Sunday, July 10, 2011

စိတ်ကောင်းရှိ

“စိတ်ကောင်းရှိ
သီလမြဲ
ဝိပဿနာစွဲ
သံသရာဝဋ်မှ လွတ်မည်မလွဲ” ဆိုတဲ့ ဆောင်ပုဒ်လေးဟာ ဗုဒ္ဓဘာသာဝင်များနဲ့ ရင်းနှီးပြီးသားပါ။

ပထမဦးဆုံး “စိတ်ကောင်းရှိ” ဆိုတဲ့ စာကြောင်းလေးကို အတွေးနယ် ချဲ့မိပါတယ်။ ဘယ်အရာကို စိတ်ကောင်း၊ ဘယ်အရာကို စိတ်ဆိုး စိတ်ညစ်လို့ ခွဲခြားပါမလဲ။ အကောင်းအဆိုး၊ အမှားအမှန် ခွဲခြားဝေဖန်နိုင်တဲ့ အသိဉာဏ်ရှိသော လူသားများအတွက် လွယ်မယောင် ရှိပါတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စ၍လည်း လူကြီးမိဘ ဆရာသမားများက စိတ်ကောင်းထားတတ်အောင် သွန်သင် ဆုံးမပေးခဲ့ကြပါတယ်။ သို့သော် စိတ်ကောင်းကို အချိန်တိုင်း၊ နေရာတိုင်း၊ လူတိုင်းအပေါ် ထားနိုင်ဖို့၊ ထားတတ်ဖို့ မလွယ်ကူတာကို သတိထားကြည့်ရင် သိနိုင်ကြပါလိမ့်မယ်။ “တစတစ စွန့်ဝံ့မှလျှင် ဘဝနောက်နှောင်း ဆက်တိုင်းကောင်း၏” ဆိုတဲ့ အဆိုအမိန့်လို၊ ကိုယ်တတ်နိုင်သလောက် အနေအထားကနေ စလို့၊ စိတ်ကောင်းကို ကြိုးစားထားကြည့်ဖို့ ဆန္ဒရှိပါတယ်။

ဒီလိုနေရင်းနဲ့ ကိုယ့်ကိုကိုယ်တော့ ထင်တာပဲ ဆိုတာလို ကိုယ့်စိတ်ကိုယ်တော့ စိတ်ကောင်းလို့ ထင်ကြတာချည်းပါလား လို့ သတိထားမိလာပါတယ်။ လူတယောက်ကို ကြည့်မရဘူး ဆိုကြပါစို့… ဒီလူက ဒေါင့်ကို မကျိုးလို့ ငါကြည့်မရတာ…ငါ့စိတ်ကတော့ စိတ်ကောင်း။ ဒီလူတွေ ငါ့ကို အထာမကြည်တာ ငါသိတယ်၊ ငါ့စိတ်က စိတ်ကောင်း…၊ သူတို့ အကုသိုလ်နဲ့ သူတို့ မကြည်တာတော့ မတတ်နိုင် ဆိုတာမျိုးု ကိုယ်ကိုတိုင်လည်း သဘောထားတယ်။ စိတ်ကောင်းရှိပါတယ်ဆိုတဲ့ အခြားသူတွေလည်း ဒီသဘောမျိုးပဲ ရှိကြတယ်ဆိုတာ သူတို့ အပြော အလုပ်တွေကနေ သိလာရပါတယ်။

ဒီလိုစိတ်ကောင်းတွေ ရှိတဲ့ လူ့အသိုင်းအဝိုင်းမှာ မျှော်လင့်ထားတဲ့အတိုင်း မဟုတ်ပဲ မအေးချမ်းမှု၊ မပျော်ရွှင်မှုတွေကို တွေ့ကြုံလာတဲ့အခါ စိတ်ကောင်းအပေါ် သံသယဝင်မိပါတယ်။ ကမ္ဘာကြီးကပဲ စိတ်ကောင်းနဲ့ မတန်တော့သလိုလို … စိတ်ကောင်းဆိုတာ လူပေါ်၊ အခြေအနေပေါ်လိုက်ပြီး ထားရတော့မလိုလို သို့လောသို့လော အတွေးများဝင်လာခဲ့ပါတယ်။ သံသယတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်လည် စိစစ်မှုတွေ လုပ်တဲ့အခါ ငါဟာ ငယ်ငယ်တုန်းကသာ စိတ်ကောင်းရှိခဲ့ပြီး၊ အခု ငါ့စိတ်ကောင်းတွေ ဘယ်ရောက်ကုန်ပြီလဲ။ ငါဟာ ပြောင်းလဲခဲ့ပြီလား။ ဘယ်အရာတွေက ငါ့ကို ပြောင်းလဲစေခဲ့သလဲ…။ မေးခွန်းပေါင်းစုံ ခေါင်းထဲ ဝင်လာတတ်ပြီး အဖြေက မသေချာ၊ မေးခွန်းတွေက ဝေေ၀ဝါး၊ မကြည်လင် မချမ်းမြေ့မှုတွေနဲ့ လေးလံ ထိုင်းမှိုင်းပြီး၊ စိတ်ကောင်းရှိတယ် ဆိုသူကြီးမှာ ထွက်ပေါက်တွေ ပိတ်၊ မွန်းကြပ်မှုတွေ ခံစားလာရတာ မဖြစ်သင့် မဖြစ်ထိုက်ပေမဲ့ ဖြစ်လာခဲ့တာတွေပါ။

စိတ်ရဲ့အလျဉ်ဟာ အလွန်လျင်မြန်ပြီး သည်လူ တဦးတယောက်တည်းအပေါ်မှာပဲ အခုတင် စိတ်ကောင်းတွေ ထားနေပြီး၊ အခုပဲ စိတ်ကောင်းမထားနိုင်တော့တဲ့ အဖြစ်မျိုးတွေက ကိုယ်နဲ့ အရင်းနှီးဆုံး အချစ်ခင်ဆုံး ဆိုတဲ့ လူတွေနဲ့ပဲ တွေ့ကြုံရတဲ့အခါ၊ စိတ်ကောင်းနောက် ကောက်ကောက်လိုက်ရင်း မောပန်းနွမ်းလျမှုတွေလည်း ရှိခဲ့ပါတယ်။

အခုတော့ ပုထုဇဉ်ဆိုတဲ့ အညစ်အကြေးများနဲ့ လူတယောက်အနေနဲ့ အကြောင်းတိုက်ဆိုင်လို့ ဖြစ်ပေါ်လာတဲ့စိတ်တွေမှာ အလိုအလျောက်တော့ စိတ်တွေက ကောင်းနေဖို့ မလွယ်ကူတာ သတိထားမိပါပြီ။ သတိ ဝီရိယလေး ထည့်ပြီး အားထုတ်မှုနဲ့ စေတနာကောင်း၊ ကောင်းစေချင်တဲ့ စေတနာတွေ များများမွေးရင်း စိတ်ကောင်းရှိအောင် ကြိုးစားသွားရမှာပါလားဟု တွေးနေမိပါတယ်။

ပုထုဇဉ်တစ်ဦးအတွက် “စိတ်ကောင်းရှိဖို့” ဆိုတာ ပင်ကိုယ် ဗီဇသက်သက်ကနေ ဖြစ်လာဖို့တော့ သိပ် မလွယ်ပါဘူး။ ကိုယ်ပတ်ဝန်းကျင်က ကောင်းကောင်း ဆိုးဆိုး ကိုယ့်စိတ်က ကောင်းနေအောင် (တမင်လုပ်ယူတယ်ပဲ ပြောပြော) ပြုစုပျိုးထောင်ရတဲ့အပိုင်းတွေက ရှိနေမှာပါ။ ဒါမှပဲ ဒီစိတ်ကောင်းတွေက ကိုယ့်စရိုက်သဘာဝထဲ တဖြည်းဖြည်း ရောက်လာမှာပါ။

7 comments:

ATZH said...

Thank you so much for sharing!These days, I also thinking about it.

seesein said...

စိတ်ကောင်းရှိဖို့ က ပထမ
စိတ်ကောင်းရှိဖို့က ဒုတိယ
စိတ်ကောင်းရှိဖို့က တတိယ
နတ်သုံးတိုင်း စိတ်ကောင်းရှိမရှိ စမ်းသပ်ခံနေရလို့ အခုတော့ တော်တော်လေး ကောင်းနေပါပြီဗျ

ခင်မင်တဲ့
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ကောင်းရှိအောင်ကြိုးစားနေထိုင်နေရင်းနဲ့မှ တကယ်ကိုဆိုးတဲ့သူတွေနဲ့ ကြုံရတဲ့အခါ စိတ်ကောင်းလေးကို လက်ကိုင်ထားနိုင်ဖို့ ခက်ခက်သွားတယ်
ဘယ်လိုဘဲဖြစ်ဖြစ် သူမကောင်းလည်း ကိုယ်ကောင်းအောင် ကြိုးစားရမှာနော်
ဒါပေမဲ့ ခက်တယ်
ခက်ပေမဲ့ ကြိုးစားပါ့မယ်

အင်ကြင်းသန့် said...

ဟုတ်တယ်နော်....လူတိုင်းကတော့ ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတဲ့သူလို့ထင်နေကြတာချည်းပဲ။ ကိုယ့်စိတ်ကို သေသေချာချာချာ စမ်းစစ်ကြည့်မှပဲကိုယ့်ကိုကိုယ်သိနိုင်မယ်။ အဲဒီစိတ်ဆိုတာကလည်း အခြေအနေအချိန်အခါတွေအပေါ်မူတည်ပြီး ပြောင်းလဲတတ်တဲ့သဘောတွေရှိနေတော့ သတိထားပြီးတော့ စိတ်ဆိုးစိတ်ယုတ်တွေ မမွေးမိအောင်၊ စိတ်ကောင်းကို ပိုမိုတိုးပွားလာအောင် လေ့ကျင့်ယူရမှာပဲ။ ကြိုးစားရင်ရမယ်ထင်တာပါပဲ...။

ဇွန်မိုးစက် said...

တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်ရဲ့ ဆောင်ပုဒ် ၁၀ချက်ထဲမှာ “စိတ်ကောင်းရှိဖို့က ပထမ” ဆိုတာလေးကို သွားသတိရမိတယ်။

စိတ်ကောင်းရှိဖို့ လေ့ကျင့်ပျိုးထောင်ရတယ်ဆိုတဲ့ အချက်ကို တကယ်ပဲ သဘောတူ ထောက်ခံပါတယ်။

Sonata Cantata said...

CBox မှ
11 Jul 11, 01:20
seesein: စိတ်ကောင်းလေးနဲ့ စာလာဖတ်ပါတယ်ဆိုနေမှ ဒီနတ်စုတ်နဲ့ ဆိုပြီး စိတ်မကောင်းဖြစ်သွားရော
11 Jul 11, 06:37
S-C: ဟုတ်ပ စစရေ...စိတ်ကောင်းရှိရတာ မလွယ်ဘူးပဲ... :)

Sonata Cantata said...

CBox မှ
13 Jul 11, 05:25
mm: စိတ်မကောင်းမရှိ.. သီလမမြဲ.. ၀ိပဿနာမစွဲ ငရဲအိုးကို mm မလွဲ.. :roll: