Thursday, February 18, 2010

သူ့စတိုင်

လောကမှာ လူတွေ အမျိုးမျိုးရှိကြတဲ့ အနက်က ကိုယ်ကိုယ်တိုင် လောကကို ရွှင်လန်းလွတ်လပ်စွာ ဖြတ်သန်းကြသူတွေဟာ သူ့ပတ်ဝန်းကျင်က လူတွေကိုပါ ပျော်ရွှင်မှုတွေ ကူးဆက် ရွှင်မြူးစေတယ် ဆိုတဲ့ အတွေးဝင်လာတိုင်း ကိုကျော်ဇံကို သတိရမိတယ်။ ကိုကျော်ဇံနဲ့ ဆုံခဲ့ရတာ ဟိုးမြန်မာပြည်မြောက်ပိုင်း ဝန်းသိုမြို့ အနီးက ရွာလေးတရွာမှာပါ။ ကျနော် အဲ့ဒီရွာကို တွဲဖက်ကျောင်းဆရာအဖြစ် ရောက်သွားတော့ ကိုကျော်ဇံက အဲ့ဒီ ကျောင်းလေးက အလယ်တန်းပြဆရာ လူပျိုကြီး… ။ မှတ်မှတ်ရရ ကျောင်းကထိန်ပွဲမှာ စတိတ်ရှိုးထည့်တော့ ရွာထဲက ဟိုလူ သည်လူတွေက ဆရာ လူပျိုကြီး ကိုကျော်ဇံအတွက် တောင်းဆိုလိုက်တဲ့ သီချင်းကတော့ “မေ့ကွက်ကိုရှာ” … ။

တနေ့လားမှာပေါ့ဗျာ။ ကိုကျော်ဇံတယောက် ကျောင်းဆိုင်းဘုတ်ကို ဆေးပြန်သုတ်နေတယ်။ ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ အောက်ခံ အစိမ်းပေါ်မှာ အခြေခံ ပညာအလယ်တန်းကျောင်း… စတဲ့ စာလုံးတွေကို အဖြူရောင်ဆေးနဲ့ ရေးနေတာပါ။ သူရေးနေတာ တော်တော် သပ်သပ်ရပ်ရပ်ရှိတယ်။ အနားရပ်ကြည့်နေတဲ့ ကျနော်က “ဆရာက မဆိုးဘူးပဲ၊ လက်ရာကောင်းတယ်” လို့ ချီးမွမ်းစကားဆိုမိတော့ သူက “ကျနော် ပန်းချီဆွဲတတ်တယ်ဗျ” လို့ခပ်ပြုံးပြုံးနဲ့ ဖြေတယ်။ ဒီအခါမှာ ဘေးနားက ဆရာတယောက်က “ဟာ ကိုကျော်ဇံ ပန်းချီ မျက်စိရှိတာတော့ မပြောနဲ့တော့ …။ တနှစ်လားဗျာ… ကျောင်းမှာ ကျောင်းစိမ်းပိတ်စတွေ ထုတ်ရောင်းပေးတော့ ကျောင်းသားတွေရော ဆရာတွေပါ လုံချည်တွေ လောက်လောက်ငင ချုပ်ဝတ်နိုင်ကြတယ်ဗျ။ ဒါတောင်ပိုနေသေးတော့ ဟောဒီဆရာကျော်ဇံ ကျောင်းစိမ်းစကို ရှပ်အင်္ကျီချုပ်ဝတ်တယ်။ နောက်တနေ့ကျောင်းလာတော့ နံနက်မိုးသောက် ကျောင်းရှေ့က ကွင်းပြင်မှာ စားပွဲခုံပေါ်တက်ပြီး  အားကစားဘောင်းဘီက အဖြူ၊ ရှပ်အင်္ကျီက အစိမ်းနဲ့၊ ကာယလေ့ကျင်ခန်း သရုပ်ပြနေတဲ့ ကိုယ့်ဆရာ ဖက်ရှင်ကိုသာ မှန်းကြည့်ပေတော့ဗျာ” တဲ့…။

ကိုကျော်ဇံ ဖောင်ကြီးသင်တန်း တက်တုန်းက အကြောင်းလေးကလည်း မှတ်သားလောက်ပါပေတယ်။ ဖောင်ကြီးသင်တန်းလို့ပဲ နှုတ်တွင်ကြတဲ့ ဗဟိုဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်မှာ အကြမ်းဖျင်းအားဖြင့်တော့ အစိုးရဝန်ထမ်းတွေကို နိုင်ငံရေးသင်တန်းတွေ ပေးတယ်။ စနစ်တကျ နေတတ်ထိုင်တတ်အောင် လေ့ကျင့်သင်ကြားပေးရာ နေရာဌာနကြီးလည်း ဖြစ်တယ်။ အပြောအဆိုမှာလည်း ကိုယ်လိုချင်တဲ့နေရာရောက်အောင် အပိုင်းလိုက်၊ ကဏ္ဍအလိုက် ပြောတတ်ဆိုတတ်ဖို့ကအစ မကျန်စေရပါဘူး။ ကိုကျော်ဇံတယောက် သင်တန်းမှာ ပို့ချသမျှကို သင်တန်းတွင်းမှာတင်ပဲ လေးလေးစားစားနဲ့ တိတိကျကျ လိုက်နာပါတယ်။ အဝတ်အစားကအစ စမတ်ကျအောင် သင်တန်းမှာ ဝတ်ရတဲ့ ဘောင်းဘီကို ကိုယ်တိုင်တောင်လျှော်မဝတ်ပဲ ပင်မင်းဆိုင်အပ်ပါတယ်။ နောက်တနေ့ ကိုကျော်ဇံ ပင်မင်းသွားရွေးတဲ့အခါမှာတော့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ ဘောင်းဘီ ခြေတဖက်က ရေမခြောက်တခြောက်နဲ့ ကြေမွနေပြီး၊ အခြားတဖက်ကတော့ မီးပူတိုက်ထားတာ ကော့ပျံနေပါသတဲ့။ “ဘယ်လိုဖြစ်တာလဲခင်ဗျာ” လို့ ကိုကျော်ဇံတယောက် နားမလည်နိုင်စွာနဲ့ မေးမိတော့ ဆိုင်ဝန်ထမ်းလေးက “ဆရာညွှန်ကြားတဲ့ အတိုင်းပါပဲ ဆရာရယ်” လို့ ပြန်ဖြေရှာပါတယ်။
ကိုကျော်ဇံ ပင်မင်းအပ်ခဲ့ပုံက...
“ဒီနေရာမှာ ကျနော် လုပ်ချင်တာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက လျှော်ပြီး နောက်တစ်ပိုင်းက မီးပူတိုက်ချင်ပါတယ်။ အဲ့ဒါ ဖြစ်နိုင်မလားခင်ဗျာ…” ပါတဲ့။

12 comments:

Xထံု said...

ကျနော်လုပ်ချင်တာလည်း နှစ်ပိုင်းရှိပါတယ်
တစ်ပိုင်းကစိတ်ချမ်းသာပြီး..
နောက်တစ်ပိုင်းက ကိုယ်ကျန်းမာချင်ပါတယ်.



ပေါက်

သက်ဝေ said...

ဟီးဟီး...
စကားပြောရင် အပိုင်း အပိုင်းနဲ့ ခွဲပြောတတ်တဲ့ ကိုကျော်ဇံပေါ့လေ....
ကိုဧရာက ပုံပြောကောင်းတာပေါ့နော်...
နောက်လဲ များများပြောခိုင်းပါ...း))

အပြုံးပန်း said...

ကိုကျော်ဇံ ကို မြင်ယောင်မိသွားတယ်၊
ပြုံးမိသွားတယ်။ :)

ရွှန်းမီ said...

အပိုင်း၂ပိုင်းခွဲပြီး ဆောင်ရွက်စေတယ် ပေါ့ :D

Moe Cho Thinn said...

ဘောင်းဘီ အဲဒီလိုဖြစ်ရတာ သင်တန်းက ပို့ချလိုက်လို့ များလားးးး :)
ကိုဧရာ့ ပုံပြင်တွေ နားထောင်ချင်ပါသေးတယ် မမရေ။

ပန်းခရမ်းပြာ said...

ကိုဧရာ ပြောသော ပုံပြင်ကို မသီတာ ဘလော့မှာ လာဖတ်သွားပါတယ်။

tin min htet said...

ခုတလော လူပျိုကြီးတွေကို ပြောချင်ဆိုချင် နေကြတယ်။ (တလောက တီဆွိ၊ ခု မသီတာ)

သင်းနွယ်ဇင် said...

မျက်စိထဲမြင်ပြီး တဟားဟားရယ်သွားပါသည်။

Anonymous said...

မသိတာရော ဘယ်နှစ်ပိုင်း ရှိပါသလဲ။
mm

ချစ်ကြည်အေး said...

သာမီးကတော့ ၃ပိုင်း ပိုင်းပြီး အထုတ်နဲ့ ပစ်လိုက်တာပဲ ကြားဖူးတယ်....:))

ဇွန်မိုးစက် said...

ကိုဧရာပြောသော မသီတာပြန်လည်ရေးသားတင်ပြသော သူ့စတိုင်ကို ပြုံး၍လာဖတ်သွားပါပြီ။း)

မယ်ကိုး said...

:D :D :D