္တေယျ=မကြံစည်နိုင်၊ ကြံတွေးမရနိုင်သော။
အပ္ပမေယျ=မနှိုင်းယှဉ်နိုင်သော။
သေဋ္ဌ=လောကထက်မြတ်သော။
ဇေဋ္ဌ=လောကထက်ကြီးသော။
အတုလ=တုဖက်ကင်းသော။
ပရမံ=မြတ်သော။
အရဟံ=ပူဇော်အထူးကို ခံထိုက်သော။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော။
သမ္မာသမ္ဗုဒ္ဓ=အလုံးစုံသောတရားကို မဖောက်မပြန် မှန်ကန်စွာ ကိုယ်တိုင် ထိုးထွင်း၍သိသော။
အနုတ္တရ=မိမိထက်လွန်မြတ်သူ မရှိသော။
မာရဇိ=မာရ်ငါးပါးကို အောင်မြင်တော်မူသော။
တိလောကန္တဂူ=လောကသုံးပါး၏ အဆုံးသို့ ရောက်တော်မူသော။
သယမ္ဘူ=တရားကို ကိုယ်တိုင်သိတော်မူသော။
ဘဝိဿရ=ဘဝကို စိုးမိုးတော်မူသော။
အသချေင်္ယျနာမတံဆိပ်=မရေမတွက်နိုင်သော အမည်တော် ဘွဲ့တံဆိပ်။
ဂုဏ်ဝိသိဌ်=ဂုဏ်ထူး။
ဇမ္ဗူဒိပ်=ကျွန်းကြီးလေးကျွန်းအနက် ဇမ္ဗူဒီပါတောင်ကျွန်း။
ဘဝဂ်=သုံးဆယ့်တစ်ဘုံတွင် အထက်ဆုံးဘုံ။
ကာမရူပ၊ အရူပဟုသြကာသသုံးရပ်=ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟူသော သတ္တဝါတို့ တည်နေရာ ဘုံကြီးသုံးရပ်။
လောကဓာတ်=စကြဝဠာလောကကြီး
သမိုက်အပ်သော=သမုတ်အပ်သော။
မဟာကဝိန်=ပညာရှိကြီး။
သုခမိန်=ပညာရှိ။
ပညိန္ဒြေ=ဉာဏ်ပညာ။
ကျေးဇူးတော်အပုံ=ကျေးဇူးတော် အများအပြား။
၂။ အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့့်မြတ်သောသူတို့သည်၊ မာန်မူဖက်ပြိုင်ခြင်းငှာမထိုက်၊ မကိုဋ်မင်္ဂလာ၊ ဤကမ္ဘာနှိုက်၊ ပထမာဒိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြုပြည်ပြု၊ သမ္မုတိဒေဝရာဇ်၊ နေနွယ်ဖြစ်၍၊ စင်စစ်အမျိုးတော်အားဖြင့် မြတ်သော ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွှတ်ရုံးကော်ရော်၊ ပူဇော်ဦးညွှတ်ရာဖြစ်၍၊ စင်စစ်ဘုန်းတော်အားဖြင့် လွန်မြတ်သော ပုညမဟတ္တဂုဏ်၊ ဝသုန်သေလာ၊အဏ္ဏဝါကို၊ မြူလွှာပြုလျက်၊ နှိုင်းတုစက်လည်း၊ ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည်ဖြစ်၍၊ စင်စစ်ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တဂုဏ်၊ ဤသုံးစုံကြောင့်၊ လူ့ဘုံနတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ၊ တစ်ဆူတည်းသော အပ္ပဋိပုဂ္ဂိုလ်ဖြစ်တော်မူထသော-
မကိုဋ်မင်္ဂလာ=ထူးခြားမွန်မြတ်သည့် မကိုဋ်သရဖူ။
ပထမာထိက=အစဦးဆုံး။
ဘူမိပါလ=မင်း။ (ဤ၌ သမ္မတမင်းကို ဆိုလိုသည်။)
အာဒိစ္စဂိုဏ်း=နေမျိုးမှ ဆင်းသက်ပေါက်ဖွားလာသော။
သမ္မုတိဒေဝရာဇ်=မင်း။ မင်းကို သမ္မုတိနတ်ခေါ်သည်။
ဇာတိမဟတ္တဂုဏ်=အမျိုးဇတ်အားဖြင့် ကြီးမြတ်သောဂုဏ်။
ပုညမဟတ္တဂုဏ်=ဘုန်းတော်အားဖြင့် ကြီးမြတ်သောဂုဏ်။
ဝသုန်=မြေ။
သေလာ=ကျောက်တောင်။
အဏ္ဏဝါ=သမုဒ္ဒရာ။
ဂုဏမဟတ္တဂုဏ်=ဂုဏ်အားဖြင့်ကြီးမြတ်သောဂုဏ်။
အပ္ပဋိပုဂ္ဂိုလ်=ယှဉ်ဘက်မရှိသော ပုဂ္ဂိုလ်။
ဇမ္ဗူ = ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း။
ချက်ဗွေဘူမိ = ဇမ္ဗူဒိပ်ကျွန်း၏ အလယ်ဗဟို။
အပရာဇိခရိုင် = အပ္ပရာဇိတပလ္လင်၊ ရန်သူတို့ မအောင်မြင်နိုင်သည့် နေရာထူး။
ညောင်မဏ္ဍိုင် = သဗ္ဗညုတ ဉာဏ်တော်၏ တည်ရာဖြစ်သော မဟာဗောဓိ ညောင်ပင်။
ကာမလောကဓာတ် = လူ့ဘုံ၊ နတ်ဘုံခြောက်ထပ် ဟူသော ကာမသုဂတိ ခုနစ်ဘုံ။
ကြည်းဟည်း = အသံကျယ်စွာ မြည်သည်။
မေခလာဂီရိ = မာရ်နတ်၏ ဂီရိမေခလာ မည်သောဆင်။
မာရ်နတ် = နှောင့်ယှက်ဖျက်ဆီးသည့်နတ်။
ပါရမီဉာဏ် = ပါရမီဆယ်ပါး ဉာဏ်တော်ကုသိုလ်။
ကံသမ္ဘာရှိန် = ကံအဆောက်အဦး အဟုန်။
ဝရဇိန် = မိုးကြိုးစက်။
ကိလေသာစက် = တစ်ထောင့်ငါးရာ ကိလေသာ။
သုံးထောင်ဝက် = သုံးထောင်၏ တစ်ဝက်။
အာနာပါနဘာဝနာ = ထွက်သက် ဝင်သက်ကို စီးဖြန်းသော ကမ္မဋ္ဌာန်း။
ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထသမာပတ် = ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန် ဟူသော ဝင်စားသည့် စျာန်လေးပါး။
ဝသီဘော်ငါးတန် = စျာန်ကို အထူးသဖြင့် နိုင်နင်းစေရန် အလေ့အကျင့်ပြုမှု ငါးမျိုး။
(၁) အာဝဇ္ဇနဝသီ = ထပ်ကာထပ်ကာ ဆင်ခြင်ခြင်း အလေ့အကျင့်၊
(၂) သမာပဇ္ဇနဝသီ = ထပ်ကာထပ်ကာ ဝင်စားခြင်း အလေ့အကျင့်၊
(၃) ပစ္စဝေက္ခဏာဝသီ = အဖန်ဖန် သုံးသပ်ခြင်း အလေ့အကျင့်၊
(၄) အဓိဋ္ဌာနဝသီ = စျာန်မှထရန် ဆောက်တည်ခြင်း အလေ့အကျင့်။
(၅) ဝုဋ္ဌာနဝသီ = သတ်မှတ်ချိန် အတိုင်း စျာန်မှထခြင်း အလေ့အကျင့်။
ရှေးတီးကာလ = ရှေးလွန်လေပြီးသောအခါ။
ပရမတ် = ရုပ်နာမ်တရား။
ပညတ် = အမည်။
ပုဗ္ဗေနိ၀ါသဉာဏ် = ရှေးကနေခဲ့ဖူးသည်ကို ပြန်သိသောဉာဏ်။
ဝေနေယျ = ကျွတ်ထိုက်သော သတ္တဝါ။
ကမ္မ = ကုသိုလ်ကံ၊ အကုသိုလ်ကံ။
ဂတိ = လားရာလမ်း။
စုတိ = သေခြင်း။
ပဋိသန် = မွေးဖွားခြင်း။
ဒူရ = ဝေးသော။
ပဋိစ္ဆန္န = တစ်စုံတစ်ခုဖြင့် ဖုံးအုပ်ထားသော။
သဏှ = သိမ့်မွေ့သော။
သုခုမ = အနုစိတ်ဖြစ်သော။
ဒိဗ္ဗစက္ခု = နတ်မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
သြဃ = ရေအလျဉ်နှင့်တူသော တရား၊ ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဖောဃဟု လေးမျိုးရှိသည်။
အာသဝ = ကြာမြင့်စွာ ထုံအပ်သည့် အရက်နှင့် တူသောတရား။ သြဃကဲ့သို့ ကာမ၊ ဘဝ၊ ဒိဋ္ဌိ၊ အဝိဇ္ဇာဟု လေးမျိုးရှိသည်။
ယောဂ = သံသရာဝဋ်ဒုက္ခနှင့် တွဲယှဉ်စေတတ်သော တရား၊ အထက်ပါအတိုင်း လေးမျိုးရှိသည်။
ဂန္ထ = သံသရာဝဋ်ဒုက္ခ၌ ထုံးဖွဲ့တတ်သော တရား။ အဝိဇ္ဇာ၊ ဗျာပါဒ၊ သီလဗ္ဗတပရာမာသ၊ ဣဒံ သစ္စာဘိနိဝေသ ဟူ၍ လေးမျိုးရှိသည်။
ဥပါဒါန် = ပြင်းထန်ခိုင်မြဲစွာ စွဲလမ်းတတ်သော တရား။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဟူ၍ လေးမျိုးရှိသည်။
ခြောက်တန်နီဝရဏ = ကုသိုလ်တရားတို့ မဖြစ်ပေါ်ရအောင် ပိတ်ဆီး တားမြစ်တတ်သော တရားခြောက်ပါး။ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ အဝိဇ္ဇာ ဤခြောက်မျိုး ဖြစ်သည်။
အနုသယခုနစ်အင် = မဖြစ်ပေါ်သေးဘဲ စိတ်သန္တာန်၌ ကိန်းနေသော တရား ခုနစ်မျိုး။ ကာမရာဂ၊ ဘဝရာဂ၊ ပဋိဃ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ အဝိဇ္ဇာ ဤခုနစ်မျိုး ဖြစ်သည်။
သံယောဇဉ်ဆယ်တန် = သတ္တဝါတို့ကို သံသရာစက်မှ မထွက်နိုင်အောင် ဖွဲ့နှောင်ဆွဲတွယ်တတ်သော တရားဆယ်ပါး။ ကာမရာဂ၊ ရူပရာဂ၊ အရူပရာဂ၊ ပဋိဃ၊ မာန၊ ဒိဋ္ဌိ၊ သီလဗ္ဗတပရာမာသ၊ ဝိစိကိစ္ဆာ၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ ဤဆယ်မျိုး ဖြစ်သည်။
ကိလေသာ = စိတ်ကို ညစ်နွမ်းစေတတ် ပူလောင်စေတတ်သော တရား။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ဟူ၍ ကိလေသာဆယ်ပါး။
ထောင့်ငါးရာကိလေသာ = လောကီစိတ်- ၁ + စေတသိက်- ၅၂ = ပေါင်း နာမ်တရား- ၅၃၊ နိပ္ဖန္နရုပ်- ၁၈ + လက္ခဏရုပ်- ၄ = ပေါင်း ရုပ်တရား- ၂၂။ နာမ်ရုပ်နှစ်ရပ်ပေါင်း- ၇၅၊ ယင်းကို အဇ္ဈတ္တဗဟိဒ္ဓ သန္တာန်နှစ်ပါးနှင့် မြှောက်- ၁၅၀၊ ယင်း ၁၅၀-သည် အားလုံးကိလေသာ ဆယ်ပါး၏ အာရုံဖြစ်နိုင်သောကြောင့် ကိလေသာ ၁၀-ပါးနှင့် မြှောက်၊ ၁၅၀ x ၁၀ = ၁၅၀၀ ဖြစ်၏။
အရဟတ္တမဂ္ဂ = မဂ်လေးပါးတွင် အထွတ်အထိပ်ဖြစ်သော မဂ်။
အာသဝက္ခယဉာဏ် = အာသဝေါတရားကုန်ရာဖြစ်သော ဉာဏ်။
ဝိဇ္ဇာသုံးပါး = ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်၊
ဝိဇ္ဇာရှစ်ပါး = (၁) ပုဗ္ဗေနိဝါသဉာဏ်၊
(၂) ဒိဗ္ဗစက္ခုဉာဏ်၊
(၃) အာသဝက္ခယဉာဏ်၊
(၄)နတ်၏ နားကဲ့သို့ကြားနိုင်သော ဒိဗ္ဗသောတ အဘိညာဉ်၊
(၅) သူတစ်ပါးစိတ်ကို သိနိုင်သော ပရစိတ္တဝိဇာနန အဘိညာဉ်၊
(၆) တန်ခိုးအမျိုးမျိုးဖန်ဆင်းနိုင်သော ဣဒ္ဓိဝိဓ အဘိညာဉ်၊
(၇) စိတ်အလိုအတိုင်း ပြီးနိုင်သော မနောမယိဒ္ဓိ၊
(၈) ဝိပဿနာဉာဏ်။
လူတမွတ် = လူတွင်အမြတ်။
အာသယကိန်းဟန်=ကိန်းအောင်းနေသော အလို။
အာသယာနုသယဉာဏ်=သတ္တဝါတို့၏ အလိုကို သိသောဉာဏ်။
ဣန္ဒြေရင့်မရင့်=ပါရမီဓာတ်ခံရင့် မရင့်။
ဣန္ဒြိယပရောပရိယတ္တိဉာဏ်=ကျွတ်ထိုက်သော သတ္တဝါတို့၏ ပါရမီဓာတ်ခံ ရင့်မရင့်ကို သိသောဉာဏ်။
သဗ္ဗညုတဉာဏ်=အလုံးစုံကို အကုန်အစင်သိသောဉာဏ်။
သင်္ခါရ=အကြောင်းတရားတို့ ပြုပြင်အပ်သည့် ရုပ်နာမ်တရား။
ဝိကာရ=ရုပ်နာမ်တရားတို့၏ အခြင်းအရာ။
လက္ခဏ=ရုပ်နာမ်တရားတို့၏ လက္ခဏာ။
နိဗ္ဗာန်=ဝဋ်ဆင်းရဲ ငြိမ်းအေးမှု။
ပညတ်=ခေါ်ဝေါ်သမုတ်သည့် အမည်အမျိုးမျိုး။
ဉေယျဓံ=သဗ္ဗညုတဉာဏ်ဖြင့် သိအပ်သော တရားငါးပါး၊
(၁) သင်္ခါရ
(၂) ဝိကာရ
(၃) လက္ခဏ
(၄) နိဗ္ဗာန်
(၅) ပညတ်
အနာဝရဏဉာဏ်=အပိတ်အပင် အဆီးအတားမရှိ မြင်သိသောဉာဏ်။
ယမိုက်ပြာဋိဟာ=ရေ၊ မီးအစုံ အစုံ ထွက်စေသောတန်ခိုး။
ယမကပါဋိဟာရိယဉာဏ်=ရေ၊ မီးအစုံ အစုံ ထွက်စေသည့် တန်ခိုးပြာဋိဟာကို ဖြစ်စေတတ်သောဉာဏ်။
မဟာကရုဏာသမာပတ္တိဉာဏ်=လွန်စွာကြီးမားသည့် ကရုဏာတော်ကို ဝင်စားသည့် ဉာဏ်။
ဆအသာဓာရဏဉာဏ်=အခြားပုဂ္ဂိုလ်များနှင့် မဆက်ဆံသော မြတ်စွာဘုရား၌သာ ရှိသည့် ဉာဏ်တော်ခြောက်ပါး၊
(၁) အာသယာနုသယဉာဏ်၊
(၂) ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊
(၃) သဗ္ဗညုတဉာဏ်၊
(၄) အနာဝရဏဉာဏ်၊
(၅) ယမကပါဋိဟာရိယဉာဏ်
(၆) မဟာကရုဏာသမာပတ္တိဉာဏ်
စကြဝဠာ=ကမ္ဘာလောကဓာတ်။
သမန္တာရပ်=ထက်ဝန်းကျင်ရပ်။
ပသာဒစက္ခု=ပကတိမျက်စိ၊ ဓမ္မစက္ခုဟုလည်း ဆိုသည်။ အောက်မဂ်ဉာဏ်။
ဉာဏစက္ခု=ဉာဏ်မျက်စိ၊ အရဟတ္တမဂ်ဉာဏ်။
ဒိဗ္ဗစက္ခု=နတ်မျက်စိကဲ့သို့မြင်သော ဉာဏ်မျက်စိ။
ဗုဒ္ဓစက္ခု=အာသယာနုသယဉာဏ်နှင့် ဣန္ဒြိယပရောပရိယတ္တိဉာဏ်
သမန္တစက္ခုဉာဏ်=သဗ္ဗညုတဉာဏ်
ပလ္လင်=ဘုရားဖြစ်ရာ အပရာဇိတပလ္လင်။
အနိမိသ=ပလ္လင်တော်ကို မမှတ်သောမျက်စိဖြင့် ခုနစ်တိုင်တိုင် ရပ်၍ ရှုစားတော်မူရာဌာန။
စင်္ကမ=ခုနစ်ရက်ပတ်လုံး စင်္ကြံကြွရာဌာန (စင်္ကမ သတ္တာဟ)။
စတုတ္ထသတ္တာဟ=လေးပတ်မြောက် ရက်သတ္တပတ်။
ရတနာရွှေအိမ်=ရတနာဃရ သတ္တာဟ။
အဘိဓမ္မာခုနစ်ကျမ်း=
(၁) ဓမ္မသင်္ဂဏီ
(၂) ဝိဘင်း
(၃) ဓာတုကထာ
(၄) ပုဂ္ဂလပညတ်
(၅) ကထာဝတ္တု
(၆) ယမိုက်
(၇) ပဋ္ဌာန်း။
ဝတ္ထုပသာဒိန္ဒြေ=အထည်ကိုယ်ဒြဗ် ဖြစ်သည့် တစ်ကိုယ်လုံး။
နီလ=အညို။
ပီတ=အဝါ၊ အရွှေ။
လောဟိတ=အနီ။
သြဒါတ=အဖြူ။
မ ဉ္ဇိဋ္ဌ=အနီနု။
ပဘာသရ=ပြိုးပြိုးပြက်။
ဂီဝါ=ရွှေ။
သာခွာ=ဘော်ငွေ။
ပရဗိုဇ်=သာသနာ့ပြင်ဘက် ရဟန်းတစ်မျိုး။
တက္ကတွန်း=သာသနာ့ပြင်ဘက် ရဟန်းတစ်မျိုး။
မုနေ့=သူမြတ်။
အရည်း=ရသေ့ရဟန်း။
ဦးပြည်း=ခေါင်းတုံးရိတ်ထားသော ရသေ့ရဟန်း။
တပသီ=ရသေ့တစ်မျိုး။
ဗေရာဂီ=သာသနာပ ရသေ့တစ်မျိုး။
၀ါဒီ=အယူဝါဒရှိသူ။
စရိုက်ဘာဝ=အပြုအမူ အလေ့အကျင့်။
သာသန့ာဗာဟီ=သာသနာတော်ပြင်ဘက်။
အဓိသီလ=လွန်ကဲသော သီလ။
အာပတ်ခုနစ်ပုံ=
(၁) ပါရာဇိက၊
(၂) သံဃာ ဒိသိသ်။
(၃) ထုလ္လစ္စဉ်း၊
(၄) ပါစိတ်။
(၅) ပါဋိဒေသနီ။
(၆) ဒုက္ကဋ်။
(၇) ဒုဗ္ဘာသီ။
ပါတိမောက္ခသံဝရ=ရဟန်းကျင့်ဝတ် ပါတိမောက် သိက္ခာပုဒ်ကို စောင့်စည်းခြင်း။
ဣန္ဒြေခြောက်ပါး=မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်။
ဣန္ဒြိယသံဝရ=ဣန္ဒြေခြောက်ပါးကို စောင့်စည်းခြင်း။
မိစ္ဆာဇီဝ=တရားနှင့်မညီသော အသက်မွေးခြင်း။
အာဇီဝပါရိသုဒ္ဓိသီလ=သက်မွေးဝမ်းကြောင်း စင်ကြယ်မှု။
ပစ္စဝေက္ခဏာ=ဆင်ခြင်သုံးသပ်ခြင်း။
ပစ္စယသန္နိဿိတသီလ=ပစ္စည်းလေးပါးကို ဆင်ခြင်၍ မှီဝဲခြင်း။
စတုပါရိသုဒ္ဓိသီလ=အလွန်စင်ကြယ်သော သီလလေးပါး။
(၁) ပါတိမောက္ခသံဝရသီလ၊
(၂) ဣန္ဒြိယသံဝရသီလ၊
(၃) အာဇီဝပါရိသုဒ္ဓိသီလ၊
(၄) ပစ္စယသန္နိဿိတသီလ၊
သီလဝိသုဒ္ဓိ=သီလစင်ကြယ်မှု။
မဟဂ္ဂုတ်=ရူပ၊ အရူပ။
စိတ္တဝိသုဒ္ဓိ=စိတ်စင်ကြယ်မှု။
မိစ္ဆာဝါဒီ=ဖောက်ပြန်သော အယူရှိသူ။
၀ိတဏ္ဍီ=ဆန့်ကျင်သော အယူရှိသူ။
ဒိဋ္ဌိ၀ိသုဒ္ဓိ=အယူအမြင် စင်ကြယ်မှု။
ကင်္ခါ၀ိတရဏဝိသုဒ္ဓိ=တစ်ဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာကို လွန်မြောက်သော ဉာဏ်၏ စင်ကြယ်မှု။
တစ်ဆယ့်ခြောက်ပါးသော ယုံမှားသင်္ကာ=ယုံမှားခြင်း တစ်ဆယ့်ခြောက်ပါး။
(၁) ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့သလော။
(၂) ငါသည် အတိတ်ကာလ၌ မဖြစ်ခဲ့သလော။
(၃) ငါသည် အတိတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်ခဲ့သနည်း။
(၄) ငါသည် အတိတ်ကာလ၌ အဘယ်သို့ ဖြစ်ခဲ့သနည်း။
(၅) ငါသည် အတိတ်ကာလ၌ အဘယ်သူဖြစ်ပြီးနောက် အဘယ်သူ ဖြစ်ခဲ့သနည်း။
(၆) ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံလော။
(၇) ငါသည် အနာဂတ်ကာလ၌ မဖြစ်လတ္တံလော။
(၈) ငါသည် အနာဂတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်လတ္တံနည်း။
(၉) ငါသည် အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံနည်း။
(၁၀) ငါသည် အနာဂတ်ကာလ၌ အဘယ်သူဖြစ်ပြီးနောက် အဘယ်သူ ဖြစ်လတ္တံနည်း။
(၁၁) ငါသည် ဟုတ်ပါလေ၏လော။
(၁၂) ငါသည် မဟုတ်လေသလော။
(၁၃) ငါသည် ဘယ်သူဖြစ်သနည်း။
(၁၄) ငါသည် အဘယ်သို့ဖြစ်သနည်း။
(၁၅) ငါသည် အဘယ်မှ လာသနည်း။
(၁၆) ငါသည် အဘယ်သို့ သွားလတ္တံနည်း။
မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ=မဂ်ဟုတ်မဟုတ် သိမြင်နိုင်သော ဉာဏ်အမြင် စင်ကြယ်မှု။
ပဋိပဒါဉာဏ ဒဿနဝိသုဒ္ဓိ=မဂ်ရောက်ကြောင်း ကျင့်စဉ်ကို သိမြင်သော ဉာဏ်စင်ကြယ်မှု။
သဟဇတ်=တကွဖြစ်သော။
သမ္ပယုတ်=အတူယှဉ်သော။
သစ္စာလေးတန်ကို ဆယ့်ခြောက်နက်ဝေဖန်၍=သစ္စာအနက် ဆယ့်ခြောက်ချက်။
ဉာဏဒဿနဝိသုဒ္ဓိ=သစ္စာလေးပါး အမှန်တရားကို သိမြင်သော ဉာဏ်အမြင် စင်ကြယ်မှု။
တဒင်္ဂဝိမုတ္တိ=ကာမ ကုသိုလ်ဖြင့် ကိလေသာမှ အခိုက်အတန့်မျှ လွတ်မြောက်မှု။
၀ိက္ခ မ္ဘနဝိမုတ္တိ=မဟဂ္ဂုတ်ကုသိုလ်ဖြင့် ကိလေသာကို ပယ်ခွာ လွတ်မြောက်မှု။
သမုစ္ဆေဒဝိမုတ္တိ=မဂ်ဖြင့် ကိလေသာမှ အကြွင်းမဲ့ လွတ်မြောက်မှု။
ပဋိပဿမ္ဘနဝိမုတ္တိ=ဖိုလ်ဖြင့် ကိလေသာမှ ထပ်မံ လွတ်မြောက်မှု။
နိဿရဏဝိမုတ္တိ=ကိလေသာမှ လုံးဝလွတ်မြောက်မှု။
အာဂါရမုနိ=လူဝတ်ကြောင်သူမြတ်။
အနာဂါရမုနိ=ရဟန်းသူမြတ်။
သေက္ခမုနိ=အရိယာပုဂ္ဂိုလ် ခုနစ်ယောက်။
အသေက္ခမုနိ=ရဟန္တာပုဂ္ဂိုလ်။
ပစ္စေကမုနိ=ပစ္စေကဗုဒ္ဓါ။
မုနိန္ဒာဘိပရဝ=မုနိငါးပါးတို့ထက်မြတ်သော။
အတုလမုနိ=အတုမရှိသော မြတ်စွာဘုရား။
ဂင်္ဂါဝါဠု=ဂင်္ဂါမြစ်တွင်းရှိသဲများ။
အနန္တဂူ=အဆုံးမရှိသော နိဗ္ဗာန်သို့ ရောက်တော်မူသော။
သီလသံဝရ=သီလစောင့်ခြင်း။
ဣန္ဒြိယသံဝရ=ဣန္ဒြေခြောက်ပါး စောင့်စည်းခြင်း။
ဘောဇနမတ္တညုတာ၊=ဘောဇဉ်၌ အတိုင်းအရှည်သိခြင်း။
ဇာဂရိယာနုယောဂ=နိုးကြားခြင်းနှင့် ယှဉ်ခြင်း။
သဒ္ဓါ=ရတနာသုံးပါး၊ ကံနှင့်အကျိုးကို ယုံကြည်ခြင်း။
သတိ=တရားမမေ့ခြင်း။
ဟီရိ=မကောင်းမှုကို ရှက်ခြင်း။
သြတ္တပ္ပ=မကောင်းမှုကို ကြောက်ခြင်း။
ဗာဟုဿစ္စ=အကြားအမြင် များခြင်း။
ဝီရိယ=လုံ့လရှိခြင်း။
ပညာ=အသိဉာဏ်ရှိခြင်း။
လေးဖြာစျာန်=ပထမစျာန်၊ ဒုတိယစျာန်၊ တတိယစျာန်၊ စတုတ္ထစျာန်ဟူသော စျာန်လေးပါး။
စရဏတရား=အကျင့်တရား။
နာနာကုလ=လူမျိုးအသီးသီး။
ဝေါဟာရ သဒ္ဒါ=ဘာသာစကား။
အတ္ထပဋိသမ္ဘဒါ=အနက်ကိုခွဲခြမ်း၍ သိသောဉာဏ်။
ဝါစာဂီရတ်=နှုတ်ထွက်စကား။
ဓမ္မပဋိသမ္ဘိဒါ=ဓမ္မကို ခွဲခြမ်း၍ သိသောဉာဏ်။
ဝိဂြိုဟ်ဝစနတ်=ပုဒ်၏ အနက်ရင်း။
ဓာတ်=ပုဒ်၏ရင်းမြစ်။
ပစ္စည်း=ပုဒ်၏ နောက်ဆက်စကား။
လိင်=ပုဒ်၏ ဣတ္ထိလိင်၊ ပုလ္လိင်။
အန်=ပုဒ်၏အဆုံး။
နိရုတ္တိပဋိသမ္ဘိဒါ=သဒ္ဒါနည်းကို ခွဲခြမ်း၍ သိသောဉာဏ်။
သဒ္ဒါပညတ်=ဝေါဟာရစကား အဖြစ်။
ပဋိဘာနပဋိသန္ဘိဒါ=ခွဲခြမ်းစိတ်ဖြာ၍ သိသောဉာဏ်။
ဣဒ္ဓိ၀ိဓ=တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း။
စေတောပရိယ=သူတစ်ပါး၏ စိတ်ကို သိသောဉာဏ်။
ယထာကမ္မုပဂ=ကံအတိုင်းဖြစ်နေကြသော (သတ္တဝါတို့ကို မြင်သောဉာဏ်)။
အနာဂတံသ=နောင်ဖြစ်လတ္တံ့ကို မြင်သောဉာဏ်။
ရူပစျာန်လေးရပ်=ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစျာန်။
အရူပစျာန်လေးရပ်=
(၁) အာကာသာန ဉ္စာယတန၊
(၂) ဝိညာဏ ဉ္စာယတန၊
(၃) အာကိ ဉ္စညာယတန၊
(၄) နေဝသညာနာသညာယတန။
ကျေးဇူးတော်တစ်ဆယ့်ရှစ်ပါး=အတိတ်၊ အနာဂတ်၊ပစ္စုပ္ပန်တို့၌ မပိတ်မပင်သော ဉာဏ်ရှိတော်မူသည့် သုံးပါး၊
ကာယကံ၊ ဝစီကံ၊ မနောကံတို့သည် ဉာဏ်တော်လျှင် ပြဋ္ဌာန်း၏။ ဉာဏ်တော်လျှင် အစဉ်လိုက်၏။ သုံးပါး ပေါင်းသော် ခြောက်ပါး၊
ဆန္ဒ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိတို့၏ ယုတ်လျော့ခြင်းမရှိ။ ပေါင်းသော် တစ်ဆယ့်နှစ်ပါး၊
မြူးထူးခြင်းမရှိ၊ မြူးထူးလိုသော စကားမရှိ၊ ချွတ်ယွင်းသည်မရှိ၊ အဆောတလျင်ပြုသော အမှုမရှိ၊ မစုံစမ်း မဆင်ခြင်မှုပြုခြင်းမရှိ၊ ပေါင်းသော် တစ်ဆယ့်ရှစ်ပါး။
အံ့ဖွယ်တော်တစ်ဆယ့်ရှစ်စုံ=
(၁) သင်္ကန်းတော်သည် ဖွပ်ရ၊ ဆိုးရခြင်းမရှိ၊ နွမ်းရိခြင်းမရှိ။
(၂) ဆံတော်သည် တောထွက်စက ဖြတ်သည့်အတိုင်း အသက်တော်ပတ်လုံး လက်နှစ်သစ်မျှသာရှိခြင်း။
(၃) ပရိက္ခရာ ရှစ်ပါးကိုဆောင်ယူတော်မူသော်လည်း ကိုယ်နှိင့် မထိခြင်း။
(၄) သပိတ်တော် ဆေးလျှင် လက်တော်စင်နှင့်၍၊ လက်တော်ဆေးလျှင် သပိတ်တော်စင်နှင့်ခြင်း။
(၅) မုံညင်းသီးခွံတည်းဟူသော ကြုတ်ထဲသို့ ဝင်တော်မူနိုင်ခြင်း။
(၆) ရောင်ခြည်တော်လွှတ်လျှင် အရပ်ဆယ်မျက်နှာတိုင်အောင် နှံ့ခြင်း။
(၇) ကိုယ်တော်ကို အသိန်းအသန်း ဖန်ဆင်း၍ သတ္တဝါကို ချွတ်နိုင်ခြင်း။
(၈) ဇာတိခေတ်၊ အာဏာခေတ်၊ ဝီရိယခေတ်သုံးပါး၌ အမိုက်ကို၎င်း၊ အလင်းကို၎င်း ဖန်ဆင်းနိုင်ခြင်း။
(၉) ကိုယ်တော်ကို အထက်ကောင်းကင်သို့ ရောက်အောင် လဝန်းပေါ်သကဲ့သို့ မြှင့်နိုင်ခြင်း။
(၁၀) သန့်ရှင်းသော၊ သာယာသော၊ သိလွယ်သော၊ နာချင်ဖွယ်သော၊ ပျံ့သော၊ လုံးသော၊ နက်နဲသော၊ ပဲ့တင်ထပ်သော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဖြင့် ဟောတော်မူသည့် တရားတော်သည် ပရိသတ်ရှိလေရာရာကြားနိုင်ခြင်း။
(၁၁) လူနတ်တို့၏ စိတ်ကိုသိနိုင်သော အာသယာနုသယဉာဏ်။
(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို သိတော်မူနိုင်သော မဟာကရုဏာသမာပတ္တိဉာဏ်။
(၁၃) ဤသူကား နက်ဖြန်ကျွတ်လတ္တံ့၊ ဤသူကား သန်ဘက် ကျွတ်လတ္တံ့ စသည်ဖြင့် သိနိုင်သော ဣန္ဒြိယပရောပရိယတ္တိဉာဏ်။
(၁၄-၁၈) ဉေယျဓံတရား ငါးပါး။
ဒေဝပုတ္တမာရ် =မာရ်နတ်။
ကိလေသမာရ်=ကိလေသာဆယ်ပါး။
ခန္ဓမာရ်=ခန္ဓာငါးပါး။
မစ္စုမာရ်=သေခြင်းတရား။
အဘိသင်္ခါရမာရ်=ပြုပြင်စီရင်မှု။
သတိပဋ္ဌာန်၊=သတိတည်ဆောက်မှု။
သမ္မပ္ပဓာန်=ကောင်းစွာအားထုတ်မှု။
ဣဒ္ဓိပါဒ်=မဟဂ္ဂုတ် လောကုတ္တရာ တရားထူးတို့ ဖြစ်ပေါ်ပြီးစီးခြင်း၏ အခြေပါဒဖြစ်သော တရား။
ဣန္ဒြေ=မိမိတို့ဆိုင်ရာ ကိစ္စ၌ အစိုးရမှုရှိသော တရား။
ဗိုလ်=ဆန့်ကျင်ဘက် တရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ ခိုင်ခံအားကောင်းသောတရား။
ဗောဇ္ဈင်=မဂ်ဉာဏ်ဟူသော ဗောဓိ၏ အစိတ်အင်္ဂါဖြစ်သော တရား။
မဂ္ဂင်=မဂ်၏ အစိတ်အင်္ဂါဖြစ်သော တရား။
ဗောဓိပက္ခိယ=မဂ်ဉာဏ်၏ အသင်းအပင်း၌ ဖြစ်ကြသောတရား၊ သတိပဋ္ဌာန်-၄၊ သမ္မပ္ပဓာန်-၄၊ ဣဒ္ဓိပါဒ်-၄၊ ဣန္ဒြေ-၅၊ ဗိုလ်-၅၊ ဗောဇ္ဈင်-၇၊ မဂ္ဂင်-၈ ပါးအားဖြင့် (၃၇)ပါး ရှိသည်။
မာရ်ဗိုလ်ပါ=မာရ်နတ်၏ စစ်သည်တပ်သား။
အသင်္ခတ=အကြောင်းတရား မပြုအပ်သော။
ခေမ=ဘေးကင်းရာနိဗ္ဗာန်။
ဓမ္မာရုံ =မဂ်တရား၏ အာရုံနိဗ္ဗာန်။
ဌာနာဌာန ကောသလ္လဉာဏ်=အရာဟုတ်သည် မဟုတ်သည်ကို သိတတ်သောဉာဏ်။
ဝိပါကဉာဏ် (ကမ္မဝိပါကန္တရဉာဏ်)=ကံအထူးကို သိတတ်သောဉာဏ်။
သဗ္ဗတ္ထဂါမိနီဉာဏ်=ကံ၏ အပိုင်းအခြားကို သိတတ်သောဉာဏ်။
နာနာဓာတုဉာဏ်=ဓာတ်တို့၏ အထူးအပြားကို သိတတ်သောဉာဏ်။
အဓိမုတ္တိဉာဏ်=သတ္တဝါတို့၏ အလို နှလုံးသွင်းကို သိတတ်သောဉာဏ်။
ဣန္ဒြိယပရောပရိယတ္တိဉာဏ်=ဣန္ဒြေရင့်မရင့်ကို သိတတ်သောဉာဏ်။
စျာနာဒိသံကိလေသဉာဏ်=စျာန်စသည်တို့၏ ညစ်ညူးခြင်းကို သိတတ်သောဉာဏ်။
ခေတ်သုံးထပ်=ဇာတိခေတ်၊ အာဏာခေတ်၊ ၀ိသယခေတ် သုံးပါး။
လောကုတ္ထရာတရား မြတ်ကိုးပါး=မဂ် ၄ပါး+ ဖိုလ် ၄ပါး +နိဗ္ဗာန် ၁။(အချို့ မူ၌ ၈-ပါးဟုဆိုသည်။)
နရတ်=ငရဲဘုံ။
သုံးခရိုင်=ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ ၃ ပါး။
ဂုဏ်အရဟတ်=မြတ်သောဂုဏ်။
အဎ္ဍဆက္ကသတ=ခြောက်ရာမှာ ငါးဆယ်လျော့ ဟူသည့်သဘော၊ ငါးရာ့ ငါးဆယ် ဇတ်တော်များကို ဆိုသည်။ (အဎ္ဍ = အခွဲနှင့်တကွ၊ ဆက္ကသတ = ခြောက်ရာ)။
အနန္တဘဝ=အဆုံးအရှိသော ဘဝ။
ဓနပရိစ္စာဂ =ပစ္စည်းဥစ္စာကို စွန့်ခြင်း။
ပုတ္တပရိစ္စာဂ=သားသမီးကို စွန့်ခြင်း။
ဘရိယပရိစ္စာဂ=မယားကို စွန့်ခြင်း။
အင်္ဂပရိစ္စာဂ=မျက်စိစသော အင်္ဂါကိုစွန့်ခြင်း။
ဇီဝိတပရိစ္စာဂ=အသက်ကို စွန့်ခြင်း။
ဟေတုသမ္ပဒါ=အကြောင်းပြည့်စုံခြင်း။
ရံသီနေပြောက်=နေရောင် နေပြောက်။
မေရုပဗ္ဗတာ=မြင်းမိုရ်တောင်။
သီလာတောင်ထပ်=ကျောက်တောင်။
တစ်ပြိုင်တည်လျက် တစ်ပြိုင်ပျက်=အတူဖြစ်၊ အတူပျက်သော စကြာဝဠာတစ်သိန်း။
ဒဿနာကာရ=မြင်ပုံအခြင်းအရာ။
သောဠသ=တစ်ဆယ့်ခြောက် (သစ္စာအနက် ဆယ့်ခြောက်ချက်)။
မေဃဝန်=အလွန်သည်းထန်သော မိုးကြီး။
ဓမ္မဘေရီ=တရားတည်းဟူသော စည်တော်။
မေဒနီ=အဆီ၊ အနှစ်။
ဒေဝါဓိ ဒေဝိန္ဒ=နတ်တကာတို့ထက် မြတ်သောနတ်။
ဗဟ္မဟ္မာဓိဗြဟ္မိန္ဒ=ဗြဟ္မာတကာတို့ထက် မြတ်သောဗြဟ္မာ
တိဘဝပါရဂူ=ကာမ၊ ရူပ၊ အရူပဟူသော ဘဝသုံးပါး၏ တစ်ဖက်သို့ ရောက်သည့် မြတ်စွာဘုရား။
အဘိဘူပါမောက္ခ=ဗြဟ္မာတို့၏ အကြီးအကဲ။
အနုတ္တရ=မိမိထက် လွန်မြတ်သူ မရှိသော။
မဟာဓမ္မရာဇ်=တရားမင်း မြတ်စွာဘူရား။
ဒါန ကိုပြု၊ သီလ (ရှစ်ပါး) ဆောက်တည်၊ ဘာဝနာ ပွား။
မြတ်စွာဘုရား၏ သမီးတော်အစစ် ဖြစ်စေသား။
(မြန်မာသက္ကရာဇ် ၁၃ရဝပြည့်နှစ်၊ နှစ်ဆန်းတစ်ရက်နေ့။)