Sunday, October 28, 2012

သင်္ကဿနဂိုရ်

မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်တွင် ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူ၍ သီတင်းကျွတ် လပြည့် ပဝါရဏာနေ့သို့ ရောက်သော် သိကြားမင်း ဖန်ဆင်းသည့် ရွှေ၊ ပတ္တမြား၊ ငွေတို့ဖြင့် ပြီးသော စောင်းတန်းသုံးသွယ် အနက် အလယ် ပတ္တမြား စောင်းတန်းဖြင့် နတ်ဗြဟ္မာတို့ ခြံရံကာ သင်္ကဿနဂိုရ်ပြည် တံခါးဝသို့ ဆင်းသက်ခဲ့ကြောင်းကို ဓမ္မပဒအဋ္ဌကထာ ဒေဝေါရောဟဏဝတ္ထုတွင် အကျယ်တဝင့် ရေးသား ဖော်ပြထားသည်။ မြတ်စွာဘုရားအား ဦးစွာပထမ အရှင်သာရိပုတ္တ၊ ထို့နောက် အရှင်မ ဥပ္ပလဝဏ္ဏထေရီ တို့က ခရီးဦး ကြိုဆိုကြပြီးနောက် အခြားပရိသတ်အပေါင်းတို့က ဖူးမြှော် ကြိုဆိုကြကြောင်း သုတ္တနိပါတ် အဋ္ဌကထာ (အဋ္ဌကဝဂ် သာရိပုတ္တသုတ်အဖွင့်) တွင် ဖော်ပြထား၏။

ဗုဒ္ဓဝင်အဋ္ဌကထာ စသည်တို့၌
(၁) ဘုရားပွင့်တော်မူရာ ဗောဓိပလ္လင်၊
(၂) ဓမ္မစကြာတရားဦး ဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တော၊
(၃) နတ်ပြည်မှ ဆင်းသက်စဉ် ခြေဦးချတော်မူရာ သင်္ကဿမြို့တံခါး၊
(၄) ဇေတဝန်ကျောင်း ဂန္ဓကုဋိရှိ ကုတင် ခြေထောက် လေးချောင်းချရာ၊ ဤလေးနေရာတို့သည် ဘုရားရှင်တိုင်း မစွန့်သော အဝိဇဟိတဋ္ဌာန လေးနေရာ အဖြစ် အထူး ဖော်ပြထားသည်။ မဇ္ဈိမနိကာယ် ပါသရာသိသုတ်အဖွင့် အဋ္ဌကထာ၌ ဤနေရာလေးပါးအား အစလစေတိယ ဋ္ဌာန (မရွှေ့ပြောင်းသော အထိမ်းအမှတ် နေရာ) လေးပါးဟု ဖော်ပြထားသည်။

အရေးပါသည့် ဗုဒ္ဓဝင်နေရာအဖြစ် သတ်မှတ်ကြသည့် အားလျှော်စွာ သင်္ကဿသို့ အသောကမင်းကြီး (204 BCE ဝန်းကျင်) ၊ တရုတ်ရဟန်းတော် ဖာရှန် (Faxian ဖာဟီယန်ဟု အသိများ 404 CE ဝန်းကျင်)၊ ရွှန်ကျန် (Xuanzang 636 CE ဝန်းကျင်) တို့ လာရောက် ဖူးမြော်ခဲ့ကြ ဖူးသည်။ နောင်တွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓသာသနာ တိမ်ကော သွားသောအခါ၊ သင်္ကဿသည်လည်း အခြား ဗုဒ္ဓဝင်နေရာများ နည်းတူ မေ့လျော့ ပျောက်ကွယ် နေခဲ့၏။ ၁၈၄၂-ခုနှစ်သို့ရောက်မှ ဗြိတိသျှလူမျိုး ကျောက်စာဝန် Alexander Cunningham က တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းများအား အမှီပြုကာ သင်္ကဿမြို့ဟောင်းနေရာအား ပြန်လည် ထုတ်ဖော်နိုင်ခဲ့သည်။
Relief showing the Descent of the Buddha, grey schist, 3rd century AD, Gandhara. © Victoria and Albert Museum, London

သင်္ကဿမြို့တည်နေရာ


တရုတ် ရဟန်းတော် ဖာရှန်၏ မှတ်တမ်းအရ သင်္ကဿမြို့ (Seng-Kia-She) သည် မထုရာမြို့မှ အရှေ့ဖက် ၁၈-ယူဇနာ အကွာတွင်ရှိ၍၊ သင်္ကဿမှ အရှေ့တောင်ဖက် ၇-ယူဇနာတွင် ကဏ္ဏကုဇ္ဇမြို့ (ယနေ့ခေတ် Kannauj) ရှိသည်။ တရုတ် ရဟန်းတော် ရွှန်ကျန်က သင်္ကဿမြို့အမည်ကို ကပိထ (Kie-Pi-Tha) ဟု ဖော်ပြခဲ့သည်။ ဗုဒ္ဓစာပေများအရ သင်္ကဿမြို့သည် သာဝတ္ထိမှ ယူဇနာ-၃၀ ကွာဝေးပြီး (ဓမ္မပဒ အဋ္ဌကထာ ဒေဝရောဟဏဝတ္ထု)၊ သောရေယျမြို့ (ယနေ့ Soron) နှင့် ကဏ္ဏကုဇ္ဇမြို့အကြား ခရီးလမ်းပေါ်တွင် တည်ရှိသည် (ဝိနည်းပါရာဇိကဏ်-၂၃ ။ဝိနည်းစူဠဝါ-၄၅၁)။ Alexander Cunningham က သင်္ကဿမြို့သည် ယနေ့ခေတ် Farukkhabad မြို့၏ အနောက်ဖက် ၃၇-ကီလိုမီတာ အကွာရှိ သံကိသ-ဝသန္တပုရ (Sankisa-Basantpur) အမည်ရှိသော ရွာလေး (27.338°N  79.271°E) ဖြစ်ကြောင်း သတ်မှတ်ဖော်ထုတ်ခဲ့သည်။ ထိုရွာလေးသည် ကာလီမြစ်၏ နံဘေးတွင် တည်ရှိ၍ Agra မှ ၁၆၀ ကီလိုမီတာ၊ Kannuj မှ ၈၀-ကီလိုမီတာ၊ Lucknow မှ ၁၈၀-ကီလိုမီတာ ကွာဝေးသည်။




ထင်ရှားသည့် နေရာဌာနများ


တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ သင်္ကဿမြို့ရှိ ထင်ရှားခဲ့သော နေရာဌာနများမှာ -
(၁) စောင်းတန်း လှေကားရင်းတွင် တည်ထားသော စေတီ နှင့် အသောကမင်း ကျောက်စာတိုင်
(၂) ဘုရားလေးဆူတို့ သီတင်းသုံး နေထိုင် စင်္ကြံလျှောက်ရာ အရပ်တွင် တည်ထားသော စေတီ
(၃) မြတ်စွာဘုရား ရေသပ္ပါယ်ရာ နေရာ ရေချိုးအိမ်
(၄) သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ မြေပြင်သို့လိုက်ပါ ဆင်းသက်ခဲ့သော နေရာတွင် တည်ထားသော စေတီငယ် နှစ်ဆူ
(၅) နတ်ပြည်မှ ဆင်းသက်လာသော မြတ်စွာဘုရားအား အရှင်မ ဥပ္ပလဝဏ္ဏထေရီ ခရီးဦးကြိုပြုခဲ့သော နေရာ၌ တည်ထားသော စေတီ
(၆) မြတ်စွာဘုရား ဆံတော် ခြေသည်း လက်သည်းတော်တို့ကို ပယ်ဖြတ်သည့်နေရာ၌ တည်ထားသည့် စေတီ
(၇) နဂါးနတ်ကွန်းနှင့် နဂါးအိုင် တို့ဖြစ်သည်။
စောင်းတန်း လှေကားရင်းတွင် တည်ထားကိုးကွယ်သော အစလစေတီအား တရုတ်ရဟန်းတော်များက ဤသို့ မှတ်တမ်း တင်ခဲ့ကြသည်။

“… မြတ်စွာဘုရား မြေပြင်သို့ရောက်သည်နှင့် စောင်းတန်း သုံးသွယ်တို့သည် မြေသို့ ငုတ်လျှိုး၍ ကွယ်ရာ၊ လှေကား ခုနှစ်ထစ်သာ မြေပြင်တွင် ပေါ်လေသည်။ နောင်သော် အသောကမင်းသည် စောင်းတန်း၏ အခြေတည်ရာကို သိလိုသဖြင့် တူးဖော်စေရာ ရေအဝါ ထွက်သည့်တိုင် (ငရဲပြည်စပ်ကို ဆိုလို) ရောက်သော်လည်း စောင်းတန်း၏ အခြေကို မတွေ့ရပေ။ အသောကမင်းသည် အလွန်ပင် အံ့သြ ကြည်ညိုတော်မူသဖြင့် လှေကားခုနှစ်ထစ်ပေါ်တွင် ကျောင်းဆောက်လုပ်ကာ၊ အလယ်စောင်းတန်းထိပ်၌ ဉာဏ်တော် ၁၆-ပေရှိသော ရုပ်ပွားဆင်းတုတော်ကို တည်ထား ကိုးကွယ်၏။ ကျောင်းတော်၏ အနောက်ဖက်တွင်လည်း အတောင် ၃၀-ခန့်မြင့်၍ ထိပ်တွင် ခြင်္သေ့ရုပ်ပါရှိသော ကျောက်စာတိုင်ကို ထူထားလေသည်။ ကျောက်စာတိုင်၏ လေးမျက်နှာတွင် ဖန်သားသဖွယ် ကြည်လင်လှသော ရုပ်ပွားဆင်းတုတော် လေးဆူကို တည်ထား၏။” (Faxian – Records of Buddhistic Kingdom)
Amaravati ရှိ ထုံးကျောက်ပြားတွင် ထွင်းထုထားသော အစလစေတီ ပုံစံတူ © British Museum

“ထိုစောင်းတန်း လှေကား သုံးသွယ်သည် ရှေးရာစုနှစ်များစွာက မူလအတိုင်းရှိခဲ့သော်လည်း၊ ယခုအခါတွင် မြေသို့ ငုတ်လျိုးပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုအခါတွင် အနီးအပါးရှိ တိုင်းနိုင်ငံတို့မှ မင်းသားတို့သည် ဝမ်းနည်းတသဖြစ်ကြ၍ ထိုနေရာတွင် အုတ်ကျောက်တို့ဖြင့် ရတနာများစီချယ်ကာ အလားသဏ္ဍာန်တူ စောင်းတန်းသုံးသွယ်ကို ဆောက်လုပ်ခဲ့ကြသည်။ အမြင့်ပေ ၇၀-ရှိ၏။ စောင်းတန်းထိပ်တွင် ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ကာ၊ ဘေးတဖက်တချက်တွင် သိကြားမင်း၊ ဗြဟ္မာမင်းတို့ ခြံရံထားသည့်ဟန် ရုပ်ပွားဆင်းတုတော်အား ကျောက်ဖြင့် ထုလုပ်ကိုးကွယ် ခဲ့ကြသည်။”

“ကျောင်းတိုက်၏ အပြင်ဖက် အနီးအနားတွင် ပေ ၇၀-မြင့်သော ကျောက်တိုင်တစ်ခုကို အသောကမင်းက တည်ထားခဲ့သည်။ ကျောက်တိုင်မှာ ခရမ်းရောင်ရှိ၍ စိုစွတ်လျှင် အရောင်တောက်ပ၍နေသည်။ ကျောက်တိုင်၏ ထိပ်ဖျားတွင် စောင်းတန်းလှေကားဖက်သို့ မျက်နှာမူ၍ ထိုင်နေသော ခြင်္သေ့ရုပ် ထုလုပ်ထားသည်။ ကျောက်စာတိုင် ပတ်လည် လေးဖက်လေးတန်တွင် အလွန်အံ့ချီးဖွယ်ကောင်းသော ရုပ်ပုံများထုလုပ်ထား၍ ဖူးမြင်သူတို့၏ ကောင်းဆိုး စရိုက်အလိုက် ထိုရုပ်ပုံများ ပေါ်လေသည်။” (Xuanzang – Records of Western Countries)

ဒဏ္ဍရီဆန်ဆန် အသေးစိတ် အချက်အလက် အချို့ကွဲလွဲနေသော်လည်း ထိုဘုရားဖူးရဟန်းတော်များ ရောက်ခဲ့စဉ်က အစလစေတီနှင့် ခြင်္သေ့ရုပ်ပါသော အသောက ကျောက်စာတိုင်ရှိကြောင်း သိရသည်။

တရုတ်ရဟန်းတော် ဖာရှန် ရောက်ရှိခဲ့ချိန်တွင် ဘိက္ခု ဘိက္ခုနီသံဃာ တစ်ထောင်ခန့်ရှိကြောင်း အချို့မှာ မဟာယာနဖြစ်ပြီး၊ အချို့မှာ ဟိနယာနဖြစ်ကြောင်း ဖော်ပြထားသည်။ ရဟန်းတော် ရွှန်ကျန်၏ မှတ်တမ်းအရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း လေးကျောင်းရှိ၍ သံဃာအပါး တစ်ထောင်ခန့် ရှိ၍၊ ဟိနာယာန ဂိုဏ်းခွဲဖြစ်သော သမ္မိတိယဂိုဏ်းဝင် ရဟန်းတော်များ ဖြစ်ကြောင်း၊ နတ်ကွန်း ဆယ်ခုရှိပြီး မဟေသွရ (သီဝနတ်) ကို ကိုးကွယ်ပူဇော်သူများလည်း ရှိကြောင်း သိရသည်။

တရုတ် ရဟန်းတော် နှစ်ပါးလုံးက သင်္ကဿမှ နဂါးအိုင်နှင့် နတ်ကွန်း အကြောင်းကို ဖော်ပြထား၏။ ရဟန်းတော် ရွှန်ကျန်က အစလစေတီ၏ အရှေ့တောင်ဖက် အရပ်တွင် နဂါးအိုင် ရှိကြောင်းသာမာန်မျှ ဖော်ပြခဲ့၍ ရဟန်းတော် ဖာရှန်က ထိုနဂါးသည် မိုးလေဝသ မှန်ကန်၍ စိုက်ပျိုးရေး ကောင်းမွန်စေရန် စောင့်ရှောက် ပေးနေသောကြောင့် သာသနာ့ဒါယကာ နဂါးမင်းအဖြစ် ဖော်ပြထားသည်။ ထို့ကြောင့် ရဟန်းတော်တို့ကပင် နဂါးနတ်ကွန်းကို ဆောက်လုပ်ပေးထား၏။ မိုးလရာသီကုန်သော် ထိုနဂါးသည် မြွေအသွင်သို့ ပြောင်းသွားလေ့ရှိ၍ ရဟန်းတော်တို့က ကြေးဖလားတွင် ထည့်ကာ လှည့်လည် အပူဇော်ခံလေ့ရှိကြောင်း ဖော်ပြထားသည်။

ရှေးဟောင်းသုသန ရှာဖွေ တူးဖော်မှု


ဗြိတိသျှလူမျိုး ကျောက်စာဝန် Alexander Cunningham သည် သင်္ကဿမြို့ဟောင်း နေရာအား ၁၈၄၂-ခုနှစ်ကတည်း သတ်မှတ်နိုင်ခဲ့သော်လည်း၊ ၁၈၆၂-ခု နှစ်ကုန်ပိုင်း ရောက်မှ တူးဖော် လေ့လာနိုင်ခဲ့သည်။ သင်္ကဿမြို့ဟောင်းအဖြစ် အတည်ပြုခဲ့သော သံကိသရွာသည် အနီးဝန်းကျင်ရှိ လယ်ကွင်း မြေပြင်အထက် ၄၁-ပေခန့်မြင့်သော တောင်ကုန်းမြင့်လေးပေါ်တွင် တည်ရှိသည်။ ဒေသခံတို့က ထိုကုန်းမြင့်လေးအား Kilah (ခံတပ်) ဟုခေါ်သည်။ အရှေ့အနောက် အလျား ပေ-၁၅၀၀ ရှိ၍ အနံမှ ပေ-၁၀၀၀ ကျယ်သည်။ မြောက်ဖက်နှင့် အနောက်ဖက်တွင် ကုန်းသည် မတ်စောက်၍ အခြားဖက်တွင် ပြေ၏။
(from Reports – Indian Archeological Survey, Alexander Cunningham)

ဤ ခံတပ်ဟောင်း၏ အလယ်မှ တောင်ဖက်တည့်တည့် ပေ ၁၆၀၀ အကွာတွင် အုတ်ပုံတစ်ခုရှိ၍ ထိုအုတ်ပုံ၏ အထက်တွင် ဗာသရီ နတ်သမီး (Basari Devi) အတွက် ဆောက်လုပ်ထားသော ခေတ်သစ်လက်ရာ နတ်ကွန်းတစ်ခု ရှိသည်။ နတ်ကွန်းမှ မြောက်ဖက် ပေ ၄၀၀ တွင် ဆင်ရုပ် ထုထားသော ရှေးကျောက်စာတိုင်၏ ထိပ်ပိုင်းကို ရှာဖွေတွေ့ရှိရသည်။ ထို့အပြင် ကျောက်စာတိုင်၏ အရင်းကို ရှာဖွေ၍ မတွေ့ရသေးပေ။ တရုတ်ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ အသောက ကျောက်စာတိုင်၏ ထိပ်ပိုင်းသည် ခြင်္သေ့ရုပ် ဖြစ်ရမည် ဖြစ်သော်လည်း ယခုတွေ့ရှိရသော ကျောက်စာတိုင်ထိပ်မှာ ဆင်ရုပ် ဖြစ်နေ၏။ ကျောက်စာတိုင်ထိပ်မှ ဆင်ရုပ်တွင် နှာမောင်းနှင့် အမြီးတို့ မရှိတော့သဖြင့် အကယ်၍ အတောင် ၃၀-အမြင့်တွင် ရှိသော ဆင်ရုပ်အား အောက်မှ မော့ကြည့်လျှင် ခြင်္သေ့ရုပ်အဖြစ် အမှတ် မှားကောင်း မှားနိုင်သည်ဟုသာ Cunningham က မှတ်ချက်ပြုခဲ့သည်။ (မှတ်ချက်။ ဆရာ မောင်အံ့ (မဟာဝိဇ္ဇာဘုံဘေ) ၏ “မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ” စာအုပ်တွင် နွားရုပ်အဖြစ် မှားယွင်း ဖော်ပြထားသည်)။
Capital of Asoka Pillar from Reports – Indian Archeological Survey, Alexander Cunningham
ဗာသရီနတ်ကွန်း၏ တောင်ဖက် ပေ ၂၀၀ တွင် စေတီပျက် တခုရှိသည်။ နတ်ကွန်းမှ အရှေ့ဖက် ပေ ၆၀၀ အကွာတွင် အလျား ပေ-၆၀၀ အနံ ပေ-၅၀၀ ရှိ ကုန်းမြင့် တခုရှိသည်။ ဒေသခံတို့က Navi-ka-kot ခေါ်သည်။ ဘုန်းကြီးကျောင်းပျက် တစ်ခု ဖြစ်နိုင်လေသည်။ ထိုမှ အရှေ့မြောက်နှင့် အရှေ့တောင်ဖက်တို့တို့တွင် စေတီပျက် ဖြစ်ဟန်တူသော အဝန်းအဝိုင်းပုံ ကုန်းမို့များ ရှိသည်။ အပြင်မြို့ရိုးဟောင်းသည် ၃-မိုင်ခွဲခန့် ကျယ်၏။ မြို့ရိုးဟောင်းသည် အရှေ့ဖက်၊ အရှေ့တောင်နှင့် အရှေ့မြောက် သုံးနေရာတွင် ပွင့်ပေါက်နေ၍ ဒေသခံတို့က မြို့တံခါးဟု ဆိုကြသည်။ အရှေ့တောင်ဖက် အပေါက်တွင် တံခါးပေါက်ရွာဟု အဓိပ္ပါယ်ရသော Paori-Kheria အမည်ရှိသည့် ရွာတရွာ ရှိသည်။ ဟိန္ဒူဘာသာစကားဖြင့် Paur ဟု ရေးပါက တံခါးပေါက်ဟု အဓိပ္ပါယ် ရမည်ဖြစ်သော်လည်း Paor ဟု ရေးထားသဖြင့် “လှေကားထစ်” ဟုလည်း အဓိပ္ပါယ် ရနိုင်လေသည်။

ထို့ကြောင့် ယနေ့ ဆင်ရုပ် ကျောက်စာတိုင် တည်ရာနေရာသည် တရုတ်ရဟန်းတော်များ၏ မှတ်တမ်းတွင်ပါသော အသောက ကျောက်စာတိုင်၏ မူလနေရာဖြစ်ပါက ဗာသရီနတ်ကွန်းတည်ရာ ကုန်းမြင့်သည် အစလစေတီတည်ရာ ဖြစ်မည်ဖြစ်၍၊ ကျောက်စာတိုင် အကျိုး ထိပ်ပိုင်းအား အခြားတနေရာမှ ပြောင်းရွှေ့ထားခြင်း ဖြစ်ပါက Paori-Kheria ရွာနေရာသည် အစလစေတီတည်ရာ ဖြစ်ပေလိမ့်မည်။ အများစုမှာ ဗာသရီနတ်ကွန်းနေရာအား အစလစေတီတည်ရာ အဖြစ်လည်းကောင်း၊ Navi-ka-kot မှ အရှေ့ဖက် အုတ်ပုံကုန်းမြေ သုံးခုသည် အခြား စေတီသုံးဆူတို့၏ နေရာအဖြစ်လည်းကောင်း လက်ခံယုံကြည် ထားကြလေသည်။

ယနေ့ခေတ်တွင် အခိုင်အမာ သတ်မှတ်နိုင်သော နေရာမှာ နဂါးအိုင်သာ ဖြစ်၍ (တရုတ်ရဟန်းတော် ရွှန်ကျန် ဖော်ပြခဲ့သည့်အတိုင်း) ကျောင်းတော်ရာ အုတ်ပုံများ၏ အရှေ့တောင်ဖက် အရပ်၌ ရှိကြောင်း Cunningham ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒေသခံတို့က ထိုနဂါးအား ကာရေဝါနတ်နဂါး (Kārewar Nāg Devatā) ဟုခေါ်၍ နဂါးအိုင်အား Kāndaiya Tāl ဟုခေါ်သည်။ ယနေ့ထက်တိုင် နှစ်စဉ် ကဆုန်လပြည့်နေ့ (ဝိသာခနေ့) နှင့် မိုးခေါ်လိုသည့်အခါတိုင်း နဂါးနတ်ကွန်းတွင် နွားနို့ရည်များ သွန်းလောင်း၍ ပူဇော်ပသကြသည်။ ထို နဂါးပူဇော်ပွဲသည် ဟိန္ဒူဘာသာမှ နာဂပဉ္စမီ (Nāg Panchamī)နှင့် မသက်ဆိုင်ဘဲ၊ သင်္ကဿ ဒေသခံတို့၏ သီးခြား ယုံကြည်ကိုးကွယ်မှု ဖြစ်လေသည်။

သင်္ကဿနဂိုရ်နှင့် ဘာသာရေးပဋိပက္ခ


တခါက ဘာသာခြား တတ္ထိယဂိုဏ်းဆရာတို့နှင့် ရဟန်းတော်တို့ နေရာပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုဖြစ်ရာ၊ ရဟန်းတော်တို့သည် အမှုရှုံး၏။ ထိုအခါတွင် ရဟန်းတော်က “ဤနေရာသည် ဗုဒ္ဓဘာသာ ရဟန်းတော်တို့၏ နေရာအမှန်ဖြစ်ပါက အံ့ဖွယ်ရာ တန်ခိုး ပြပါစေသား” ဟု သစ္စာဆိုကြသော်၊ ကျောက်စာတိုင်ထိပ်မှ ခြင်္သေ့ရုပ်သည် ကျယ်လောင်စွာ ဟိန်းဟောက် သက်သေထူသဖြင့် တတ္ထိဂိုဏ်းဆရာတို့ ကြောက်လန့်ကာ ထွက်ပြေးကြဖူး၏။” (Faxian – Records of Buddhistic Kingdoms)

သင်္ကဿတွင် နေရာပိုင်ဆိုင်မှုနှင့် စပ်လျှင်း၍ ဘာသာရေး ပဋိပက္ခ ဖြစ်လေ့ရှိခဲ့ကြောင်းကို တရုတ် ရဟန်းတော် ဖာရှန်က ဒဏ္ဍာရီဆန်ဆန် မှတ်တမ်း တင်ထား၏။ ယနေ့တိုင်လည်း ဗုဒ္ဓသာသနိက မြေများပေါ်တွင် နတ်ကွန်းများ တည်ရှိနေသဖြင့် မကြာခဏ ဘာသာရေးပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်။ နှစ်စဉ် ပဝါရဏာနေ့တိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့က ဓမ္မယတြာ ခေါ် စီတန်းလှည့်လည် ပူဇော်ပွဲကျင်းပလေ့ရှိရာ ၂၀၀၁ - ခုနှစ်က အဓိကရုဏ်းဖြစ် ပွားခဲ့သည်။ ထိုမှစတင်၍ ပဝါရဏာနေ့ စီတန်းလှည့်လည်ပွဲကို ကျင်းပခွင့် မပြုတော့ကြောင်း သိရသည်။
စာညွှန်း 
The Ancient Geography of India, Alexander Cunningham
Reports – Indian Archeological Survey, Alexander Cunningham
A Record of Buddhistic Kingdoms, Chapter XVII, Fa-Hsien (Faxian)
Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal
Where the Buddha Walked: A Companion to the Buddhist Places of India, Rana P.B. Singh 
Buddhist Pilgrimage (New Edition 2009), Chan Khoon San
 မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ - မောင်အံ့ (မဟာဝိဇ္ဇာ ဘုံဘေ) 
ဖာဟီယန် ခရီးစဉ် - အရှင်ဝိလာသ 
http://articles.timesofindia.indiatimes.com/2001-11-02/india/27238409_1_clashes-three-policemen-buddhists.

Thursday, October 18, 2012

ဘရုဇာတ်

“မင်းကြီး… ဆန္ဒာဂတိနောက် လိုက်သူ မဖြစ်စေသင့်။ ဘာသာရေးဂိုဏ်း အချင်းချင်း ပဋိပက္ခ မဖြစ်ပွားစေသင့်။”

ဗုဒ္ဓမြတ်စွာလက်ထက်က တိတ္ထိတို့သည် ဇေတဝန်ကျောင်း အနီးအပါးတွင် ကျောင်းဆောက်လုပ်ရန် ကြိုးပမ်းကြ၏။ ထိုအကြောင်းကို သိသော် အသံဗလံ ဆူညံခြင်းမှအစ မသင့်လျော်လှသဖြင့် ရဟန်းတို့အား ကောသလမင်းထံ သွားရောက်ကာ ကန့်ကွက်စေ၏။ စင်စစ် ကောသလမင်းကြီးသည် တိတ္ထိတို့ထံမှ တန်စိုးလက်ဆောင်ယူကာ ခွင့်ပြုထားခြင်း ဖြစ်၍ ရဟန်းတို့အား အတွေ့မခံဘဲ ရှောင်၍ နေလေသည်။ အဂ္ဂသာဝကနှစ်ပါး စေလွှတ်သော်လည်း အတွေ့မခံဘဲ ရှောင်မြဲရှောင်၍ နေလေသည်။ ဤတွင် နောက်တနေ့ နံနက်စောစော၌ ဘုရားရှင်ကိုယ်တိုင် ရဟန်း ၅၀၀ တို့အား ခေါ်ဆောင်ကာ နန်းတော်သို့ ကြွ၍ ကောသလမင်းထံ သွား၏။ ကောသလမင်းလည်း မနေသာတော့ဘဲ ပြဿာဒ်ဆောင်မှ ဆင်းလာ၍ ဘုရားရှင်အား တွေ့ရ၏။ ထိုအခါတွင် ဘုရားက “ဆန္ဒာဂတိကို လိုက်၍ ဘာသာရေးဂိုဏ်း အချင်းချင်း ခိုက်ရန်များအောင် မပြုသင့်ကြောင်း၊ ထိုသို့ပြု၍ တိုင်းပြည်ပျက်ခဲ့ရဖူးကြောင်း” ဤဘရုဇာတက ဇာတ်လမ်းအား ပြောပြ၏။
“ဣသီနမန္တရံ ကတွာ၊ ဘရုရာဇာတိ မေ သုတံ။
ဥစ္ဆိန္နော သဟ ရဋ္ဌေဟိ၊ သ ရာဇာ ဝိဘဝင်္ဂတော။”
“တသ္မာ ဟိ ဆန္ဒာဂမနံ၊ နပ္ပသံသန္တိ ပဏ္ဍိတာ။
အဒုဋ္ဌစိတ္တော ဘာသေယျ၊ ဂိရံ သစ္စုပသံဟိတံ။”
(ဇာတက အမှတ်-၂၁၃။ ဘရုဇာတ်)။

ရသေ့တို့အား ရန်တိုက်သဖြင့်၊
မင်းနှင့်တကွ တိုင်းပြည်ပျက်ခဲ့ရဖူးကြောင်း
ဘရုဇာတ်ကို ငါကြားဖူး၏။
ထို့ကြောင့် ဆန္ဒာဂတိလိုက်ခြင်းအား ပညာရှိတို့ကို မချီးမွမ်းကြ။
မပျက်စီးသော စိတ်ရှိသည်ဖြစ်၍ မှန်သောစကားကိုသာ ဆိုရာ၏။
ရှေးက ဘရုနိုင်ငံ (ယနေ့ခေတ် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ Bharuch မြို့) တွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းတစ်ခု ဖြစ်သည်။ ဗောဓိသတ္တသည် ဈာန်အဘိညာဉ်ရ ရသေ့တစ်ပါးဖြစ်ခဲ့၍ ရသေ့ ၅၀၀-ရှိသော ဂိုဏ်းအား အကြီးအမှူးပြုကာ ဟိမဝန္တာတောင်၌ သီတင်းသုံးနေထိုင်၏။ တနေ့တွင် ရသေ့တို့သည် ဆား၊ အချဉ်တို့ကို အလိုရှိသဖြင့် ဟိမဝန္တာမှ ဆင်းကာ ဘရုနိုင်ငံသို့ လာရောက်၏။ မြို့၏ မြောက်ဖက်အရပ်ရှိ ပညောင်ပင်ရင်းတွင် စတည်းချကာ စားသောက် နေထိုင်ကြသည်။ ထိုသို့နေထိုင်ရင်း လဝက်မျှကြာသော် အခြား ရသေ့ဂိုဏ်းတစ်ခုသည် ဘရုနိုင်ငံသို့ ရောက်ရှိလာကာ မြို့၏ တောင်ဖက်အရပ်ရှိ ပညောင်ပင်ရင်းတွင် အလားတူ တည်းခိုကြပြန်သည်။ ထိုရသေ့ဂိုဏ်း နှစ်ဂိုဏ်းတို့သည် ဘရုနိုင်ငံတွင် အလိုရှိသလောက် နေထိုင်ကြပြီးနောက် အသီးအသီး မိမိတို့ နေရပ်ဒေသသို့ ပြန်ကြသည်။

ရသေ့တို့ ဘရုနိုင်ငံမှ ထွက်ခွာသွားသော အချိန်တွင် မြို့တောင်ဖက်မှ ပညောင်ပင်သည် အကြောင်းအမျိုးမျိုးကြောင့် ခြောက်သွေ့သွားလေသည်။ နောင်တွင် ဒုတိယရသေ့အုပ်စုသည် ဘရုသို့ပြန်လည် ရောက်ရှိလာသောအခါ ယခင်က မိမိတို့ တည်းခိုခဲ့သည့် ပညောင်ပင်သည် ခြောက်သွေ့၍ အရိပ်ကင်းမဲ့နေသည်ကို တွေ့ရ၏။ ထိုအခါတွင် မြို့မြောက်ဖက်မှ ပညောင်သို့ ပြောင်းရွှေ့၍ စတည်းချကြလေသည်။ ထိုအချိန်တွင် ပထမရသေ့အုပ်စုသည် ဘရုသို့ ပြန်လည်ရောက်ရှိလာပြီး မိမိတို့ တည်းခိုခဲ့ဖူးရာ မြို့မြောက်ဖက် ပညောင်ပင်၌ပင် နေထိုင်နေလေသည်။ ဤတွင် ရသေ့အုပ်စု နှစ်စုတို့သည် ပညောင်ပင်အား “သူ့အပင်၊ ငါ့အပင်” လုကာ အချင်းချင်း ခိုက်ရန်ဖြစ်ကြလေတော့သည်။

အမှုသည် ဘရုမင်းဆီသို့ ရောက်သော် ဤပညောင်ပင်သို့ ဦးစွာ စတည်းချဖူးသော ပထမရသေ့အုပ်စုအား အရှင်အဖြစ် ပေး၏။ ထိုအခါ ဒုတိယရသေ့အုပ်စုက အလွယ် အရှုံးမပေးဘဲ၊ ဘရုမင်းအား တန်စိုး လက်ဆောင်ပေး၏။ တန်စိုးလက်ဆောင် မျက်နှာဖြင့် ဘရုမင်းသည် ဒုတိယ ရသေ့အုပ်စုအားလည်း ထိုပညောင်ပင်တွင် နေခွင့် ပေးပြန်လေသည်။ ထိုအခါ ပထမရသေ့အုပ်စုကလည်း အလျှော့မပေးဘဲ ဘရုမင်းအား တန်စိုးလက်ဆောင်ပေးကာ မိမိတို့အားသာ နေခွင့်တောင်း ပြန်သည်။ ဘရုမင်းကလည်း တန်စိုးကို ယူ၍ ပထမရသေ့အုပ်စု၏ တောင်းဆိုသည့်အတိုင်း လိုက်လျောပြန်သည်။ နောက်ဆုံးတွင် ရသေ့တို့သည် ကာမဂုဏ်တို့ကို စွန့်၍ ရသေ့ရဟန်းပြုလာပါလျှက် သစ်တစ်ပင်ကြောင့် အငြင်း အခုန်ဖြစ်ရုံမက၊ မသင့်တော်သော တန်စိုးလက်ဆောင်ပေးခြင်းအမှုတို့ကို ပြုမိကြသည့် မိမိတို့၏ အဖြစ်ကို စိတ်ပျက်နောင်တရ၍ ဟိမဝန္တာသို့ ပြန်ကြသည်။

ထိုအခါတွင် နတ်တို့က “ဤမင်းသည် သူတော်စဉ်ရသေ့တို့ကို ခိုက်ရန်ပွားစေခြင်းဟူသည့် မပြုသင့်သော အမှုကို ပြုဘိ၏” ဟု အမျက်ထွက်ကာ ဘရုနိုင်ငံအား သမုဒ္ဒရာ ရေဖြင့် လွှမ်းမိုးစေ၏။ ဘရုမင်းကို အကြောင်းပြု၍ အပြစ်မဲ့သော ဘရုနိုင်ငံသားတို့လည်း သေကျေ ပျက်စီးခြင်းသို့ ရောက်ကြလေသည်။

Sunday, October 14, 2012

Buddhism and Blasphemy

ဘာသာ အယူဝါဒမျိုးစုံ အတူယှဉ်တွဲနေထိုင်ကြသည့်အခါ တဖက်နှင့် တစ်ဖက် ဝေဖန်ကြ ဆွေးနွေးကြသည်ကို ရှောင်လွှဲ၍ မရနိုင်ပါ။ ဗုဒ္ဓမြတ်စွာ သက်တော် ထင်ရှားရှိစဉ်ကလည်း ဗုဒ္ဓနှင့် တပည့်ရဟန်းတော်များသည် အယူဝါဒတစ်ပါးရှိသည့် ရသေ့၊ ရဟန်း၊ ပရိဗိုဇ်တို့၏ ကျောင်းများသို့ တမင်သွားရောက်၍ အယူဝါဒ ဆွေးနွေးလေ့ ရှိခဲ့ကြသည်။ အယူဝါဒတစ်ပါးရှိသူတို့ကလည်း ဘုရားရှင်ထံ လာရောက်၍ အယူဝါဒ ဆွေးနွေးဖလှယ်လေ့ ရှိကြသည်။ ရံခါတွင် ဆွေးနွေး ဖလှယ်ခြင်းမျှမက အယူဝါဒပြိုင်ပွဲ စကားစစ်ထိုးပွဲ ပုံစံအထိ ဖြစ်သည်လည်း ရှိသည်။ ရံခါတွင် အကျိုး အကြောင်းပြ၍ ဆွေးနွေး ဝေဖန်ခြင်းမဟုတ်ဘဲ၊ တမင်သက်သက် ပုတ်ခတ် စော်ကား ဆဲရေးသည်များကိုလည်း ကြုံရတတ်သည်။ ဘာသာရေးသမိုင်း တစ်လျှောက်တွင် ဘာသာတရား အချင်းချင်း (အပြုသဘောဖြစ်စေ၊ အပျက်သဘောဖြစ်စေ) ဝေဖန်ကြ၊ ရှုတ်ချကြ၊ ထိပါးပြော ဆိုကြသည်မှာ အထူးအဆန်း မဟုတ်။

မိမိတို့ ယုံကြည် ကိုးကွယ်သော ဘာသာအယူဝါဒအား အကြည်ညိုပျက်စေရန် ကဲ့ရဲ့ရှုတ်ချ ရေးသား ပြောဆိုသည်များကို မြင်ရ ကြားရသောအခါ လူ့သဘာဝအရ မကျေမချမ်း ဖြစ်တတ်ကြသည်။ စိတ်လိုက်မာန်ပါ တုန့်ပြန်တတ်ကြသည်။ အချို့နိုင်ငံများတွင် အစိုးရကိုယ်တိုင်က Blasphemy Law များထုတ်ကာ (သေဒဏ်အထိ) ပြင်းထန်စွာ အပြစ်ပေး တတ်ကြသည်။ ထိုသို့ ဘာသာတရားရေး အကြည်ညိုပျက်စေရန် ကဲ့ရဲ့ပြောဆိုသည်တို့ကို ဥပဒေမဲ့ အကြမ်းဖက် တုန့်ပြန်ခြင်း၊ ဥပဒေများဖြင့် ပြင်းထန်စွာ အရေးယူခြင်းတို့သည် ဗုဒ္ဓအဆုံးအမနှင့် ဆီလျှော်ပါ၏လော။ ထိုအတူပင် တစ်ပါးသူတို့ ကိုးကွယ်ယုံကြည်သော ဘာသာတရားအား အကြောင်းမဲ့ ပုတ်ခတ် စော်ကားခြင်းသည် သင့်တော်ပါ၏ လော။

ဤနေရာတွင် မတူညီသည့် ဘာသာအယူဝါဒ အသီးသီးတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် အသောကမင်းကြီး ချမှတ်ခဲ့သော သဘောထားကို သုံးသပ် ဆင်ခြင်သင့်ပါသည်။
“… လိုရင်းကား နှုတ်ကိုစောင့်စည်းခြင်းပင် ဖြစ်၏။ မိမိတို့၏ ဘာသာတရားကို ချီးမြှင့်မြောက်စား၍ တစ်ပါးသူတို့၏ ဘာသာတရားကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုလုပ်ရာ။ အကယ်၍ အကျိုးသင့် အကြောင်းသင့် ဝေဖန်ပါကလည်း ညင်သာပျော့ပြောင်းစွာ ဝေဖန်ရပေမည်။ အခြား ဘာသာတရားတို့ကို လေးစား ချီးမြှောက်ခြင်းဖြင့် မိမိတို့၏ ဘာသာတရားကို တိုးတက်ကြီးပွားစေပြီးလျှင် အခြား ဘာသာတရားတို့ အတွက်လည်း ကျေးဇူးများရာ၏။ ထိုသို့မဟုတ်ပါက မိမိတို့၏ ဘာသာတရားကိုပင် ပျက်စီး ညှိုးမှိန်စေ၍ အခြား ဘာသာတရားတို့ကိုလည်း အကျိုးယုတ်စေ၏။ မိမိဘာသာတရားကို ချီးမြင့်မြှောက်စား၍ အခြားဘာသာတရားတို့ကို ကဲ့ရဲ့ပုတ်ခတ်သူတို့သည် မိမိတို့၏ ဘာသာတရားအား ကြည်ညိုစိတ်ဖြင့် မိမိဘာသာတရား ဂုဏ်တက်စေရန် ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်မှန်သော်လည်း၊ စင်စစ် မိမိတို့ဘာသာတရားကိုသာ ပို၍လေးနက်စွာ ပျက်စီးဆုတ်ယုတ်စေသည်။ ထို့ကြောင့် ဘာသာတရား အချင်းချင်း ညီညွတ်ခြင်းသည်သာ မွန်မြတ်ပေသည်။ အခြားသူတို့၏ ဘာသာတရားများကို အချင်းချင်း လေးစား ကြားနာကြကုန်လော့။ …” (အသောက ကျောက်စာ အမှတ်-၁၂)
တစ်ပါးသူတို့၏ အယူဝါဒတို့ကို အကြောင်းမဲ့ ထိပါးပုတ်ခတ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေးခြင်းတို့သည် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို အစဉ်လိုလားသော ဗုဒ္ဓ၏ အဆုံးအမကို သက်ဝင်သူများ ရှောင်ရှားအပ်သော မိစ္ဆာဝါစာများ ဖြစ်လေသည်။ လက်တွေ့တွင်လည်း ထိုသို့ အဆင်ခြင်မဲ့ ထိပါးပုတ်ခတ်မှုတို့ကြောင့် မလိုလားအပ်သော သွေးထွက်သံယို အဓိကရုဏ်းဖြစ်ပြီး အပြစ်မရှိသူတွေ သေကြေ ပျက်စီးကြရသည်ကို မကြာခဏ တွေ့နေရပါသည်။ ထို့အတူပင် တစ်ဖက်က ထိပါးပုတ်ခတ်လာသည်ကို မခံမရပ်နိုင်ဖြစ်ကာ အကြမ်းဖက် တုန့်ပြန်ခြင်းသည်လည်း အလားတူ ဆိုးကျိုးများကို ဖြစ်ပေါ် စေပါသည်။ ရန်ကို ရန်ဖြင့် တုန့်ပြန်ခြင်းသည် ထိုရန်စကို တိုးပွားစေရန်သာ ဖြစ်၍ ဗုဒ္ဓတရားတော်တို့နှင့် ဆန့်ကျင်ဖက် ဖြစ်လေသည်။ စင်စစ် မိမိတို့ ယုံကြည်ကိုးကွယ်သော ရတနားသုံးပါးအား အကြည်ညိုပျက်စေရန် ကဲ့ရဲ့ပြောဆိုမှု (အဝဏ္ဏဘာသန) အား မည်သို့တုန့်ပြန်ရမည်ကို ဘုရားရှင် ကိုယ်တော်တိုင် ဒီဃနိကာယ် ဗြဟ္မဇာလသုတ်တွင် ဟောကြားထားပါသည်။
ရဟန်းတို့… တစ်ပါးသူတို့သည် ငါ၏ ဂုဏ်ကို ဖြစ်စေ၊ တရားတော်၏ ဂုဏ်ကို ဖြစ်စေ၊ သံဃာတော်၏ ဂုဏ်ကို ဖြစ်စေ ကဲ့ရဲ့ပြောဆိုငြားအံ့၊ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်အခဲမကျေခြင်း မဖြစ်စေသင့်။ [...]  စိတ်ဆိုးခြင်း၊ နှလုံးမသာယာခြင်း ဖြစ်ကြလျှင် သင်တို့အားသာ အန္တရာယ် ဖြစ်ရာ၏။ 

ရဟန်းတို့ […] သင်တို့သည် စိတ်ဆိုးခြင်း၊ နှလုံးမသာယာခြင်း ဖြစ်ကြလျှင် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော…။ (မသိနိုင်ကြပါ အရှင်ဘုရား)

ရဟန်းတို့… တစ်ပါးသူတို့သည် ငါ၏ ဂုဏ်ကို ဖြစ်စေ၊ တရားတော်၏ ဂုဏ်ကို ဖြစ်စေ၊ သံဃာတော်၏ ဂုဏ်ကို ဖြစ်စေ ကဲ့ရဲ့ပြောဆိုခြင်းအား “ဤအကြောင်းကြောင့် ဤစကားသည် မဟုတ်၊ ဤအကြောင်းကြောင့် ဤစကားသည် မမှန်၊ စင်စစ် ဤအပြစ်တို့သည် ငါတို့တွင် မရှိ” ဟု မဟုတ်မှန်သည်ကို မဟုတ်မှန်သည့်အတိုင်း ဖြေရှင်းကြရမည်။ (ဒီဃနိကာယ် ဗြဟ္မဇာလသုတ်)
ဗုဒ္ဓ၏ အဆုံးအမတွင် သက်ဝင်သူများ အနေဖြင့် ရတနာသုံးပါးအား အကြည်ညိုမဲ့ ဖြစ်စေရန် စွပ်စွဲဝေဖန်လာပါက ဒေါသ အာဃာတတို့ မထားပဲ၊ တည်ငြိမ်အေးချမ်းစွာ ဖြေရှင်း တုန်ပြန်ကြရမည် ဖြစ်ပါသည်။ အကယ်၍ မဖြေရှင်းဘဲ ငြိမ်၍ သည်းခံပါက ထိုသို့ စွပ်စွဲသော ချို့ယွင်းချက်များ ရှိနေသယောင် သံသယဖြစ်ဖွယ်ရှိသဖြင့် အကျိုးသင့် အကြောင်းသင့် ဖြေရှင်းသင့်ပါသည်။ သို့သော် အကြောင်းမဲ့သက်သက် ထိပါး ဆဲရေးရှုတ်ချခြင်းမျိုးကိုမူ အရေးတယူ ပြုမနေတော့ဘဲ သည်းခံ (အဓိဝါသနခန္တိ) သင့်ကြောင်း အဋ္ဌကထာက မှတ်ချက်ပြု ထားပါသည်။ ဤသို့မဟုတ်ဘဲ စိတ်လိုက်မာန်ပါ ပြောဆို တုန့်ပြန်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်းတို့ ပြုပါက နှစ်ဦးနှစ်ဖက်စလုံး ပျက်စီးရာ ရောက်ပါသည်။ ထိုအတူပင် ရတနာသုံးပါးအား အကြည်ညိုမဲ့ ဖြစ်စေရန် ကဲ့ရဲ့ရှုတ်ချသူများအား ဥပဒေများထုတ်ကာ ပြင်းထန်စွာ အရေးယူမည်ဆိုပါကလည်း ဗုဒ္ဓ၏ အဆုံးအမဖြစ်သော အဟိံသတရား၊ မေတ္တာတရား၊ ခန္တီတရားတို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသဖြင့်၊ သမိုင်းအစဉ်အဆက် ထိန်းသိမ်းလာခဲ့သည့် ဗုဒ္ဓဘာသာ၏ ကောင်းမြတ်သော အစဉ်အလာနှင့် ဂုဏ်အသရေတို့ကို ညိုးမှိန်စေမည်သာ ဖြစ်လေသည်။

Sunday, September 23, 2012

ကိုယ့်လူ

မျက်လုံးစိမ်းဖြင့်ပင် မငြို…
ညို့မျက်ဝန်းကိုလည်း မမြင်ရ…။

စကားပြင်းနှင့် မဆို သလို
ချစ်ခွန်းချို ပျိုပိုမိက
နားရှက်ပါသေးသတဲ့…သူက။

လိုက်ခဲ့ဖို့ကား မခေါ်
နေရစ်၍လည်း မရ…။
မှီရသူ သည်ကိုယ်မှာ
ခုများ နောင်…ဆွဲချသလို ဖြစ်မှာပူရ…။

နောင်ဘ၀ ဆုံရအောင်…ဆို
မယုံပါဘူးလေ ရှေ့..နောက်.. ဘဝ…
…တဲ့

ကိုယ့်လူ…ကိုယ့်လူ…ကိုယ့်လူ...

Friday, August 31, 2012

ကျွန်တော်နှင့် Programming

လူတယောက်ရဲ့ ဘဝမှာ အရေးကြီးတဲ့ ကာလဟာ အသက် ၂၀-ကျော် ၃၀ ဝန်းကျင်လို့ ထင်တယ်။ ဉာဏ်ရည် ဉာဏ်စွမ်း အထက်ဆုံး အချိန်ဖြစ်သလို စိတ်ဓာတ် ခွန်အားလည်း ခိုင်မာတဲ့ အချိန်ဖြစ်လို့ပါ။ ဒါအပြင် ရုပ်ပိုင်းအနေနဲ့လည်း စိတ်သွားတိုင်း ကိုယ်ပါ တက်တက်ကြွကြွ လိုက်နိုင်တဲ့ အရွယ် ဖြစ်တယ်။ ဒီအသက်အရွယ်ပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ လူတယောက်ရဲ့ လုပ်ဆောင်ချက်တွေက သူ့ဘ၀ တလျှောက်လုံးကို သြဇာကြီးကြီး လွှမ်းမိုးနိုင်တယ်လို ယူဆပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်း အဆုံးသပ်ပြီး၊ ကျောင်းတွေ ပိတ်ထားလိုက်တဲ့ အချိန်မှာ ကျွန်တော်က ဒီအသက်အပိုင်းအခြားကို ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်နဲ့ သက်တူရွယ်တူအချို့က နိုင်ငံရေးမှာ တက်တက်ကြွကြွ လှုပ်ရှားကြရင်း ၈၈-မျိုးဆက် နိုင်ငံရေးသမားတွေ ဖြစ်သွားကြတယ်။ အချို့တော့လည်း စီးပွားရေးမှာ စောက်ချလုပ်ပြီး စီးပွားရေးသမားတွေ ဖြစ်သွားကြတယ်။ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ သီချင်းရေးဆရာတွေ ဖြစ်သွားကြသူတွေလည်း ရှိတယ်။ နိုင်ငံခြားကို ကျောင်းဆက်တက်ဖို့ဖြစ်ဖြစ် အလုပ်လုပ်ဖို့ဖြစ်ဖြစ် ထွက်သွားကြသူတွေလည်း မနည်းပါဘူး။

ကျွန်တော်က နိုင်ငံရေးမှာ စိတ်ပါဝင်စား မျှော်လင့်ချက်တွေထားခဲ့ပေမယ့် အများနည်းတူ ပါဝင်လှုပ်ရှားခဲ့တာမျိုးထက် မပိုခဲ့။ အနုပညာကို ဝါသနာပါပေမယ့် လမ်းဘေးမှာ အပျော်တမ်း ဂီတာတီးပြီး သီချင်းဆိုတာထက်ပိုတဲ့ ကြိုးစားအားထုတ်မှုမျိုး မရှိခဲ့ပါဘူး။ စီးပွားရေးဖက်ကလည်း ကိုယ်တိုင်က စိတ်ဝင်စားမှု မရှိတော့ ကိုယ့်အိမ်အလုပ်ကိုတောင် ဖြစ်ဖြစ်မြောက်မြောက် ဝိုင်းကူလုပ်ပေးခဲ့တာ မရှိပါဘူး။

အဲဒီအချိန်မှာ စိတ်ထက်ထက်သန်သန် ရှိခဲ့တာကတော့ Computer Program ရေးတာပါဘဲ။ တကယ်တော့ ဒီပိုးကို စခဲ့တာက ကျွန်တော့် ဦးလေး သင်္ချာဆရာပါ။ သူက သင်္ချာကို ဘယ်လောက် စိတ်ဝင်စားသလဲဆိုရင် အိမ်သာထဲမှာ ဗလာစာအုပ်နဲ့ ခဲတံထားပြီး၊ အိမ်သာတက်ရင်း သင်္ချာ တွက်တတ်သူပါ။ ကျောင်းတွေ ပိတ်ထားတော့ နိုင်ငံခြားမှာ ကျောင်းဆက်တက်ချင်တဲ့ ကျောင်းသားတစုက သင်္ချာအခြေခံရအောင် ဦးလေးဆီမှာ သင်္ချာလာ သင်ကြတယ်။ ကျွန်တော်လည်း စိတ်ပြေလက်ပျောက် ရောယောင်ပြီး သူတို့နဲ့အတူရောပြီး သင်္ချာတွက် ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းလည်းမရှိ စာမေးပွဲအတွက်လည်း မဟုတ်တော့ စိတ်ကူးတည့်ရာ ပါဘဲ။ ဆယ်တန်း အဆင့်တွေပါသလို မဟာသိပ္ပံတန်း ပုစ္ဆာတွေလည်း ပါတယ်။

တရက်တော့ နိုင်ငံခြားကို ကျောင်းတက်မယ့် ကျောင်းသားတွေက Computer Programming သင်ချင်တယ်လို့ ဆိုလာပါတယ်။ တကယ်တော့ ကျွန်တော့်ဦးလေး အပါအဝင် အားလုံးက ကွန်ပျုတာဆိုတာကို မြင်တောင် မမြင်ဖူးသေးပါဘူး (ရန်ကုန်မှာတော့ Computer သင်တန်းလိုမျိုး စပေါ်နေပြီ ထင်ပါတယ်)။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စာအုပ်ဆိုလည်း BASIC စာအုပ်တအုပ်နဲ့ FORTRAN စာအုပ်တအုပ် ရှိတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အုပ်စု ဗလာစာအုပ်ပေါ်မှာ ပရိုဂရမ်ရေးကြပါတယ်။ အခုခေတ် လူငယ်တွေကတော့ program ကို ဗလာစာအုပ်ပေါ်မှာ ရေးတယ်ဆိုတော့ တအံ့တသြ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ အဲဒီခေတ်က ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ FORTRAN program ကို ဆရာက သင်ပုန်းပေါ်ရေးပြ၊ အောက်က တပည့်တွေက ဗလာစာအုပ်ပေါ်မှာ ကူးရေးပြီး သင်ကြားပို့ချခဲ့ကြရတဲ့ ခေတ်ပါ။ Program ကို run ချင်ရင် လှိုင်နယ်မြေက ကွန်ပျုတာတက္ကသိုလ်ကို သွားရတယ်။ program တွေကို puch card လို့ခေါ်တဲ့ စက္ကူကတ်ပြားပေါ်မှာ ဖောက်၊ puch card reader ထဲထည့်ပြီး run ရတယ်လို့ ကြားဖူးတယ်။ ကိုယ်တိုင်ကတော့ တခါမှ စမ်းခွင့်၊ ကြည့်ခွင့် မကြုံခဲ့ပါဘူး။ ထားပါတော့ ဒီလိုနဲ့ ကျွန်တော်တို့ တတွေ စိတ်ကူးတည့်ရာ ပုစ္ဆာတွေကို ရှာပြီး၊ program တွေကို ကိုယ် ထင်သလို ရေးကြပါတယ်။ မှား၏ မှန်၏လည်း ကျွန်တော့် ဦးလေးအပါအဝင် ဘယ်သူကမှ တိတိကျကျ စစ်မပေးနိုင်ပါဘူး။

တစ်ရက်တော့ ကျွန်တော့ဦးလေးရဲ့ မိတ်ဆွေတစ်ယောက်ဆီမှာ ဂျပန်က ကွန်ပျုတာ တလုံးပါလာတယ်လို့ သတင်းရပါတယ်။ ဒီမှတင် ကျွန်တော်တို့ တအုပ်စုလုံး ကွန်ပျူတာဆိုတာကို အရှင်လတ်လတ် မြင်ဖူးချင်လို့ သွားကြည့်ကြရတယ်။ တကယ်တော့ PC လို့ခေါ်တဲ့ Personal Computer မျိုး မဟုတ်ပါဘူး။ Casio အမျိုးအစား Programmable Calculator တစ်လုံးပါ။ အဲဒီဆရာက BASIC နဲ့ program တစ်ချို့ရေးပြပါတယ်။ ကျွန်တော်တို့လည်း ဝမ်းသာအားရ ကျွန်တော်တို့ ဗလာစာအုပ်တွေပေါ်မှာ ရေးထားကြတဲ့ Program အချို့ကို စိတ်ဝင်တစား ထည့်စမ်းကြတယ်။ မှတ်မှတ်ရရ ရှိတာကတော့ ၁ ကနေ ၁၀၀ အတွင်းမှာ ရှိတဲ့ Prime Number တွေကို ရိုက်ထုတ်ပေးတဲ့ program လေးပါ။ စက်ကလေးက လေးတော့ အဖြေထွက်ဖို့ အတော်လေးကြာအောင် ထိုင်စောင့်ကြရတယ်။ ဒီ program တွေကို မြန်အောင် logic တွေကို ဘယ်လိုပြင်ရင် ကောင်းမလဲလို့ တစ်ရက် နှစ်ရက် စဉ်းစားဖြစ်တယ်။ နောက် ပြင်ထားတဲ့ code တွေနဲ့ ဒီစက်လေးပေါ်မှာ ပြန်စမ်း ကြပြန်တယ်။ အရင်က ရေးထားတာထက် နှစ်ဆ သုံးဆမြန်သွားတော့ ထခုန်မတတ် ပျော်ရတယ်။ ဒါဟာ ကျွန်တော့ရဲ့ ပထမဆုံး Code Optimization ပဲ ဆိုပါတော့။

နောက်မန္တလေးမှာ Computer သင်တန်းဆိုတာတွေ စပေါ်လာတယ်။ ထုံးစံအတိုင်း ကျွန်တော်တို့ အုပ်စု ဒီသင်တန်းဆီကို ချီတက် ကြပြန်တယ်။ ဒီတော့မှ (တီဗီနဲ့ လက်နှိပ်စက် တွဲထားတာကြီးပါလို့ လူကြီးတွေ ပြောတတ်ကြတဲ့) Personal Computer ကို စမြင်ဖူးပါတယ်။ ဘယ်လို programming တွေကို သင်သလဲလို့ စုံစမ်းကြတယ်။ ကျွန်တော်တို့ မေးတာကို သင်တန်းကလူက နားလည်ပုံ မပေါ်သလို၊ သူရှင်းပြနေတာတွေလည်း ကျွန်တော်တို့က နားမလည်ခဲ့ပါ။ လူတစ်ယောက်က “ကကြီး ခခွေး စာလုံး”တွေကို ကွန်ပျုတာပေါ်မှာ ရေးဆွဲနေတာကို ခဏ ထိုင်ငေးကြတယ်။ နောက်နှစ် အတော်ကြာမှ မြန်မာစာ fonts တွေ ရေးနေခဲ့ကြတာကိုးလို့ သဘောပေါက်ပါတယ်။

ထူးဆန်းတာက PC ဆိုတာကို တကယ်စ မြင်ဖူးတဲ့ အချိန်မှာပဲ ကျွန်တော့ရဲ့ ကွန်ပျူတာဘာသာကို စိတ်ပါဝင်စားမှုက သိသိသာသာ လျော့သွားတာပါပဲ။ ကွန်ပျုတာပေါ်မှာ စာရိုက်ဖို့၊ စာရင်းဇယားတွေ ဆွဲဖို့ဆိုတာကို စိတ်မဝင်စားတာက တစ်ကြောင်း၊ သင်တန်းကြေးတွေက ဈေးကြီးလွန်းတာကြောင့် တစ်ကြောင်းလည်း ဖြစ်နိုင်ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ အုပ်စုထဲက ကျောင်းသားတယောက်က ထိုင်းနိုင်ငံက AIT (Asian Institute of Technology) တက္ကသိုလ်မှာ M.BA သင်တန်းတက်ခွင့် ရသွားတယ်။ နောက်တယောက်ကလည်း စင်္ကာပူက Informatics မှာ ကွန်ပျူတာဘာသာ သင်ဖို့ ထွက်သွားတယ်။ (နောင်တော့ သူ့ကို မြန်မာနိုင်ငံရဲ့ ကွန်ပျူတာပညာရှင်တစ်ဦးအနေနဲ့ မြန်မာ့ရုပ်သံမှာ ပြန်တွေ့ရတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ သူ့သတင်း မကြားရတော့ပါဘူး)။ ဒီလိုနဲ့ ကျွန်တော်တို့ လူစုကွဲသွား ကြတယ်။ ကျွန်တော့ ဦးလေးကလည်း သူ့သင်္ချာ ပုစ္ဆာတွေပဲ ပြန်တွက်တယ်။ ကျွန်တော့်ရဲ့ ကွန်ပျုတာလိုက်စားမှုက ဒီမှာတင် တစခန်း ရပ်သွားပါတယ်။ ဒီအကြောင်းကို ပြန်စဉ်းစားမိတိုင်း Forest Gump ဇာတ်လမ်းထဲမှာ နိုင်ငံတလွှား ပြေးနေရင်းကနေ ရပ်ပြီး “Just like that. My running day is over” လို့ပြောတဲ့ အခန်းကို သတိရမိတယ်။

တကယ်တော့ programming ကို စိတ်ဝင်စားမှု လျော့သွားတာမဟုတ်ပါဘူး။ ကိုယ်ရဲ့ စိတ်ထက်သန်မှုနဲ့ လိုက်လျော ညီထွေမယ့် အခြေအနေမျိုး မရှိ၊ ဖန်တီးလည်း မယူနိုင်တဲ့အတွက် တမင် စိတ်လျှော့လိုက် တာမျိုးလို့ ထင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဆိုးထဲက အကောင်းလို့ ပြောနိုင်တာကတော့ ကိုယ့်ရဲ့အခြားစိတ်ဝင်စားမှုတခုဖြစ်တဲ့ အတွေးအခေါ်နဲ့ ဘာသာရေးစာအုပ်တွေကို စောက်ချ ဖတ်ဖြစ်ခဲ့တာပါ။ စာအုပ်အဟောင်းဆိုင်တွေက ဝယ်စုထားတဲ့ Bertrand Russell ရဲ့ စာအုပ်တွေကို ဖတ်ဖြစ်သွားတယ်။ ဘာသာရေးဖက်မှာလည်း နိကာယ်ကြီး လေးခုရဲ့ မြန်မာပြန်တွေကို အဋ္ဌကထာ နိဿယတွေနဲ့ တွဲပြီး ဖတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်တွေကို ငှားပေးတဲ့ ဆရာတော်ကလည်း ကျွန်တော် ဖတ်ချင်တဲ့စာအုပ် သူ့ကျောင်းမှာ မရှိရင်၊ အခြားကျောင်းတွေကနေ တဆင့်ငှားပေးပါတယ်။ တကယ်တော့ Programming နဲ့ပတ်သက်ပြီး ဆက်ဖတ်စရာ ဘာစာအုပ်မှ မရှိတော့သလို ဘာဆက်လုပ်မှန်းမသိဘဲ လမ်းပျောက်ပြီး အားမလိုအားမရ ဖြစ်ခဲ့ရတဲ့ စိတ်ကို “လုပ်ချင်တာလုပ်လို့ မရရင်၊ လုပ်လို့ရတာ လုပ်မယ်” ဆိုတဲ့ ဂွတိုက်ချင်တဲ့ စိတ်ဆန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မကောင်းတဲ့လမ်းထက် ကောင်းတဲ့လမ်းကို ရွေးချယ်ဖြစ်ခဲ့တာကိုပဲ ကိုယ်ကိုယ်ကို ကျေးဇူးပြန် တင်မိပါတယ်။

ဒီလိုနဲ့ Programming ဖက်ကို လုံးဝပြန် မလှည့်ဖြစ်ဘဲ ကျောင်းပိတ်ရက် ရှည်ကြီးကို ဖြတ်သန်းခဲ့တယ်။ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ programming ဘာသာရပ်နဲ့ ပြန်တွေ့ရပါတယ်။ စတုတ္ထနှစ် FORTRAN, ပဉ္စမနှစ်မှာ C programming, နောက်ဆုံးနှစ်မှာ 80x86 Assembly programming သင်ရတယ်။ ဒီတော့လည်း အရင်က စိတ်ဝင်စားမှုတွေက ပြန်ပြီး တဖြည်းဖြည်း ပေါ်လာပါတယ်။ ကျောင်းစာဖြစ်တာ တစ်ကြောင်း၊ အဲဒီအချိန်က ရွှေမြိုင်ဆိုတဲ့ ဆိုင်ကနေ မိတ္တူကူးထားတဲ့ ကွန်ပျူတာစာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ လွယ်လင့်တကူ ဝယ်လို့ရတာက တစ်ကြောင်းဆိုတော့ အတော်လေး ပြန်ပြီး ဖတ်ဖြစ်ပါတယ်။ ရန်ကုန်မှာ PC တွေကလည်း အတော်လေး ခေတ်စားလာပြီဆိုတော့ စက်မှုတက္ကသိုလ်မှာ PC ငါးလုံး ဆယ်လုံးလောက်နဲ့ Computer Lab ဆိုတာ ရှိနေပါပြီ။ ဒါပေမယ့် တစ်နှစ်လုံးအတွက် ၂-ချိန်ဘဲ လက်တွေ့ကွန်ပျူတာ စက်သုံးချိန်ရပါတယ်။ ဒီတော့ အရင်လိုပဲ Program ကို ဗလာစာအုပ်ပေါ်မှာ ရေးပြီး ကျင့်ခဲ့ရပါတယ်။ နောက်တော့ ကျွန်တော်ကိုယ်တိုင် program တွေကို သင်ပုန်းပေါ်မှာ ချရေးပြီး သင်တဲ့ ကွန်ပျူတာ ကျူရှင်ဆရာ လုပ်ဖြစ်ပါတယ်။ အဲဒီကစလို့ စင်ကာပူရောက်ပြီး ဒီနေ့အထိ programming နဲ့ဘဲ အသက်မွေးဖြစ်နေပါတယ်။

*****
 Happy Blogday!!!
*****
(ကျမနှင့် Life Long Learning ပို့စ်ကို ပထမ ကျမနှင့် Programing လို့ ခေါင်းစဉ်တပ်ပြီး ရေးနေတုန်း ကိုဧရာက လာဖတ်ပြီး သူလည်း ကျနော်နှင့် Programming ရေးဦးမှပဲ ဆိုပြီး ရေးပါတယ်။)

Saturday, August 25, 2012

ကျမနှင့် Life Long Learning

ဒီနေ့ဟာ တက်ခဲ့တဲ့ သင်တန်းတခုရဲ့ နောက်ဆုံးနေ့ ဖြစ်တယ်။
ပညာဒါနက ဖွင့်တဲ့ PHP programming သင်တန်းပါ။
ပညာဒါနရဲ့ ဖေ့ဘွတ်လင့် က ဒီမှာပါ။
တပတ်မှာ တရက်၊ တရက်မှာ နှစ်နာရီ၊ လေးလကြာတက်ခဲ့ရတယ်။
သင်တန်းဆရာမက ဒေါ်သန္တာအောင် တဲ့…။ လေးစားဖို့ ကောင်းတယ်။ ရသအလင်း ဖောင်ဒေးရှင်း နဲ့ ရနံ့သစ် စားသောက်ဆိုင်တို့ရဲ့ ၀က်ဆိုက် များဟာ ဆရာမရဲ့ ဖန်တီးမှုများထဲက အချို့ဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ ဆရာမရဲ့ ဘလော့ဂ်စာမျက်နှာပါ။
သင်တန်းဖော်တွေကတော့ အသက်အရွယ်စုံ၊ ဆယ်ယောက်ကျော်တယ်။
အများအားဖြင့်တော့ ကွန်ပြူတာ Programming သို့မဟုတ် Design အခြေခံရှိသူတွေ ဖြစ်ကြတယ်။
ချွင်းချက်အနေနဲ့ သင်တန်းမှာ ဟိုမရောက်ဒီမရောက် အမကြီးတယောက်ပါတယ်။ အဲ့ဒီအမကြီးကို ဆရာမက ဦးဆောင်ပြီး သင်တန်းသားအားလုံးက ဆွဲခေါ်ကြတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

*****

တက္ကသိုလ်မှာ Electronics ဘာသာရပ်ကို အဓိက ယူတဲ့အတွက် Computer ဆိုင်ရာ ဘာသာရပ် အောက်မှာ Programming ကို လေ့လာခဲ့ရပါတယ်။ C programming နဲ့ Assembly programming တွေပါ။ ဘာသာရပ်တခုကို သင်ကြားပြီး လက်တွေ့ အသုံးချမှု မရှိတဲ့အခါ ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်မလာပါဘူး။

နောက်တခါ Networking နဲ့ Internet ပညာရပ်တွေ ခေတ်စား လာပြန်တဲ့အခါ ဒီပလိုမာ သင်တန်းတခု တက်ပါတယ်။ HTML နဲ့ ColdFusion ဆိုတဲ့ programming တွေကို လေ့လာရပြန်ပါတယ်။ လူလေးယောက်ပါတဲ့ အုပ်စုဖွဲ့ပြီး Project တခုအနေနဲ့ XYZ Library ဆိုတဲ့ online library website တခု လုပ်ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ခုနှစ်များဆီတုန်းကပါ။ အလွယ်မှတ်ရရင်တော့ Y2K ပေါ့။

သင်တန်းတက်ပြီးစ အရှိန်လေးနဲ့ အားစိုက်ပြီး မိုးကုတ်ဆရာတော် ဘုရားကြီး၏ တရားတော်များဆိုင်ရာ ၀က်ဆိုက်ကိုရေးရင်း ကွန်ပြူတာ hard disk ပျက်သွားရာက webpage ရေးလိုခြင်းနဲ့ အလှမ်းကွာဝေးသွားခဲ့ပါတယ်။ ပညာရပ်ကို မြည်းရုံ စမ်းရုံသဘောမျှနဲ့ပဲ တစခန်းရပ်ခဲ့ပြန်ပါတယ်။

နောက် ကလေးများအတွက် မြန်မာစာ ၀က်ဆိုက် တခု လိုချင်လာပါတယ်။ ဆိုက်ကို ကူညီရေးပေးမည့်သူတွေ ရှိခဲ့ပေမည့် အကြောင်းကြောင်းကြောင့် ဆုံးခန်းမတိုင်နိုင်ခဲ့ပါဘူး။ ဒီမှာတင် ခင်မင်ရသော ညီမဇွန်၏ မိတ်ဆက်ပေးမှုနဲ့ ဆရာမ သန္တာအောင်က PHP သင်တန်းကို လာတက်ရန် အကြံပေးပါတယ်။

ဆရာမနဲ့ သင်တန်းဖော်များအားလုံးရဲ့ အကူအညီ အထောက်အပံ့နဲ့ သင်တန်းတက်ရင်းရေးခဲ့တဲ့ ကလေးများအတွက် မြန်မာစာ ၀က်ဆိုက်ဟာ ခက်မာငါးဖြာ စုံလင်တဲ့ အရွယ်ကို ရောက်လို့လာပါပြီ။ လုံလောက်တဲ့ အချိန်မှာ ကျန်းမာ ရွှင်လန်းစွာ မွေးဖွားလာမည့် ကလေးများအတွက် မြန်မာစာကို လှိုက်လှဲစွာ ကြိုဆိုကြပါစို့...။


Monday, August 20, 2012

ပါဠိသဒ္ဒါ အခြေပြုစာအုပ်များ

ပါဠိဘာသာ လေ့လာသင်ယူလိုသူများ အတွက် အထောက်အကူ ပြုမယ်လို့ ယူဆရတဲ့ စာအုပ်အချို့ကို စုစည်းပြီး တဆင့် ပြန်လည် မျှဝေလိုက်ပါတယ်။

မြန်မာဘုန်းတော်ကြီး ပညာရေးစနစ်မှာတော့ သဒ္ဒါကြီးလို့ခေါ်တဲ့ ကစ္စည်းသဒ္ဒါကျမ်းကို အဓိကထား သင်ယူကြရပါတယ်။ ဒါပေမယ့် ဒီကျမ်းဟာ စတင်သင်ယူသူတွေအတွက် ခက်ခဲတာကြောင့် အကြိမ်ကြိမ် ပြန်သင်ကြရပြီး ၉-ခေါက်လောက် သင်ကာမှ ရိုးတိုးရိပ်တိပ်လောက်ဘဲ သဘောပေါက်ကြရလို့ “သဒ္ဒါကိုးခေါက် စာပြိုးပြောက်” လို့တောင် အဆိုရှိပါတယ်။ အချို့ဆို ၉-ခေါက်မကသင်တာတောင် သဘောမပေါက်လို့ “သဒ္ဒါလန်တယ်” လို့ ပြောစမှတ် ပြုကြပါတယ်။ ဒီတော့ ကစ္စည်းသဒ္ဒါလို ကျမ်းကြီးတွေကနေ စပြီး မလေ့လာဘဲ၊ ခပ်လွယ်လွယ်စီစဉ်ထားတဲ့ စာအုပ်မျိုးတွေကနေ စလေ့လာရင်တော့ လအနည်းငယ်လောက် အတွင်းမှာ အခြေခံ ရနိုင်ပါတယ်။ ပါဠိဘာသာစာတွေကို အဘိဓာန် အကူအညီယူပြီး စမ်းဖတ်ကောင်း ဖတ်နိုင်ပါလိမ့်မယ်။ နောက်မှ ကစ္စည်း၊ ရူပသိဒ္ဓိစတဲ့ သဒ္ဒါကျမ်းကြီးတွေကို သင်ယူတာက ပိုပြီး ထိရောက် နိုင်တယ်လို့ မှတ်သားဖူးပါတယ်။

ပါဠိသဒ္ဒါ အခြေပြုစာအုပ်များ

အောက်မှာ ဖော်ပြထားတဲ့ စာအုပ်မျိုးတွေကတော့ ပါဠိဘာသာ အခြေခံရအောင် ခပ်လွယ်လွယ် စီစဉ်ထားတဲ့ စာအုပ်မျိုးတွေ ဖြစ်ပါတယ်။ ဒီစာအုပ်တွေအနက် သီရိလင်္ကာနိုင်ငံမှာ ထုတ်ဝေတဲ့ Dr. De Silva နှင့် Ven. Nārada တို့ရဲ့ စာအုပ်တွေက နိုင်ငံတကာမှာ အသုံးများတာ တွေ့ရပါတယ်။ မြန်မာပြည်မှာလည်း ကိုလိုနီခေတ်နှောင်းပိုင်းနှင့် လွတ်လပ်ရေးရပြီးစ ကာလတွေမှာ ဒီလို ပါဠိသဒ္ဒါ သင်ခန်းစာ စာအုပ်မျိုးတွေကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာများဖြင့် ရေးသားခဲ့ကြပါတယ်။ အချို့စာအုပ်တွေက ရန်ကုန်တက္ကသိုလ် ပါဠိစာပေဌာနအတွက် ထုတ်ဝေခဲ့တာပါ။ ယခုခေတ် တက္ကသိုလ် ပါဠိဌာနတွေကလည်း ဒီလိုစနစ်မျိုးကိုဘဲ သုံးပြီး သင်ကြားကြတာကို တွေ့ရပါတယ်။

Dr. L. De Silva, Pāli Primer
Prof A. P. Buddhadatta, The New Pāli Course Part I and Part II.
မဟာဂန္ဓာရုံဆရာတော် - ပါဠိသိက္ခာနှင့် သဒ္ဒါကျဉ်း
ဦးဖေမောင်တင် - အခြေပြုပါဠိသဒ္ဒါ
ပါဠိဘာသာသင္ခန္းစာ (စာအုပ်အမည်ရင်းနှင့် ပြုစုသူ၏အမည်ကို မသိပါ)

အောက်မှာ ဆက်လက်ဖော်ပြထားတဲ့ စာအုပ်မျိုးတွေကတော့ သဒ္ဒါကို သိပ်ဦးစား မပေးတော့ဘဲ မူရင်းပါဠိတော်တွေကို တိုက်ရိုက် ဖတ်ရှုစေရင်းနဲ့ ပါဠိ ဝေါဟာရ၊ အသုံးအနှုန်းနှင့် သဒ္ဒါကို မိတ်ဆက်ပေးသွားပါတယ်။ အမေရိကန်နိုင်ငံသား ဘိက္ခုဗောဓိက A New Course in Reading Pāli စာအုပ်ကို သုံးပြီး ပါဠိဘာသာ သင်တန်း တစ်ခု ပို့ချခဲ့ဖူးပါတယ်။ Dr. De Silva ရဲ့ Pāli Primer ကို လေ့လာပြီးမှ ဒီသင်တန်းမှာသုံးတဲ့ A New Course in Reading Pāli ကိုဆက် လေ့လာဖို့ ဘိက္ခုဗောဓိက အကြံပေးထားပါတယ်။

J.Gair and W.S. Karunatilleka, A New Course in Reading Pāli: Entering the world of the Buddha
Rune E A Johansson, Pāli Buddhist Text
AK Warder, Introduction to Pāli

AK Warder ရဲ့ Introduction to Pāli စာအုပ်ကတော့ ပါဠိသဒ္ဒါကို အခြေခံကစ တစ်ဆင့်ချင်းတက် သင်သွားပြီး အတော်အသင့် ခက်ခဲတဲ့ မူရင်း ပါဠိစာတွေကို ဖတ်ရှု နားလည်နိုင်လောက်အောင် စီစဉ်ထားတာကြောင့်၊ အထက်က ဖော်ပြခဲ့တဲ့ စာအုပ်နှစ်မျိုးလုံးမှာ အကျုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။ (အစပိုင်း သင်ခန်းစာအချို့ကလွဲရင်) ပုံစံဝါကျများနှင့် လေ့ကျင့်ခန်းများကို ဒီဃနိကာယ် ပါဠိတော်လာ ဝါကျများ၊ စာပိုဒ်များကိုဘဲ အသုံးပြုပြီး ရေးသားထားတာကတော့ ဒီစာအုပ်ရဲ့ ထူးခြားမှုလို့ ဆိုနိုင်ပါတယ်။ ပါဠိဘာသာဖြင့် ရေးတာခြင်းတူပေမယ့် ကျမ်းရင်း ပါဠိတော်များမှာ တွေ့ရတဲ့ ဝါကျအသွားအလာ၊ စကားအသုံးအနှုန်းတွေက အဋ္ဌကထာခေတ်နှင့် နှောင်းခေတ် ပါဠိစာပေတွေရဲ့ စာရေးဟန်တွေက အတော်လေး ကွဲပြားတယ်လို့ ပါဠိဘာသာကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဒီတော့ AK Warder ရဲ့ စာအုပ်က ပါဠိဂတိလို့ခေါ်တဲ့ ပါဠိတော် ဝါကျအသွားအလာကို လေ့လာလိုသူတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။

ပါဠိသဒ္ဒါ လက်စွဲ စာအုပ်များ

အောက်မှာ ဆက်လက် ဖော်ပြထားတဲ့ စာအုပ်တွေကတော့ အခြေပြု သဘောမျိုးထက် လက်စွဲစာအုပ်၊ ရည်ညွှန်းစာအုပ် ပိုဆန်ပါတယ်။ အချို့စာအုပ်တွေကတော့ သက္ကတဘာသာ အခြေခံရှိထားသူများအတွက် ရည်ရွယ်ထားတဲ့အတွက် ပါဠိဘာသာသက်သက်ကို လေ့လာလိုသူတွေအတွက် နားလည်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒီလက်စွဲစာအုပ်တွေအနက်က ရန်ကုန်တက္ကသိုလ်က ထုတ်ဝေခဲ့တဲ့ Duroiselle ရဲ့ စာအုပ်ကတော့ နားလည်ရလွယ်ကူပြီး ပါဠိသဒ္ဒါအခြေခံ သဘောတရားတွေကို ငုံမိနိုင်တယ်လို့ ယူဆရပါတယ်။

J. Minayeff, Pāli Grammar
O. Frankfurter, Handbook of Pāli
O.H. de A.Wijesekera, Syntax of the Cases in the Pali Nikayas
Wilhelm Geiger, A Pāli Grammar
Steven Collins, A Pali Grammar for Students

ပါဠိအဘိဓာန်များ


Friday, August 17, 2012

လွန်းပြန်ကြီးကို စီးသွားရင်းနဲ့...


ရေချမ်း သူ့ဖာသာ ရိုက်ထားတဲ့ ယာဉ်တွေပါ။ သူတို့ ကစားစရာအရုပ်ယာဉ်လေးတွေကိုတော့ မေမေက ရိုက်ပေးထားပါတယ်။ အစမှာ ဖေဖေ နဲ့ အဆုံးမှာ ညီလေးတို့က နောက်ခံအသံများနဲ့ အားဖြည့်ထားပါတယ်။

ညနေကြယ်

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်(ရ)တယ်…တဲ့။
ဟုတ်မယ်...။
ငယ်စဉ်မှာတော့ ဘဝတခုစာလောက်ကြီးတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့။
အခုများတော့...
တရက်စာတောင် မခံတဲ့ မျှော်လင့်ချက်တွေနဲ့…။
နောက်...
အချိန်ပိုင်းသာ ခံမည့် မျှော်လင့်ချက်တွေ ရှိလာဦးမယ်။
ဒီလိုနဲ့...
မျှော်လင့်ချက် မဲ့တဲ့ တချိန် မလွဲမသွေ ရောက်လာမယ်။


ကိုယ့်မှာတော့ သင်ယူရင်းနဲ့ အသက်ရှင်နေ(ရ)တယ်။
ကိုယ့်ရဲ့ ဆရာက...ကိုယ်ကိုယ်တိုင်…ပါပဲ။
ကိုယ်က ခေါင်းငြိမ့်ရင်း…
လိုက်ရုံ။ ။

Wednesday, August 15, 2012

ဗျည်းကဗျာ

ဖေ့ဘွတ်နဲ့ ဘလော့ဂ်မှ အထူးသဖြင့် ဓာတ်ပုံရိုက်သော သူငယ်ချင်းများကို အကူအညီတောင်းလိုပါတယ်။ ကလေးများအတွက် မြန်မာစာ ဝက်ဆိုဒ်မှာ အသုံးပြုရန်အတွက် ဓာတ်ပုံလေးတွေ ရချင်လို့ပါ။ ကိုယ်ပိုင်ရိုက်ထားသောပုံ ဖြစ်စေ၊ အခြားဘယ်နေရာတွေမှာ free download နိုင်တယ် ဆိုတာ ညွှန်ပြကြပါ။ အခုတင်လိုက်တဲ့ ဗျည်းကဗျာမှာလည်း လိုအပ်နေသေးတဲ့ ပုံတွေ ရှိပါတယ်။ လက်လှမ်းမီသလောက်ပုံများနဲ့သာ လုပ်ထားပါတယ်။ စပယ်ရှယ် သပ်သပ် ရိုက်ပေးမယ် ဆိုရင်လည်း ကျေးဇူးတင်ရပါတယ်


မေတ္တာဖြင့် ကူညီသောဂီတမှူးနဲ့ အဆိုရှင်ကို project အပြီးသတ်သောအခါ မှတ်တမ်းတင် ဖော်ပြမှာ ဖြစ်ပါတယ်။

***** ဗျည်းကဗျာကို ယခင်လိုအပ်နေသေးသော ပုံများဖြည့်စွက်၍ ပြန်တင်လိုက်ပါတယ်။

Thursday, August 9, 2012

သင်ပုန်းကြီး ဖတ်စာ-၁

ကလေးများအတွက် မြန်မာစာ ၀က်ဆိုက်ရေးရန် လွန်ခဲ့သော လေးငါးနှစ်ခန့်ကပင် ဆန္ဒရှိခဲ့ပါသည်။ မိမိ၏ လုံလ၊ ၀ီရိယ၊ ပညာ အားနည်းမှုကြောင့် ဆိုက်မှာ ယခုထိတိုင် အကောင်အထည် မပေါ်နိုင်သေးသော်လည်း ဆိုက်တွင် ထည့်သွင်းမည့် အစိတ်အပိုင်းတခုအဖြစ် အားထုတ်ထားသမျှကို ဘလော့ဂ်တွင် အရင်တင်လိုက်ပါသည်။ ဝေဖန်၊ အကြံပြု၊ ကူညီလိုသူများအား လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည်။








Flash movie ပို့စ်ကိုတင်စ၌ တွေ့ရသော အခက်အခဲလေးများကို Google ၍ စာဖတ်ပြီး ပြင်ဆင်နေရပါသဖြင့် ခေါင်းစဉ်သာတက်သွားသည့်အဖြစ် Sonata-Cantata မှာ မကြာခဏဖြစ်နေရခြင်းကိုလည်း တောင်းပန်အပ်ပါသည်။

Tuesday, July 31, 2012

Sonata

Domenico Scarlatti (1685-1757)
ရဲ့ Sonata - minuet ကို ရေစင်က www.noteflight.com မှာ ရိုက်သွင်းထားပါတယ်။ software က အသံထွက်ပေးပါတယ်။
အသံနားထောင်ရန် ဘယ်ဘက်အပေါ်ထောင့်မှာ play button ကို နှိပ်ပါ။
မြို့မတူရိယာ (၇၅)နှစ်ပြည့် အမှတ်တရ ထုတ်ဝေသော ဆရာမြို့မငြိမ်း၏သား ကိုရွှန်းမြိုင် (မြို့မ) ရေးသားသည့် ကမ္ဘာ့ဂီတသင်္ကေတနည်းပညာနှင့် မြန်မာ့မဟာဂီတ မြန်မာသီချင်းစာအုပ်ကို ကြည့်ပြီး ၀န်ကြီးပဒေသရာဇာရဲ့ တံတျာ - ပုဇဉ်းတောင်သံကြိုးကို ရေချမ်းကသူတတ်နိုင်သလောက် ရိုက်သွင်းထားပါတယ်။
 ရေချမ်းနဲ့ ရေစင် စိတ်ဝင်စားတဲ့ ဂီတချင်း မတူတာ သတိထားမိကြမှာပါ...

Monday, July 23, 2012

လူတွေ့ နှုတ်ဖြေ စာမေးပွဲ

Facebook မှာ ဒေါက်တာစိုးမင်းရဲ့ ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက် ကို ဖတ်ရပြီး၊ လူနာအဖြစ် ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ဆေးကျောင်းသားများ၏ လက်တွေ့စာမေးပွဲကို မှတ်မိသ၍ ပြန်လည်ရေးသားလိုက်ပါသည်။ (မူရင်း နုတ်ကို အဆုံးတွင် ကူးယူ ဖော်ပြထားပါသည်။)
*****

ခေတ်မှီ ဖွံဖြိုး တိုးတက်ပြီးသော မြို့ပြတခု၏ ဆေးရုံကြီးတခုမှ အဆောင်တခုတွင် ဖြစ်သည်။ နောက်ဆုံးနှစ် ဆေးကျောင်းသားကျောင်းသူများ၏ အသေးစားခွဲစိတ် Minor Surgery ဘာသာရပ်အတွက် လူတွေ့နှုတ်ဖြေ စာမေးပွဲ ကျင်းပမည့် နေရာဖြစ်သည်။ Final Exam ဟုလည်း သိရသည်။

လူသွားစင်္ကြံ၏ ညာဖက်တွင် နံရံကန့်ထားသော အခန်းလေးခန်းရှိသည်။ အခန်းတိုင်း၏ လူသွားစင်္ကြံဘက်မှ ဝင်ပေါက်များသည် အတန်ငယ် ကျယ်ဝန်းပြီး တံခါးမရှိပါ။ အခန်းတခန်းတွင် အစစ်ဆေးခံရမည့် လူနာအုပ်စု နှစ်စုစီရှိနေသည်။ အုပ်စု တခုတွင် လူနာခြောက်ဦး ပါဝင်ပြီး၊ နှစ်ဦးမှာ လူနာကုတင်ပေါ်တွင် နေရာချထားခြင်း ခံရသည့် ဝေဒနာရှင်များဖြစ်ကြပြီး ကျန်လေးဦးမှာမူ ထိုင်ခုံများဖြင့်ပင် ခပ်ကျဲကျဲ နေရာ ချထားခြင်း ခံရသည့် ဝေဒနာရှင်များ ဖြစ်သည်။ လူနာတဦးလျှင် ရောဂါတမျိုးစီ ဖြစ်၍ ရောဂါ ခြောက်မျိုးဖြစ်သည်။ အုပ်စုတိုင်းကို ဤအတိုင်း ရောဂါ ခြောက်မျိုးစီ ပုံစံတူ စီစဉ်ထားသည်။ လူနာအားလုံးမှာ အကူအတွဲမပါပဲ ကိုယ်တိုင်သွားနိုင်လာနိုင်ကြသည့် အနေအထားရှိကြပြီး ဆေးရုံမှ လူနာဝတ်စုံကိုတော့ ဝတ်ဆင်ထားကြရသည်။

 ထိုကဲ့သို့ လူနာများအား နေရာချထားပြီးသောအခါ လူနာတဦးချင်းစီအား မိမိရောဂါနှင့် သက်ဆိုင်သည့် အကြောင်းအချက်များ ရေးထားသော ပလတ်စတစ်လောင်းထားသည့် ကဒ်ပြားလေးများကို လိုက်လံ ဝေငှပါသည်။ ထိုကဒ်ပြားလေးများကို စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားများ မမြင်နိုင်အောင် လျှို့ဝှက် ကိုင်ဆောင်ထားရမည် ဖြစ်ပါသည်။ အခင်းအကျင်းအနေအထားများ အဆင်သင့် ဖြစ်သောအခါ အမျိုးသမီးတဦးက ယခုကဲ့သို့ လာရောက် အကူအညီပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောပြီး၊ လူနာ တယောက်ချင်းစီအား စာအိတ်လေးများဖြင့် ထည့်ထားသည့် ဒေါ်လာ ရှစ်ဆယ်ကို ပေးပါသည်။

စာမေးပွဲ စစ်ဆေးမည့် ဆရာဝန်ကြီးများ အခန်းအတွင်းသို့ ဝင်လာကြသည်။ အုပ်စုတစုတွင် ဆရာဝန်ကြီး နှစ်ယောက်စီပါသည်။ နောက် လက်ကို ဆေးကြောသည့် ဆေးရည်ဗူးကို ကိုင်ဆောင်ထားသူ တဦးပါသည်။(ထိုသူ၏ ရာထူး၊ တာဝန်ကိုတော့ မခန့်မှန်းတတ်ပါ။) စုစုပေါင်း သုံးဦး ဖြစ်သည်။ အခန်းတခန်းတွင် ဘယ်နှင့် ညာ အုပ်စု နှစ်စု ခွဲထား၍ စာမေးပွဲ စစ်ဆေးကြီးကြပ်သူများ အုပ်စုနှစ်စုစီ အခန်းတိုင်းသို့ ဝင်ရောက်နေရာယူကြပါသည်။

အခန်းပေါက်ဝများတွင် စာမေးပွဲဖြေဆိုမည့်သူ နှစ်ဦးစီ ရပ်လျက် စောင့်ဆိုင်းနေရသည်။ လူသွားစင်္ကြံ၏ ထိပ်မှ စာမေးပွဲကြီးကြပ်သူများက ကားပြိုင်ပွဲများတွင် တာလွှတ်သကဲ့သို့ ရွှီ ဟူသော ခရာသံ မှုတ်လိုက်ပြီး အလံကို အောက်ဖက်ဆွဲချလိုက်သည်နှင့် တပြိုင်နက် နောက်ဆုံးနှစ် ဆေးကျောင်းသား တဦး၏ အသေးစားခွဲစိတ် ဘာသာရပ်အတွက် လူတွေ့နှုတ်ဖြေ စာမေးပွဲ စတင်ပြီ ဖြစ်သည်။

ကျောင်းသားတဦးသည် လူနာတဦးလျှင် ၅ မိနစ်စီဖြင့် လူနာသုံးဦးအတွက် ၁၅ မိနစ်ကြာ ဖြေဆိုရသည်။ ပထမလူနာနှင့် သက်ဆိုင်သည့် မေးခွန်းများကို ဆရာတဦးက မေးပြီး၊ ဒုတိယလူနာအတွက် မေးခွန်းကို နောက်ဆရာတဦးနှင့် ဖြေဆိုရသည်။ နောက် တတိယ လူနာသို့ ကူးပြောင်း ဖြေဆိုရသည်။ တခါတရံတွင်လည်း အဓိကမေးခွန်းမေးသည့် ဆရာမဟုတ်ပဲ အခြားဆရာမှ မေးခွန်းအချို့ ကြားဖြတ်ဝင်မေးသည်လည်း ရှိသည်။ လူနာ တဦးမှ နောက်လူနာတဦးသို့ ကူးပြောင်းချိန်သည်ပင် အလွန်လျင်မြန်လှသည်။ ဆရာမှ မေးခွန်းမေးရင်း လူနာရှိရာခေါ်ဆောင်သွားစဉ် ဘေးမှ လိုက်လာ၍ပေးသော အသင့်သုံးဆေးရည်ဗူးမှ လက်ဆေးဆပ်ပြာဖြင့် လက်များကို သန့်စင်ရင်း အပြေးလိုက်ရသည်။ ဆရာများ၏ တည်ကြည်သော မျက်နှာထားများရှေ့တွင် (အချို့သော ဆရာများမှာ အနည်းငယ် ခက်ထန်သယောင်ပင်ရှိသည်။) လျင်မြန်သော ဆုံးဖြတ်ချက်များ တခုပြီးတခု ချကာ ဖြေဆိုနေရသော ကျောင်းသားများသည် ၁၅မိနစ်တာသော အချိန်ကာလလေး ကျော်လွန်အပြီးတွင် ဦးနှောက်များညောင်းညာ၍ ခြေကုန်လက်ပန်းကျသွားသည်မှာ အထင်အရှားပင် ဖြစ်သည်။ စာဖြေကျောင်းသားအခန်းအတွင်းမှ ထွက်သွားသောအခါ စာစစ်ဆရာနှစ်ဦးက ကျောင်းသား၏ ရမှတ်ကို မှတ်သားကြသည်။

ထိုသို့ဖြင့် တသုတ်ပြီးတသုတ် ဖြေဆိုကြပြီး စာစစ်ပွဲ ပြီးဆုံးသွားသောအခါ လာရောက်ကူညီသော လူနာများကို ထမင်းဗူးတဗူးဆီ ဝေငှပြီး နေရာတွင်ပင် စားသုံးစေပါသည်။

လူသားတို့၏ အနာ ရောဂါ ဝေဒနာများ သက်သာပျောက်ကင်းစေရန်၊ ရောဂါထံမှ အသက်ကိုလုကာ ကုသကယ်တင်နိုင်ရန် လူသားများပင် ကြိုးပမ်းနေကြသည့် ရင်သပ်ရှုမော သက်ဝင်လှုပ်ရှားနေပုံများ ဖြစ်ပါတော့သည်။ ။

*****

ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက် by Soe Min on Tuesday, July 17, 2012 at 9:05pm ·

ကိုဝင်းဦးကြီးရဲ့ မာစတာပိစ် ဂန္တဝင်လက်ရာ ဆောင်းအိပ်မက် ကို ကြည့်ရတဲ့အခါ ဇာတ်ကားရဲ့ အထွဋ်အထိပ် Climax က တင်တင်အေး ကျောက်သေတ္တာကြီးကို ဖွင့်လိုက်တဲ့ပြကွက်ပါ။ အထဲမှာ အေးအေးသင်းကြီးရဲ့ အလောင်းရှိတယ်လေ။ တစ်ကားလုံး ဆောင်းအိပ်မက်ကြီးပါလို့ အခိုင်အမာဆိုလာသူကြီးက လိုက်ကာခန်းဆီးတွေလဲမလို့ သေတ္တာဖွင့်မယ့် ဇနီးသည်ကလေးကို မြင်တော့ မျက်နှာထားတည်တည်နဲ့ ဟိန်းနေအောင်မာန်ပြီး “မြင့်မြင့်နွယ် ကျောက်သေတ္တာကို မဖွင့်နဲ့။” လို့ တားလိုက်တဲ့အသံဟာ အခုထက်ထိ နားထဲမှာကြားယောင်သလို မျက်စိထဲမှာလည်း သူ့မျက်နှာ အမူအရာကြီး မြင်ယောင်လို့ ရပါသေးတယ်။ သူကိုယ်တိုင် တကယ်လား အိပ်မက်လား မကွဲပြားသလိုပဲ ကြည့်နေရတဲ့သူအဖို့လည်း ရုပ်ရှင်မှ ဟုတ်ရဲ့လား။ တကယ်များ ဖြစ်နေတာလား လို့ ဇဝေဇဝါ ဖြစ်သွားလောက်အောင် ပြောင်မြောက်ပါပေတယ်။ မနေ့ညကတော့ ကိုယ်ကိုယ်တိုင် အဲသလို ဆောင်းအိပ်မက်ကြီးတစ်ခု မက်မိတယ်ခင်ဗျ။ အိပ်မက်သာဆိုတယ် တကယ်ကြီးလိုပါပဲ။ လန့်နိုးလာတော့ ရေတွေဘာတွေ သောက်ယူရတယ်။ အသည်းတုန်အူတုန် ရှိလိုက်ပါဘိ။ အိပ်မက်ထဲမှာလေ ရန်ကုန်ကို ပြန်ရောက်သွားရော။ ရောက်တာမှ ရန်ကုန်ဆေးရုံကြီးကိုကို ပြန်ရောက်သွားတာ။ ဘာတွေလုပ်နေရသလဲဆိုတော့ အမယ် စာမေးပွဲစစ်နေရတယ်ဗျ။ ကျုပ်က စာစစ်သူကြီးပေါ့လေ။ ပတ်တူးကျောင်းသားလေးတွေကို ဆာဂျရီစာမေးပွဲစစ်နေတဲ့ အိတ်ဇမ်မနာကြီး ပါလားဟဲ့။ ဘယ်သူ့ကိုစစ်ရမှာပါလိမ့်။ အလိုလေးလေး အလန်းဇယားကလေးခင်ဗျာ။ လန်ထွက်နေတဲ့ နံမယ်ကြီးဆေးကျောင်းသူ မော်ဒယ်ဂဲလ်ကလေး။ (အပြင်မှာ တကယ်မရှိဘူးနော်။ အိပ်မက်လို့ပြောပြီးသား) ကလေးမကလေးက အဆင်းတင်လှတာမဟုတ်ဘူး။ စာလည်းတော်သတဲ့လေ။ (အိပ်မက်ပါဆို) ကဲ ဘယ်လောက်ကောင်းတဲ့ အိပ်မက်ကလေးပါလိမ့်။ လာ ဆက်မက်ကြည့်ရအောင်။ အိပ်မက်ကောင်းတုန်း မိုးမလင်းနဲ့ဦး။

အော်စကီပုံစံနဲ့စာမေးပွဲဆိုတော့ အရင်တုန်းကလို တောင်စဉ်ရေမရ လျှောက်မေးဖို့ မစဉ်းစားနဲ့ သူ့ဖောမက်နဲ့သူဗျ။ ကျောင်းသားတစ်ယောက်ရဲ့ အမှတ်ပေးစာရွက်မှာကိုက စံနစ်တကျဖြည့်စွက်ရမယ့် ဇယားလေးတွေနဲ့ မို့ အဲဒါ အရင်ဖြည့်ကြတာပေါ့။ “သမီး နံမယ်ပြော” “……”။ “အသက်” “……..” (တုံးတိတိဖြင့်ဖြေ)။ “ဘယ်မှာနေသလဲကွယ်” “အဲဒါတွေက အရေးကြီးလို့လားရှင်။ သူက ပေးထားတဲ့ အချိန်အတောအတွင်းမှာ အမှတ်တွေ အများကြီးရအောင် ဖြေရဦးမှာ။ ဆရာသိချင် နောက်တော့ အင်တာဗျူးပေးမယ်။” ဒါကတော့ သူ့နောက်ကပါလာတဲ့ အဖော်သူငယ်ချင်းမကလေးရဲ့ စကားသံ ဖြစ်ပါတယ်။ အောက်ဆွဲတွေကလည်း ပါသေးသကိုး။ အိပ်မက်ဆိုတော့ ယုတ္တိရှိတာ မရှိတာ အပထား။ ဒေါသကတော့ ထောင်းကနဲ ထွက်ပြီးသွားပြီ။ “ပုံစံထဲမှာ ပါတဲ့အတိုင်း မေးတာကွ။ မင်းကသာ သည်စာမေးပွဲခန်းထဲမှာ ဝင်ဖြေခွင့်မရှိတဲ့သူ။ အခုချက်ချင်း ထွက်သွားပါ။” ဘာရမလဲ။ များစိတ်ကို သိတယ်မဟုတ်လား။ အော်ထည့်လိုက်မိတာ အနားက တခြားစာစစ်သူတွေက မျက်လုံးပြူးကြီးနဲ့ ဝိုင်းကြည့်ကုန်လို့ ပါးစပ်ကလေး အသာပိတ်ပြီး ပြန်ထိုင်လိုက်ရတယ်။ ဟုတ်သားပဲလေ။ ဖြစ်သေးပါဘူး။ တော်တော်ကြာ ဒီဆရာလေး သိပ်ဆိုးတာပဲ လို့ နံမယ်ထွက်သွားမှဖြင့်။ စိတ်ကိုလျှော့လိုက်ပြီးမှ “ကဲ သမီးရေ။ ဟောသည် လည်ပင်းက သိုင်းရွိုက်ဂလင်းကလေးအကြောင်း ပြောကြည့်ရအောင်နော်။” ကလေးမလေးက မော်ဒယ်ဂဲလ်ဆိုတော့ ဂျာနယ်ထဲမှာ အင်တာဗျူးတဲ့အတိုင်းပဲ ဖြေပါတယ်။ “ဟုတ်။ အဲဒါ ဘာခေါ်မလဲဆိုတော့။ ဟိုလေ။ ဘယ်လိုပြောရမလဲ။ အဲဒီအတိုင်းပဲ ရှင့်။ ဟုတ်။” ဗုဒ္ဓော။ ဟဲ့။ လုပ်ကြပါဦး။ အဲဒါ မှန်တာလား မှားတာလား။ အမှတ်ဘယ်လိုပေးရမှန်းတောင် မသိတော့ဘူး။ မပေးလို့တော့ မဖြစ်ဘူးနော်။ သူက စာတော်တယ်တဲ့။ နံမယ်ကြီး။ “သူကဟော်မုန်းထုတ်တယ်လေ သမီးရယ်။ အဲဒါ ဘာဟော်မုန်းတွေလဲ။ များရင် ဘာဖြစ်မလဲ။ နည်းရင်ဘာဖြစ်မလဲ။” ဝဋ်တော့လည်ပါပြီဗျာ။ အကြီးအကျယ်ကို လည်တာ။ သူများတကာကို ရွဲ့လာလေသမျှ ကိုယ့်ကို ပြန်ရွဲ့တဲ့တပည့်မျိုးနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့တတ်ပလေ။ တမင်ကို ရွ့ဲ့ပြီး အမှားတွေချည့် ဖြေနေတာ ထင်ပါရဲ့။ မေးရင်းမေးရင်း ချွေးတွေပြန်ပြီး ခြေဖျားလက်ဖျားတွေ အေးလာတာက ကျောင်းသားမဟုတ်ပါဘူး။ စာမေးနေတဲ့ ဆရာပါ။ ဘုရား ဘုရား။ အမှတ်ကလည်း ဘယ်လိုမှ ပေးလို့ မရပါကလား။ သည်အတိုင်းသာဆိုရင် စာမေးပွဲကျလို့ကတော့ ငါ ဒုက္ခရောက်ရချေရဲ့။ သူ့လိုစာတော်တယ်လို့ နံမယ်ကြီးတဲ့ကျောင်းသားကိုမှ အောင်အောင် မမေးနိုင်လို့ရှိရင် သူများဆရာတွေအလယ်မှာ မျက်နှာဘယ်နားသွားထားရပါ့။ ဆရာကြီးတွေများ သိလို့ကတော့ ငါ့ကိုသတ်မှာ။ နောက်ဘယ်တော့မှ စာမေးပွဲခေါ်စစ်ခိုင်းတော့မှာ မဟုတ်ဘူး။ အကြံအိုက်အိုက်နဲ့ “သမီးရယ် အစာအိမ်ရောဂါဆိုတာ သိတယ် မဟုတ်လား။ အဲဒါ ကူးစက်တတ်သလား ဟင်။ ဘာကောင်ကလေးတွေကြောင့် ကူးတတ်သလဲ ပြောပြပါဦး။” လို့ “ဘာရာဏသီပြည်လို့ ခေါ်ပါသလဲကွယ်” မေးခွန်းမျိုး ပျိုးကြည့်လိုက်တော့ စိတ်မရှည်တော့တဲ့ ကလေးမကလေးက ခပ်လှမ်းလှမ်းမှာ စစ်နေတဲ့ ဆရာကြီးတစ်ယောက်ကို ဗြဲကနဲ “ဆြာ့… သာမီးကို သူ ဘာတွေ လာမေးနေမှန်း မသိဘူး။ အစမ်းစာမေးပွဲတုန်းက ကျင့်ထားတဲ့ဟာတွေ မမေးပဲ သူ့သဘောနဲ့သူ လျှောက်မေးနေတယ်။ စာမေးပွဲလည်း စစ်တတ်ပဲနဲ့။” လို့ Voice Message လှမ်းပို့လိုက်တာ ခေါင်းနားပန်းကိုကြီးသွားတာပဲ။ ငါ့တော့ မြွေပေါက်ပါပြီ။ ဟိုမှာ ဆရာကြီးကလည်း မျက်စောင်းကြီးထိုးလို့ကို ဘုကြည့်ကြည့်နေတာ။ စာစစ်မှူးလုပ်နေတဲ့ အကိုဆရာလေးတစ်ယောက်က အသာလက်တို့ခေါ်သွားပြီး “ဟေ့ကောင်။ မင်းစာမေးပွဲမှာ စာစစ်သူလုပ်ချင်ရင် ဒီအရေတွေမှ မထူလို့ ဖြစ်မလား။ ခေတ်တွေ စံနစ်တွေက ပြောင်းသွားပြီ။ …။” စသည်စသည်ဖြင့် ရှည်လျားစွာ သြဝါဒတွေ ချွေတော်မူပါလေတယ်။ ဟုတ်ပါရဲ့။ စာမေးပွဲစစ်ရတာ ကြောက်စရာကောင်းလိုက်တာ တကယ်ပါပဲ။ တသက်လုံးစာမေးပွဲတွေ ဖြေလာတာတောင် သည်လောက် မကြောက်ရဘူး။ လန့်နိုးလာတာတောင် အကြောက်မပြေသေးဘူး။ တကယ်လို့များ ရန်ကုန်က စာစစ်သူခေါ်ချင်တယ်ဆို ငြင်းကိုငြင်းပလိုက်တော့မယ်။ အိပ်မက်သာဆိုတယ် အပြင်မှာ တကယ်ဖြစ်နေသလိုပဲ ကြောက်လိုက်တာများ ဇောချွေးလေးများတောင် ပြန်ချင်တယ်။

အိပ်မက်ထဲကအတိုင်း အပြင်မှာ ဖြစ်နေတာ ဘယ်နှစ်ခါတွေ့ဖူးလို့တုန်း။ ပေါက်ပေါက်ရှာရှာတွေ လျှောက်မက်ပြီး အလကား တွေးကြောက်နေရတယ်လို့။ တို့ဆီမှာ အဲလိုကျောင်းသားမျိုး ရှိမှ မရှိပဲနဲ့။ ရှိပဲနဲ့။ ရှိပဲနဲ့။ အဲ အဲ။ အပြတ်တော့ ပြောလို့မရဘူး။ ရှိတယ်။ ရှိတယ်။ သေသေချာချာကို ကြုံဖူးတယ်။ အဲဒီတုန်းကတော့ စာစစ်သူအနေနဲ့မဟုတ်ဘူး။ စာစစ်ခန်းအကူလို့ ခေါ်မှာပေါ့။ လက်တိုလက်တောင်းလေ။ ဝါဝါ၀င်းရွှေဖြစ်နေတဲ့ ဘုန်းကြီးလူနာတစ်ယောက်ကို ရောဂါရာဇဝင်မေးနေတဲ့ မောင်ကျောင်းသားက ကိုယ့်ကို လက်တို့မေးတယ်။ “ဒါကြီး ဘာကြီးလဲ။” တဲ့။ “ဘာကြီးလဲတော့ မသိဘူး။ အထာကြီးနဲ့တော့ အထာကြီးနဲ့။ ဒီဇိုင်းကတော့ တူတာပဲ အဝါကြီးနဲ့ (Obstructive Jaundice)” လို့ မနေနိုင်မထိုင်နိုင် ဖော်ကောင်လုပ်လိုက်မိသေးတယ်။ မျှော်လင့်ထားသလိုပါပဲ။ စာစစ်သူလာတော့ မောင်မင်းကြီးသား အိုးနင်းခွက်နင်းဖြစ်သော်ငြား မျက်နှာတော့ တစ်စက်ကလေးမှ အပြုံးမပျက်ဘူး။ ဘာရောဂါမှန်းမသိတော့ ဘယ်လိုကုရလဲလည်း မပြောနိုင်ဘူး။ လွယ်ပါတယ်။ ဆာဂျရီပါဆိုမှ ခွဲကုလို့မရရင် စောင့်ကုမှာပေါ့။ Conservative Treatment တဲ့။ တစ်လုံးထွက်လာတယ်။ တိုးရှဲ့ တိုးရှဲ့ ကုန်းစွန်းချဲ့ရေ။ ဆရာခမျာ အားတက်သရော “အေး။ ဟုတ်တာပေါ့။ ဒါဆိုရင် ဘာတွေလုပ်ရမလဲ။” ဆိုတော့ ကွန်နက်ရှင်ကျသွားလို့ထင်ပါရဲ့။ မျက်လုံးကလေးက မြှားကလေးလည်သလို လည်နေပြီး တစ်ခွန်းမှ ထွက်မလာတော့ဘူး။ “ဒီမှာကြည့်လေကွာ။ လူနာမှာ ပိုက်တွေနဲ့။ အဲဒါဘာလုပ်ထားတာလဲ။” လို့ပြောရင်း နားခေါင်းကပိုက် လက်ကပိုက်တွေကို ပြနေပေမယ့်လည်း access denied ပဲ ဖြစ်နေသေးတယ်။ “ဒီနာခေါင်းက ပိုက်ကို ဘယ်လိုခေါ်သလဲ။” Retry ပြန်လုပ်တယ်ခင်ဗျ။ Still loading နဲ့ တစ်နေသေးတယ်။ ဆရာက မလျော့သေးဘူးခင်ဗျာ။ ခင်းပေးပြန်ပါတယ်။ “အဲဒါ ဘာအတွက်ထည့်ထားတာလို့ ထင်သလဲ” တဲ့။ တော်ပါသေးရဲ့။ ဒီတခါတော့ ပွင့်သွားတယ်။ “Drip သွင်းဖို့” တဲ့။ မဝင်ပါဘူးခင်ဗျာ။ တိုင်ထိပြီး ပြန်ကန်ထွက်လာပါတယ်။ ရော်နယ်ဒို ခေါင်းနဲ့ပြန်တိုက်တယ်ခင်ဗျ။ “သေချာကြည့်ပါဦးကွာ။ Drip သွင်းတဲ့ပိုက်က လက်မှာပါ။ ဒီပိုက်က နှာခေါင်းထဲကို ထည့်ထားတာလေ။ အဲဒါ ဘာလုပ်ဖို့ဖြစ်မလဲ။” တဲ့။ ဟုတ်ကဲ့ ပွဲသိမ်းသွားပါတယ် ခင်ဗျာ။ ကျောင်းသားက အစာသွင်းပိုက် Ryles”s tube ဆိုတာကို မကြားဖူးပါဘူး။ Common Sense ကလေးသုံးပြီး ဖြေသွားပါတယ်။ “အသက်ရှူဖို့” တဲ့။ လူချင်းတူသော်လည်း အသက်ရှူချင်းကွဲတယ်ဆိုတာ အဲဒါပေါ့။ သို့သော်လည်း အဲသည်မောင်ကျောင်းသားနဲ့ တစ်ပတ်အကြာမှာ ငွေမိုးဟိုတယ်ရှေ့မှာ ပြန်တွေ့ကြတယ်ခင်ဗျ။ သူကလာနှုတ်ဆက်တော့ ကိုယ်ကလည်း မှတ်မိသွားပြီး “ကျောင်းတွေ ဘယ်တော့ ပြန်တက်ရမလဲ။ မော်လမြိုင်မှာ နေတာလား။” လို့ ဖောရှောလုပ်တဲ့အခါ ကလေးက ငါးသလောက်ပြုံးကလေးနဲ့ “တက်ရတော့ဘူးလေ ဆရာ။ အောင်သွားပြီ။ ဒီမှာမနေပါဘူး။ အခုဟာက တိုင်းမှူးကို ဂေါက်ပွဲလုပ်ပေးစရာရှိလို့ ခနလာတာ။” တဲ့။ ကဲ သဘောပေါက်။ အဘ လို့ ခေါ်ရတဲ့အစားတောင် မဟုတ်ဘူး။ တခါတခါမှာ အိပ်မက်ကလည်း တကယ်လိုပဲ။ တကယ်ကလည်း အိပ်မက်လိုပဲ။ လူ့ကို ဝင်းဦးကြီးလိုဖြစ်လို့။ ဇာတ်သိမ်းခန်းထဲကအတိုင်း သံတိုင်ကြီးကိုင်ပြီး “ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်။ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်။” လို့သာ မျက်လုံးကြီးအဝိုင်းသားနဲ့ အော်ပလိုက်ချင်တော့တယ်။

စာစစ်သူတစ်ယောက် ဆရာတစ်ယောက်အနေနဲ့ စာမေးပွဲခန်းထဲမှာ ကျောင်းသားကလေးတစ်ယောက် ဒုက္ခရောက်နေတာကို အတင်းတုပ်တယ်ဆိုတာ Ethic နဲ့ မညီပါဘူးခင်ဗျာ။ ဒါကြောင့်မပြောလိုပါဘူး။ ဆရာသက်နုစဉ်တုန်းကတော့ စာမေးပွဲမှာ ကျောင်းသားက ပေါက်တတ်ကရဖြေရင် အူတွေတက်နေအောင် ရယ်လို့ ကလေးတွေက သူတို့ဆရာက တို့မှားရင် သိပ်ပျော်တာလို့ ထင်ကြတယ်။ တကယ်တော့ စာမေးပွဲမှာ ကျောင်းသား စာမေးမရတဲ့အပြစ်က တပည့်ဆီမှာချည့်ပဲ ရှိတာ မဟုတ်ဘူးလေ။ ဆရာလည်း အမှုတွဲထဲပါတယ်။ သူစာသင်ညံ့လို့ဆိုတာ ဘယ်လိုမှ ငြင်းမရဘူး။ စဉ်းစားကြည့်။ ဘယ်သူက မွေးကတည်းက တတ်လာတာမို့လဲ။ သည်လိုပဲ သင်ပေးရင်းသင်ပေးရင်းနဲ့မှ တဖြေးဖြေးတတ်လာကြတာချည့်ပဲ။ ဒါကြောင့် ကျောင်းသား စာမရတာကို လှောင်စရာ မလိုဘူး။ မတတ်သေးတာကို တတ်အောင်သင်ပေးရမှာသာ ဖြစ်တယ် လို့ တွေးမိတယ်။ သို့သော်လည်း မူလတန်းပညာရေးကို ဝေဖန်တုန်းက ပြောခဲ့သလိုပဲ တက္ကသိုလ်ပညာရေးက ဆရာတွေမှာလည်း သင်ကြားရေးသက်သက်ဖြစ်နေပြီး ပဲ့ပြင်ရေးဘက်က လစ်ဟင်းနေတာကတော့ ကျောင်းသားတွေထက် ဆရာတွေမှာ တာဝန်ပိုရှိသလို မြင်မိပြန်ပါတယ်။ အထူးသဖြင့် ဆေးကျောင်းသက်တမ်းတလျှောက်မှာ ဆရာဝန်လောင်းကလေးတွေအတွက် ကျင့်ဝတ် နဲ့ သိက္ခာပိုင်း (Ethics and Attitude) ကို သင်ကြားပဲ့ပြင်ပေးတဲ့သူ မရှိသလောက် ရှားပါးနေသလားလို့ပါ။ ဒီအခါမှာ မီဒီယာတွေ၊ လူနာ နဲ့ လူနာရှင်တွေ ဘက်က အထင်အမြင်လွဲမှားတာလေးတွေ ရှိလာတဲ့အခါ ဆရာဝန်တွေဘက်က ရှေ့နေလိုက်ခဲ့သလိုပါပဲ။ ကိုယ့်ဆရာဝန်တွေဘက်မှာ လွဲမှားတာကလေးတွေ ရှိခဲ့ရင်လည်း နောင်လာနောက်သား ညီငယ်ညီမငယ်ကလေးတွေ အတုယူမမှားအောင် ကိုယ်ချင်းကိုယ်ချင်း ကျိတ်ပြီးတော့ သွန်သင်ချင်ပါသေးတယ်။ မသိသေး မတတ်သေးတာက တချိန်ချိန်မှာ လုပ်ရင်းကိုင်ရင်း သိလာတတ်လာကြမှာ မလွဲပါဘူး။ သို့သော်လည်း အသွန်အသင်မရှိခဲ့လို့ မယဉ်ကျေးတာ၊ အကျင့်ဆိုးပါနေတာတွေကျတော့ အသက်ကြီးလာလေလေ ဆိုဆုံးမရခက်လေလေ ဖြစ်တတ်ပါတယ်။ အတုခိုးမှားသွားတဲ့အခါ၊ အမှားတွေနဲ့ အသားသေလာတဲ့အခါ ကိုယ့်အသက်မွေးမှုလောကကြီးတစ်ခုလုံး ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ကုန်မှာ စိုးမိပါတယ်။ ကိုယ်တိုင်က ဆေးပညာမိသားစုထဲက ဆရာဝန်ဘဝနဲ့မို့ “ဟိုမှာ ငါးခုံးမကြီးတစ်ကောင်၊ သည်မှာ ငါးခုံးမကြီးတစ်ကောင်” နဲ့ လက်ညှိုးတထိုးထိုး သစ္စာဖောက်လောက်ကောင် မလုပ်ချင်ပါဘူး။ လုပ်လည်း မလုပ်ရဲပါဘူး။ ဒီအခါမှာ ဘယ်သူဘယ်ဝါဆိုတဲ့ ပုဂ္ဂလဒိဋ္ဌာန်တွေထက် ဘာလုပ်ရင် ဘာဖြစ်တယ်ဆိုတဲ့ ဓမ္မဒိဋ္ဌာန်ပိုင်းကိုသာ စောင်းပေးပြီး ရေးပါ့မယ်။ ဖတ်တဲ့သူအဖို့ သင်ခန်းစာယူနိုင်ဖို့ကိုသာ အလေးပေးစေချင်ပါတယ်။ ပေါက်တဲ့သူ မှန်မှန်ပြော။ အီးဘွတ်တရားဟော လို့တော့ တရားခံမဖော်ခိုင်းပါနဲ့။ မပြောပြဘူး။ သတ်ရင်သတ်။

ကဲ အခုကစပြီး ရှေ့ဆက်လို့ ဆရာစိုးကလေးရဲ့ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တွေကို တင်ဆက်ပါတော့မယ်။ ကိုယ့်ဟာကိုယ်တောင် တကယ်လား အိပ်မက်လား ဝိုးတဝါးပါပဲ။ တခါတခါတော့လည်း တိမ်လွှာမို့မို့လွင်ထဲကလို “အိပ်မက်ထဲက မောင့်ချစ်သူ ဝိုးတဝါး မပြတ်သား ထပ်မနား မှတ်သားမရတဲ့သူ” လို့ ပြောစရာ ချာလီ၏ နတ်မိမယ်ကလေးများအကြောင်းပေါ့။ တခါတခါတော့လည်း ဆောင်းအိပ်မက်ထဲကအတိုင်း “ချောင်းလိုလို မြစ်လိုလို တစ်ခုသော ကမ်းစပ်မှာ ရောက်လာသည်တွင် ချစ်သူဟာလည်း မလှမ်းမကမ်းမှာ ရောက်နှင့်ခဲ့တာမြင်” သပေါ့။ အလှည့်မသင့်တဲ့အခါကျတော့လည်း မျိုးကြီးရဲ့ “အိပ်မက်ဆိုး နဲ့ လမိုက်ည” ဆိုပါတော့။ ဟုတ်ကဲ့။ ဆရာ့ဆွဲသီးကလေးကို သေသေချာချာ စိုက်ကြည့်နေပါတယ်။ ကြည့်နေပါတယ်။ မျက်စိတွေ လေးလာပါပြီ။ မျက်ခွံတွေလေးလာပါပြီ။ အိပ်ချင်လာပြီဗျ။ အိပ်ပျော်တော့မယ်။ အိပ်တော့မယ်။ ကျွန်တော် အိပ်တော့မယ်။ ကျွန်တော်.. ကျွန်တော်….။

“လေပြေလေညှင်း ဆော်သွေးရိုက်ခတ်၊ တရွေ့ရွေ့ မိုးငွေ့ဆောင်ခဲ့ပြီ။ သော်တာယုန်ပေါ် ကျော်ကာပြေးတော့၊ ရေးရေး ရုပ်သွင် မှုန်လို့ရီ။ သည်အိပ်မက်မှန်လျှင် မောင်မင်းကြီးသားနဲ့ ဧကန္တ တွေ့ပါရစီ။ သည်အိပ်မက်မှန်လျှင် မောင်မင်းကြီးသားနဲ့ ဧကန္တ တွေ့ပါရစီ။” (ခင့်အိပ်မက် / မြို့မငြိမ်း)

Friday, July 20, 2012

ဘလော့ဂ်တခုအရင်းပြု…

စိန်တွေ၊ ရွှေတွေ ရှိသူတွေက
တဆင်စာအကြောင်း၊ တအောင်စအကြောင်း ပြောကြတယ်။

အိမ်တွေ၊ မြေတွေ ရှိသူတွေက
ဇုန်အကြောင်း၊ ဧကအကြောင်း ပြောကြတယ်။

ကားတွေ၊ ဒေါ်လာတွေ ရှိသူတွေက
မော်ဒယ်လ်အကြောင်း၊ အတတ်အကျအကြောင်း ပြောကြတယ်။

ရာထူးတွေ၊ ဌာနန္တရတွေ ရှိသူတွေက
အလားအလာအကြောင်း၊ အနားယူတဲ့အခါအကြောင်း ပြောကြတယ်။

ဘလော့ဂ်တခု ရှိသူတွေက
အဖော်အပေါင်းနဲ့ ဗြဟ္မစိုရ်ကွန်ယက်အကြောင်း ပြောကြတယ်။

မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်းချမ်းသာ ရပါတယ်။ ။

Wednesday, June 27, 2012

ကျွဲပါး စောင်းတီး

အဆုံးနားမှာ မှားသွားလို့ သူတို့က မတင်ရဘူးတဲ့ ဒီက ဇွတ်တင်လိုက်တယ်...

Tuesday, June 26, 2012

ကိုယ့်ရဲ့ နေ့တွေ...

အရှေ့ဆီမှာ ရောင်နီလေးသန်းလို့ လာပြီ...

ဟိုမှာ တိမ်ပြာတွေ မျောလွင့်နေတယ်...

မြို့ပြဆည်းဆာ အလှ

အချစ်နှင့်သက်ဆိုင်သော အကွက်ကလေးများ

ဒီနေ့တော့ ဈေးသွားရမည်။ ဟင်းချက်စရာဝယ်ရန် ဖြစ်သည်။ ရေခဲသေတ္တာထဲတွင်လည်း ဗလာကျင်းနေပြီ။

အိမ်ကထွက် ကားပက်ကင်ကို ဖြတ်အပြီးမှာ၊ ကားလမ်းနဘေးရောက်သည်။ ထိုလမ်းကို လူကူးဂုံးကျော်တံတားမှ ကူးဖို့ရန် ဖြစ်သည်။ ဈေးသည် လမ်း၏ ဟိုမှာဘက်ခြမ်းတွင် ရှိနေသည်။ လှေကားထစ် အနည်းငယ်ကို တက်ရပေဦးမည်။

ကားများ မိမိခြေဖဝါးအောက်မှ ဥဒဟို သွားနေကြခြင်းသည် အတန်ငယ် ဆန်းကြယ်သော ခံစားချက်ကို ဖြစ်စေသည်။ ဖြတ်သန်းသွားနေကြသော ယာဉ်များသည် မိမိထံမှ တစုံတခုကို အတင်းအဓမ္မယူဆောင်၍ မောင်းနှင်သွားကြသည်လား…။ သို့မဟုတ် မိမိထံမှ တစုံတခုသည် ထိုထိုယာဉ်မျာနှင့် စိတ်လိုလက်ရ လိုက်ပါသွားကြသည်လား မသေချာသော ခံစားချက်မျိုး ဖြစ်သည်။ တွယ်ငြိလိုသူ၏ ကျန်ရစ်နေရခြင်း ဝေဒနာလည်း ဖြစ်နိုင်သည်။

မိမိသည် တည်ငြိမ်နေသော တံတားတခုပေါ်တွင် ကိုယ်ပိုင်ဆိုင်၍ ကိုယ်နှင့်အလွန်အကျွမ်းတဝင်ဖြစ်သော အလျင်ဖြင့် သွားမြဲအတိုင်း သွားနေစဉ်၊ မိမိ၏အထိန်းအကွပ်နှင့် လွန်စွာကင်းလွတ်သော အရာများသည် အရှိန်အဟုန် ပြင်းပြင်းဖြင့် မိမိကို ဖြတ်ကျော်နေကြသည်။ အငြိမ်၊ အလှုပ်နှင့် အရှိန်တို့ အတင်းကာရော ဟန်ချက်ညီနေကြလေ၏။

ဟန်ချက်တွင် ပျော်ဝင်နေစဉ် တွေကနဲ တချက်ဖြစ်သည်။ တံတားပေါ်မှာပင် ရှိနေသေးသည်။ တဖက်ကမ်းနှင့်တော့ ပို၍နီးကပ်နေပြီ်။ တံတားအောက်မှာ ကားမှတ်တိုင်ရှိသည်။ မှတ်တိုင်၏ အတွင်းဖက်ကျကျတွင် ရှပ်လက်တိုအကွက်နှင့် လူတယောက် လက်ကိုင်ဖုန်းမျက်နှာပြင်ကို တို့ထိ ငုံ့ကြည့်ရင်း ကားစောင့်နေသည်။ လမ်းဆက်လျှောက်ရင်း တွေကနဲဝယ် ရင်ခုန်နှုန်း ရုတ်ချည်း ပြောင်းသွာသည်လား…။ သို့မဟုတ် ရပ်သွားသည်လား…။ ပြန်တွေးမိသည်။ မသေချာ။

သေချာသည်မှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ အတင်းကာရော ငြိသွားခြင်း ဖြစ်သည်။ ချစ်ခြင်းဟု အလွယ်ခေါ်မည်။ နှုတ်ခမ်းလေး လှုပ်သည်။ ပြုံးယောင်ယောင်လေး ဖြစ်သည်။

*****

မနက်အစောစာကို ကော်ဖီတခွက်နှင့် ပြီးလေ့ရှိသည်။ ဒီမနက်တော့ အဖတ်လေးပါစားချင်မိသည်။ ဟိုမှာဘက်လမ်းကို သွားဝယ်ရမည်။

လူများသည် အရှေ့မှ အနောက်သို့၊ အနောက်မှ အရှေ့သို့၊ တောင်ကလူက မြောက်သို့၊ မြောက်ကလူက တောင်သို့ သွားနေကြသည်။ အစာရှာဖို့ရာ ဖြစ်သည်။ ထိုသူများသည် ထိုသူများသာဖြစ်၍ မိမိသည်လည်း မိမိသာ ဖြစ်သည်။ မိမိသည် မိမိကိုယ်ကို ထိုသူများနှင့် ပူးကပ်မကြည့်မိအောင် သတိထားရသည်။ မိမိနှင့် အသွင်သဏ္ဍန်အားဖြင့်မတူသလို၊ အခြေအနေအားဖြင့်လည်း ခြားနားသည်။ မတူညီခြင်းနှင့် တူညီခြင်းများ လိုက်လျောညီထွေ ရှိနေသော နေသာသည့်နေ့တနေ့ ဖြစ်သည်။

မိမိသည် ရံခါများစွာပင် ငှက်ကလေးများ စိုးစီစိုးစီနှင့် အစာရှာထွက်ချိန်ကို ကြုံဆုံဖူးသည်။ အိမ်တွင်အလွယ်ရှိသော ဆန်ကွဲ၊ ပဲ စသည်တို့ကို ချကျွေးခဲ့ဖူးသည့် အခါများသည် ဟိုးအတော်ဝေးဝေးမှာ ကျန်နေခဲ့ပြီ။ အခုများတော့ မင်းတို့ သိပ်ဆူတယ်ကွာဟု ဟန်ဆောင်ရန်လုပ်ရင်း သူတို့ ပျံသန်းရာ အရပ်များဆီ လိုက်လံငေးမောခြင်းသာ တတ်နိုင်တော့သည်။

ဝေးလွင့်သော အတွေးရှင်၏ အချစ်ရှာထွက်သော မျက်ဝန်းအကြည့်တို့သည် လမ်းနဘေးက ကားမှတ်တိုင်တွင် အလိုအလျောက် ရပ်တန့်သည်။ မျှော်လင့်မထားသော အပြုံးတခုသည် နှုတ်ခမ်းထက်သို့ ခိုမှီခွင့်ရသွားပြန်သည်။ ကားစောင့်နေသော ရှပ်အကွက်လေးသည် မှတ်တိုင်တွင် ထိုင်ရင်း စာတအုပ်ကို ဖတ်နေသည်။

*****

ထိုထိုသော အမှတ်မထင်များ၊ တခါတရံများ၊ တိုက်ဆိုင်မှုများနှင့် ကြုံဆုံနေသူတယောက်သည် တကြိမ်တခါတွင်တော့ လမ်းဆုံးတခုမှာ ရှိနေသောအချစ်ဆီ မျှော်ကိုးရင် ထိုလမ်းကို လျှောက်သည်။ မြင်ကွင်း သေးသေးလေးထဲမှ ရှပ်အကွက်လေးသည် မိမိအား ပြုံး၍ ဆီးကြိုနေသည်။ ပို၍ ပို၍ ထင်ရှားလာသော ထိုလမ်းဆုံးသည် မှတ်တိုင်တခုပင် ဖြစ်တော့သည်။    ။


(မနက်ရုံးသွားတိုင်း အဲ့လူကြီး... ကားစောင့်ရင်း ငါ့မိန်းမ ငါ့ကို ဘယ်နားကများရှိုးနေမလဲလို့ တွေးနေတော့မယ်... အော် အသင်လောက...:D)

Friday, June 1, 2012

မနေတတ်… မထိုင်တတ်…

အခုတလော မကြာခဏ သတိရမိပြီး တယောက်တည်း ပြုံးနေမိတဲ့ မိသားစုထဲက ဟာသလေးအကြောင်း သူငယ်ချင်းတွေနဲ့ အတူတူ ပြုံးရအောင်လို့ ပြောပြချင်ပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်း ဖြူစင်တဲ့ အတွေးနဲ့၊ ပြောတတ်သလို ပြောလိုက်တဲ့ စကားလေးတွေဟာ လူကြီးတွေရဲ့ စိတ်နှလုံးကို ကြည်မွေ့စေ… ဘဝအမောတွေကို ပြေပျောက်စေပါတယ်။

ဒီတခါ ဇတ်လိုက်ကတော့ အိမ်က မင်းသားနှစ်ယောက်ဖြစ်တဲ့ ရေချမ်း၊ ရေစင်တို့ မဟုတ်ပါဘူး။ မသီတာရဲ့ တူလေး ပါ။ မင်းသားအမည်ကို ရေသန့် လို့ မှတ်ထားလိုက်ကြပါစို့။ ရေသန့်လေး အမေ မသီတာ့ယောင်းမက မိန်းမပီသတဲ့ ဆရာမဟောင်းတဦးပါ။ အချက်အပြုတ်၊ အနေအထိုင်၊ အပြောအဆို အင်မတန် တော်ပါတယ်။ မွေးထားတဲ့ သားနဲ့ သမီးကိုလည်း နားဝင်အောင် ညင်ညင်သာသာ ဆုံးမတတ်ပါတယ်။

ရေသန့်က အိမ်က သားကြီး ရေချမ်းထက်ငယ်ပြီး၊ သားငယ်ရေစင်ထက်တော့ ကြီးပါတယ်။ ဒီက ကလေးတွေ ဒီဇင်ဘာကျောင်းပိတ်ရက် ရန်ကုန်ပြန်မှ တနှစ်တခါ တွေ့ရတာမို့ ညီအကိုချင်းတွေ တွေ့စဆို စိမ်းပါတယ်။ မနှစ်ကတော့ သားကြီး ရေချမ်းက မသီတာထက် နှစ်ပတ်စောပြီး ရန်ကုန်ကို ပြန်သွားနှင့်ပါတယ်။ မသီတာရောက်ပြီး နောက်တရက်နှစ်ရက်နေတော့ သားကြီး ရေချမ်းက မသီတာကို ပြောလာပါတယ်… “မေမေ…မေမေ… ရေသန့်ကလေ ဘာဖြစ်လို့လဲ မသိဘူး သားကို တွေ့ရင် ကိုကိုနေကောင်းလား… ကိုကိုနေကောင်းလားချည်းပဲ မေးနေတယ်” တဲ့…။

ရေသန့်လေးခမျာ အဝေးတနေရာက လာတဲ့ အကိုလုပ်သူကို အတူနေရတုန်းလေးမှာ အရေးတယူကလည်း လုပ်ချင်၊ ဘာလုပ်လို့ ဘာပြောရမှန်းလည်း မသိရှာတော့၊ သူပြောတတ်တာလေး “ကိုကိုနေကောင်းလား” ဆိုတာကိုပဲ တွေ့လိုက်တိုင်း ဆီးကြိုပြောရတာပါ။ အမေးခံရတဲ့ အကိုကြီးကလည်း မြန်မာမှုမှာ လည်လည်ဝယ်ဝယ်ဆိုတော့၊ မျက်လုံးကလယ်ကလယ် ပါးစပ်အဟောင်းသားနဲ့ ဘာပြန်ပြောရမှန်းမသိ…။ သူတို့ဖြစ်နေပုံကို ဘေးက လူကြီးတွေက  ရယ်ရ ပြုံးရပါတယ်။

တခါတော့ မသီတာ့ယောင်းမ… ကိုရေသန့်တို့ရဲ့ မာတာမိခင်ကြီးကိုယ်တိုင် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ…။ ရင်စေ့၊ ရင်ဖုံး အင်္ကျီလေးတွေသာ ဝတ်တတ်ပြီး အနေရိုးတဲ့ ယောင်းမဟာ တခုသော ပူပြင်းလှတဲ့ နွေညဦးမှာ ညအိပ်ယာဝင်ခါနီးမို့ လည်ပင်းပေါက် အနည်းငယ်ကျယ်တဲ့ ချိုင်းပြတ် အင်္ကျီကို ဝတ်ပြီး၊ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကိုင်းလို့ အိပ်ယာကို ဖုန်ခါလှဲမိတဲ့ အခါမှာတော့ သားတော်မောင် ကိုရေသန့် မျက်မှောင်ကုတ်ကြီးနဲ့ မအေကို ပြောလိုက်တာက… “အမေတို့ကလည်း အဖေ့ရှေ့မှာ မနေတတ်၊ မထိုင်တတ်…” တဲ့။
   

Saturday, May 12, 2012

မဇ္ဈိမဒေသ ကျေးရွာ မြို့ပြ တိုင်းနိုင်ငံများ

ရှေးဟောင်းသုတေသန အထောက်အထားများအရ ဗုဒ္ဓ မပွင့်ထွန်းမီ နှစ်ပေါင်း ၂၅၀၀ (3000 BC) ခန့်ကပင် အိန္ဒိယနိုင်ငံ အိန္ဒုမြစ်ဝှမ်းဒေသ (ယနေ့ခေတ် Harappā နှင့် Mohenjo Dāro ရွာ အနီးဒေသများ)တွင် မြို့ပြ ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ သို့သော် ထိုဒေသတွင် နေထိုင်ခဲ့ကြသူများသည် အာရိယန် (Aryan) လူမျိုးများ မဟုတ်ကြ။ ယင်းဒေသနှင့် ကုန်သွယ်ရေး အဆက်အဆံရှိခဲ့သည့် ဆူမေးရီယန်း (Sumerian) မှတ်တမ်းများတွင် Meluhha ဟုဖော်ပြသော လူမျိုးများ ဖြစ်သည်။ တဖန် ယင်း Meluhha ဆိုသူများသည်  အာရိယန်တို့က Mleccha (ပါဠိဘာသာဖြင့် မိလက္ခ) ဟုခေါ်သော “တိုင်းတပါးသား အရိုင်းအစိုင်း” လူမျိုးများပင် ဖြစ်သည်ဟု အချို့က ယူဆကြသည်။

စင်စစ်အားဖြင့် 1700 BC ခန့်တွင်မှ အိန္ဒုမြစ်ဝှမ်းဒေသသို့ စတင် ဝင်ရောက်လာခဲ့ကြသော အာရိယန် လူမျိုးများသည်သာ အိမ်ခြေအတည်တကျ မရှိဘဲ၊ မြင်းအုပ်၊ သိုးအုပ်၊ ဆိတ်အုပ်များဖြင့် ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာ နေထိုင်ခဲ့ကြသော လူမျိုးများ ဖြစ်လေသည်။ အိန္ဒုမြစ်ဝှမ်းသို့ အာရိယန်လူမျိုးများ တစ်သုတ်ပြီး တစ်သုတ်ဝင် ရောက်လာပြီး ဌာနေ မြို့ပြများအား တိုက်ခိုက် ဖျက်ဆီးလိုက်ကြ၍ မူလကထွန်းကားခဲ့သော မြို့ပြယဉ်ကျေးမှု ဆိတ်သုန်းသွားခဲ့သည်။

အာရိယန်တို့ အိန္ဒုမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာပြီး ရာစုနှစ် နှစ်ခု သုံးခုကြာမှ ဝေဒကျမ်းများအား ရေးဖွဲ့သီကုံးခဲ့ကြခြင်း ဖြစ်သည်။ ထိုဝေဒကျမ်းများတွင် အိန္ဒုမြစ်ဝှမ်းဒေသအား မြစ် ၇-စင်း စီးဆင်းရာဒေသ သတ္တသိန္ဓု (Sapta Sindhu) ဟု မှတ်တမ်း တင်ခဲ့ကြသည်။ ဝေဒခေတ်နှောင်းပိုင်း ရောက်သောအခါ အာရိယန်တို့သည် မဇ္ဈိမဒေသ ယမုံနာနှင့် ဂင်္ဂါမြစ်ဝှမ်းလွင်ပြင်ဆီသို့ ထပ်မံ ပြောင်းရွှေ့လာကြပြန်သည်။ မဇ္ဈိမဒေသအား အာရိယန်တို့၏ နေရာဒေသ (အာရိယာဝတ္တ) ဟု ခေါ်ဝေါ်ခဲ့ကြသည်။

အုပ်စုအလိုက် လှည့်လည် သွားလာနေကြသော ထိုမျိုးနွယ်စုများအား “ဂါမ” ဟုခေါ်ရာမှ နောင်တွင် ယင်းလူမျိုးစုတု့ိ စုဝေးစတည်းချရာ အရပ်ဒေသများအားလည်း “ဂါမ” ဟုပင် ခေါ်ဝေါ် သုံးစွဲလေသည်။ နောင်တွင် နေရာအတည်တကျ နေထိုင်လာကြသော အခါအတွင်လည်း ရွာများအား “ဂါမ” ဟုပင် ဆက်လက်ခေါ်ကြသည်။ ဤသို့ဖြင့် အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသများတွင် မြို့ရွာတိုင်းနိုင်ငံများ ထူထောင်ကာ မြို့ပြယဉ်ကျေးမှု ပြန်လည်ထွန်းကာ လာခဲ့ပြန်သည်။


ဂါမ၊ နိဂမ၊ နဂရ၊ ဇနပဒ 

လူနေ ထူထပ်မှုနှင့် စီးပွားရေး နိုင်ငံရေးအရ အချက်အခြာကျမှု စသည်တို့ အလိုက် ကျေးရွာ မြို့ပြ တိုင်းနိုင်ငံများဟူ၍ ခွဲခြားထားရာ၊ ပါဠိဘာသာဖြင့် ဂါမ၊ နိဂမ၊ နဂရ၊ ဇနပဒဟု လေးဆင့်ခွဲ၍ ဖော်ပြလေ့ရှိသည် (မ-၁-၁၉၅၊ ဝနပတ္ထသုတ် )။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ရေကြည်ရာမြက်နုရာ လှည့်လည် သွားလာသူတို့ ခေတ္တ စတည်းချရာ ဂါမသည် မြို့ပြယဉ်ကျေးမှုပြန်လည် ထွန်းကားလာခြင်း၏ အစဖြစ်သည်။ မြန်မာဘာသာဖြင့် “ရွာ” ဟုပြန်လေ့ရှိသည်။ ကုန်သည်တို့ လေးလထက် အလွန် စခန်းချရာ အရပ်ကိုလည်းကောင်း၊ လူနေအိမ်ခြေ တစ်လုံး နှစ်လုံးမျှ ရှိလျှင်လည်းကောင်း ဂါမဟုပင် ခေါ်နိုင်ကြောင်း ပါရာဇိကဏ်ပါဠိတော် (ပါရာ-၉၂) တွင် ဖော်ပြထားသည်။ နဠကာရဂါမ (ကျူထရံ ယက်လုပ်သောရွာ)၊ အာရာမိကဂါမ (ဥယျာဉ် လုပ်သားတို့ နေသောရွာ)၊ လောဏကာရဂါမ (ဆားချက်သူတို့ နေသောရွာ) စသဖြင့် အသက်မွေးမှု တူရာလူတို့ စုဝေး နေထိုင်ကြသည်များရှိသကဲ့သို့၊ စဏ္ဍာလဂါမ၊ ဗြာဟ္မဏဂါမ စသဖြင့် အမျိုးဇာတ်တူရာ စုဝေးနေထိုင်ကြသော ရွာများလည်း ရှိသည်။

ကုန်ကူးသန်း ရောင်းဝယ်ရာဈေး ရှိသည့် ရွာကြီး (သို့မဟုတ် မြို့ငယ်) အား နိဂမဟု ခေါ်သည်။ နိဂုံ၊း ရွာကြီးစသဖြင့် မြန်မာဘာသာ ပြန်လေ့ရှိ၍၊ market-town (ဈေးမြို့) ဟု အင်္ဂလိပ်ဘာသာ ပြန်ကြသည်။ ကုန်သည်များ၊ လက်သမားစသော လက်မှုပညာသည်မျာ၊ ကုန်သည်များ စုဝေးနေထိုင်ကာ အသက်မွေးဝမ်းကြောင်းရာ နေရာဌာန ဖြစ်သည်။

နိဂုံးထက်ပိုကြီး၍ ခံတပ်မြို့ရိုးရှိသော မြို့တို့အား နဂရဟု သတ်မှတ်သည်။ အရွယ်အစားသေးငယ်သည့် ခံတပ်မြို့များအား “နဂရ”ဟု မခေါ်ဘဲ “နဂရက”ဟု ခေါ်လေ့ရှိပြီး၊ မြို့ကြီးများအား “မဟာနဂရ” ဟုခေါ်သည်။ စမ္ပာ၊ ရာဇဂြိုဟ်၊ သာဝတ္ထိ၊ သာကေတ၊ ကောသမ္ဗီ၊ ဗာရာဏသီတို့သည် ဗုဒ္ဓလက်ထက်က ထင်ရှားသော မြို့ကြီးများ ဖြစ်၏ (ဒီ-၂-၂၁၀။ မဟာပရိနိဗ္ဗာနသုတ်)။ နာဂရကို ယေဘုယျအားဖြင့် “မြို့”ဟု ဘာသာပြန်လေ့ ရှိသော်လည်း၊ စမ္ပာနဂိုရ်၊ သင်္ကဿနဂိုရ်စသဖြင့် ပါဠိသက်ဖြင့် “နဂိုရ်” ဟုလည်းကောင်း၊ သာဝတ္ထိပြည်၊ ရာဇဂြိုဟ်ပြည်စသဖြင့် မင်းနန်းစိုက်ရာ “ပြည်” ဟုလည်းကောင်း သုံးစွဲလေ့ရှိသည်။ နဂရကဲ့သို့ပင် ခံတပ်မြို့ရိုးရှိသော မြို့များအား “ပုရ” ဟုလည်း ခေါ်သည်။ ပုရသည် ကာကွယ်ရေးအတွက် အချက်အခြာဖြစ်သော ခံတပ်မြို့များဖြစ်၍ မြို့ရိုးအတွင်း၌သာ လူနေကြသည်။ အုပ်ချုပ်ရေး၊ စီးပွားရေးအရ အချက်အခြာကျ၍ မြို့ရိုးအတွင်း အပြင်ပါလူနေထိုင်သော မြို့များအား နဂရဟု ခေါ်သည်။ “ပုရ” ဟူသော အသုံးအနှုံးသည် ဝေဒခေတ်က ထင်ရှားခဲ့၍၊ နဂရဟူသော အသုံးနှုံးသည် နောင်မှ ပေါ်ပေါက်လာသော ဝေါဟာဖြစ်သည်။

“ဇနပဒ” သည် မူရင်းအဓိပ္ပါယ်အရ တူရာရာ လူမျိုးစုများ စုဝေးအခြေချနေထိုင်ရာ အရပ်ဒေသ ဖြစ်သော်လည်း၊ နောင်တွင် နိုင်ငံရေး အုပ်ချုပ်ရေးအရ သြဇာသက်ရောက်သည့် တိုင်းနိုင်ငံ (ရဋ္ဌ) ဟူသော အဓိပ္ပါယ်ဖြင့် ခေါ်ဝေါ်သုံးစွဲသည်။ မြန်မာဘာသာတွင် “ဇနပုဒ်” ဟူသော ပါဠိသက် ဝေါဟာရအား “ကျေးလက်တောရွာ၊ ရွာငယ်”ဟူသော အဓိပ္ပါယ်ဖြင့် ခေါ်ဝေါ် သုံးစွဲလေ့ရှိကြသော်လည်း၊ ပါဠိစာပေများမှ ဇနပဒသည် ဂါမ၊ နိဂမ၊ နဂရတို့ထက် ပိုမိုကျယ်ဝန်းသော တိုင်းနိုင်ငံကို ဆိုလိုပါသည်။ ဗုဒ္ဓခေတ်တွင် ထင်ရှားသော တိုင်းကြီး (မဟာဇနပဒ) ၁၆-တိုင်းရှိကြောင်း အင်္ဂုတ္တရနိကာယ် (အံ-၃-၇၁၊ ဥပေါသထသုတ်) စသော သုတ္တန်များတွင် ဖော်ပြထားသည်။

၁။ အင်္ဂ
၂။ မဂဓ
၃။ ကာသိ
၄။ ကောသလ
၅။ ဝဇ္ဇီ
၆။ မလ္လ
၇။ စေတိ
၈။ ဝံသ
၉။ ကုရု
၁၀။ ပဉ္စာလ
၁၁။ မစ္ဆ (မဇ္ဈ)
၁၂။ သူရသေန
၁၃။ အဿက (*)
၁၄။ အဝန္တိ (*)
၁၅။ ဂန္ဓာရ (*)
၁၆။ ကမ္ဗောဇ (*)

ဒီဃနိကာယ် ဇနဝသဘသုတ်တွင် တိုင်းနိုင်ငံများအား (ဒီ-၂-၂၇၃) တွင် ရတနာသုံးပါးအား ကြည်ညိုကြသော တိုင်းနိုင်ငံသားများအား ဖော်ပြရာတွင် တိုင်းကြီး ၁၆-တိုင်းအနက် (*သင်္ကေတပြထားသည့်) နောက်ဆုံး ၄-တိုင်းအား ချန်လှပ်၍ ကျန်တိုင်းကြီး ၁၂-တိုင်းကိုသာ ဖော်ပြထားသည်ကို တွေ့ရ၏။ အဿက၊ အဝန္တိ၊ ဂန္ဓာရ၊ ကမ္ဗောဇတိုင်းတို့သည် မဇ္ဈိမဒေသ၏ ပြင်ပ (ပစ္စန္တိမ ဇနပဒ) တွင် တည်ရှိသည် ဆိုသော်လည်း၊ မဇ္ဈိမဒေသနှင့် ကုန်ကူးသန်းရောင်းဝယ် ဆက်ဆံနေကြလေသည်။ မဇ္ဈိမဒေသ၏ မြောက်ပိုင်းရှိ ဂန္ဓာရနှင့် ကမ္ဗောဇတိုင်းတို့သည် မြောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း (ဥတ္တရာပထ) ပေါ်တွင် တည်ရှိ၍ ဥတ္တရာပထ တိုင်းနိုင်ငံများဟု ခေါ်လေ့ရှိသည်။ ထို့အတူပင် မဇ္ဈိမဒေသနှင့် တောင်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း (ဒက္ခိဏာပထ) ဆက်သွယ်ထားသော အဿက၊ အဝန္တိစသော တိုင်းနိုင်ငံများအား ဒက္ခိဏာပထ တိုင်းနိုင်ငံများဟုလည်း ခေါ်သည်။ ဥတ္တရာပထနှင့် ဒက္ခိဏပထ တိုင်းနိုင်ငံများသည် မဇ္ဈိမဒေသ၏ ပြင်ပတွင်ရှိသည် ဆိုသော်လည်း၊ အရှင်မဟာကပ္ပိန၊ အရှင်မဟာကစ္စည်း၊ အရှင်ဗာဟိယဒါရုစရိယစသည့် ထင်ရှားသော သာဝကကြီးများသည် ဥတ္တရာပထနှင့် ဒက္ခိဏပထ အရပ်ဒေသများမှ ဖြစ်ကြလေသည်။

သီဟိုဠ်မှ အရှင်မောဂ္ဂလာန်ပြုစုသော အဘိဓာနပ္ပဒီပိကာခေါ် ပါဠိအဘိဓာန်ကျမ်း ဘူမိဝဂ်တွင် အောက်ပါအတိုင်း ဇနပဒ ၂၁-တိုင်း၏ အမည်ကို ဖော်ပြထားသည်။ (¤) သင်္ကေတပြထားသော တိုင်းများသည် ပါဠိတော်လာ တိုင်းကြီး (မဟာဇနပဒ) ၁၆-တိုင်းတွင် မပါဝင်သော တိုင်းနိုင်ငံများ ဖြစ်သည်။

၁။ ကုရု
၂။ သက္က (¤)
၃။ ကောသလ
၄။ မဂဓ
၅။ သိဝိ (¤)
၆။ ကလိင်္ဂ (¤)

၇။ အဝန္တိ
၈။ ပဉ္စာလ
၉။ ဝဇ္ဇီ
၁၀။ ဂန္ဓာရ
၁၁။ စေတိ
၁၂။ ဝင်္ဂ (¤)
၁၃။ ဝိဒေဟ (¤)

၁၄။ ကမ္ဗောဇ
၁၅။ မဒ္ဒ (¤)
၁၆။ ဘဂ္ဂ (¤)

၁၇။ အင်္ဂ
၁၈။ သီဟဠ (¤)
၁၉။ ကသ္မီရ (¤)

၂၀။ ကာသိ
၂၁။ ပဏ္ဍ၀ (¤)

စာညွှန်း
၁။ မဇ္ဈိမဒေသ မြိုရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊ သာဝတ္ထိမြန်မာကျောင်း ဆရာတော်
၂။ Indian Buddhism, A.K. Warder
၃။ The Great Transformation: The world in the time of Buddha, Socrates, Confucius and Jeremiah, Karen Armstrong
၄။ Foreign Trade And Commerce In Ancient India, Prakash Charan Prasad
၅။ Dāna: Giving and Getting in Pali Buddhism, Ellison Banks Findly

Thursday, May 10, 2012

မဇ္ဈိမဒေသ နယ်နိမိတ်

ဗုဒ္ဓသာသနာ ပွင့်ထွန်းပေါ်ပေါက်လာရာ မဇ္ဈိမဒေသ၏ နယ်နိမိတ်အား
(၁) အရှေ့ဖက်တွင် ကဇင်္ဂလနိဂုံး၊ ထိုနိဂုံးအလွန်မှ မဟာသာလ (အင်ကြင်းပင်ကြီး)၊
(၂) အရှေ့တောင်ဖက်တွင် သလဠ၀တီမြစ်၊
(၃) တောင်ဖက်တွင် သေတကဏ္ဏိကနိဂုံး၊
(၄) အနောက်ဖက်တွင် ထူဏပုဏ္ဏားရွာနှင့်
(၅) မြောက်ဖက်တွင် ဥသိရဒ္ဓဇတောင်ဟူသော နိမိတ် ၅-ရပ်ဖြင့် ဗုဒ္ဓမြတ်စွာ ကိုယ်တိုင် သတ်မှတ်တော်မူခဲ့သည် (၀ိနည်းမဟာဝါ၊ စမ္မက္ခန္ဓက)။

ထိုနယ်နိမိတ်တို့အား ယနေ့ခေတ်တွင် အတိအကျ သတ်မှတ် ဖော်ပြရန် မလွယ်ကူတော့သော်လည်း အကြမ်းအားဖြင့် မြောက်ဖက်တွင် ဟိမ၀န္တာတောင်တန်း၊ တောင်ဖက်တွင် ၀ိဉ္ဇတောင်တန်း (Vindhya Range) တို့ဖြင့် ပိုင်းခြားထားသော ဂင်္ဂါမြစ်ဝှမ်း လွင်ပြင်ဒေသ ဖြစ်သည်။ ဟိမ၀န္တာတောင်တွင် မြစ်ဖျားခံ၍ ဂင်္ဂါမြစ်နှင့် ပေါင်းဆုံကာ ဘင်္ဂလားပင်လယ် အတွင်းသို့ စီးဝင်သွားကြသော ဂင်္ဂါ၊ ယမုနာ၊ အစိရ၀တီ၊ သရဘူ၊ မဟီဟူသော မြစ်ကြီးငါးသွယ်တို့၏ ဖြတ်သန်း စီးဆင်းသွားသော လွင်ပြင်ဒေသ ဖြစ်လေသည်။ ယနေ့ခေတ် နီပေါနိုင်ငံတောင်ပိုင်း Terai ခေါ် ဟိမ၀န္တာတောင်ခြေ အရပ်ဒေသ၊ အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ် နှင့် Bihar ပြည်နယ်တို့ ပါဝင်ကြသည်။

မဇ္ဈိမဒေသသည် အလျား ယူဇနာ ၃၀၀၊ အနံ ၂၅၀ ယူဇနာ၊ အ၀န်း ယူဇနာ ၉၀၀ ရှိ၍ ဇမ္ဗူဒိပ်ကျွန်း၏ အလယ်တွင် ရှိကြောင်း၊ လေးထောင့် စပ်စပ် ရှိသည်မဟုတ်ဘဲ အလယ်တွင်ကျယ်၍ အဖျားနှစ်ဖက်တွင် ကျဉ်းသော မုရိုးစည် သဏ္ဍာန်ရှိကြောင်း အဋ္ဌကထာတို့တွင် ဖော်ပြလေ့ရှိသည်။

ဗုဒ္ဓမြတ်စွာပွင့်ထွန်းရာ မဇ္ဈိမဒေသတွင် လူဖြစ်ရခြင်းသည် သစ္စာတရားသိမြင်ရန် အခွင့်ကောင်း ရခြင်းဖြစ်၍၊ ပစ္စန္တိမအရပ်တွင် အသိဉာဏ်နည်းပါးသော မိလက္ခု (လူရိုင်း) အဖြစ် မွေးဖွားရခြင်းသည် အခွင့်အရေးဆုံးရှုံးမှု (အက္ခဏ) ၈-မျိုးတွင် တစ်မျိုးအဖြစ် ထည့်သွင်း ဟောကြားထားသည် (အံ-၈-၂၉။ အက္ခဏသုတ်)။ ထို အခွင့်အရေးဆုံးရှုံးမှု ၈-မျိုးအား ရှေးဆရာတော်တို့က “ရပ်ပြစ်ရှစ်ပါး” ဟုခေါ်ဝေါ်၍ သြကာသကံတော့ချိုးတွင် ထည့်သွင်းကာ၊ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ရပါစေကြောင်း ဆုတောင်းလေ့ရှိ ကြ၏။


နယ်နိမိတ် အပိုင်းအခြား


အရှေ့ဖက်နယ်နိမိတ်ဖြစ်သော ကဇင်္ဂလနိဂုံးသည် ဣန္ဒြိယဘာဝနသုတ် (မ-၃-၄၅၃) နှင့် ဒုတိယမဟာပဉှာသုတ် (အံ-၁၀-၂၈) တို့အား ဟောကြားခဲ့ရာ နေရာဖြစ်သည်။ ဂဇင်္ဂလ၊ ကဇင်္ဂလာယစသဖြင့် ရေးသည်လည်း ရှိ၏။ အေဒီ ၇-ရာစုက မဇ္ဈိမဒေသသို့ လာရောက်ခဲ့သော တရုတ် ရဟန်းတော် ရွှမ်းကျန်း(Xuan Zang)၏ မှတ်တမ်းအရ စမ္ပာမြို့မှ အရှေ့ဖက် လိပေါင်း ၄၀၀ ( ၆၇ မိုင်) သွားသော် ကဇင်္ဂလ (Kie-Ching-Kie-Lo) သို့ရောက်ကြောင်း ဖော်ပြထား၍၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရှိ Rajmahal မြို့တောင်ဖက် ၁၈-မိုင် အကွာမှ Kankjol အရပ်ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဌာနမှူး Alexander Cunningham က သတ်မှတ်သည်။ ရာဟုလာသံကိစ္စည်းက ဗုဒ္ဓစရိယာတွင် Santhal Pragnas အရပ်ဟု ဖော်ပြထားသည်။ ထိုအရပ်ဒေသ နှစ်ခုလုံးသည် အနောက်ဘင်္ဂလားပြည်နယ်၊ ဂင်္ဂါမြစ်ကြောင်း  မြောက်မှ တောင်သို့ ပြောင်းလဲ စီးဆင်းသွားရာ အနီး၌ တည်ရှိလေသည်။

မဇ္ဈိမဒေသ၏ အရှေ့တောင်ဖက် နယ်နိမိတ် သလဠဝတီြမစ် အား ယနေ့ခေတ် Salai (Shilabati) မြစ် ဟု သတ်မှတ်ကြသည်။ သလ္လာဝတီ၊ သလလဝတီ စသဖြင့်လည်း ရေးကြသည်။ တောင်ပေါက် ဆရာတော်က ဖြူဆူးများ ပေါများသဖြင့် သလလဝတီဟု ခေါ်ကြောင်း ဖော်ပြထားသည်။

မဇ္ဈိမဒေသ၏ တောင်ဖက် နယ်နိမိတ် သေတကဏ္ဏိကနိဂုံးသည် မိုက္ကာ (လချေး) အများအပြား ထွက်သော Hazaribagh နယ်ဖြစ်၍ သေတကဏ္ဏိက ဟူသောအမည်သည်ပင် region of mica ဟုအဓိပ္ပါယ်ရကြောင်း Buddhism in India: from sixth century BC to Third Century AD တွင် ဖော်ပြထားသည်။

မဇ္ဈိမဒေသ၏ အနောက်ဖက် နယ်နိမိတ် ထူဏမည်သော ပုဏ္ဏားရွာ သည် အိန္ဒိယပြည်မြောက်ပိုင်း ဟာယန (Hayana) ပြည်နယ် ကုရုခေတ္တ (Kurukshetra) ခရိုင်ရှိ ဌာနေသရ (Thanesar) အရပ်ဖြစ်ကြောင်း သတ်မှတ်ကြသည်။ ထိုအရပ်သို့ တရုတ်ရဟန်းတော် ရွှမ်းကျန်း ရောက်ခဲ့ဖူး၍၊ ထိုစဉ်က ဘုန်းကြီးကျောင်း ၃-ကျောင်း၊ ရဟန်းတော် ၇၀၀ ခန့်ရှိကာ ဟိနယာန ဗုဒ္ဓဘာသာကို သင်ယူ ပို့ချကြကြောင်း ဖော်ပြထားသည်။ ဥဒါန်းပါဠိတော် ဥဒပါနသုတ်တွင် ဗုဒ္ဓမြတ်စွာ မလ္လတိုင်းအတွင်း လှည့်လည်စဉ် ထူဏပုဏ္ဏားရွာသို့ ရောက်ကြောင်းလာသောလည်း၊ မလ္လတိုင်းသည် မဇ္ဈိမဒေသ၏ အရှေ့ပိုင်းတွင် တည်ရှိသဖြင့် မဇ္ဈိမဒေသ၏ အနောက်ဖက် နယ်နိမိတ်ဖြစ်သော ထူဏရွာ မဖြစ်နိုင်ပေ။ အမည်တူ အရပ်ဒေသသာ ဖြစ်နိုင်၏။ အချို့ကလည်း ဂရိဘုရင် အလက်ဇန္ဒားက အိန္ဒိအား လာရောက် သိမ်းပိုက်စဉ် (BC 326) တွင် မလ္လမျိုးနွယ်များသည် ပန်ဂျပ်ပြည်နယ် Ravi (ဧရာဝတီ) မြစ်ကမ်းတွင် (31°N 73°E) အခြေချ နေထိုင်နေကြကြောင်း မှတ်တမ်းအရ ထူဏရွာသည် ထိုနေရာပင် ဖြစ်ကြောင်း ယူဆကြ၏။ သို့သော် ထိုဂရိမှတ်တမ်းများမှ မလ္လမျိုးနွယ် ဆိုသူများသည် မဇ္ဈိမဒေသအရှေ့ပိုင်းမှ မလ္လများ မဟုတ်ကြဘဲ၊ ယနေ့တိုင် ပန်ဂျပ်ပြည်နယ်တွင် နေထိုင်ကြသော မလ၀ (Malwa) လူမျိုးများသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကုရုခေတ္တမှ Thanesar အရပ် (29.97°N 76.84°E) ကိုသာလျှင် မဇ္ဈိမဒေသ၏ အနောက်ဖက် နယ်နိမိတ်အဖြစ် ယူဆအပ်သည်။

မဇ္ဈိမဒေသ၏ မြောက်ဖက် နယ်နိမိတ် ဥသိရဒ္ဓဇတောင်အား ဒိဗျာဝဒါနတွင် ဥသီရဂိရိဟူသော အမည်ဖြင့်တွေ့ရ၍ ဟိမဝန္တာတောင်၏ အနိမ့်ပိုင်းမှ တောင်ထွဋ်တစ်ခု ဖြစ်နိုင်သည်။ ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဟရိဒွါရ (Haridwa) မြို့အနီးတွင် တည်ရှိသည်။ ပန်းရင်းနံ့သာမြက်မျိုး (fragrant root of Andropogon Muricatum) တို့ အများအပြား ပေါက်ရောက်သော တောင်ဖြစ်၍ ပန်းရင်းမြက်တို့ အလံတန်ခွန် ထူဘိသကဲ့သို့ ဖြစ်ခြင်းကြောင့် ဥသိရဒ္ဓဇ အမည်ရကြောင်း တောင်ပေါက် ဆရာတော်က ဖော်ပြသည်။

စာညွှန်း
၁။ ဗုဒ္ဓသာသနိက ပဌဝီဝင်ကျမ်ကြီး၊ တောင်ပေါက်ဆရာတော် 
၂။ Ancient Geography of India, Alexander Cunningham
၃။ Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal. 
၄။ Buddhism in India: from sixth century BC to Third Century AD, Ashok Kumar Anand
၅။ Haryana: Past and Present, By Suresh K Sharma
၆။ Notes on the middle countries of Ancient India, TW Rhys Davids.

Monday, May 7, 2012

မဇ္ဈိမဒေသ မှတ်စုများ

ဗုဒ္ဓဂယာနှင့် မဇ္ဈိမဒေသသို့ ဘုရားဖူး ခရီးသွားလိုသော ဆန္ဒဖြစ်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာပြီ ဖြစ်သော်လည်း၊ အကြောင်း မတိုက်ဆိုင်၍ မသွားဖြစ်သေး။ သို့သော်လည်း မကြာခဏ ဆိုသလိုပင် Google Earth ကိုသုံး၍ ဗုဒ္ဓသာသနိက နေရာဒေသ အချို့အား စိတ်မှန်းဖြင့် သွားရောက် ကြည့်ရှု ဖြစ်ပါသည်။ “Google ဖြင့် ဘုရားဖူး ထွက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဘလော့ဂ်ပေါ်တွင် ပို့စ်များ ရေးတင်ရန် အကြံ ဖြစ်ခဲ့သည်။ မော်လမြိုင် တောင်ပေါက် ဆရာတော်၏ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းကြီးနှင့် Wikipedia ကဲ့သို့ ကွန်ယက်ပေါ်မှ သတင်းအချက်အလက်များ အားကိုးဖြင့် စိတ်ကူးပေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထင်သလောက် မလွယ်ကူခဲ့။ အချို့ နေရာဒေသများအတွက် မြန်မာ အက္ခရာဖြင့် ရေးထားသော နေရာအချို့အား အင်္ဂလိပ် အက္ခရာများသို့ ပြန်၍ ဖလှယ်ရန် မှန်းဆရသည်မှ စ၍၊ အခြားသော စာအုပ်တို့မှ ဖော်ပြချက်နှင့် ကွဲလွဲနေသည်တို့ကို ပြန်လည် တိုက်ဆိုင်ရခြင်း၊ နေရာဒေသအမည် သိသည့်တိုင် ထိုနေရာများသည် Google Earth တွင် ရှိမနေခြင်း၊ လတ္တီတွဒ် လောင်ဂျီတွဒ် အတိအကျ မသိရခြင်းစသော အခက်အခဲများနှင့် တွေ့ရပါသည်။ ပို့စ်ရေးရန်အတွက် မှတ်ထားသော မှတ်စုအတိုအထွာများ၊ အကြမ်း ရေးခြစ်ထားသည့် မြေပုံအတိုအစများသာများ၍ လာခဲ့သည်။ ထိုမှတ်စုများကလည်း မူလကစိတ်ကူးခဲ့သည့် ခေါင်းစဉ်နှင့်လည်း သိပ် မဆီလျော်တော့။ “Google ဖြင့် ဘုရားဖူး ထွက်ခြင်း” ဆိုသည့် ခေါင်းစဉ်အစား၊ ထိုထိုမှတ်စုများကိုသာ “မဇ္ဈိမဒေသ မှတ်စုများ” ဟူသော ခေါင်းစဉ်ဖြင့် အလျဉ်းသင့်သလို တင်သွားပါမည်။

ဗုဒ္ဓခေတ် မဇ္ဈိမဒေသ တိုင်းနိုင်ငံများ မြေပုံ


တောင်ပေါက်ဆရာတော်၏ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းမှ ဗုဒ္ဓသာသနိက မြေပုံတော်ချုပ်နှင့် အခြားအချက်အလက်များအား တိုက်ဆိုင်၍ http://www.naturalearthdata.com မှရသော raster data ပေါ်တွင် ဆွဲထားပါသည်။

စာအုပ်အချို့နှင့် ebook links များ

၁။ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းကြီး၊ မော်လမြိုင် တောင်ပေါက်ဆရာတော် အရှင်စက္ကပါလ
၂။ ဗုဒ္ဓနိုင်ငံတော်၊ ရွှေကျင်သာသနာပိုင် ဆရာတော် အရှင်သံဝရာဘိဝံသ။ ပထမတွဲ ဒုတိယတွဲ
၃။ မဇ္ဈိမဒေသသမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊ သာဝတ္ထိမြန်မာကျောင်း ဆရာတော်ဦးသြဘာသ
၄။ Buddhist Dictionary of Pali Proper Names, G P Malalasekera
၅။ Buddhist India, TW Rhys Davids
၆။ The Ancient Geography of India, Alexander Cunningham
၇။ Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal. Vol 1 & Vol 2
၈။ Some Ksatriya Tribes of Ancient India, BC Law

Thursday, April 19, 2012

The Lady

သားကြီးရေချမ်း ကျောင်းမှ အင်္ဂလိပ်ဆရာမက ဝယ်ပြီး၊ တတန်းလုံးကို ဝေလို့ ရလာခဲ့တဲ့ Asian Geographic read (issue 3/2012)ရဲ့ မျက်နှာဖုံးပုံနဲ့ အတွင်းမှာပါတဲ့  ဆောင်းပါးဖြစ်ပါတယ်။