Monday, December 20, 2010

အချိန် နှင့် အမျှ


၁၅ ဒီဇင်ဘာ (ဗုဒ္ဓဟူးနေ့)က ဘုန်းကြီးကျောင်း ရောက်ပါတယ်။ အတူသွားတဲ့ အန်တီက သင်္ကန်းတထည် ဆရာတော်ကို ကပ်လှူတော့၊ “ဒါကာမကြီး ဘာအတွက် လှူတာလဲ” လို့ ဆရာတော်က မေးပါတယ်။ အန်တီက ‘မိတ်ဆွေတယောက်ရဲ့အမေ ဆုံးပါးသွားလို့ အဲ့ဒီမိတ်ဆွေက သူကိုယ်တိုင် ကျောင်းကို မလာနိုင်တဲ့အတွက် သူ့အမေကို ရည်စူးပြီး လှူပေးပါရန် အကူအညီတောင်းလိုက်ကြောင်း’ ဆရာတော်ကို လျှောက်ထားပါတယ်။ ဆရာတော်က “ဒါဆို အမျှဝေရမယ်” လို့ မိန့်ပါတယ်။ “ဒါ ဘုန်းကြီးအလုပ်၊ လှူတာကို ဟိုနားထားခဲ့ဆို ပြီးတာမဟုတ်ဘူး” လို့ ပြုံးရယ်ရင်း မိန့်ပါတယ်။ တဆက်ထဲမှာပဲ “ကြားဖူးကြလား ဗိမ္ဘိသာရမင်းကြီးရဲ့ ဆွေတွေ မျိုးတွေ ပြိတ္တာတွေ ဖြစ်နေကြတာ၊ ဗိမ္ဘိသာရမင်းကြီးက ဘုရားနဲ့ တကွ သံဃာတွေ ဆွမ်းကပ်ပြီး သူက မသိတော့ အမျှမဝေမိဘူး။ ဒီမှာတင် မင်းကြီးကို မကောင်းတဲ့ အနံ့တွေ၊ အဆင်းတွေ ပေးပြီး ခြောက်ကြ လှန့်ကြတာပေါ့။ ဗိမ္ဘိသာရမင်းကြီးက ကြောက်လန့်ပြီး မြတ်စွာဘုရားကို လျှောက်ထားတော့၊ မြတ်စွာဘုရားက ရှင်းပြတော့မှ နောက်တရက် မြတ်စွာဘုရားနဲ့ သံဃာတွေ ထပ်မံပင့်ဖိတ် ဆွမ်းလုပ်ကျွေးပြီး၊ အမျှအတန်း ပေးဝေတော့မှ ပြိတ္တာဖြစ်နေတဲ့ ဆွေဟောင်းမျိုးဟောင်းတွေလည်း စားရသောက်ရ၊ ဝတ်စရာ၊ နေစရာတွေ ရကြတယ်… ။ ပြိတ္တာဘဝက ကျွတ်လွတ်သွားတယ်လို့တော့ မဟုတ်ပါဘူး။ ကျွတ်တာကတော့ အချိန်တန်မှ ကျွတ်မှာပါ။ စားစရာ၊ ဝတ်စရာ ရသွားတယ် ဒီသဘောပါ” လို့ အမိန့်ရှိပါတယ်။ “အမျှအတန်း ပေးဝေတဲ့ ဓလေ့ အဲ့ဒီက စ သလား လို့တောင် ဘုန်းကြီး ထင်မိတယ်” လို့ ဆက်မိန့်ပါသေးတယ်။

ဆရာတော်ရဲ့ တရားစကားထဲမှာ အချိန်တန်တော့ ဆိုတဲ့ စကားအပေါ် အတွေးနယ်ချဲ့မိပါတယ်။ အချိန်တန်တော့ သေပြီး၊ ဘဝတပါးသို့ ကူးပြောင်းရမယ်။ အချိန် … အချိန်… သတ္တဝါ တဦးတယောက်ချင်းစီအတွက် ပိုင်ဆိုင်တဲ့ အချိန်တွေက မတူကြပေဘူး။ ဘဝတခုမှာ အသက်ရှင်နေထိုင်ခွင့်ရတဲ့ အချိန်ဟာ သူပိုင်ဆိုင်တဲ့ အချိန်ပဲ။ အချိန်ရှိတိုင်း အိပ်နေတတ်တဲ့ ကိုယ့်ကိုကိုယ် အသေအချာ ဆုံးမ ပါတယ်။ “အယင်ဘဝက ကုသိုလ်ကောင်းမှုလေး ပါခဲ့လို့ အခုဘဝမှာ အသိဉာဏ် အတန်အသင့်ရှိတဲ့ လူဖြစ်ပါလျက်နဲ့ ဒီလိုသာ ဘဝကို ကုန်ဆုံးပစ်နေရင်တော့၊ နောင်ဘ၀ တိရစ္ဆာန်အဖြစ်ကို ရွေးချယ်ဖို့ ဦးတည်နေတာပဲ...” လို့။

ဘုန်းကြီးကျောင်းကနေ အိမ်ပြန်ရောက် email စစ်တော့၊ စက်မှုတက္ကသိုလ်တက်စဉ် ကိုဧရာတို့နဲ့ အတန်းဖော်တောက်လျှောက်ဖြစ်ခဲ့ပြီး နောက်ဆုံးနှစ်မှာတော့ နောက်တနှစ်ဖြစ်တဲ့ ကျမတို့နှစ်မှာမှ ကျောင်းတူတူပြီးခဲ့တဲ့ အမတယောက်ရဲ့ နာရေး သတင်းကို သိရပါတော့တယ်။ ခဏနေတော့ မနက်က ဘုန်းကြီးကျောင်းအတူတူသွားခဲ့တဲ့ အန်တီရဲ့ ယောက္ခမကြီး ဒီနေ့ပဲ ရန်ကုန်မှာ ဆုံးကြောင်း အန်တီက ဖုန်းဆက် အကြောင်းကြားလာပြန်ပါတယ်။ ညဘက် ဘုရားရှိခိုးအပြီးမှာ လွန်ခဲ့သော ခြောက်လခန့်က ကွယ်လွန်သွားပြီးလို့ သိရတဲ့ အမရဲ့ အမည်ကို ခေါ်ပြီး၊ ၎င်းနှင့်တကွ ၃၁ ဘုံ၌ ကျင်လည်ကြကုန်သော ဝေနေယျ၊ သုခိတ၊ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား ကောင်းမွန်စွာ အမျှပေးဝေပါတယ်။ အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ…။

အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ဖို့အတွက် အသိဉာဏ်ရှိဖို့ လိုတယ်။ လူသားတဦးရဲ့ တဘဝတာ အချိန်အတွင်းမှာ အဆိုးရော၊ အကောင်းပါ လောကဓံတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့ အသိဉာဏ်တွေ ရင့်သထက် ရင့်သန်ဖို့၊ နောက်ဆုံး လောကမှ လွတ်မြောက်ရေး ဆိုတဲ့ အန္တိမပန်းတိုင်ကို မျက်မှောက်ပြုဖို့ ရှင်သန်နေတဲ့ အချိန်အတွင်းမှာသာ ကြိုးစားအားထုတ်နိုင်တယ်။

*****
လွန်ခဲ့တဲ့ ၃နှစ်လောက်က ခေါင်းတွေ မူးနေတတ်လို့၊ ဂျပန်မှာရောက်နေတဲ့ ငယ်သူငယ်ချင်းတယောက် ဖုန်းဆက်လာတဲ့ အခါ သူ့ကို နေမကောင်းကြောင်း ညည်းလိုက်မိပါတယ်။ “ဟယ်အဲ့ဒါဆို နင် သွေးပေါင်လေး ဘာလေး မှန်မှန်ချိန်မှပေါ့” ဆိုပြီး သိပ်မကြာပါဘူး ဂျပန်ကနေ သွေးပေါင်ချိန်စက်ကြီး ပို့ချလာပါတယ်။ Manual က ဂျပန်လို ဖြစ်နေလို့ ဆိုပြီး၊ နောက်မှ အင်္ဂလိပ်လို Manual ကိုပါ ရှာကြံ မိတ္တူဆွဲပြီး ပို့ပေးခဲ့ပါသေးတယ်။ ဝမ်းနည်း ဝမ်းသာဖြစ်ပြီး မသုံးရက်ပဲ အသစ်အတိုင်းသိမ်းထားခဲ့ပါတယ်။ ဒီစက်ကို ငါတယောက်ထဲအတွက် အသုံးမချပဲ၊ အများအတွက် အသုံးကျအောင် ဘယ်လိုလုပ်ရမလဲ လို့ တွေးတောကြံဆရင်း….အခုတော့ ဆန္ဒပြည့်ဝခဲ့ပါပြီ။

၁၈ ရက်နေ့က ရန်ကုန်ပြန်သွားတဲ့ ညီမလေးတယောက်နဲ့ အကြုံထည့်ပေးလိုက်ပြီး သုခဆေးခန်းမှာ လှူဒါန်းလိုက်ပါပြီ…။ ရန်ကုန်ရောက်ရောက်ခြင်းနေ့မကူးပဲ ဆေးခန်းမှာ သွားလှူပေးခဲ့တဲ့ ညီမတို့ ဇနီးမောင်နှံနဲ့ လူကြုံယူသွားပေးတဲ့ ညီမတို့ကို ကျေးဇူးအထူးတင်ပါတယ်။

ဆေးခန်းအတွင်း တနေရာ...

ဆေးခန်းအတွင်း တနေရာ...

ချစ်သူငယ်ချင်း နှစ်ယောက်ရဲ့ လှူဒါန်းခြင်း -ကုသိုလ် ကို သတ္တဝါအပေါင်းအား အမျှပေးဝေလိုက်ပါတယ်။

18 comments:

khin oo may said...

ဝမ်းသာစရာပါ ညီမ. သာဓုခေါ်ပါတယ်။

Anonymous said...

What an excellent idea!I really appreciate all of ur goodness n care.(ur fried,ur sis n both of u).THADU,THADU,THADU.......Gyidaw

Anonymous said...

THADU,THADU,THADU.......Gyidaw

Anonymous said...

ဂုဏ်ပြုပါတယ် မသီတာ၊

Anonymous said...

သုခဆေးခန်းကို တိုက်ရိုက်ဆက်သွယ်နိုင်မဲ့ ဖုန်းနံပါတ်လေးပေးနိုင်မလားခင်ဗျာ..

Sonata Cantata said...

ဖုန်းနံပါတ်...ရန်ကုန်က ညီမကို မေးကြည့်ပေးပါဦးမယ်နော်

Anonymous said...

ကောင်းလိုက်တာ မသီတာ ရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

စုချစ် said...

ဟော်တော်... အဲဒီအစ်မ ဆုံးသွားပြီတဲ့လား... စိတ်မကောင်းလိုက်တာ...
တနေ့ကလဲ ဘုန်းကြီးကျောင်းက တွေ့ဆုံပွဲရောက်မှ ကျောင်းတက်တုန်းက စုချစ်တို့ကို စာသင်ပေး၊ အစစကူညီပေးခဲ့ဖူးတဲ့ အစ်ကိုတစ်ယောက်ကင်ဆာနဲ့ ဆုံးသွားတာ သိရတယ်...
တနှစ်လောက်ကပဲ သူ့ကို ကလေးတွန်းလှည်းကြီးနဲ့ မိသားစုနဲ့ ပြုံးလို့ ပျော်လို့ လှမ်းတွေ့မိသေးတာ....

သုခ ဆေးခန်းကို ဆက်သွယ်ချင်ရင်တော့...

သုခ ကုသိုလ်ဖြစ်ဆေးခန်း
နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊
(၄၈-ယူ ၉ရပ်ကွက်) မြောက်ဒဂုံမြို့နယ်၊
ရန်ကုန်မြို့၊
ဖုန်း(၇ဝ၉၂၇၇၊ ၇၂၈ဝ၈၉၊ ၅၈၁၃၆၃၊ ၅၈၁၃၈၃)

Anonymous said...

ကြည်နှုးစရာ ကုသိုလ်လေးပါ။ သာဓုခေါ်သွားပါတယ် မမသီတာ။

ဇွန်မိုးစက် said...

လှိုက်လှိုက်လှဲလှဲနဲ့ သာဓုခေါ်ဆိုသွားပါတယ် မမသီတာ။
သာဓု...သာဓု...သာဓု...။း))

T T Sweet said...

အစ်မရေ... ကောင်းမှုလေးအတွက် သာဓုခေါ်သွားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်ကို ၀မ်းမြောက်စွာသာဓုခေါ်မိပါတယ်...
တူသောအကျိုးပေးပါစေ အစ်ကိုနဲ့ အစ်မတို့ရေ...

မဓောဝီ said...

သာဓုခေါ်ပါတယ် မသီတာရေ။
ခေါင်းမူးနေတယ်ဆိုတော့ ကျန်းမာရေးလဲ ဂရုစိုက်ပါနော်။

အိမ့်ချမ်းမြေ့ said...

သာဓုသုံးကြိမ်ခေါ်လိုက်ပါတယ် မ..
လက်ကိုက်.. ခေါင်းမူးဆို သတိထားဦးနော်..

ညီလင်းသစ် said...

အင်မတန်မှ အကျိုးများပြီး ကြည်နူးမှုဖြစ်စေတဲ့ လှူဒါန်း မှုလေးပါပဲဗျာ....၊

ဟိုတစ်နေ့တည်းက အလုပ်ထဲကနေဖတ်ပြီး ကွန်မန့်ရေး မလို့..၊ အင်္ဂလိပ်လိုပဲ ရေး,ရေးနေရမှာမို့ အခုမှပဲ အိမ်ကနေ ရေးဖြစ်တာ....၊

ခရီးမထွက်ခင်လည်း တခါတည်းနှုတ်ဆက်ပါတယ် မသီတာရေ... Merry X'mas and Happy New Year!

တန်ခူး said...

မ ရေ... မရဲ့အလှူက တကယ်လိုအပ်နေတဲ့ ချို့ တဲ့နေတဲ့ သူတွေအတွက် အသုံးပြုရမှာဖြစ်လို့ ရေများရာမိုးရွာတဲ့ အလှူတွေထက် ပိုကုသိုလ်ရမှာပါ...

PhyoPhyo said...

❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......

သစ်နက်ဆူး said...

မသီတာ
မုဒိတာပွားပြီး သာဓုခေးပါတယ်..
ကျမ္မာရေးလဲ ဂရုစိုက်ပါ..။
မသီတာပြောတဲ့ အချိန်ဆိုတာ...
ကျနော်လဲ အတွေးဝင်ခဲ့ တယ်..။
ဒါကြောင့် အမှတ်တယစာလေးတွေ ရေးရင်း
သေရာပါမယ့် အလုပ်လေးတွေ ကြိုးစားလုပ်နေတယ်။