Sunday, October 28, 2012

သင်္ကဿနဂိုရ်

မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်တွင် ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူ၍ သီတင်းကျွတ် လပြည့် ပဝါရဏာနေ့သို့ ရောက်သော် သိကြားမင်း ဖန်ဆင်းသည့် ရွှေ၊ ပတ္တမြား၊ ငွေတို့ဖြင့် ပြီးသော စောင်းတန်းသုံးသွယ် အနက် အလယ် ပတ္တမြား စောင်းတန်းဖြင့် နတ်ဗြဟ္မာတို့ ခြံရံကာ သင်္ကဿနဂိုရ်ပြည် တံခါးဝသို့ ဆင်းသက်ခဲ့ကြောင်းကို ဓမ္မပဒအဋ္ဌကထာ ဒေဝေါရောဟဏဝတ္ထုတွင် အကျယ်တဝင့် ရေးသား ဖော်ပြထားသည်။ မြတ်စွာဘုရားအား ဦးစွာပထမ အရှင်သာရိပုတ္တ၊ ထို့နောက် အရှင်မ ဥပ္ပလဝဏ္ဏထေရီ တို့က ခရီးဦး ကြိုဆိုကြပြီးနောက် အခြားပရိသတ်အပေါင်းတို့က ဖူးမြှော် ကြိုဆိုကြကြောင်း သုတ္တနိပါတ် အဋ္ဌကထာ (အဋ္ဌကဝဂ် သာရိပုတ္တသုတ်အဖွင့်) တွင် ဖော်ပြထား၏။

ဗုဒ္ဓဝင်အဋ္ဌကထာ စသည်တို့၌
(၁) ဘုရားပွင့်တော်မူရာ ဗောဓိပလ္လင်၊
(၂) ဓမ္မစကြာတရားဦး ဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တော၊
(၃) နတ်ပြည်မှ ဆင်းသက်စဉ် ခြေဦးချတော်မူရာ သင်္ကဿမြို့တံခါး၊
(၄) ဇေတဝန်ကျောင်း ဂန္ဓကုဋိရှိ ကုတင် ခြေထောက် လေးချောင်းချရာ၊ ဤလေးနေရာတို့သည် ဘုရားရှင်တိုင်း မစွန့်သော အဝိဇဟိတဋ္ဌာန လေးနေရာ အဖြစ် အထူး ဖော်ပြထားသည်။ မဇ္ဈိမနိကာယ် ပါသရာသိသုတ်အဖွင့် အဋ္ဌကထာ၌ ဤနေရာလေးပါးအား အစလစေတိယ ဋ္ဌာန (မရွှေ့ပြောင်းသော အထိမ်းအမှတ် နေရာ) လေးပါးဟု ဖော်ပြထားသည်။

အရေးပါသည့် ဗုဒ္ဓဝင်နေရာအဖြစ် သတ်မှတ်ကြသည့် အားလျှော်စွာ သင်္ကဿသို့ အသောကမင်းကြီး (204 BCE ဝန်းကျင်) ၊ တရုတ်ရဟန်းတော် ဖာရှန် (Faxian ဖာဟီယန်ဟု အသိများ 404 CE ဝန်းကျင်)၊ ရွှန်ကျန် (Xuanzang 636 CE ဝန်းကျင်) တို့ လာရောက် ဖူးမြော်ခဲ့ကြ ဖူးသည်။ နောင်တွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓသာသနာ တိမ်ကော သွားသောအခါ၊ သင်္ကဿသည်လည်း အခြား ဗုဒ္ဓဝင်နေရာများ နည်းတူ မေ့လျော့ ပျောက်ကွယ် နေခဲ့၏။ ၁၈၄၂-ခုနှစ်သို့ရောက်မှ ဗြိတိသျှလူမျိုး ကျောက်စာဝန် Alexander Cunningham က တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းများအား အမှီပြုကာ သင်္ကဿမြို့ဟောင်းနေရာအား ပြန်လည် ထုတ်ဖော်နိုင်ခဲ့သည်။
Relief showing the Descent of the Buddha, grey schist, 3rd century AD, Gandhara. © Victoria and Albert Museum, London

သင်္ကဿမြို့တည်နေရာ


တရုတ် ရဟန်းတော် ဖာရှန်၏ မှတ်တမ်းအရ သင်္ကဿမြို့ (Seng-Kia-She) သည် မထုရာမြို့မှ အရှေ့ဖက် ၁၈-ယူဇနာ အကွာတွင်ရှိ၍၊ သင်္ကဿမှ အရှေ့တောင်ဖက် ၇-ယူဇနာတွင် ကဏ္ဏကုဇ္ဇမြို့ (ယနေ့ခေတ် Kannauj) ရှိသည်။ တရုတ် ရဟန်းတော် ရွှန်ကျန်က သင်္ကဿမြို့အမည်ကို ကပိထ (Kie-Pi-Tha) ဟု ဖော်ပြခဲ့သည်။ ဗုဒ္ဓစာပေများအရ သင်္ကဿမြို့သည် သာဝတ္ထိမှ ယူဇနာ-၃၀ ကွာဝေးပြီး (ဓမ္မပဒ အဋ္ဌကထာ ဒေဝရောဟဏဝတ္ထု)၊ သောရေယျမြို့ (ယနေ့ Soron) နှင့် ကဏ္ဏကုဇ္ဇမြို့အကြား ခရီးလမ်းပေါ်တွင် တည်ရှိသည် (ဝိနည်းပါရာဇိကဏ်-၂၃ ။ဝိနည်းစူဠဝါ-၄၅၁)။ Alexander Cunningham က သင်္ကဿမြို့သည် ယနေ့ခေတ် Farukkhabad မြို့၏ အနောက်ဖက် ၃၇-ကီလိုမီတာ အကွာရှိ သံကိသ-ဝသန္တပုရ (Sankisa-Basantpur) အမည်ရှိသော ရွာလေး (27.338°N  79.271°E) ဖြစ်ကြောင်း သတ်မှတ်ဖော်ထုတ်ခဲ့သည်။ ထိုရွာလေးသည် ကာလီမြစ်၏ နံဘေးတွင် တည်ရှိ၍ Agra မှ ၁၆၀ ကီလိုမီတာ၊ Kannuj မှ ၈၀-ကီလိုမီတာ၊ Lucknow မှ ၁၈၀-ကီလိုမီတာ ကွာဝေးသည်။




ထင်ရှားသည့် နေရာဌာနများ


တရုတ် ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ သင်္ကဿမြို့ရှိ ထင်ရှားခဲ့သော နေရာဌာနများမှာ -
(၁) စောင်းတန်း လှေကားရင်းတွင် တည်ထားသော စေတီ နှင့် အသောကမင်း ကျောက်စာတိုင်
(၂) ဘုရားလေးဆူတို့ သီတင်းသုံး နေထိုင် စင်္ကြံလျှောက်ရာ အရပ်တွင် တည်ထားသော စေတီ
(၃) မြတ်စွာဘုရား ရေသပ္ပါယ်ရာ နေရာ ရေချိုးအိမ်
(၄) သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ မြေပြင်သို့လိုက်ပါ ဆင်းသက်ခဲ့သော နေရာတွင် တည်ထားသော စေတီငယ် နှစ်ဆူ
(၅) နတ်ပြည်မှ ဆင်းသက်လာသော မြတ်စွာဘုရားအား အရှင်မ ဥပ္ပလဝဏ္ဏထေရီ ခရီးဦးကြိုပြုခဲ့သော နေရာ၌ တည်ထားသော စေတီ
(၆) မြတ်စွာဘုရား ဆံတော် ခြေသည်း လက်သည်းတော်တို့ကို ပယ်ဖြတ်သည့်နေရာ၌ တည်ထားသည့် စေတီ
(၇) နဂါးနတ်ကွန်းနှင့် နဂါးအိုင် တို့ဖြစ်သည်။
စောင်းတန်း လှေကားရင်းတွင် တည်ထားကိုးကွယ်သော အစလစေတီအား တရုတ်ရဟန်းတော်များက ဤသို့ မှတ်တမ်း တင်ခဲ့ကြသည်။

“… မြတ်စွာဘုရား မြေပြင်သို့ရောက်သည်နှင့် စောင်းတန်း သုံးသွယ်တို့သည် မြေသို့ ငုတ်လျှိုး၍ ကွယ်ရာ၊ လှေကား ခုနှစ်ထစ်သာ မြေပြင်တွင် ပေါ်လေသည်။ နောင်သော် အသောကမင်းသည် စောင်းတန်း၏ အခြေတည်ရာကို သိလိုသဖြင့် တူးဖော်စေရာ ရေအဝါ ထွက်သည့်တိုင် (ငရဲပြည်စပ်ကို ဆိုလို) ရောက်သော်လည်း စောင်းတန်း၏ အခြေကို မတွေ့ရပေ။ အသောကမင်းသည် အလွန်ပင် အံ့သြ ကြည်ညိုတော်မူသဖြင့် လှေကားခုနှစ်ထစ်ပေါ်တွင် ကျောင်းဆောက်လုပ်ကာ၊ အလယ်စောင်းတန်းထိပ်၌ ဉာဏ်တော် ၁၆-ပေရှိသော ရုပ်ပွားဆင်းတုတော်ကို တည်ထား ကိုးကွယ်၏။ ကျောင်းတော်၏ အနောက်ဖက်တွင်လည်း အတောင် ၃၀-ခန့်မြင့်၍ ထိပ်တွင် ခြင်္သေ့ရုပ်ပါရှိသော ကျောက်စာတိုင်ကို ထူထားလေသည်။ ကျောက်စာတိုင်၏ လေးမျက်နှာတွင် ဖန်သားသဖွယ် ကြည်လင်လှသော ရုပ်ပွားဆင်းတုတော် လေးဆူကို တည်ထား၏။” (Faxian – Records of Buddhistic Kingdom)
Amaravati ရှိ ထုံးကျောက်ပြားတွင် ထွင်းထုထားသော အစလစေတီ ပုံစံတူ © British Museum

“ထိုစောင်းတန်း လှေကား သုံးသွယ်သည် ရှေးရာစုနှစ်များစွာက မူလအတိုင်းရှိခဲ့သော်လည်း၊ ယခုအခါတွင် မြေသို့ ငုတ်လျိုးပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထိုအခါတွင် အနီးအပါးရှိ တိုင်းနိုင်ငံတို့မှ မင်းသားတို့သည် ဝမ်းနည်းတသဖြစ်ကြ၍ ထိုနေရာတွင် အုတ်ကျောက်တို့ဖြင့် ရတနာများစီချယ်ကာ အလားသဏ္ဍာန်တူ စောင်းတန်းသုံးသွယ်ကို ဆောက်လုပ်ခဲ့ကြသည်။ အမြင့်ပေ ၇၀-ရှိ၏။ စောင်းတန်းထိပ်တွင် ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်ကာ၊ ဘေးတဖက်တချက်တွင် သိကြားမင်း၊ ဗြဟ္မာမင်းတို့ ခြံရံထားသည့်ဟန် ရုပ်ပွားဆင်းတုတော်အား ကျောက်ဖြင့် ထုလုပ်ကိုးကွယ် ခဲ့ကြသည်။”

“ကျောင်းတိုက်၏ အပြင်ဖက် အနီးအနားတွင် ပေ ၇၀-မြင့်သော ကျောက်တိုင်တစ်ခုကို အသောကမင်းက တည်ထားခဲ့သည်။ ကျောက်တိုင်မှာ ခရမ်းရောင်ရှိ၍ စိုစွတ်လျှင် အရောင်တောက်ပ၍နေသည်။ ကျောက်တိုင်၏ ထိပ်ဖျားတွင် စောင်းတန်းလှေကားဖက်သို့ မျက်နှာမူ၍ ထိုင်နေသော ခြင်္သေ့ရုပ် ထုလုပ်ထားသည်။ ကျောက်စာတိုင် ပတ်လည် လေးဖက်လေးတန်တွင် အလွန်အံ့ချီးဖွယ်ကောင်းသော ရုပ်ပုံများထုလုပ်ထား၍ ဖူးမြင်သူတို့၏ ကောင်းဆိုး စရိုက်အလိုက် ထိုရုပ်ပုံများ ပေါ်လေသည်။” (Xuanzang – Records of Western Countries)

ဒဏ္ဍရီဆန်ဆန် အသေးစိတ် အချက်အလက် အချို့ကွဲလွဲနေသော်လည်း ထိုဘုရားဖူးရဟန်းတော်များ ရောက်ခဲ့စဉ်က အစလစေတီနှင့် ခြင်္သေ့ရုပ်ပါသော အသောက ကျောက်စာတိုင်ရှိကြောင်း သိရသည်။

တရုတ်ရဟန်းတော် ဖာရှန် ရောက်ရှိခဲ့ချိန်တွင် ဘိက္ခု ဘိက္ခုနီသံဃာ တစ်ထောင်ခန့်ရှိကြောင်း အချို့မှာ မဟာယာနဖြစ်ပြီး၊ အချို့မှာ ဟိနယာနဖြစ်ကြောင်း ဖော်ပြထားသည်။ ရဟန်းတော် ရွှန်ကျန်၏ မှတ်တမ်းအရ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း လေးကျောင်းရှိ၍ သံဃာအပါး တစ်ထောင်ခန့် ရှိ၍၊ ဟိနာယာန ဂိုဏ်းခွဲဖြစ်သော သမ္မိတိယဂိုဏ်းဝင် ရဟန်းတော်များ ဖြစ်ကြောင်း၊ နတ်ကွန်း ဆယ်ခုရှိပြီး မဟေသွရ (သီဝနတ်) ကို ကိုးကွယ်ပူဇော်သူများလည်း ရှိကြောင်း သိရသည်။

တရုတ် ရဟန်းတော် နှစ်ပါးလုံးက သင်္ကဿမှ နဂါးအိုင်နှင့် နတ်ကွန်း အကြောင်းကို ဖော်ပြထား၏။ ရဟန်းတော် ရွှန်ကျန်က အစလစေတီ၏ အရှေ့တောင်ဖက် အရပ်တွင် နဂါးအိုင် ရှိကြောင်းသာမာန်မျှ ဖော်ပြခဲ့၍ ရဟန်းတော် ဖာရှန်က ထိုနဂါးသည် မိုးလေဝသ မှန်ကန်၍ စိုက်ပျိုးရေး ကောင်းမွန်စေရန် စောင့်ရှောက် ပေးနေသောကြောင့် သာသနာ့ဒါယကာ နဂါးမင်းအဖြစ် ဖော်ပြထားသည်။ ထို့ကြောင့် ရဟန်းတော်တို့ကပင် နဂါးနတ်ကွန်းကို ဆောက်လုပ်ပေးထား၏။ မိုးလရာသီကုန်သော် ထိုနဂါးသည် မြွေအသွင်သို့ ပြောင်းသွားလေ့ရှိ၍ ရဟန်းတော်တို့က ကြေးဖလားတွင် ထည့်ကာ လှည့်လည် အပူဇော်ခံလေ့ရှိကြောင်း ဖော်ပြထားသည်။

ရှေးဟောင်းသုသန ရှာဖွေ တူးဖော်မှု


ဗြိတိသျှလူမျိုး ကျောက်စာဝန် Alexander Cunningham သည် သင်္ကဿမြို့ဟောင်း နေရာအား ၁၈၄၂-ခုနှစ်ကတည်း သတ်မှတ်နိုင်ခဲ့သော်လည်း၊ ၁၈၆၂-ခု နှစ်ကုန်ပိုင်း ရောက်မှ တူးဖော် လေ့လာနိုင်ခဲ့သည်။ သင်္ကဿမြို့ဟောင်းအဖြစ် အတည်ပြုခဲ့သော သံကိသရွာသည် အနီးဝန်းကျင်ရှိ လယ်ကွင်း မြေပြင်အထက် ၄၁-ပေခန့်မြင့်သော တောင်ကုန်းမြင့်လေးပေါ်တွင် တည်ရှိသည်။ ဒေသခံတို့က ထိုကုန်းမြင့်လေးအား Kilah (ခံတပ်) ဟုခေါ်သည်။ အရှေ့အနောက် အလျား ပေ-၁၅၀၀ ရှိ၍ အနံမှ ပေ-၁၀၀၀ ကျယ်သည်။ မြောက်ဖက်နှင့် အနောက်ဖက်တွင် ကုန်းသည် မတ်စောက်၍ အခြားဖက်တွင် ပြေ၏။
(from Reports – Indian Archeological Survey, Alexander Cunningham)

ဤ ခံတပ်ဟောင်း၏ အလယ်မှ တောင်ဖက်တည့်တည့် ပေ ၁၆၀၀ အကွာတွင် အုတ်ပုံတစ်ခုရှိ၍ ထိုအုတ်ပုံ၏ အထက်တွင် ဗာသရီ နတ်သမီး (Basari Devi) အတွက် ဆောက်လုပ်ထားသော ခေတ်သစ်လက်ရာ နတ်ကွန်းတစ်ခု ရှိသည်။ နတ်ကွန်းမှ မြောက်ဖက် ပေ ၄၀၀ တွင် ဆင်ရုပ် ထုထားသော ရှေးကျောက်စာတိုင်၏ ထိပ်ပိုင်းကို ရှာဖွေတွေ့ရှိရသည်။ ထို့အပြင် ကျောက်စာတိုင်၏ အရင်းကို ရှာဖွေ၍ မတွေ့ရသေးပေ။ တရုတ်ဘုရားဖူး ရဟန်းတော်များ၏ မှတ်တမ်းအရ အသောက ကျောက်စာတိုင်၏ ထိပ်ပိုင်းသည် ခြင်္သေ့ရုပ် ဖြစ်ရမည် ဖြစ်သော်လည်း ယခုတွေ့ရှိရသော ကျောက်စာတိုင်ထိပ်မှာ ဆင်ရုပ် ဖြစ်နေ၏။ ကျောက်စာတိုင်ထိပ်မှ ဆင်ရုပ်တွင် နှာမောင်းနှင့် အမြီးတို့ မရှိတော့သဖြင့် အကယ်၍ အတောင် ၃၀-အမြင့်တွင် ရှိသော ဆင်ရုပ်အား အောက်မှ မော့ကြည့်လျှင် ခြင်္သေ့ရုပ်အဖြစ် အမှတ် မှားကောင်း မှားနိုင်သည်ဟုသာ Cunningham က မှတ်ချက်ပြုခဲ့သည်။ (မှတ်ချက်။ ဆရာ မောင်အံ့ (မဟာဝိဇ္ဇာဘုံဘေ) ၏ “မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ” စာအုပ်တွင် နွားရုပ်အဖြစ် မှားယွင်း ဖော်ပြထားသည်)။
Capital of Asoka Pillar from Reports – Indian Archeological Survey, Alexander Cunningham
ဗာသရီနတ်ကွန်း၏ တောင်ဖက် ပေ ၂၀၀ တွင် စေတီပျက် တခုရှိသည်။ နတ်ကွန်းမှ အရှေ့ဖက် ပေ ၆၀၀ အကွာတွင် အလျား ပေ-၆၀၀ အနံ ပေ-၅၀၀ ရှိ ကုန်းမြင့် တခုရှိသည်။ ဒေသခံတို့က Navi-ka-kot ခေါ်သည်။ ဘုန်းကြီးကျောင်းပျက် တစ်ခု ဖြစ်နိုင်လေသည်။ ထိုမှ အရှေ့မြောက်နှင့် အရှေ့တောင်ဖက်တို့တို့တွင် စေတီပျက် ဖြစ်ဟန်တူသော အဝန်းအဝိုင်းပုံ ကုန်းမို့များ ရှိသည်။ အပြင်မြို့ရိုးဟောင်းသည် ၃-မိုင်ခွဲခန့် ကျယ်၏။ မြို့ရိုးဟောင်းသည် အရှေ့ဖက်၊ အရှေ့တောင်နှင့် အရှေ့မြောက် သုံးနေရာတွင် ပွင့်ပေါက်နေ၍ ဒေသခံတို့က မြို့တံခါးဟု ဆိုကြသည်။ အရှေ့တောင်ဖက် အပေါက်တွင် တံခါးပေါက်ရွာဟု အဓိပ္ပါယ်ရသော Paori-Kheria အမည်ရှိသည့် ရွာတရွာ ရှိသည်။ ဟိန္ဒူဘာသာစကားဖြင့် Paur ဟု ရေးပါက တံခါးပေါက်ဟု အဓိပ္ပါယ် ရမည်ဖြစ်သော်လည်း Paor ဟု ရေးထားသဖြင့် “လှေကားထစ်” ဟုလည်း အဓိပ္ပါယ် ရနိုင်လေသည်။

ထို့ကြောင့် ယနေ့ ဆင်ရုပ် ကျောက်စာတိုင် တည်ရာနေရာသည် တရုတ်ရဟန်းတော်များ၏ မှတ်တမ်းတွင်ပါသော အသောက ကျောက်စာတိုင်၏ မူလနေရာဖြစ်ပါက ဗာသရီနတ်ကွန်းတည်ရာ ကုန်းမြင့်သည် အစလစေတီတည်ရာ ဖြစ်မည်ဖြစ်၍၊ ကျောက်စာတိုင် အကျိုး ထိပ်ပိုင်းအား အခြားတနေရာမှ ပြောင်းရွှေ့ထားခြင်း ဖြစ်ပါက Paori-Kheria ရွာနေရာသည် အစလစေတီတည်ရာ ဖြစ်ပေလိမ့်မည်။ အများစုမှာ ဗာသရီနတ်ကွန်းနေရာအား အစလစေတီတည်ရာ အဖြစ်လည်းကောင်း၊ Navi-ka-kot မှ အရှေ့ဖက် အုတ်ပုံကုန်းမြေ သုံးခုသည် အခြား စေတီသုံးဆူတို့၏ နေရာအဖြစ်လည်းကောင်း လက်ခံယုံကြည် ထားကြလေသည်။

ယနေ့ခေတ်တွင် အခိုင်အမာ သတ်မှတ်နိုင်သော နေရာမှာ နဂါးအိုင်သာ ဖြစ်၍ (တရုတ်ရဟန်းတော် ရွှန်ကျန် ဖော်ပြခဲ့သည့်အတိုင်း) ကျောင်းတော်ရာ အုတ်ပုံများ၏ အရှေ့တောင်ဖက် အရပ်၌ ရှိကြောင်း Cunningham ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒေသခံတို့က ထိုနဂါးအား ကာရေဝါနတ်နဂါး (Kārewar Nāg Devatā) ဟုခေါ်၍ နဂါးအိုင်အား Kāndaiya Tāl ဟုခေါ်သည်။ ယနေ့ထက်တိုင် နှစ်စဉ် ကဆုန်လပြည့်နေ့ (ဝိသာခနေ့) နှင့် မိုးခေါ်လိုသည့်အခါတိုင်း နဂါးနတ်ကွန်းတွင် နွားနို့ရည်များ သွန်းလောင်း၍ ပူဇော်ပသကြသည်။ ထို နဂါးပူဇော်ပွဲသည် ဟိန္ဒူဘာသာမှ နာဂပဉ္စမီ (Nāg Panchamī)နှင့် မသက်ဆိုင်ဘဲ၊ သင်္ကဿ ဒေသခံတို့၏ သီးခြား ယုံကြည်ကိုးကွယ်မှု ဖြစ်လေသည်။

သင်္ကဿနဂိုရ်နှင့် ဘာသာရေးပဋိပက္ခ


တခါက ဘာသာခြား တတ္ထိယဂိုဏ်းဆရာတို့နှင့် ရဟန်းတော်တို့ နေရာပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုဖြစ်ရာ၊ ရဟန်းတော်တို့သည် အမှုရှုံး၏။ ထိုအခါတွင် ရဟန်းတော်က “ဤနေရာသည် ဗုဒ္ဓဘာသာ ရဟန်းတော်တို့၏ နေရာအမှန်ဖြစ်ပါက အံ့ဖွယ်ရာ တန်ခိုး ပြပါစေသား” ဟု သစ္စာဆိုကြသော်၊ ကျောက်စာတိုင်ထိပ်မှ ခြင်္သေ့ရုပ်သည် ကျယ်လောင်စွာ ဟိန်းဟောက် သက်သေထူသဖြင့် တတ္ထိဂိုဏ်းဆရာတို့ ကြောက်လန့်ကာ ထွက်ပြေးကြဖူး၏။” (Faxian – Records of Buddhistic Kingdoms)

သင်္ကဿတွင် နေရာပိုင်ဆိုင်မှုနှင့် စပ်လျှင်း၍ ဘာသာရေး ပဋိပက္ခ ဖြစ်လေ့ရှိခဲ့ကြောင်းကို တရုတ် ရဟန်းတော် ဖာရှန်က ဒဏ္ဍာရီဆန်ဆန် မှတ်တမ်း တင်ထား၏။ ယနေ့တိုင်လည်း ဗုဒ္ဓသာသနိက မြေများပေါ်တွင် နတ်ကွန်းများ တည်ရှိနေသဖြင့် မကြာခဏ ဘာသာရေးပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်။ နှစ်စဉ် ပဝါရဏာနေ့တိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့က ဓမ္မယတြာ ခေါ် စီတန်းလှည့်လည် ပူဇော်ပွဲကျင်းပလေ့ရှိရာ ၂၀၀၁ - ခုနှစ်က အဓိကရုဏ်းဖြစ် ပွားခဲ့သည်။ ထိုမှစတင်၍ ပဝါရဏာနေ့ စီတန်းလှည့်လည်ပွဲကို ကျင်းပခွင့် မပြုတော့ကြောင်း သိရသည်။
စာညွှန်း 
The Ancient Geography of India, Alexander Cunningham
Reports – Indian Archeological Survey, Alexander Cunningham
A Record of Buddhistic Kingdoms, Chapter XVII, Fa-Hsien (Faxian)
Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal
Where the Buddha Walked: A Companion to the Buddhist Places of India, Rana P.B. Singh 
Buddhist Pilgrimage (New Edition 2009), Chan Khoon San
 မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ - မောင်အံ့ (မဟာဝိဇ္ဇာ ဘုံဘေ) 
ဖာဟီယန် ခရီးစဉ် - အရှင်ဝိလာသ 
http://articles.timesofindia.indiatimes.com/2001-11-02/india/27238409_1_clashes-three-policemen-buddhists.

Thursday, October 18, 2012

ဘရုဇာတ်

“မင်းကြီး… ဆန္ဒာဂတိနောက် လိုက်သူ မဖြစ်စေသင့်။ ဘာသာရေးဂိုဏ်း အချင်းချင်း ပဋိပက္ခ မဖြစ်ပွားစေသင့်။”

ဗုဒ္ဓမြတ်စွာလက်ထက်က တိတ္ထိတို့သည် ဇေတဝန်ကျောင်း အနီးအပါးတွင် ကျောင်းဆောက်လုပ်ရန် ကြိုးပမ်းကြ၏။ ထိုအကြောင်းကို သိသော် အသံဗလံ ဆူညံခြင်းမှအစ မသင့်လျော်လှသဖြင့် ရဟန်းတို့အား ကောသလမင်းထံ သွားရောက်ကာ ကန့်ကွက်စေ၏။ စင်စစ် ကောသလမင်းကြီးသည် တိတ္ထိတို့ထံမှ တန်စိုးလက်ဆောင်ယူကာ ခွင့်ပြုထားခြင်း ဖြစ်၍ ရဟန်းတို့အား အတွေ့မခံဘဲ ရှောင်၍ နေလေသည်။ အဂ္ဂသာဝကနှစ်ပါး စေလွှတ်သော်လည်း အတွေ့မခံဘဲ ရှောင်မြဲရှောင်၍ နေလေသည်။ ဤတွင် နောက်တနေ့ နံနက်စောစော၌ ဘုရားရှင်ကိုယ်တိုင် ရဟန်း ၅၀၀ တို့အား ခေါ်ဆောင်ကာ နန်းတော်သို့ ကြွ၍ ကောသလမင်းထံ သွား၏။ ကောသလမင်းလည်း မနေသာတော့ဘဲ ပြဿာဒ်ဆောင်မှ ဆင်းလာ၍ ဘုရားရှင်အား တွေ့ရ၏။ ထိုအခါတွင် ဘုရားက “ဆန္ဒာဂတိကို လိုက်၍ ဘာသာရေးဂိုဏ်း အချင်းချင်း ခိုက်ရန်များအောင် မပြုသင့်ကြောင်း၊ ထိုသို့ပြု၍ တိုင်းပြည်ပျက်ခဲ့ရဖူးကြောင်း” ဤဘရုဇာတက ဇာတ်လမ်းအား ပြောပြ၏။
“ဣသီနမန္တရံ ကတွာ၊ ဘရုရာဇာတိ မေ သုတံ။
ဥစ္ဆိန္နော သဟ ရဋ္ဌေဟိ၊ သ ရာဇာ ဝိဘဝင်္ဂတော။”
“တသ္မာ ဟိ ဆန္ဒာဂမနံ၊ နပ္ပသံသန္တိ ပဏ္ဍိတာ။
အဒုဋ္ဌစိတ္တော ဘာသေယျ၊ ဂိရံ သစ္စုပသံဟိတံ။”
(ဇာတက အမှတ်-၂၁၃။ ဘရုဇာတ်)။

ရသေ့တို့အား ရန်တိုက်သဖြင့်၊
မင်းနှင့်တကွ တိုင်းပြည်ပျက်ခဲ့ရဖူးကြောင်း
ဘရုဇာတ်ကို ငါကြားဖူး၏။
ထို့ကြောင့် ဆန္ဒာဂတိလိုက်ခြင်းအား ပညာရှိတို့ကို မချီးမွမ်းကြ။
မပျက်စီးသော စိတ်ရှိသည်ဖြစ်၍ မှန်သောစကားကိုသာ ဆိုရာ၏။
ရှေးက ဘရုနိုင်ငံ (ယနေ့ခေတ် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ Bharuch မြို့) တွင် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းတစ်ခု ဖြစ်သည်။ ဗောဓိသတ္တသည် ဈာန်အဘိညာဉ်ရ ရသေ့တစ်ပါးဖြစ်ခဲ့၍ ရသေ့ ၅၀၀-ရှိသော ဂိုဏ်းအား အကြီးအမှူးပြုကာ ဟိမဝန္တာတောင်၌ သီတင်းသုံးနေထိုင်၏။ တနေ့တွင် ရသေ့တို့သည် ဆား၊ အချဉ်တို့ကို အလိုရှိသဖြင့် ဟိမဝန္တာမှ ဆင်းကာ ဘရုနိုင်ငံသို့ လာရောက်၏။ မြို့၏ မြောက်ဖက်အရပ်ရှိ ပညောင်ပင်ရင်းတွင် စတည်းချကာ စားသောက် နေထိုင်ကြသည်။ ထိုသို့နေထိုင်ရင်း လဝက်မျှကြာသော် အခြား ရသေ့ဂိုဏ်းတစ်ခုသည် ဘရုနိုင်ငံသို့ ရောက်ရှိလာကာ မြို့၏ တောင်ဖက်အရပ်ရှိ ပညောင်ပင်ရင်းတွင် အလားတူ တည်းခိုကြပြန်သည်။ ထိုရသေ့ဂိုဏ်း နှစ်ဂိုဏ်းတို့သည် ဘရုနိုင်ငံတွင် အလိုရှိသလောက် နေထိုင်ကြပြီးနောက် အသီးအသီး မိမိတို့ နေရပ်ဒေသသို့ ပြန်ကြသည်။

ရသေ့တို့ ဘရုနိုင်ငံမှ ထွက်ခွာသွားသော အချိန်တွင် မြို့တောင်ဖက်မှ ပညောင်ပင်သည် အကြောင်းအမျိုးမျိုးကြောင့် ခြောက်သွေ့သွားလေသည်။ နောင်တွင် ဒုတိယရသေ့အုပ်စုသည် ဘရုသို့ပြန်လည် ရောက်ရှိလာသောအခါ ယခင်က မိမိတို့ တည်းခိုခဲ့သည့် ပညောင်ပင်သည် ခြောက်သွေ့၍ အရိပ်ကင်းမဲ့နေသည်ကို တွေ့ရ၏။ ထိုအခါတွင် မြို့မြောက်ဖက်မှ ပညောင်သို့ ပြောင်းရွှေ့၍ စတည်းချကြလေသည်။ ထိုအချိန်တွင် ပထမရသေ့အုပ်စုသည် ဘရုသို့ ပြန်လည်ရောက်ရှိလာပြီး မိမိတို့ တည်းခိုခဲ့ဖူးရာ မြို့မြောက်ဖက် ပညောင်ပင်၌ပင် နေထိုင်နေလေသည်။ ဤတွင် ရသေ့အုပ်စု နှစ်စုတို့သည် ပညောင်ပင်အား “သူ့အပင်၊ ငါ့အပင်” လုကာ အချင်းချင်း ခိုက်ရန်ဖြစ်ကြလေတော့သည်။

အမှုသည် ဘရုမင်းဆီသို့ ရောက်သော် ဤပညောင်ပင်သို့ ဦးစွာ စတည်းချဖူးသော ပထမရသေ့အုပ်စုအား အရှင်အဖြစ် ပေး၏။ ထိုအခါ ဒုတိယရသေ့အုပ်စုက အလွယ် အရှုံးမပေးဘဲ၊ ဘရုမင်းအား တန်စိုး လက်ဆောင်ပေး၏။ တန်စိုးလက်ဆောင် မျက်နှာဖြင့် ဘရုမင်းသည် ဒုတိယ ရသေ့အုပ်စုအားလည်း ထိုပညောင်ပင်တွင် နေခွင့် ပေးပြန်လေသည်။ ထိုအခါ ပထမရသေ့အုပ်စုကလည်း အလျှော့မပေးဘဲ ဘရုမင်းအား တန်စိုးလက်ဆောင်ပေးကာ မိမိတို့အားသာ နေခွင့်တောင်း ပြန်သည်။ ဘရုမင်းကလည်း တန်စိုးကို ယူ၍ ပထမရသေ့အုပ်စု၏ တောင်းဆိုသည့်အတိုင်း လိုက်လျောပြန်သည်။ နောက်ဆုံးတွင် ရသေ့တို့သည် ကာမဂုဏ်တို့ကို စွန့်၍ ရသေ့ရဟန်းပြုလာပါလျှက် သစ်တစ်ပင်ကြောင့် အငြင်း အခုန်ဖြစ်ရုံမက၊ မသင့်တော်သော တန်စိုးလက်ဆောင်ပေးခြင်းအမှုတို့ကို ပြုမိကြသည့် မိမိတို့၏ အဖြစ်ကို စိတ်ပျက်နောင်တရ၍ ဟိမဝန္တာသို့ ပြန်ကြသည်။

ထိုအခါတွင် နတ်တို့က “ဤမင်းသည် သူတော်စဉ်ရသေ့တို့ကို ခိုက်ရန်ပွားစေခြင်းဟူသည့် မပြုသင့်သော အမှုကို ပြုဘိ၏” ဟု အမျက်ထွက်ကာ ဘရုနိုင်ငံအား သမုဒ္ဒရာ ရေဖြင့် လွှမ်းမိုးစေ၏။ ဘရုမင်းကို အကြောင်းပြု၍ အပြစ်မဲ့သော ဘရုနိုင်ငံသားတို့လည်း သေကျေ ပျက်စီးခြင်းသို့ ရောက်ကြလေသည်။

Sunday, October 14, 2012

Buddhism and Blasphemy

ဘာသာ အယူဝါဒမျိုးစုံ အတူယှဉ်တွဲနေထိုင်ကြသည့်အခါ တဖက်နှင့် တစ်ဖက် ဝေဖန်ကြ ဆွေးနွေးကြသည်ကို ရှောင်လွှဲ၍ မရနိုင်ပါ။ ဗုဒ္ဓမြတ်စွာ သက်တော် ထင်ရှားရှိစဉ်ကလည်း ဗုဒ္ဓနှင့် တပည့်ရဟန်းတော်များသည် အယူဝါဒတစ်ပါးရှိသည့် ရသေ့၊ ရဟန်း၊ ပရိဗိုဇ်တို့၏ ကျောင်းများသို့ တမင်သွားရောက်၍ အယူဝါဒ ဆွေးနွေးလေ့ ရှိခဲ့ကြသည်။ အယူဝါဒတစ်ပါးရှိသူတို့ကလည်း ဘုရားရှင်ထံ လာရောက်၍ အယူဝါဒ ဆွေးနွေးဖလှယ်လေ့ ရှိကြသည်။ ရံခါတွင် ဆွေးနွေး ဖလှယ်ခြင်းမျှမက အယူဝါဒပြိုင်ပွဲ စကားစစ်ထိုးပွဲ ပုံစံအထိ ဖြစ်သည်လည်း ရှိသည်။ ရံခါတွင် အကျိုး အကြောင်းပြ၍ ဆွေးနွေး ဝေဖန်ခြင်းမဟုတ်ဘဲ၊ တမင်သက်သက် ပုတ်ခတ် စော်ကား ဆဲရေးသည်များကိုလည်း ကြုံရတတ်သည်။ ဘာသာရေးသမိုင်း တစ်လျှောက်တွင် ဘာသာတရား အချင်းချင်း (အပြုသဘောဖြစ်စေ၊ အပျက်သဘောဖြစ်စေ) ဝေဖန်ကြ၊ ရှုတ်ချကြ၊ ထိပါးပြော ဆိုကြသည်မှာ အထူးအဆန်း မဟုတ်။

မိမိတို့ ယုံကြည် ကိုးကွယ်သော ဘာသာအယူဝါဒအား အကြည်ညိုပျက်စေရန် ကဲ့ရဲ့ရှုတ်ချ ရေးသား ပြောဆိုသည်များကို မြင်ရ ကြားရသောအခါ လူ့သဘာဝအရ မကျေမချမ်း ဖြစ်တတ်ကြသည်။ စိတ်လိုက်မာန်ပါ တုန့်ပြန်တတ်ကြသည်။ အချို့နိုင်ငံများတွင် အစိုးရကိုယ်တိုင်က Blasphemy Law များထုတ်ကာ (သေဒဏ်အထိ) ပြင်းထန်စွာ အပြစ်ပေး တတ်ကြသည်။ ထိုသို့ ဘာသာတရားရေး အကြည်ညိုပျက်စေရန် ကဲ့ရဲ့ပြောဆိုသည်တို့ကို ဥပဒေမဲ့ အကြမ်းဖက် တုန့်ပြန်ခြင်း၊ ဥပဒေများဖြင့် ပြင်းထန်စွာ အရေးယူခြင်းတို့သည် ဗုဒ္ဓအဆုံးအမနှင့် ဆီလျှော်ပါ၏လော။ ထိုအတူပင် တစ်ပါးသူတို့ ကိုးကွယ်ယုံကြည်သော ဘာသာတရားအား အကြောင်းမဲ့ ပုတ်ခတ် စော်ကားခြင်းသည် သင့်တော်ပါ၏ လော။

ဤနေရာတွင် မတူညီသည့် ဘာသာအယူဝါဒ အသီးသီးတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် အသောကမင်းကြီး ချမှတ်ခဲ့သော သဘောထားကို သုံးသပ် ဆင်ခြင်သင့်ပါသည်။
“… လိုရင်းကား နှုတ်ကိုစောင့်စည်းခြင်းပင် ဖြစ်၏။ မိမိတို့၏ ဘာသာတရားကို ချီးမြှင့်မြောက်စား၍ တစ်ပါးသူတို့၏ ဘာသာတရားကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုလုပ်ရာ။ အကယ်၍ အကျိုးသင့် အကြောင်းသင့် ဝေဖန်ပါကလည်း ညင်သာပျော့ပြောင်းစွာ ဝေဖန်ရပေမည်။ အခြား ဘာသာတရားတို့ကို လေးစား ချီးမြှောက်ခြင်းဖြင့် မိမိတို့၏ ဘာသာတရားကို တိုးတက်ကြီးပွားစေပြီးလျှင် အခြား ဘာသာတရားတို့ အတွက်လည်း ကျေးဇူးများရာ၏။ ထိုသို့မဟုတ်ပါက မိမိတို့၏ ဘာသာတရားကိုပင် ပျက်စီး ညှိုးမှိန်စေ၍ အခြား ဘာသာတရားတို့ကိုလည်း အကျိုးယုတ်စေ၏။ မိမိဘာသာတရားကို ချီးမြင့်မြှောက်စား၍ အခြားဘာသာတရားတို့ကို ကဲ့ရဲ့ပုတ်ခတ်သူတို့သည် မိမိတို့၏ ဘာသာတရားအား ကြည်ညိုစိတ်ဖြင့် မိမိဘာသာတရား ဂုဏ်တက်စေရန် ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်မှန်သော်လည်း၊ စင်စစ် မိမိတို့ဘာသာတရားကိုသာ ပို၍လေးနက်စွာ ပျက်စီးဆုတ်ယုတ်စေသည်။ ထို့ကြောင့် ဘာသာတရား အချင်းချင်း ညီညွတ်ခြင်းသည်သာ မွန်မြတ်ပေသည်။ အခြားသူတို့၏ ဘာသာတရားများကို အချင်းချင်း လေးစား ကြားနာကြကုန်လော့။ …” (အသောက ကျောက်စာ အမှတ်-၁၂)
တစ်ပါးသူတို့၏ အယူဝါဒတို့ကို အကြောင်းမဲ့ ထိပါးပုတ်ခတ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲရေးခြင်းတို့သည် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို အစဉ်လိုလားသော ဗုဒ္ဓ၏ အဆုံးအမကို သက်ဝင်သူများ ရှောင်ရှားအပ်သော မိစ္ဆာဝါစာများ ဖြစ်လေသည်။ လက်တွေ့တွင်လည်း ထိုသို့ အဆင်ခြင်မဲ့ ထိပါးပုတ်ခတ်မှုတို့ကြောင့် မလိုလားအပ်သော သွေးထွက်သံယို အဓိကရုဏ်းဖြစ်ပြီး အပြစ်မရှိသူတွေ သေကြေ ပျက်စီးကြရသည်ကို မကြာခဏ တွေ့နေရပါသည်။ ထို့အတူပင် တစ်ဖက်က ထိပါးပုတ်ခတ်လာသည်ကို မခံမရပ်နိုင်ဖြစ်ကာ အကြမ်းဖက် တုန့်ပြန်ခြင်းသည်လည်း အလားတူ ဆိုးကျိုးများကို ဖြစ်ပေါ် စေပါသည်။ ရန်ကို ရန်ဖြင့် တုန့်ပြန်ခြင်းသည် ထိုရန်စကို တိုးပွားစေရန်သာ ဖြစ်၍ ဗုဒ္ဓတရားတော်တို့နှင့် ဆန့်ကျင်ဖက် ဖြစ်လေသည်။ စင်စစ် မိမိတို့ ယုံကြည်ကိုးကွယ်သော ရတနားသုံးပါးအား အကြည်ညိုပျက်စေရန် ကဲ့ရဲ့ပြောဆိုမှု (အဝဏ္ဏဘာသန) အား မည်သို့တုန့်ပြန်ရမည်ကို ဘုရားရှင် ကိုယ်တော်တိုင် ဒီဃနိကာယ် ဗြဟ္မဇာလသုတ်တွင် ဟောကြားထားပါသည်။
ရဟန်းတို့… တစ်ပါးသူတို့သည် ငါ၏ ဂုဏ်ကို ဖြစ်စေ၊ တရားတော်၏ ဂုဏ်ကို ဖြစ်စေ၊ သံဃာတော်၏ ဂုဏ်ကို ဖြစ်စေ ကဲ့ရဲ့ပြောဆိုငြားအံ့၊ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်အခဲမကျေခြင်း မဖြစ်စေသင့်။ [...]  စိတ်ဆိုးခြင်း၊ နှလုံးမသာယာခြင်း ဖြစ်ကြလျှင် သင်တို့အားသာ အန္တရာယ် ဖြစ်ရာ၏။ 

ရဟန်းတို့ […] သင်တို့သည် စိတ်ဆိုးခြင်း၊ နှလုံးမသာယာခြင်း ဖြစ်ကြလျှင် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော…။ (မသိနိုင်ကြပါ အရှင်ဘုရား)

ရဟန်းတို့… တစ်ပါးသူတို့သည် ငါ၏ ဂုဏ်ကို ဖြစ်စေ၊ တရားတော်၏ ဂုဏ်ကို ဖြစ်စေ၊ သံဃာတော်၏ ဂုဏ်ကို ဖြစ်စေ ကဲ့ရဲ့ပြောဆိုခြင်းအား “ဤအကြောင်းကြောင့် ဤစကားသည် မဟုတ်၊ ဤအကြောင်းကြောင့် ဤစကားသည် မမှန်၊ စင်စစ် ဤအပြစ်တို့သည် ငါတို့တွင် မရှိ” ဟု မဟုတ်မှန်သည်ကို မဟုတ်မှန်သည့်အတိုင်း ဖြေရှင်းကြရမည်။ (ဒီဃနိကာယ် ဗြဟ္မဇာလသုတ်)
ဗုဒ္ဓ၏ အဆုံးအမတွင် သက်ဝင်သူများ အနေဖြင့် ရတနာသုံးပါးအား အကြည်ညိုမဲ့ ဖြစ်စေရန် စွပ်စွဲဝေဖန်လာပါက ဒေါသ အာဃာတတို့ မထားပဲ၊ တည်ငြိမ်အေးချမ်းစွာ ဖြေရှင်း တုန်ပြန်ကြရမည် ဖြစ်ပါသည်။ အကယ်၍ မဖြေရှင်းဘဲ ငြိမ်၍ သည်းခံပါက ထိုသို့ စွပ်စွဲသော ချို့ယွင်းချက်များ ရှိနေသယောင် သံသယဖြစ်ဖွယ်ရှိသဖြင့် အကျိုးသင့် အကြောင်းသင့် ဖြေရှင်းသင့်ပါသည်။ သို့သော် အကြောင်းမဲ့သက်သက် ထိပါး ဆဲရေးရှုတ်ချခြင်းမျိုးကိုမူ အရေးတယူ ပြုမနေတော့ဘဲ သည်းခံ (အဓိဝါသနခန္တိ) သင့်ကြောင်း အဋ္ဌကထာက မှတ်ချက်ပြု ထားပါသည်။ ဤသို့မဟုတ်ဘဲ စိတ်လိုက်မာန်ပါ ပြောဆို တုန့်ပြန်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခြင်းတို့ ပြုပါက နှစ်ဦးနှစ်ဖက်စလုံး ပျက်စီးရာ ရောက်ပါသည်။ ထိုအတူပင် ရတနာသုံးပါးအား အကြည်ညိုမဲ့ ဖြစ်စေရန် ကဲ့ရဲ့ရှုတ်ချသူများအား ဥပဒေများထုတ်ကာ ပြင်းထန်စွာ အရေးယူမည်ဆိုပါကလည်း ဗုဒ္ဓ၏ အဆုံးအမဖြစ်သော အဟိံသတရား၊ မေတ္တာတရား၊ ခန္တီတရားတို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသဖြင့်၊ သမိုင်းအစဉ်အဆက် ထိန်းသိမ်းလာခဲ့သည့် ဗုဒ္ဓဘာသာ၏ ကောင်းမြတ်သော အစဉ်အလာနှင့် ဂုဏ်အသရေတို့ကို ညိုးမှိန်စေမည်သာ ဖြစ်လေသည်။

Sunday, September 23, 2012

ကိုယ့်လူ

မျက်လုံးစိမ်းဖြင့်ပင် မငြို…
ညို့မျက်ဝန်းကိုလည်း မမြင်ရ…။

စကားပြင်းနှင့် မဆို သလို
ချစ်ခွန်းချို ပျိုပိုမိက
နားရှက်ပါသေးသတဲ့…သူက။

လိုက်ခဲ့ဖို့ကား မခေါ်
နေရစ်၍လည်း မရ…။
မှီရသူ သည်ကိုယ်မှာ
ခုများ နောင်…ဆွဲချသလို ဖြစ်မှာပူရ…။

နောင်ဘ၀ ဆုံရအောင်…ဆို
မယုံပါဘူးလေ ရှေ့..နောက်.. ဘဝ…
…တဲ့

ကိုယ့်လူ…ကိုယ့်လူ…ကိုယ့်လူ...

Friday, August 31, 2012

ကျွန်တော်နှင့် Programming

လူတယောက်ရဲ့ ဘဝမှာ အရေးကြီးတဲ့ ကာလဟာ အသက် ၂၀-ကျော် ၃၀ ဝန်းကျင်လို့ ထင်တယ်။ ဉာဏ်ရည် ဉာဏ်စွမ်း အထက်ဆုံး အချိန်ဖြစ်သလို စိတ်ဓာတ် ခွန်အားလည်း ခိုင်မာတဲ့ အချိန်ဖြစ်လို့ပါ။ ဒါအပြင် ရုပ်ပိုင်းအနေနဲ့လည်း စိတ်သွားတိုင်း ကိုယ်ပါ တက်တက်ကြွကြွ လိုက်နိုင်တဲ့ အရွယ် ဖြစ်တယ်။ ဒီအသက်အရွယ်ပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ လူတယောက်ရဲ့ လုပ်ဆောင်ချက်တွေက သူ့ဘ၀ တလျှောက်လုံးကို သြဇာကြီးကြီး လွှမ်းမိုးနိုင်တယ်လို ယူဆပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်း အဆုံးသပ်ပြီး၊ ကျောင်းတွေ ပိတ်ထားလိုက်တဲ့ အချိန်မှာ ကျွန်တော်က ဒီအသက်အပိုင်းအခြားကို ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်နဲ့ သက်တူရွယ်တူအချို့က နိုင်ငံရေးမှာ တက်တက်ကြွကြွ လှုပ်ရှားကြရင်း ၈၈-မျိုးဆက် နိုင်ငံရေးသမားတွေ ဖြစ်သွားကြတယ်။ အချို့တော့လည်း စီးပွားရေးမှာ စောက်ချလုပ်ပြီး စီးပွားရေးသမားတွေ ဖြစ်သွားကြတယ်။ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ သီချင်းရေးဆရာတွေ ဖြစ်သွားကြသူတွေလည်း ရှိတယ်။ နိုင်ငံခြားကို ကျောင်းဆက်တက်ဖို့ဖြစ်ဖြစ် အလုပ်လုပ်ဖို့ဖြစ်ဖြစ် ထွက်သွားကြသူတွေလည်း မနည်းပါဘူး။

ကျွန်တော်က နိုင်ငံရေးမှာ စိတ်ပါဝင်စား မျှော်လင့်ချက်တွေထားခဲ့ပေမယ့် အများနည်းတူ ပါဝင်လှုပ်ရှားခဲ့တာမျိုးထက် မပိုခဲ့။ အနုပညာကို ဝါသနာပါပေမယ့် လမ်းဘေးမှာ အပျော်တမ်း ဂီတာတီးပြီး သီချင်းဆိုတာထက်ပိုတဲ့ ကြိုးစားအားထုတ်မှုမျိုး မရှိခဲ့ပါဘူး။ စီးပွားရေးဖက်ကလည်း ကိုယ်တိုင်က စိတ်ဝင်စားမှု မရှိတော့ ကိုယ့်အိမ်အလုပ်ကိုတောင် ဖြစ်ဖြစ်မြောက်မြောက် ဝိုင်းကူလုပ်ပေးခဲ့တာ မရှိပါဘူး။

အဲဒီအချိန်မှာ စိတ်ထက်ထက်သန်သန် ရှိခဲ့တာကတော့ Computer Program ရေးတာပါဘဲ။ တကယ်တော့ ဒီပိုးကို စခဲ့တာက ကျွန်တော့် ဦးလေး သင်္ချာဆရာပါ။ သူက သင်္ချာကို ဘယ်လောက် စိတ်ဝင်စားသလဲဆိုရင် အိမ်သာထဲမှာ ဗလာစာအုပ်နဲ့ ခဲတံထားပြီး၊ အိမ်သာတက်ရင်း သင်္ချာ တွက်တတ်သူပါ။ ကျောင်းတွေ ပိတ်ထားတော့ နိုင်ငံခြားမှာ ကျောင်းဆက်တက်ချင်တဲ့ ကျောင်းသားတစုက သင်္ချာအခြေခံရအောင် ဦးလေးဆီမှာ သင်္ချာလာ သင်ကြတယ်။ ကျွန်တော်လည်း စိတ်ပြေလက်ပျောက် ရောယောင်ပြီး သူတို့နဲ့အတူရောပြီး သင်္ချာတွက် ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းလည်းမရှိ စာမေးပွဲအတွက်လည်း မဟုတ်တော့ စိတ်ကူးတည့်ရာ ပါဘဲ။ ဆယ်တန်း အဆင့်တွေပါသလို မဟာသိပ္ပံတန်း ပုစ္ဆာတွေလည်း ပါတယ်။

တရက်တော့ နိုင်ငံခြားကို ကျောင်းတက်မယ့် ကျောင်းသားတွေက Computer Programming သင်ချင်တယ်လို့ ဆိုလာပါတယ်။ တကယ်တော့ ကျွန်တော့်ဦးလေး အပါအဝင် အားလုံးက ကွန်ပျုတာဆိုတာကို မြင်တောင် မမြင်ဖူးသေးပါဘူး (ရန်ကုန်မှာတော့ Computer သင်တန်းလိုမျိုး စပေါ်နေပြီ ထင်ပါတယ်)။ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ စာအုပ်ဆိုလည်း BASIC စာအုပ်တအုပ်နဲ့ FORTRAN စာအုပ်တအုပ် ရှိတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အုပ်စု ဗလာစာအုပ်ပေါ်မှာ ပရိုဂရမ်ရေးကြပါတယ်။ အခုခေတ် လူငယ်တွေကတော့ program ကို ဗလာစာအုပ်ပေါ်မှာ ရေးတယ်ဆိုတော့ တအံ့တသြ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ အဲဒီခေတ်က ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ FORTRAN program ကို ဆရာက သင်ပုန်းပေါ်ရေးပြ၊ အောက်က တပည့်တွေက ဗလာစာအုပ်ပေါ်မှာ ကူးရေးပြီး သင်ကြားပို့ချခဲ့ကြရတဲ့ ခေတ်ပါ။ Program ကို run ချင်ရင် လှိုင်နယ်မြေက ကွန်ပျုတာတက္ကသိုလ်ကို သွားရတယ်။ program တွေကို puch card လို့ခေါ်တဲ့ စက္ကူကတ်ပြားပေါ်မှာ ဖောက်၊ puch card reader ထဲထည့်ပြီး run ရတယ်လို့ ကြားဖူးတယ်။ ကိုယ်တိုင်ကတော့ တခါမှ စမ်းခွင့်၊ ကြည့်ခွင့် မကြုံခဲ့ပါဘူး။ ထားပါတော့ ဒီလိုနဲ့ ကျွန်တော်တို့ တတွေ စိတ်ကူးတည့်ရာ ပုစ္ဆာတွေကို ရှာပြီး၊ program တွေကို ကိုယ် ထင်သလို ရေးကြပါတယ်။ မှား၏ မှန်၏လည်း ကျွန်တော့် ဦးလေးအပါအဝင် ဘယ်သူကမှ တိတိကျကျ စစ်မပေးနိုင်ပါဘူး။

တစ်ရက်တော့ ကျွန်တော့ဦးလေးရဲ့ မိတ်ဆွေတစ်ယောက်ဆီမှာ ဂျပန်က ကွန်ပျုတာ တလုံးပါလာတယ်လို့ သတင်းရပါတယ်။ ဒီမှတင် ကျွန်တော်တို့ တအုပ်စုလုံး ကွန်ပျူတာဆိုတာကို အရှင်လတ်လတ် မြင်ဖူးချင်လို့ သွားကြည့်ကြရတယ်။ တကယ်တော့ PC လို့ခေါ်တဲ့ Personal Computer မျိုး မဟုတ်ပါဘူး။ Casio အမျိုးအစား Programmable Calculator တစ်လုံးပါ။ အဲဒီဆရာက BASIC နဲ့ program တစ်ချို့ရေးပြပါတယ်။ ကျွန်တော်တို့လည်း ဝမ်းသာအားရ ကျွန်တော်တို့ ဗလာစာအုပ်တွေပေါ်မှာ ရေးထားကြတဲ့ Program အချို့ကို စိတ်ဝင်တစား ထည့်စမ်းကြတယ်။ မှတ်မှတ်ရရ ရှိတာကတော့ ၁ ကနေ ၁၀၀ အတွင်းမှာ ရှိတဲ့ Prime Number တွေကို ရိုက်ထုတ်ပေးတဲ့ program လေးပါ။ စက်ကလေးက လေးတော့ အဖြေထွက်ဖို့ အတော်လေးကြာအောင် ထိုင်စောင့်ကြရတယ်။ ဒီ program တွေကို မြန်အောင် logic တွေကို ဘယ်လိုပြင်ရင် ကောင်းမလဲလို့ တစ်ရက် နှစ်ရက် စဉ်းစားဖြစ်တယ်။ နောက် ပြင်ထားတဲ့ code တွေနဲ့ ဒီစက်လေးပေါ်မှာ ပြန်စမ်း ကြပြန်တယ်။ အရင်က ရေးထားတာထက် နှစ်ဆ သုံးဆမြန်သွားတော့ ထခုန်မတတ် ပျော်ရတယ်။ ဒါဟာ ကျွန်တော့ရဲ့ ပထမဆုံး Code Optimization ပဲ ဆိုပါတော့။

နောက်မန္တလေးမှာ Computer သင်တန်းဆိုတာတွေ စပေါ်လာတယ်။ ထုံးစံအတိုင်း ကျွန်တော်တို့ အုပ်စု ဒီသင်တန်းဆီကို ချီတက် ကြပြန်တယ်။ ဒီတော့မှ (တီဗီနဲ့ လက်နှိပ်စက် တွဲထားတာကြီးပါလို့ လူကြီးတွေ ပြောတတ်ကြတဲ့) Personal Computer ကို စမြင်ဖူးပါတယ်။ ဘယ်လို programming တွေကို သင်သလဲလို့ စုံစမ်းကြတယ်။ ကျွန်တော်တို့ မေးတာကို သင်တန်းကလူက နားလည်ပုံ မပေါ်သလို၊ သူရှင်းပြနေတာတွေလည်း ကျွန်တော်တို့က နားမလည်ခဲ့ပါ။ လူတစ်ယောက်က “ကကြီး ခခွေး စာလုံး”တွေကို ကွန်ပျုတာပေါ်မှာ ရေးဆွဲနေတာကို ခဏ ထိုင်ငေးကြတယ်။ နောက်နှစ် အတော်ကြာမှ မြန်မာစာ fonts တွေ ရေးနေခဲ့ကြတာကိုးလို့ သဘောပေါက်ပါတယ်။

ထူးဆန်းတာက PC ဆိုတာကို တကယ်စ မြင်ဖူးတဲ့ အချိန်မှာပဲ ကျွန်တော့ရဲ့ ကွန်ပျူတာဘာသာကို စိတ်ပါဝင်စားမှုက သိသိသာသာ လျော့သွားတာပါပဲ။ ကွန်ပျုတာပေါ်မှာ စာရိုက်ဖို့၊ စာရင်းဇယားတွေ ဆွဲဖို့ဆိုတာကို စိတ်မဝင်စားတာက တစ်ကြောင်း၊ သင်တန်းကြေးတွေက ဈေးကြီးလွန်းတာကြောင့် တစ်ကြောင်းလည်း ဖြစ်နိုင်ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ အုပ်စုထဲက ကျောင်းသားတယောက်က ထိုင်းနိုင်ငံက AIT (Asian Institute of Technology) တက္ကသိုလ်မှာ M.BA သင်တန်းတက်ခွင့် ရသွားတယ်။ နောက်တယောက်ကလည်း စင်္ကာပူက Informatics မှာ ကွန်ပျူတာဘာသာ သင်ဖို့ ထွက်သွားတယ်။ (နောင်တော့ သူ့ကို မြန်မာနိုင်ငံရဲ့ ကွန်ပျူတာပညာရှင်တစ်ဦးအနေနဲ့ မြန်မာ့ရုပ်သံမှာ ပြန်တွေ့ရတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ သူ့သတင်း မကြားရတော့ပါဘူး)။ ဒီလိုနဲ့ ကျွန်တော်တို့ လူစုကွဲသွား ကြတယ်။ ကျွန်တော့ ဦးလေးကလည်း သူ့သင်္ချာ ပုစ္ဆာတွေပဲ ပြန်တွက်တယ်။ ကျွန်တော့်ရဲ့ ကွန်ပျုတာလိုက်စားမှုက ဒီမှာတင် တစခန်း ရပ်သွားပါတယ်။ ဒီအကြောင်းကို ပြန်စဉ်းစားမိတိုင်း Forest Gump ဇာတ်လမ်းထဲမှာ နိုင်ငံတလွှား ပြေးနေရင်းကနေ ရပ်ပြီး “Just like that. My running day is over” လို့ပြောတဲ့ အခန်းကို သတိရမိတယ်။

တကယ်တော့ programming ကို စိတ်ဝင်စားမှု လျော့သွားတာမဟုတ်ပါဘူး။ ကိုယ်ရဲ့ စိတ်ထက်သန်မှုနဲ့ လိုက်လျော ညီထွေမယ့် အခြေအနေမျိုး မရှိ၊ ဖန်တီးလည်း မယူနိုင်တဲ့အတွက် တမင် စိတ်လျှော့လိုက် တာမျိုးလို့ ထင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဆိုးထဲက အကောင်းလို့ ပြောနိုင်တာကတော့ ကိုယ့်ရဲ့အခြားစိတ်ဝင်စားမှုတခုဖြစ်တဲ့ အတွေးအခေါ်နဲ့ ဘာသာရေးစာအုပ်တွေကို စောက်ချ ဖတ်ဖြစ်ခဲ့တာပါ။ စာအုပ်အဟောင်းဆိုင်တွေက ဝယ်စုထားတဲ့ Bertrand Russell ရဲ့ စာအုပ်တွေကို ဖတ်ဖြစ်သွားတယ်။ ဘာသာရေးဖက်မှာလည်း နိကာယ်ကြီး လေးခုရဲ့ မြန်မာပြန်တွေကို အဋ္ဌကထာ နိဿယတွေနဲ့ တွဲပြီး ဖတ်ဖြစ်ခဲ့ပါတယ်။ စာအုပ်တွေကို ငှားပေးတဲ့ ဆရာတော်ကလည်း ကျွန်တော် ဖတ်ချင်တဲ့စာအုပ် သူ့ကျောင်းမှာ မရှိရင်၊ အခြားကျောင်းတွေကနေ တဆင့်ငှားပေးပါတယ်။ တကယ်တော့ Programming နဲ့ပတ်သက်ပြီး ဆက်ဖတ်စရာ ဘာစာအုပ်မှ မရှိတော့သလို ဘာဆက်လုပ်မှန်းမသိဘဲ လမ်းပျောက်ပြီး အားမလိုအားမရ ဖြစ်ခဲ့ရတဲ့ စိတ်ကို “လုပ်ချင်တာလုပ်လို့ မရရင်၊ လုပ်လို့ရတာ လုပ်မယ်” ဆိုတဲ့ ဂွတိုက်ချင်တဲ့ စိတ်ဆန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် မကောင်းတဲ့လမ်းထက် ကောင်းတဲ့လမ်းကို ရွေးချယ်ဖြစ်ခဲ့တာကိုပဲ ကိုယ်ကိုယ်ကို ကျေးဇူးပြန် တင်မိပါတယ်။

ဒီလိုနဲ့ Programming ဖက်ကို လုံးဝပြန် မလှည့်ဖြစ်ဘဲ ကျောင်းပိတ်ရက် ရှည်ကြီးကို ဖြတ်သန်းခဲ့တယ်။ တက္ကသိုလ်တွေ ပြန်ဖွင့်တော့ programming ဘာသာရပ်နဲ့ ပြန်တွေ့ရပါတယ်။ စတုတ္ထနှစ် FORTRAN, ပဉ္စမနှစ်မှာ C programming, နောက်ဆုံးနှစ်မှာ 80x86 Assembly programming သင်ရတယ်။ ဒီတော့လည်း အရင်က စိတ်ဝင်စားမှုတွေက ပြန်ပြီး တဖြည်းဖြည်း ပေါ်လာပါတယ်။ ကျောင်းစာဖြစ်တာ တစ်ကြောင်း၊ အဲဒီအချိန်က ရွှေမြိုင်ဆိုတဲ့ ဆိုင်ကနေ မိတ္တူကူးထားတဲ့ ကွန်ပျူတာစာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ လွယ်လင့်တကူ ဝယ်လို့ရတာက တစ်ကြောင်းဆိုတော့ အတော်လေး ပြန်ပြီး ဖတ်ဖြစ်ပါတယ်။ ရန်ကုန်မှာ PC တွေကလည်း အတော်လေး ခေတ်စားလာပြီဆိုတော့ စက်မှုတက္ကသိုလ်မှာ PC ငါးလုံး ဆယ်လုံးလောက်နဲ့ Computer Lab ဆိုတာ ရှိနေပါပြီ။ ဒါပေမယ့် တစ်နှစ်လုံးအတွက် ၂-ချိန်ဘဲ လက်တွေ့ကွန်ပျူတာ စက်သုံးချိန်ရပါတယ်။ ဒီတော့ အရင်လိုပဲ Program ကို ဗလာစာအုပ်ပေါ်မှာ ရေးပြီး ကျင့်ခဲ့ရပါတယ်။ နောက်တော့ ကျွန်တော်ကိုယ်တိုင် program တွေကို သင်ပုန်းပေါ်မှာ ချရေးပြီး သင်တဲ့ ကွန်ပျူတာ ကျူရှင်ဆရာ လုပ်ဖြစ်ပါတယ်။ အဲဒီကစလို့ စင်ကာပူရောက်ပြီး ဒီနေ့အထိ programming နဲ့ဘဲ အသက်မွေးဖြစ်နေပါတယ်။

*****
 Happy Blogday!!!
*****
(ကျမနှင့် Life Long Learning ပို့စ်ကို ပထမ ကျမနှင့် Programing လို့ ခေါင်းစဉ်တပ်ပြီး ရေးနေတုန်း ကိုဧရာက လာဖတ်ပြီး သူလည်း ကျနော်နှင့် Programming ရေးဦးမှပဲ ဆိုပြီး ရေးပါတယ်။)

Saturday, August 25, 2012

ကျမနှင့် Life Long Learning

ဒီနေ့ဟာ တက်ခဲ့တဲ့ သင်တန်းတခုရဲ့ နောက်ဆုံးနေ့ ဖြစ်တယ်။
ပညာဒါနက ဖွင့်တဲ့ PHP programming သင်တန်းပါ။
ပညာဒါနရဲ့ ဖေ့ဘွတ်လင့် က ဒီမှာပါ။
တပတ်မှာ တရက်၊ တရက်မှာ နှစ်နာရီ၊ လေးလကြာတက်ခဲ့ရတယ်။
သင်တန်းဆရာမက ဒေါ်သန္တာအောင် တဲ့…။ လေးစားဖို့ ကောင်းတယ်။ ရသအလင်း ဖောင်ဒေးရှင်း နဲ့ ရနံ့သစ် စားသောက်ဆိုင်တို့ရဲ့ ၀က်ဆိုက် များဟာ ဆရာမရဲ့ ဖန်တီးမှုများထဲက အချို့ဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ ဆရာမရဲ့ ဘလော့ဂ်စာမျက်နှာပါ။
သင်တန်းဖော်တွေကတော့ အသက်အရွယ်စုံ၊ ဆယ်ယောက်ကျော်တယ်။
အများအားဖြင့်တော့ ကွန်ပြူတာ Programming သို့မဟုတ် Design အခြေခံရှိသူတွေ ဖြစ်ကြတယ်။
ချွင်းချက်အနေနဲ့ သင်တန်းမှာ ဟိုမရောက်ဒီမရောက် အမကြီးတယောက်ပါတယ်။ အဲ့ဒီအမကြီးကို ဆရာမက ဦးဆောင်ပြီး သင်တန်းသားအားလုံးက ဆွဲခေါ်ကြတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

*****

တက္ကသိုလ်မှာ Electronics ဘာသာရပ်ကို အဓိက ယူတဲ့အတွက် Computer ဆိုင်ရာ ဘာသာရပ် အောက်မှာ Programming ကို လေ့လာခဲ့ရပါတယ်။ C programming နဲ့ Assembly programming တွေပါ။ ဘာသာရပ်တခုကို သင်ကြားပြီး လက်တွေ့ အသုံးချမှု မရှိတဲ့အခါ ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်မလာပါဘူး။

နောက်တခါ Networking နဲ့ Internet ပညာရပ်တွေ ခေတ်စား လာပြန်တဲ့အခါ ဒီပလိုမာ သင်တန်းတခု တက်ပါတယ်။ HTML နဲ့ ColdFusion ဆိုတဲ့ programming တွေကို လေ့လာရပြန်ပါတယ်။ လူလေးယောက်ပါတဲ့ အုပ်စုဖွဲ့ပြီး Project တခုအနေနဲ့ XYZ Library ဆိုတဲ့ online library website တခု လုပ်ဖြစ်ခဲ့ပါတယ်။ ၂၀၀၀ခုနှစ်များဆီတုန်းကပါ။ အလွယ်မှတ်ရရင်တော့ Y2K ပေါ့။

သင်တန်းတက်ပြီးစ အရှိန်လေးနဲ့ အားစိုက်ပြီး မိုးကုတ်ဆရာတော် ဘုရားကြီး၏ တရားတော်များဆိုင်ရာ ၀က်ဆိုက်ကိုရေးရင်း ကွန်ပြူတာ hard disk ပျက်သွားရာက webpage ရေးလိုခြင်းနဲ့ အလှမ်းကွာဝေးသွားခဲ့ပါတယ်။ ပညာရပ်ကို မြည်းရုံ စမ်းရုံသဘောမျှနဲ့ပဲ တစခန်းရပ်ခဲ့ပြန်ပါတယ်။

နောက် ကလေးများအတွက် မြန်မာစာ ၀က်ဆိုက် တခု လိုချင်လာပါတယ်။ ဆိုက်ကို ကူညီရေးပေးမည့်သူတွေ ရှိခဲ့ပေမည့် အကြောင်းကြောင်းကြောင့် ဆုံးခန်းမတိုင်နိုင်ခဲ့ပါဘူး။ ဒီမှာတင် ခင်မင်ရသော ညီမဇွန်၏ မိတ်ဆက်ပေးမှုနဲ့ ဆရာမ သန္တာအောင်က PHP သင်တန်းကို လာတက်ရန် အကြံပေးပါတယ်။

ဆရာမနဲ့ သင်တန်းဖော်များအားလုံးရဲ့ အကူအညီ အထောက်အပံ့နဲ့ သင်တန်းတက်ရင်းရေးခဲ့တဲ့ ကလေးများအတွက် မြန်မာစာ ၀က်ဆိုက်ဟာ ခက်မာငါးဖြာ စုံလင်တဲ့ အရွယ်ကို ရောက်လို့လာပါပြီ။ လုံလောက်တဲ့ အချိန်မှာ ကျန်းမာ ရွှင်လန်းစွာ မွေးဖွားလာမည့် ကလေးများအတွက် မြန်မာစာကို လှိုက်လှဲစွာ ကြိုဆိုကြပါစို့...။


Monday, August 20, 2012

ပါဠိသဒ္ဒါ အခြေပြုစာအုပ်များ

ပါဠိဘာသာ လေ့လာသင်ယူလိုသူများ အတွက် အထောက်အကူ ပြုမယ်လို့ ယူဆရတဲ့ စာအုပ်အချို့ကို စုစည်းပြီး တဆင့် ပြန်လည် မျှဝေလိုက်ပါတယ်။

မြန်မာဘုန်းတော်ကြီး ပညာရေးစနစ်မှာတော့ သဒ္ဒါကြီးလို့ခေါ်တဲ့ ကစ္စည်းသဒ္ဒါကျမ်းကို အဓိကထား သင်ယူကြရပါတယ်။ ဒါပေမယ့် ဒီကျမ်းဟာ စတင်သင်ယူသူတွေအတွက် ခက်ခဲတာကြောင့် အကြိမ်ကြိမ် ပြန်သင်ကြရပြီး ၉-ခေါက်လောက် သင်ကာမှ ရိုးတိုးရိပ်တိပ်လောက်ဘဲ သဘောပေါက်ကြရလို့ “သဒ္ဒါကိုးခေါက် စာပြိုးပြောက်” လို့တောင် အဆိုရှိပါတယ်။ အချို့ဆို ၉-ခေါက်မကသင်တာတောင် သဘောမပေါက်လို့ “သဒ္ဒါလန်တယ်” လို့ ပြောစမှတ် ပြုကြပါတယ်။ ဒီတော့ ကစ္စည်းသဒ္ဒါလို ကျမ်းကြီးတွေကနေ စပြီး မလေ့လာဘဲ၊ ခပ်လွယ်လွယ်စီစဉ်ထားတဲ့ စာအုပ်မျိုးတွေကနေ စလေ့လာရင်တော့ လအနည်းငယ်လောက် အတွင်းမှာ အခြေခံ ရနိုင်ပါတယ်။ ပါဠိဘာသာစာတွေကို အဘိဓာန် အကူအညီယူပြီး စမ်းဖတ်ကောင်း ဖတ်နိုင်ပါလိမ့်မယ်။ နောက်မှ ကစ္စည်း၊ ရူပသိဒ္ဓိစတဲ့ သဒ္ဒါကျမ်းကြီးတွေကို သင်ယူတာက ပိုပြီး ထိရောက် နိုင်တယ်လို့ မှတ်သားဖူးပါတယ်။

ပါဠိသဒ္ဒါ အခြေပြုစာအုပ်များ

အောက်မှာ ဖော်ပြထားတဲ့ စာအုပ်မျိုးတွေကတော့ ပါဠိဘာသာ အခြေခံရအောင် ခပ်လွယ်လွယ် စီစဉ်ထားတဲ့ စာအုပ်မျိုးတွေ ဖြစ်ပါတယ်။ ဒီစာအုပ်တွေအနက် သီရိလင်္ကာနိုင်ငံမှာ ထုတ်ဝေတဲ့ Dr. De Silva နှင့် Ven. Nārada တို့ရဲ့ စာအုပ်တွေက နိုင်ငံတကာမှာ အသုံးများတာ တွေ့ရပါတယ်။ မြန်မာပြည်မှာလည်း ကိုလိုနီခေတ်နှောင်းပိုင်းနှင့် လွတ်လပ်ရေးရပြီးစ ကာလတွေမှာ ဒီလို ပါဠိသဒ္ဒါ သင်ခန်းစာ စာအုပ်မျိုးတွေကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာများဖြင့် ရေးသားခဲ့ကြပါတယ်။ အချို့စာအုပ်တွေက ရန်ကုန်တက္ကသိုလ် ပါဠိစာပေဌာနအတွက် ထုတ်ဝေခဲ့တာပါ။ ယခုခေတ် တက္ကသိုလ် ပါဠိဌာနတွေကလည်း ဒီလိုစနစ်မျိုးကိုဘဲ သုံးပြီး သင်ကြားကြတာကို တွေ့ရပါတယ်။

Dr. L. De Silva, Pāli Primer
Prof A. P. Buddhadatta, The New Pāli Course Part I and Part II.
မဟာဂန္ဓာရုံဆရာတော် - ပါဠိသိက္ခာနှင့် သဒ္ဒါကျဉ်း
ဦးဖေမောင်တင် - အခြေပြုပါဠိသဒ္ဒါ
ပါဠိဘာသာသင္ခန္းစာ (စာအုပ်အမည်ရင်းနှင့် ပြုစုသူ၏အမည်ကို မသိပါ)

အောက်မှာ ဆက်လက်ဖော်ပြထားတဲ့ စာအုပ်မျိုးတွေကတော့ သဒ္ဒါကို သိပ်ဦးစား မပေးတော့ဘဲ မူရင်းပါဠိတော်တွေကို တိုက်ရိုက် ဖတ်ရှုစေရင်းနဲ့ ပါဠိ ဝေါဟာရ၊ အသုံးအနှုန်းနှင့် သဒ္ဒါကို မိတ်ဆက်ပေးသွားပါတယ်။ အမေရိကန်နိုင်ငံသား ဘိက္ခုဗောဓိက A New Course in Reading Pāli စာအုပ်ကို သုံးပြီး ပါဠိဘာသာ သင်တန်း တစ်ခု ပို့ချခဲ့ဖူးပါတယ်။ Dr. De Silva ရဲ့ Pāli Primer ကို လေ့လာပြီးမှ ဒီသင်တန်းမှာသုံးတဲ့ A New Course in Reading Pāli ကိုဆက် လေ့လာဖို့ ဘိက္ခုဗောဓိက အကြံပေးထားပါတယ်။

J.Gair and W.S. Karunatilleka, A New Course in Reading Pāli: Entering the world of the Buddha
Rune E A Johansson, Pāli Buddhist Text
AK Warder, Introduction to Pāli

AK Warder ရဲ့ Introduction to Pāli စာအုပ်ကတော့ ပါဠိသဒ္ဒါကို အခြေခံကစ တစ်ဆင့်ချင်းတက် သင်သွားပြီး အတော်အသင့် ခက်ခဲတဲ့ မူရင်း ပါဠိစာတွေကို ဖတ်ရှု နားလည်နိုင်လောက်အောင် စီစဉ်ထားတာကြောင့်၊ အထက်က ဖော်ပြခဲ့တဲ့ စာအုပ်နှစ်မျိုးလုံးမှာ အကျုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။ (အစပိုင်း သင်ခန်းစာအချို့ကလွဲရင်) ပုံစံဝါကျများနှင့် လေ့ကျင့်ခန်းများကို ဒီဃနိကာယ် ပါဠိတော်လာ ဝါကျများ၊ စာပိုဒ်များကိုဘဲ အသုံးပြုပြီး ရေးသားထားတာကတော့ ဒီစာအုပ်ရဲ့ ထူးခြားမှုလို့ ဆိုနိုင်ပါတယ်။ ပါဠိဘာသာဖြင့် ရေးတာခြင်းတူပေမယ့် ကျမ်းရင်း ပါဠိတော်များမှာ တွေ့ရတဲ့ ဝါကျအသွားအလာ၊ စကားအသုံးအနှုန်းတွေက အဋ္ဌကထာခေတ်နှင့် နှောင်းခေတ် ပါဠိစာပေတွေရဲ့ စာရေးဟန်တွေက အတော်လေး ကွဲပြားတယ်လို့ ပါဠိဘာသာကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဒီတော့ AK Warder ရဲ့ စာအုပ်က ပါဠိဂတိလို့ခေါ်တဲ့ ပါဠိတော် ဝါကျအသွားအလာကို လေ့လာလိုသူတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။

ပါဠိသဒ္ဒါ လက်စွဲ စာအုပ်များ

အောက်မှာ ဆက်လက် ဖော်ပြထားတဲ့ စာအုပ်တွေကတော့ အခြေပြု သဘောမျိုးထက် လက်စွဲစာအုပ်၊ ရည်ညွှန်းစာအုပ် ပိုဆန်ပါတယ်။ အချို့စာအုပ်တွေကတော့ သက္ကတဘာသာ အခြေခံရှိထားသူများအတွက် ရည်ရွယ်ထားတဲ့အတွက် ပါဠိဘာသာသက်သက်ကို လေ့လာလိုသူတွေအတွက် နားလည်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒီလက်စွဲစာအုပ်တွေအနက်က ရန်ကုန်တက္ကသိုလ်က ထုတ်ဝေခဲ့တဲ့ Duroiselle ရဲ့ စာအုပ်ကတော့ နားလည်ရလွယ်ကူပြီး ပါဠိသဒ္ဒါအခြေခံ သဘောတရားတွေကို ငုံမိနိုင်တယ်လို့ ယူဆရပါတယ်။

J. Minayeff, Pāli Grammar
O. Frankfurter, Handbook of Pāli
O.H. de A.Wijesekera, Syntax of the Cases in the Pali Nikayas
Wilhelm Geiger, A Pāli Grammar
Steven Collins, A Pali Grammar for Students

ပါဠိအဘိဓာန်များ


Friday, August 17, 2012

လွန်းပြန်ကြီးကို စီးသွားရင်းနဲ့...


ရေချမ်း သူ့ဖာသာ ရိုက်ထားတဲ့ ယာဉ်တွေပါ။ သူတို့ ကစားစရာအရုပ်ယာဉ်လေးတွေကိုတော့ မေမေက ရိုက်ပေးထားပါတယ်။ အစမှာ ဖေဖေ နဲ့ အဆုံးမှာ ညီလေးတို့က နောက်ခံအသံများနဲ့ အားဖြည့်ထားပါတယ်။

ညနေကြယ်

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်(ရ)တယ်…တဲ့။
ဟုတ်မယ်...။
ငယ်စဉ်မှာတော့ ဘဝတခုစာလောက်ကြီးတဲ့ မျှော်လင့်ချက်တွေနဲ့ပေါ့။
အခုများတော့...
တရက်စာတောင် မခံတဲ့ မျှော်လင့်ချက်တွေနဲ့…။
နောက်...
အချိန်ပိုင်းသာ ခံမည့် မျှော်လင့်ချက်တွေ ရှိလာဦးမယ်။
ဒီလိုနဲ့...
မျှော်လင့်ချက် မဲ့တဲ့ တချိန် မလွဲမသွေ ရောက်လာမယ်။


ကိုယ့်မှာတော့ သင်ယူရင်းနဲ့ အသက်ရှင်နေ(ရ)တယ်။
ကိုယ့်ရဲ့ ဆရာက...ကိုယ်ကိုယ်တိုင်…ပါပဲ။
ကိုယ်က ခေါင်းငြိမ့်ရင်း…
လိုက်ရုံ။ ။

Wednesday, August 15, 2012

ဗျည်းကဗျာ

ဖေ့ဘွတ်နဲ့ ဘလော့ဂ်မှ အထူးသဖြင့် ဓာတ်ပုံရိုက်သော သူငယ်ချင်းများကို အကူအညီတောင်းလိုပါတယ်။ ကလေးများအတွက် မြန်မာစာ ဝက်ဆိုဒ်မှာ အသုံးပြုရန်အတွက် ဓာတ်ပုံလေးတွေ ရချင်လို့ပါ။ ကိုယ်ပိုင်ရိုက်ထားသောပုံ ဖြစ်စေ၊ အခြားဘယ်နေရာတွေမှာ free download နိုင်တယ် ဆိုတာ ညွှန်ပြကြပါ။ အခုတင်လိုက်တဲ့ ဗျည်းကဗျာမှာလည်း လိုအပ်နေသေးတဲ့ ပုံတွေ ရှိပါတယ်။ လက်လှမ်းမီသလောက်ပုံများနဲ့သာ လုပ်ထားပါတယ်။ စပယ်ရှယ် သပ်သပ် ရိုက်ပေးမယ် ဆိုရင်လည်း ကျေးဇူးတင်ရပါတယ်


မေတ္တာဖြင့် ကူညီသောဂီတမှူးနဲ့ အဆိုရှင်ကို project အပြီးသတ်သောအခါ မှတ်တမ်းတင် ဖော်ပြမှာ ဖြစ်ပါတယ်။

***** ဗျည်းကဗျာကို ယခင်လိုအပ်နေသေးသော ပုံများဖြည့်စွက်၍ ပြန်တင်လိုက်ပါတယ်။

Thursday, August 9, 2012

သင်ပုန်းကြီး ဖတ်စာ-၁

ကလေးများအတွက် မြန်မာစာ ၀က်ဆိုက်ရေးရန် လွန်ခဲ့သော လေးငါးနှစ်ခန့်ကပင် ဆန္ဒရှိခဲ့ပါသည်။ မိမိ၏ လုံလ၊ ၀ီရိယ၊ ပညာ အားနည်းမှုကြောင့် ဆိုက်မှာ ယခုထိတိုင် အကောင်အထည် မပေါ်နိုင်သေးသော်လည်း ဆိုက်တွင် ထည့်သွင်းမည့် အစိတ်အပိုင်းတခုအဖြစ် အားထုတ်ထားသမျှကို ဘလော့ဂ်တွင် အရင်တင်လိုက်ပါသည်။ ဝေဖန်၊ အကြံပြု၊ ကူညီလိုသူများအား လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည်။








Flash movie ပို့စ်ကိုတင်စ၌ တွေ့ရသော အခက်အခဲလေးများကို Google ၍ စာဖတ်ပြီး ပြင်ဆင်နေရပါသဖြင့် ခေါင်းစဉ်သာတက်သွားသည့်အဖြစ် Sonata-Cantata မှာ မကြာခဏဖြစ်နေရခြင်းကိုလည်း တောင်းပန်အပ်ပါသည်။