http://sonata-cantata.blogspot.com/2011/07/blog-post.html
http://english.aljazeera.net/video/asia-pacific/2011/04/201142243514772334.html
(တရုတ်နိုင်ငံမှ ရိုက်ကူးသော မြစ်ဆုံဆည် စီမံကိန်းသတင်းမှတ်တမ်း ဗီဒီယို)
http://www.burmariversnetwork.org/dam-projects/irrawaddynmaimali.html
Friday, September 23, 2011
ဧရာဝတီ ကာကွယ်ရေး
ဇွန်လကုန်ပိုင်းက မန္တလေး ကျောက်ဝိုင်းမှာ တရုတ်ကုန်သည်တွေနဲ့ ရန်ပွဲဖြစ်တဲ့ သတင်းကြားတော့၊ ဟိုရောက် ဒီရောက် တွေးမိရင်း၊ ကလေးငယ် တစ်ယောက် လမ်းလျှောက်ပြီး ကူးနိုင်လောက်တဲ့ အထိ ခမ်းသွားတဲ့မြစ်၊ ဒီမြစ်ကို မှီပြီး ရှာဖွေ စားသောက်ခဲ့ကြတဲ့ သူတွေရဲ့ အသက်မွေးမှု အပြောင်းအလဲ ဓာတ်ပုံ နှစ်ပုံကို “ရွှေစာရံ ကျောက်ဝိုင်း” ဆိုပြီး ပို့စ် တစ်ခု တင်ခဲ့ဖူးတယ်။
ဆည်မြောင်းတွေနဲ့ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေ မြန်မာနိုင်ငံမှာ အတိုင်းအတာ တစ်ခုထိ လိုအပ်နေတာကတော့ အထွေအထူး ပြောစရာ မလိုလှပါဘူး။ သို့သော်လည်း မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးပေါ်မှာ ဧရာမဆည်ကြီးတစ်ခု ဆောက်မယ်ဆိုတာကတော့ အခြားသော သာမာန် ဆည်တွေ၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွေလို သဘောထားလို့ မရပါဘူး။
ဆည်ကြီးတွေရဲ့ အန္တရာယ်က နျူကလီယား ဓာတ်ပေါင်းဖိုကြီးတွေထက် ပိုပြီး ကြောက်စရာ ကောင်းတယ်လို့ Scienctific American မှာရေးထားပါတယ်။ ဂျပန် ဖူကုရှိမား ဓာတ်ပေါင်းဖို သုံးခု အရည်ပျော်တာ လူတစ်ယောက်မှ မသေဘူး။ ၁၉၇၀နှစ်တွေတုန်းက တရုတ်ပြည်က ဆည်ကျိုးပေါက်မှုတွေကြောင့် လူနှစ်သိန်းထက် မနည်း သေဆုံးခဲ့တယ်။ အလားတူပဲ ၂၀၁၁ ဇွန်လအတွင်းမှာပဲ တရုတ်ပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းက ဆည်တွေကြောင့်ဖြစ်တဲ့ ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာ ပြောင်းရွှေ့ခဲ့ရတဲ့ လူဦးရေဟာ ၂၀၁၁ ဇွန်လ တစ်လအတွင်းမှာပဲ ငါးသိန်းရှိပါတယ်။ ဒါကြောင့် ဂျပန် နျူကလီယား ဓာတ်ပေါင်းဖို အန္တရာယ်ကြောင့် ပြောင်းရွှေ့ နေရာချထားခဲ့ရတဲ့ လူဦးရေ ရှစ်သောင်းနှင့် ယှဉ်ပြပြီး၊ ဆည်ကြီးတွေရဲ့ အန္တရာယ်က ပိုပြီး ကြောက်စရာ ကောင်းတယ်လို့ ရေးထားပါတယ်။ ဒီနေရာမှာ ဆည်နဲ့ နျူကလီယား ဘယ်ဟာက ပိုအန္တရာယ်ကြီးသလဲဆိုတာ အငြင်းပွားနေတာထက် ဆည်တွေရဲ့ အန္တရာယ်က မသေးလှဖူးဆိုတာ ပေါ်လွင်စေချင်ပါတယ်။
(Scienctific American: http://blogs.scientificamerican.com/observations/2011/06/20/more-dangerous-than-nuclear-power-the-floods-caused-by-aging-dams-video/)
ဆည်ရေလှောင်ကန်ကြောင့် အနီးအနား ဒေသတဝိုက်မှာ ရေလွှမ်းမိုးခံရမယ်။ ဒေသခံပြည်သူတွေ ပြောင်းရွှေ့ပေးရမယ်။ လယ်ယာမြေတွေ၊ သစ်တောတွေ ရေမြုတ်သွားမယ်။ ဆည်ရေလှောင်ကန်က သဘာ၀ အင်းအိုင်တွေလို မဟုတ်ဘဲ၊ ရေထုထည်ပမာဏ အတက်အကျ ရေဖိအား အပြောင်းအလဲများပြီး မြန်တဲ့အတွက် မြေငလျှင်လှုပ်မှုတွေ ပိုများလာနိုင်ပါတယ်။ တရုတ်ပြည် စီချွမ်မြေငလျှင်က ဆည်ကြီးတွေရဲ့ အကျိုးဆက် မကင်းဖူးလို့ သိပ္ပံပညာရှင်တွေက ယူဆထားကြတယ်။ မြစ်ဆုံဆည်နေရာဟာ စစ်ကိုင်းပြတ်ရွေ့ကြောကြီးနဲ့ သိပ်မဝေးလှတာကြောင့် အိပ်မောကျနေတဲ့ မြေငလျှင်ကြီးကို လှုပ်နှိုးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
ဆည်တွေရဲ့သဘောက မိုးနည်းချိန်မှာ သတ်မှတ် ရေပမာဏရအောင် ပိတ်လှောင်ထားလို့ မြစ်အောက်ပိုင်းမှာ ပုံမှန် ရေကျချိန်မှာထက် ပိုပြီးနည်းနေမယ်။ မြစ်ရေစီးနှုန်း နည်းသွားရင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ပင်လယ်ရေငံတွေက အထက်ကို တိုးဝင် လာမယ်။ ဒီတော့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ သောက်သုံး ရေရှားပါးတာတို့၊ လယ်ယာမြေတွေမှာ ဆားငံဓာတ်ပေါက်ပြီး စိုက်ပျိုးရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်။
(Aljazeera သတင်းဌာနမှ ရိုက်ကူးထားသော ဧရာဝတီဆည် သတင်းမှတ်တမ်း)
မိုးများချိန်ရောက်ပြန်တော့လည်း ဆည်မကျိုးအောင် ရေတွေကို ဖောက်ချရလို့ မမျှော်လင့်ပဲ ရေကြီးတတ်ပါတယ်။ ဒီလိုဖောက်ချတဲ့အခါ လုံလောက်တဲ့ သတိပေး ကြေညာချက်မျိုး မရှိတဲ့အတွက် အသက်ဘေးအန္တရာယ်နဲ့ ကြုံရကြတယ်။ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးရတယ်။ မြစ်ဆုံဆည်လောက်မကြီးတဲ့ ဆည်တွေအနားမှာ နေသူတွေတောင် ဒီလို ရေလွှမ်းမိုးမှုမျိုးတွေကို မိုးများတဲ့နှစ်တိုင်း လိုလိုမှာ ကြုံတွေ့နေရတာပါ။ တောသူတောင်သားတွေက ဗဟုသုတနည်းတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ပဲ မိုးလေဝသကိုပဲ အပြစ် ပုံချနေကြတော့တယ်။ တမင် ဖောက်ချရုံလောက်မဟုတ်ဘဲ ဆည်ကျိုးသွားမယ်ဆိုရင်တော့ နာဂစ်ထက်ဆိုးတဲ့ အဖြစ်မျိုး ကြုံနိုင်ပါတယ်။ ဆည်ဆိုတာမျိုးကလည်း သက်တမ်းရှိပါတယ်။ သက်တမ်းရင့်လာတာနဲ့အမျှ ပြုပြင် ထိမ်းသိမ်းရတဲ့ ကုန်ကျ စားရိတ်က တက်လာပြီး၊ အချိန်ကိုက် ဗုံးတစ်လုံးကို ပိုက်ထားရသလို အန္တရာယ်က ပိုကြီးလာပါလိမ့်မယ်။ လတ်တလောအကျိုးစီးပွားနဲ့ ရုပ်ပိုင်းဆိုင်ရာကိုသာ အလေးပေးလွန်းပြီး၊ လူတွေရဲ့အသက်လုံခြုံရေးကို သိပ်ဦးစားမပေးတဲ့ တရုတ်လို နိုင်ငံမျိုးက ဦးစီးပြီးဆောင်ရွက်မယ်ဆိုတော့ ဆည်ရဲ့သက်တမ်းနဲ့ အရည်အသွေးက ရတက် မအေးစရာပါ။ (နို့မှုန့်ကိစ္စနဲ့ ကျည်ဆံရထားကိစ္စတွေကို ကြည့်ရင် သိနိုင်ပါတယ်)။
အခု မြစ်ဆုံဆည်ကိစ္စက အခြားနိုင်ငံတွေမှာ ပြောနေကြရတဲ့ သဘာဝဘေးအန္တရာယ်၊ ဇီဝမျိုးကွဲများဆုံးရှုံးမှု၊ ဂေဟစနစ်ပျက်စီးမှု၊ သမိုင်းအမွေအနှစ်တို့ ဆုံးရှုံးမှု စတဲ့ ပုံမှန်ဆည်ပြဿနာတွေထက် ပိုပြီး ရှုတ်ထွေးပါတယ်။ ဒါကတော့ လူမျိုးရေးနဲ့ နိုင်ငံရေး အကျိုးဆက်တွေပါ။ သိပ်မဝေးတော့တဲ့ကာလမှာ မြစ်ဆုံဒေသကနေတဆင့် မြန်မာတစ်နိုင်ငံလုံးဟာ တရုတ်ပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး သြဇာလွှမ်းမိုးမှုအောက်ကို ရောက်သွားနိုင်ပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံရပ်ခြားက ရင်းနှီးမြုတ်နှံမှုတွေ လိုအပ်တာမှန်ပေမယ့်၊ ဒီကုမ္ပဏီကြီးတွေဟာ နိုင်ငံရဲ့သဘာ၀ ရင်းမြစ်တွေကို သွေးစုတ်မယ့် ခေတ်သစ်အရှေ့အိန္ဒိယကုမ္ပဏီလိုမျိုး မဖြစ်ဖို့တော့ လိုပါတယ်။ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းမျိုးတွေကသာ အိမ်ရှင်နိုင်ငံအတွက် ရည်ရှည်အကျိုး ဖြစ်ထွန်းနိုင်ပါတယ်။ ပြီးတော့ လူဦးရေသိပ်သည်းမှု အလွန်များပြီး အိမ်နီးနားချင်းဖြစ်နေတဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံမျိုးတွေနဲ့ ဆက်ဆံရာမှာ အစကတည်းက လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့် စတဲ့ကိစ္စတွေမှာ ထိမ်းထိမ်း သိမ်းသိမ်း ရှိဖို့လိုပါတယ်။ မဟုတ်ရင် နောင်တချိန်မှာ မလိုလားအပ်တဲ့ လူမျိုးရေး ပဋိပက္ခတွေကအစ လူမျိုးပျောက်တဲ့ အဆင့်အထိ ဆိုးကျိုးတွေ ကြုံနိုင်တယ်။
(ကချင်လူမှုဖွံဖြိုးမှု ကွန်ယက်မှ ဖြန့်ဝေသော စာတမ်း)
နယ်ပယ်အသီးသီးက ပညာရှင်တွေကတော့ ဒီထက်ပိုပြီး ကောင်းကျိုး ဆိုးပြစ်တွေကို ထောက်ပြနိုင်ပါလိမ့်မယ်။ ဒီဆည်ကြောင့် အကျိုးကျေးဇူးတွေရှိမှာ မှန်ပေမယ့်၊ ရေရှည် ခံစားကြရမယ့် ဆိုးကျိုးတွေက မတွေးဝံ့လောက်အောင် များနေမှာပါ။ ဒီမြစ်ဆုံဆည်ကြီးဟာ နောင်သားစဉ်မြေးဆက်အတွက် တိုက်ခဲ့တဲ့ ကျိန်စာကြီး ဖြစ်နေပါလိမ့်မယ်။ တရုတ်ပြည်မှာ “တံတားဆိုရင် ငွေ၊ လမ်းဆိုရင် ရွှေ၊ ဆည်ဆိုရင် စိန်” ဆိုတဲ့ စကားတစ်ခုရှိတယ်။ ဆည်တစ်ခု ဆောက်ဖို့ စာချုပ်ချုပ်လိုက်နိုင်ရင်ပဲ ငွေတွေ ပုံအောရတာကိုး။ ဒီတော့ မြစ်ဆုံဆည်စီမံကိန်းကနေ ငွေ တလုံးတရင်း ရလိုက်တဲ့ (ရလာမယ့်) ကုမ္ပဏီတွေ၊ ပွဲစားတွေကတော့ ပြည်သူတွေရဲ့ ဆန္ဒ၊ ပညာရှင်တွေရဲ့ သတိပေးမှုတွေကို မျက်ကွယ်ပြုပြီး ရှေ့ကို ဇွတ်တိုးကြမှာပါပဲ။ တကယ်တော့ ဒီလို စီမံကိန်းကြီးမျိုးကို ပွင့်ပွင့်လင်းလင်း ပြည်သူတွေရှေ့ချ မပြခဲ့ဘဲ၊ ဒီအဆင့်အထိ ရောက်လာတာကိုက မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။
အခုတစ်လောမှ Eleven Media Group လို တာဝန်သိတဲ့ သတင်းမီဒီယာတွေရဲ့ ကျေးဇူးကြောင့် ပြည်သူတွေ နည်းနည်းပိုပြီး သိခွင့်ရလာကြပါတယ်။ “မြစ်ဆုံဆည် စီမံကိန်းကို ဟန့်တားနိုင်လောက်သေးရဲ့လား” ဆိုတာတော့ ပြည်သူတွေရဲ့ ညီညွတ်မှုနဲ့ ဆန္ဒပြင်းပြမှုပေါ်မှာ မူတည်ပါလိမ့်မယ်။
ဧရာဝတီအတွက် ကျွန်တော်တို့ ဘာလုပ်နိုင်ပါသလဲ။
၁။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ စုစည်းဆွေးနွေးကြပြီး ပညာရှင်အဆင့် စာတမ်းတွေရေးသား ဖတ်ကြားသင့်ပါတယ်။
၂။ ပညာရပ်စကားလုံးတွေနဲ့ ရင်းနှီး ကျွမ်းဝင်မှုမရှိတဲ့ တောသူတောင်သား လူတန်းစားတွေ နားလည်နိုင်လောက်တဲ့ ပညာပေး ဆောင်းပါး၊ ကာတွန်း၊ လက်ကမ်းစာစောင်၊ ဗီဒီယိုခွေ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေသင့်ပါတယ်။
၃။ စာပေနဲ့ အနုပညာရှင်တွေရဲ့ ဟောပြောပွဲတွေကို များများ ကျင်းပသင့်ပါတယ်။
၄။ စီမံကိန်း ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကမ္ဘာတဝှမ်းမှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိလာအောင် နိုင်ငံတကာက ဆည်ဆန့်ကျင်ရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး ပူးပေါင်း လှုပ်ရှားနိုင်ပါတယ်။
၅။ အစုအဖွဲ့တွေအနေနဲ့ မြန်မာနှင့် တရုတ်နိုင်ငံအစိုးရတွေကို မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်းစာတွေ ရေးသားပေးပို့နိုင်ပါတယ်။
၆။ မိမိတို့ရဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်က လွတ်တော်အမတ်တွေကို စီမံကိန်းကန့်ကွက်ကြောင်း လွှတ်တော်မှာ တင်သွင်းခိုင်းနိုင်ပါတယ်။ အကယ်၍ မလိုက်နာခဲ့ရင် မိမိတို့ကို အမှန်တကယ် ကိုယ်စားမပြုတော့တဲ့အတွက် ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းသင့်ပါတယ်။
၇။ ၁၁-ရက် နိုဝင်ဘာလ (၁၁-၁၁-၁၁) ကို ဧရာဝတီနေ့ အဖြစ်သတ်မှတ်ပြီး ဟောပြောပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ တညီတညွတ်တည်း ကျင်းပသင့်ပါတယ်။
Labels:
ဧရာ
Subscribe to:
Post Comments (Atom)
24 comments:
ပညာတတ်တစ်ယောက်က အကျိုးအကြောင်းညီစွာ ရေးထားတာ ဖတ်လို့ကောင်းလိုက်တာ။
ဧရာဝတီကို လွတ်လပ်ခွင့်ပြုပါ
ရေးထားတာတွေ ကြိုက်ပါတယ်
11 11 11 ဧရာဝတီနေ့ ရှယ် အိုင်ဒီယာပါပဲ၊
လွယ်တော့မလွယ်ဘူး ကြိုးစားယူရမှာပဲ
တစ်ချို့က သူတို့နဲ့ မဆိုင်ဖူးပြောပါတယ်၊
ကောင်းလိုက်တဲ့ ဆွေးနွေးချက်ပါ ကိုဧရာ နဲ့ မသီတာ ရေ ကျေးဇူးပါ
အများပြည်သူ တွေ သေချာသိနိုင်အောင် လုပ်ဖို့ က ပိုအေ၇းကြီး နေပါတယ်
အခု ပြည်တွင်းမှာ မသိသလို အလေး မထားသူတွေ အများကြီး ပါ
အားလုံး ကန့်ကွက်ရင်တောင် ရလဒ် က မသေချာဘူး ဖြစ်နေပါတယ်
အားလုံးအောင်မြင်အောင် ကျိုးစားကြမယ်
ရွှေစင်ဦး
အကိုနဲ့ အမတို့ရေ
စာလာဖတ်သွားပြီ နောက်ထပ်တခါ လာဖတ်အုံးမယ်
ရေးပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်
ခင်မင်တဲ့
seesein
တန်ဖိုးရှိတဲ့ပို့စ်အတွက်ကျေးဇူးပါခင်ဗျာ့
ဧရာဝတီ နဂိုတိုင်းရှိနေနိုင်ပါစေ
မောင်ဘကြိုင်
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။
အရမ်းကောင်းတဲ့ အကြံပြုဆွေးနွေးချက်ပါ ။
ဗဟုသုတတွေလည်း ရလိုက်ပါတယ်။ ကိုဧရာ နဲ့မသီတာ.တို့ကို ကျေးဇူးတင်ပါတယ်။
ဘယ်သူတေတေ ငတေမာ သမားတွေကတော့ မျက်ကန်းတစ္ဆေမကြောက်ဖြစ်နေကြပြီမို့  တစ္ဆေထက်ကြောက်ရမဲ့ အရာတမျိုးမျိုးရှိနေသင့်ပြီ။
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီးကို ကန့်ကွက်ပါတယ် ။
ခင်မင်စွာ..
မကိ
ပြည်သူတွေအားလုံး တစ်တပ်တစ်အား ပါဝင်လာရင် ဒီစီမံကိန်းကို ပြောင်းလဲလို့ရနိုင်ကောင်းပါရဲ့
ဖြစ်နိုင်ရင်တော့ လုံးဝကိုမဆောက်စေချင်ပါဘူး
ကိုယ့်တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ်တွေကို တန်ဖိုးမထား ရောင်းစားနေတဲ့သူတွေကိုလည်း မုန်းတီးမိတယ်
ဗဟုသုတတွေ တလှေကြီးဘဲရတယ်ဗျို့
သဘာဝအရင်းအမြစ်လဲ တန်ဖိုးထားရကောင်းမှန်းမသိ ရွှေ ငွေ စိန်..ဆိုတာ သေရင်ကိုယ့်နောက်ပါမှာလဲ မဟုတ်
ဒီဧရာဆိုတာ အားလုံးထက် တန်ဖိုးအရှိဆုံး အရာ တနေ့ ရွှေဥတလုံး ဥပေးနေတဲ့ ငန်းကို တမနက်ထဲ ရိုက်သတ်သလို လုပ်ရက်ကြတယ်ဗျို့
ဧရာဝတီ ထာဝရ အစဉ် စီးဆင်းစေဖို့....
မြစ်ဆုံဆည် စီမံကိန်းကြီးကို ကန့်ကွက်ပါတယ်
ခင်မင်တဲ့
seesein
The article has loads of knowledge.
We love Ayarwaddy.We protest dam project.I'll come and read again.Tks.
"SAVE AYARWADDY FOR OUR MOTHERLAND AND NEXT GENERATION"
"LONG LIVE AYARWADDY"
Gyidaw
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်
မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...
ကောင်းလိုက်တဲ့ဆွေးနွေးချက်တွေပါပဲ အစ်ကို...၊ကျွန်တော်
တို့ လုပ်သင့်တာတွေ လုပ်နိုင်သလောက်လုပ်ကြရအောင်
ဗျိုးးးးးးး
ကျေးဇူးတင်လိုက်တာ ဧရာဝတီအကြောင်းဖတ်ရ ကြားရနေပေမယ့် ဒီလောက်ပြည့်စုံတဲ့ပို့စ်မျိုးတော့ ခုမှပဲဖတ်ခွင့်ရတော့တယ် တကယ်ကျေးဇူးပါဗျာ ။ ကျနော်တို့ရဲ့ မိခင် ဧရာဝတ အဓွန့်ရှည်ပါစေ ။
ဧရာဝတီကိုထာဝရရှင်သန်စေလိုသူများအဖွဲ့ (စင်ကာပူ) မှ
- ဧရာဝတီရောင်းစားခံရခြင်းနှင့် နောက်ဆက်တွဲအန္တရယ်အသွယ်သွယ်တို့ကို မြန်မာအများသိနားလည်စေရန်
- ဧရာဝတီရဲ့ တန်ဖိုးနဲ့ကျေးဇူးတရားကို သိမြင်ချစ်ခင်စိတ်၊ ကာကွယ်လိုစိတ်များ ထက်သန်လာစေရန်
- မြန်မာတို့တာဝန်သိစိတ်၊ မျိုးချစ်စိတ်နိုင်ငံချစ်စိတ်၊ စည်းလုံးညီညွတ်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ ကမ္ဘာ့နိုင်ငံရေးစသော ဗဟုသုတများတိုးပွားစေရန်
- မြစ်ဆုံရေကာတာ စီမံကိန်းရပ်တန့်စေရေး (ဧရာဝတီနှင့် တစ်မျိုးသားလုံး၏ ကျရောက်ဆဲကျရောက်လတ္တံ့သော အလွန်ကြီးမားသောဘေးအန္တရယ်ကို ကာကွယ်ရန်) အတွက် ပြည်တွင်းမှ လှုပ်ရှားနေသူများကို ငွေအားဖြင့်ထိရောက်စွာအကူအညီပေးနိုင်ရန်အတွက် ရံပုံငွေရရှိရန်
အစရှိသော ရည်ရွယ်ချက်များဖြင့် စင်ကာပူနိုင်ငံတွင် စာပေဟောပြောပွဲတစ်ခုဖြစ်မြောက်ရန် အချိန်အားလုပ်အားများကိုပေးလှူ၍ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။
ဧရာဝတီကို ဘာလို့ တိုင်းတပါးလက်အပ်ရမှာလဲ။ ဧရာဝတီဟာ မြန်မာတို့သွေးကြော ၊ ဧရာဝတီကိုပိတ်လိုက်ရင် ဒို့လူမျိုးတွေ ဒုက္ခရောက်ကုန်မှာပေါ့။
သိစရာတွေ အများကြီးပါလို့ ကျေးဇူးတင်ပါတယ်ရှင်။
အစ်ကိုဧရာ ရေးထားတာ အရမ်းကောင်းတယ်။ ဧရာဝတီ ကိစ္စနဲ့ ပါတ်သက်ပြီး ရေးထားတဲ့ ဆောင်းပါးကောင်း တွေထဲက လက်ရွေးစင်ပဲ။ နောက်ဆုံး အချက်တွေ ဆွဲထုတ်ပြတာ တန်ဖိုးအရှိဆုံးပဲ။
သိပ်ကိုကောင်းတဲ့ဆောင်းပါးပါ။ ကျေးဇူးတင်ပါတယ်။
မြစ်ဆုံဆည် ဗျူဟာစီမံကိန်းကို အပြင်းအထန် ကန့်ကွက်ပါတယ်။
အစ်ကိုဧရာ နဲ့ မမသီတာ
ဆောင်းပါးကို လက်ဆင့်ကမ်းပါရစေလို့ ခွင့်တောင်းပါတယ်။
သိမှတ်စရာတွေ စုံလင်လှတဲ့ ဆောင်းပါးတပုဒ်အတွက် အကို ဧရာ့ကို ကျေးဇူးတင်လိုက်တာ... စုပေါင်းအားနဲ့  အောင်မြင်ပါစေလို့  ဆုတောင်းနေရတာပါပဲ... :-)
Poets and writers are good command in artistic and naturalistic views. Your post is balanced with sentimental and technical view.
I love following story too.
အံ့သြဖွယ်ကောင်းသည်မှာ ဧရာဝတီကို ချစ်သည်ဟု ဆိုကြသော၊ ကျေးဇူးတင်သည်ဟု ဆိုကြသော၊ ဧရာဝတီကို အမှီပြုရပါသည်ဟု ဆိုကြသော ခရီးသည်အပေါင်းတို့သည် ဗန်းမော်မြို့ကို လှမ်းမြင်လိုက်သည်နှင့် လမ်းခရီးတစ်လျှောက် စုဆောင်းလာသော အမှိုက်သရိုက်များကို အားပါးတရ ပစ်ချလိုက်ကြလေတော့သည်။
(ဧရာဝတီ အထက်ပိုင်းဆီသို့ ဆန်တက်သောအခါ, http://www.myatshu.com/2011/09/20)
Poets and writers are good command in artistic and naturalistic views, you added technical things for thought.
I love following story too.
အံ့သြဖွယ်ကောင်းသည်မှာ ဧရာဝတီကို ချစ်သည်ဟု ဆိုကြသော၊ ကျေးဇူးတင်သည်ဟု ဆိုကြသော၊ ဧရာဝတီကို အမှီပြုရပါသည်ဟု ဆိုကြသော ခရီးသည်အပေါင်းတို့သည် ဗန်းမော်မြို့ကို လှမ်းမြင်လိုက်သည်နှင့် လမ်းခရီးတစ်လျှောက် စုဆောင်းလာသော အမှိုက်သရိုက်များကို အားပါးတရ ပစ်ချလိုက်ကြလေတော့သည်။
(ဧရာဝတီ အထက်ပိုင်းဆီသို့ ဆန်တက်သောအခါ, http://www.myatshu.com/2011/09/20)
သိပ်ကို ကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ အဖတ်နောက်ကျသွားတယ်။ အခု မြစ်ဆုံဆည်ကို ရပ်တန့်ထားလိုက်တဲ့အတွက် ၀မ်းသာမိပေမယ့် ရာနှုန်းပြည့် ဖျက်သိမ်းပစ်နိုင်ဖို့အဆင့်အထိရောက်အောင်ကတော့ အများကြီး ၀ိုင်းဝန်းကြိုးစားကြဖို့လိုပါသေးတယ်။
ဗဟုသုတတွေအတွက် ကျေးဇူးပါ ကိုဧရာနဲ့ မမသီတာ.....
ဂျင်း
Post a Comment