Wednesday, June 27, 2012

ကျွဲပါး စောင်းတီး

အဆုံးနားမှာ မှားသွားလို့ သူတို့က မတင်ရဘူးတဲ့ ဒီက ဇွတ်တင်လိုက်တယ်...

Tuesday, June 26, 2012

ကိုယ့်ရဲ့ နေ့တွေ...

အရှေ့ဆီမှာ ရောင်နီလေးသန်းလို့ လာပြီ...

ဟိုမှာ တိမ်ပြာတွေ မျောလွင့်နေတယ်...

မြို့ပြဆည်းဆာ အလှ

အချစ်နှင့်သက်ဆိုင်သော အကွက်ကလေးများ

ဒီနေ့တော့ ဈေးသွားရမည်။ ဟင်းချက်စရာဝယ်ရန် ဖြစ်သည်။ ရေခဲသေတ္တာထဲတွင်လည်း ဗလာကျင်းနေပြီ။

အိမ်ကထွက် ကားပက်ကင်ကို ဖြတ်အပြီးမှာ၊ ကားလမ်းနဘေးရောက်သည်။ ထိုလမ်းကို လူကူးဂုံးကျော်တံတားမှ ကူးဖို့ရန် ဖြစ်သည်။ ဈေးသည် လမ်း၏ ဟိုမှာဘက်ခြမ်းတွင် ရှိနေသည်။ လှေကားထစ် အနည်းငယ်ကို တက်ရပေဦးမည်။

ကားများ မိမိခြေဖဝါးအောက်မှ ဥဒဟို သွားနေကြခြင်းသည် အတန်ငယ် ဆန်းကြယ်သော ခံစားချက်ကို ဖြစ်စေသည်။ ဖြတ်သန်းသွားနေကြသော ယာဉ်များသည် မိမိထံမှ တစုံတခုကို အတင်းအဓမ္မယူဆောင်၍ မောင်းနှင်သွားကြသည်လား…။ သို့မဟုတ် မိမိထံမှ တစုံတခုသည် ထိုထိုယာဉ်မျာနှင့် စိတ်လိုလက်ရ လိုက်ပါသွားကြသည်လား မသေချာသော ခံစားချက်မျိုး ဖြစ်သည်။ တွယ်ငြိလိုသူ၏ ကျန်ရစ်နေရခြင်း ဝေဒနာလည်း ဖြစ်နိုင်သည်။

မိမိသည် တည်ငြိမ်နေသော တံတားတခုပေါ်တွင် ကိုယ်ပိုင်ဆိုင်၍ ကိုယ်နှင့်အလွန်အကျွမ်းတဝင်ဖြစ်သော အလျင်ဖြင့် သွားမြဲအတိုင်း သွားနေစဉ်၊ မိမိ၏အထိန်းအကွပ်နှင့် လွန်စွာကင်းလွတ်သော အရာများသည် အရှိန်အဟုန် ပြင်းပြင်းဖြင့် မိမိကို ဖြတ်ကျော်နေကြသည်။ အငြိမ်၊ အလှုပ်နှင့် အရှိန်တို့ အတင်းကာရော ဟန်ချက်ညီနေကြလေ၏။

ဟန်ချက်တွင် ပျော်ဝင်နေစဉ် တွေကနဲ တချက်ဖြစ်သည်။ တံတားပေါ်မှာပင် ရှိနေသေးသည်။ တဖက်ကမ်းနှင့်တော့ ပို၍နီးကပ်နေပြီ်။ တံတားအောက်မှာ ကားမှတ်တိုင်ရှိသည်။ မှတ်တိုင်၏ အတွင်းဖက်ကျကျတွင် ရှပ်လက်တိုအကွက်နှင့် လူတယောက် လက်ကိုင်ဖုန်းမျက်နှာပြင်ကို တို့ထိ ငုံ့ကြည့်ရင်း ကားစောင့်နေသည်။ လမ်းဆက်လျှောက်ရင်း တွေကနဲဝယ် ရင်ခုန်နှုန်း ရုတ်ချည်း ပြောင်းသွာသည်လား…။ သို့မဟုတ် ရပ်သွားသည်လား…။ ပြန်တွေးမိသည်။ မသေချာ။

သေချာသည်မှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ အတင်းကာရော ငြိသွားခြင်း ဖြစ်သည်။ ချစ်ခြင်းဟု အလွယ်ခေါ်မည်။ နှုတ်ခမ်းလေး လှုပ်သည်။ ပြုံးယောင်ယောင်လေး ဖြစ်သည်။

*****

မနက်အစောစာကို ကော်ဖီတခွက်နှင့် ပြီးလေ့ရှိသည်။ ဒီမနက်တော့ အဖတ်လေးပါစားချင်မိသည်။ ဟိုမှာဘက်လမ်းကို သွားဝယ်ရမည်။

လူများသည် အရှေ့မှ အနောက်သို့၊ အနောက်မှ အရှေ့သို့၊ တောင်ကလူက မြောက်သို့၊ မြောက်ကလူက တောင်သို့ သွားနေကြသည်။ အစာရှာဖို့ရာ ဖြစ်သည်။ ထိုသူများသည် ထိုသူများသာဖြစ်၍ မိမိသည်လည်း မိမိသာ ဖြစ်သည်။ မိမိသည် မိမိကိုယ်ကို ထိုသူများနှင့် ပူးကပ်မကြည့်မိအောင် သတိထားရသည်။ မိမိနှင့် အသွင်သဏ္ဍန်အားဖြင့်မတူသလို၊ အခြေအနေအားဖြင့်လည်း ခြားနားသည်။ မတူညီခြင်းနှင့် တူညီခြင်းများ လိုက်လျောညီထွေ ရှိနေသော နေသာသည့်နေ့တနေ့ ဖြစ်သည်။

မိမိသည် ရံခါများစွာပင် ငှက်ကလေးများ စိုးစီစိုးစီနှင့် အစာရှာထွက်ချိန်ကို ကြုံဆုံဖူးသည်။ အိမ်တွင်အလွယ်ရှိသော ဆန်ကွဲ၊ ပဲ စသည်တို့ကို ချကျွေးခဲ့ဖူးသည့် အခါများသည် ဟိုးအတော်ဝေးဝေးမှာ ကျန်နေခဲ့ပြီ။ အခုများတော့ မင်းတို့ သိပ်ဆူတယ်ကွာဟု ဟန်ဆောင်ရန်လုပ်ရင်း သူတို့ ပျံသန်းရာ အရပ်များဆီ လိုက်လံငေးမောခြင်းသာ တတ်နိုင်တော့သည်။

ဝေးလွင့်သော အတွေးရှင်၏ အချစ်ရှာထွက်သော မျက်ဝန်းအကြည့်တို့သည် လမ်းနဘေးက ကားမှတ်တိုင်တွင် အလိုအလျောက် ရပ်တန့်သည်။ မျှော်လင့်မထားသော အပြုံးတခုသည် နှုတ်ခမ်းထက်သို့ ခိုမှီခွင့်ရသွားပြန်သည်။ ကားစောင့်နေသော ရှပ်အကွက်လေးသည် မှတ်တိုင်တွင် ထိုင်ရင်း စာတအုပ်ကို ဖတ်နေသည်။

*****

ထိုထိုသော အမှတ်မထင်များ၊ တခါတရံများ၊ တိုက်ဆိုင်မှုများနှင့် ကြုံဆုံနေသူတယောက်သည် တကြိမ်တခါတွင်တော့ လမ်းဆုံးတခုမှာ ရှိနေသောအချစ်ဆီ မျှော်ကိုးရင် ထိုလမ်းကို လျှောက်သည်။ မြင်ကွင်း သေးသေးလေးထဲမှ ရှပ်အကွက်လေးသည် မိမိအား ပြုံး၍ ဆီးကြိုနေသည်။ ပို၍ ပို၍ ထင်ရှားလာသော ထိုလမ်းဆုံးသည် မှတ်တိုင်တခုပင် ဖြစ်တော့သည်။    ။


(မနက်ရုံးသွားတိုင်း အဲ့လူကြီး... ကားစောင့်ရင်း ငါ့မိန်းမ ငါ့ကို ဘယ်နားကများရှိုးနေမလဲလို့ တွေးနေတော့မယ်... အော် အသင်လောက...:D)

Friday, June 1, 2012

မနေတတ်… မထိုင်တတ်…

အခုတလော မကြာခဏ သတိရမိပြီး တယောက်တည်း ပြုံးနေမိတဲ့ မိသားစုထဲက ဟာသလေးအကြောင်း သူငယ်ချင်းတွေနဲ့ အတူတူ ပြုံးရအောင်လို့ ပြောပြချင်ပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်း ဖြူစင်တဲ့ အတွေးနဲ့၊ ပြောတတ်သလို ပြောလိုက်တဲ့ စကားလေးတွေဟာ လူကြီးတွေရဲ့ စိတ်နှလုံးကို ကြည်မွေ့စေ… ဘဝအမောတွေကို ပြေပျောက်စေပါတယ်။

ဒီတခါ ဇတ်လိုက်ကတော့ အိမ်က မင်းသားနှစ်ယောက်ဖြစ်တဲ့ ရေချမ်း၊ ရေစင်တို့ မဟုတ်ပါဘူး။ မသီတာရဲ့ တူလေး ပါ။ မင်းသားအမည်ကို ရေသန့် လို့ မှတ်ထားလိုက်ကြပါစို့။ ရေသန့်လေး အမေ မသီတာ့ယောင်းမက မိန်းမပီသတဲ့ ဆရာမဟောင်းတဦးပါ။ အချက်အပြုတ်၊ အနေအထိုင်၊ အပြောအဆို အင်မတန် တော်ပါတယ်။ မွေးထားတဲ့ သားနဲ့ သမီးကိုလည်း နားဝင်အောင် ညင်ညင်သာသာ ဆုံးမတတ်ပါတယ်။

ရေသန့်က အိမ်က သားကြီး ရေချမ်းထက်ငယ်ပြီး၊ သားငယ်ရေစင်ထက်တော့ ကြီးပါတယ်။ ဒီက ကလေးတွေ ဒီဇင်ဘာကျောင်းပိတ်ရက် ရန်ကုန်ပြန်မှ တနှစ်တခါ တွေ့ရတာမို့ ညီအကိုချင်းတွေ တွေ့စဆို စိမ်းပါတယ်။ မနှစ်ကတော့ သားကြီး ရေချမ်းက မသီတာထက် နှစ်ပတ်စောပြီး ရန်ကုန်ကို ပြန်သွားနှင့်ပါတယ်။ မသီတာရောက်ပြီး နောက်တရက်နှစ်ရက်နေတော့ သားကြီး ရေချမ်းက မသီတာကို ပြောလာပါတယ်… “မေမေ…မေမေ… ရေသန့်ကလေ ဘာဖြစ်လို့လဲ မသိဘူး သားကို တွေ့ရင် ကိုကိုနေကောင်းလား… ကိုကိုနေကောင်းလားချည်းပဲ မေးနေတယ်” တဲ့…။

ရေသန့်လေးခမျာ အဝေးတနေရာက လာတဲ့ အကိုလုပ်သူကို အတူနေရတုန်းလေးမှာ အရေးတယူကလည်း လုပ်ချင်၊ ဘာလုပ်လို့ ဘာပြောရမှန်းလည်း မသိရှာတော့၊ သူပြောတတ်တာလေး “ကိုကိုနေကောင်းလား” ဆိုတာကိုပဲ တွေ့လိုက်တိုင်း ဆီးကြိုပြောရတာပါ။ အမေးခံရတဲ့ အကိုကြီးကလည်း မြန်မာမှုမှာ လည်လည်ဝယ်ဝယ်ဆိုတော့၊ မျက်လုံးကလယ်ကလယ် ပါးစပ်အဟောင်းသားနဲ့ ဘာပြန်ပြောရမှန်းမသိ…။ သူတို့ဖြစ်နေပုံကို ဘေးက လူကြီးတွေက  ရယ်ရ ပြုံးရပါတယ်။

တခါတော့ မသီတာ့ယောင်းမ… ကိုရေသန့်တို့ရဲ့ မာတာမိခင်ကြီးကိုယ်တိုင် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ…။ ရင်စေ့၊ ရင်ဖုံး အင်္ကျီလေးတွေသာ ဝတ်တတ်ပြီး အနေရိုးတဲ့ ယောင်းမဟာ တခုသော ပူပြင်းလှတဲ့ နွေညဦးမှာ ညအိပ်ယာဝင်ခါနီးမို့ လည်ပင်းပေါက် အနည်းငယ်ကျယ်တဲ့ ချိုင်းပြတ် အင်္ကျီကို ဝတ်ပြီး၊ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကိုင်းလို့ အိပ်ယာကို ဖုန်ခါလှဲမိတဲ့ အခါမှာတော့ သားတော်မောင် ကိုရေသန့် မျက်မှောင်ကုတ်ကြီးနဲ့ မအေကို ပြောလိုက်တာက… “အမေတို့ကလည်း အဖေ့ရှေ့မှာ မနေတတ်၊ မထိုင်တတ်…” တဲ့။
   

Saturday, May 12, 2012

မဇ္ဈိမဒေသ ကျေးရွာ မြို့ပြ တိုင်းနိုင်ငံများ

ရှေးဟောင်းသုတေသန အထောက်အထားများအရ ဗုဒ္ဓ မပွင့်ထွန်းမီ နှစ်ပေါင်း ၂၅၀၀ (3000 BC) ခန့်ကပင် အိန္ဒိယနိုင်ငံ အိန္ဒုမြစ်ဝှမ်းဒေသ (ယနေ့ခေတ် Harappā နှင့် Mohenjo Dāro ရွာ အနီးဒေသများ)တွင် မြို့ပြ ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ သို့သော် ထိုဒေသတွင် နေထိုင်ခဲ့ကြသူများသည် အာရိယန် (Aryan) လူမျိုးများ မဟုတ်ကြ။ ယင်းဒေသနှင့် ကုန်သွယ်ရေး အဆက်အဆံရှိခဲ့သည့် ဆူမေးရီယန်း (Sumerian) မှတ်တမ်းများတွင် Meluhha ဟုဖော်ပြသော လူမျိုးများ ဖြစ်သည်။ တဖန် ယင်း Meluhha ဆိုသူများသည်  အာရိယန်တို့က Mleccha (ပါဠိဘာသာဖြင့် မိလက္ခ) ဟုခေါ်သော “တိုင်းတပါးသား အရိုင်းအစိုင်း” လူမျိုးများပင် ဖြစ်သည်ဟု အချို့က ယူဆကြသည်။

စင်စစ်အားဖြင့် 1700 BC ခန့်တွင်မှ အိန္ဒုမြစ်ဝှမ်းဒေသသို့ စတင် ဝင်ရောက်လာခဲ့ကြသော အာရိယန် လူမျိုးများသည်သာ အိမ်ခြေအတည်တကျ မရှိဘဲ၊ မြင်းအုပ်၊ သိုးအုပ်၊ ဆိတ်အုပ်များဖြင့် ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာ နေထိုင်ခဲ့ကြသော လူမျိုးများ ဖြစ်လေသည်။ အိန္ဒုမြစ်ဝှမ်းသို့ အာရိယန်လူမျိုးများ တစ်သုတ်ပြီး တစ်သုတ်ဝင် ရောက်လာပြီး ဌာနေ မြို့ပြများအား တိုက်ခိုက် ဖျက်ဆီးလိုက်ကြ၍ မူလကထွန်းကားခဲ့သော မြို့ပြယဉ်ကျေးမှု ဆိတ်သုန်းသွားခဲ့သည်။

အာရိယန်တို့ အိန္ဒုမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာပြီး ရာစုနှစ် နှစ်ခု သုံးခုကြာမှ ဝေဒကျမ်းများအား ရေးဖွဲ့သီကုံးခဲ့ကြခြင်း ဖြစ်သည်။ ထိုဝေဒကျမ်းများတွင် အိန္ဒုမြစ်ဝှမ်းဒေသအား မြစ် ၇-စင်း စီးဆင်းရာဒေသ သတ္တသိန္ဓု (Sapta Sindhu) ဟု မှတ်တမ်း တင်ခဲ့ကြသည်။ ဝေဒခေတ်နှောင်းပိုင်း ရောက်သောအခါ အာရိယန်တို့သည် မဇ္ဈိမဒေသ ယမုံနာနှင့် ဂင်္ဂါမြစ်ဝှမ်းလွင်ပြင်ဆီသို့ ထပ်မံ ပြောင်းရွှေ့လာကြပြန်သည်။ မဇ္ဈိမဒေသအား အာရိယန်တို့၏ နေရာဒေသ (အာရိယာဝတ္တ) ဟု ခေါ်ဝေါ်ခဲ့ကြသည်။

အုပ်စုအလိုက် လှည့်လည် သွားလာနေကြသော ထိုမျိုးနွယ်စုများအား “ဂါမ” ဟုခေါ်ရာမှ နောင်တွင် ယင်းလူမျိုးစုတု့ိ စုဝေးစတည်းချရာ အရပ်ဒေသများအားလည်း “ဂါမ” ဟုပင် ခေါ်ဝေါ် သုံးစွဲလေသည်။ နောင်တွင် နေရာအတည်တကျ နေထိုင်လာကြသော အခါအတွင်လည်း ရွာများအား “ဂါမ” ဟုပင် ဆက်လက်ခေါ်ကြသည်။ ဤသို့ဖြင့် အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသများတွင် မြို့ရွာတိုင်းနိုင်ငံများ ထူထောင်ကာ မြို့ပြယဉ်ကျေးမှု ပြန်လည်ထွန်းကာ လာခဲ့ပြန်သည်။


ဂါမ၊ နိဂမ၊ နဂရ၊ ဇနပဒ 

လူနေ ထူထပ်မှုနှင့် စီးပွားရေး နိုင်ငံရေးအရ အချက်အခြာကျမှု စသည်တို့ အလိုက် ကျေးရွာ မြို့ပြ တိုင်းနိုင်ငံများဟူ၍ ခွဲခြားထားရာ၊ ပါဠိဘာသာဖြင့် ဂါမ၊ နိဂမ၊ နဂရ၊ ဇနပဒဟု လေးဆင့်ခွဲ၍ ဖော်ပြလေ့ရှိသည် (မ-၁-၁၉၅၊ ဝနပတ္ထသုတ် )။

အထက်တွင် ဆိုခဲ့သည့်အတိုင်း ရေကြည်ရာမြက်နုရာ လှည့်လည် သွားလာသူတို့ ခေတ္တ စတည်းချရာ ဂါမသည် မြို့ပြယဉ်ကျေးမှုပြန်လည် ထွန်းကားလာခြင်း၏ အစဖြစ်သည်။ မြန်မာဘာသာဖြင့် “ရွာ” ဟုပြန်လေ့ရှိသည်။ ကုန်သည်တို့ လေးလထက် အလွန် စခန်းချရာ အရပ်ကိုလည်းကောင်း၊ လူနေအိမ်ခြေ တစ်လုံး နှစ်လုံးမျှ ရှိလျှင်လည်းကောင်း ဂါမဟုပင် ခေါ်နိုင်ကြောင်း ပါရာဇိကဏ်ပါဠိတော် (ပါရာ-၉၂) တွင် ဖော်ပြထားသည်။ နဠကာရဂါမ (ကျူထရံ ယက်လုပ်သောရွာ)၊ အာရာမိကဂါမ (ဥယျာဉ် လုပ်သားတို့ နေသောရွာ)၊ လောဏကာရဂါမ (ဆားချက်သူတို့ နေသောရွာ) စသဖြင့် အသက်မွေးမှု တူရာလူတို့ စုဝေး နေထိုင်ကြသည်များရှိသကဲ့သို့၊ စဏ္ဍာလဂါမ၊ ဗြာဟ္မဏဂါမ စသဖြင့် အမျိုးဇာတ်တူရာ စုဝေးနေထိုင်ကြသော ရွာများလည်း ရှိသည်။

ကုန်ကူးသန်း ရောင်းဝယ်ရာဈေး ရှိသည့် ရွာကြီး (သို့မဟုတ် မြို့ငယ်) အား နိဂမဟု ခေါ်သည်။ နိဂုံ၊း ရွာကြီးစသဖြင့် မြန်မာဘာသာ ပြန်လေ့ရှိ၍၊ market-town (ဈေးမြို့) ဟု အင်္ဂလိပ်ဘာသာ ပြန်ကြသည်။ ကုန်သည်များ၊ လက်သမားစသော လက်မှုပညာသည်မျာ၊ ကုန်သည်များ စုဝေးနေထိုင်ကာ အသက်မွေးဝမ်းကြောင်းရာ နေရာဌာန ဖြစ်သည်။

နိဂုံးထက်ပိုကြီး၍ ခံတပ်မြို့ရိုးရှိသော မြို့တို့အား နဂရဟု သတ်မှတ်သည်။ အရွယ်အစားသေးငယ်သည့် ခံတပ်မြို့များအား “နဂရ”ဟု မခေါ်ဘဲ “နဂရက”ဟု ခေါ်လေ့ရှိပြီး၊ မြို့ကြီးများအား “မဟာနဂရ” ဟုခေါ်သည်။ စမ္ပာ၊ ရာဇဂြိုဟ်၊ သာဝတ္ထိ၊ သာကေတ၊ ကောသမ္ဗီ၊ ဗာရာဏသီတို့သည် ဗုဒ္ဓလက်ထက်က ထင်ရှားသော မြို့ကြီးများ ဖြစ်၏ (ဒီ-၂-၂၁၀။ မဟာပရိနိဗ္ဗာနသုတ်)။ နာဂရကို ယေဘုယျအားဖြင့် “မြို့”ဟု ဘာသာပြန်လေ့ ရှိသော်လည်း၊ စမ္ပာနဂိုရ်၊ သင်္ကဿနဂိုရ်စသဖြင့် ပါဠိသက်ဖြင့် “နဂိုရ်” ဟုလည်းကောင်း၊ သာဝတ္ထိပြည်၊ ရာဇဂြိုဟ်ပြည်စသဖြင့် မင်းနန်းစိုက်ရာ “ပြည်” ဟုလည်းကောင်း သုံးစွဲလေ့ရှိသည်။ နဂရကဲ့သို့ပင် ခံတပ်မြို့ရိုးရှိသော မြို့များအား “ပုရ” ဟုလည်း ခေါ်သည်။ ပုရသည် ကာကွယ်ရေးအတွက် အချက်အခြာဖြစ်သော ခံတပ်မြို့များဖြစ်၍ မြို့ရိုးအတွင်း၌သာ လူနေကြသည်။ အုပ်ချုပ်ရေး၊ စီးပွားရေးအရ အချက်အခြာကျ၍ မြို့ရိုးအတွင်း အပြင်ပါလူနေထိုင်သော မြို့များအား နဂရဟု ခေါ်သည်။ “ပုရ” ဟူသော အသုံးအနှုံးသည် ဝေဒခေတ်က ထင်ရှားခဲ့၍၊ နဂရဟူသော အသုံးနှုံးသည် နောင်မှ ပေါ်ပေါက်လာသော ဝေါဟာဖြစ်သည်။

“ဇနပဒ” သည် မူရင်းအဓိပ္ပါယ်အရ တူရာရာ လူမျိုးစုများ စုဝေးအခြေချနေထိုင်ရာ အရပ်ဒေသ ဖြစ်သော်လည်း၊ နောင်တွင် နိုင်ငံရေး အုပ်ချုပ်ရေးအရ သြဇာသက်ရောက်သည့် တိုင်းနိုင်ငံ (ရဋ္ဌ) ဟူသော အဓိပ္ပါယ်ဖြင့် ခေါ်ဝေါ်သုံးစွဲသည်။ မြန်မာဘာသာတွင် “ဇနပုဒ်” ဟူသော ပါဠိသက် ဝေါဟာရအား “ကျေးလက်တောရွာ၊ ရွာငယ်”ဟူသော အဓိပ္ပါယ်ဖြင့် ခေါ်ဝေါ် သုံးစွဲလေ့ရှိကြသော်လည်း၊ ပါဠိစာပေများမှ ဇနပဒသည် ဂါမ၊ နိဂမ၊ နဂရတို့ထက် ပိုမိုကျယ်ဝန်းသော တိုင်းနိုင်ငံကို ဆိုလိုပါသည်။ ဗုဒ္ဓခေတ်တွင် ထင်ရှားသော တိုင်းကြီး (မဟာဇနပဒ) ၁၆-တိုင်းရှိကြောင်း အင်္ဂုတ္တရနိကာယ် (အံ-၃-၇၁၊ ဥပေါသထသုတ်) စသော သုတ္တန်များတွင် ဖော်ပြထားသည်။

၁။ အင်္ဂ
၂။ မဂဓ
၃။ ကာသိ
၄။ ကောသလ
၅။ ဝဇ္ဇီ
၆။ မလ္လ
၇။ စေတိ
၈။ ဝံသ
၉။ ကုရု
၁၀။ ပဉ္စာလ
၁၁။ မစ္ဆ (မဇ္ဈ)
၁၂။ သူရသေန
၁၃။ အဿက (*)
၁၄။ အဝန္တိ (*)
၁၅။ ဂန္ဓာရ (*)
၁၆။ ကမ္ဗောဇ (*)

ဒီဃနိကာယ် ဇနဝသဘသုတ်တွင် တိုင်းနိုင်ငံများအား (ဒီ-၂-၂၇၃) တွင် ရတနာသုံးပါးအား ကြည်ညိုကြသော တိုင်းနိုင်ငံသားများအား ဖော်ပြရာတွင် တိုင်းကြီး ၁၆-တိုင်းအနက် (*သင်္ကေတပြထားသည့်) နောက်ဆုံး ၄-တိုင်းအား ချန်လှပ်၍ ကျန်တိုင်းကြီး ၁၂-တိုင်းကိုသာ ဖော်ပြထားသည်ကို တွေ့ရ၏။ အဿက၊ အဝန္တိ၊ ဂန္ဓာရ၊ ကမ္ဗောဇတိုင်းတို့သည် မဇ္ဈိမဒေသ၏ ပြင်ပ (ပစ္စန္တိမ ဇနပဒ) တွင် တည်ရှိသည် ဆိုသော်လည်း၊ မဇ္ဈိမဒေသနှင့် ကုန်ကူးသန်းရောင်းဝယ် ဆက်ဆံနေကြလေသည်။ မဇ္ဈိမဒေသ၏ မြောက်ပိုင်းရှိ ဂန္ဓာရနှင့် ကမ္ဗောဇတိုင်းတို့သည် မြောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း (ဥတ္တရာပထ) ပေါ်တွင် တည်ရှိ၍ ဥတ္တရာပထ တိုင်းနိုင်ငံများဟု ခေါ်လေ့ရှိသည်။ ထို့အတူပင် မဇ္ဈိမဒေသနှင့် တောင်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း (ဒက္ခိဏာပထ) ဆက်သွယ်ထားသော အဿက၊ အဝန္တိစသော တိုင်းနိုင်ငံများအား ဒက္ခိဏာပထ တိုင်းနိုင်ငံများဟုလည်း ခေါ်သည်။ ဥတ္တရာပထနှင့် ဒက္ခိဏပထ တိုင်းနိုင်ငံများသည် မဇ္ဈိမဒေသ၏ ပြင်ပတွင်ရှိသည် ဆိုသော်လည်း၊ အရှင်မဟာကပ္ပိန၊ အရှင်မဟာကစ္စည်း၊ အရှင်ဗာဟိယဒါရုစရိယစသည့် ထင်ရှားသော သာဝကကြီးများသည် ဥတ္တရာပထနှင့် ဒက္ခိဏပထ အရပ်ဒေသများမှ ဖြစ်ကြလေသည်။

သီဟိုဠ်မှ အရှင်မောဂ္ဂလာန်ပြုစုသော အဘိဓာနပ္ပဒီပိကာခေါ် ပါဠိအဘိဓာန်ကျမ်း ဘူမိဝဂ်တွင် အောက်ပါအတိုင်း ဇနပဒ ၂၁-တိုင်း၏ အမည်ကို ဖော်ပြထားသည်။ (¤) သင်္ကေတပြထားသော တိုင်းများသည် ပါဠိတော်လာ တိုင်းကြီး (မဟာဇနပဒ) ၁၆-တိုင်းတွင် မပါဝင်သော တိုင်းနိုင်ငံများ ဖြစ်သည်။

၁။ ကုရု
၂။ သက္က (¤)
၃။ ကောသလ
၄။ မဂဓ
၅။ သိဝိ (¤)
၆။ ကလိင်္ဂ (¤)

၇။ အဝန္တိ
၈။ ပဉ္စာလ
၉။ ဝဇ္ဇီ
၁၀။ ဂန္ဓာရ
၁၁။ စေတိ
၁၂။ ဝင်္ဂ (¤)
၁၃။ ဝိဒေဟ (¤)

၁၄။ ကမ္ဗောဇ
၁၅။ မဒ္ဒ (¤)
၁၆။ ဘဂ္ဂ (¤)

၁၇။ အင်္ဂ
၁၈။ သီဟဠ (¤)
၁၉။ ကသ္မီရ (¤)

၂၀။ ကာသိ
၂၁။ ပဏ္ဍ၀ (¤)

စာညွှန်း
၁။ မဇ္ဈိမဒေသ မြိုရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊ သာဝတ္ထိမြန်မာကျောင်း ဆရာတော်
၂။ Indian Buddhism, A.K. Warder
၃။ The Great Transformation: The world in the time of Buddha, Socrates, Confucius and Jeremiah, Karen Armstrong
၄။ Foreign Trade And Commerce In Ancient India, Prakash Charan Prasad
၅။ Dāna: Giving and Getting in Pali Buddhism, Ellison Banks Findly

Thursday, May 10, 2012

မဇ္ဈိမဒေသ နယ်နိမိတ်

ဗုဒ္ဓသာသနာ ပွင့်ထွန်းပေါ်ပေါက်လာရာ မဇ္ဈိမဒေသ၏ နယ်နိမိတ်အား
(၁) အရှေ့ဖက်တွင် ကဇင်္ဂလနိဂုံး၊ ထိုနိဂုံးအလွန်မှ မဟာသာလ (အင်ကြင်းပင်ကြီး)၊
(၂) အရှေ့တောင်ဖက်တွင် သလဠ၀တီမြစ်၊
(၃) တောင်ဖက်တွင် သေတကဏ္ဏိကနိဂုံး၊
(၄) အနောက်ဖက်တွင် ထူဏပုဏ္ဏားရွာနှင့်
(၅) မြောက်ဖက်တွင် ဥသိရဒ္ဓဇတောင်ဟူသော နိမိတ် ၅-ရပ်ဖြင့် ဗုဒ္ဓမြတ်စွာ ကိုယ်တိုင် သတ်မှတ်တော်မူခဲ့သည် (၀ိနည်းမဟာဝါ၊ စမ္မက္ခန္ဓက)။

ထိုနယ်နိမိတ်တို့အား ယနေ့ခေတ်တွင် အတိအကျ သတ်မှတ် ဖော်ပြရန် မလွယ်ကူတော့သော်လည်း အကြမ်းအားဖြင့် မြောက်ဖက်တွင် ဟိမ၀န္တာတောင်တန်း၊ တောင်ဖက်တွင် ၀ိဉ္ဇတောင်တန်း (Vindhya Range) တို့ဖြင့် ပိုင်းခြားထားသော ဂင်္ဂါမြစ်ဝှမ်း လွင်ပြင်ဒေသ ဖြစ်သည်။ ဟိမ၀န္တာတောင်တွင် မြစ်ဖျားခံ၍ ဂင်္ဂါမြစ်နှင့် ပေါင်းဆုံကာ ဘင်္ဂလားပင်လယ် အတွင်းသို့ စီးဝင်သွားကြသော ဂင်္ဂါ၊ ယမုနာ၊ အစိရ၀တီ၊ သရဘူ၊ မဟီဟူသော မြစ်ကြီးငါးသွယ်တို့၏ ဖြတ်သန်း စီးဆင်းသွားသော လွင်ပြင်ဒေသ ဖြစ်လေသည်။ ယနေ့ခေတ် နီပေါနိုင်ငံတောင်ပိုင်း Terai ခေါ် ဟိမ၀န္တာတောင်ခြေ အရပ်ဒေသ၊ အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ် နှင့် Bihar ပြည်နယ်တို့ ပါဝင်ကြသည်။

မဇ္ဈိမဒေသသည် အလျား ယူဇနာ ၃၀၀၊ အနံ ၂၅၀ ယူဇနာ၊ အ၀န်း ယူဇနာ ၉၀၀ ရှိ၍ ဇမ္ဗူဒိပ်ကျွန်း၏ အလယ်တွင် ရှိကြောင်း၊ လေးထောင့် စပ်စပ် ရှိသည်မဟုတ်ဘဲ အလယ်တွင်ကျယ်၍ အဖျားနှစ်ဖက်တွင် ကျဉ်းသော မုရိုးစည် သဏ္ဍာန်ရှိကြောင်း အဋ္ဌကထာတို့တွင် ဖော်ပြလေ့ရှိသည်။

ဗုဒ္ဓမြတ်စွာပွင့်ထွန်းရာ မဇ္ဈိမဒေသတွင် လူဖြစ်ရခြင်းသည် သစ္စာတရားသိမြင်ရန် အခွင့်ကောင်း ရခြင်းဖြစ်၍၊ ပစ္စန္တိမအရပ်တွင် အသိဉာဏ်နည်းပါးသော မိလက္ခု (လူရိုင်း) အဖြစ် မွေးဖွားရခြင်းသည် အခွင့်အရေးဆုံးရှုံးမှု (အက္ခဏ) ၈-မျိုးတွင် တစ်မျိုးအဖြစ် ထည့်သွင်း ဟောကြားထားသည် (အံ-၈-၂၉။ အက္ခဏသုတ်)။ ထို အခွင့်အရေးဆုံးရှုံးမှု ၈-မျိုးအား ရှေးဆရာတော်တို့က “ရပ်ပြစ်ရှစ်ပါး” ဟုခေါ်ဝေါ်၍ သြကာသကံတော့ချိုးတွင် ထည့်သွင်းကာ၊ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ရပါစေကြောင်း ဆုတောင်းလေ့ရှိ ကြ၏။


နယ်နိမိတ် အပိုင်းအခြား


အရှေ့ဖက်နယ်နိမိတ်ဖြစ်သော ကဇင်္ဂလနိဂုံးသည် ဣန္ဒြိယဘာဝနသုတ် (မ-၃-၄၅၃) နှင့် ဒုတိယမဟာပဉှာသုတ် (အံ-၁၀-၂၈) တို့အား ဟောကြားခဲ့ရာ နေရာဖြစ်သည်။ ဂဇင်္ဂလ၊ ကဇင်္ဂလာယစသဖြင့် ရေးသည်လည်း ရှိ၏။ အေဒီ ၇-ရာစုက မဇ္ဈိမဒေသသို့ လာရောက်ခဲ့သော တရုတ် ရဟန်းတော် ရွှမ်းကျန်း(Xuan Zang)၏ မှတ်တမ်းအရ စမ္ပာမြို့မှ အရှေ့ဖက် လိပေါင်း ၄၀၀ ( ၆၇ မိုင်) သွားသော် ကဇင်္ဂလ (Kie-Ching-Kie-Lo) သို့ရောက်ကြောင်း ဖော်ပြထား၍၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရှိ Rajmahal မြို့တောင်ဖက် ၁၈-မိုင် အကွာမှ Kankjol အရပ်ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဌာနမှူး Alexander Cunningham က သတ်မှတ်သည်။ ရာဟုလာသံကိစ္စည်းက ဗုဒ္ဓစရိယာတွင် Santhal Pragnas အရပ်ဟု ဖော်ပြထားသည်။ ထိုအရပ်ဒေသ နှစ်ခုလုံးသည် အနောက်ဘင်္ဂလားပြည်နယ်၊ ဂင်္ဂါမြစ်ကြောင်း  မြောက်မှ တောင်သို့ ပြောင်းလဲ စီးဆင်းသွားရာ အနီး၌ တည်ရှိလေသည်။

မဇ္ဈိမဒေသ၏ အရှေ့တောင်ဖက် နယ်နိမိတ် သလဠဝတီြမစ် အား ယနေ့ခေတ် Salai (Shilabati) မြစ် ဟု သတ်မှတ်ကြသည်။ သလ္လာဝတီ၊ သလလဝတီ စသဖြင့်လည်း ရေးကြသည်။ တောင်ပေါက် ဆရာတော်က ဖြူဆူးများ ပေါများသဖြင့် သလလဝတီဟု ခေါ်ကြောင်း ဖော်ပြထားသည်။

မဇ္ဈိမဒေသ၏ တောင်ဖက် နယ်နိမိတ် သေတကဏ္ဏိကနိဂုံးသည် မိုက္ကာ (လချေး) အများအပြား ထွက်သော Hazaribagh နယ်ဖြစ်၍ သေတကဏ္ဏိက ဟူသောအမည်သည်ပင် region of mica ဟုအဓိပ္ပါယ်ရကြောင်း Buddhism in India: from sixth century BC to Third Century AD တွင် ဖော်ပြထားသည်။

မဇ္ဈိမဒေသ၏ အနောက်ဖက် နယ်နိမိတ် ထူဏမည်သော ပုဏ္ဏားရွာ သည် အိန္ဒိယပြည်မြောက်ပိုင်း ဟာယန (Hayana) ပြည်နယ် ကုရုခေတ္တ (Kurukshetra) ခရိုင်ရှိ ဌာနေသရ (Thanesar) အရပ်ဖြစ်ကြောင်း သတ်မှတ်ကြသည်။ ထိုအရပ်သို့ တရုတ်ရဟန်းတော် ရွှမ်းကျန်း ရောက်ခဲ့ဖူး၍၊ ထိုစဉ်က ဘုန်းကြီးကျောင်း ၃-ကျောင်း၊ ရဟန်းတော် ၇၀၀ ခန့်ရှိကာ ဟိနယာန ဗုဒ္ဓဘာသာကို သင်ယူ ပို့ချကြကြောင်း ဖော်ပြထားသည်။ ဥဒါန်းပါဠိတော် ဥဒပါနသုတ်တွင် ဗုဒ္ဓမြတ်စွာ မလ္လတိုင်းအတွင်း လှည့်လည်စဉ် ထူဏပုဏ္ဏားရွာသို့ ရောက်ကြောင်းလာသောလည်း၊ မလ္လတိုင်းသည် မဇ္ဈိမဒေသ၏ အရှေ့ပိုင်းတွင် တည်ရှိသဖြင့် မဇ္ဈိမဒေသ၏ အနောက်ဖက် နယ်နိမိတ်ဖြစ်သော ထူဏရွာ မဖြစ်နိုင်ပေ။ အမည်တူ အရပ်ဒေသသာ ဖြစ်နိုင်၏။ အချို့ကလည်း ဂရိဘုရင် အလက်ဇန္ဒားက အိန္ဒိအား လာရောက် သိမ်းပိုက်စဉ် (BC 326) တွင် မလ္လမျိုးနွယ်များသည် ပန်ဂျပ်ပြည်နယ် Ravi (ဧရာဝတီ) မြစ်ကမ်းတွင် (31°N 73°E) အခြေချ နေထိုင်နေကြကြောင်း မှတ်တမ်းအရ ထူဏရွာသည် ထိုနေရာပင် ဖြစ်ကြောင်း ယူဆကြ၏။ သို့သော် ထိုဂရိမှတ်တမ်းများမှ မလ္လမျိုးနွယ် ဆိုသူများသည် မဇ္ဈိမဒေသအရှေ့ပိုင်းမှ မလ္လများ မဟုတ်ကြဘဲ၊ ယနေ့တိုင် ပန်ဂျပ်ပြည်နယ်တွင် နေထိုင်ကြသော မလ၀ (Malwa) လူမျိုးများသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကုရုခေတ္တမှ Thanesar အရပ် (29.97°N 76.84°E) ကိုသာလျှင် မဇ္ဈိမဒေသ၏ အနောက်ဖက် နယ်နိမိတ်အဖြစ် ယူဆအပ်သည်။

မဇ္ဈိမဒေသ၏ မြောက်ဖက် နယ်နိမိတ် ဥသိရဒ္ဓဇတောင်အား ဒိဗျာဝဒါနတွင် ဥသီရဂိရိဟူသော အမည်ဖြင့်တွေ့ရ၍ ဟိမဝန္တာတောင်၏ အနိမ့်ပိုင်းမှ တောင်ထွဋ်တစ်ခု ဖြစ်နိုင်သည်။ ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဟရိဒွါရ (Haridwa) မြို့အနီးတွင် တည်ရှိသည်။ ပန်းရင်းနံ့သာမြက်မျိုး (fragrant root of Andropogon Muricatum) တို့ အများအပြား ပေါက်ရောက်သော တောင်ဖြစ်၍ ပန်းရင်းမြက်တို့ အလံတန်ခွန် ထူဘိသကဲ့သို့ ဖြစ်ခြင်းကြောင့် ဥသိရဒ္ဓဇ အမည်ရကြောင်း တောင်ပေါက် ဆရာတော်က ဖော်ပြသည်။

စာညွှန်း
၁။ ဗုဒ္ဓသာသနိက ပဌဝီဝင်ကျမ်ကြီး၊ တောင်ပေါက်ဆရာတော် 
၂။ Ancient Geography of India, Alexander Cunningham
၃။ Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal. 
၄။ Buddhism in India: from sixth century BC to Third Century AD, Ashok Kumar Anand
၅။ Haryana: Past and Present, By Suresh K Sharma
၆။ Notes on the middle countries of Ancient India, TW Rhys Davids.

Monday, May 7, 2012

မဇ္ဈိမဒေသ မှတ်စုများ

ဗုဒ္ဓဂယာနှင့် မဇ္ဈိမဒေသသို့ ဘုရားဖူး ခရီးသွားလိုသော ဆန္ဒဖြစ်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာပြီ ဖြစ်သော်လည်း၊ အကြောင်း မတိုက်ဆိုင်၍ မသွားဖြစ်သေး။ သို့သော်လည်း မကြာခဏ ဆိုသလိုပင် Google Earth ကိုသုံး၍ ဗုဒ္ဓသာသနိက နေရာဒေသ အချို့အား စိတ်မှန်းဖြင့် သွားရောက် ကြည့်ရှု ဖြစ်ပါသည်။ “Google ဖြင့် ဘုရားဖူး ထွက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဘလော့ဂ်ပေါ်တွင် ပို့စ်များ ရေးတင်ရန် အကြံ ဖြစ်ခဲ့သည်။ မော်လမြိုင် တောင်ပေါက် ဆရာတော်၏ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းကြီးနှင့် Wikipedia ကဲ့သို့ ကွန်ယက်ပေါ်မှ သတင်းအချက်အလက်များ အားကိုးဖြင့် စိတ်ကူးပေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထင်သလောက် မလွယ်ကူခဲ့။ အချို့ နေရာဒေသများအတွက် မြန်မာ အက္ခရာဖြင့် ရေးထားသော နေရာအချို့အား အင်္ဂလိပ် အက္ခရာများသို့ ပြန်၍ ဖလှယ်ရန် မှန်းဆရသည်မှ စ၍၊ အခြားသော စာအုပ်တို့မှ ဖော်ပြချက်နှင့် ကွဲလွဲနေသည်တို့ကို ပြန်လည် တိုက်ဆိုင်ရခြင်း၊ နေရာဒေသအမည် သိသည့်တိုင် ထိုနေရာများသည် Google Earth တွင် ရှိမနေခြင်း၊ လတ္တီတွဒ် လောင်ဂျီတွဒ် အတိအကျ မသိရခြင်းစသော အခက်အခဲများနှင့် တွေ့ရပါသည်။ ပို့စ်ရေးရန်အတွက် မှတ်ထားသော မှတ်စုအတိုအထွာများ၊ အကြမ်း ရေးခြစ်ထားသည့် မြေပုံအတိုအစများသာများ၍ လာခဲ့သည်။ ထိုမှတ်စုများကလည်း မူလကစိတ်ကူးခဲ့သည့် ခေါင်းစဉ်နှင့်လည်း သိပ် မဆီလျော်တော့။ “Google ဖြင့် ဘုရားဖူး ထွက်ခြင်း” ဆိုသည့် ခေါင်းစဉ်အစား၊ ထိုထိုမှတ်စုများကိုသာ “မဇ္ဈိမဒေသ မှတ်စုများ” ဟူသော ခေါင်းစဉ်ဖြင့် အလျဉ်းသင့်သလို တင်သွားပါမည်။

ဗုဒ္ဓခေတ် မဇ္ဈိမဒေသ တိုင်းနိုင်ငံများ မြေပုံ


တောင်ပေါက်ဆရာတော်၏ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းမှ ဗုဒ္ဓသာသနိက မြေပုံတော်ချုပ်နှင့် အခြားအချက်အလက်များအား တိုက်ဆိုင်၍ http://www.naturalearthdata.com မှရသော raster data ပေါ်တွင် ဆွဲထားပါသည်။

စာအုပ်အချို့နှင့် ebook links များ

၁။ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းကြီး၊ မော်လမြိုင် တောင်ပေါက်ဆရာတော် အရှင်စက္ကပါလ
၂။ ဗုဒ္ဓနိုင်ငံတော်၊ ရွှေကျင်သာသနာပိုင် ဆရာတော် အရှင်သံဝရာဘိဝံသ။ ပထမတွဲ ဒုတိယတွဲ
၃။ မဇ္ဈိမဒေသသမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊ သာဝတ္ထိမြန်မာကျောင်း ဆရာတော်ဦးသြဘာသ
၄။ Buddhist Dictionary of Pali Proper Names, G P Malalasekera
၅။ Buddhist India, TW Rhys Davids
၆။ The Ancient Geography of India, Alexander Cunningham
၇။ Si-Yu-Ki: Buddhist Records of the Western World by Huien Tsiang, trans. Samuel Beal. Vol 1 & Vol 2
၈။ Some Ksatriya Tribes of Ancient India, BC Law

Thursday, April 19, 2012

The Lady

သားကြီးရေချမ်း ကျောင်းမှ အင်္ဂလိပ်ဆရာမက ဝယ်ပြီး၊ တတန်းလုံးကို ဝေလို့ ရလာခဲ့တဲ့ Asian Geographic read (issue 3/2012)ရဲ့ မျက်နှာဖုံးပုံနဲ့ အတွင်းမှာပါတဲ့  ဆောင်းပါးဖြစ်ပါတယ်။













Friday, February 10, 2012

မန္တလေးသားနဲ့ ရန်ကုန်သူ

ရန်ကုန်သားနဲ့ မန္တလေးသူ ဆိုတဲ့ သီချင်းလေးက အတော်နာမည်ကြီးပြီး လူတိုင်းလည်းကြားဖူးကြပါလိမ့်မယ်။
အခု မန္တလေးက အဆိုတော် အောင်ချမ်း ကိုယ်တိုင်ရေးပြီး၊ ကိုယ်တိုင်သီဆိုထားတဲ့ မန္တလေးသားနဲ့ ရန်ကုန်သူ ဆိုတဲ့ သီချင်းလေးကိုလည်း ခံစားနားဆင်ကြည့်ကြပါဦး...


မန္တလေးသားနဲ့ ရန်ကုန်သူ စုံတွဲတွေဖြစ်ကြတဲ့ ကိုရေချမ်းနဲ့ မရွှေစု
ကိုပန်းသီးနဲ့ မချစ်ကြည်အေး..နောက်
ဘယ်သူတွေများရှိကြသေးပါလိမ့်??? ... ဒီ Question Markတွေဒီပို့စ်မှာလည်း တွေ့ဖူးသလိုပဲ
အသည်းလေးပေးပြီး ချစ်တတ်သူတဲ့..မန်းလေးသားတွေ အပြောကောင်းတယ်နော့..သတိသာထားကြတော့

ပုံ။
ဒေါ်ချင့်ယုံ


Friday, February 3, 2012

Q.E.D

သင်္ချာဘာသာ သင်ယူခဲ့ရခြင်း၏ အကျိုးကျေးဇူးကို စဉ်းစားမိတိုင်း၊ အသုံးချ သင်္ချာပညာရပ်များထက် သင်္ချာသင်ခန်းစာများဖြင့် “စိတ်ကူးဉာဏ် ကွန့်မြူးတတ်စေရန်၊ အမြင်ကျယ်စေရန်၊ တစ်ယူ မသန်စေရန်” စသည့် အကျင့်စရိုက်များကို ပြုစုပျိုးထောင်ပေးခဲ့သည်ကို ပို၍ ကျေးဇူးတင်မိသည်။ ထိုအကြောင်းကို စဉ်းစားမိတိုင်းလည်း အထက်တန်း ကျောင်းသားဘ၀က ဂျီသြမေတြီ သင်္ချာဘာသာကို သင်ကြားပေးခဲ့သော ဆရာအား အထူး အမှတ်ရမိသည်။

သင်ခန်းစာတစ်ခု စပြီဆိုလျှင် ဆရာက ထိုသင်ခန်းစာအတွက် လိုအပ်သော သီအိုရမ် သက်သေပြချက်များကို သင်ပုန်းပေါ်တွင် သေချာစွာ တွက်ပြသည်။ သို့သော် ပုစ္ဆာများကိုမူ ဆရာက ကိုယ်တိုင် တွက်ပြလေ့ မရှိ။ အတန်းထဲမှ ကျောင်းသား တစ်ယောက်ယောက်ကို ထ၍ ပြောခိုင်းသည်။ ထုံးစံအတိုင်း ဂျီသြမေတြီ ပုစ္ဆာများကို တွက်သောအခါ construction line များဆွဲရသည်။ အဖြေရရန်အတွက် ငြမ်းဆင်ရသော သဘောပင်။ သို့သော် အဆောက်အအုံတစ်ခု၏ ငြမ်းများကဲ့သို့ ပုံသေကားကျ ဆောက်ရသည့် ငြမ်းများတော့ မဟုတ်။ မိမိတို့၏ စိတ်ကူးဉာဏ် အလျောက် construction line အမျိုးမျိုး ဆွဲနိုင်သည်။

“ဘယ်နေရာကနေ ဘယ်နေရာကို ဆွဲမယ်”ဟု ကျောင်းသားက ပြောလိုက်လျှင်၊ ဆရာက သင်ပုန်းပေါ်တွင် ရောင်စုံမြေဖြူများဖြင့် construction line များကို ဆွဲပြီး၊ “ဘာကြောင့် ဒီလို ဆွဲသလဲ၊ ရှေ့ ဘာဆက်လုပ်မလဲ” ဟု မေးသည်။ တစ်ခါတစ်လေ ကျွန်တော်တို့တွင် တိတိကျကျ အဖြေမရှိ။ အစတွင် မြေစမ်း ခရမ်းပျိုးသည့် သဘောနှင့် ဆွဲလိုက်ရသော်လည်း၊ နောက်မှ ရှေ့ဘာဆက်လုပ်ရမည်ကို မြင်လာတတ်သည်။ တစ်ခါတစ်လေတော့လည်း ရောင်စုံလိုင်းတွေသာ များပြားရှုတ်ထွေးလာသည်၊ ရှေ့ ဘာဆက်လုပ်ရမည်ကား မသိ။ ထိုအခါ ဘေးမှ “ဟိုလိုလုပ်… ဒီလိုလုပ်” အကြံပေးသူများလည်း ရှိတတ်သည်။ ရှေ့ဆက်တိုးနိုင်ဟန် မပေါ်လျှင်တော့ ဆရာက နောက်တစ်ဦးဦးကို ထခိုင်းသည်။ နောက်လူက ရှေ့လူ ဆွဲခိုင်းထားသည့် လိုင်းများကို ပြန်ဖျက်ခိုင်းချင်လည်း ခိုင်းတတ်သည်။ ဆရာက မညီးမညူ ပြန် ဖျက်ပေး၏။ ကျွန်တော်တို့ တည်ဆောက်လိုက်သော construction lines များပေါ်မူတည်၍ အဖြေရောက်ဖို့ အနှေးနှင့် အမြန် ကွာနိုင်ပါသည်။ မည်သည့်နည်းက မှန်၍ မည်သည့်နည်းက မှားသည် ဆိုခြင်းထက်၊ မည်သည့် နည်းက ပို၍ကောင်းသည်သာ ကွာတတ်၏။ တစ်ခါတရံတွင်လည်း မည်သည့်နည်းက ပိုကောင်းသည်ဟုပင် မဆိုသာ။ နည်းလမ်း အမျိုးမျိုးဖြင့်ပင် ကျွန်တော်တို့ လိုချင်သော အဖြေကို ရနိုင်ပါသည်။ နောက်ဆုံး အဖြေရောက်လျှင် ဆရာက “သက်သေ ပြပြီးပြီ quod erat demonstrandum” ဟု အဓိပ္ပါယ်ရသည့် Q.E.D ဟူသော စာလုံးသုံးကို ခပ်ကြီးကြီး ရေးချလိုက်သည်။ ကျွန်တော်တို့ အားလုံး ၀မ်းသာကြရသည်။

“မည်သည့်နည်းက မှန်၍ မည်သည့်နည်းက မှားသည် ဆိုခြင်းထက်၊ မည်သည့် နည်းက ပို၍ကောင်းသည်သာ ကွာတတ်၏” ဆိုခဲ့သော်လည်း ကျွန်တော်တို့ ကျောင်းသားများသည် အမှား မကင်းကြ။ ထိုအမှားများသည် construction lines တည်ဆောက်ပုံခြင်း မတူ၍ မဟုတ်။ ဂျီသြမေတြီဘာသာ၏ စည်းမျဉ်းများ၊ ဥပဒေသများကို လိုက်နာရန် ပျက်ကွက်၍ သာဖြစ်သည်။ ကျွန်တော်တို့ တည်ဆောက်စေလိုသော construction line များ၊ တွက်နည်းများသည် စည်းကမ်းဘောင်အတွင်းတွင် ရှိနေသ၍ ဆရာသည် ကျွန်တော်တို့ ပြောသမျှ သင်ပုန်းပေါ်တွင် မညီးမညူ လိုက်၍ ဆွဲ၊ လိုက်၍ ရေးသော်လည်း၊ စည်းဘောင်လွတ်သွားသည်နှင့် လိုက်မရေး မဆွဲတော့ဘဲ ကျောင်းသားများ အားလုံးဘက်သို့ လှည့်၍ “ကဲ ဘာလွဲနေသလဲ” ဟူသော အကြည့်ဖြင့် ကြည့်ကာ တည့်မတ်ပေးတတ်၏။

မတူညီသော အမြင်များ၊ ကွဲလွဲသော နည်းလမ်းများအား သဘောထားကြီးကြီး အမြင်ကျယ်ကျယ် လက်ခံရမည် ဖြစ်သော်လည်း၊ လွဲချော်နေသော အခြေခံမူ၊ စည်းမျဉ်း၊ ဥပဒေသများပေါ်တွင် အခြေခံသည့် ကွဲလွဲမှုမျိုးဖြင့် အဖြေရောက်နိုင်သည်ဟုကား လက်ခံ၍ မရနိုင်ပေ။

Monday, January 30, 2012

မန္တလေးပန်းချီ

မန္တလေးက အဆိုတော်တယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အောင်ချမ်း လို့ အမည်ရပါတယ်။
 Music band: DREAM LOVER က တီးခတ်ပေးထားပြီး ၊ ရေစင် ကြိုက်တဲ့ သီချင်းကို ရွေးချယ်တင်ပေးလိုက်ပါတယ်။ ဘာလို့ ကြိုက်တာလဲ မေးတော့ နေရာတွေ အကုန်ပါလို့ တဲ့...။ ပရိသတ်များ ခံစားအားပေးကြပါ။ တို့မန္တလေး (click ၍ နားဆင်ပါ။) - (တေးရေး) ရေမွန်သက်မောင်


နောက်တပုဒ်ကိုတော့ မန္တလေးပန်းချီ - (တေးရေး) ကိုဂျော့ ကိုရွေးချယ်ထားပါတယ်။

ကျေးဇူးတင်ပါတယ်။

Tuesday, January 24, 2012

အလှတရား၏ ပဲ့တင်သံ

ရုန်းကန်ရှင်သန်နေသော အလှတရား…တဲ့
ပွဲဖြစ်မြောက်အောင်ပင် တော်တော်လေး ရုန်းကန်လိုက်ရသည်ဟု စီစဉ်သူထဲမှတဦးဖြစ်သည့် ချစ်ကြည်အေးက ပြောသည်။ ကိုယ်တိုင်လည်း မန္တလေးမှ အာဂန္တုကြွလာသည့် ဆရာတော်ကို တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့မှာ နေ့ဆွမ်းကပ်ခွင့်ရ၍ ၂နာရီစမည့်ပွဲကို အချိန်မီရောက်အောင် အတော်လေး ရုန်းကန်၍ သွားလိုက်ရသည်။ အလှတရားနှင့် နီးစပ်ချင်သည်ကိုး။

ပထမဦးဆုံးအကြိမ် စာပေဟောပြောပွဲ သွားခဲ့စဉ်ကကဲ့သို့ ဟော..ဟိုမှာ…၊ ဟော..ဟိုမှာ.. ဟူ၍ သူငယ်မလေးတယောက်လို လူးလူးလဲလဲ ဖြစ်မနေတော့၊ အတန်ငယ် တည်ငြိမ်ရင့်ကျက်နေပြီးသော အမျိုးသမီးကြီးတယောက် ဖြစ်၍ နေလေပြီဟု ကိုယ့်ကိုကိုယ် မှတ်ချက်ပြုမိသည်။ ပွင့်လင်းသော နှလုံးသားဖြင့် ရုန်းကန်ရှင်သန်သော အလှတရားကို ရှာဖွေ သုံးဆောင်ရန်သာ အာရုံခံ sensor များကို အစွမ်းကုန် ဖွင့်ထားလိုက်သည်။ လောဘကြီးလာသော ဘလော့ဂါသည် ဤပွဲမှ ငါဘာရမလဲ… ရသမျှ ယူရန်ဟူသော စေ့ဆော်မှုဖြင့် မျက်မှန်ကိုပင် ထုတ်၍ တပ်ဆင်ခြင်း အမှုကို ပြုလေသည်။

ပွဲမှာ စတင်ခြင်းမရှိရသေးကား…ခန်းမထဲသို့ အဝင်၌ ဝေငှလိုက်သော စာရွက်ကို ဟန်ပါပါ ဖတ်လေတော့၏။


Plagiarized Poem တဲ့။ (ကို)မင်းထင်ကိုကိုကြီး၏ ပြောပြချက်အရ ဤကဗျာသည် ကိုပေါ်ဦးထွန်း (ခေါ်) ကိုမင်းကိုနိုင် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ရေးခဲ့သော နောက်ကြည့်မှန် ဝတ္တုထဲမှ သူကြိုက်နှစ်သက်သည့် ဝါကျများကို ရွေးထုတ်စုစည်းထားခြင်းဖြစ်သည်ဟု သိရပါသည်။

“ကျီးကန်းတောင်မှ တစ်ခါတလေ စိတ်အေးလက်အေး သာနေလို့ ရသေးတယ်” …။ တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်နေ့မှာ အောက်ပါ စာသားလေးကို ဖတ်မိသည်။ ဧည့်ဝတ်မကျေဖူးသော သာကီဝင်မင်းသားတို့အား အခဲမကြေဖြစ်နေသည့် အမ္ဗဋ္ဌလုလင်အား ဗုဒ္ဓမိန့်ကြားခဲ့သည့် စကား…


အမ္ဗဋ္ဌ…  ဘီလုံးငှက်မသည်ပင်လျှင် မိမိ၏ အသိုက်ထဲ၌ လွတ်လွတ်လပ်လပ် မြည်နိုင်သေး၏။ ကပိလဝတ်မှာ သာကီဝင်မင်းတို့၏ ကိုယ်ပိုင်တိုင်းပြည်ဒေသ ဖြစ်သည်။ အမ္ဗဋ္ဌ… ဤမပြောပလောက်သည့် အကြောင်းအရာ မျှလောက်ဖြင့် သင်သည် အာဃာတ မထားသင့်ပါ…။ (ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ အမ္ဗဋ္ဌသုတ်)

The Art of Freedom ရုပ်ရှင်ပွဲတော်မှ ဆုရကားများကိုလည်း ကြည့်ရသည်။ Online မှ ကြည့်ပြီးဖြစ်သော်လည်း၊ မြင်ကွင်းကျယ်ကျယ်၊ အသံကျယ်ကျယ်နှင့် ကြည့်လိုသည့် ဆန္ဒပြည့်၍ ကြည်နူးရသည်။ မျက်ရည်ကျရသည့် ကားများလည်းပါသည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ နာမည်ကျော် အင်းသီးလည်း ပါသည်။ (ကို)ဇာဂနာနှင့် (ကို)မင်းထင်ကိုကိုကြီးတို့ ဟောပြောကြသည်။ ရသအလင်း ဖောင်ဒေးရှင်း၏ ဆောင်ရွက်ချက်များကိုလည်း သိရသည်။

အမေးအဖြေကဏ္ဍ၌ မင်းထင်ကိုကိုကြီးအား ဆရာ့အကြိုက်ဆုံး ကဗျာတပုဒ်ကို ပြောပြပါဟူသော မေးခွန်းကို ကဗျာဆိုတာ… ကျမတို့ရဲ့ ရုန်းကန်သံပါ…ပဲ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ကဗျာ စာသားကို လတ်တလော သူ့အကြိုက်ဆုံးပါပဲ ဟု ဖြေကြားသွားရာမှ မျှော်လင့်ထားသလို အတုံးလိုက်အတစ်လိုက်ကြီးမဟုတ်သည့် ရုန်းကန်ရှင်သန်နေသောအလှတရားကို မိမိအတိုင်းအတာဖြင့် ခပ်ပါးပါး မြည်းစမ်းခွင့် ရလိုက်ပါတော့သည်။
ဟောပြောသော ဆရာများ၊ မေးခွန်းမေးကြသူများနှင့် ပွဲဖြစ်မြောက်အောင် စီစဉ်ပေးသူများအား ကျေးဇူးတင်ပါသည်။

Friday, January 13, 2012

အချစ်များဖြင့် ခရီးသွားခြင်း

ကျွန်တော်သည် ဤစာစုကို အတ္တိဿရဝုတ္တိ လင်္ကာများဖြင့် လွန်လွန်ကျူးကျူး ဖွဲ့သီပါ၏။ သို့ပါသော်လည်း ကျွန်တော့် အဖို့မှာကား ရင်တွင်းအာသီသ တင်းတိမ်ပြည့်ဝခြင်း အလျဉ်း မရှိပါဘဲ၊ တတ်နိုင်ပါလျှင် ထို့ထက် ထွန့်တက်၍ ဖွဲ့လိုက်ချင်မိပါ၏။

စင်္ကြာဝဠာကြီး၏ နှလုံးသည်းပွတ်သည် လူသားတို့ နေထိုင်ရာ ကမ္ဘာကြီးဖြစ်၍၊ ကမ္ဘာကြီး၏ အသည်းနှလုံးသည် အမိမြန်မာပြည် သာလျှင်ဖြစ်ပြီး၊ ထိုပြည်နှင့် ဆက်စပ်သမျှသည် နှလုံးသားများဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်လေသည်ကို သိရှိနားလည်လိုက်ရပေပြီ။ ထိုနှလုံးသားများကို မျက်ဝါးထင်ထင် မြင်ရသလို၊ နားစိုက်၍လည်း ထောင်မိပါ၏။ အခါခါ နမ်းရှိုက်မိသည်လည်းရှိသလို၊ မြိန်ရည် ယှက်ရည်လည်း စားသုံးမိပါ၏။ လက်ဖဝါးများဖြင့်လည်း ထွေးပွေ့မိသလို ခြေဖွဖွဖြင့်လည်း နင်းလျှောက်မိပါလေ၏။ ထိုသောအခါ ကျွန်တော့်နှလုံးအိမ်အတွင်းဝယ် အသံ တသံသည်လည်း ပဲ့တင်ထပ်လာနေ၏။ ထိုအသံကို သည်းကွဲစွာလည်း ကြားနာနေရပါ၏။ ပီသလွန်းလှ၍ ကြည်မြလွန်းလှသည်မှာလည်း ဆိုဖွယ်ရာမရှိ။ နရီတေးသွားလို စည်းချက်ကျနေသော ထိုအသံကား ချစ်တယ်... ချစ်တယ်... ဟူသတည်း။

တဆက်တည်း ဆိုသလိုပင် အချစ်များဖြင့် ခရီးသွားခြင်း ဟူသော ခေါင်းစဉ်တခုသည် ရင်တွင်းသို့ တိုးဝင်လာရကား၊ ကျွန်တော် ငမိုက်သားသည် ချစ်ဖူးသည့် အချစ်များနှင့် နှိုင်းဆခြင်း အမှုကို ပြုရန် အချစ်ဦးနှင့် ရင်ခုန်ဖူးသည့် အဖြစ်ကို အစောတလျင် ပြန်ပြောင်း တသလိုက်မိပါသေး၏။ မတူ.. မတူ.. မတူရေးချ မတူပါတကား။ သို့သော် အစွဲကြီးစွဲမိ၍ အခက်ကြီး ခက်ရပေပြီဟု ပူပင်ရန် မရှိ။ အချစ်ပြီးတော့ အချစ်ဟုသာ ဆိုဖွယ်ရာ ရှိချေတော့သည်။

ကျွန်တော့်အား လွန်လွန်ကျူးကျူး တဏှာရူးဟု အပြစ်ဆိုလိုသူတို့ကို တပိုင်တနိုင် ချေပခြင်းငှာ ကျွန်တော့် ရင်ထဲက လှတန်ဆောင်၏ ရုပ်ပုံလွှာအချို့ကို တစေ့တစောင်း ဖော်ပြလိုက်ရပေသည်။ ရှုစားတော်မူကြပါကုန်။ ကျွန်တော်သည် တွန့်တိုခြင်း အလျဉ်းကင်းစွာဖြင့် အတူတကွ ချစ်ကြရန် မျှဝေလိုက်ရပါလေပြီ…။ ဤမှန်ကန်သော သစ္စာစကားကြောင့် ကျွန်တော်နှင့် သူသည်…။



ဘဝသံသရာတံတား
တောင်ကြီးမြို့ တနေရာ



မွေတော်ကက္ကူဘုရား

ထမ်ဆမ်လှိုဏ်ဂူ

ကျွန်းမျောဘောင်ပေါ်တွင် မထိုင်ရ (ထမ်ဆမ်လှိုဏ်ဂူ)

 အင်းလေးကန်



ကျွန်းမျော







 လိမ္မော်ခြံ

 ပင်းတယသို့



မဟာအံ့ထူးကံသာဘုရားကြီး ရင်ပြင်မှ ရှုမျှော်သော်...
ပိတ်ချင်းမြောင် - သုံးဆင့်ရေတံခွန် အသွားလမ်းတနေရာ...

ပွဲကောက်ရေတံခွန်

မေမြို့မှ အဆင်းလမ်း


မြောက်မှတောင်သို့ စီးဆင်းနေသည့် မြစ်မင်းဧရာ... 
အရှေ့မှအနောက်သို့ စီးဆင်းလေသော တနေရာ

မြစ်ဧရာနဒီကျောဝယ်...

သားနှစ်ဦးအား ကရေကရာနှင့် မိတ်ဆက်ခြင်း (စစ်ကိုင်း၊ ကောင်းမှုတော်ဘုရား)

မြစ်ဝကျွန်းပေါ်သို့ ထွက်ပြီ... Golden Gate မဟုတ်သည့် တွံတေးတံတား 


ဂုံညင်းတန်းတံတား

ဓ ဓနိတန်း ပင်လယ်ကမ်း

ရေပျော်ငှက်လေး သုံးကောင်... အမျိုးတွေ...

 ခရာ ဆူးခြုံ ဟိုအထဲက မျှော့နက်မဲကြီး တွယ်တတ်တယ်

အိမ်၊ လမ်း၊ ရွာ၊ ကျောင်း၊ သန့်ရှင်းကြောင်း...




နတ်ရေကန် (သောက်ရေကန်)

ဗေဒါ

၀န်ခံချက်။ ။ပျော်ရွှင်သောစိတ်နှလုံးဖြင့် ဆရာဗန်းမော်တင်အောင်နှင့် တက္ကသိုလ်ဘုန်းနိုင်တို့အား သတိရရင်း ရေးသားပါသည်။ (မသီတာ)

17 Dec 2011 မှ 26 Dec 2011 ထိ သွားခဲ့သော ခရီးစဉ်
17-12-2011 မန္တလေးမှ ကလော၊ အောင်ပန်းလမ်းကနေ တောင်ကြီး(၄၇၁၂ပေ) ကိုသွားတယ်။ နေ့လည်စာ - ကလောမြို့က ရှမ်းမလေး စားသောက်ဆိုင်မှာ စားတယ်။ ထမင်းစားပြီး အချိုပွဲတဲ့ လိမ္မော်သီး အလကားကျွေးတယ်။ ထမင်းစားပြီး ဆိုင်ကအထွက် ဆွမ်းဆန်စိမ်းလောက်းလှူပွဲနဲ့ တိုးတယ်။ ကြည်နူးစရာပဲ...။
တောင်ကြီးကို ညနေစောင်းရောက်တော့ ရွှေငါး ဟော်တယ်မှာ တည်းခိုပြီး၊ ညစာကို မြင်းပေါ်ကလူကို အောက်က လဲနေတဲ့လူက စာချွန်လှမ်းပေးနေတဲ့ ရုပ်ထုနားက ရှမ်းဘူဖေးဆိုင်မှာ စားတယ်။ ညစာစားအပြီး စူဠာမုနိလောကချမ်းသာ စေတီတော်ကို ဖူးမျှော်တယ်။

18-12-2011 မနက်အစောစာစားပြီး တောင်ကြီးကထွက်ပြီ...။ နောင်ကားဘူတာ နားမှာ ပြည်နယ်အဆင့် ဘောလုံးပြိုင်ပွဲ အကျိတ်အနယ် ပြိုင်နေကြတယ်။ ကြက်သွန်စိုက်ခင်းတွေကို ရေသွယ်၊ ရေဖျန်းနေပုံက အမြင်ဆန်းတယ်။ အရာရာဟာ လှနေတော့လည်း ပါးမို့နီလေးတွေ လှတာ ဘယ်ဆန်းတော့မလဲ။ အမြဲတန်းလှနေတဲ့ အလှတရားပါပဲ။ မွေတော်ကက္ကူဘုရားဖူးတယ်။ အေးချမ်းတဲ့အရိပ်မှာ တခုခုရှိနေတယ်။ ဒါလည်းမဆန်းပါဘူး။ အေးချမ်းတဲ့အရာတွေကို ပေးစွမ်းနိုင်တာတွေ ရှိနေတာပေါ့။ လမ်းလေးကလည်း အေးချမ်းတယ်။ သစ်ပင်ကလည်း အေးချမ်းတယ်။ ဟိုးဝေးဝေးက လယ်တောတွေထဲ ဖြတ်စီးနေတဲ့ ချောင်းလေးကလည်း အေးချမ်းတယ်။ ဆည်းလည်းသံလေးတွေကလည်း အေးချမ်းနေတယ်။ ပင်လုံကနေ ဘုရားလာဖူးတဲ့ ပအို့ဝ်လူမျိုး အကိုကြီးနဲ့ အမကြီး သုံးယောက်ကို ကိုယ်ပေးတဲ့ အပြုံးတွေကလည်း အေးချမ်းမယ်ဆိုတာ သေချာပါတယ်။ အုပ်စုလိုက်ရိုက်ထားတဲ့ပုံကို ထုတ်ကြည့်မိရင် သတိရကြပေါ့နော်။

ဟိုပုံးမြို့(၃၅၇၂ပေ) စဉ့်ဟယ်ဈေးနားမှာ နေ့လည်စာ စားတယ်။ စစ်သင်တန်းသားလေးတွေ ဟိုတစုဒီတစုတွေ့တယ်။ တပ်မြို့ပေပဲကိုး..။
ဟိုပုံးကိုရင်လေး အရှင်ပေါရိဿတရားကျင့်တဲ့  မေတ္တာခမ်းတန် - ထမ်စမ်လှိုဏ်ဂူကို သွားကြတယ်။ အတွေ့အထိက တမျိုးပဲ...စိမ်းတော့စိမ်းတယ်။ မရင်းဘူး မကျက်ဘူးလို့ပြောတာ...။ မနွေးထွေးဘူးပေါ့ ဒါပေမဲ့ အေးပါတယ်။

ဧည့်ကြို ဆန်းမြင့်ထွန်းရဲ့ ဆိုင်ကယ်ခေါ်ဆောင်ရာနောက်ကို ကားနဲ့လိုက်ရင်း ရေပူစမ်းရွာကို ရောက်တော့ မှောင်နေပြီ။ နောက်နေ့ မနက် ဖောင်တော်ဦးဘုရားကို အာရုံဆွမ်းကပ်ချင်လို့ အင်းထဲကို စက်လှေနဲ့ ဇွတ်သွားတယ်။ ၄၅မိနစ်လောက်စီးလိုက်ရတယ်။ ရေပူစမ်းရွာနဲ့ ဖောင်တော်ဦးဘုရားက အင်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ကိုး... တည်းခိုခန်းရောက်မှ မြေပုံကြည့်မိတာလေ။ ကြယ်တွေ မြင်ရတာပေါ့။ ဖောင်တော်ဦးဘုရားကို ရောက်အောင်သွား... အင်းသူ အင်းသားများက ဖော်ရွေတယ်...။

19-12-2011 ဖောင်တော်ဦးဘုရားမှာ အာရုံဆွမ်းကပ်လှူပြီး၊ အင်းထဲ စက်လှေနဲ့ လည်ကြတယ်။ တောင်တွေကာရံထားတဲ့ အလယ်မှာ အင်းလေး ရေပြင်ပြာ... အင်းသားတွေ စကားပြောတာ... ဗျ..ဗျ နဲ့ အဆုံးသတ်တာလေးက တမျိုးချစ်စရာကောင်းပါတယ်။ အင်းသူလေးတွေကလည်း ကိုယ်တို့လို စိတ်ရောင်စုံတွေနဲ့ နှိုင်းစာတော့ ဖြူစင်နေတုန်းပါပဲ...။ ငွေထည်ပစ္စည်း အတုတွေလှေနဲ့ ကပ်ရောင်းတာကတော့ ဆိုးတယ်။
မန္တလေးမြို့ကြီးမတည်မီကတည်းက ရှိနေတဲ့ ငါးဖယ်ချောင်းကျောင်းက ရှေးဟောင်းဆင်းတုတော်တွေ မှန်လုံခန်းနဲ့ ထားချင်လိုက်တာ..။ကြောင်လေးတွေ ခဏခဏခုန်ခုန်ပြရတာ ညောင်းရင်လည်း သူ့ဟာသူနေပါစေတော့...။ ကြောင်ဆိုတာ ကျားလို မခုန်မဖြစ်မှမဟုတ်ပဲ။ တိုင်လုံးပေါင်း ၆၅၄လုံးမှာ ရွှေချထားတာက တိုင်၂၀၀။
သဘာဝရေပူစမ်းကို ပိုက်လိုင်းနဲ့ သွယ်ပြီး Resort လုပ်ထားသေးတယ်။ အဖြူမတယောက်ကတော့ လူနှစ်ပြန်စာလောက် ရေကူးကန်လေးထဲမှာ လူးလာခေါက်ပြန် ကူးနေလေရဲ့။ တရွာလုံးကို တဦးက ဝယ်ထားပြီးပြီ ဆိုလား...။ ငါနဲ့ ဆိုင်ပြီး ငါမပိုင်တာတွေပေါ့။

အောင်ပန်းမှာ လိမ္မော်သီးတွေ ဝယ်တယ်။ ထောပတ်သီးတွေဝယ်တယ်။ လက်ဖက်ခြောက်တွေလည်း ဝယ်သေးတယ်။ အကိုအမတွေဝယ်တာပါ။ ပင်းတယဘက်ကို ဆက်မောင်းတယ်။ ကားလမ်းဘေးက လိမ္မော်ခြံကို ဝင်ကြပြန်တယ်။ ကြည့်ရုံသာ ကြည့်ပါ ထိတော့မထိပါနဲ့တဲ့.. အဒေါ်ကြီးက။ ဟုတ်တယ်လေ... အသီးတရာ အညှာတခုမဟုတ်လား... အညှာလေးတွေ ကျိုးသွားမှဖြင့်...။

ပင်းတယ(၃၈၈၀ပေ) ကလည်း အနေအထားတမျိုးနဲ့ ကြိုနေပြန်တာပါပဲ။ ဘုတ်တလုတ်ရေကန်ကို ဖြတ်ပြီး လှိုဏ်ဂူရောက်တော့ ညနေ၅နာရီ။ ရှမ်းသံဝဲ၀ဲနဲ့ ဘကြီးက လိုက်ရှင်းပြတော့ သိရတာပေါ့။ ရန်ကုန်ကလူတွေ ချမ်းသာတယ်နော်တဲ့...လှူထားတာတွေ ကြည့်လိုက် ရန်ကုန်..ရန်ကုန်ချည်းပဲတဲ့...။ စေတီပေါင်း ၈၀၉၄ဆူရှိတယ်..ပေပေါင်း ၄၉၀အထိ အထဲဝင်လို့ရတယ်။ ကျောက်စက်မိုးမျှော်နဲ့ ကျောက်စက်ပန်းဆွဲ နှစ်ခုပေါင်းမိတော့ ကျောက်တိုင်ကြီး ဖြစ်သွားရော..။ ကျောက်စည်နဲ့ ကျောက်မောင်းကတော့ ဘယ်လို ဖြစ်နေတယ်မသိ...။
ပွေးလှ(၄၄၄၄ပေ) ကိုလည်း ရောက်ခဲ့သေးတယ်လေ...။

မန္တလေးကို ရွာငံလမ်းကနေ ပြန်ခဲ့ကြတယ်...။ ယူကလစ်ပင်တွေ စီတန်းနေတဲ့ လမ်းလေးမှာ ကားက မောင်းရင်းမောင်းရင်း အမှောင်ထုထဲ ထိုးခွဲသွားခဲ့ရတော့တယ်။ ကွေ့တယ်...ကောက်တယ်...ကြောက်တယ်...။
ရွာငံက ဓနု စားသောက်ဆိုင်လေးမှာ ခေါက်ဆွဲကြော် ညစာစားတော့ ဆိုင်ရှင့်သားပေါက်စလေးက အတီးနဲ့ ဧည့်ခံတယ်။ မန်းလေးအိမ်ရှေ့ ကားထိုးဆိုက်လိုက်တော့ ငါတို့ ဘယ်အိမ်ဝင်အိပ်ကြမှာပါလိမ့်လို့ အတွေးဝင်တယ်...။ ထူးဆန်းတယ်နော်..။ အာရုံတွေကို ဘာသာပြန်တာ... တော်တော်ကြီးကို အလွဲလွဲအမှားမှားနဲ့... ငါ့ကိုယ်ငါ မပိုင်ခြင်းရဲ့ သေချာမှုတခုပါပဲ။