မေမေပြောခဲ့ဖူးတာမှန်နေမလား… လူတိုင်းမှာ ကြမ္မာဆိုတာရှိတယ်တဲ့။
ဒါမှမဟုတ် လက်ဖ်တင်နင် ဒန်ပြောခဲ့သလို ဘဝဆိုတာ ကြုံသလို လေနှင်ရာ လွင့်မြောနေတာပဲလား။
(Forrest Gump)
(၁) ကောင်းသော အပြုအမူ၊ မကောင်းသော အပြုအမူဟူ၍ ရှိသည်။
(၂) အကြောင်း အကျိုး ဟူ၍ရှိသည်။ ထိုကြောင့် ကောင်းမှု, မကောင်းမှုတို့သည် ကောင်းကျိုး, မကောင်းကျိုးပေးမည်။ (၃) ကောင်းမှု၊ မကောင်းမှုတို့ကို မိမိတို့ကိုယ်တိုင် ရွေးချယ်ပြုလုပ်ခြင်းဖြစ်သည် ဟု သိရှိနားလည်ရသည်။
အနည်းဆုံး ဤအချက်များကို လက်ခံယုံကြည်ပါမှ ကမ္မဿကတဝါဒီဟု ခေါ်နိုင်မည်။ အချို့သည် ကမ္မဿကတဝါဒီဟု မိမိကိုယ်မိမိ လက်ခံထားကြသော်လည်း လက်တွေ့တွင်မူ ဗုဒ္ဓ၏ ကမ္မဝါဒနှင့် ဆန့်ကျင်ဖက်အယူအဆများအား လက်ခံယုံကြည်နေတတ်ကြသည်။
နိယတိဝါဒ / ဣဿရနိမ္မိတဝါဒ လူဘဝသည် ရေးထားပြီးသား စာအုပ်တစ်အုပ်ကဲ့သို့ မည်သည့်အရွယ်တွင် ဘာဖြစ်၍၊ မည်သည့်အရွယ်တွင် သေမည်စသဖြင့် ဖြစ်ပျက်သမျှသည် ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်သည်ဟု ယူဆသောအမြင်အား ဒဿနတွင် Determinism ဟုခေါ်သည်။ ယင်းမူလသတ်မှတ်ချက်ကို (နိယတိ - Destiny) ဟုလည်းခေါ်သည်။ ဤကဲ့သို့ လူသားတို့၏ ကြမ္မာအား တန်ခိုးရှင် နတ်ဒေဝတာတို့က ကြိုတင်သတ်မှတ် ဖန်ဆင်းပေးထားသည်ဟု ယူဆသောအယူဝါဒအား ဣဿရနိမ္မိတဝါဒဟုခေါ်သည်။ တန်ခိုးရှင်, နတ်သိကြား, အထက်ပုဂ္ဂိုလ်များ၏ စောင်မမှုကို ငံ့လင့်နေသော အယူအစွဲတို့သည် ဣဿရနိမ္မိတဝါဒ၏ အစွယ်အပွားများပင်ဖြစ်သည်။ ဤအယူအဆအရဆိုပါလျှင် မိမိတို့၏ ကြိုးစားအားထုတ်မှုတို့သည် အချည်းအနှီးသာ ဖြစ်ပေ တော့မည်။
ပုဗ္ဗေကတဟေတုဒိဋ္ဌိအချို့ကလည်း ဖြစ်ပျက်သမျှသည် မိမိတို့ အတိတ်ကပြုခဲ့သော ကံအတိုင်းသာ ဖြစ်ရသည်ဟုယူဆသည်။ လူ့ဘဝအား ကံကြွေးဆပ်ရခြင်းပင် ဖြစ်၍ ဖြစ်သမျှအား ခါးဆီးခံရမည်ဟု ယူဆသည်။ ထိုသို့ ကံကြွေးဆပ်ခြင်းဖြင့် ဝဋ်တို့ကို ကုန်စေမည်၊ သန့်စင်စေမည်ဟုလည်း ယူဆကြသည်။ အချို့သော ဗုဒ္ဓဘာသာဝင်များသည်ပင် ဤသို့သော အယူအဆကို လက်ခံထားကြ၏။ ဤအယူအဆသည် ဗုဒ္ဓ၏ ကမ္မဝါဒ စစ်စစ် မဟုတ်။ ပုဗ္ဗေကတဟေတုဒိဋ္ဌိ (ရှေးကပြုသော အကြောင်းကြောင့် ဟူသောအမြင်) ဟု ဗုဒ္ဓက သတ်မှတ်၏။ ရောဂါတစ်ခုဖြစ်လာလျှင် ကံကြောင့်ဖြစ်သော ရောဂါဝေဒနာတို့ ရှိသလို၊ သလိပ်, လေ, သည်းခြေ, ရာသီဥတု, ထိခိုက်ဒဏ်ရာရမှုစသော အခြားအကြာင်းများစွာရှိ၍ ရောဂါရတိုင်း အတိတ်ကံကို ပုံချခြင်းသည် မှားယွင်းသော ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်၏။
အဟေတုကဝါဒအချို့ကမူ လူ့ဘဝသည် ကြိုတင်ပြဋ္ဌာန်ထားပြီးခြင်းမျိုးလည်း မဟုတ်။ အကြောင်းအရင်းမြစ်လည်းမရှိဘဲ ကြုံကြိုက် တိုက်ဆိုင်မှု (သင်္ဂတိ - Accidental occurence) များသာဖြစ်သည်ဟု ခံယူကြသည်။ လူတို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် မဟုတ်ဘဲ သူ့အလိုလို သဘာဝအလျှောက် ကြုံရာကျပန်းဖြစ်ပျက် နေကြသည်ဟု မြင်သည်။ ထိုအမြင်အား အဟေတုကဝါဒဟုခေါ်သည်။ ဤသို့အရာရာသည် အကြောင်းမဲ့ဖြစ်ပေါ်နေသည် ဟုယူဆပါက ကောင်းမှုတို့ကို ကြိုးစားအားထုတ်တော့မည် မဟုတ်သဖြင့် ကမ္မဝါဒ, ကိရိယဝါဒ၏ ဆန့်ကျင်ဖက် ဖြစ်သည်။
အကိရိယဝါဒကောင်းခြင်း, ဆိုးခြင်းသည်ကား ကာလဒေသပေါ်လိုက်၍ သတ်မှတ်ထားသော ပညတ်ချက်များသာဖြစ်သည်။ သူ့အမြင်တွင်မှန်သော်လည်း ကိုယ့်အမြင်တွင် မှားနေနိုင်သည်ဟု ယူဆသော ပညတ်ဂိုဏ်းသား (moral relativists) များသည်လည်း ကောင်းဆိုးဟူသော ကုသိုလ်အကုသိုလ်အား ပစ်ပယ်ရာရောက်သည်။ ထို့အတူပင် အချို့ပရမတ်သမားတို့ကလည်း အစစ်မှန်အားဖြင့် ပရမတ်တရားများသာ ရှိပြီး လူ, တိရိစ္ဆာန်ဟု မရှိဟူ၍ သမုတိသစ္စာကို ငြင်းပယ်ကာ “လူသတ်သည်ဟုမရှိ၊ အရက်သောက်သည်”မရှိဟု ယူဆကြပြန်သည်။ ကောင်းမှု၊ မကောင်းမှု ကံကို ပစ်ပယ်ရာရောက်သည်။ ဒါနပြုခြင်း, သီလ ဆောက်တည်ခြင်းတို့သည် အဓိပ္ပါယ်မရှိဟုယူဆ၍ အကိရိယဝါဒဟုခေါ်သည်။
ဥစ္ဆေဒဝါဒအချို့သောရုပ်ဝါဒီ, မျက်မှောက်ဝါဒီတို့က “လူသားသည် ရုပ်တရားများဖြင့် ဖွဲ့စည်းထား၍၊ သေလွန်သော် ပြတ်စဲ ပျက်စီးသွားမည်၊ မော်လီကျူးများ, အက်တမ်များ ပြန်ဖြစ်သွားမည်၊ မြေကြီးဖြစ်သွားသည်၊ တမလွန်လောကဟူ၍ မရှိ, အတိတ်ဘဝဟူ၍ မရှိ, ငရဲမရှိ, နတ်ပြည်မရှိ၊ မျက်မှောက်လူ့ဘဝတွင်သာ ကောင်းဆိုး အကျိုးတို့ကို ခံစားရသည်” ဟုယူဆသည်။ ဤသို့ တမလွန်ကို ငြင်းပယ်သော ပြတ်စဲအယူ ဥစ္ဆေဒဝါဒသည် ကောင်းမှု, မကောင်းမှုကံတို့၏ အကျိုးကို ပစ်ပယ်၍ နတ္ထိကဝါဒဟုလည်းခေါ်သည်။
ခတ္တဝိဇ္ဇာဝါဒအချို့သည် မိမိအတွက် အကျိုးရှိမည့်ကိစ္စဖြစ်က ဘာလုပ်လုပ်တရားသည်ဟု ယူဆကြသည်။ မိမိ၏ တန်ခိုးအာဏာ ကြီးပွားရေးအတွက် အမိ, အဖ, သားမယားသော်မှ သတ်သင့်လျှင် သတ်ရမည်၊ လမ်းကြောင်းသည် ပဓာနမကြ။ ခရီးရောက်ဖို့သာ လိုရင်းဖြစ်သည်ဟု ယူဆသည်။ ဤအယူအဆအား မဟာဗောဓိဇာတ်တွင် ခတ္တဝိဇ္ဇာဝါဒဟုခေါ်၍ ကမ္မဝါဒ၏ ဆန့်ကျင်ဖက်ဝါဒများတွင် ထည့်သွင်း၍ပြထားသည်။ ခတ္တဝိဇ္ဇာသည် အာဏာဝါဒ (Rule of Might), စစ်သားဝါဒ (rule of warriors) ဖြစ်သည်။ “ကြည်ညိုလေးစားမှု ခံရခြင်းထက် အကြောက်အရွံ့ ခံရခြင်းကသာ၍ စိတ်ချရသည်”ဟု ရေးသားခဲ့ဖူးသော မက္ခိယာဗယ်လီ (Machiavelli) ၏ ဝါဒမျိုးဖြစ်သည်။ မဟာဗောဓိဇာတ်တွင် ဤဝါဒီမျိုးအား “မိမိကိုယ်မိမိ ပညာရှိထင်နေသော လူမိုက်များ” (ဗာလာ ပဏ္ဍိတမာနိနော) ဟု ရှုတ်ချခဲ့သည်။ လမ်းစဉ်ထက် အကျိုးရလဒ်ကိုသာ ဦးစားပေးသော ဝါဒသည် မိမိတို့၏ အပြုအမူအပေါ် တာဝန်မယူပဲ၊ ရေတိုအကျိုးရလဒ် နောက်ကိုသာလိုက်ပြီး ဘာမဆိုလုပ်ရဲသောဝါဒ ဖြစ်၍ ကမ္မဝါဒ၏ ဆန့်ကျင်ဖက်အဖြစ် သတ်မှတ်ပြသည်။
ကမ္မဿကတဝါဒီတစ်ဦးသည် အနည်းဆုံး ကမ္မဝါဒ၏ ဆန့်ကျင်ဖက် အယူအဆများအား သိရှိနားလည်ထားရန် လိုပါသည်။
စာညွှန်း။
အံ-၃-၆၂၊ မဟာဝဂ်-တိတ္ထာယတနသုတ်
ဇာတက-၅၂၈၊ ပဏ္ဏာသနိပါတ်၊ မဟာဗောဓိဇာတ်
ဆက်စပ်ဖတ်ရှုရန် တာဝန်
နောက်ဆက်တွဲ...
Comments ရေးသွားသူတွေ မေ့လောက်မှ ပြန်ဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။ ဒီပို့စ်မှာ သေချာထည့် မရေးလိုက်တဲ့ “သစ္စာတရားနယ်” ကို စာဖတ်သူတွေက ဖြည့်ဖတ်သွားကြတဲ့အတွက် ကျေးဇူးပါ။ ဘာသာစကား, ရိုးရာယဉ်ကျေးမှု စသဖြင့် လူတွေသတ်မှတ်ထားတဲ့ အမှန်တရားတွေ အများကြီးပါ။ သမုတိသစ္စာနယ်မှာ မိမိသူတစ်ပါးအကျိုး ထိခိုက်နစ်နာစေတဲ့, သူတော်ကောင်းတွေ အပြစ်တင်ဝေဖန်နိုင်တဲ့ အပြုအမူအပြောအဆိုတွေကို မကောင်းမှု အကုသိုလ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ သမုတိသစ္စာနယ်က အကောင်း-အဆိုးတိုင်းကို ကုသိုလ်-အကုသိုလ်နဲ့ ညီမျှခြင်းချလို့ မရတာတွေ အများကြီး ရှိတတ်ပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုအစဉ်အလာတွေကို ငြင်းပယ်လိုက်ယုံနဲ့တော့ အကုသိုလ် ဖြစ် မသွားပါဘူး။ ဒါပေမဲ့ အရာရာဟာ သတ်မှတ်ချက်တွေပါလို့ ငြင်းပယ်လိုက်ရင်တော့ ကုသိုလ်-အကုသိုလ်ကို ငြင်းပယ်ရာ ရောက်ပါတယ်။ ကာလ, ဒေသ, ဘာသာစကား, ယဉ်ကျေးမှုတွေပေါ် မမှီပဲ ပကတိမှန်ကန်တဲ့ ပရမတ္ထတရားဆိုတာ ရှိနေလိ့ုပါ။ ပရမတ္ထသစ္စာနယ်မှာ လောဘ, ဒေါသ, မောဟတရားတွေ အခြေခံပြီးဖြစ်တဲ့ စိတ်စေတနာကို အကုသိုလ်လို့ သတ်မှတ်ပါတယ်။ အကယ်၍ အရင်းကြတဲ့ လောဘ, ဒေါသ, မောဟတရားတွေကို မကြည့်ပဲ၊ “ပရမတ္ထအားဖြင့် လူဆိုတာ မရှိ, အရက်ဆိုတာ မရှိ၊ ရုပ်နာမ်တရားတွေသာရှိလို့ လူသတ်ရင်လည်း လူသတ်တယ် မခေါ်နိုင်ဘူး” စသဖြင့် တလွဲကို ယူပြီး အစွန်းရောက်ရင်တော့ ကုသိုလ်-အကုသိုလ်ကို ငြင်းပယ်ရာ ရောက်ပြန်ပါတယ်။
သစ္စာတရားနယ်နဲ့ စပ်ပြီး ဆက်ပြောရရင် … လယ်တီဆရာတော်ဘုရားက ပရမတ္ထသစ္စာနယ်ကို (၁) “သဘာဝသစ္စာ” နဲ့ (၂) “အရိယသစ္စာ” လို့ ထပ်ခွဲပြပါတယ်။ လူတွေ အကောက် အယူမလွဲအောင်လို့ပါ။ ဥပမာ ပရမတ္ထနယ်မှာ သုခဝေဒနာဆိုတာ သဘာဝအားဖြင့် ရှိပါတယ်။ သို့သော်လည်း ဘုရား, ရဟန္တာစတဲ့ အရိယပုဂ္ဂိုလ်တို့ရဲ့ အမြင်မှာ သုခဝေဒနာအပါအဝင် ဝေဒနာအားလုံး, သင်္ခါရတရားအားလုံးဟာ ဖောက်ပြန်တတ်တဲ့အတွက် ဒုက္ခလို့ ရှုမြင်ပါတယ်။ ဒုက္ခသစ္စာလို့ မြင်ပါတယ်။ သစ္စာလေးပါးဟာ အရိယသစ္စာနယ်ပါ။ ဒါကြောင့် “သစ္စာလေးပါးလွဲရင် ကျန်တာပညတ်” အစား “ပရမတ္ထသစ္စာမှလွဲရင် ကျန်တာပညတ်” ဆိုရင်တော့ ပိုပြီး တိကျပါလိမ့်မယ်။
9 comments:
အကျိုးရှိတဲ့ သိသင့်တဲ့ အကြောင်းအကြာလေးတွေကို သေချာမှတ်သားသွားပါတယ်ဆရာ… ခုလို ရှင်းလင်းပြတ်သားစွာ ရှင်းပြတာ ကျေးဇူးပါဆရာ…
မှတ်သားစရာ ကောင်းလှပါတယ်။ ကျေးဇူးတင်ပါတယ်။
သစ္စာလေးပါးကလွဲရင် အမှန်တရား မရှိပဲ ကျန်တာ ပညတ်တွေပဲလို့ ဘုရားဟောထားတာလည်း ရှိတယ်ဆိုတော့
သိသင့်သိထိုက်တဲ့ အကြောင်းအရာလေးပါ။ သေချာဖတ်သွားတယ်။
မငယ်နိုင် ပြောသွားတဲ့ သစ္စာတရားလေးပါးကလွဲရင် ကျန်တာ အမှန်မရှိပဲ ပညတ်တွေလို့ ဘုရားဟောထားတာတွေ ရှိတယ်လို့ သိလိုက်ရလို့ တအား သိချင်သွားတယ်။ ဖြစ်နိုင်ရင် ကိုဧရာ မသီတာတို့ ဒီအကြောင်းလေးနဲ့ ပက်သက်ပြီး ရေးပေးပါလားလို့ တောင်းဆိုပါတယ်။
သီတာရေ...ဖတ်ရတာ အကျိုးရှိတယ်၊ လူရယ်လို့ ဖြစ်လာရင် အနဲဆုံးတော့ အကြောင်းကြောင့် အကျိုးဖြစ်ဆိုတာလေးနဲ့ ဒိဌိ၃မျိုးလောက်သိထားရင်ကိုပဲ..အကျိုးကြီးလှပါပြီ၊ ဒီတရားတွေကမှ လောကဓံ ခံနိုင်ရည်ကို မွေးဖွားပေးနိုင်တယ်လေ...။
စာလာဖတ်ပြီး ဉာဏ်မီသလောက်တွေးပါသည်။ “အကိရိယ၀ါဒ
အမှန်တော့ အကောင်းအဆိုးကိုပစ်ပယ်ရတာကလည်း မိမိတို့ ကပြုလုပ်ယူခဲ့တာမဟုတ်တဲ့ အတိတ်ကံလိုမျိုးရဲ့ အဆိုးတွေကို ခံစားနေရသူတွေဘက်ကကြည့်ပြီးစာနာစိတ်နဲ့ လို့ ယူဆပါကြောင်း။ ဥပမာပေါ့..ချေး(မစင်) ဆိုတာရွံစရာလို့ လူတွေကသတ်မှတ်ကြတယ်။ ဒါပေမဲ့ အူမကြီးကင်ဆာကြောင့်အူမကြီးဖြတ်ထုတ်ထားပြီး မစင်အိတ်ကို ဗိုက်မှာတပ်ထားရတဲ့သူတွေဟာ လူတောထဲမတိုးဝံ့ဖြစ်ကြရှာတယ်။ ဒီလိုအခါမျိုးမှာသူတို့ ကိုစာနာပြီး “မစင်ဆိုတာရွံစရာ” ဆိုတာက “လူတွေရဲ့ သတ်မှတ်ချက်သာဖြစ်တယ်” ဆိုတာမျိုးနဲ့ ဖြေသိမ့်ပေးကြတာမျိုးလို့ ထင်မိပါတယ်။ သူတို့ ကျူးလွန်တဲ့မကောင်းမှုဒုစရိုက်တွေကို အကောင်းမြင်စေချင်စိတ်နဲ့ လို့ တော့ မတွေးမိခဲ့ဖူးကြောင်းပါရှင်။
ဟုတ်တယ်နော် ... ကမ္မ၀ါဒ၏ ဆန့်ကျင်ဖက် အယူအဆ တွေကိုသိထားသင့်တယ် ပြီးတော့ရှောင်လဲရှောင်သင့်တယ်နော် .. ညီမလေးတို့လူတွေက ကိုယ့်ဟာကိုယ် မဟုတ်တာလုပ်မိပြီး တခါတခါ ကံကိုပုံပုံချတတ်လွန်းကြတယ်လေ .. ပြီးတော့ ကိုယ်သက်သာအောင်လဲ ကံနဲ့ဖြေတတ်ကြသေးတာ .. ဒါပေမဲ့ အဲ့ဒါတွေက တခါတခါ ဗုဒ္ဓရဲ့ ကမ္မ၀ါဒနှင့် ဆန့်ကျင်ဖက်အယူအဆတွေ ဖြစ်ဖြစ်နေတတ်တယ်ဆိုတာကို သတိလက်လွတ်တွေဖြစ်တတ်ကြတယ်နော်...ဒီပိုစ့်အတွက် ကျေးဇူးပါကိုဧရာ ..
CBox မှ
19 Nov 09, 06:26
kom: သူသိတ်မြင့်တယ်ကွယ်...........
19 Nov 09, 07:02
momiji: ama,... read.. but... higher for me.
19 Nov 09, 08:31
slip: ဖတ်မှတ်သွားပါသည်....။
19 Nov 09, 08:48
မြစ်ကျိုးအင်း: အမရေ အလည်ရောက်ပါတယ်
19 Nov 09, 14:23
K: ကျမက..blog list မှာပုံလေးနဲ့ ပေါ်နေတော့..အဲ..ကိုဧရာပုံလားမသိဘူး ဆိုပီး..စပ်စုမလို့.
Post a Comment