Monday, March 15, 2010

မီးရထားဖြင့် ခရီးသွားခြင်း

ဘ၀ ခရီးရှည်ကြီးထဲမှာ ကိုယ့်ခြေထောက် ကိုယ်သုံး၍သော်လည်းကောင်း၊ ယာဉ်အမျိုးမျိုး စီး၍သော်လည်းကောင်း သွားခဲ့ရတဲ့ ခရီးတွေက မရေမတွက်နိုင်ဘူး။ သင်္ဘောနဲ့ ဖြေးဖြေး လှုပ်လှုပ်လေး သွားရတဲ့ ရေလမ်းခရီးမျိုးဟာ စိတ်ကူးယဉ်ဖို့ ကောင်းသလို၊ ဂျုံးဂျုံးဂျက်ဂျက် မြည်တဲ့ မီးရထားကြီး စီးသွားရတာကလည်း ရင်ခုန်ဖို့ကောင်းတတ်ပြန်တယ်။ ကားလေးနဲ့ တရိပ်ရိပ်သွားရတာက ရီဝေဝေနဲ့ ရင်ဖိုစေနိုင်သလို၊ လေယာဉ်ပျံကြီး စီးသွားရပြန်ရင်လည်း ဘာလိုလို ခံစားမှုလေးတွေ ရတတ်သေးတယ်။

ဘဝမှာ သွားဖူးခဲ့သမျှထဲက မှတ်မှတ်ထင်ထင်ရှိလွန်းလှတဲ့ ခရီးတခုကို ပြောပြချင်တယ်။

အဲ့ဒီခရီးက ကျနော် ကျောင်းသားဘဝနဲ့ အလုပ်လုပ်ဖို့ သွားခဲ့တဲ့ခရီး။ မရှုပ်ရှုပ်အောင် ပြောတယ်လို့တော့ မထင်စေချင်ဘူး။ ကျနော်တို့ ကျောင်းတက်နေတုန်းက အကန့်အသန့် မရှိ ကျောင်းပိတ်တာနဲ့ ကြုံခဲ့တယ်။ ဘယ်တော့ ပြန်ဖွင့်မယ်မှန်းမသိတဲ့ကျောင်းကို ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်တဲ့အတွက် ကျနော် အလုပ်လုပ်ပါတယ်။ ကျောင်းမှာတစ်ခန်းထဲအတူနေခဲ့တဲ့ ဝန်းသိုမြို့က သူငယ်ချင်းက အဆွယ်ကောင်းလို့လည်း လုပ်ဖြစ်သွားတယ်ဆိုပါတော့။ သူတို့ ဝန်းသိုမြို့ အနီးက ဂျိုးတောင်ဆိုတဲ့ မီးရထား ဘူတာရုံရှိတဲ့ ရွာလေးမှာ တွဲဖက်ကျောင်းဆရာ အလုပ်ပါ။

တွဲဖက်ကျောင်းဆရာ ဆိုတာလေး ရှင်းပြချင်သေးတယ်။ ဂျိုးတောင်ရွာမှာက အစိုးရ အလယ်တန်းကျောင်းပဲရှိတယ်။ ကိုးတန်းနဲ့ ဆယ်တန်းအတွက် ကျောင်းသားရှိတယ် ကျောင်းမရှိဘူး။ ဒီမှာတင် အခြေအနေရဲ့ လိုအပ်ချက်အရ လက်ရှိအလယ်တန်းကျောင်းမှာ တွဲဖက်တဲ့ အထက်တန်းကျောင်းဆိုတာ ပေါ်ထွက် လာခဲ့တယ်။ ကျနော်က အဲ့ဒီကျောင်းက ဆရာ တွဲဖက်ကျောင်းဆရာ။ ကျောင်းဆရာအတွက် လခနဲ့ ဒီတွဲဖက်ကျောင်းရဲ့ ကုန်ကျစားရိတ်တွေကို ကျောင်းသားမိဘတွေနဲ့ ရပ်ရွာက အကုန်အကျခံရတယ်။

ဒီဒေသတဝိုက်မှာတော့ လမ်းပန်းဆက်သွယ်ရေးအတွက် မီးရထားအပြင် အခြားရွေးချယ်စရာမရှိတော့ မီးရထား ဘူတာရုံလေးက ဂျိုးတောင်ရွာရဲ့ ကျက်သရေဆောင် ဂုဏ်ယူစရာတစ်ခုပါ။ အခုတွဲဖက်ကျောင်းတစ်ခုပါ ဖွင့်နိုင်ပြီဆိုတော့ ပိုပြီး ဂုဏ်ယူနေကြတာပေါ့။ သူငယ်ချင်းရှိတဲ့ ဝန်းသိုကနေ ဂျိုးတောင်ကို မန္တလေး မြစ်ကြီးနား အဆန်ရထားကြီး နာရီဝက်လောက် စီးသွားရတယ်။

ကူးသန်းရောင်းဝယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး တာဝန်တွေကို တပြိုင်နက်တည်း ထမ်းဆောင်နေရတဲ့ မီးရထားကြီးခင်မျာ လူစီးတွဲမှာတောင် ခရီးသည်တွေတင်မက ထင်းချောင်းတွေကအစ ကုန်ပစ္စည်းမျိုးစုံနဲ့ ပြည့်နှက်နေတယ်။ ကျနော့်ရဲ့ တခုတည်းသော ဝန်စည်စလယ်က စာအုပ်တွေ (အဝတ်အစား အနည်းငယ်) ထည့်ထားတဲ့ ထင်းရှူးသေတ္တာ။ ဘေးလက်ကိုင်ကွင်းနှစ်ဖက်က ကိုင်ပြီး သေတ္တာကြီး တကားကားနဲ့ ဟိုတွဲပေါက်သွားလိုက် “ဒီမှာ နေရာလွတ် မရှိတော့ဘူး”ဆိုပြီး တွန်းလွှတ်ခံလိုက်ရ။ ဒီတွဲပေါက်သွားလိုက် တွန်းချခံလိုက်ရနဲ့ ကိုးရို့ကားယား။ ဘူတာလိုက်ပို့တဲ့ သူငယ်ချင်းအဖေက “မောင်ရင် ဒီလို လုပ်နေလို့တော့ မဖြစ်ဘူး” ဆိုပြီး ဖင်ကနေ တွန်းတင်ပေးလိုက်မှ ရထားပေါ် ရောက်သွားတော့တယ်။ ရထားပေါ်သာရောက်သွားတယ် ကျနော်ရောက်သွားတာက လူစီးတွဲလည်း မဟုတ်သလို၊ ကုန်တွဲလည်း မဟုတ်။ ဘေးတစောင်းသာ ရပ်လို့ရတဲ့ ဒီဇယ်စက်ခေါင်းဘေး တနေရာ။ အခြေအနေကို သတိထားမိတော့ ကြောက်ကြောက်လန့်လန့်နဲ့ စက်ခေါင်းကြီးကို ရင်ဘတ်ကြီး ကပ်ပြီး ရပ်သွားလိုက်တာ…။ နည်းနည်းကြာလာတော့ စက်ခေါင်းကြီးကို ကပ်ထားတဲ့ ရင်ဘတ်ကြီးကပူ။ တဟဲဟဲ ထိုးခွဲသွားနေတဲ့ ရထားကြီး အရှိန်နဲ့ တန်ပြန် တဟူးဟူးတိုက်တဲ့ မြန်မာပြည်အထက်ပိုင်းရဲ့ ဆောင်းလေကြမ်းတွေက နောက်ကျောကို ပါးပါးလှီးလို့ ကျောကုန်းကြီးက စိမ့်နေအောင်အေး။ ကျောကော့ရင်ကော့ ညောင်းလာတော့ တဖက်ပြောင်း။ ဒီအခါကျပြန်တော့ ရင်ဘတ်ကြီးက အေးပြီး၊ ကျောကုန်းကြီးကပူ။ ဒီလိုနဲ့ ရင်ပြီးရင် ကျောပြောင်း၊ ကျောပြီးရင် ရင်ပြောင်းနဲ့ အမြင်တွေ မစောင်းပဲ လိုရာခရီးကို ရောက်အောင် သွားခဲ့ရပါတယ်…။
*****
ဒီအဖြစ်အပျက်လေးကို ကိုဧရာက ‘ဧရာ၏ စွန့်စားခန်းများ’ ဆိုပြီး ကျမတို့ သားအမိတွေကို ဟန်နဲ့ပန်နဲ့ ရယ်စရာအဖြစ် မကြာခဏ ပြောပြတတ်ပါတယ်။ “သီတာ.. ရယ်စရာကောင်းတဲ့ပို့စ် ဖြစ်အောင်ရေး”လို့ ပြောထားတာလည်း ကြာပါပြီ။ မရေးဖြစ်ခဲ့ပါဘူး။ အခုလောလောဆယ် ကျမတို့ နိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေအရ ကိုယ်ယုံကြည်ရာ အရောက်လှမ်းတဲ့ခရီးမှာ ခြေတစုံစာ နေရာသာရှိတဲ့ ကျဉ်းထဲကျပ်ထဲရောက်ပြီး ရင်ဘတ်ကြီး ပူတဲ့အခါ၊ ကျောကုန်းကြီးက အေး… ကျောကုန်းကြီး ပူတဲ့အခါ ရင်ဘတ်ကြီးက အေးနဲ့… ‘ကိုဧရာ ရထားစီးသလိုပါလား’ လို့ တွေးမိပြီး ဒီပို့စ်ကို ဘယ်လိုမှ ဟာသမြောက်အောင် မရေးနိုင်တော့ပါဘူး။

5 comments:

tin min htet said...

ကျောပူလိုက် ရင်ပူလိုက် ဖြစ်ပေမယ့် ဒီရထားကို စီးရင် ဒီဘူတာရောက်မယ် ဆိုတာ သေချာနေတော့ တော်သေးတာပေါ့ :P

ဇွန်မိုးစက် said...

ဟင်း...သက်ပြင်းကြီး ချသွားသည်။

sonata-cantata said...

၁၀၀% သေချာတာတော့ မဟုတ်ဘူးပေါ့လေနော် အဲ့ဒီရွာလေးကို မသီတာကို ခေါ်သွားဦးမယ် ပြောထားတယ်...သူ့စကားဘယ်လောက် သေချာမလဲ ဆိုတာ ကိုတင်မင်းထက်တို့ပါ ၀ိုင်းမှတ်ထားပေး

ဇွန်ရေ
အမနဲ့ အတူ စိတ်မောပေးလို့ ကျေးဇူး
လူ့စိတ်ဆိုတာကတော့ အတက်အကျတွေနဲ့ပါနော်

tg.nwai said...

ဟုတ်တယ် သီတာရေ...ပြန်ပြောတဲ့ အချိန်မှာသာ ရယ်စရာကောင်းချင်ကောင်းနေမယ်.. အဲဒီအချိန်ကတော့ တကယ် ခံရခက်မှာပဲလေ... လူဆိုတဲ့ အမျိုးကလည်း တော်တော် adapt လုပ်နိုင်တာကိုး... တို့တွေလည်း ဒီခရီး ဘယ်တော့များမှ ဆင်းရမယ် မသိ... ကျောပူ ရင်ပူ နားပူ.. အို.. ရှိသမျှ အပူ အကုန်ပူနေလို့ ဟိုညှိ ဒီညှိ လိုတိုးပိုလျှော့ လုပ်ရင်း ခရီးဆက်နေသေးလေရဲ့... :)

Anonymous said...

ညီမလေး မသီတာ....
ကိုဧရာကလဲ ပာန်နဲ့ ပန်နဲ့ အပြောကောင်း
ညီမကလဲ အရေးကောင်း