Friday, September 12, 2008
လမ်းထဲက အဒေါ်ကြီးတွေ
ကျမကိုမွေးပြီး ဒီလမ်းထဲရောက်ခဲ့ကြတာ။ မိသားစုရဲ့ ပထမဦးဆုံးသော ကိုယ်ပိုင်အိမ်က ဒီလမ်းရဲ့ ထိပ်ဆုံးမှာ နေရာယူထားလေရဲ့။ ဒီရပ်ကွက်က ရှေးတုန်းကတော့ ရွာကြီးတစ်ရွာ ဖြစ်ခဲ့လေသတဲ့။ လမ်းထဲမှာ သူကြီးအိမ်ရှိတယ်။ ကျမသိတတ်တဲ့ အရွယ်မှာ သူကြီးဆိုသူတော့ လောကကြီးထဲမရှိတော့ပါဘူး။ သူကြီးကတော်တော့ ရှိသေးတယ်။ ပိန်ပိန်သေးသေးလေးနဲ့ အမြဲတမ်း မိတ်ကပ်တွေ ဖွေးနေအောင်လိမ်းထားတာ ရုပ်ရှင်မင်းသမီး ခင်ယုမေနဲ့တောင် တူသေး။ ဒါပေမဲ့ အဲ့ဒီ အဒေါ်ကြီးကို ကျမ သိပ်စိတ်မဝင်စားမိဘူး။ ကျမစိတ်ဝင်စားတဲ့ လမ်းထဲက အဒေါ်ကြီးတွေက…
အိမ်ရှေ့အိမ်က မမကြည်။ တကယ်တော့ ဒေါ်ဒေါ်ကြည်လို့ ခေါ်ရမှာပေါ့။ ဒါပေမဲ့ ကျမက မမကြည်လို့ပဲခေါ်ချင်တာ။ မမကြည် အမျိုးသားက ဦးဘအေး။ ကိုကိုအေးလို့ပဲခေါ်မယ်နော်။ နေ့လည်စာ ထမင်းစားပြီးချိန်လောက်ဆို ကိုကိုအေးနဲ့ မမကြည် အိမ်ကထွက်ကြပြီ။ သူတို့က မြို့လယ်ကောင်က ဈေးကြီးမှာ ပရဆေးဆိုင် ဖွင့်ထားတာလေ။ ရှေ့သွားနောက်လိုက် ညီလိုက်ပုံများတော့ အဲ့ဒီမြင်ကွင်းကို နေ့တိုင်းကို မလွတ်တမ်းကြည့်ချင်တာ။ တစ်ခါတလေများဆို မမကြည်က ဘီးဆံတုံးလေးတောင် ထုံးထားသေး။ လက်ကိုင်အိတ်လေး လက်မှာ ချိတ်လို့ ကိုကိုအေးနောက်က ယဉ်ယဉ်လေး လိုက်သွားပုံများ မျက်လုံးထဲကကို မထွက်ဘူး။ မျက်နှာချင်းဆိုင်နေတာ ဆိုတော့ မြင်နေရတာလေးတွေ… မမကြည်တို့ အိမ်ရှေ့မှာ ပန်းပင်တွေ အများကြီးစိုက်ထားတာ။ မနက်တိုင်း ပေါင်းသင်၊ ရေလောင်း၊ အမှိုက်ရှင်းလုပ်နေတဲ့ မမကြည်ကို တကုတ်ကုတ်နဲ့ မြင်ရတယ်။ မမကြည် ဆေးဖော်ခါနီးဆိုရင်လည်း အိမ်ရှေ့ လှေကားထစ်နားမှာ ချိန်ခွင်ကြီးချိန်ပြီး အလုပ်ရှုပ်နေတတ်တာ မြင်ရသေး။ ဘယ်အချိန် ကြည့်ကြည့် သပ်သပ်ရပ်ရပ်နဲ့ ရှင်းကြည်သန့်နေတဲ့ မမကြည်။
ကျမတို့ ရပ်ကွက်မှာ သူကြီးရှိစဉ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တဲ့ ဆွမ်းကြီးလောင်းပွဲတော်ဆိုတာရှိတယ်။ လမ်းထဲက အမျိုးသမီးတွေ ဝတ်စုံဆင်တူနဲ့ ပဒေသာပင် လှည့်ရတယ်။ ကျမတို့ လမ်းအတွက်ကတော့ မမကြည်က တာဝန်ခံပဲ။ သူက မြို့လယ်ကောင်ဈေးထွက်တဲ့သူဆိုတော့ မျက်စိအမြင်ရှိတာကတော့ ပြောစရာမလိုဘူး။ သူကိုယ်တိုင် အလှအပကြိုက်တာလည်းပါတာပေ့ါ။ သူထွင်ခဲ့တဲ့ မိုးထိအောင် လှေခါးထောင်၊ ကုဋေ ကုဋာသည်းကိုးဖြာဆိုတဲ့ လုံချည်အဆင်တွေက ဆွမ်းကြီးလောင်းပွဲမှာ ကျမတို့လမ်းက အမျိုးသမီးတွေ ပွဲထုတ်ပေးလိုက်ပြီး ရောင်းမလောက်အောင် တွင်ကျယ်ခဲ့လေသတဲ့။ ဒီလိုနဲ့ ကိုကိုအေး ဆုံးပြီးတော့ မကြာဘူး သူလည်း ရောဂါဝင်ပါလေရော။ သူရောဂါက အဆန်းရယ်။ အကြောရောဂါတဲ့ ခေါင်းရော လက်တွေရော ခြေတွေရော လှုပ်နေတာ။ တဖြေးဖြေးဆိုးလာလိုက်တာ ကိုယ်တိုင် အမှုကိစ္စတွေ ဘာမှ မလုပ်နိုင်တော့ဘူး။ သူနေကောင်း နေတုန်းကတော့ မမကြည်က ရုတ်တရက်ကြည့်ရင် မာန်ကြီးတဲ့ပုံပေါက်တယ်။ တကယ်ကတော့ စည်းကမ်းကြီးတာပါ။ ဒီရောဂါကြီး သူမှာဖြစ်တော့ သနားစရာရယ် မာန်ကြီးတဲ့ ပုံလည်းမပေါ်တော့ဘူး။ ပြုံးပြုံး ပြုံးပြုံးနဲ့။ နောက်ဆုံးတော့ အိပ်ယာထဲ တော်တော်ကြာကြာလေး နေသွားရတယ်။ ထူးဆန်းတာက နောက်ဆုံး အချိန်ထိ မမကြည်က ကြည်နေ သန့်နေတယ် ဆိုတဲ့အချက်လေးပါဘဲ။
နောက်တယောက်ကတော့ မမအေး။
မမအေး အမျိုးသားကတော့ ဦးထွန်းတင်တဲ့။ ကိုထွန်းတင်က ကျမမှတ်မိလောက်တဲ့ အချိန်မှာ အိမ်ထဲက အိမ်ပြင် သိပ်မထွက်နိုင်တော့လို့ ပိန်ပိန်ပါးပါးလို့ပဲ ရေးတေးတေးမှတ်မိတော့တယ်။ မမအေးကတော့ ၀၀ကစ်ကစ်လေး။ မမအေးက မြန်မာအကျီ လက်ပြတ် ပြောင်အရောင်နုနု တောက်တောက်လေးတွေကို ပါတိတ်တို့ ကီမိုနိုတို့နဲ့တွဲဝတ်တတ်တယ်။ နက်မှောင်နေတဲ့ သူ့ဆံပင် ဘီးကျော်ပတ်ကြီးမှာ စပယ်ပန်းကုံးကို ခွေပန်ထားတာ ဘယ်အချိန်ကြည့်ကြည့် သည်အတိုင်းမို့ သူ့ စပယ်ပန်းတွေ မနွမ်းဘူးလားလို့တောင် ထင်ရတယ်။ မမအေးက သိမ်ကြီးဈေးမှာ ဈေးထွက်တာလေ။ ဆေးလိပ်၊ စီးကရက် ကိုယ်စားလှယ်။ ကိုယ်ပိုင်ကားနဲ့ ဒရိုင်ဘာနဲ့။ သူတို့ အိမ်မှာ ဖုန်းလည်းရှိတယ်။ အဲ့ဒီ အချိန်တုန်းကတော့ တစ်လမ်းလုံးမှာ ဖုန်းရှိတဲ့ အိမ်ဆိုတာ နှစ်အိမ် သုံးအိမ် ရှိတာကလား။ ညနေစာ စားပြီးချိန်ဆို မမအေး နယ်က သူ့ ကုန်သည်တွေနဲ့ ဖုန်းပြောပြီ။ အဝေးcall တွေဆိုတော့ မမအေး တစ်ယောက် ကုန်းအော်ရတာ။ မိဘက ပြည့်စုံတော့ မမအေးမှာ သိပ်ဆိုးတဲ့ သားတစ်ယောက်ရှိတယ်။ အဲ့ဒိလူပျိုသားဆိုးက ထင်ရာတွေလုပ်ပြီး ရှေ့ကပြေး သူကလိုက်ရိုက်တာတဲ့ တုတ်ချောင်းလေးလက်ကကိုင် လုံချည်လေးမကာမကာ တင်ပဆုံကြီးတွေ လိမ့်ကာလိမ့်ကာနဲ့။ သူ့ ပုံလေးကချစ်စရာကောင်းတော့ လမ်းထဲက လူတွေ သူ့သားလူပေကိုတောင် စိတ်မဆိုးနိုင်ကြတော့ဘဲ သူတို့ သားအမိ ပြေးတမ်းလိုက်တမ်းကစားတာကိုပဲ သဘောကျနေကြတော့တာ။ မမအေးလည်း သေရှာပါပြီ။ သူ့သားလည်း လူတော် မဖြစ်ပေမဲ့ လူကောင်းတော့ ဖြစ်နေပါပြီ။
ရှိသေးတယ် မမနှင်း တစ်ယောက်
မမနှင်းက ပုပု သေးသေး ဖြူဖြူလေး။ ပုံစံက တော်တော်ရိုးတယ်။ သနပ်ခါးကတော့ ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံး ဖွေးနေတာပဲ။ လမ်းလျှောက်ပုံလေးက ဇတ်တောက်ဇတ်တောက်နဲ့ တလောကလုံးကို ထီမထင်တဲ့ပုံ။ ကျမမှတ်မိတဲ့ အချိန်မှာ မမနှင်းက မုဆိုးမ။ မမနှင်းမှာ ခဏခဏရန်ဖြစ်ကြတဲ့ ဆွေမျိုးအုပ်စုတောင့်သလောက် ပြဿနာ ဖြစ်တိုင်း မမနှင်းဖြေမှ အေးတယ်။ မမနှင်းက ဒေါ့ဂျစ်ကားကြီးတွေ ထောင်ထားတာလေ။ မနက်မိုးလင်း (၇)နာရီဆို ကျမတို့ လမ်းထိပ် လျှပ်စစ်ရုံးက ဥသြဆွဲရင် မမနှင်းပိုင် ဒေါ့ဂျစ်တွေကလည်း လမ်းထဲကနေ တန်းစီပြီး ဂိတ်ထိုးမည့်ဆီ ထွက်တော့တာပဲ။ သူ့ ကားဒရိုင်ဘာတွေက သူ့သား၊ သူ့တူ နဲ့ သူ့ဆွေနီးမျိုးစပ်တွေပေါ့။ သိမ်၊ ကျောင်း၊ ဇရပ်နဲ့ ရဟန်းအမကြီး တစ်ယောက်ဖြစ်တဲ့ မမနှင်း မလှူဖူးတဲ့ အလှူ မရှိစေရဆိုပြီး အိမ်မှာ နတ်ကနားပေးလိုက်တာ ဥပုသ်နေ့တိုင်း သီလပေးဖို့ ကြွလာနေကျ သူ့ ဦးပဇင်းလည်း စိတ်ဆိုးပြီး မကြွတော့ဘူး ဖြစ်သေးတယ်။ လူပုံစံက ရိုးသလောက် ဆန်းဆန်းပြားပြား လုပ်တတ်တဲ့ မမနှင်းလေ သံဃာတွေ ဟော်တယ်ပင့် နေ့ဆွမ်းကပ်သတဲ့။ စေ့စပ်သေချာပြီး ငွေရေးကြေးရေးနဲ့ ပတ်သတ်လာရင် ဘယ်သူ့မှ အားမနာလို့ သူ့ဆီ ချေးလို့ ငှားလို့ မရတဲ့လူတွေ ကွယ်ရာမှာ ခေါ်ကြတဲ့ နာမည်က လောဘနှင်း။ ကျမလည်း အစကတော့ အဲ့ဒိအဒေါ်ကြီးကို နည်းနည်းဖြုံတယ်။ တစ်နေ့ ကျမ အမေ့ အဝတ်ဘီဒိုရှင်းပေးနေတုန်း အမေ့ အင်္ကျီမဟုတ်တဲ့ အဖွားကြီး အင်္ကျီတစ်ထည်တွေ့တော့ အမေ “ဒါဘယ်သူ့အင်္ကျီလဲ” လို့ မေးတော့ အမေက “ဒေါ်ဒေါ်နှင်း အင်္ကျီလေ သူသေရင် ဒီအင်္ကျီလေး မငြိမ်း (ကျမ အမေ) ကို အမှတ်တရ အဖြစ် ပေးလိုက်ပါ” ဆိုပြီး မှာသွားတာတဲ့။
ကျမ သူတို့ကို သတိရမိတိုင်း… မမကြည် သား သမီးတွေ ဘာလို့ ဆေးတွေ မဖော်တတ်ကြတော့တာလဲ။ မြို့လယ်ကောင် ဈေးက ဆိုင်ခန်းကြီး ဒီလောက်ကြာအောင် ဘာကြောင့်ပိတ်ထားရတာလဲ။ မမအေး သားသမီးတွေကရော ဘာလို့ ပွဲစား၊ ကုန်သည်၊ ကိုယ်စားလှယ်ကြီးတွေ မဖြစ်ရတော့တာလဲ။ မမနှင်းရဲ့ ဆွေမျိုးတွေမှာလည်း တစ်ယောက်တစ်လေမှ ကားလုပ်ငန်းနဲ့ မပတ်သက်ကြတော့ပါလား။ သားသမီးဝတ်ထဲမှာ ပါတယ်မို့လား …မွေခံထိုက်စေ ဆိုတာ။ သားသမီးတွေဟာ မိဘတွေ လက်ထက်တုန်းကလောက် လူမှုရေး၊ စီးပွားရေး၊ သာဘာရေး အဆင့်အတန်းတွေ မမှီကြတော့တာ၊ တကယ်က သာတောင်သာရမှာ မဟုတ်လား။ မကြိုးစားကြလို့လား? သဒ္ဓါတရားမရှိကြလို့လား? ဘာတွေများမှားနေပါသလဲ?
ကျမကိုယ်တိုင်ကရော…
အမျိုးသမီး စွမ်းဆောင်ရှင်ကြီးတွေ အခုအချိန်မှာ အသက်ရှင်နေကြဦးမယ် ဆိုရင် မျိုးဆက်သစ်တွေကို…
Subscribe to:
Post Comments (Atom)
10 comments:
မ ရေ… ဒီပို့ စ်လေးက အမွေဆိုတာ ငွေတမျိုးထဲကို ဆိုလိုတာ မဟုတ်ဘူးဆိုတာ မီးမောင်းထိုးပြလိုက်သလိုပဲ… မ အရေးကောင်းတာမို့  မမကြည်၊မမအေးနဲ့ မမနှင်းတို့ ကို မျက်စိထဲတောင်မြင်ယောင်လာတယ်…
တို.တွေအဖေက ဝန်ထမ်း။ တို.တွေလဲ ဝန်ထမ်း ။ အမေ ကဆေးဖော်တယ်။ ဆေးရောင်းသွားတယ်။ အစ် မက ဆေး ဆက်ရောင်းတယ်။ လိမ်မာတယ်နော်။။
သီတာရေ... အခြေအနေတွေ အကြောင်းကြောင်း ပေါ်မှာ မူတည်နေမယ်ထင်တာပဲနော်။ ရှေ.မွေကို နောက်လက်ဆင့်မကမ်းခဲ.လို.လား။ နောက်လူတွေကပဲ မိဘလက်ငုတ်လက်ရင်းကို မလုပ်ချင်ကြလို့လား။ ဒါမှမဟုတ် စုစုစည်းစည်းလုပ်လို.မရလို.များလား။ တို.အသိတစ်ယောက်ဆို ဆေးလုပ်တာ။ မိဘလည်း ဆုံးရော.. အဲဒီဆေးလည်း ကွင်းထဲမှာ နံမယ်မျိုးစုံနဲ့ ထွက်လာကြတာပဲ။ အာနိသင်တွေကလည်း ဘယ်လိုတူနိုင်တော့မလဲ။
ကျွန်မယောက္ခမက တောင်ယာလုပ်တယ်၊ ကျွန်မအမျိုးသားကအင်တာနက်ပေါ်မှာသတင်း
တွေဖတ်နေပြီ။ မလိမ္မာဘူးနော်။
comment တွေ အတွက် ကျေးဇူးနော်။
တကယ်တော့ post ထဲမှာ ကျမ ပြည့်စုံပေါ်လွင်အောင် မရေးနိုင်ခဲ့ဘူး။ ကျမကိုယ် ကျမ ဖုံးကွယ်လိုမှုကြောင့်လည်း ဖြစ်မယ်။ ဒီလမ်းထဲက အဒေါ်ကြီးတွေဟာ သူ့အတိုင်းအတာနဲ့ သူ အရည်အချင်းရှိတဲ့ အမျိုးသမီးကြီးတွေ ဖြစ်ခဲ့ကြတယ်။ အခုအချိန်မှာတော့ ပစ္စုပ္ပန်နဲ့ ကျင့်သားမရဘဲ အတိတ်(သို့) အနာဂတ် ကို ရောက်နေတတ်တဲ့ ကျမအတွက် ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အားမရမှုတွေ ကြီးစိုးနေတဲ့ ကာလဖြစ်တယ်။ (ကျမဟာ အဖေဖြစ်စေချင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်မနေခဲ့သလို၊ အမေဖြစ်စေချင်တဲ့ ပညာရှင်တစ်ယောက်လည်း ဖြစ်မနေခဲ့ပါဘူး)။
မိဘတွေ လက်ထက်ကထက် သားသမီးတွေ လက်ထက်မှာ စီးပွားရေး, ပညာရေး, လူမှုရေး, ဘာသာရေးတွေ တိုးတက်စေချင်တဲ့ ဆန္ဒကြောင့် ဒီ post လေးကို အမှတ်တရ ရေးပါတယ်။
တစ်ဦးတစ်ယောက်စီရဲ့
လုပ်ဆောင်ပုံအမူအကျင့်ကောင်းလေးတွေကို
မြင်သာလာအောင် ဝေမျှပေးတဲ့ စာတစ်ပုဒ်ပါ
အမ.. ဒါကတော့
မိဘဖြစ်ချင်တိုင်း သားသမီးဖြစ်ရမယ်ဆိုတဲ့ လောင်းရိပ် ဖြစ်မနေဘူးလား
ဘဝမှာ ဘယ်အရာမှ တထပ်တည်းမကျဘူးလို့တော့ ထင်တာပဲ..ဟီး..။
အမကလဲ ..ကိုယ်ရောက်တဲ့ နေရာမှာ ကိုယ့်ဘဝကိုယ် ကျေနပ်နေဖို့ပဲ အဓိက ကျတယ်ထင်ပါတယ်။
လေးဆက်မြောက်မျိုးဆက်အဖြစ် ဆိုင်ဆက်ထွက်ရမဲ့ ကျွန်တော် ရှောင်ပြေးနေတာများသိရင် ဘိုးဘွားတွေ စိတ်မကောင်းဖြစ်ကြမလားဘဲ။
မေတ္တာဖြင့်
ကိုဧရာ နဲ့ မသီတာ ရေ-
ခုမှ..စိတ်ကူးပေါက်လို့..ကွန့်မန့်ရှည်လိုက်အုံးမယ်။း)
အဲဒီ လို သဘောမျိုးလေး တခုကို အခြေခံပြီး..လူထု စိန်ဝင်းရေးထားတာ..weekly 11 ထဲမှာ ဖတ်ဖူးလိုက်တယ်။ သူများလိုမျိုးတွေက..မိဘလက်ငုတ် လုပ်ငန်းတွေကို ဆက်ထိန်းသိမ်း ကြ။ တခုက..၂ ခု ပွားကြ။ ဗမာ တွေကျ..မိဘအလုပ်ကို ဆက်မလုပ်ချင် ကြတာ များတယ်ပေါ့။ ဥပမာ တောင်ပေးထားတယ်။ တိုင်းရင်းဆေး လုပ်ငန်းတွေသာ..အဘိုး အဘ နံမယ်တွေနဲ့..လက်ဆင့်ကမ်းကြတယ် ဆိုတာ။
အဲဒီမှာ..ဆရာ့တပည့် တယောက်က နောက်တယ်။ ` ပွားပါတယ် ဆရာရယ်..ကျနော့် အဖိုး ထားခဲ့တဲ့ ခြံ ကို အကွက် ရိုက်ပြီးရောင်းစားတာ.. ခြံ တွေအများကြီး ဖြစ်သွားတယ်တဲ့။
း)
တွေးစရာတခု ပေါ့နော်။
ခင်မင်လျက်-
မကေရေ
ကျမတို့ ဆီမှာ ဟိုးနှစ်ပေါင်းရာကျော်က စခဲ့တဲ့ ကုမ္ပဏီ၊ လုပ်ငန်း ကြီးတွေ ဆက်ရှိနေစေချင်တဲ့ အတွင်းမနောကြောင့် ရေးမိတာပါ။ established from 18xx ဆိုတာမျိုးပေါ့။
Post a Comment