Saturday, July 5, 2008

မရေးတတ်၍ ရေးလိုက်ပါသည်။

များများ ရေးပါ။
တိုစိ၊ တိုစိလေးတွေ…
ဖတ်တော့ မယ်ဆို ပြီးသွားပြီ။
some are taking time to understand for me.
ကျမ စာရေးဖြစ်အောင် အားပေးကြသူများ၏ comment လေးတွေ ဖြစ်ပါတယ်။
...............
များ များ မရေးနိုင်တာ ဝန်ခံပါတယ်။
ဒီမှာတော့ ဒီလောက်ရေးပြီးရင်ကို ညှစ်ထားပြီးသား ကြံဖတ်ကြီးလို ဖြစ်ကျန်ခဲ့ရရှာပါတယ်။
ကျွန်မသည် မပြည့်သည့်အိုး ဖြစ်သည်။
ကျွန်မ ဘောင်ဘင်ခတ်တာကိုလည်း လူသိမှာ စိုးကြောက်လှပါ၏။
ကျမ၏ ဆင်ခြေများဖြစ်ပါသည်။
...............
ဖွင့်ဟ ဝန်ခံပါမည်။
ကျမရေးထားတာတွေက Blog မှာ ကဏ္ဍခွဲထားသလို စကားပြေလည်း မဟုတ်၊ ကဗျာလည်း မဟုတ်။
“စကားပျာ” များဖြစ်ပါသည်။
(ခက်ဆစ်- စကားပျာ=တည်ငြိမ်မှုမရှိ၊ အဓိပ္ပါယ်မပေါ်လွင်၊ ကယောက်ကယက်နှင့် ပျာယာခတ်နေသောစာ။)
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် စာဖတ်သူများကို စော်ကားသလို ဖြစ်က မပြည့်သည့်အိုးလေးကို ခွင့်လွှတ်ကြပါဟူ၍သာ…
...............
ကျမတို့ မိခင်ဘာသာ မြန်မာစာကို လေ့လာသင်ယူခဲ့ကြသည်။ သူငယ်တန်း နှင့် ပထမတန်းတွင် အစဦးဆုံး အက္ခရာတွေကို အသံထွက်ပုံ၊ ရေးဆွဲပုံမှစ၍ စာလုံးတွေကို ဘယ်လိုပေါင်းမယ်။ ဘယ်လို ဖတ်မယ်။ သင်ကြရသည်။ ပထမတန်း နှစ်ဝက်ပြီးလျှင် မြန်မာစာ ရေးတတ်၊ ဖတ်တတ်ပြီ ဖြစ်သည်။
ဖတ်တတ်သော အခါ ကျက်ကြရသည် (အမေးအဖြေတွေကို ၏, သည် မရွေ့)၊ ရေးတတ်သော အခါ ကူးခဲ့ကြသည်။ (အောက်ပါစာလုံးများနှင့် ဝါကျဖွဲ့ပါ ဟူသော မေးခွန်းအတွက် ဆရာမ ဥပမာရေး ပြသော ဝါကျတွေကို)။
အတန်းကြီးလာသော အခါ နေ့ထူးနေ့မြတ်နှင့် တစ်စုံတစ်ခုသော အခမ်းအနားများတွင် ပေးထားသောခေါင်းစဉ် အတွက် စာစီစာကုံးရေးခြင်းမျိုးကို မိခင်ဘာသာတွင် အလွန်ပါရမီထူး၍ ထူးချွန်နေသော ကျောင်းသားများသာ ရွေးထုတ် အစွမ်းပြခွင့်ရခဲ့ကြပါသည်။ ကျောင်းသားများ အများဆုံးပျက်ကွက်သော အိမ်စာကို စစ်တမ်းထုတ်မည်ဆိုပါလျှင် စာစီစာကုံးပင် ဖြစ်ပါလိမ့်မည်။ အမှတ်ကောင်းလိုသူများသည် စာစီစာကုံး ကို ကျက်ကြပါသည်။ တွေးနိုင်အောင်၊ ရေးနိုင်အောင် ကျောင်းစာမှလွဲ၍ စာဖတ်ဝါသနာပါလာအောင် စွဲဆောင်မည့် ကလေးစာပေ နှင့် အလှမ်းဝေးခဲ့ရပါသည်။
အခြား ဘာသာစာပေများတွင် လေ့လာရသလို ပေးထားသောရုပ်ပုံများ အတွက် ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်အတွေးဖြင့် Composition ကိုယ်တိုင်ရေးခြင်းမျိုး ကျမတို့ မလေ့ကျင့်ခဲ့ကြပါ။ Comprehension ကဲ့သို့သော စာပိုဒ်ကိုဖတ်ပြီး မေးခွန်းတွေကို ကိုယ့်အတွေးအခေါ်၊ ကိုယ်ပိုင်ဉာဏ်နှင့် မဖြေခဲ့ကြပါ။
အခြားဘာသာရပ်များ သိပ္ပံ၊ ပထဝီ၊ သမိုင်း စသည်တို့ကို မြန်မာဘာသာဖြင့် လေ့လာသင်ကြားခဲ့ကြသော်လည်း အထက်ပါနည်းအတိုင်းပင် ချဉ်းကပ်ခဲ့ကြ၍ သမိုင်းမှ အဖြစ်အပျက် တစ်ခုအတွက် ဘဝတွင်ပါသွားရမည့် သင်ခန်းစာ၊ အတွေးအခေါ်များအစား အမှတ်ပေးစည်းမျဉ်းတွင် ခုနှစ်၊ သက္ကရာဇ်များ၏ အရေးပါမှုကိုသာ နားလည်ခဲ့ကြပါသည်။ “သိပ္ပံတော်ရန်၊ သင်္ချာ တော်ရမည်။” ဆိုသကဲ့သို့သော အပြန်အလှန် အကျိုးပြုနိုင်ခွင့်များကိုလည်း မခံစားကြရတော့ပါ။ လူမျိုးခြားတို့၏ အမည်များနှင် စကားလုံးများကို မြန်မာစာလုံးနှင့် ပေါင်းထားသည်များကို အသံပင်မထွက်တတ်သဖြင့် မောနေအောင် ကြိုးစား၍ ကျော်ခွ ဖတ်ခဲ့ရခြင်းကြောင့့် ဆက်စပ်၍ နားလည်နိုင်ခြင်း အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရပါသည်။
မည်သို့ဆိုစေ

မြန်မာပြည်သည် တို့ပြည်။
မြန်မာစာသည် တို့စာ။
မြန်မာစကားသည် တို့စကား။
တို့ပြည်ကို ချစ်ပါ။
တို့စာကို မြတ်နိုးပါ။
တို့စကားကို လေးစားပါ။

“ကျည်ပွေ့ အတတ်ပေါက်စေ” ဟူသောထုံးကို နှလုံးမူ၍ ဆက်၍ကြိုးစားပါဦးမည်။
ခေတ်အဆက်ဆက်မှ စာကောင်းပေမွန်များကို ရေးသားပြုစုခဲ့ကြသူများ၊ အခြားဘာသာမှ အတတ်ပညာ နှင့် စာပေ၊ အနုပညာများကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုကြသောသူများ၊ Image လေးနဲ့ ပြီးတော့မှ အောက်ကစာသားတွေ … သိတယ်မို့လား Blog က Post လေးတွေကို တွေးသူ၊ ရေးသူ၊ ဝေမျှသူ အားလုံးကို လေးစားလျက် ကျမ ကိုယ်တိုင်စာတွေ အများကြီးရေးချင်ပါသည်။ ဆရာကြီး Dr.မင်းတင်မွန်၏ Good English စာအုပ်နောက်ကျောမျက်နှာဖုံးမှ ကျမစိတ်ထဲ အမြဲစွဲနေသော စာတန်းကို ကျမဆန္ဒနှင့်ကိုက်ညီအောင် ဒီလိုလေး ပြောင်းလဲယူသုံးပါရစေ။

လူတိုင်း မိခင်ဘာသာ မြန်မာစာတွင် တော်၍၊ မြန်မာစာတွင် ပျော်ရမည်။







5 comments:

မေအောင် said...

“သားရေမင်းစာမြန်မြန်သွားအောင်
မဖတ်နိုင်မှန်းသိလို့အမေဒီစာကို
ိုဖြည်းဖြည်းပဲရေးလိုက်ပါတယ်” လိုလား။
ကျွန်မကတော့မြန်မြန်သွားအောင်မဖတ်နိုင်လို့
ဒီပို့စ်လေးကိုကျေနပ်နေပြီ။
နောက်ထပ်...နော။

Yu Wa Yi said...

မသီတာရေ..ရေးသာရေးပါ။ စာရေးခြင်းဆိုတာက စည်းမျဉ်းဥပဒေသတွေအတိုင်း လိုက်
ရေးဖို့ ကြိုးစားလို့ ရေးတတ်တာရှိသလို၊ ရေးချင်ရာရေးပါများလာရင်းကနေ စည်းမျဉ်းတွေ
နားလည်သွားတာလည်းရှိတယ်။ ပင်လယ်နားနေတဲ့သူကို ရေကူးသင်ပေးစရာမလိုပဲ ရေ
ကူတတ်သလိုပေါ့။ ရေကူးတတ်ရင်ပြီးတာပါပဲ။ ရေကူးသင်တန်းတတ်လို့ ဖြစ်ဖြစ်၊ ပင်လယ်
နားမှာနေလို့ ဖြစ်ဖြစ်လေ။

တန်ခူး said...

“မ“ ရေ… စကားပျာလေးတွေက အတော်ဖတ်လို့ ကောင်းပါတယ်… ဆွဲဆောင်မှုလဲရှိတယ်… ကျွန်မအတွက်တော့ စည်းမျဉ်းတွေနဲ့ ဆွဲဆောင်မှုမရှိတဲ့စာတပုဒ်ထက်
ခံစားလို့ ရတဲ့စာတပုဒ်ကို ပိုနှစ်သက်တယ်… ဆက်ရေးပါ… အားပေးနေမယ်

ဇနိ said...

ရေးရင်းဖြင့် တိုးတက်ရာ၏။
ဖတ်ရင်းဖြင့် တိုးတက်ရာ၏။
မှတ်ရင်းဖြင့် တိုးတက်ရာ၏။
တွေးရင်းဖြင့် တိုးတက်ရာ၏။
ကျင့်ကြံခြင်းဖြင့် တိုးတက်ရာ၏။

ရွှန်းမီ said...

Writing helps you sort out your thoughts.
Writing down your worries and doubts makes you feel better.

from the movie .:: 1 litre of tears ::.

ဘယ်လောက်ရေးရေး ဘာရေးရေး တစ်ခုခုရေးထားတာ မြင်ရရင် ဝမ်းသာပါတယ် =)