Wednesday, February 4, 2009

Free English Course for Parents - Day 5

ဤမိသားစု
ဘုရားဖူး လာ၏။
လူစုလာသည်။
မသီတာ ပါသလား။

အထီးကျန်ခြင်းကို ခံစားရသောအခါ အထက်ပါအတိုင်း သူငယ်တန်းဖတ်စာ ထဲမှ စာပိုဒ်လေးတွင် မိမိနာမည်ကို ထည့်လိုက်မိပါတော့သည်။

အထီးကျန်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ခြင်းမှာ မြစ်ဖျားခံလေသလောဟု ကံ၊ ကံ၏အကျိုး ကို စစ်ကြော ဝေဖန် တီးခေါက်နေမိသည်။

အထီးကျန်ခြင်းသည် မိမိကိုယ်မိမိ ယုံကြည်မှုနည်းပါးခြင်း၊ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းခြင်း၊ ရတာထက်ပိုလိုချင်ခြင်းများ၏ အကျိုးရလဒ်လေလောဟု ဆန်းစစ်ရသည်မှာလည်း အကြိမ်ကြိမ်။

မိန်းမတို့သည် အသက်အရွယ် အတန်ရလာသောအခါ ခန္ဓာကိုယ်အတွင်း ဓာတ်များပြောင်းလဲခြင်းကြောင့် တောင်တောင်အီအီ ဖြစ်လာတတ်ကြောင်း ကြားဖူးနား၀ ရှိခဲ့ရာ၊ ထိုအသက်အရွယ်သို့ မိမိသည် လုံလ၊ ဝီရိယကြီးစွာဖြင့် စောလျင်စွာ ရောက်နှင့်နေပီလား…

*****
Day 1
Day 2
Day 3 & 4
Day 5
ဒီနေ့ သင်တန်းစတော့ Mei Leen က loner | alone | lonely ဆိုတဲ့ စာသုံးလုံးကို White Board မှာ ရေးချလိုက်တယ်။ ကျမ အလွန်စိတ်ဝင်စားနေတဲ့ topic မို့ တစ်စုံတစ်ခုသော ကွင်းဆက်ကလေးကို ရလေနိုးနိုး မျှော်ကိုးရင်း နဲ့ပေါ့။

ယေဘူယျ အနေနဲ့ ပြဋ္ဌာန်းစာအုပ်ထဲက ကာလပေါ်  နိုင်ငံရပ်ခြား ဆိုတဲ့ တေးသွားကို မဖြစ်မနေ သီဆိုကျူးရင့်နေတဲ့ လူတစ်ယောက်ရဲ့ New Year Eve မှာ ဖြစ်ပျက်တဲ့ အခြေအနေတွေနဲ့ သင်ခန်းစာကို ချဉ်းကပ်တယ်။ friends, family member တွေနဲ့ party, holiday အကြောင်း တွေပါတယ်။ တဆက်တည်းမှာ Lifestyle တွေအကြောင်းလည်း ပြည့်ပြည့်စုံစုံ မဟုတ်ပေမဲ့ တစွန်းတစ အဖျားခတ်ပြီး ပါသွားတယ်။

နောက်ဆုံးမှာ ဇတ်လိုက် ရထားတဲ့ score ကို loner အဆင့်တွေ ခွဲထားတဲ့ table နဲ့ တိုက်ကြည့်လိုက်တော့ He’s a bit of a loner ဆိုတဲ့ အဖြေထွက်တယ်။ ကိုယ်ရဲ့ အမူအကျင့်တွေ အတွက်လည်း ကိုယ်တိုင် အမှတ်ပေး၊ ရတဲ့ score တွေအားလုံးပေါင်းတော့ အဲ့ဒီလူနဲ့ တစ်မှတ်ပဲကွာသမို့ I’m a bit of a loner လို့ ကိုယ့်ကိုကိုယ် ကြေငြာအပြီး ခဲလေသမျှ သဲရေကျဆိုတဲ့ အဖြစ်နဲ့ သင်တန်းက ပြန်ခဲ့တယ်။
*****

ဆရာတော် ဦးဇောတိက က Snow in the Summer စာအုပ် Introduction မှာ
Mountain-Lion I am. Alone, but not lonely anymore. I have learnt to live alone. …တဲ့။ (Page-4)
ဆရာတော် ဘယ်လိုများ learn လုပ်ခဲ့ပါသလဲ။

မိသားစု စည်းဝိုင်း အပြင်ဘက်
သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်းအပြင်ဘက်
ရွာ အပြင်ဘက်
ရောက်နေတယ်လို့ ခံစားရလို့ ရေးချလိုက်ပါတယ်

ဘလော့ဂ်ကို ကျေးဇူးတင်ပါတယ်။

Monday, February 2, 2009

နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၄)

ယေ ဓမ္မာ ဟေတုပ္ပဘဝါ, တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။


အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကုန်၏။ ထိုအကြောင်းတရားတို့ကို လည်းကောင်း, ထိုတရားတို့ ချုပ်ခြင်းကို လည်းကောင်း တထာဂတသည် ဟောတော်မူ၏။ ရဟန်းမြတ်သည် ဤသို့အယူရှိ၏။

ဗုဒ္ဓ၏ လက်ယာတော်ရံမထေရ် ဖြစ်လာမည့် အရှင်သာရိပုတ္တရာပရိဗိုဇ်အား ပဉ္စဝဂီငါးပါးအနက်မှ တစ်ပါးဖြစ်သော အရှင်အဿဇိမထေရ် အကျဉ်းဟောကြားသော ဂါထာဖြစ်သည်။ အကြောင်းကိုမှီ၍ဖြစ်သော (ဟေတုပ္ပဘဝါ) တရားများဟူသည်မှာ ခန္ဓာငါးပါးကို ဆိုလိုသည်။ တစ်နည်းလည်း ဒုက္ခသစ္စာကိုဆိုလိုသည်။ ယင်းခန္ဓာငါးပါး၏ အကြောင်းတရားသည် ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာဖြစ်၏။ ဒုက္ခ၏အကြောင်းနှင့် ဒုက္ခတို့ ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာဖြစ်သည်။ ထိုကြောင့် ထိုဂါထာလေးသည် ဒုက္ခ, သမုဒယ, နိရောဓတို့ကို ဟောကြားခြင်းဖြစ်သည်။ နောက်ဆုံး မဂ္ဂသစ္စာအား တိုက်ရိုက် ဟောမထားသော်လည်း၊ သစ္စာလေးပါးတို့သည် တပြိုင်နက်တည်းသိသော (ဧကပဋိဝေဓ) သဘောရှိ၍ အရိယသစ္စာလေးပါးလုံးအား ဟောကြားသော ဒေသနာဟု ဆိုနိုင်သည်။

“ယော, ဘိက္ခဝေ, ဒုက္ခံ ပဿတိ, ဒုက္ခသမုဒယမ္ပိ သော ပဿတိ, ဒုက္ခနိရောဓမ္ပိ ပဿတိ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒမ္ပိ ပဿတိ။ … ”

ရဟန်းတို့ … အကြင်သူသည် ဒုက္ခကို မြင်၏။ ထိုသူသည် ဒုက္ခဖြစ်ခြင်းကိုလည်း မြင်သည်။ ဒုက္ခချုပ်ခြင်းကိုလည်း မြင်သည်။ ဒုက္ခချုပ်ခြင်းသို့ ရောက်သောအကျင့်ကိုလည်း မြင်သည်။ …

ဒုက္ခသစ္စာမြင်သူသည် သမုဒယ, နိရောဓ, မဂ္ဂသစ္စာတို့လည်း တပြိုင်နက်မြင်သည်။ ထို့အတူ သမုဒယကိုမြင်သူသည် ဒုက္ခ, နိရောဓ, မဂ္ဂသစ္စာတို့ကိုလည်း မြင်သည်။ သစ္စာတစ်ပါးကို မြင်လျှင် ကျန်သစ္စာသုံးပါးအား တပြိုင်နက် မြင်သည်။ ထို့ကြောင့် ဒုက္ခသစ္စာဟူသော ဥပါဒါနက္ခန္ဓာငါးပါးအား ထိုးထွင်းသိမြင်ခြင်းသည် သစ္စာလေးပါးလုံးအား သိမြင်ခြင်းပင် ဖြစ်သည်။

သစ္စာလေးပါးအား မသိမြင်သော ပုထုဇဉ်သည် ဥပါဒါနက္ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ, ငါ့အတ္တ” ဟုရှုမြင်သည်။ တိုင်၌ချည်ထားသော ခွေးသည် တိုင်ကိုသာပတ်၍ ရပ်ခြင်း, ထိုင်ခြင်း, ပြေးခြင်းပြုသကဲ့သို့ ပုထုဇဉ်သည် ဥပါဒါနက္ခန္ဓာငါးကိုသာ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ရစ်ပတ်လှည့်လည်ကာ မလွန်မြောက်နိုင်ပဲ ရှိသည်။ အချို့က ဘဝကို ကပ်ငြိသောအမြင်ဖြင့် ဘဝတွင် ပုန်းအောင်းကြသည် (သြလီယန္တိ)။ အချို့က ဘဝကိုစက်ဆုတ်သော အမြင်ဖြင့် ဘဝကို လွန်ပြေးကြသည် (အတိဓာဝန္တိ)။ တိုင်မှ မလွတ်နိုင်ပဲ တိုင်ကိုသာ ပတ်ပြေးနေရသော ခွေးကဲ့သို့ ပုထုဇဉ်သည် ဘဝမှ မလွတ်နိုင်ပဲ ဘဝတွင် ပုန်းအောင်း၍ဖြစ်စေ, ဘဝကို လွန်ပြေး၍ဖြစ်စေ အစွန်းတစ်ဖက်ဖက်သို့ ရောက်နေကြသည်။ ဤသည်ကိုပင် ဓမ္မစကြာဒေသနာတွင် အစွန်းတရား (အန္တာ) နှစ်ပါး ဟုဟောကြားခဲ့သည်။

ဒွေ မေ, ဘိက္ခဝေ, အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။ ကတမေ ဒွေ?
ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တသံဟိတော၊
ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္တသံဟိတော။

ရဟန်းတို့… အိမ်ယာစွန့်ခွာ ရဟန်းပြုလာသူတို့ မမှီဝဲအပ်သော အစွန်းတရား နှစ်ပါးရှိ၏။ အဘယ် နှစ်ပါးတို့နည်း။
(၁) ယုတ်ညံ့၍ အိမ်ယာထူထောင်သူ လူများစုတို့၏ အလေ့အကျင့်သာဖြစ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘ကာမချမ်းသာကိုလိုက်စားခြင်း’ (ကာမသုခလ္လိကာနုယောဂ)
(၂) ကိုယ်စိတ်ဆင်းရဲခြင်းကိုဖြစ်စေတတ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘မိမိကိုမိမိ ပင်ပန်းဆင်းရဲအောင် အားထုတ်ခြင်း’ (အတ္တကိလမထာနုယောဂ) နှစ်ပါးတို့တည်း။


ဤတွင် လူအများစုတို့သည် ဘဝတွင် ပုန်းအောင်းနေသူများ ဖြစ်ကြသည်။ ကာမဂုဏ်ချမ်းသာတွင် နစ်မျောကာ ကာမဂုဏ်အာရုံများနောက် လိုက်စားပျော်မွေ့နေကြသည်။ ကာမသုခလ္လိကာနုယောဂ (ကာမသုခ+ လိက - ကပ်ငြိသော + အနုယောဂ - အားထုတ်ခြင်း) အစွန်းဟုခေါ်သည်။ အချို့ကား ဘဝကို စက်ဆုတ်, ရှက်ရွံ့သည်ဖြစ်၍ လွန်ပြေးသူများ ဖြစ်သည်။ ထိုသူတို့သည် မိမိကိုယ် မိမိနှိပ်စက် ညှဉ်းပန်း, ပင်ပန်းဆင်းရဲအောင် ကျင့်ကြံ၍ ဘဝကင်းပြတ်မှုကို ရှာဖွေကြသည်။ အတ္တကိလမထာနုယောဂ (အတ္တ- မိမိ + ကိလမထ - ပင်ပန်းခြင်း + အနုယောဂ - အားထုတ်ခြင်း) အစွန်းဟုခေါ်သည်။ ထိုအစွန်းတရားနှစ်ပါးတို့သို့ မကပ်သော အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) သည် အင်္ဂါ အစိတ်အပိုင်း ရှစ်ပါးပါဝင်သော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ = အဋ္ဌ-ရှစ် + အင်္ဂ-အစိတ်အပိုင်း + ဣက - ရှိသော + မဂ္ဂ - လမ်း) ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်သောအကျင့်လမ်း (ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ) မဂ္ဂသစ္စာပင် ဖြစ်သည်။

(၄) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

ရဟန်းတို့… ဤကား ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (ဆင်းရဲချုပ်ခြင်းသို့ရောက်သော အကျင့်လမ်း ဟူသည့် အရိယာတို့သိအပ်သော အမှန်တရား- မဂ္ဂသစ္စာ) တည်း။ ဤသည်တို့ကား -
၁။ သမ္မာဒိဋ္ဌိ (မှန်ကန်စွာ သိမြင်ခြင်း)
၂။ သမ္မာသင်္ကပ္ပ (မှန်ကန်စွာ ကြံစည်ခြင်း)
၃။ သမ္မာဝါစာ (မှန်ကန်စွာ ပြောဆိုခြင်း)
၄။ သမ္မာကမ္မန္တ (မှန်ကန်စွာ ပြုမူခြင်း)
၅။ သမ္မာအာဇီ၀ (မှန်ကန်စွာ အသက်မွေခြင်း)
၆။ သမ္မာဝါယာမ (မှန်ကန်စွာ အားထုတ်ခြင်း)
၇။ သမ္မာသတိ (မှန်ကန်စွာ အောက်မေ့ခြင်း)
၈။ သမ္မာသမာဓိ (မှန်ကန်စွာ တည်ကြည်ခြင်း) ဟူသောအင်္ဂါရှစ်ပါးရှိသော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ) ဖြစ်သည်။
သစ္စာလေးပါးအား ဉာဏ်သုံးပါး, အပြန်သုံးပြန်အားဖြင့် (တိပရိဝဋ္ဋ) သိမြင်ပုံကို ဓမ္မစကြာဒေသနာတွင် ဟောကြားထားသည်။ ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာ၊ တဏှာသည် ဒုက္ခဖြစ်ခြင်း သမုဒယသစ္စာ၊ တဏှာချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ငြိမ်းခြင်း နိရောဓသစ္စာ၊ မဂ္ဂင်ရှစ်ပါးသည် ဒုက္ခချုပ်ခြင်းသို့ရောက်သော အကျင့်လမ်း မဂ္ဂသစ္စာဟု သိခြင်းသည် သစ္စာသိမြင်သော သစ္စဉာဏ် ဖြစ်သည်။

ဥပါဒါနက္ခန္ဓာငါးပါးသည် ပိုင်းခြား၍ သိရမည့်တရား (ပရိညေယျ)၊ တဏှာ (နှင့်တကွသော ကိလေသာတို့)သည် ပယ်သတ်ရမည့်တရား (ပဟာတဗ္ဗ)၊ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့်တရား (သစ္စိကာတဗ္ဗ)၊ မဂ္ဂင်ရှစ်ပါးသည် ကျင့်ကြံပွားများရမည့်တရား (ဘာဝေတဗ္ဗ)ဟု “သိ-ပယ်-ဆိုက်-ပွား” ကိစ္စတာဝန် လေးရပ်နှင့် တွဲဖက် သိမြင်ခြင်းသည် ကိစ္စဉာဏ်ဖြစ်သည်။

ပိုင်းခြားသိရမည့် တရားတို့အား သိပြီးပြီ၊ ပယ်သတ်ရမည့် တရားများအား ပယ်သတ်ပြီးပြီ၊ မျက်မှောက်ပြုရမည့် တရားများအား မျက်မှောက်ပြုပြီးပြီ၊ ပွားများရမည့် တရားများအား ပွားများပြီးဟု သိမြင်ခြင်းသည် ကတဉာဏ်ဖြစ်သည်။ ဤသို့ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟူသောအပြန်သုံးပါးဖြင့် သစ္စာလေးပါးအား အခြင်းရာ ၁၂-ပါး ( ၄ x ၃ = ၁၂ ဒွါရသကာရ) ဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိပြီးမှသာ ဘုရားအဖြစ်ကို ဝန်ခံကြောင်း မိန့်ကြားသည်။

စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပဝတ္တနသုတ်
၂။ ဝိနည်းမဟာဝါ-၆၀၊ သာရိပုတ္တမောဂ္ဂလာနပဗ္ဗဇကထာ
၃။ သံ-၅-၁၁၀၀-သစ္စသံယုတ်၊ ကောဋိဂါမဝဂ်၊ ဂဝမ္ပတိသုတ်
၄။ သံ-၃-၉၉-ခန္ဓသံယုတ်၊ ပုပ္ဖဝဂ်၊ ဂဒ္ဒူလဗဒ္ဓသုတ်
၅။ ဣတိဝုတ္တက-၄၉၊ ဒုကနိပါတ်-ဒုတိယဝဂ်-ဒိဋ္ဌိဂတသုတ်

Thursday, January 29, 2009

Free English Course for Parents - Day 3 and 4

Day 3
ဒီနေ့တော့ သင်တန်းကို နည်းနည်းနောက်ကျရောက်တယ်။

Kim က Family Member အခေါ်အဝေါ်တွေ သင်နေပြီ။ Family Tree လေးနဲ့ မူကြိုအတန်းစာ ဆိုပြီး ပျင်းမိတယ်။
MaleFemale
GrandfatherGrandmother
FatherMother
Brother (older/ younger)Sister (older/ younger)
UncleAunt
cousin(same for male and female)


Mei Leen က
Photo Album
Listening
တိတ်ခွေထဲက Conversation ကိုနားထောင်ခိုင်းတယ်။ အမျိုးသမီး တစ်ယောက်က သူ့မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေကို အခြားတစ်ယောက်ကို ပြပြီး ဒါက ဘယ်သူ ဒါက ဘယ်ဝါ စသဖြင့် ရှင်းပြနေတာ Describing the person in the photos ပေါ့။ နောက် သင်တန်းသူတွေကို ဓာတ်ပုံတွေပေးပြီး ဘယ်ပုံကတော့ ဘယ်သူဆိုတာ ပြန်ပြောခိုင်းတယ်။ ဒီတော့မှ အိပ်ယာကနိုးသလို ဖြစ်သွားတယ်။

ရောက်ပါပြီ Christina အလှည့်။ သင်တန်းသူတွေ အားလုံးကို မတ်တပ်ထခိုင်းတယ်။ teacher တွေကိုရော အကုန် ထခိုင်းတယ်။ ပြီးတော့မှ shake shake shake your body ဆိုပြီး လေးတွဲတွဲ ဖြစ်နေတဲ့ စာသင်ခန်းကို သွေးပူလေ့ကျင့်ခန်းလုပ်ခိုင်းတယ်။ (ကိုယ်ကတော့ မ shake ခဲ့ပါဘူး။ stretched my body ပျင်းကျောတွေက ဆွဲဆွဲဆန့်ရတယ်။)

Relationship Stages တွေနဲ့ ပတ်သက်တာတွေ ဆွေးနွေးပြီး ဒီလေ့ကျင့်ခန်းလေး လုပ်ခိုင်းတယ်။

Fill in the Gaps. Place Sentences In The Correct Order.
out -- engaged -- together -- invited -- honeymoon -- home -- married -- baby

A) John and Jane got __________ six months after their first date.
B) John had a __________ girl.
C) John __________ Jane out to dinner for their first date.
D) Jane took John __________ to meet her parents.
E) They went to Hawaii for their __________.
F) John and Jane started going __________ together immediately after their first date.
G) John and Jane got __________ a year after they got engaged.
H) John and Jane decided to move in __________.

ပြီးတော့မှ အဲ့ဒီအဆင့်တွေကို အစဉ်လိုက်အတိုင်းစီပါတဲ့။ (No. H ကို ဘယ်နားထားကြမလဲ အငြင်းပွားသွားတယ်။ Christina ကလေ သူကတော့တဲ့.. အဲ England မှာတော့တဲ့.. No. D ရဲ့ အရှေ့မှာ ထားပါတယ်တဲ့…)

ကိုယ်အကြောင်းလေးတွေကိုယ် အချို့မူလည်း ပြန်ပြောင်းသတိရ၊ အချို့မူလည်း စိတ်ကူးယဉ်နိုင်ရန် အောက်ပါ လေ့ကျင့်ခန်းလေး စိတ်ထဲကလုပ်ကြည့်ပါလား။ (မေးခွန်းအားလုံး မဖြေမနေရ။ အယ် မေ့သွားပြီဆိုတဲ့ အဖြေ လက်မခံပါ။ စာအုပ်ပြန်လှန်ကြည့်ခြင်း၊ နီးစပ်ရာထံ အကူအညီတောင်းခံခြင်း စသည့် helpline များ အသုံးပြုခွင့် ရှိပါသည်။)
Fill in the Gaps.

A) Where did you go on your __________? (honeymoon)
B) When is the good age to __________ married? (get)
C) When did you and your husband first move in __________? (together)
D) Have you ever invited anyone __________? (out)
E) Have any of your female friends recently had a __________? (baby)
F) Have you ever taken anyone __________ to meet your parents? (home)
G) How long did you and your husband go out __________ before getting married? (together)
H) Have any of your friends recently gotten __________ to their boyfriends? (engaged)

Day 4
ဒီနေ့မှာတော့ Transportation အကြောင်း သင်ယူကြရပါတယ်။ ထွေထွေထူးထူးတော့ ရေးပြစရာမရှိလို့ အကြမ်းဖျင်းလေး ဖတ်ချင်ရင် ဖတ်ကြည့်ဖို့ပါနော်။
Rashmi
1. Train
2. Airplane(Aeroplane)
3. Helicoptor
4. Motorcycle
5. Boat
6. Blimp
7. Balloon
8. minivan
9. Bus
10. Ambulance
11. Bicycle
12. Convertible

What is Public/ Private transport? Which one do you prefer?

Public transport

taxi tram ferry cable car train truck rickshaw
1. Which form of public transport do you use? Which do you use most?
2. Choose one kind of transport, and complete the table. Which statements do you think are true? Discuss your answers with your partner.

a. They’re comfortable.
b. They usually come on time.
c. They’re expensive.
d. They’re often crowded.
e. They don’t have to wait long.
f. They’re slow.
g. It’s an enjoyable way to travel.
h. It’s a safe way to travel.

Hui Ying
Where did you go on your last holiday?.. How did you get there?.. How much did it cost?

How to get there

Three people say how they get from Washington to New York. Fill the gaps with words from the box.
costs -- reaches -- gets -- takes -- leaves -- arrives

A. I usually fly. If I leave home at 6:30, I can catch the 7.30 a. m. flight, which __________get to La Guardia Airport at about 8.30. I’m in the centre of New York by 9.15 so that the whole journey _________ takes less than 3 hours. It’s expensive – it _________ about $300 return – but it’s very quick. And there’s a plane every hour.

B. I usually take the Greyhound bus. It _________ Washington at 9 a. m., and _________ in New York at 1.40 in the afternoon. The New York bus terminal is in Manhattan, so it’s very convenient, and it only _________ about $85 return on weekdays.

C. I usually go by train, because it’s only a bit slower than the plane and it’s more reliable. It’s about $100 return. The journey ________ about 4 hours. I usually catch the 10.30 train, which __________ New York at 10 past 2. It’s comfortable, and it’s always on time.

What are the pros & cons of travelling by …………..(name of transportation)?

Olivia
Airport
Reading

Day 4 သင်တန်းအပြီးမှာ Kim က ကျမကို interview ပါတယ်။ Kim ဟာ ကျောင်းသုံးစာအုပ်တွေ ထုတ်ဝေတဲ့ ကုမ္ပဏီက editor တစ်ယောက်ဖြစ်ပြီး စာသင်ကြားမှု အတွေ့အကြုံမရှိသေးပါဘူး လို့ သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ Kim မေးခဲ့တဲ့ မေးခွန်းတွေနဲ့ ကျမဖြေခဲ့တဲ့ အဖြေတွေကတော့... ဒန် တန့် တန်...

Thursday, January 22, 2009

Free English Course for Parents - Day 2

Day 1
Day 2
စုစုပေါင်း (၁၂)ယောက်ရှိတဲ့ List က ကိုယ့်နာမည်ကို ကြည့်ပြီး အခန်းထဲဝင်တော့ အထဲမှာ ကိုရီးယားသူတွေရောက်နှင့်နေတယ်။ အခန်းအပြင်ပြန်ထွက်ပီး နာမည်စာရင်းကို တစ်ခါပြန်ကြည့်သေးတယ်။ ဓာတ်လှေကားအတူ စီးခဲ့တဲ့ တိုင်ဝမ်က PhD တရုတ်အမျိုးသမီး အခြားအခန်းထဲ ဝင်သွားလို့ အဲ့ဒီအခန်းရှေ့က နာမည်စာရင်း List ကို သွားဖတ်တော့ Singaporean တွေရဲ့ နာမည်တွေ အစဉ်လိုက်တွေ့တယ်။ ငါတော့ Basic အတန်းရောက်ပြီလို့ သုံးသပ်မိပါပြီ။ ဘယ်တော့မှလည်း တိုးတက်တော့မှာ မဟုတ်ပါဘူးလို့ ဆုတ်နစ်သော နှလုံးသားဖြင့် တွေးထင်ရင်း ပို၍ပင် ဝမ်းနည်းလာမိသလိုခံစားရပါတယ်။

သင်တန်းသား ၁၂ယောက်ကို စားပွဲ တစ်ခုလျှင် ၄ယောက်ကျစီဖြင့် အုပ်စု ၃စု ခွဲလိုက်ပါတယ်။ ကျမ ထိုင်မိတဲ့ စားပွဲမှာ ကိုးရီးယားသူ ၃ဦးနှင့် ဖြစ်ပါတယ်။ (သင်တန်းနေ့တိုင်းကို ဒီအုပ်စု အတိုင်းထိုင်စရာမလိုပါ။)
ဒီနေ့မှာတော့ ဆရာမ ၆ယောက်က တစ်ယောက်လျှင် မိနစ်၂၀စီဖြင့် ၁၂၀-မိနစ် (၂-နာရီ)ကို ဆက်တိုက် သင်သွားမှာဖြစ်ပါတယ်။

ပထမဦးဆုံး စသင်တဲ့ ဆရာမက Kim ဆိုတဲ့ Singaporean တရုတ်လူမျိုးပါ။ စာသင်ကြားမှု အတွေ့အကြုံမရှိသေးသူလို့ ခန့်မှန်းရပါတယ်။ (နောင်မှာ ကျမရဲ့ မူပိုင်ဆရာမ ဖြစ်လာမည့်သူပါ။ ကျမ ခန့်မှန်းချက် မှန်ကန်ကြောင်းကို နောက်ပို့စ်တွင် အကျယ်ရေးပါမည်။) နီပြီး အနည်းငယ်ပြူးကျယ်နေတဲ့ သူမျက်လုံးတွေနဲ့ တုံ့ဆိုင်းနေတဲ့ သူ့အသံက nervous ဖြစ်နေတာကို ဖေါ်ပြနေပါတယ်။ တနည်းအားဖြင့်သူဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့လည်း ခံစားလို့ရပါတယ်။

Getting to know you ဆိုတဲ့ topic အတွက် Kim က
1. Can you speak 3 languages?
2. Do you like to eat durians?
3. Can you cook?
4. Do you like to eat chocolates?
5. Do you have more than 3 children?
6. Do you like shopping?
7. Can you drive?
8. Do you like to sing?
9. Do you have more than 20 pairs of shoes?
10. Can you swim?
ဆိုတဲ့ outline မေးခွန်းတွေထဲကမှ ကျမကို မေးခွန်း သုံးခု ကောက်နုတ်ပြီး မေးပါတယ်။
Can you speak 3 languages? my answer is No.
Can you drive? No.
Kim: Ok, Ok..the last question, Can you swim? No.
ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလိုက်ပါသလဲ … ?
ကိုရီးယားသူ သုံးဦးစလုံး language ၃-ခုမတတ်ပေမဲ့ ကားတော့ မောင်းတတ်ကြပါတယ်။
အစကတည်းကမှ စိတ်အားငယ်ချင်နေတာ ပိုလို့ down သွားပါတယ်။

နောက် ဒုတိယအနေနဲ့ အလှည့်ကျတဲ့ ဆရာမကတော့ Mei Leen ပါ။ သူကလည်း Singaporean တရုတ်လူမျိုးပါပဲ။ သူကတော့ အသက်-၅၀ ဝန်းကျင်လို့ ခန့်မှန်းရပြီး သင်ကြားမှု အတွေ့အကြုံရှိသူလို့ သူ့ရဲ့ ဟန်ပန်အရ ခန့်မှန်းရပါတယ်။ English သင်ဖို့ သင်တန်းတက်နေသူဆိုတော့ ဆရာမဖြစ်မယ်ဆိုလျှင် အခြားဘာသာရပ်ကို သင်တာဖြစ်လိမ့်မယ်လို့ အတွေးဝင်နေမိပါတယ်။
သူကတော့ ကျောင်းသူတွေကို စာရွက်အဝါ အပိုင်းလေးတွေတစ်ယောက် တစ်ရွက်စီဝေပေးပြီး အဲဒီစာရွက်ပေါ်မှာ အောက်ပါ မေးခွန်းတွေရဲ့ ကိုယ်ပိုင် အဖြေကို ရေးပါတဲ့။

1. Who is someone famous that you would like to meet?
2. What is your Favourite dish?
3. Where do you usually shop?
4. What is your hobby?
5. Which country would you like to visit?

ပြီးတော့မှ ကိုယ့် group ထဲမှာ ဘာကြောင့် ဆိုတာကို အချင်းချင်း ဆွေးနွေးပါတဲ့။

ကျမတို့ အဖွဲ့ထဲမှာ No. 1 မေးခွန်းအတွက် ကျောင်းသူနှစ်ဦးရဲ့ အဖြေဟာ စိတ်ဝင်စားစရာကောင်းစွာ တူနေပါတယ်။ Barack Obama ပါတဲ့။ Why Obama? ကျမကမေးပါတယ်။ He is the first African American President in United State and he looks intelligent. နောက်တစ်ယောက်ကတော့ ရုပ်ရှင်မင်းသား Nicolas Kage ပါတဲ့။ Why? ဆိုတော့ သူ့ရဲ့ ဇနီးက ကိုရီးယားသူမို့ပါတဲ့။ ဘဝတူ အိမ်ထဲနေသည့် အိမ်ရှင်မတွေ ဖြစ်ပေမဲ့ ခေသူတွေတော့ မဟုတ်ကြဘူးနော်။

နောက်ဆရာမကတော့ ရှေ့ကဆရာမ တွေလို “Good morning!” တို့… “Hello everybody” တို့လို အားလုံးကို သိမ်းကျုံး နှုတ်ဆက်တဲ့ အသုံးအနှုံးမျိုးတွေနဲ့ မစပါဘူး။ ကျမတို့တွေရှေ့မှ ရေးပြီးချထားရတဲ့ နာမည်တွေကို လိုက်ဖတ်ပြီး Hello Thida...Hello Mi Ae စသဖြင့် တစ်ယောက်ချင်းစီကို နာမည်ခေါ်ပြီး နှုတ်ဆက်ပါတယ်။ ပြီးတော့မှ I’m Christina. I’m from England. နောက်ပြီး တဆက်တည်း ဆိုလိုက်ပါသေးတယ်။ Do you know England? တဲ့.. ကျမလည်း သူ့လို ဒါတောင်မသိဘူးလားဆိုတဲ့ သဘောမျိုးပါတဲ့ အဖြေပါပီးသား မေးခွန်းကို လူတွေရှေ့မှာ မထေ့တထေ့ပုံစံလေးနဲ့ Do you know Burma? လို့ မေးလိုက်ချင်စမ်းပါတော့တယ်။

အံ့သြစရာကောင်းတာက သင်တန်းသူတွေရဲ့ နာမည်ကို သူအလွတ်မှတ်မိသွားပါပြီ။ စာသင်ရင်း အလျဉ်းသင့်သလို နာမည်တွေခေါ်ပြီး မေးခွန်းတွေမေးတော့တာပဲ။ (သူတို့တွေဟာ တော်ကို တော်နေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ တဖက်စောင်းနင်း အထင်ကြီးနေတာ မဟုတ်ကြောင်း ဒီနေရာမှာ မရှင်းပါရစေနဲ့ဦး။)

To have in common with friends ဆိုတဲ့ ခေါင်းစီးအောက်မှာ သူက သင်တန်းသား တွေမှာ ဘယ်လို တူညီတဲ့ အချက်တွေရှိပါသလဲလို့ မေးခွန်းလေးမေးလိုက်တော့ သင်တန်းသူ တစ်ယောက်က ဖြေပါတယ်။
We all are women တဲ့။ ဟုတ်ပါတယ်။ တာဝန်ခံဆရာ Mr. Keith ကလွဲရင် စာသင်ခန်းထဲမှာ ဆရာတပည့် အားလုံးဟာ အမျိုးသမီးတွေချည်းပါ။ ဒီတော့ Christine က Mr. Keith ဟာ ဒီသင်တန်းအတွက် Special woman ပါဆိုတော့ သူကလည်း သူစားပွဲမှာ ထိုင်နေရင်း ကနွဲ့ကလျဟန်လေး လုပ်ပြလေရဲ့။

နောက်တော့ ဒီလို
-Movies
-Foods
-Shopping
-Holidays
-Sport
စသဖြင့် topics လေးတွေ ချပေးလိုက်ပြီး ကိုယ့် partner နဲ့ ဆွေးနွေးခိုင်းပါတယ်။ ကျမနဲ့ ကျမရဲ့ partner (Mi Hyun) တို့ Shopping နဲ့ Sport မကြိုက်တာ တူလို့ နှစ်ယောက်သား တပြုံးပြုံးနဲ့ပေါ့

နောက် တစ်ယောက် အလှည့်ကျတဲ့ ဆရာမကတော့ Olivia ဆိုတဲ့ ချောမောလှပ ပြုံးချိုသွက်လက်နေသူလေးပါ။ သူက ဒီစာလုံးလေးတွေကို ချရေးလိုက်ပါတယ်။ အဲ့ဒါ သူ့အကြောင်းတွေပါတဲ့။ သူ့ဆီက ဒီလိုအဖြေတွေ ကြားရဖို့ ဘယ်လိုမေးခွန်းတွေ မေးရမလဲဆိုတာကို စာရွက်မှာ ချရေးစေပါတယ်။
Singaporean
Clementi
30 years old
white
Chinese
နောက် အဲ့ဒီမေးခွန်းတွေအတွက် ကိုယ်နဲ့ သက်ဆိုင်တဲ့ အဖြေတွေကိုလည်း ချရေးစေပါတယ်။ တစ်ယောက်ချင်းစီရဲ့ အဖြေတွေကို လိုက်ကြည့်နေခဲ့ပြီးမှ Nilsa (ဖိလစ်ပိုင်မှ) for your favourite colour, I saw very strange answer, pink/orange. why? Nilsa က ပြန်ဖြေတာကတော့ pink က သူ့အမျိုးသားစိတ်ကြိုက်ရွေးချယ်ခဲ့တဲ့ သူတို့ မင်္ဂလာဝတ်စုံ အရောင်ပါတဲ့။ orange ကတော့ သူ့ရဲ့ favourite ပါတဲ့။

နောက်လာသူကတော့ HuiYing ဆိုတဲ့ ယောက်ျား ဆန်ဆန် ဆရာမလေးပါ။ သူကတော့
Learn about…
Share with…
Note down… လို့ ရေးချလိုက်ပြီး

My Learning experiences…အကြောင်း
1. What are your reasons for learning English:
2. What were your previous English language learning experience(s):
3. How you were taught in a class
4. What did you enjoy in the process?
5. What are the areas you need to practice:
4. Others
စတဲ့ အချက်တွေ ဆွေးနွေးပါတယ်

ဒီနေ့ အတွက် နောက်ဆုံး သင်မဲ့ ဆရာမကတော့ အိန္ဒိယ လူမျိုး Rashmi ပါ။ သူကတော့ ဒီသင်တန်းမှာ တွေ့ဆုံရတဲ့ ကျောင်းသားတစ်ယောက် အကြောင်းကို သူ့ဆီကို စာတစ်စောင်ရေးခိုင်းပါတယ်။
ပြီးတော့ ကိုယ်ရေးထားတဲ့ စာကို တစ်တန်းလုံးကြားအောင် ပြန်ဖတ်ပြစေပါတယ်။
ကျမတို့ အုပ်စုထဲက Mi Ae ကတော့ ကျောင်းခန်းထဲ ဝင်လာရင် တံခါးကို ဒုံးဒိုင်မြည်အောင် ကြမ်းတမ်းတဲ့ အမူအယာရှိတဲ့ ပီကေ အမြဲ ဝါးနေတဲ့ ကျောင်းသားအကြောင်း Complain letter မျိုးရေးပါတယ်။ (တကယ်တော့ အတန်းထဲမှာ မရှိပါဘူး။ သူ စိတ်ကူးယဉ်ပြီးရေးတာပါလို့ စာကိုမဖတ်ခင်အရင် ရှင်းပြပါသေးတယ်။ သူတို့ ဉာဏ်သွားပုံကို ကျမ တိတ်တခိုး အတုယူမိပါတယ်)

Writing letter informal ဆိုတဲ့ ခေါင်းစဉ်နဲ့ Personal စာတစ်စောင်ရဲ့ ရှိသင့်တဲ့ အင်္ဂါရပ်တွေကို ရှင်းပြပါတယ်။
1. greeting and name of recipient
2. Introductory sentence
3. Body
4. Closing sentence
5. Complimentary close
6. Signature

--Day 2 ပြီး၏။--

ကျစ်လစ်ခိုင်မာတဲ့ Syllabus ကို Interactive System နဲ့ သင်ပေး သင်ယူနေတယ်လို့ နားလည်ခဲ့ပါတယ်။
(ရှင်းလင်းချက်တွေကို English ဘာသာဖြင့် မရေးပြနိုင်ခြင်းအား သည်းခံပါရန်)

ဆက်ရန်

Tuesday, January 20, 2009

Free English Course for Parents - Day 1

British Council ကဖွင့်တဲ့ Free English Course for Parents ကိုသွားတက်ပါတယ်။ အဲ့ဒီမှာ လက်ရှိ တက်နေတဲ့ ကျောင်းသားရဲ့ အမေ (သို့) အဖေ တက်ခွင့်ရှိပါတယ်။ သင်တန်းချိန်က မနက် ၉နာရီမှ ၁၁နာရီ ဖြစ်တဲ့ အတွက် အလုပ်လုပ်တဲ့ အဖေတွေ လာမတက်နိုင်ကြပါဘူး။ အခွင့်သာတဲ့ အမေ အယောက် ၂၀ ကျော် ခန့် လာတက်တာ တွေ့ရပါတယ်။ တစ်ပတ်ကို နှစ်ရက်တက်ရမှာ ဖြစ်ပြီး နှစ်လခွဲခန့်တက်ရပါမယ်။

သင်တန်း အတွေ့အကြုံလေးကို ဘယ်သူတွေ ဘာတွေကို ဘယ်လိုလုပ်နေတယ်ဆိုတာ ဝေမျှချင်တဲ့ ရည်ရွယ်ချက်နဲ့ မိမိခံစားချက်တွေ ယှက်နွယ်ပြီး ရေးသွားပါမယ်။ လေ့လာလိုသူများ လေ့ကျင့်ခန်းတွေကို အတူတကွ လိုက်လုပ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

Day 1

သင်တန်းစတော့ တာဝန်ခံဆရာ Mr. Keith က မိတ်ဆက်စကားနည်းနည်းပြောပါတယ်။ ဒီသင်တန်းကို သင်မဲ့ဆရာ၊ ဆရာမ (၁၂)ယောက်ရှိပါတယ် တဲ့ ။ Certificate in English Language Teaching to Adults CELTA ဆရာဖြစ်သင်တန်းတက်နေတဲ့ သင်တန်းသားတွေက သင်မှာ ဖြစ်ပြီး သူတို့ကို တာဝန်ခံဆရာက စောင့်ကြည့် အမှတ်ပေးနေမှာ ဖြစ်ပါတယ်။ မိတ်ဆက်စကား အနည်းငယ်ပြောအပြီးမှာ ဒီ လေ့ကျင့်ခန်းလေး ပေးပါတယ်။

Talk to your partner
Find out about their background
Ask them why they are doing the course
Find out something interesting/ unusual about it.

သင်တန်းလာတက်သူတွေမှာ ကိုးရီးယားလူမျိုး အတော်များများပါပါတယ်။ နောက် တရုတ်ပြည်မကြီးမှ ၃, ၄ ယောက်။ တိုင်ဝမ်မှ PhD ရထားသူ တရုတ်အမျိုးသမီး။ အိန္ဒိယမှ ၂ ယောက်။ မြန်မာ ကျမအပါအဝင် ၂ယောက် (ကျန်တစ်ယောက်က ပထမဦးဆုံး တစ်ရက်ပဲ လာတက်ခဲ့ပါတယ်။) ကျန်တာတွေကတော့ စင်္ကာပူလူမျိုး (တရုတ်၊ ကုလား၊ မလေး) တွေပါ။ စင်္ကာပူမှ လူတစ်စုကတော့ ဒီက Canberra Primary School က ရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေ ဖြစ်ပြီး သူတို့ကျောင်းက ဒီသင်တန်းအတွက် သီးသန့် စီစဉ်ပြီး လွှတ်တာလို့သိရပါတယ်။

နောက် ဒီ Center က မန်နေဂျာ စကား အနည်းငယ်ပြောပြီး သင်တန်းကို ခဏနားပါတယ်။

သင်တန်းပြန်စတော့ စာသင်ခန်းထဲမှာ name tag တွေ တပ်ထားတဲ့ သူတွေ မိုးတိုးမတ်တပ်တွေ့ရတယ်။ သူတို့ဟာ ဒီသင်တန်းကို လက်တွေ့သင်ရမဲ့ ဆရာလောင်းတွေပါပဲ။ အလျဉ်းသင့်သလို တစ်ယောက်ချင်းဆီနဲ့ မိတ်ဆက်စကား၊ အလ္လာပသလ္လာပတွေ ပြောကြလို့ စီညံနေတော့တယ်။ ဘာသာခြား Language တစ်ခုကို လေ့လာသင်ယူရင် အသုံးချဖို့ အခြေခံ အကျဆုံးကတော့ များများပြောဖို့ ပါပဲ။

နောက်တော့ အောက်ပါခေါင်းစဉ်များမှ တစ်ခုကို မိနစ် ၂၀ အချိန်ပေးပြီး ရေးခိုင်းပါတယ်။

Choose one of the following and write about it.
My Last Holiday
My favourite teacher
My plans for the Future
an interesting experience you have had
my reasons for doing the course

ကျမ နောက်ဆုံးခေါင်းစဉ်ကို ရွေးချယ်ပြီး တောင်စဉ်ရေမရတွေ ရေးခဲ့ပါတယ်။ ဒီ Essay ကို ကြည့်ပြီး (Upper နဲ့ Lower) အတန်း နှစ်တန်းခွဲပြီး သင်ကြားသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချိန် သင်တန်းလာလျှင် စာသင်ခန်းရှေ့မှာ ကပ်ထားမည့် အမည်စာရင်းကို ဦးစွာကြည့်ပြီးမှ မိမိနာမည်စာရင်းပါသော အတန်းမှာ ဝင်ရောက်နေရာယူရမှာ ဖြစ်ပါတယ်။

ကျမ ဘယ်အတန်းကို ရောက်မယ်ဆိုတာ ခန့်မှန်းလို့ရအောင် ရေးခဲ့တဲ့ Eassy က သင်တန်းမှာ ထားခဲ့ရလို့ ဒီနေရာမှာ ဖော်ပြခွင့် မရတော့ပါဘူး။ မှတ်မိသလောက် ပြန်ရေးချရရင်လည်း စာဖတ်သူများ ခေါင်းရှုပ်သွားမှာစိုး၍ ဒီပို့စ်လေးကိုပဲ ဆက်လက်ဖတ်ရှုပြီး အကဲဖြတ်ကြပါ။

မဟာမြိုင်ဆရာတော် ဦးဇောတိက အမိန့်ရှိခဲ့ဖူးသလိုပဲ ကျမတို့ဟာ English ကို ကျောင်းမှာ နှစ်ပေါင်းများစွာ သင်ယူခဲ့ရပေမဲ့ လက်တွေ့ဘဝထဲ မရောက်တဲ့အတွက် ခရီးရောက်သင့်သလောက် မရောက်ကြဘူး။ (အကြောင်းရင်းတွေကို ရှာဖွေကြမည်ဆိုပါလျှင် ကျယ်ပြန့်၍ သုတေသနဆန်မည်မို့ ကိုယ့်ကိုကိုယ်သာဆန်းစစ်ပါမည်။) ငါးတန်း ဆယ်နှစ်သမီးက စလို့ A, B, C, D သင်လာလိုက်တာ English ကို စိတ်ဝင်စားပါတယ်။ ကြောက်စရာကောင်းတယ်ဆိုပြီး ပစ်ထားတဲ့ အခြေအနေမျိုး မရှိခဲ့ပါဘူး။ Speaking သင်တန်း၊ Enrichment Course ဆိုတာမျိုးတွေလည်း ကျောင်းအပြီးမှာ တက်ခဲ့ပါသေးတယ်။ သို့ပေမဲ့ အမှန်အတိုင်း ဝန်ခံပါတယ်.. ဘဝထဲကို မရောက်ခဲ့ပုံများ thank you လို စကားလုံးမျိုး ပြောထွက်ဖို့တောင် အင်မတန်ဝန်လေးခဲ့ပါတယ်။ အခြေအနေရဲ့ ပံ့ပိုးမှုက အရေးပါပေမဲ့ လူကိုယ်တိုင်ရဲ့ ရယူလိုမှုစိတ်ထားကသာ အဓိက ကျပါတယ်။

နောက်တစ်ခုက response ပါ။ ဘာကို ကြားရင် ဘယ်လို တွေးလိုက်ပြီး ဘယ်အထိတာသွားမလဲ ဆိုတဲ့ အချက်မှာ လည်း မျက်တောင်မွှေး တစ်ဆုံးလောက်သာ မြင်တတ်တဲ့ အလေ့ရှိသူမို့ အကျိုးဆက်ကတော့ ဘာသာခြားနဲ့ အမေးစကားလေးတွေ ဆိုလာခဲ့ရင် yes, no ကလွဲလို့ အပို မပြောတတ်တော့ပါ။

ဝေါဟာရကြွယ်ဝမှုမှာလည်း အသုံးများသည့် ပန်းအမည်၊ ဟင်းသီးဟင်းရွက်အမည်၊ ငါးအမည်၊ စသည်ကို မိခင်မြန်မာဘာသာ နှင့်ပင် မှတ်မှတ်သားသား ပြုတတ်သည့် အလေ့မရှိခဲ့ပါ။

မတတ်ဘူး ပြောရတာကို အရိုးပေါ် အရွက် မဖုံးစေခြင်းသာလို့ သဘောထားတတ်ခဲ့ပါ၍ ပြင်ရပါမည်။
“အဲ့ဒီ မသိဘူး, မတတ်ဘူးကြီးကို ရှေ့ကခံထားပါက၊ ဘယ်မှာလျှင် သိပါ တတ်ပါတော့မည်နည်း”
ပို့စ်ရေးသူလည်း ဘလော့ဂ်ရေး၊ ဖတ်သည့် အချိန်မှ စ၍ ပြင်နေပါပြီ။ အစွန်းဟုဆိုလျှင် မည်သည့်အစွန်းမှ မကောင်းလေသမို့ အနှုတ်အစွန်းမှ ကင်းလွတ်နိုင်ကြပါစေ။

ဆက်ရန်

Saturday, January 17, 2009

နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၃)

 ၏စံပယ်ပန်းတစ်ပွင့် မြင်ခြင်းစသော အာရုံအတွေ့အကြုံ တစ်ခုဖြစ်တိုင်း ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟူသော ခန္ဓာငါးပါး ဖြစ်ပေါ်ကြသည်။ အရိယာတို့၏ ရှုထောင့်တွင် ခန္ဓာငါးပါးသည် ခန္ဓာငါးပါး သက်သက်သာဖြစ်သည်။ ‘စံပယ်ပန်းအား မြင်ခြင်း’သည် ‘စံပယ်ပန်းအား မြင်ခြင်း’သာဖြစ်သည်။ ပုထုဇဉ်က ‘စံပယ်ပန်းအား မြင်ခြင်း’ကို ‘ငါ့စံပယ်ပန်း, ငါနှစ်သက်သော စံပယ်ပန်း, ငါမြင်သော စံပယ်ပန်း’ဟု ရှုမြင်သည်။ ပုထုဇဉ်က ခန္ဓာငါးပါးအား ‘ငါ, ငါနှင့်ပတ်သက်သောအရာ, ငါ့ဟာ’ဟု ရှုမြင်သည်။ မှန်တွင်ကြည့်က မိမိ၏ ပုံရိပ်ကိုမြင်သကဲ့သို့၊ ခန္ဓာငါးပါးအား ပုထုဇဉ်က ‘မိမိ, မိမိနှင့်ပတ်သက်သောအရာ (အတ္တ, အတ္တနိယ)’ အဖြစ်မြင်သည်။ တနည်းအားဖြင့် ‘မိမိနှင့် လောက’ ဟုမြင်သည်။ ခန္ဓာငါးပါးသည် ခန္ဓာငါးပါးသက်သက် မဟုတ်တော့။ ‘ငါ့ဟာ, ငါ’ဟု စွဲလမ်းသော ဥပါဒါန်နှင့်တွဲ၍ မြင်သည်။ ခန္ဓာငါးပါးသည် ဥပါဒါနက္ခန္ဓာ ငါးပါး ဖြစ်သွားသည်။

ပုထုဇဉ်၏ အမြင်တွင် “ငါရှိ သည်။ စံပယ်ပန်းအား မြင်သောငါ ရှိသည်။ ဤစံပယ်ပန်းသည် နှစ်သက်ဖွယ်ဖြစ်သည်။ ထို့ကြောင့် ဤစံပယ်ပန်းအား ငါနှစ်သက်သည်။” ဟုမြင်သည်။ တနည်းအားဖြင့် ပုထုဇဉ်၏ အမြင်တွင် “ငါရှိ၍ တပ်မက်ခြင်းဖြစ်သည်” ဟုမြင်သည်။ အရိယာတို့ကမူ “တပ်မက်ခြင်း(တဏှာ)ဖြစ်၍ ‘ငါ’ ဟူသောအထင် ဖြစ်သည်” ဟု သိမြင်ကြသည်။

တဏှာသည် အရပ်သုံးဝေါဟာရအရ ‘ရေငတ်ခြင်း, မွတ်သိပ်ခြင်း’ ဟု အဓိပ္ပါယ်ရသည်။ တဏှာသည် သာယာမှု, ချမ်းသာမှုကို မွတ်သိပ်သည်။ သာယာမှုအား တပ်မက်မွတ်သိပ်ခြင်းသည် မျှော်လင့်ခြင်းနှင့် ယှဉ်တွဲနေ၏။ ထပ်မံ၍ သာယာမှု, သာယာဖွယ် အာရုံများကို ရှာဖွေသည်။ ရရှိလာသော သာယာဖွယ် အာရုံများအားမှီ၍ ဆုံးဖြတ်မှုပြုသည်။ ငါ့ဟာဟု သိမ်းပိုက်သော တဏှာဝိနိစ္ဆယဖြင့် ဆုံးဖြတ်သည်။ ငါဟု သတ်မှတ်သော ဒိဋ္ဌိဝိနိစ္ဆယဖြင့် ဆုံးဖြတ်သည်။ ဤသို့ ဆုံးဖြတ်ခြင်းသည် သာယာမှုအား လိုလားတပ်မက်မှု ဆန္ဒရာဂကို ထပ်မံ ဖြစ်ပေါ်စေပြန်၏။ နှစ်သက်တပ်မက်မှု နန္ဒိရာဂကို ထပ်မံ ဖြစ်ပေါ်စေသည်။ ပါဠိတွင် ဖြစ်ခြင်းကို ‘ဘဝ’ ဟုခေါ်သည်။ ဖြစ်ခြင်းသည် စေတနာ စိတ်ဇောဆန္ဒတို့ ဖြစ်ပေါ်ခြင်း (ကမ္မဘဝ)နှင့် ထိုစိတ်ဇောဆန္ဒတို့ကြောင့် ခန္ဓာအသစ်, ဘဝအသစ်ဖြစ်ခြင်း (ဥပပတ္တိဘဝ)ဟူ၍ နှစ်မျိုးရှိသည်။ ဘဝအသစ်ဖြစ်ခြင်းသည် မွေးဖွားခြင်း, အိုခြင်း, သေခြင်း, စိတ်ပျက်ခြင်း, ထိတ်လန့်ခြင်း, စိတ်ပူပန်ခြင်းစသော ဒုက္ခအပေါင်း ဖြစ်ခြင်းပင်ဖြစ်သည်။

(၂) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခသမုဒယံ အရိယသစ္စံ။ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ, နန္ဒိရာဂ သဟဂတာ တတြ တတြာဘိနန္ဒိနီ။ သေယျထိဒံ - ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ။

ဘဝသစ်ကို တစ်ဖန်ဖြစ်စေတတ်သော (ပေါနောဗ္ဘဝိကာ = ပုန- တဖန် + ဘဝိက- ဖြစ်စေတတ်သော)၊ နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သော (နန္ဒိရာဂ သဟဂတာ)၊ ထိုထိုအာရုံတို့အား အလွန်နှစ်သက်တပ်မက်သော (တတြတကြာဘိနန္ဒိနီ = တတြတတြ- ထိုထို + အဘိနန္ဒိနီ- အလွန်နှစ်သက်သော) တဏှာအား ဒုက္ခဖြစ်ကြောင်း (ဒုက္ခသမုဒယ)အဖြစ် ဓမ္မစကြာဒေသနာတွင် ဟောကြားထားသည်။

ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဟု တဏှာသုံးမျိုးရှိသည်။ နှစ်သက်ဖွယ်သာယာသော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိဟူသော အာရုံငါးပါးအား ကာမဂုဏ်ငါးပါးဟု ခေါ်သည်။ ထိုကာမဂုဏ်အာရုံများမှ ရသော သာယာမှုချမ်းသာကို တပ်မက်ခြင်းအား ကာမတဏှာဟုခေါ်သည်။ ဘဝအား နှစ်သက်တပ်မက်၍ ဘဝချုပ်ခြင်းအား တွန့်ဆုတ်သော အမြင် ရှိကြသည်။ ဤသို့ဘဝကို တပ်မက်ခြင်းအား ဘဝတဏှာဟုခေါ်သည်။ အချို့သူတို့သည်ကား ဘဝကို ငြီးငွေ့စက်ဆုတ်ကြ၍ သေလွန်ပြီးသော် ဘဝကင်းပြတ်ခြင်းကို နှစ်သက်ကြ၏။ ဤသို့ ဘဝမှလွန်ပြေးသော အမြင်ဖြင့် ဘဝကင်းပြတ်ခြင်းကို တပ်မက်မှုအား ဝိဘဝတဏှာဟုခေါ်သည်။ ‘ငါ့ဟာ, ငါ’ ဟု သိမ်းပိုက်ခြင်း, သတ်မှတ်ခြင်းရှိသူတို့သည် ဘဝကို ကပ်ငြိသောအားဖြင့် ဖြစ်စေ၊ ဘဝကို စက်ဆုတ်သောအားဖြင့် ဖြစ်စေ တပ်မက်မှု တဏှာတို့ဖြစ်ကာ ဘဝမှ မလွတ်မြောက်နိုင်တော့။ ဒုက္ခမှ မလွတ်မြောက်နိုင်တော့။

(၃) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓံ အရိယသစ္စံ။ ယော တဿာယေ၀ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

ဤတဏှာသုံးမျိုးလုံး အကြွင်းမဲ့ပယ်စွန့်၍ ချုပ်ငြိမ်းခြင်း (အသေသဝိရာဂနိရောဓ), စွန့်ခြင်း (စာဂ), ဝေးစွာစွန့်ခြင်း (ပဋိနိဿဂ္ဂ), လွတ်ခြင်း (မုတ္တိ), မကပ်ငြိခြင်း (အနာလယော)အား ဒုက္ခချုပ်ငြိမ်းခြင်း (ဒုက္ခနိရောဓ)ဟု ဓမ္မစကြာဒေသနာတွင် ဟောကြားထား၏။ “တဏှာနိရောဓော နိဗ္ဗာနံ” ဟုဆိုသည့်အတိုင်း တဏှာချုပ်ခြင်းသည် ဒုက္ခချုပ်ခြင်း နိဗ္ဗာန်ပင် ဖြစ်ပေသည်။

ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဆင်းရဲခြင်း ဒုက္ခသစ္စာဖြစ်၍ ပိုင်းခြားသိရမည့်(ပရိညေယျ) တရားဖြစ်သည်။ တဏှာသည် ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာဖြစ်၍ ပယ်စွန့်ရမည့်(ပဟာတဗ္ဗ) တရားဖြစ်သည်။ တဏှာ အကြွင်းမဲ့ချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ခြင်း နိရောဓသစ္စာဖြစ်၍ မျက်မှောက်ပြုရမည့်(သစ္စိကာတဗ္ဗ) တရား ဖြစ်သည်။

စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပဝတ္တနသုတ်
၂။ သံ-၃-၈၃၊ ခန္ဓသံယုတ်-ထေရဝဂ်-အာနန္ဒသုတ်
၃။ ဒီ-၂-၁၁၂၊ မဟာနိဒါနသုတ်
၄။ အံ-၉-၃၄၊ မဟာဝဂ်-နိဗ္ဗာနသုခသုတ်
၅။ ဥဒါန-၃၀၊ နန္ဒဝဂ်-လောကသုတ်
၆။ ဣတိဝုတ္တက-၄၉၊ ဒုကနိပါတ်-ဒုတိယဝဂ်-ဒိဋ္ဌိဂတသုတ်

Friday, January 16, 2009

ဒုတိယအရွယ်၏ ပထမ ဝေဒနာ

ဘလော့ဂ်သူတွေလေ… ဟိုတစ်ယောက်၊ အိမ်ကလူကြီး၊ ကလေးတို့ အဖေ၊ မောင်ရင်၊ ကို၊ မောင်၊ ...စတဲ့ စတဲ့၊ တော့ ကတွက်ပီ ဆိုတာမျိုးလို နာမ်စားတွေ သုံးသုံးပြီး… အဲ့ဒီ အကြောင်းကိုပဲ မထိခလုတ် ထိခလုတ်၊ မသိသလိုလို သိသလိုလို၊ ထမင်းဟင်းတွေပဲ ချက်ကျွေးနေသလိုလို၊ သီချင်းလေးတွေပဲ နားထောင်နေသလိုလို၊ အမှတ်တရလေးတွေပဲ ကြုံနေဆုံနေသလိုလို၊ အိမ်မက်ထဲက ရွှေမင်းသားလေး လိုလို …အဟေး.. ဟေးဟေး… ပြောချင်ပါဘူး။

*****

တမြန်နေ့က သွားခဲ့တဲ့ မင်္ဂလာဆောင်တစ်ခု။ ဖွင့်လို့ချထားတဲ့ ငွေမှင်ရောင် စာမျက်နှာနဲ့ မင်္ဂလာမှတ်တမ်း စာအုပ်လေးမှာ.. ကိုဧရာက ရေးလိုက်လေ ဆိုလို့… အိမ်း…မသီတာလည်းလေ လောသီသားပေမို့
ချစ်ခင် ကြင်နာ နားလည်စွာ…လို့ ရေးအပြီး…
ဘယ်သူ့အတွက် ဆိုတာ ကမန်းကတန်း ပြန်စဉ်းစားလိုက်ရသေး …အဟေး.. ဟေးဟေး…

ကြင်စဦး ဇနီးမောင်နှံအတွက်
ချစ်သောသူ အားလုံးအတွက်…

အချစ်အကြောင်း ပြောနေခြင်း ဖြစ်ပါသည်။
ချစ်သောသူများ လက်ခုပ်တီးပါ။

Thursday, January 15, 2009

အားနာလိုက်ပုံများ...

သက်ဝေက အားနာခြင်း၏ အကျိုးအပြစ် မှာ ထမင်းစားဖိတ်တဲ့ အကြောင်းလေး ဖတ်ရတော့ ဆက်စပ်ပြီး သတိရမိတယ်။

“… အားနာခြင်းဟာ အမှန်တရားအပေါ် ရဲဝံ့စွာ မရပ်တည်ခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အားနာခြင်းဟာ မကောင်းတဲ့ အကျင့်တစ်ခုပဲ” လို့ ကိုပေါရဲ့ အားနာခြင်းဆိုတာ ပို့စ်၌ပြတ်ပြတ်သားသား မှတ်ချက်ရေးပေးခဲ့တဲ့ ကိုဧရာရဲ့ အားနာတတ်ပုံလေး...
*****
တရံရော အခါက ကိုဧရာတစ်ယောက် ဆွေဝေးမျိုးဝေး တနယ်တကျေးတွင် ဆွဲခန့် အမည်ရ တွဲဘက်ကျောင်းဆရာ ဘ၀ ဖြင့် အိမ်တစ်အိမ်၌ လပေးစနစ်ဖြင့် အခပေး၍ ဝမ်းရေးကို ဖြေရှင်းနေချိန်။ ကျောင်းကြီးပိတ်ရန် လဝက်ခန့်သာလိုတော့သော တနေ့သ၌ ခင်မင်ရင်းစွဲရှိနေပြီ ဖြစ်သော ကျောင်းအုပ်ဆရာကြီးက ဤသို့ဆိုလာ၏။
“ဒီလ အတွက်တော့ ထမင်းလခပေးစားမနေနဲ့တော့ ငါတို့ အိမ်မှာပဲ လာစားလကွာ။”
“နေပါစေဆရာကြီးရယ် … ရပါတယ်။”
“ဆရာက အားနာလို့လား။ … ”
ဆရာကြီးက အားမနာဖို့ ပြောပြီး အတင်းဖိတ်တော့၊ အားနာတတ်တဲ့ ကိုဧရာက မငြင်းသာပဲ လက်ခံလိုက်သည်။

ဤနေရာဤဒေသ မျိုးတွင် နာသုံးနာဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချ ရိုးသားလှတဲ့ ဆရာလေးကိုမှ ချစ်ခင်လွန်းလှသဖြင့် ရွာထဲမှ အိမ်တစ်အိမ်ကလည်း “ဆရာလေး မပြန်ခင်တော့ ကျွန်တော်တို့ အိမ်မှာပဲ ညနေစာ နေ့တိုင်းလာစားပါဗျာ။”
“အားနာစရာဗျာ …ဟိုလေ …ဟိုဟာ .. ကျနော့်ကို ဆရာကြီးက သူ့အိမ်မှာစားဖို့ ခေါ်ထားတယ်ဗျ။”
“ကျွန်တော်အိမ်မှာပဲ စားပါဗျာ။ ဆရာကြီး အိမ်မှာဆို အားနာ နေရဦးမယ်။ … … …”
…
ဒါနဲ့ပဲ ကိုဧရာက အားမနာဖို့ပြောတာကို အားနာပြီး….
“... ဟုတ်ကဲ့ လာခဲ့ပါမယ်။”

“ဆရာလေး စားမြဲအတိုင်းစား။ ဒီလအတွက်တော့ လဝက်ထဲနဲ့ လခပေးမနေနဲ့တော့။ မစားရင်တော့ စိတ်ဆိုးမနော်” လို့ ဆိုလာလေသော ထမင်းလပေးစားသော အိမ်ကိုလည်း …
“ဟာဗျာ.. ဟုတ်ကဲ့ ဟုတ်ကဲ့”

ဤသို့ဖြင့် အားနာတတ်သော ကိုဧရာ တစ်ယောက် လဝက်ကြာမျှ ညနေစာကို တစ်အိမ် တက်ဆင်း သုံးနပ်ခွဲပြီး ဘုန်းပေး.. အဲလေ သုံးဆောင်တော်မူခဲ့ပါလေတော့သတည်း...
အော်… အားနာတတ်လိုက်ပါတဲ့ ကိုဧရာ။
*****
ဒီလောက်နှင့်မပြီး ရှိပါလေသေး၏။
*****
ခြေခင်းလက်ခင်းသာ၍ ချမ်းမြေ့သော ညချမ်းအချိန် အခါသမယ၌ ကိုဧရာနှင့် မသီတာတို့ TV မှ ရုပ်ရှင်ဇတ်လမ်း ထိုင်ကြည့်နေကြလေ၏။ ဇတ်လိုက်မင်းသားသည် အသက်ဘေးအန္တရာယ်ကြောင့် သူနေထိုင်ရာ အရပ်မှ ထွက်ပြေးတိမ်းရှောင်လာခဲ့ရ၏။ တနယ်တကျေးသို့ရောက်ရှိလာရာ ထိုနယ်၏အကြီးအကဲဖြစ်သူက ဇတ်လိုက်မင်းသား၏ ကြန်အင်လက္ခဏာနှင့် လုပ်ရည်ကိုင်ရည်ရှိပုံတို့ကို သဘောကျလေတော့၏။ မင်းသားအား လက်ဆက်ရန် သူ၏သမီး ခုနှစ်ယောက်အနက်မှ ကြိုက်ရာကိုရွေးဟု ဆိုလာလေသောအခါ ကိုဧရာက ကောက်ခါငင်ကာ အားနာစရာကြီးဟု ဆိုပါလေတော့သည်။ မသီတာက မျက်လုံးပြူး၍ ကြည့်မိလေရာ ပျာပျာသလဲ ရှင်းပြရှာလေသည်။ “ဟုတ်တယ်လေ ခုနှစ်ယောက်ထဲက တစ်ယောက်ရွေးရတော့ ကျန်တဲ့သူတွေ အားနာစရာကြီး” ဟူသတည်း…။
အော်… အားနာတတ်လိုက်ပါတဲ့ ကိုဧရာ။
*****
အားနာတတ်လွန်းသည့် ကိုဧရာနှင့် မသီတာတို့ အိမ်ရှင်အဖြစ် ဧည့်မခံနိုင်တာ ကြာပေါ့။ ဒါကြောင့်လည်း ကိုယ့်အကျိုးပေးနဲ့ကိုယ် ဘုန်းကြီးကျောင်းလိုနေရာမျိုးမှာပဲ ဧည့်သည်လုပ်နေရတော့သည်။ ထမင်းစားဖိတ်လိုသူများ တနေ့တည်းနှင့် ခြောက်ထပ်ဖြစ်လျှင် ဖြစ်ပါစေ။ အမှန်တကယ် စားသုံးရန် အရောက်လာခဲ့မည် ဖြစ်ကြောင်း ဤပို့စ်လေးဖြင့် သတင်းကောင်းပါးလိုက်ပါသည်။

Wednesday, January 14, 2009

သူတို့ လက်ရာ

ရေချမ်း.chris.cantata ကို ချန်းချန်း ဆွဲထားတဲ့ ပုံလေး ပြတော့ သူကလည်း ဒီလိုလေး ဆွဲလိုက်ပါတယ်။ Tag ပုံ လို့ ခေါ်လိုက်ကြစို့ …
ဒါကတော့ ရေစင်.sam.sonata ရဲ့ လက်ရာ "ကုလားမလေး" လို့ အမည်ရပါတယ်။

Saturday, January 10, 2009

ဘာသာပြန်ရာဝယ်


ဘာသာပြန်ခြင်းသည် လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပါ။ ဘာသာစကားနှစ်မျိုးစလုံးကို ကျွမ်းကျင်ဖို့လိုသလို မိမိပြန်ဆိုမည့် အကြောင်းအရာကိုလည်း သေချာကျန နားလည်ထားရန် လိုပါသည်။ ရေမြေသဘာဝ, အတွေးအခေါ်, ယဉ်ကျေးမှု မတူကြသည့် ဘာသာစကားတစ်ခုမှ တစ်ခုသို့ ဝေါဟာရဖလှယ်ရခြင်းသည် မလွယ်။

ဤဘာသာပြန်လေးကို ကြည့်ပါ။

မသိတော့ မမြဲ။
မမြဲတော့ သိ။
…


မြန်မာပြည်က အထင်ကရ စာရေးဆရာကြီးတစ်ဦး၏ ကဗျာဆန်ဆန် ရေးထားသည့် စာဖြစ်သည်။ (နောက်က စာတွေကို မမှတ်မိတော့ပါ။) အဓိပ္ပါယ်ကို အတော်လေးစဉ်းစား ယူရသည်။ နောက်မှ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ” ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မြန်မာပြန်ထားမှန်း သိရပါသည်။ ‘သင်္ခါရာ’ ကို ပြုပြင်စီရင်မှုဆိုသည့် အဓိပ္ပါယ်အစား မြန်မာအများ နှုတ်ကျိုးနေသော “မမြဲသော သင်္ခါရသဘောတရား” ဆိုသည်ကို ယူ၍ မြန်မာဆန်ဆန် ပြန်လိုက်ခြင်း ဖြစ်မည်။ ကဗျာဆန်သလိုလို, ဂမ္ဘီရဆန်သလိုလိုရှိသော်လည်း မူရင်းအဓိပ္ပါယ်မှ လုံးဝ ကွဲလွဲ သွားပါသည်။

မြန်မာတို့သည် ပညာရပ်ဆိုင်ရာဝေါဟာရ အတော်များများကို မြန်မာဘာသာပြန်မည့်အစား မူရင်းဝေါဟာရကိုပင် အသံဖလှယ် ယူလေ့ရှိပါသည်။ ဒုက္ခ, ဘဝ, အတ္တ စသော ပါဠိဝေါဟာရများကို တိုက်ရိုက်မွေးစားယူသည်။ စိတ် (စိတ္တ), ပရိယာယ် (ပရိယာယ) စသဖြင့် မြန်မာသံပြောင်းယူသည် လည်းရှိသည်။ ယနေ့ခေတ်တွင်လည်း ကား, ကွန်ပျူတာ, ကင်မရာစသဖြင့် ဝေါဟာရအတော်များများကို မြန်မာသံပြောင်းယူထားသည်။ ဘာသာပြန်မည့်အစား မွေးစားယူခြင်းဖြင့် ဝေါဟာရ ကျစ်လစ်ပြီး အဓိပ္ပါယ်ကောက်လွဲမည်လည်း သိပ်မစိုးရိမ်ရ။ သို့သော် စာတစ်ပုဒ် အတွင်းတွင် မြန်မာတို့နှင့် မရင်းနှီးသေးသော ဘာသာခြားဝေါဟာရများကို အလုံးအရင်း ထည့်သွင်းလိုက်ပါက အတော်အဖတ်ရ ခက်သွားပါသည်။ အချို့စကားလုံးများဆိုလျှင် ဘာကိုဆိုလိုမှန်းပင် မသိရတော့။ ဥပမာ “ဂလိုဗယ်လုံခြုံရေး အတွက် ဗီးရှင်းသစ်”ဆိုသော စာသားမျိုး ဖြစ်သည်။ ‘ဗီးရှင်း’ အစား ‘အမြင်’ ဟုဖြစ်စေ, Vision ဟု အင်္ဂလိပ်စာလုံးအတိုင်းဖြစ်စေ ဖတ်ရသည်က ပို၍ အဆင်ပြေပါသည်။ အဓိပ္ပါယ်ကို မသိသည့်တိုင် စာဖတ်သူက အဘိဓာန်တွင် ရှာကြည့်နိုင်သေးသည်။ ပိုဆိုးသည်မှာ အဆန်းထွင်၍ အင်္ဂလိပ်ဝေါဟာရအား အသံဖလှယ်ကာ ပါဠိသံဆန်ဆန် မြန်မာမှု ပြုခြင်းဖြစ်သည်။ ဥပမာ ရိုမန်တစ် (Romantic) အား ‘ရောမန္တိက’ ဟု ရေးခြင်းမျိုး ဖြစ်၏။ မြန်မာတို့နှင့် မရင်းနှီးသေးသော ဝေါဟာရဖြစ်လျှင် ပဟေဠိထုတ်သလို ဖြစ်တတ်သည်။

တစ်ခါက ဘတ်စ်ကားတစ်စီးတွင် ‘‘ဣစ္ဆိတာ’’ ဟု ရေးထားသည်ကို ဆရာကြီးဦးဖေမောင်တင် ဖတ်မိသည်။ ထိုအခါဆရာကြီးက “ဟေ့ ဒီနာမည်က အလွန်ကောင်းတာကွ။ သူက ဘတ်စ်ကားစီး လူတွေကို ဆုပေးရာ ရောက်တယ်။ ‘ဣစ္ဆိတံ တုယှံ၊ ခိပ္ပမေဝ သမိဉ္ဇတု’ တဲ့ကွ။ စီးတဲ့သူတွေ လိုအပ်သောဆုနှင့် ပြည့်စုံစေပေါ့ကွာ။ ဒါပေမဲ့ သူ့စာလုံးပေါင်းက မှားနေတယ်။ အမှန်က ‘ဣစ္ဆိတံ’ လို့သာရေးရမယ်ကွ။ မင်းတို့ ပြင်ပေးလိုက်ကြပါကွယ်” ဟုပြောပါသည်။ ဆရာကြီးတပည့်များက ကားဆရာအား သွား၍ ပြောကြသည်။ ထိုအခါ ကားဆရာက ဒေါပွသွားပြီး “ခင်ဗျားတို့က ဘာနားလည်လို့တုန်း။ ကျုပ်က ကားစီးတဲ့လူတွေကို လိုရာဆု ပြည့်ပါစေလို့ ဆုတောင်းပေးတာ မဟုတ်ဘူးဗျ။ ကျုပ်ကားက လူရှစ်ယောက်ပဲ ဆန့်တာ။ ဒါကြောင့် ‘ရှစ်ယောက်စီး’ (Eight Seater) ဣစ္ဆိတာလို့ ရေးထားတာ” ဟုဆိုကာ ကားကိုမောင်း၍ ထွက်သွားသည်ဟူ၏။ ရိုမန်တစ်ကို ရောမန္တိက လုပ်ချင်သူများ စဉ်းစားမိဖို့ပါ။


Thursday, January 8, 2009

နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၂)

နိကာယ် ၅-ရပ်၏ နောက်ဆုံးပန်းတိုင်သည် ဝိမုတ္တိရသခေါ် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသည့် နိဗ္ဗာန်ချမ်းသာဖြစ်သည်။ နိကာယ် ၅-ရပ်အား အကျဉ်းခြုံးလိုက်ပါက အရိယသစ္စာ (မြတ်သော အမှန်တရား) လေးပါးကို ရသည်။ အနာသိမှ ဆေးရှိသည်ဟူသော စကားအတိုင်း အနာရောဂါကို ပျောက်ကင်းအောင် ကုသပေးမည့် သမားတော်သည် အနာရောဂါ၏ လက္ခဏာကို သိသည်။ အနာရောဂါ၏ ဖြစ်ကြောင်း ရောဂါဇစ်မြစ်ကို သိသည်။ ပျောက်ကင်းအောင် ကုသနိုင်သည်ကို သိသည်။ ဆေးနှင့် ကုထုံးကိုလည်း သိသည်။ ထို့အတူပင် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းအောင် ကုသမည့် သမားတော်သည်လည်း ဒုက္ခ, ဒုက္ခဖြစ်ပေါ်ခြင်း (သမုဒယ), ဒုက္ခချုပ်ငြိမ်းခြင်း (နိရောဓ), ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်စေမည့် အကျင့်လမ်း (မဂ္ဂ) တို့ကို သိရသည်။ ဤကား အရိယသစ္စာလေးပါး ဖြစ်၏။ ရောဂါကုသရာတွင် ရောဂါသည်သည် မိမိတွင်ရောဂါရှိကြောင်းသိ၍ ကုသလိုစိတ် ရှိရန်သာလိုသည်။ ရောဂါဇစ်မြစ်နှင့် ဆေး, ကုထုံးတို့ကိုသိရန်မှာ သမားတော်၏ တာဝန်ဖြစ်သည်။ ဒုက္ခကို ကုစားမည့်သူသည်ကား သစ္စာလေးပါးကို ကိုယ်တိုင် သိရှိ၍ ကိုယ်တိုင် ကုသရန် လိုအပ်လေသည်။ နိကာယ်ငါးရပ်သည်ကား ဗုဒ္ဓညွှန်ကြားခဲ့သော ဆေးကျမ်းကြီး ဖြစ်၏။ နိကာယ်ငါးရပ်သည် ရောဂါကုထုံး ဆေးကျမ်းကြီးသာ မဟုတ်သေး။ ရောဂါရှိသူတို့အား မိမိတို့၏ ရောဂါကို ရိပ်စားမိစေရန်၊ ရောဂါ၏ ဆိုးကျိုးအပြစ်တို့ကို သိရှိနားလည်စေရန် ပြသကာ အချိန်မီ ကုစားနိုင်ကြစေရန် ပညာပေးသော ကျန်းမာရေး ပညာပေးကျမ်းလည်းဖြစ်၏။

ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာဘုရားသည် တရားဦးဓမ္မစကြာဒေသနာတွင် အရိယသစ္စာလေးပါးအား ဟောကြားခဲ့သည်။

(၁) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခံ အရိယသစ္စံ – ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, ဗျာဓိပိ ဒုက္ခော, မရဏံပိ ဒုက္ခံ, အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော, ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော, ယံပိစ္ဆံ န လဘတိ တံ ပိ ဒုက္ခံ, သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ။

မွေးဖွားခြင်း (ဇာတိ), အိုခြင်း (ဇရာ), နာခြင်း(ဗျာဓိ), သေခြင်း (မရဏ), မနှစ်သက်သောသူ, မနှစ်သက်သောအရာတို့နှင့် ကြုံတွေ့ရခြင်း (အပ္ပိယေဟိ သမ္ပယောဂေါ), နှစ်သက်သောသူ, နှစ်သက်သောအရာတို့နှင့် ကွဲကွာရခြင်း (ပိယေဟိ ဝိပ္ပယောဂေါ), လိုချင်သည်တို့ကို မရခြင်း (ဣစ္ဆိတာလာဘ) တို့သည် ဒုက္ခများ ဖြစ်သည်။ စိတ်မချမ်းသာခြင်း, စိတ်ဆင်းရဲခြင်း, ထိတ်လန့်ခြင်း, စိုးရိမ်ပူပန်ခြင်း, ငိုကြွေးခြင်းတို့ကို ‘ဒုက္ခ’ ဟုခေါ်သည်။ အကျဉ်းချုပ်အားဖြင့်ဆိုက ဥပါဒါနက္ခန္ဓာ ၅-ပါးတို့သည် ‘ဒုက္ခ’ ဖြစ်သည်ဟု ဓမ္မစကြာဒေသနာတွင် ဟောကြားထား၏။

‘ခန္ဓာ’ဟူသော ပါဠိဝေါဟာရသည် ‘အပေါင်းအစု, အစုအဝေး’ဟု အဓိပ္ပါယ်ရသည်။ Aggregates ဟု အင်္ဂလိပ်ဘာသာ ပြန်လေ့ရှိသည်။ မြန်မာ အသုံးအနှုန်းတွင် ‘ခန္ဓာ’အား ‘ကိုယ်’ဟူသော ဝေါဟာရနှင့်တွဲဖက်၍ ‘ခန္ဓာကိုယ်’ဟုသုံးစွဲသည့် ကာယ (Body) ဟူသော အဓိပ္ပါယ်မျိုး မဟုတ်။ ‘ခန္ဓာ’သည် အာရုံတို့အား တွေ့ကြုံခံစားခိုက်တွင် ဖြစ်ပျက်နေသော တရားများကို ဆိုလိုသည်။ ပါဝင်ပတ်သက်နေသော တရားများကို ဆိုလိုသည်။ အာရုံသိမှုအတွေ့အကြုံ (experience) အား ခွဲခြမ်းစိတ်ဖြာကြည့်ပါက အုပ်စုငါးစု ပါဝင်ပတ်သက်နေသည်။ ယင်း အုပ်စု ငါးစု, အစုအပေါင်း ငါးပါးအား ခန္ဓာငါးပါး (ပဉ္စ + ခန္ဓာ = ပဉ္စက္ခန္ဓာ) ဟုခေါ်သည်။

စံပယ်ပန်းတစ်ပွင့်အား မြင်သောအခါ အဆင်းအာရုံကို သိခြင်းဟူသော သိမှုဝိညာဏ် (consciousness) ဖြစ်သည်။ စံပယ်ပန်းဟု အမှတ်ပြု၍ သိသော သညာ (perception) ဖြစ်သည်။ သာယာသော ခံစားမှု ဝေဒနာ (feeling) ဖြစ်သည်။ ထိုအာရုံ, မျက်စိအကြည်နှင့် သိစိတ်ဝိညာဏ်တို့ ထိတွေ့ခြင်းဟူသော ဖဿ (contact) ဖြစ်သည်။ အခြားအာရုံများအား အာရုံမပြုပဲ စံပယ်ပန်းအား အာရုံပြုခြင်းဟူသော မနသိကာရ (attention) ဖြစ်သည်။ သိခြင်း, မှတ်သိခြင်း, ခံစားခြင်း, ထိတွေ့ခြင်းစသောတရားတို့အား သိစေ, မှတ်သိစေ, ခံစားစေ, ထိတွေ့စေရန် စေ့ဆော်ပေးသော စေတနာ (intention) လည်း ဖြစ်သည်။ ဤဖဿ, မနသိကာရ, စေတနာစသော ပြုပြင်စီရင်တတ်သော သင်္ခါရတရားများ (mental formations) ဟုခေါ်သည်။ အဆင်းအာရုံနှင့် မျက်စိအကြည်ဟူသော ရုပ်တရားများလည်း ဖြစ်သည်။ စံပယ်ပန်းတစ်ပွင့်အား မြင်သော အာရုံအတွေ့အကြုံတွင် ဤနည်းအားဖြင့် ရုပ်, ဝေဒနာ, သညာ, သင်္ခါရာ, ဝိညာဏ်ဟူသော ခန္ဓာငါးပါးဖြစ်ပေါ်သည်။

“အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အတွင်း, အပြင်, အကြမ်း, အနု, အယုတ်, အမြတ်, အဝေး, အနီး…အလုံးစုံသော” အာရုံအတွေ့အကြုံများမှ ရုပ်တရားအားလုံးအား စုပေါင်း၍ ရုပ်အစုဝေး (ရူပက္ခန္ဓာ) ဟုခေါ်သည်။ ခံစားမှုအားလုံးအား ခံစားမှုအစုအဝေး (ဝေဒနာက္ခန္ဓာ)ဟုခေါ်သည်။ မှတ်သားမှု အားလုံးအား မှတ်သားမှုအစုအဝေး (သညာက္ခန္ဓာ)၊ ပြုပြင်စီရင်မှု အားလုံးအား ပြုပြင်စီရင်မှုအစုအဝေး (သင်္ခါရက္ခန္ဓာ)၊ အာရုံသိမှု အားလုံးအား သိမှုအစုအဝေး (ဝိညာဏက္ခန္ဓာ)ဟု ခေါ်သည်။

ထို ခန္ဓာငါးပါးမှ တစ်ပါးပါးကိုဖြစ်စေ, အားလုံးကိုဖြစ်စေ ပုထုဇဉ်က ‘ငါ’ဟု မှတ်ယူထားသည်။ ‘ငါ့ဟာ’ဟု မှတ်ယူထားသည်။ သာမန်မျှ မှတ်ယူခြင်းမျိုးမဟုတ်။ ဖားကို မြွေဖမ်းသကဲ့သို့ မလွှတ်တမ်း ဆုပ်ကိုင်ထားခြင်းမျိုး ဖြစ်သည်။ ယင်းကို “စွဲလမ်းခြင်း” (ဥပါဒါန) ဟုခေါ်သည်။ ဥပါဒါန်ဖြင့် စွဲလမ်းသော ခန္ဓာငါးပါးအား ပဉ္စုပါဒါနက္ခန္ဓာ (ပဉ္စ + ဥပါဒါန + ခန္ဓာ) ဟုခေါ်သည်။ သင်္ခါရတရားဟူသမျှတို့သည် မမြဲ။ မိမိက “ငါ, ငါ့ဟာ”ဟု စွဲလမ်းမှတ်ယူထားသော အရာတို့ မမြဲ, ပျက်စီး, ဖောက်ပြန်သောအခါ၊ စိတ်ပျက်ခြင်း, ထိတ်လန့်ခြင်း, စိတ်ပူပန်ခြင်း, စိတ်ဆင်းရဲခြင်းတို့ ဖြစ်သည်။ ဤသည်ကိုပင် ဓမ္မစကြာဒေနာတွင် “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ- အကျဉ်းအားဖြင့် စွဲလမ်းရာ ခန္ဓာငါးပါးသည် ဒုက္ခဖြစ်၏” ဟုဟောကြားထားခြင်း ဖြစ်သည်။

“ဒုက္ခသည် စွဲလမ်းရာ ခန္ဓာငါးပါးဖြစ်သည်”ဟုသိခြင်းသည် ပထမအရိယသစ္စာဖြစ်သော ဒုက္ခသစ္စာကို သိခြင်းဖြစ်၏။

*****
စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပဝတ္တနသုတ်
၂။ သံ-၃-၇-ခန္ဓသံယုတ်-နကုလပိတုဝဂ်-ဥပဒါနပရိတဿနာသုတ်
၃။ မ-၃-၈၆၊ဒေဝဒဟဝဂ်-မဟာပုဏ္ဏမသုတ်
၄။ မ-၁-၃၀၆၊ သြပမ္မဝဂ်-မဟာဟတ္ထိပဒေါပမသုတ်

Monday, January 5, 2009

နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၁)

“ဗုဒ္ဓဘာသာကို စနစ်တကျ လေ့လာချင်ပါတယ်။ ဘယ်လို လေ့လာရပါမလဲ” လို့ နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်တစ်ဦးက ကျွန်တော်အား မေးဖူးသည်။ အကြောင်းရင်းကို မေးကြည့်တော့၊ “ဟိုဟိုဒီဒီ စာအုပ်တွေ ဖတ်၊ တရားတွေ နာလို့ သိတာတွေလည်း အတော်များပါတယ်။ ဒါပေမဲ့ ဟိုတစ်စ, ဒီတစ်စ ဖြစ်နေပြီး, သေခြာ မသိသေးသလိုဖြစ်နေလို့ပါ” ဟုအဖြေပေးသည်။ ‘စနစ်ကျခြင်း’ဟူသော ဝေါဟာရ၏ အနက် အဓိပ္ပါယ်ကို ပြန်၍ စဉ်းစားမိသည်။ ဤတွင် လှေကားထစ်တက်သကဲ့သို့ လွယ်ရာမှ ခက်ရာသို့ တစ်ဆင့်ပြီး တစ်ဆင့် (step-by-step) လေ့လာခြင်းကို စနစ်တကျ လေ့လာခြင်း ဟုဆိုနိုင်သည်။ တနည်းအားဖြင့်လည်း တိုင်, ထုတ်, ယက်မ, ဒိုင်း, နံရံ, အမိုးစသော အစိတ်အပိုင်းများကို သူ့နေရာနှင့်သူ ချိတ်ဆက်ပေါင်းစပ်၍ အိမ်တစ်ခုတည် ဆောက်သကဲ့သို့၊ ဟိုတစ်စ, ဒီတစ်စ ပြန့်ကျဲနေသော အစိတ်အပိုင်းများအား တစ်ခုနှင့် တစ်ခု ဆက်စပ်ပေါင်းစည်းကာ တစ်စုတစ်စည်းတည်း သိမ်းယူတည်ဆောက်၍ part-whole အားဖြင့် လေ့လာခြင်းမျိုးကိုလည်း ဆိုနိုင်ပါသည်။ တစ်ဆင့်ပြီး တစ်ဆင့် အစဉ်အတိုင်း လေ့လာသည်ဖြစ်စေ, အစိတ်အပိုင်းများအား စုစည်းပေါင်းစပ်ကာ ပြီးပြည့်စုံသော အမြင်တစ်ခုရရန် လေ့လာသည်ဖြစ်စေ, ရည်ရွယ်ချက်တစ်ခုသ့ို ပို့ဆောင်ပေးနိုင်စေရပါမည်။

ဗုဒ္ဓမြတ်စွာ ၄၅-နှစ်တာ ဟောကြားခဲ့သောတရားတော်များ၏ အနှစ်သာရ, ရည်ရွယ်ချက်ပန်းတိုင်သည် ‘ဝိမုတ္တိရသ’ ခေါ် လွတ်မြောက်မှု ချမ်းသာဖြစ်သည်။ သို့သော် ပုဂ္ဂိုလ်တို့၏ ဉာဏ်အတိမ်အနက်, ကိလေသာအထူအပါး, အကျင့်စရိုက်, ဝါသနာတို့ကိုလိုက်ကာ ရှုထောင့်အမျိုးမျိုး, နည်းပရိယာယ်အမျိုးမျိုးဖြင့် တရားဓမ္မကို ဟောကြားတော်မူခဲ့သည်။ ဝိမုတ္တိရသ နိဗ္ဗာန်ချမ်းသာကို လက်လှမ်း မမှီနိုင်သေးသူတို့အားလည်း အပါယ်ဒုဂ္ဂတိသို့ မကျရောက်စေရန် တမလွန် အကျိုးစီးပွား (သမ္ပရာယိက ဟိတသုခ) အတွက် ဟောကြားသည်။ ထို့အတူ မျက်မှောက်ဘ၀ ကြီးပွားရေး, စီးပွားရေး, လူမှုရေး, နိုင်ငံရေးစသော အကျိုး စီးပွားများ (ဒိဋ္ဌဓမ္မ ဟိတသုခ) အတွက်လည်း ဟောကြားသည်။ မြတ်စွာဘုရား ပွင့်ထွန်းလာခြင်းသည် လောကသားတို့၏ အကျိုးစီးပွားအတွက်ဖြစ်သည် ဟူသောစကားအတိုင်း နိကာယ် ၅-ရပ်တို့၏ ရည်ရွယ်ချက်သည် (၁) မျက်မှောက် အကျိုးစီးပွား (ဒိဋ္ဌဓမ္မ ဟိတသုခ)၊ (၂) တမလွန် အကျိုးစီးပွား (သမ္ပရာယိက ဟိတသုခ) (၃) ဝိမုတ္တိသုခ ဟူသော အကျိုးသုံးပါးဖြစ်သည်။

ထိုရည်ရွယ်ချက်တို့အား ပို့ဆောင်ရန် တရားဒေသနာတို့ကို တစ်ဆင့်ပြီး တစ်ဆင့်လွယ်ရာမှ ခက်ရာသို့ အစဉ်အတိုင်း ဟောကြားထား၏။ ဤသို့ဟောကြားခြင်းအား အနုပုဗ္ဗိကထာ (အစဉ်အတိုင်းသော စကား) ဟု ခေါ်သည်။ ဒါန, သီလမှ အစပြု၍ ကာမဂုဏ်တို့၏ အပြစ်၊ ကာမဂုဏ်တို့မှ လွတ်မြောက်ခြင်းအကျိုးတို့ကို ဟောကြားကာ နောက်ဆုံးတွင် သစ္စာလေးပါးတရားအား ဟောကြားသော အစီအစဉ် ဖြစ်သည်။ ဟောစဉ်အရ ဤသို့ အနုပုဗ္ဗိကထာဖြင့် ဟောကြားသကဲ့သို့ ကျင့်စဉ်အရလည်း သီလ, ဣန္ဒြေတို့ကို လုံခြုံအောင် စောင့်ထိန်းခြင်း, ရောင့်ရဲခြင်း, သမာဓိထူထောင်ခြင်း စသော အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါ ခေါ် လုပ်ငန်းစဉ်, ကျင့်စဉ်များကို ဟောကြားထားသည်။ ထိုဟောစဉ်များအားဖြစ်စေ, ကျင့်စဉ်များအားဖြစ်စေ အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါး၊ အုပ်စုသုံးစုရသည်။ နိကာယ် ၅-ရပ်တို့၏ အနှစ်သည် သီလ, သမာဓိ, ပညာဟူသော ဒေသနာစဉ်သုံးပါး၊ ကျင့်စဉ်သုံးပါးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ရှင်မဟာဗုဒ္ဓဃောသ ပြုစုခဲ့သော ‘ဝိသုဒ္ဓိမဂ္ဂ’ အဋ္ဌကထာသည် ဤ သီလ, သမာဓိ, ပညာသုံးပါးအား အကျယ်ပြန်လည်ဖွင့်ဆိုထားသော နိကာယ် ၅-ရပ်တို့၏ အဖွင့်ကျမ်းတစ်ဆူ ဖြစ်သည်။

မြတ်စွာဘုရားဟောကြားခဲ့သော ဒေသနာတော်များသည် သုတ္တန် အမျိုးမျိုး၊ အသွင် အမျိုးမျိုး ကွဲပြားနေသော်လည်း တစ်ခုနှင့်တစ်ခု ဝိရောဓိဖြစ်မနေပဲ၊ ပတ်သက်ဆက်နွယ်နေသည်။ တိုင်, ထုတ်, ယက်မ, ဒိုင်းတို့ဖြင့် အချိုးညီညီ တည်ဆောက်ထားသော အိမ်တစ်လုံးကဲ့သို့ နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်သိမ်းယူနိုင်သည်။ နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်၍ ခြုံငုံကြည့်ပါက တရားဦး ဓမ္မစကြာဒေသနာတွင် ဟောကြားခဲ့သော သစ္စာလေးပါးတရားကို တွေ့ရပါမည်။ ကုန်းသတ္တဝါတို့၏ ခြေရာများသည် ဆင်ခြေရာတွင် အကျုံးဝင်သကဲ့သို့ ကုသိုလ်တရားအားလုံးတို့သည် သစ္စာလေးပါးတရား၌ အကျုံးဝင်သည်ဟု ရှင်သာရိပုတ္တမထေရ်က မဟာဟတ္ထိပဒေါပမသုတ်တွင် ဟောကြားထားသည်။

အနီးမှကြည့်လျှင် သစ်ပင်ပန်းမာလ် အမျိုးမျိုးကိုတွေ့နိုင်၍ အဝေးမှလှမ်း၍ ကြည့်လျှင် ဥယျာဉ် တောအုပ်ကို တွေ့ရမည်။ ထို့အတူပင် နိကာယ် ၅-ရပ်တွင် ပဋိစ္စသမုပါဒ်ဒေသနာ, သတိပဋ္ဌာန်ဒေသနာ, အနတ္တဒေသနာ, ဗောဓိပက္ခိယတရား, ခန္ဓာ, အာယတန, ဓာတ်, ကိလေသာ, သံယောဇဉ်, နီဝရဏစသဖြင့် ရှုထောင့်အမျိုးမျိုးမှ ဒေသနာအမျိုးမျိုး တွေ့နိုင်သော်လည်း ထိုဒေသနာများအား ဒုက္ခ, ဒုက္ခဖြစ်ခြင်း (သမုဒယ), ဒုက္ခချုပ်ခြင်း (နိရောဓ), ဒုက္ခချုပ်ခြင်းသို့ရောက်စေနိုင်သည့် အကျင့်လမ်း (မဂ္ဂ) ဟူ၍ သစ္စာလေးပါးတရားတွင် အကျုံးဝင်ပါသည်။ မည်သို့ဆက်စပ် အကျုံးဝင်ပုံကို အောက်ပါ mind-map ဖြင့် စိတ်ကူးပုံဖော် ကြည့်နိုင်ပါသည်။ mind-map ဟုဆိုသည့်အတိုင်း ဂြိုလ်တုမှရိုက်ထားသော အတိအကျ မြေပုံမျိုးတော့ မဟုတ်ပါ။ ပြီးပြည့်စုံသော ပုံစံတစ်ခု မဟုတ်ပါ။ သို့သော် ဤပုံစံဖြင့် နိကာယ် ၅-ရပ်မှ ဒေသနာ အတော်များများအား အဝေးမြင်ရှုခင်းမှ ကြည့်ရှုလေ့လာနိုင်ပါသည်။ နိကာယ် ၅-ရပ်ဟူသော တောအုပ်တွင်းသို့ ဝင်၍ သစ်ပင်ပန်းမာလ်တို့အား လှည့်လည် ရှုမောသုံးသပ်နိုင်ပါစေ။

Saturday, January 3, 2009

လွတ်လပ်ရေးမရမီခေတ်က ဂျာနယ်တစ်စောင်

မြန်မာ e-books တွေရှာရင်း ဤနေရာမှာ လွတ်လပ်ရေးမရမီ စစ်ငွေ့သန်းနေချိန်က ထုတ်ဝေခဲ့သော ဂျာနယ်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုခေတ်ပိုင်းဆီက သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို မဖတ်ဖူးသေး။ လွတ်လပ်ရေးမရခင်ခေတ်က ဂျာနယ်များသည် ဘယ်လိုပါလိမ့်ဟု သိချင်ဇောဖြင့် download လုပ်ပြီး (မြန်မာ့အလင်း သတင်းစာ အယ်ဒီတာဟောင်း) ဦးချစ်မောင်အား ဂျာနယ်ကျော် ချစ်မောင်ဟု ဝိသေသဂုဏ်ထူးရစေခဲ့သည့်

ကို ဖတ်ကြည့်ဖြစ်သည်။

အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေသောဂျာနယ် ဖြစ်သည်။ ဂျာနယ်တို့ ထုံးစံအတိုင်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းများ၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်သတင်းများကို ဦးစားပေး ဖော်ပြထားသည်။ ‘ရုပ်ရှင်-ပညာသည်များ’ ဟူသော ခေါင်းစဉ်ဖြင့် ရုပ်ရှင်မင်းသမီးများ၏ အထုပ္ပတ္တိဆန်ဆန် ဆောင်းပါး တစ်ပုဒ် အပတ်စဉ်ပါသည်။ ဗေဒင်ကဏ္ဍဟု သီးသန့် ထားပုံမရသော်လည်း မြန်မာပြည်ရှေ့ရေး၊ ကမ္ဘာစစ်ရှေ့ရေးတွက်ချက်ထားသော ဗေဒင်ဆောင်းပါးများလည်း အပတ်စဉ်လိုလို ပါသည်။ ထိုမှဤမှ ကောက်နှုတ်ဖော်ပြထားသော ‘သူတို့အပြော’၊ ‘နယ်များ၌ မည်သို့ဖြစ်နေကြပြီနည်း’ ဟူသော နယ်သတင်း၊ ‘ဤအချက်များကို မကျေနပ်’ ဟူသော ဟစ်စာ, တိုင်စာကဏ္ဍ၊ ‘အယ်ဒီတာထံသို့ ထိုမှဤမှပေးစားများ’၊ အမျိုးသမီးများအတွက် ကိုယ်ကာယ ကျန်းမာရေး လေ့ကျင့်ခန်း ဆောင်းပါးများ၊ ဆရာဇဝန၏ ‘ဦးလေးပြောမယ်’ နှင့် ဝတ္ထုတိုတို့သည် ပုံမှန်အပတ်စဉ် ကဏ္ဍများ ဖြစ်သည်။ အခြားအပတ်စဉ်ကဏ္ဍများဖြစ်သော ဓာတ်ပုံနှိုင်းယှဉ်ချက်, တက်ခေတ်သတ်ပုံ, ကျွနု်ပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာတို့သည်လည်း သရော်စာဆန်ဆန် စိတ်ရွှင်မြူးဖွယ်ဖြစ်သည်။

ပါတော်မူနေ့-အမျိုးသာနေ့ အထိမ်းအမှတ် ထုတ်ဝေသော စာစောင် (အတွဲ ၃၊ စာစောင် - ၄၊ ၁၉၃၉ ဒီဇင်ဘာလဆုတ် ၇-ရက်)တွင် ရှေ့မျက်နှာဖုံး၌ စစ်သူကြီး မဟာဗန္ဓုလအား အင်္ဂလိပ်အရာရှိတစ်ဦးက အရိုအသေပေးနေပုံနှင့် အတွင်းဖုံးတွင် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ ဓာတ်ပုံများကို ဖော်ပြထားသည်။ ဂျာနယ်တစ်ခုလုံးလည်း ပါတော်မူနေ့နှင့် အခြား ဇာတိမာန်တက်ကြွစေသည့် ဆောင်းပါး၊ ဝတ္ထုများ ဖော်ပြထားသည်။

သတင်း, ဆောင်းပါးမှအစ စီးပွားရေးကြော်ငြာများထိ ဂျာနယ်တစ်ခုလုံးတွင် စစ်ကြီး၏ အငွေ့အသက်နှင့် လွတ်လပ်ရေး ကြိုးပမ်းမှုတို့ ပေါ်လွင်နေပါသည်။

ဓာတ်ပုံနှိုင်းယဉ်ချက် အချို့


တက်ခေတ်သတ်ပုံ ကောက်နှုတ်ချက်အချို့

တိုင်းပြည်မွဲအောင်၊ ကိုယ်ကျိုးဆောင်၊ ခေါင်းရှောင်ကိုလည်း ငသတ်မည်။
တိုင်းပြည်မွဲငတ်၊ အစားပြတ်၊ ဆူတတ်ကိုလည်း တသတ်မည်။
မြန်မာ ချင်းချင်း၊ မေတ္တာကင်း၊ ခက်ခြင်းကိုလည်း ငသတ်မည်။
ဝါးရင်းတုတ်စွဲ၊ ဂဠုန်ကဲ၊ မိုက်ရဲကိုလည်း နောက်ပစ်မည်။ 
(ဂဠုန်ဦးစော၏ ဝါးရင်းတုတ်တပ်ကိုဆိုလိုသည်။)

ကျွနု်ပ်တို့၏ ခေါင်းမာသော ရုပ်ပြောင်ရေးဆရာ

(တက်ခေတ် သတ်ပုံ)


(၀ါးရင်းတုတ်ကိုင် တပ်ကြီး)


(အခွန်ကောက်နေသော သူကြီး)

(မှန်တာကြိုက်သော အရေးပိုင်)


ကြော်ငြာအချို့



ကြေငြာချက်အချို့

The Weekly Thunderer (Vol2-No.2 August 26, 1939)

The Weekly Thunderer (Vol2-No.12 November 4, 1939)


၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အမှတ်တရ

Thursday, January 1, 2009

၂၀၀၉ နှစ်ဦးဆုတောင်း

မိန်းမသားတစ်ယောက်၊ ညီမ အစ်မတစ်ယောက်၊ သမီးတစ်ယောက်၊ ဇနီးမယားတစ်ယောက်၊ မိခင်တစ်ယောက် အနေနဲ့ ချစ်ခြင်း မေတ္တာနဲ့ အကြင်နာတရားအကြောင်း
ကုသိုလ်ဖြစ်စာသင်ကျောင်းလေးရဲ့ ဆရာမတစ်ယောက်၊ ဖွံဖြိုးဆဲဆိုတဲ့ နိုင်ငံငယ်လေးရဲ့ အဝေးရောက်ပြည်သူတစ်ယောက် အနေနဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အကြောင်း
လူသားတစ်ဦး၊ သတ္တဝါတစ်ခု အနေနဲ့ ကိုယ်ချင်းစာနာမှုနှင့် ဆင်ခြင်တုံတရားအကြောင်း
အနှိုင်းမဲ့ ကျေးဇူးတရား ကြီးမားတော်မူသော မြတ်ဗုဒ္ဓထံ နည်းနာခံယူတဲ့ တပည့် တစ်ယောက်အနေနဲ့ အမှန်တရားနဲ့ အကျင့်သိက္ခာ အကြောင်း
သိသထက်၊ သိလိုပါ၏…

Wednesday, December 31, 2008

၂၀၀၈ ကိုနှုတ်ဆက်ခြင်း

၂၀၀၈ခုနှစ်မှာ လက်တွဲခဲ့တဲ့ ဘလော့ဂ် သူငယ်ချင်းတွေကို သီချင်းလေးနဲ့ ကျေးဇူးတင်လိုက်တယ်...
video လေးလုပ်ပြီးမှ ခင်မင်ခွင့်ရလို့ ကျန်သွားတဲ့ သူငယ်ချင်းတွေလည်း သီချင်းလေး တူတူနားထောင်မယ်နော်...SONATA-CANTATA မှာ ဆုံကြသူ အားလုံးအတွက်...
(Leo အဖွဲ့ရဲ့ သီချင်းလေးကို ကိုဧရာရဲ့ ညီက တီးခတ် သီဆိုထားပြီး ဟာမိုနီ ကိုဧရာနှင့် မောင်နှမများဖြစ်ပါတယ်။)

Sunday, December 28, 2008

စိတ်ကူးယဉ် အမျှင်တန်းကို...

Craton ေရ စိတ်ကူးယဉ်ရမယ် ဆိုရင်…
အသက်အရွယ်အရ ကဗျာက သိပ်ဆန်လို့မရတော့ဘူး။
အိမ်မက်ရင်တောင် ချောက်ခြားစရာတွေသာ ရွေးမက်နေတော့သလားလို့ တွေးရမဲ့ အခြေအနေမှာ
အလှဆုံးဖြစ်အောင်တော့ ယဉ်လိုက်ချင်စမ်းတော့တယ်…
ယဉ်ယဉ်လေးရူးတော့မယ်…။

ပိုက်လိုင်းကနေ သေးငယ်တဲ့ ရေလုံးနဲ့ ထွက်ကျလာတဲ့ ရေက ခံထားတဲ့ ဇလုံကိုပြည့်ဖို့ အချိန်အတန်ကြာစောင့်ရတယ်။ ဇလုံထဲရေပြည့်လုပြီဆိုတော့ ရေပုံးထဲကိုခပ်ထည့်။ ရေပုံးထဲရေပြည့်တော့ ရေပုံးကို အားနဲ့မြှောက် ဘေးနားက တိုင်ကီထဲသွန်ထည့်။ ဇလုံထဲရေပြည့်ဖို့ အချိန်အတန်ကြာစောင့်ရပြန်တယ်။ ရေပုံးထဲကရေတွေ သွန်ချလိုက်စဉ်က တိုင်ကီထဲရှိနေတဲ့ရေတွေ ဘောင်ဘင်ခတ်သွားခြင်း၊ ရေမှုံရေမွှားတွေ ရိုက်ခတ်ခြင်းကြောင့် အနက်ရောင် တိုင်ကီရဲ့ အတွင်းနံရံမှာ ထင်သွားတဲ့ အရုပ်တွေ… ဒါက ဘုရင်ကြီး ဆင်ကြီးကို စီးလို့၊ ဘေးကမှ စစ်သည်ဗိုလ်ပါတွေ ခြံရံလို့။ ဒီဟာကတော့ စစ်သူကြီးဖြစ်ရမယ်။ ဒီလိုဦးထုပ်မျိုးက စစ်သူကြီးတွေမှ ဆောင်းတာ။ ဓားတွေ လှံတွေ တလွင့်လွင့်နဲ့ သူတို့ ဘယ်ကိုများ သွားတိုက်ကြမှာပါလိမ့်။ နိုင်ရော နိုင်လာကြမှာလား။ နိုင်လာစေဦးတော့ ဒီအထဲက ဘယ်သူတွေများသေ ကျန်ခဲ့လေမလဲ…။ ဟောဟော ဇလုံထဲမှာရေပြည့်ပြန်ပြီ။ လျှံမကျခင် ရေပုံးထဲအမြန် ခပ်ထည့်မှ တိုင်ကီထဲမှာ အရုပ်တစ်မျိုးရဦးတော့မယ်။ အခုန အရုပ်နဲ့တော့ ဘယ်နည်းနဲ့မှတူမှမဟုတ်တော့ဘူး။ ဒီတစ်ခါတော့ စစ်တိုက်တဲ့ပုံ မလိုချင်ပါဘူး…။ (((ဘွမ်း))) ဟင်ဒီတစ်ခါလည်း စစ်တိုက်တဲ့ ပုံကြီးပဲရပြန်ပြီ…။ တောင်တန်းလေးမှာ နေရောင်ခြည်လေးတွေ ယှက်ဖြာလို့ ငှက်ကလေးတွေ ပျံဝဲနေတဲ့ပုံမျိုးရအောင် ရေကို ဘယ်လိုလောင်းထည့်ရပါ့။ ငါ့နှယ်ရော ရူးလိုက်တာ.. မဖြစ်နိုင်တဲ့ အရာ… ဒါဆို တိုင်ကီထဲက ရေတွေကို လက်ချောင်းလေးနဲ့တို့ တိုင်ကီနံရံမှာ ငါလိုချင်တဲ့ပုံ ဆွဲတယ်ကွာ။ ဟောဟော ဇလုံထဲမှာ ရေပြည့်ပြန်ပြီ...။ (((ဘွမ်း))) အမလေး ငါဆွဲထားတဲ့ ပုံလေး ပျက်ပါပြီတော်...

ငယ်ငယ်တုန်းက ရေဖြည့်ရင်း စိတ်ကူးယဉ်ခဲ့တဲ့ အကြောင်းလေးကိုပဲ ပြန်ရေးရင်း ငယ်မူပြန်လိုက်ပါတော့တယ်။
(tg ကိုတက်ဂ်မလို့ Craton တက်ဂ်ပြီးသားမို့ ပြန်တက်ဂ်ရမဲ့လူ ရှာတွေ့သေးဘူး။)

Friday, December 26, 2008

ယုံလွယ်လွန်းလိုက်တာလေ

ဤပုံကို emailမှ ရပါသည်။ (သာရာစေမှု ကို သာယာစေမှု ဟုပြင်ဖတ်ပါ)


"မမရေ ကြားလိုက်ရရင်တော့ အသစ်တွေချည်းပဲ။"
မြန်မာပြည်မှ ပြန်ရောက်လာကာစ မောင်ဝမ်းကွဲလေးက ခရီးရောက်မဆိုက် ပြောလာသည်။
"ဘာတွေလဲဟဲ့ ဆိုစမ်းပါဦး။"

"မမတို့လေ (သူ့အစ်မအရင်းကို ဆိုလိုခြင်း ဖြစ်သည်) သူတို့ အဖြစ်က ရီလည်း ရီရတယ်။ ကိုမောင် (ယောက်ဖဖြစ်သူ) ပုသိမ် - ကျောင်းကုန်းဘက် ဆိုင်းသွားတီးပြီး အပြန် အဲ့ဒီရွာက ဘုန်းကြီးကို နှုတ်ဆက် ကန်တော့တော့ စိတ်ထဲမှန်းထားတာ ငါးထောင် တစ်သောင်း လှူဖို့ပါပဲ၊ အိတ်ထဲကထုတ်လိုက်တော့ ငါးသောင်းထွက်လာတာနဲ့ ငါးသောင်းလုံး ကန်တော့လိုက်တယ်တဲ့…။ အဲ့ဒီမှာတင် ဘုန်းကြီးက ရေလျှံတယ်ဆိုပြီး ရိုက်တော့တာ။ ကန်တော့ရင်း ကိုမောင်က တစ်လောလေးကမှ ကွယ်လွန်သွားတဲ့ မိခင်ကြီးကို ရည်မှန်းပြီး လှူဒါန်းပါတယ်လို့ လျှောက်လိုက်မိတယ်။ ဘုန်းကြီးက အဲ့ဒီအကွက် ဖမ်းနင်းပြီး ဒကာ့မိခင်ကြီး ဒီရောက်နေတယ်… လို့ စလိုက်တော့ ကိုမောင့်ဆိုင်းအဖွဲ့ထဲက လူတွေ ပူးသူပူး စီးသူစီး ဖြစ်ကုန်ကြတာ (အဲ့ဒီပူးတဲ့ စီးတဲ့ လူတွေဆိုတာကလည်း နတ်ဒိုးလေးမှ မတီးရဲအောင်ကို အလကားနေ ဝင်ချင်နေကြတဲ့ ဟာတွေ)။ ဘုန်းကြီးက ဒီမှာ သာသနာပြုရမယ်။ ဘုရားတည်ရမယ် ထလုပ်တော့တာ။
ကိုမောင်ကလည်း ယုံတယ်ဗျာ။ မမကလည်း ကြောက်တတ်တဲ့သူ ဆိုတော့ သ့ူယောကျ်ားလုပ်သမျှ နောက်ကလိုက်လုပ်တော့တာ။ ရန်ကုန်နဲ့ ကျောင်းကုန်းခေါက်တုံ့ ခေါက်ပြန်သွား၊ တစ်ခါသွားရင်လည်း ဆန်၊ ဆီ အပြည့်နဲ့ ဘုန်းကြီးက သတ်သက်လွတ်စားရမယ် ဆိုလို့ သတ်သက်လွတ် မုံ့ဗူးတွေ အထပ်လိုက် သယ်သွားနဲ့။ ကုန်နေပြီ ကုန်နေပြီ…။ ဘုရားတည်ဖို့ကလည်း သိန်းသုံးရာလောက် ကုန်မှာဆိုတော့ အဓိဋ္ဌာန်စုဗူးတွေလည်း နီးစပ်တဲ့သူတွေဆီ ဝေငှလို့…။ သူတို့လည်း သိန်းဆယ်ဂဏန်း ထိနေပြီ။ အဲ့ဒီကျောင်းမှာက သီလရှင်တွေလည်း ရှိသတဲ့။ နောက်သူတို့အိမ်က ကောင်မလေးလည်း ရူးကြောင်၊ မူးကြောင်ဖြစ်လာလို့ (အဲ့ဒီဘုန်းကြီးကျောင်းသွားတုန်းက စိတ်ကြွဆေးတွေ ဘာတွေ တိုက်လွှတ်လိုက်တာ နေမှာပေါ့) သီလရှင်ဝတ်ရမယ် ဖြစ်ပြီး သီလရှင်ဘ၀ ရောက်တယ်။ ကိုမောင့်တူမတွေလည်း သီလရှင်တွေ ဖြစ်ကုန်တယ်။ အဲ့ဒီ ဘုန်းကြီးကို ခေါ်တာ ဖေဖုန်းတဲ့ (ကိုကိုဖုန်း လို့ မခေါ်တာတော်သေး)။ နောက်တော့ အဲ့ဒီကလေးမတွေက ပြန်ပြောလာတယ်။ ကျောင်းပေါ်တက်သွားရင် သီလရှင်က ဘုန်းကြီး ပေါင်ပေါ်ခေါင်းအုံး အိပ်နေတာ...။ အဲ့ဒီဘုန်းကြီးက ဘယ်သူ့ကို ဘယ်နှစ်ခါနမ်းလိုက်တာ…။ အဲ့ဒီကမှ တစ်စတစ်စပေါ်တာ လိမ်စဉ်ကြီးဆိုတာ…"

Tuesday, December 23, 2008

ရွှေခဲကြက်တူရွေး



















ကြက်တူရွေး ကြက်တူရွေး
ရွှေခဲ ကြက်တူရွေး။

ညီပုလေးကို စာအံသင်၊
ရွှေခဲ စာအံသင်။

ညီလေးခင်က စာပြန်တုန်း၊
ရွှေခဲ စာပြန်တုန်း။

ဝလုံးရေးဖို့ ညီလေးထိုင်၊
ရွှေခဲ မရေးနိုင်။

ငေးမှိုင်ရှာပေါ့ ကြက်တူရွေး၊

ရွှေခဲ ကြက်တူရွေး။ ။


ဘဝမှာ
မတူလို့ မတုနိုင်တဲ့ အခါတွေမှာ
သတိရမိတဲ့
ကဗျာလေးပါ…

ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့ပြီး ဆရာကြီးဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာ
အင်္ဂလိပ်သို့ ဘာသာပြန်သူ ပါမောက္ခ လုစ်
(မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။)

Saturday, December 20, 2008

ဘလော့ဂ် တာ...(၁)


အချိန်ကာလတို့ အရေအတွက်တို့နဲ့ တိုင်းတာမယ်ဆိုရင် sonata-cantata ရဲ့ နှစ်ပတ်လည် ပို့စ်အားဖြင့် ရာပြည့်ခဲ့ပြီ။

-- ဘလော့ဂ် မစမီ အခြေအနေ
ဘဝပေးအခြေအနေက သိပ်ကိုကျဉ်းမြောင်းတယ် ဆိုတဲ့ ဒေါမနဿတွေ... နေ့နေ့ညည ခံစားနေရခြင်းနှင့်အတူ
လောဘကြီးနေတယ်ပဲဆိုဆို၊ အတ္တလွန်ကဲနေတယ်ပဲပြောပြော၊ ဖဲမရိုက် အရက်မသောက်သော်လည်း အဓမ္မတွေမှာပဲ တဝဲလယ်လယ် ကျင်လည်နေတဲ့အဖြစ်က ထွက်ပေါက်ရှာတာတဲ့… တငိုငိုတရီရီနဲ့ မင်္ဂလာမရှိစွာ ဂျီကျနေခြင်းပါ။ --

- မျိုးရိုးစဉ်ဆက် ပွင်းလင်းမှု နည်းပါးပြီး ချုပ်တည်း မြိုသိပ်ရလွန်းတဲ့ အခြေအနေတွေကြောင့်
အနည်းဆုံး ဒိုင်ယာရီရေးတာမျိုးလို ဖွင့်ချမှတ်တမ်းတင်တတ်တဲ့ အလေ့အထ နည်းပါးလာတယ်။
- မည်သည့် အခြေအနေတွင်မဆို ခေါင်းကို တွင်တွင်ကြီးသာ ငြိမ့်ရဖန်များလာသောအခါ ခံစားချက်၊ အတွေးအမြင်တွေကို မှန်ကန်စွာ မထုတ်ဖေါ်နိုင်တော့ဘူး။
- မသေချာဘူး၊ မရေရာဘူး၊ မဖြစ်သေးဘူးတွေသာ အခြေခံအုတ်မြစ်ဖြစ်ပြီး ယောင်ဝါးဝါး သံသရာမှာ နေသားကျလာတယ်။

ဒီအမှားတွေကို ပြင်သင့်ပြီဆိုတဲ့ အသိတရား တစ်စွန်းတစ်စရချိန်မှာ ဘလော့ဂ် လုပ်ပါလားဆိုတဲ့ ကိုဧရာရဲ့အကြံကို လက်ခံလိုက်တယ်။

မောဟဥခွံထဲကနေ ကြိုးစားပြီး တိုးထွက်ကြည့်မယ်။ ဦးခေါင်းလေး စထွက်မယ်။ ဖြေးဖြေးချင်း ကိုယ်လုံးလေး ထိုးထွက်မယ်။ တနေ့မှာတော့ ကျေနပ်လောက်တဲ့ လွတ်မြောက်ခြင်းကို ရရှိမယ်လို့ ယုံကြည်ရင်း…

ဘလော့ဂ်တွေမှတစ်ဆင့် ကိုယ့်ကိုကိုယ်နဲ့ မြန်မာပြည်သူ၊ ပြည်သားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများ၊ အားလုံး ကို နားလည် လာမယ်လို့ မျှော်လင့်ရင်း…

ဘလော့ဂ် ဆိုတာကို ဘလော့ဂ်ရေး ရင်း နားလည်အောင် ကြိုးစားနေတဲ့ ဘလော့ဂါ တစ်ယောက်ပါ။
*****
ဘလော့ဂ်စတော့ နာမည်တစ်ခု ရွေးဖို့ လိုလာတယ်။
sonata, cantata ဆိုတဲ့ စာလုံးလေးတွေကို ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ အမြင့်သို့ အာရုံညွန့်တက်ခြင်း (သို့မဟုတ်) ကဗျာဆိုတဲ့ စာအုပ်ထဲက ရပါတယ်။

ကိုဧရာ နဲ့ မသီတာ - ကိုဧရာက sonata ဖြစ်လိုက်၊ မသီတာက cantata ဖြစ်လိုက်။ အပြန်အလှန် ဖြစ်လိုက်နဲ့ ခရီးစခဲ့ပါပြီ။

ဘလော့ဂ်ရေးတော့ စာတွေရေးရုံတင် မဟုတ်ဘူး၊ သူများဘလော့ဂ်က စာတွေလည်း ဖတ်တယ်။ ကော်မန့်တွေရေးတယ်။ ကိုယ်ရေးတာတွေအတွက်လည်း ကော်မန့်တွေ ရတယ်။ သဘောကျလို့ အမြဲဖတ်ဖြစ်ပေမဲ့ ကော်မန့် မရေးဖြစ်တဲ့ ဘလော့ဂ်တွေ ရှိသလို အမှတ်တမဲ့ ရောက်သွားတဲ့ ဘလော့ဂ်တွေမှာ ကော်မန့်တွေ ရေးဖြစ်ခဲ့တာလည်းရှိတယ်။ တွေးတယ်။ ရေးတယ်။ ဖတ်တယ်။ ဖေါ်ထုတ်တယ်။ လက်ခံတယ်။ ငြင်းဆန်တယ်။ အားလုံးဟာ စေတနာအစု သင်္ခါရက္ခန္ဓာ အလုပ်တွေမို့ အလွန်နှစ်သက်တဲ့ ‘တာ’ ဆိုတဲ့ ဝေါဟာရလေးကိုပဲ ဒီနေရမှာ ယူသုံးလိုက်ပါရစေ။ ဘာပဲဖြစ်ဖြစ် ဒါတွေ အားလုံးဟာ sonata-cantata ရဲ့တာ အတွင်းမှာ ရိုးသားစွာ တည်ရှိနေကြပါတယ်။

tag ခံရရင် ကိုယ်ကပြန် tag ရတယ်ဆိုတာလည်း ပထမဦးဆုံးtag ပို့စ်ရေးပြီးတဲ့ အချိန်နားမလည်သေးလို့ ပြန် မtag မိတဲ့ အမှားပါးပါးလေး အတွက် ဒီနေရာက တောင်းပန်လိုက်ပါတယ်။ မသိခြင်းဟာ ဆိုးဝါးပါတယ်။


User on line ထည့်ထားဖူးတယ်။ User on line 2, 4 နဲ့ ပြနေတာ တွေ့တော့ ရင်တွေခုန်လိုက်တာ.. တစ်ခါတော့ ည သန်းခေါင် ၁နာရီ လောက်မှ User on line 20 တောင်ပြပြီး ချက်ချင်းဆိုသလိုပဲ 1 ကို ပြန်ရောက်သွားတော့.. ဘာများဖြစ်သလဲပေါ့.. နောက်တော့ ဟို သီချင်းစာသား (ရင်ခုန်ရလွန်းလို့ ရူးမှာပဲ) ကိုကြောက်လို့ ဖြုတ်ထားလိုက်တော့တယ်။ နုနုလေးမို့… Hit Counter ပါထည့်ရင် ကျော်မကောင်း ကြားမကောင်းတွေ (Hit မတက်လို့ suicide လုပ်သွားပါတယ် ဆိုတာမျိုး) ဖြစ်မှာစိုးလို့ ကိုဧရာပြောနေပေမဲ့ တင်းခံထားတယ် မထည့်ဘူး။ ဘလော့ဂ် အတွက် ဘယ်လောက် အချိန်ပေးနေသလဲ။ ဘလော့ဂ်ကို ဘာတွေနဲ့ လဲလှယ်နေသလဲ။ monitor လုပ် စောင့်ကြည့်ခြင်းဟာ လိုအပ်တဲ့ အလုပ်ဖြစ်ပေမဲ့ ဘာအတွက် ဘာကို စောင့်ကြည့်ပါသလဲ ဆိုတာ ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ်ခြင်းမို့ အကျိုးသွားရလဒ်ဟာ ကိုယ့်ရဲ့ တာဝန်သာဖြစ်တယ်။

sonata-cantata ဟာထီးတည်း ဖြစ်တည်နေတာမဟုတ်ပါဘူး။ သူ့ကို ...အဓိပတိတွေ, အညမညတွေ, အတ္ထိတွေ, နတ္ထိတွေ, ...တွေ, ...တွေ, ကျေးဇူးတရားတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတယ်။

ကျေးဇူးတင်စွာဖြင့်...
ဧရာသီတာ

ရင့်ကျက်မှု ဆယ်စုနှစ်ခရီး အစ နှင့် Road Less Traveled

တက္ကသိုလ် ကျောင်းသားဘဝက သူငယ်ချင်းတွေစုပြီး စာကြည့်ကြ, ဂီတာတီး သီချင်းဆိုကြ, ဝေဖန်ရေး လေကန်ရေးတွေ လုပ်လေ့ရှိကြသည်။ တစ်ခါတော့ သူငယ်ချင်း သီချင်းရေးဆရာ တစ်ဦး (အခုတော့ ဆုံးသွားပါပြီ) ၏ ကဗျာကို ကျွန်တော်တို့တစ်တွေ စကားပြေဝိုင်းပြန်ကြသည် (၁၀-တန်းမြန်မာစာ စာမေးပွဲအတွက် ကဗျာ စကားပြေပြန်သလို) ။ ကျွန်တော်တို့တွေ အားရပါးရ သမပြီးမှ၊ ကဗျာပိုင်ရှင်က “မင်းတို့ကလည်းကွာ … ဒီလိုပြောချင်ရင်တော့ ဘာလို့ ကဗျာ ရေးနေဦးမလဲ” လို့ စိတ်ပျက်လက်ပျက် လေသံနဲ့ ညည်းရှာ၏။ အခုကျွန်တော်က “ရင့်ကျက်မှု ဆယ်စုနှစ်ခရီး အစ” အကြောင်းပြန်ပြောမယ်လုပ်တော့ “သြော်… သူသာရှိသေးရင် မင်းကလည်း လုပ်ပြန်ပြီကော” လို့ ပြောဦးမလား မသိ။ ကိုယ်ရေးသည့် ကဗျာ (ကာရန်, နရီတွေမပါ၍ မဝံ့မရဲသာ ကဗျာလို့ ခေါ်ရပါသည်) ကို ကိုယ်တိုင် ပြန်ပြောတာဆိုတော့ ခွင့်တောင်းနေစရာတော့ မလိုတော့ပါ။

ခွင့်တောင်းစရာ မလိုသော်လည်း၊ အသိပေးစရာတစ်ခု ကျန်သွား၍ ဖြစ်သည်။ စင်စစ် ကျွန်တော်ရေးသော စာအတော်များများမှာ ကိုယ်တိုင်ရေးသည်ဟု ပြော၍ မရပါ။ ထို့ကြောင့် အမြဲတမ်းလိုလို အောက်တွင် စာညွှန်းလေး ထည့်ပေးလေ့ရှိသည်။ မိမိကိုယ်ပိုင် ဉာဏ်ဖြင့် ရေးခြင်းမဟုတ်ကြောင်း ဝန်ခံလို၍ ဖြစ်သည်။ ထို့အပြင် အကယ်၍ ပို၍ အရင်းမြစ်ကျကျ ဖတ်ရှုလိုပါက ထိုစာညွှန်းများအား ရှာ၍ ဖတ်ကြရန် တိုက်တွန်းလို၍လည်း ဖြစ်သည်။ ဤကဗျာလေး ရေးစဉ်ကတော့ ‘ကဗျာပဲလေ’ ဟုဆို၍ စာညွှန်း မထည့်လိုက်မိ။

မွေးနေ့ ရောက်လာတော့ မိမိကိုယ် မိမိပြန်၍ သုံးသပ်ကြည့်ရင်း “ငါဟာအတော်လေး မရင့်ကျက်သေးပါလား”ဟု တွေးမိသည်။ ‘ဗာလ’ ဟူသော ပါဠိဝေါဟာရ၏ အဓိပ္ပါယ်ကို စဉ်းစားမိသည်။ ‘လူမိုက်’ ဟူသော အနက်ကို လူအများ နားလည်ထားကြပြီးဖြစ်သည်။ ထို့အပြင် ‘ကလေးသူငယ်’ ဟုလည်း အဓိပ္ပါယ်ရပါသေး၏။ အဓိပ္ပါယ် နှစ်မျိုးစလုံး အကျုံးဝင်အောင် ဘာသာပြန်ကြည့်ရလျှင် ‘ကလေးဆန်သောသူ, မရင့်ကျက်သေးသောသူ’ ဟုဆိုနိုင်မည်။ ကလေးဘဝတွင် ကလေးဆန်ခြင်းသည် ဖြူစင်ရိုးသား အပြစ်ကင်းသည်ဟု ဆိုရသော်လည်း၊ ကြီးကောင်ကြီးမားတိုင် ကလေးဆန်နေလျှင်တော့ ‘ဖြူစင်သည်’ဟူသော ဝေါဟာရနှင့် ထိုက်တန်မည် မဟုတ်။

ရင့်ကျက်မှုကို ကလေးဘဝမှ စ၍ တဖြည်းဖြည်း လေ့ကျင့် သင်ယူရသည်။ ထိုသို့ ‘သင်ယူခြင်း၊ တပည့်ခံခြင်း’ ကိုပင် discipline ဟုခေါ်နိုင်သည်။ discipline သည် disciple (တပည့်သာဝက) ဟူသောဝေါဟာရမှ ဆင်းသက်လာသည် မဟုတ်ပါလား။ စည်းကမ်းဟူသည် လူကြီးမိဘ ခိုင်းသည်ကို ကြောက်၍ တသွေမတိမ်း လိုက်နာရသည်မျိုးထက်၊ မိမိကိုယ်မိမိ ထိမ်းထိမ်း သိမ်းသိမ်း နေတတ်ရန်၊ စည်းစနစ်ကျရန် လူကြီးမိဘများထံမှ နည်းယူ လေ့ကျင့်သင်ကြားသော ဖြစ်စဉ်တစ်ခုဟု ယူဆနိုင်သည်။

ဤသဘောအား M. Scott Peck ၏ Road Less Traveled ဟူသော စာအုပ်တွင်တွေ့ရသည်။ တိုးတက်ကြီးပွားရေး စာအုပ်မျိုးများအား သိပ်ဖတ်လေ့ မရှိသော်လည်း၊ ဤစာအုပ်ကို စိတ်ဝင်တစား ဖတ်ဖြစ်ခဲ့ပါသည်။ Discipline, Love, Growth and Religion, Grace ဟူ၍ အပိုင်း လေးပိုင်းခွဲ၍ ရေးထားသည်။ အနှစ် သုံးဆယ်ကာလအတွင်း အကြိမ်ကြိမ် ရိုက်နှိပ် ထုတ်ဝေရသော စာအုပ်ဖြစ်သည်။ ဘာသာရေးနွှယ်သော နောက်ပိုင်းအခန်းများအား ဝေဖန်သူ (ခရစ်ယာန်ရော, ခရစ်ယာန် မဟုတ်သူရော) အချို့က မနှစ်သက်ကြသော်လည်း၊ Discipline အပိုင်းကိုတော့ လူအတော်များများ နှစ်သက်ကြသည်။ (လက်တွေ့မဆန်, စာအုပ်ကြီး ဆန်လွန်းသည်ဟု ဝေဖန်သူ အနည်းငယ်လည်း ရှိပါသည်။)

ဘဝပြဿနာများကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းသည် ရင်ဆိုင်ဖြေရှင်းခြင်းပင်သည်။ ထိုသို့ ဖြေရှင်းနိုင်ရန်အတွက် ခွန်အားမွေးကြရသည်။ အနာခံမှ အသာစံရမည်ဟူသောထုံးအတိုင်း အောက်ပါ စည်းမျဉ်း လေးခုကို ကြိုတင်ပြင်ဆင် လေ့ကျင့်သင်ကြားထားသင့်သည်။ (1) Delay Gratification, (2) acceptance of responsibility, (3) dedication to truth, (4) balancing တို့ဖြစ်သည်ဟု Discipline အခန်းတွင် ရေးသားထားသည်။ ဤစည်းမျဉ်း လေးခုထဲမှ ပထမသုံးခုအား ယူ၍ “ရင့်ကျက်မှု ဆယ်စုနှစ် ခရီး အစ”ကို ဖန်တီးထားခြင်း ဖြစ်သည်။

ဗုဒ္ဓစာပေများ၌ လူဘဝသက်တမ်းကို ‘ဒသက’ ခေါ် ‘ဆယ်စုနှစ်' ဆယ်ခုနှင့် အသက်တစ်ရာတမ်းထိ ပိုင်းခြားပြလေ့ ရှိသည်။ အသက် လေးဆယ်နှင့် ငါးဆယ်ကြားကာလအား ‘ပညာဒသက’ ဟုခေါ်သည်။ အသိပညာ ဖွံ့ဖြိုးသော အရွယ်ဟု ဆိုနိုင်သည်။ အသိပညာ ဖွံ့ဖြိုးမှု၏ အတိုင်းအတာသည် ရင့်ကျက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပညာဒသကကို “ရင့်ကျက်မှု ဆယ်စုနှစ်” ဟု ဘာသာပြန်ခဲ့သည်။

ကဗျာအဖွင့် ရေးသားလို၍ မဟုတ်ပါ။ စာညွှန်းမထည့်မိခဲ့သော်လည်း မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသည်မဟုတ်ကြောင်း ဖွင့်ဟဝန်ခံလို၍ ဖြစ်သည်။ ထို့အပြင် စိတ်ဝင်စားမည်ဆိုပါက “Road Less Traveled” ကို ဖတ်ကြည့်ကြရန် တိုက်တွန်းလို၍ ဖြစ်ပါသည်။

ဧရာ (မန္တလေး)

Tuesday, December 9, 2008

ဆွမ်းတော်ကပ်

ကျမ အဖွား (အဖေရဲ့ အမေ) က တရုတ်ကပြား။ အဖွားရဲ့ အဖေက ဦးအမွိုင်တဲ့ (တရုတ်ပြည်က လာတဲ့ တရုတ်ကြီး) အမေ ကတော့ ဒေါ်ဆင့်တဲ့ (မြန်မာပါ)။ ဒေါ်ဆင့် ဖဲအားကြီး ရိုက်တယ်။ အိမ်ကပ်တယ် မရှိ။ ရွာစဉ်လျှောက် ကစားတယ်။ ဒေါ်ဆင့် တစ်ယောက် နေမကောင်းဘူးဆိုပြီး အိမ်ထဲမှာမှိုင်နေရင်တော့ သဘောပေါက်။ လက်ကိုင်လေး လက်ထဲထည့်ပေးလိုက်ပြီဆိုရင် တဘက်လေး ခေါင်းပေါင်းပြီး ထွက်သွားတော့တာ။ ဦးအမွိုင် တရုတ်ကြီးကတော့ အိမ်မှာ ကုန်စုံဆိုင်ကြီး ဖွင့်ပြီး စီးပွားရှာတယ်။ တဖက်ကလည်း အိမ်မှုကိစ္စတွေ လုပ်လို့ အိမ်က ဘုရားကို ဆွမ်းပွဲလေးပြင်ပြီး ဆွမ်းတော်ကပ်တယ်။

“အကျိုးအကြောင်းကိုတော့ မဆင့်လာမှ ပြောပါလိမ့်မယ် ဘုရား” တဲ့။

အမျိုးသားတွေ ဆွမ်းတော်ကပ်ရင် အကျိုးအကြောင်း သေသေချာချာပြောတတ်အောင် လုပ်ထားကြနော်။ တော်ကြာ ဦးအမွိုင်လို မဆင့်ကိုပဲ အားကိုးနေရမယ်။

Saturday, December 6, 2008

ဘဝ၏ တစ်စိတ်တစ်ဒေသ (၃) ဆရာမ

ဘောင် အကြောင်းရေး ပြီးတော့
အရောင် ကို ရေးပါတယ်။

အခုတော့ ထောင် အကြောင်းလေး ရေးပါရစေ။
ရူးကြောင် မူးကြောင်နဲ့ ဘာတွေရေးတော့မလဲလို့တော့ မတွေးလိုက်ပါနဲ့။
ဘလော့ဂ်လေးက စာရေးဖြစ်အောင် ဒေါင်ဒေါင်နဲ့ သံချောင်းခေါက် လို့ပါ။

လောကီလူ့ဘောင်မှ အမျိုးမျိုးသော ထောင်တွေထဲက Drug Rehabilitation Center လို့ ခေါ်တဲ့ အမျိုးသမီးထောင်မှာ (၂) လတာ အတွေ့အကြုံလေးပါ။

ဒီက Computer School တစ်ခုမှာ trainer လုပ်နေချိန်တုန်းကပေါ့။ ကျောင်းက အဲ့ဒီ အကျဉ်းထောင်မှာ သင်ဖို့ Contract ရထားလေရဲ့။ အယင်သွားသင်နေကျ အိန္ဒိယ ဆရာမလေး တစ်ယောက်တော့ ရှိပါတယ်။ ဘာလို့လည်း မသိ ကိုယ့်အလှည့်ဆိုပြီး ကျလာတယ်။ ကိုယ်ကလည်း မငြင်းပါဘူး။ မငြင်းတတ်တာရယ်။ နောက်တစ်ခုကတော့ အခြား Inhouse Training တွေနဲ့စာရင် ဒီနေရာကို စေတနာ ရှိလို့ပါ။ စေတနာလို့ ဆိုရတာကတော့ ကိုယ့် အတွေ့အကြုံအရပေါ့လေ ကျောင်းမှာ သင်ရတာက ဆရာ၊ တပည့်သဘော ဆက်ဆံရေးမျိုးနဲ့ သူ့စည်း ကိုယ့်စည်း ဘောင်ထဲမယ် ချောမွေ့သေးတယ်။ Inhouse Traing ဆိုတာမျိုး သူတို့ ကုမ္ပဏီတွေမှာများ သွားသင်ရရင်တော့ စည်းလွတ်၊ ဝါးလွတ် ညှင်းချင်တိုင်း ညှင်းကြတော့တာပဲ။ သူတို့ ခုံပေါ်က အလုပ်တွေက စလို့ သူတို့ရုံးချုပ် Server ရှိရာ ချက်ချင်းကြွမြန်းရတော့မဲ့ အခြေအထိပါ။ ပညာစမ်းတာလည်း အလူးအလဲ ခံရပါတယ်။ ဥပမာဆိုပါတော့ “worksheet ကို ဒီလို lock လုပ်လို့ ရတယ်” ဆိုရင်၊ သူတို့က hack လုပ်ပြီး “ဒီလိုဖွင့်လို့ရတယ်” ပြန်လုပ်ကြတာ။ ပညာဆွေးနွေးဖလှယ်တဲ့ ပုံစံမျိုးဆို ပျော်ဖို့တောင်ကောင်းပါတယ်။ လူမျိုးခြားမို့ နှိမ်ချင်သလိုဆိုရင်တော့ “ဟုတ်ကဲ့ Microsoft ကို အကြောင်းကြားပြီး ဆုငွေထုတ်ယူနိုင်ပါတယ်” လို့ပဲ ပြောရပါတော့တယ်။

သင်ရိုးညွှန်းတမ်းကတော့ သိပ်ထွေထွေထူးထူး မဟုတ်ပါဘူး။ Basic Computer Knowledge နဲ့ Microsoft Office Applicaton Softwares တွေပါ။ ကျောင်းမှာ သင်တဲ့ WebPage Design တောင် သင်ရိုးညွှန်းတန်းထဲ မပါပါဘူး။ ပေ့ါပေါ့ပါးပါး ပြင်ဆင်မှု အနေနဲ့ အိမ်ကလူကို “ကိုရေ ထောင်ထဲသွားရမှာဆိုတော့ ကျမတို့ချင်း ဆက်သွယ်ဖို့ ဟန်းဖုန်းလေး တစ်လုံးစီတော့ ရှိထားမှ ထင်တယ်နော်” ဆိုပြီး နှစ်ယောက်သား ဟန်းဖုန်း ဝယ်ကြပါတယ်။ ဒါက ပထမဆုံး ဟန်းဖုန်း ဝယ်ဖြစ်တဲ့ အကြောင်းပါ။ တစ်သွေးထဲ တစ်ရောင်ထဲ။ (နံပါတ်တောင် တစ်ခုတည်းယူလို့ မရလို့… အဟတ်) ကပ်လျက်နံပါတ်ရှာကြသေးတာ မတတ်သာ ခပ်ခွာခွာနဲ့ နံပါတ်တစ်ခုကျော်တာ ယူလိုက်ရတယ်။

သင်တန်း စတဲ့နေ့ ရထားတစ်တန်၊ taxi တစ်တန်နဲ့ ရောက်ပါပြီ ထောင်ဘူး၀ … (ပထမဦးဆုံးသွားရတဲ့ နေရာတွေကို မြေပုံ ကြည့်တာတို့ Street Directory ကြည့်တာတို့က ကိုယ့် အလုပ်မဟုတ်ပါဘူး။ ကိုယ့် Secretary ကိုဧရာ့ အလုပ်ပါ။ သူကတော့ Directory ထဲက သွားမဲ့နေရာမြေပုံကို သူ့နည်းသူဟန်နဲ့ ပြန်ဆွဲပါတယ်။ ပြီးမှ နံပတ်တွေကို မှားကူးတတ်လို့ လမ်းပေါ်မှာ ယောင်လည်လည် မကြာခဏ ဖြစ်ရပါတယ်။ Secretary အသစ်ပြောင်းခန့်ဖို့တော့ အစီအစဉ် မရှိပါဘူး။ Secretary က ကိုယ့်ကို အလုပ်ဖြုတ်မှာ စိုးလို့ပါ။ သူပဲ Boss လေ။ HR head လည်း သူပဲလားလို့တော့ ရွဲ့ မမေးနဲ့တော့။)

အကျဉ်းထောင်ရဲ့ ဧည့်သည်တွေ မှတ်ပုံတင်ရတဲ့ ကောင်တာမှာ register လုပ်တော့ အထဲကို “ဟန်းဖုန်း လုံးဝယူသွားလို့ မရပါဘူး” တဲ့။ ပစ္စည်းတွေကို locker ထဲ ထည့်၊ သော့ တစ်ချောင်းသာ ကိုင်ပြီး ဖွင့်ပေးတဲ့ လူတစ်ကိုယ်ဝင်စာ သံတံခါးကနေ ဝင်လိုက်ပါတယ်။ ကိုယ့်ရဲ့ ဉာဏ်အမြှော်အမြင် ကြီးမားမှုကို စိတ်ထဲက ကျိတ်ချီးကျူးရင်း စင်္ကာပူ တစ်မြို့လုံး ဒီနေရာကျမှ ဘာလို့ ကွက်မှောင်နေတာလဲလို့ တွေးကြည့်နေမိတယ်။ ထောင်ဆိုတာမျိုးဟာ မှောင်ကို မှောင်ရမဲ့ နေရာမျိုးလေလားလို့ ရှိစုမဲ့စုဉာဏ်ကိုလည်း အားကုန် ဖျစ်ညှစ် နေမိတယ်။ အဲ့ဒီနေရာမှာတင် ခန္ဓာကိုယ် ရှာဖွေမှုတွေ လုပ်ပါတယ်။ သွားလို့ရပါပြီ… ဆိုလို့ အထဲကိုဝင်ခဲ့တယ်။ နောက်က သံတံခါးကြီးပြန်ပိတ်လို့ ချိမ်းဆိုတဲ့ အသံကြီးကြားလိုက်တော့ Terminator 2 – Judgement Day ထဲက Sarah Connor ထောင်ထဲက ထွက်ပြေးတဲ့ အခန်းကို သတိရဖြစ်အောင် ရလိုက်သေးတယ်။ ကတ္တရာခင်းကားလမ်းမ တစ်ခုကို ဖြတ်ပြီး အဆောင်တစ်ခုထဲကို ဝင်လိုက်တယ်။ ထပ်ပြီး သတင်းပို့။ ခဏထိုင်စောင့်ပါဆိုလို့ အဲ့ဒီနားမှာ ဖုန်သုတ်၊ ကြမ်းတိုက်လုပ်နေကြတဲ့ ရင်ဘတ်မှာ နံပါတ်တွေရိုက်နှိပ်ထားတဲ့ ဝါကျင်ကျင် ဝတ်စုံတွေနဲ့ inmate တွေကို ငေးနေမိတယ်။ ဘာကိုပဲလုပ်နေလုပ်နေ ဘယ်အချိန်ပဲဖြစ်စေဖြစ်စေ သူတို့စိတ်ဟာ သူတို့ကိုယ်မှာ မရှိဘူးဆိုတာ သူတို့မျက်လုံးတွေက ပြောနေကြတယ်။ ရဲမေတစ်ယောက်က တံခါးတစ်ခုဖွင့်ပေးပြီး ဒီလှေခါးအတိုင်း တက်သွားပါတဲ့။

လှေကားထစ်တွေ ဘယ်နှစ်ထစ်လောက် တက်ခဲ့ပြီးပြီလဲလို့ ပြန်စဉ်းစားမိချိန်မှာ ရှေ့မှာ တက်စရာ လှေကားထစ် မရှိတော့ဘူး။ အင်တာကွန်းကနေ ဟယ်လို ဟယ်လို လုပ်လိုက်တော့ တပ်ကြပ်ရဲမေ တစ်ယောက် တံခါးလာဖွင့် ပေးတယ်။ သူက ဒီအဆောင်က တာဝန်ခံပါ။ ကော်ရစ်ဒါ တစ်လျောက် အချုပ်ခန်း သုံးခုကို ဖြတ်ပြီး သူ့နောက်က လိုက်သွားတော့ တစ်ဖက် အစွန်းမှာ ရုံးခန်းကိုရောက်တယ်။ တာဝန်ခံရဲမေက အကျဉ်းသားတွေနဲ့ ကိုယ်ရေးကိုယ်တာတွေ မဆွေးနွေးဖို့၊ ဘာကြောင့်ကျတာလဲ၊ ဘာအမှုလည်း မမေးဖို့ တင်ကြိုသတိပေးပါတယ်။ နောက် ကျမလက်ထဲကို ကျောင်းသူ စာရင်း list ထည့်ပြီး သင်ရမဲ့ အချုပ်ခန်း (ကော်ရစ်ဒါ အတိုင်းပြန်လျှောက်လာတော့ ဒီဘက်အစွန်း)ကို ပြန်လိုက်ပို့တယ်။ ဒီအဆောင်က အခြားရဲမေ တစ်ယောက်ခွင့်ယူထားလို့ တာဝန်ကျရဲမေကို အလုပ် အများဆုံး ရှုပ်စေတာကတော့ တံခါးသော့ ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ရခြင်းပဲလို့ ကျမတွေးနေမိတယ်။

ကြမ်းခင်း တမံသလင်းပေါ်မှာ တန်းစီ ထိုင်နေကြတဲ့ အဲ့ဒီဟာလေးတွေ အယောက်နှစ်ဆယ်လောက်က Good Morning Madam လုပ်ကြတယ်။ ကြောင်အန်းအန်းနဲ့ Good Morning လိုက်ရပြီး သူတို့ကို ကွန်ပြူတာ နဲ့ စားပွဲ ကုလားထိုင်မှာ ထိုင်ခိုင်း၊ Let me introduce myself တွေ ဘာတွေပြီးတော့ Language မကျွမ်းကျင်တဲ့ ကျမ ထုံးစံအတိုင်း White Board ကြီးပေါ် အရောင်စုံ softpen တွေနဲ့ Diagram တွေ အပြည့်ဆွဲပြီး Basic Computer Knowledge စပါတော့တယ်။ ၁၅မိနစ်၊ မိနစ်၂၀ လောက်နေတော့မှ နားလည်ကြရဲ့လား ဆိုပြီး သူတို့ကို ဝေထားတဲ့ စာအုပ်ထဲမှာ သင်ပြီးသလောက်ထိ ပြန်ဖတ်ခိုင်းလိုက်တယ်။ အတန်းလေးက မဆိုးပါဘူး ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့။ တွေးပူထားသလို ကလန်ကဆန် အရိပ်အယောင် မတွေ့ရဘူး။ အလွန်အကျွံ ပျင်းတဲ့သူ အချို့ ထိုင်ခုံနောက်မှီကို ပစ်စလက်ခတ်ကြီး မှီထိုင်ရုံလောက်ပဲ။ ဆယ်ကျော်သက်လေးတွေ။ အကြီးဆုံးကမှ ၂၂-နှစ် Polytechnic ကျောင်းသူ တရုတ်မလေး။ သူနဲ့ မတိမ်းမယိမ်း ကုလားဆင် မလေး ကတော့ တစ်မျိုးပဲ သူ့ပုံစံက ဂျစ်ကန်ကန် မဟုတ်ပါပဲ ဘာဖြစ်လို့ ကော့လန်လန် ဖြစ်နေရပါလိမ့် …သြော် ကိုယ်ဝန်နဲ့ကိုး။ ဒိုင်ယာနာကေနဲ့ အေးတိအေးစက် ပြန်မပြော နားမထောင်ပုံ တရုတ်မလေးကတော့ တစ်မျိုး .. လက်ချောင်း တစ်ချောင်းကို တက်တူး တစ်ရုပ်စီ လက်ဆယ်ချောင်းလုံးမှာ ထိုးထားလေရဲ့။ သူလေးက အတန်းထဲမှာ အချောဆုံး… ။

အခန်းထဲမှာ ဖုန်တွေက ထုတက်နေသလို၊ သတိထားလိုက်မိတော့ ငါအသက်ကို တဝက်ပဲရှူမိနေပါလား… ။ နေဦး... အပြင်ကလေနဲ့ ဒီကလေ ဘာကွာလဲလို့ သေချာရှူကြည့်လိုက်ဦးမယ်။ ကွာတယ်… ကွာတယ် … တကယ့်ကို ကွာတာပဲ… ။

ဒီလိုနဲ့ ထမင်းစားချိန်ရောက်လာတော့ သူတို့ကို ရဲမေက လာခေါ်တယ်။ ကိုယ့်ကို ရုံးခန်းထဲမှာ ခဏထိုင်စောင့်နေပါတဲ့။ ကော်ရစ်ဒါက လျှောက်လာခဲ့တော့ သြော် ကပ်ရပ် အခန်းတွေမှာလည်း စာသင်နေကြတာပါလား။ တစ်ခန်းက English၊ နောက်တစ်ခန်းက Maths သင်နေတယ်။

ကိုယ့်ကို ထမင်း အပြင်မှာ ထွက်စားချင်ရင်လဲ ရတယ်။ ဒီမှာ ဝန်ထမ်းတွေ စားတဲ့ ဆီမှာ ပိုက်ဆံပေးပြီး စားရင်လည်းရတယ်လို့ ဆိုပါတယ်။ အပြင်ထွက်စားရင် နေပူနေတာရယ်၊ တံခါးတွေ အဆင့်ဆင့်ဖြတ်ရတာကို စိတ်ပျက်တာရယ်ကြောင့် ရဲမေနဲ့အတူ ဝန်ထမ်းတွေ စားတဲ့ နေရာမှာပဲ လိုက်စားလိုက်ပါတယ်။ စားသောက်ဆောင်မှာ ချက်ပြုတ်၊ ဝေယျာဝစ္စ လုပ်နေသူများကတော့ လွတ်ရက်နီးပြီ ဖြစ်တဲ့ (အများစုကတော့ အချိုးကျချင်ယောင် ဆောင်ထားတယ်လို့ ကျမစိတ်ထဲကထင်တဲ့) inmate ကြီးတွေပါ။ ထမင်းစားချိန်အဖြစ် ပေးထားတဲ့ အချိန် ကုန်သည်အထိ စားသောက်ဆောင်မှာပဲ အချိန်ဖြုန်းပြီး စာသင်ဆောင်က ရဲမေနဲ့ အတူ အဆောင်ကို ပြန်ပါတယ်။ စားသောက်ဆောင်ကို လာခဲ့တဲ့လမ်းနဲ့ အပြန်လမ်း မတူတာကို လမ်းလျှောက်ရင်း ဘေးဘီတွေကို ကြည့်လို့ သတိထားမိနေတယ်။ အပြန်လမ်းမှာတော့ အထဲမှာ အကျဉ်းသား သုံးလေးယောက်နဲ့ မဟာယာနဘုန်းကြီးတစ်ပါး ရှိနေတဲ့အခန်း၊ ခရစ်ယာန် သီလရှင်တွေ ရှိနေတဲ့အခန်း၊ နောက် ခေါင်းမူးခြုံဆရာမ တွေ ရှိနေတဲ့အခန်း တွေ ဖြတ်ခဲ့ရတယ်။ Counseling လုပ်နေကြတာတဲ့။

နေ့လည် တစ်နာရီမှာ သင်တန်း ပြန်စတယ်။ သင်တန်းသူလေး တစ်ယောက်က ကျမအတွက် ရေအေးတစ်ခွက် ရေနွေးတစ်ခွက် စားပွဲပေါ်လာတင်ပေးတယ်။ ခုတင် သူတို့တွေ ချက်တဲ့ အစာတွေ တနင့်တပိုး စားလာခဲ့ပြီးမှ (အားလုံးဟာ ဆေးမှုနဲ့ ကျသူချည်း မဟုတ်လို့ ကျမအတွက် ရေခပ်ပေးသူလေးဟာ ဆေးသမား ဟုတ်မဟုတ် မသေချာပေမဲ့) သူခပ်ပေးတဲ့ ရေကို ကျမ မသတီနိုင်ခဲ့တာ ဆန်းကြယ်တဲ့ လူ့စိတ်နော် ။ ဒါပေမဲ့ ကျမ မသောက်ဖူး ဆိုတာကိုလည်း သူတို့ မသိအောင် အတတ်နိုင်ဆုံး သိုဝှက်ခဲ့ပါတယ်။ ရေကို မသောက်ခဲ့ပေမဲ့ စာသင်အချုပ်ခန်းလေးထဲမှာပဲရှိတဲ့ တံခါးတဝက်သာ တပ်ထားတဲ့ အိမ်သာကိုတော့ သူတို့နဲ့အတူ သုံးခဲ့ပါတယ်။ ရုံးခန်းထဲက ရဲမေကို “ကျမ အိမ်သာ သွားချင်လို့ လာခေါ်ပါ” လို့ အင်တာကွန်းကနေ အော်ပြီး အခွင့်ထူးခံ ကရိကထ မများချင်ပါဘူး။

နေ့လည်ပိုင်း စာသင်ချိန်တွေမှာတော့ လေးလံ ထိုင်းမှိုင်းတတ်လို့ လေ့ကျင့်ခန်းလေးတွေ ပေးထားပြီး၊ မစပ်စုရ လို့ ဆိုထားပေမဲ့ နေ့လည်စာ ဘာတွေ စားခဲ့ကြလဲ၊ စားလို့ ကောင်းရဲ့လား ဆိုတာမျိုး အလာပ သလာပ လေးတွေ စကားစလိုက်တယ်ဆို လေ့ကျင့်ခန်း ပြီးသူတွေက ကိုယ့်နားဝိုင်းလာကြပြီ။ တစ်ချို့ တစ်ချို့သော မျက်နှာသေလေးတွေ (ဖြစ်နိုင်ချေကတော့ လိမ်လည်မှုနဲ့ ကျနေသူများ)ကတော့ နေမြဲအတိုင်း…။ ရှိပါစေလေ။ ဒီအချိန်မှာ သူတို့တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုတောင် အကြောက်အကန် ကြိုးစား တည်ဆောက်နေရတယ် ဆိုတာ နားလည်ပေးနိုင်ပါတယ်။

ညနေ ငါးနာရီမှာ တစ်နေ့တာ အတွက် စာသင်ချိန် ကုန်ဆုံးလို့ ပြန်ရတော့မယ်။ တစ်ဖက်ခန်းက အင်္ဂလိပ် သင်တဲ့ ဆရာမလဲ ထွက်လာပြီ။ ဖြူဖြူသေးသေး နုနုနယ်နယ် ဆရာမက “ဘယ်လိုပြန်မလဲ။ ရထားနဲ့ဆို ဘူတာထိ သူ့ကားနဲ့ လိုက်ခဲ့ပါ” တဲ့။ သူ့ကား နီနီသေးသေးလေးပေါ် ရောက်တော့ တပ်ထားတဲ့ အမှတ်တံဆိပ်တွေကြောင့် ဆရာမဟာ ခရစ်ယာန် ဘာသာဝင်မှန်း သိရတယ်။ ကျမထက် ဆယ်နှစ်ခန့်ကြီးပြီး အကျဉ်းထောင်မှာ စာပြနေတာ ဆယ်နှစ်လောက်ရှိပြီတဲ့။

တရွေ့ရွေ့နဲ့ စာသင်ရက်တွေကုန်လို့ စာမေးပွဲစစ် အမှတ်စာရင်းအတိုင်း အောင်စာရင်းလေးထုတ်ပေးတယ်။ သင်တန်းဆင်းလက်မှတ်တွေ ပေးအပြီး “တီချယ် တီချယ် Orchard မှာတွေ့ရင် ခေါ်မယ်နော်” လို့ ပြောလိုက်တဲ့ ကောင်မလေး တစ်ယောက်စကားကြောင့် Orchard လမ်းပေါ်ရောက်တိုင်း ဘယ်နေရာကများ ကိုယ့်ကို ခေါ်လိုက်လေမလဲလို့ ယောင်လည်လည်နဲ့နားစွင့်ရင်း...

Friday, December 5, 2008

ရာသီပြောင်းချိန်

ရာသီ စက်ဝန်းတွေ သံသရာစက်ဝိုင်းမှာ
အမြဲမပြတ် တရစပ် လည်ပတ်နေတယ်
စက်ဝိုင်းရဲ့ စမှတ် "တစ်" ဆိုတာ
မသိနိုင်တဲ့ အရာ...။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုက
လွင့်စင်လာတဲ့ သစ်ရွက်ကြွေတွေ ဟောတဲ့ တရား
စက်ဝိုင်းရဲ့ ဆုံးမှတ် "သုည" ဟာ
စက်ဝန်းထဲမှာ... တဲ့။ ။
*****
5 Dec 08, 15:56
A Linn Nyi: ကဗျာလာဖတ်ပါတယ်။အဓိပ္ပါယ်ကို..ဆက်တွေးနေမိတယ်။
Fri, Dec 5th 2008, 04:55 PM
S-C: ဘာတွေ ဆက်တွေးမိလဲ? ပြောဦး။ assignment ၃ရက်တောင် အချိန်ပေးတယ်နော်။ (ဒီကတော့ ရေးရင်းနဲ့ ချာလည်လည်သွားလို့ တုံးတိကြီး ...တဲ့ နဲ့ ပိတ်လိုက်ရတယ်။)
6 Dec 08, 14:42
A Linn Nyi: အပိုဒ်၁က လူတွေ မွေးတဲ့ ဇာတိ(မသိနိုင်တာ)၊ အပိုဒ်၂က မသိနိုင်တဲ့ ဇာတိအမျိုးမျိုးကလာပေမယ့် သေဆုံးတာတူမယ်
6 Dec 08, 14:42
A Linn Nyi: ဘာမှမယူသွားနိုင် ဗလာနဲ့ ဆုံးမှာက သိနိုင်(သေချာ)တယ် လို့ ပြောချင်တာ..ဟုတ်လားဟင် မသီတာ..
ရာသီ စက်ဝန်းတွေ သံသရာစက်ဝိုင်းမှာ
အမြဲမပြတ် တရစပ် လည်ပတ်နေတယ်
စက်ဝိုင်းရဲ့ စမှတ် "တစ်" ဆိုတာ
မသိနိုင်တဲ့ အရာ...။

ရာသီ စက်ဝိုင်း...
သံသရာ စက်ဝန်း...
စက်ဝိုင်း တစ်ခုကို ဘယ်နေရာက စဆွဲထားတယ် ဆိုတာ မသိနိုင်သလို
သတ္တဝါတို့ရဲ့ အစဟာလည်း 'အပင်နဲ့ မျိုး' အစရှာမရသလို မသိနိုင်တဲ့အရာ။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုက
လွင့်စင်လာတဲ့ သစ်ရွက်ကြွေတွေ ဟောတဲ့ တရား
စက်ဝိုင်းရဲ့ ဆုံးမှတ် "သုည" ဟာ
စက်ဝန်းထဲမှာ... တဲ့။ ။

ချာချာလည်နေတဲ့ ဖြစ်စဉ်တစ်ခုကို အဆုံးသတ်ဖို့
ဘဝသံသရာ အဆုံးသတ်ဖို့...
(A Linn Nyi ၏ တရားဂုဏ်တော် ခြောက်ပါး ပို့စ်မှ) ဗုဒ္ဓမြတ်စွာက ရောဟိတဿသုတ္တန်မှာ “လောကရဲ့အစ၊ လောကရဲ့အဆုံးကို ဘယ်စကြဝဠာမှာမှ လိုက်ရှာမနေနဲ့။ ဤတစ်လံမျှရှိသော ခန္ဓာကိုယ်မှာပဲ လောကရဲ့ အစလည်းရှိတယ်။ လောကရဲ့ အဆုံးလည်း ရှိတယ်” လို့ဟောကြားခဲ့သည့်အတိုင်း သစ်ရွက်ကြွေတွေ ဟောတဲ့တရား၊ ခန္ဓာဟောတဲ့တရား “အနိစ္စ” ကို အခါခါနာကြားစို့ရဲ့။

Tuesday, December 2, 2008

၅နှစ်ပြည့် ရေစင်


ထမင်း ဝိုင်းမှာ ထိုင်ခုံက လေးခုံသာရှိတယ်။ ဖွားဖွားရယ်၊ ဖေဖေရယ်၊ မေမေရယ်၊ ကိုကိုရယ် ထိုင်ပြီးပြီဆိုတော့ သားငယ်ထိုင်စရာ ခုံမရှိတော့လို့ အော်နေတာ “သားသားလည်း ထိုင်စေချင်၊ ထိုင်စေချင်တယ်” တဲ့

ခုံတစ်ခု ထိုးပေးလိုက်ပြီး နေရာကျသွားပြန်တော့ ပူဆာပြန်တယ်။ “မေမေ အာလူးကြော် စားချင်တယ်” တဲ့။ အာလူးမရှိဘူး ကုန်နေပြီ သားရဲ့ဆိုတော့ Sauce ပုလင်းကို လက်ညှိုးထိုးပြပြီး “ဒါဆိုသားက ဒါချည်းဘဲ စားရမှာလား” တဲ့

ည အိပ်ယာဝင်ခါနီး မိုင်လိုကို နို့ဗူးနဲ့ သောက်တယ်။ နို့သီးခေါင်း အဖုံးကို သေသေချာချာ အံဝင်ခွင်ကျအောင် မပိတ်ပေးမိလို့ ဘေးကနေ စိမ့်ထွက်လာတဲ့ မိုင်လိုတွေကြောင့် အလန့်တကြား အော်လိုက်တာက “မိုင်လို မျက်ရည်၊ မိုင်လို မျက်ရည်” တဲ့

ဒီနေ့ ၅နှစ်ပြည့်တဲ့ သားငယ် အတွက် အမှတ်တရ ခေါင်းစဉ်ကို ချစ်တဲ့ ဒေါ်ဒေါ်တွေ ပေးတဲ့ နာမည်လေးတပ်လိုက်တယ်

ဓါတ်ပုံရိုက်ချင်လို့ ခဏထိုင်ခိုင်းထာတဲ့ ပုံပါ။