Friday, March 20, 2009

ပန်းမမ

စပယ်ဖြူတွေတောင် ပွင့်ပြီကွယ်…
ပန်းလေးတွေက အလှကိုယ်စီ ရှိကြတယ် မဟုတ်လား…။ နူးညံပြီး ချစ်စရာလည်း ကောင်းကြပြန်သေးတယ်…။
မိန်းကလေးတွေကို ပန်းလေးတွေနဲ့ ခိုင်းနှိုင်းတင်စားတာတော့ ပနံရလှတယ်လို့ ထင်မိပါရဲ့။

ဖူးရာမှငုံ၊ ငုံရာမှပွင့်၊ ပွင့်ရာမှနွမ်း၊ နွမ်းရာမှ ခြောက်၊ ခြောက်ရာမှကြွေ… သဘာဝတရားတွေကို ဖြတ်သန်းလာကြတာ အဆင့်တိုင်းရဲ့ အချိန်တိုင်းမှာ ဘယ်လိုအားမာန် ဘယ်လိုသတ္တိတွေနဲ့များ ကျော်လွှားခဲ့ကြပါလေသလဲ ပန်းမမတို့ရေ…။

ကျမတို့ မိန်းကလေးတွေမှာဖြင့် အပျိုဖော်ဝင်လို့ ဓမ္မတာရာသီလာချိန် ရောက်ပြီဆိုကတည်းက ‘မ’ မို့တဲ့ အပိုဆောင်းပေးလိုက်တဲ့ ဒုက္ခတွေ… ။

ဗိုက်ကိုက်ရပါတယ် ( လူတိုင်းသိတဲ့ ဗိုက်နာတာ မဟုတ်။ ဗိုက်အောင့်တာ မဟုတ်။) ခေါင်းကိုက်ရပါတယ်။ ပျို့အန်ချင်ပါတယ်။ မတည့်စာတွေတဲ့ ရှောင်ရပါသေးတယ်။ ဘာမှတ်နေသလဲ သေတတ်တယ် တဲ့။ ခြေမသယ်ချင် လက်မသယ်ချင်ပေမဲ့လည်း ကိုယ်ခံစားနေရတာတွေ လူသိမခံရဘူးတဲ့ ရှက်စရာ သိုပါဟဲ့ ဝှက်ပါဟဲ့…။ ဒီဝက်ခြံတွေကလည်း ပြူးနေအောင် တလုံးပြီးတလုံး အပြိုင်အဆိုင်များထွက်နေကြသလားမသိ…။ ခက်လိုက်တာနော် အဲ..အချိန်တန်လို့မှ သူမလာပြန်ရင်လည်း တဒုက္ခ။ ဒင်းတို့က ထွက်မလာကြပဲ ဗိုက်ထဲမှာ အအုပ်အသင်းဖွဲ့လို့ အဖုပဲ ဖြစ်နေကြပလား အကျိတ်ပဲ ဖြစ်နေကြပလား…။ ငယ်ငယ်ရွယ်ရွယ်နဲ့ သားအိမ်ထုတ်ရပြီ ဆိုရင်တော့ အမလေးလေး ရင်မောရပါတယ်နော်။ ဒီလ မလာသေးဘူး … မပြောရဲ မပြောရဲပေါင်တော်။ တောင်ထင် မြောက်ထင်နဲ့ ကုတ်ကမြင်း ဆိုတဲ့ အသည်းခိုက်အောင်နာရမဲ့ အဓိပ္ပါယ်ဆိုးကို သယ်ဆောင်လာတဲ့ ဝေါဟာရမျိုး နားဝနဲ့ ကြားရဖို့ မဆိုထားနဲ့ အရိပ်အခြေတောင် မမြင်ချင်ပါဘူး။

လင်ယူလို့ သားမွေးရပြန်ပါပြီ…။ ကိုယ်ဝန်ဆောင်စ ဟိုဟာမစားချင် ဒီဟာမစားချင် စားဖို့မပြောပါနဲ့ အနံ့တောင်မခံချင်ပါဘူး။ ခေါင်းထဲကလည်း မူးလိုက်တာ ပျို့လိုက် အန်လိုက်…။ ဗိုက်ကြီးပူနေတာ လှလို့လားလို့။ လှတာမလှတာတွေ အသာထားဦး…။ ချွေတွေက တကိုယ်လုံး နစ်နေအောင် ထွက်ပြန်ပြီ…။ ပူလိုက်တာ ပူလိုက်တာ…။ နေရင်းထိုင်ရင်း ချမ်းပြန်ပြီဟဲ့ စောင်ခြုံလို့လည်း မလုံ။ ကလေးတိုးလို့… ကန်ပါစေ ထိုးပါစေ ကိုယ်မအိပ်ရတာ ဘာအရေးလဲ ကလေးက ကျန်းမာလို့ပဲဟာ။ သူမလှုပ်မှ ဒုက္ခ...။

အချိန်တန်တော့ မွေးရပါပြီတဲ့ မိန်းမတိုင်းမွေးလို့ ရတာပဲလို့ လွယ်လွယ်လေးမထင်ကြပါနဲ့။ ကလေးက အနေအထားမမှန်၊ အချင်းကပ်လို့ သွေးသွန်တယ် ဆိုတာမျိုးတွေ ဖြစ်လာရင်တော့ ရှုပ်ထွေးလာပါပြီ။ အသက် အန္တရာယ်နဲ့ ရင်ဆိုင်ကြရတာပါ။ ကိုယ်ဝန်ဆောင်တုန်းမှာမှ ဖြစ်တဲ့ ဆီးချိုဆိုတာလည်း ရှိသေးသနော်။ ဖွားခါနီး သွေးပေါင်ချိန်တွေ တိုးနေပြီ ဆိုရင်တော့…။ ယောကျ်ားတွေ ဖောင်မစီးချင်ရင် ရကောင်းရနိုင်ပေမဲ့ သားဖွားတဲ့ မိန်းမကတော့ မီးမနေလို့ ရပါ့မလား။

သားသမီး မထွန်းကားနိုင်ပြန်ပါဘူးတဲ့… ရင်ထဲက ကျိတ်ခံစားရတဲ့ ဝေဒနာတွေ…။ ကံတရားကိုလည်း အပြစ်ပုံမချတော့ပါဘူး …။ ရရာ ရကြောင်း ခေတ်မီနည်းစနစ်တွေနဲ့ ငွေကုန်ပါစေ လူပန်းပါစေ…။

ဒီလိုနဲ့ တရွေ့ရွေ့ လေးဆယ်နားနီးရုံ ရှိသေး…။ လှချင်ပါတယ်လို့ တဆွေလုံး တမျိုးလုံး ကြွေးကြော်လာရက်နဲ့ တို့များကျမှ ရက်ရက်စက်စက် ကွက်ပြီးတော့ ထွက်ရက်ပလေ မျက်နှာပေါ်မှာမှ အမဲကွက်တွေ။ ဖုံးမရ ဖိမရ ဒီတင်းတိတ်နဲ့ မှဲ့ခြောက်တွေ။ ဘာလို့ပါလိမ့်… ဘာကြောင့်များပါလိမ့်… တားဆေးတွေကြောင့်လား… (ဆရာဝန် သောက်ခိုင်းတဲ့ ဆေးတွေကြောင့်လား)။ အကြောတွေကလည်း တက်လိုက်တာ…။ သားကြောဖြတ်ထားလို့များလား… (စကုတ်နဲ့ ကြည့်တုန်းက ဘာတွေများထိခိုက်သွားပါလိမ့်)…။

လာကတည်းက မအီမလည် ဒီဧည့်သည်… မလာချင်ပြန်ဘူး ဆိုတော့လည်း ဘယ်လာ သက်သက်သာသာ ဟုတ်ပါ့မလဲ။ ငိုချင်အောင် လုပ်လိုက်၊ ရယ်ချင်အောင်လုပ်လိုက်၊ အိပ်မပျော် စားမဝင်၊ စိတ်တွေညစ်ငြူး၊ ဖျားတာလည်း မဟုတ် နာတာလည်း မဟုတ်။ တရှောင်ရှောင်နဲ့ အမူပိုနေတယ်မထင်နဲ့။ ချိမသွားရင်ပဲ ကျေးဇူးတင်…။ ရှင်တို့ထက် သာတဲ့ ကင်ဆာဖြစ်နိုင်တဲ့ နေရာတွေ တကိုယ်လုံးမှာ တပွေ့တပိုက်ပါရှင့်…။

အူက ယောက်ျားတွေထက် ပိုတိုနေလို့ ဆိုလား… ရက်ရက်စက်စက် တွယ်ကြပြန်သေးတယ် “အူတိုမျိုး” တဲ့။ တိုရုံမက ပုတ်ပါပုတ်နေသယောင် သတ်မှတ်ထားကြတာ မသိဘူးများ မှတ်နေသလား။ သားအိမ် တခုလုံး အပို ပါတာတော့ ချီးမွမ်းဖို့ရာကျ မပွင့်တပွင့်။ ဒါတွေက မိန်းမတိုင်းဖြစ်တာ မဟုတ်ပါဘူးကွာ ဖြစ်ချင်တဲ့သူမှ ဖြစ်တာပါတဲ့…။

အစမှ အဆုံးတိုင် တို့များမတော့ သည်းခံရပါတယ်ကွယ်တို့ …သည်းခံခြင်းသည်သာ လက်ကိုင်တရား။ သည်းခံခြင်းဖြင့်သာ အောင်နိုင်ရာ…။

(ထိုထို သဘာဝက ပေးအပ်ထားသော ဘေးဒုက္ခအန္တရာယ်အပေါင်းနှင့် မိန်းမသားများကို စာနာ နားလည် ညှာတာ ထောက်ထား တန်ဖိုးထားတတ်ပါသော ပန်းချစ်သူများကို လေးစားသမှု အစဉ်ပြုလျက်~)

12 comments:

တန္ခူး said...

ပန်းမမ… ပန်းမမ… အင်း… ကိုယ့်ဘ၀ကိုယ် ကိုယ်သနားသွားမိတယ် မ ရေ… ပန်းအလှသာမြင်ကြပေမယ့် ပန်းဒုက္ခကတော့ ပန်းမမအချင်းချင်းသာ ပိုနားလည်မယ် ထင်တယ်နော်…ဒါပေမယ့်လဲ မိခင်ဖြစ်ခွင့်ရတဲ့ ဘ၀ကိုတော့ အကျေနပ်ဆုံးပါ…

PAUK said...

မသီတာ..
ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်...နေမကောင်းဘူးးး
နောက်..
စောစောအိပ်ယာဝင်ရင် တင်းတိပ်ပျောက်မယ်ထင်တယ်နော်..
ဒီမှာတော့ အရေပြားပြောင်းပေးတာဆိုပြီး
ဆေးတွေထုတ်တယ်..
ကောင်းမကောင်းတော့ မသိ..

nu-san said...

မမရေ.. ကျနော်လည်း အဲဒီအချိန်ဆို အမြဲဗိုက်အောင့်တာ ရုံးမှာ အရမ်းရုပ်ပျက်တာပဲ.. မျက်ကွင်းတွေလည်း ညိုတယ်.. ပြီးတော့ အဲဒီရက် မတိုင်ခင်ဆို စိတ်တို စိတ်ဆတ်တာလည်း အရမ်းပဲ သည်းမခံနိုင်တာလေ.. လာလို့ များရင်လည်း တဒုက္ခ၊ နည်းရင်လည်း တဒုက္ခ နဲ့ အမျိုးမျိုး တွေးပူရတယ်.. အမရေးပြထားတာတွေက ကွက်တိမို့ အိမ်ကတစ်ယောက်ကို ဖတ်ပြလိုက်ဦးမယ်.. :)

Anonymous said...

စိတ်တို၊စိတ်ဆတ်တာအပြင် စိတ်ဓါတ်ပါ ကျတယ်သိလား။
ဘာရယ်မဟုတ်ပါပဲနဲ့လေ။
mm

ပုံရိပ် / Pon Yate said...

မသီတာ ဖတ်ပြီး သဘောကျသွားပါတယ်။ :)

အိမ့်ချမ်းမြေ့ said...

မလေး ဇီဇ၀ါက ဖူးကောင်းတုန်း မသီတာရေ..
မသီတာ စံပယ်လေးကလှမှလှ...
ပန်းလေးကိုငေးပြီး သက်ပြင်းချရတယ်..
ကိုယ်ဝန်ဆောင်မိခင်တွေက ဟိုမုန်းပြောင်းလဲမှုကြောင့် တင်းတိပ်ပိုထွက်တယ်ဆိုတော့ ယောင်္ကျားနဲ့မိန်းမ တလှည့်စီဆောင်လို့ရရင်သိပ်ကောင်းမှာပဲနော်...

ပီအမ်အက်စ်က သူတို့ယောင်္ကျားတွေလဲဖြစ်တယ်ဆို...
(ဒီမှာ severe PMS ကြောင့်လင်မယားကွဲတာတောင်ရှိတယ်ဆိုပဲ မသီတာရယ်.. မလေးလဲမသိဘူး)
၂ယောက်လုံးဖြစ်နေချိန်ဆိုရင် တယောက်နဲ့တယောက် စကားမပြောတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်နော်......
း)))

မီယာ said...

အမရေ အားလုံးမှန်တယ်... ဒါကြောင့် အခုထိ ကိုယ်ဝန်ဆောင် သားမွေးတဲ့ ဝေဒနာ မခံရဲသေးဘူး... အမေ နဲ့ အဒေါ်တွေ ကိုတွေ့ဖူးပြီး သနားလို့... ခုအတိုင်းလေးပဲ ပျော်တယ်... ၄၀ကျော်ရင်တော့ အေးအေးလေး ပြီးသွားပါစေလို့ မျှော်လင့်နေတယ်... အလိုချင်ဆုံးဆုပေါ့.. သူများတွေ ဒုက္ခရောက်တာ တွေ့ဖူးလို့

ခင်မင်းဇော် said...

ဖတ်ရတာတောင် မောတယ် သီတာရေ...
ဒါပေမယ့်လဲ ရင်ပေါင်တန်းနိုင်ဆဲ ဆိုတော့ စဉ်စားကြည့် ကိုယ်တို့က သူတို့ထက် သာမှသာပဲ ဟိဟိ။

မမသီရိ said...

တို့တွေလဲ.. မတန်ခူးနဲ့ သဘောတူတယ်
မိန်းမ ဖြစ်ရတာ အရမ်း ဂုဏ်ယူစရာကောင်းတယ် ထင်မိတယ်
ဘယ်တုန်းကမှ ၀မ်းမနည်ဖူး .. စိတ်မညစ်ဖူးဘူး..
မိန်းမမို့ ဓမ္မတာအတိုင်း ဓမ္မတာဖြစ်တာပဲနော်..း)
မီယာရေ .. စိတ်မညစ်ပါနဲ့.ကြောက်စရာလဲ လိုမယ် မထင်..
အမြဲ စိတ်ပျို ကိုယ်နု အောင် နေနိုင်ရင်..
ကိုယ့်ကျန်းမာရေး အမြဲ ကိုယ်တိုင်စောင့်ရှောက်ရင်..
ကိုယ့်ကို ချစ်ခင်သူတွေလဲ ရှိရင်..
ပြီးတော့.. ကိုယ်က ချစ်ခင်ရမဲ့ သူတွေလဲ ရှိရင်..
မိန်းမဖြစ်ရတာ ပျော်စရာကောင်းပါတယ်..
ကမ္ဘာပေါ်မှာ. Gender Equality awareness raising တွေလုပ်လာကြတဲ့အချိန်.. ယောကျာင်္းလေးဆောင်ရွက်နိုင်တဲံ အရာအားလုံးနီးပါ မိန်းမတွေ လုပ်နိုင်ပေမဲံ... မိန်းမတွေ လုပ်နိုင်တဲ့ တခုတည်းသော အလုပ်က
ကလေးမီးဖွားခြင်းပဲ.. လေ.. နော်
......
မသီတာ မိန်းခလေးဖြစ်လို့ စိတ်နေသလား လို့ပါ.. လေရှည်မိပြီထင်ရဲ့...း)
ကဲ.. မိန်းမဖြစ်လို့ စိတ်မညစ်ကြကြေး နော်..

JulyDream said...

ပန်းချစ်သူ ဆိုတာလေ...
တက္ကသိုလ် ကျောင်းသား ဘ၀ကတည်းက ဖြစ်ခဲ့တာ။

ကိုယ်ကသာ ပန်းချစ်သူ ဖြစ်နေရပေမယ့် ပန်းတွေက ကိုယ့်ကို ပြန်မချစ်တာလည်း ရှိနေပြန်တယ်။

အင်း... ဘ၀ဆိုတာ ဒီလိုပါပဲလေ။

သက်ဝေ said...

မသီတာ...
တွေးတတ် ရေးတတ် လိုက်တာ..
စဉ်းစားစရာတွေနဲ့...

sonata-cantata said...

ယုံကြည်တယ် တန်ခူးရေ ပန်းပျိုးလက်တွေ လက်ဆင့်ကမ်းမယ် ဆိုတာ...

စောစောအိပ်ယာဝင်ရင် တင်းတိပ်ပျောက်မတဲ့ ပေါက်တီးပေါက်ရှာ...ပေါက်။

နုရေ ..mmရေ..
အမလည်း အဲ့ဒီအချိန်ဆို ဂျီကျကလား မမေးနဲ့...ငယ်ငယ်တုန်းကဆို ကြမ်းပြင်ပေါ် လှိမ့်လှိမ့်ပြီး ကောက်တာ။

ပုံရိပ်ရေ..ညီမလေး..ညီတယ်နော်..ညီစေ။

မလေးရေ..ယောက်ျားတွေ PMS က တို့တွေထက် နောက်ကျတတ်တယ်တဲ့.. အဲ့ဒီအချိန်ကျလည်း ဂျိန်းနောင်းဂျိန်းနောင်တွေ လာဦးမှာတဲ့

မီယာရေ...ဆေးကောင်းဝါးကောင်းလေးတွေ ကြိုတင်မှီဝဲထားမလား စိတ်ကူးပါတယ်။ ဆေးကြောင့် ပိုလေးလည်း ဖြစ်မှာ စိုးရသေးတယ်လေ။

သာပြီးသားပါရှင့် အမခင်မင်းဇော်ရေ့ (အလဲ့ အတိုင်အဖောက် ညီနေကြတာ...)

မမသီရိရေ...စိတ်..ညစ်ဖူး..ညစ်ဖူး..

တွေးမိတုန်းလေး ချရေးပစ်လိုက်တယ် သက်ဝေရာ...

ပန်းတွေရယ်...ပန်းချစ်သူ အမောင်ဂျူလိုင်ကို ဘာလို့ ပြန်မချစ်ကြတာလဲငှင်...ဟိုမှာ ဘ၀နဲ့ကို ချီနေပြီ...