လက်က လှုပ်တတ်၊ ခြေက သွားတတ်၊
ပါးစပ်က ပြောတတ်ရင် ရပြီ။
ခေါင်းတော့ ကောင်းဖို့လိုတယ်…။
ဒါတွေကတော့ သားကြီးတို့ ကျောင်းက 13th Annual Athletics Meet 2010 (12 March) ကို Parents in Education (PIE) အဖွဲ့သားအဖြစ် လုပ်အားပေးသွားရင်း ထွက်လာတဲ့ အတွေးတွေ… ။
ကျောင်းကို ၇နာရီ အရောက်သွားတယ်။ မတိုင်မီရက်ကတော့ စောစောထပြီး ပြင်ဆင်စရာလေးတွေ ပြင်ဆင်မယ် မှန်းထားပေမဲ့ တကယ်တမ်းမှာတော့ အိပ်ယာမနိုးလို့ သားအမိတတွေ ဝရုန်းသုံးကားနဲ့ မျက်နှာသစ်၊ တီရှပ်လဲ၊ မိုင်လိုသောက်ပြီး ကျောင်းကို ပြေးခဲ့ရပါတယ်။ အဖွဲ့သားတွေ စုရပ်ရောက်တော့ ဘယ်သူမှ မတွေ့လို့ ငါတော့ နောက်ကျလု့ိ ကျန်ခဲ့ပြီ ထင်တာ၊ ဟိုဟိုဒီဒီ ကြည့်ရင်း ကျောင်းသားတွေ စုရပ်နား သွားရပ်တော့မှ အဖွဲ့သားနောက်တယောက် ရောက်လာတယ်။ အဲ့ဒီမှာ အားကစားတာဝန်ခံ ဆရာတယောက်က လာခေါ်သွားတယ်။ ကျောင်းရုံးခန်းရှေ့ ရောက်တော့မှ အဖွဲ့သားတွေ တဖွဲဖွဲရောက် လာတယ်။ အဖွဲ့ဝင်တဦးဖြစ်တဲ့ လီဇာ နဲ့အတူ ဆုတံဆိပ်တွေ ပြင်ဆင်ပေးရမည့် တာဝန်ခံ ဆရာမနောက်ကို လိုက်ခဲ့တယ်။
ကားကြီးနဲ့ ရောက်ပါပြီ … ပြိုင်ပွဲများ ကျင်းပမည့် Innova Junior College …
ယူနီဖောင်းဆင်တူဝတ်ထားတဲ့ Scout အဖွဲ့က ကျား/မ ကလေးတွေက အခမ်းအနားအတွက် လိုအပ်မည့် ပစ္စည်းတွေကို သယ်ကြ ပိုးကြ။ ဆရာတွေကတော့ ပါးစပ်ကနေ ခိုင်းတာပဲ။ ကလေးတွေကို သနားလို့ ကိုယ်က မနေတတ်ပဲ ဝိုင်းသယ်။ ကိုယ်ဝိုင်းသယ်တာ တွေ့တော့ သူတို့ကို ကြီးကြပ်နေတဲ့ဆရာက Someone helps her တဲ့။ (ကိုယ်တို့ ကြီးပျင်းလာခဲ့တာက ကလေးတွေ ဆိုပြီး ဘေးဖယ်ထုတ်၊ လူကြီးတွေက ရှေ့က ကာဆီး နေရာမပေးတော့ … နောက် မျိုးဆက်က ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းတဲ့ မလုပ်တတ် မကိုင်တတ်တွေ ဖြစ်လာတာ မဆန်းပေဘူး။)
ဆရာ, လီဇာ, Scout လေးတွေနဲ့ အတူ စားပွဲခုံတွေချ၊ စားပွဲခင်းခင်း၊ ပန်းအိုးလေးတင်၊ ဆုတံဆိပ်တွေ လင်ဗန်းထဲ စီထည့် ပြီးပြီ …။
ကျောင်းအုပ် ဆရာမကြီးက အဖွင့်စကား နှစ်ခွန်းသုံးခွန်းပြောပြီး ပြေးပွဲပြိုင်ပွဲကို စတင်
အသင်းကြီး ငါးသင်း ယှဉ်ပြိုင်ကြတယ်။
ရှေ့ကနေ ဖြတ်ဖြတ်ပြေး သွားတဲ့ ကလေးတွေကို အားရပါးရ လက်ခုတ်တီးပြီး အားပေး (သားကြီးက reserved ဖြစ်ပေမဲ့ လက်ဆင့်ကမ်းပြိုင်ပွဲမှာ ဝင်ပြေးရတယ်တဲ့။ မသိလိုက်ပါဘူး။ ပြိုင်ပွဲဝင်ကြတဲ့ ကလေးအားလုံးကို အားပေးနေတာမို့ပါ။)

ပြိုင်ပွဲ အချို့ပြီးတော့ ပြီးသွားတဲ့ ပြိုင်ပွဲတွေအတွက် ဆုတွေ ပေးပါတယ်။ တာဝန်ခံ ဆရာမက ဆုပေး ပေးပါ လာပြောလို့ “အို ok…” (အံ့သြပြီး) ။ P5/P6 - Boys/Girls မီတာ ၁၀၀ ပြိုင်ပွဲ ၄ခုအတွက် 1st, 2nd, 3rd ဆုတွေ ပေးခဲ့ရပါတယ်။

ဒီပုံထဲမှာ ပထမ ရသူက ပြိုင်ပွဲတွေ အားလုံး အပြီးမှာ Best Performance Athlete ရသူပါ။
ခဏနေတော့ အဖွဲ့ထဲက တယောက်က ဆရာဆရာမတွေနဲ့ PIE အဖွဲ့သားတွေကို မုန့်ဗူးတွေ လိုက်ဝေတော့ သားငယ်နဲ့ အတူ sandwich တွေစား၊ အရာအားလုံးဟာ ပေါ့ပေါ့ပါးပါးပါပဲ… ။ ဆရာမကြီးမို့ အရမ်းကာရော အရိုအသေပေးနေဖို့ မလိုသလို၊ ဘယ်သူ့ကိုမှလည်း မျက်နှာချိုသွေးနေဖို့ မလိုပါဘူး။ PIE မှာလည်း ကော်မတီရှိပါတယ်။ ဥက္ကဋ္ဌ အတွင်းရေးမှူး အဖွဲ့ဝင် စသဖြင့်ရှိပါတယ်။ ကျမက ကော်မတီဝင်တောင် မဟုတ်သလို အချိန်ပြည့် တာဝန်တခုယူပြီး လုပ်အားပေးနိုင်သူလည်း မဟုတ်ပါဘူး။ ဒီပွဲကိုလာဖို့ ကော်မတီဝင်တယောက်က ဖုန်းလှမ်းဆက်ပြီး ခေါ်တာပါ။ အဲ့ဒီနေ့က Primary 1 နဲ့ 2 ကျောင်းသားတွေကို ပြိုင်ပွဲကို မသွားရပဲ ကျောင်းပိတ်ထားပါတယ်။ သားငယ်ကို အိမ်မှာ ထိန်းကျောင်းရမှာမို့ မလာလိုပါ အကြောင်းပြန်တာကို သူက သားငယ်ကိုပါ ခေါ်ခဲ့ ပြောလို့ သွားဖြစ်တာပါ။ ကျမက အပြောအဆို လည်ဝယ်၊ အပေါင်းအသင်း ဆန့်သူလည်း မဟုတ်ပါဘူး။ လီဆာ၊ ဂျက်နက် စတဲ့ လွယ်ကူတဲ့ နာမည်တွေသာ လူနဲ့တွဲ မှတ်မိပြီး၊ အားလုံး ဆင်တင်တင် ဖြစ်နေတဲ့ မလေး, အိန္ဒိယ နာမည်တွေတော့ တယောက်မှ မသိပါဘူး။ အဆောင်အယောင် ပရိယာယ်တွေက ကင်းလွတ်တဲ့ ရိုးရှင်းလွယ်ကူတဲ့ ပတ်ဝန်းကျင်တခုကို ရောက်နေတယ်လို့ ဆိုလိုချင်တာပါ။
ဒီပွဲမှာ Primary 3 ကနေ Primary 6 အထိ ကျောင်းတွင်းပြိုင်ပွဲတွေမှ ဇကာတင် ကျောင်းသား ကျောင်းသူတွေကို ရွေးထုတ် ယှဉ်ပြိုင်စေတာ ဖြစ်ပြီး၊ မပြိုင်ရတဲ့ သူတွေက ကိုယ့်အသင်းကိုကိုယ် အားပေးရပါတယ်။ Best Cheer အသင်းကို ဆရာမကြီးနဲ့ ဒုကျောင်းအုပ်နှစ်ယောက်က အကဲဖြတ်ပြီး ဆုပေးပါသေးတယ်။

ပြိုင်ပွဲတွေလုပ်လိုက်။ ဆုတွေပေးလိုက်နဲ့။ အချိန်တန်တော့ အခမ်းအနားပြီးသွားတယ်။ သိမ်းစရာရှိတာတွေ ပလတ်စတစ်ပုံးကြီးတွေထဲ ကောက်ထည့်သိမ်းကြ၊ အမှိုက်က အစမကျန်အောင် ရှင်းလင်းပေးခဲ့ပြီး စီစဉ်ပေးထားတဲ့ ကားတွေနဲ့ ကျောင်းကို ပြန်ခဲ့ရတယ်။
ဘာဆုမှ မရခဲ့ပဲ သူတို့အသင်း နောက်ဆုံးရတဲ့ သားကြီး ငိုမဲ့မဲ့ ဖြစ်နေလို့ “ဆုရတာမရတာ ဘာမှ အရေးမကြီးဘူးသား…ဆရာမကြီး ပြောသွားသလိုပဲ…ဒီလို ပြိုင်ပွဲတွေ လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က team work ကို ဖေါ်ဆောင်တာ” လို့ ပြောတော့ သူခေါင်းငြိမ့်ပါတယ်။ ကျမလည်း ကိုယ့်သားကိုယ် ဆုံးမတာတောင် စာသံပေသံနဲ့။ စာထဲပဲ သင်ခဲ့ရတာကိုး။ သားကြီးက အဖေအမေရဲ့ ခြေရာနင်းပါတယ်။ အားကစားမှာ မထူးချွန်ပါဘူး။ ဒါပေမဲ့ သူ အဖေအမေထက် ကံကောင်းပါတယ်။ အားကစားကို လုပ်ခွင့်ရလို့ပါ။ တရားသဖြင့် ယှဉ်ပြိုင်ရဲ၊ ရှုံးရဲ၊ နိုင်ရဲတဲ့ စိတ်ဓာတ်ဟာ လူနဲ့ လူ့ပတ်ဝန်းကျင်အတွက် အရေးကြီးပါတယ်။
ဒီပွဲမှာ သားတို့ကျောင်းသားတွေ၊ တာဝန်ကျ ဆရာဆရာမတွေ၊ အနည်းငယ်သော ကျမတို့မိဘတွေဟာ ခြေ လက် ပါးစပ်တွေလို သူ့နေရာနဲ့သူ လှုပ်ရှားသွားကြတာပါ။ ခေါင်းနဲ့တူတဲ့ ခေါင်းဆောင်တွေကတော့ ဘယ်သူတွေများပါလဲ… Acknowledgment မှာ ရေးထားသလို Principal and Vice-Principals တွေ တင်ပဲလား…။
11th Athletics Meet 2008 တုန်းက Woodlands Stadium မှာ လုပ်ခဲ့တယ်။ အဲ့ဒီတုန်းက ဆရာမတွေနဲ့ မိဘတွေ ရေဘောလုံးတွေ အဆင့်ဆင့် ပစ်ပေးပြီး ပြိုင်ရတဲ့ ပွဲမှာ ရခဲ့တဲ့ ဆု

သားကြီး ကျောင်းစတက်တဲ့ နှစ် ၂၀၀၅တုန်းကတော့ ကျောင်းစာကြည့်တိုက်မှာ သတ်သတ်မှတ်မှတ် တာဝန်တခုယူပြီး တနှစ်လုံးအပြည့် လုပ်အားပေးခဲ့ပါတယ်။
7 comments:
ထိပ်ဆုံးကနေလာအားပေးသွားတယ်.... မသီတာပုံကို အရှေ့တည့်တည့်ကရိုက်ထားတာလေး ကြည့်ရရင်ကောင်းမယ်....
အဲ့ဒီနေ့က လီဇာရိုက်ပေးတာ ဘေးစောင်းတွေချည်း ဖြစ်နေလို့ ရို့စ်ရေ...
လှတပတ ဂိုက်ပေးကြမ်းထားတဲ့ပုံ ကြည့်ချင်ဘူးလားး)
အားရစရာကြီးပါပဲ မသီတာ။
ဒါပဲပြောတတ်တယ်။
ကျောင်းတက်ခဲ့တဲ့တစ်လျှောက်လုံး ဘာအားကစားမှမလုပ်ခဲ့ရတော့ ဒီမှာကလေးတွေ အဲလိုအားကစားလုပ်နေကြတာမြင်ရတာ အားကျစရာပါပဲ မမရေ။
အပြုံးနဲ့ ဇွန်ရေ
ကလေးတွေက အနည်းဆုံး PE Physical Education အချိန်တွေမှာ ထိထိရောက်ရောက် လုပ်ရတယ်။
အားကျစရာကောင်းပါတယ် မမရေ...ညီမလေးတို့တုန်းက ဘာမှ အဲဒီလို မလုပ်ခဲ့လိုက်ရဘူး...“တရားသဖြင့် ယှဉ်ပြိုင်ရဲ၊ ရှုံးရဲ၊ နိုင်ရဲတဲ့ စိတ်ဓာတ်ဟာ လူနဲ့ လူ့ပတ်ဝန်းကျင်အတွက် အရေးကြီးပါတယ်။” ဆိုတဲ့ အသိတရားလေးကိုလည်း မှတ်သွားပါတယ် မမ...။
ချစ်ခင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း
မနှစ်ကချန်းတို့ကျောငိးမှာလုပ်တာသတိရသွားပြီ..
Post a Comment