ဖွားဖွားတာမှာ မြေး ခြောက်ယောက်ရှိတယ်။ အရွယ်လေးတွေက မတိမ်းမယိမ်း ဆယ်ကျော်သက်လေးတွေ။ တနေ့သော မိသားစု တွေ့ဆုံပွဲမှာပေါ့ ဝမ်းကွဲ မောင်နှမတတွေ သူတို့ရဲ့ အနာဂတ် ဘဝရည်မှန်းချက်တွေအကြောင်း ပြောကြတယ်။
“ဘွဲ့ရပြီးရင် ဘာလုပ်ကြမှာလဲ” ဥမ္မာက စမေးတယ်။
“သားကတော့ ဖွားဖွားတာလို အင်ဂျင်နီယာ လုပ်မှာ” လို့ သူ့မောင်အရင်းဖြစ်တဲ့ အာကာက မဆိုင်းမတွ ဖြေတယ်။
“ဖွားဖွားတာကလေ ၁၉၉၀ကနေ-၂၀၀၀ခုနစ်လောက်ထိ ဓာတ်ပုံမော်ဒယ်လ် လုပ်ခဲ့တာ… သူရိုက်ခဲ့တဲ့ မဂ္ဂဇင်းမျက်နှာဖုံးပုံတွေ၊ ပြက္ခဒိန်တွေ ရောင်းမလောက်အောင်စွံခဲ့တယ် ဆိုတာ သိကြရဲ့လား” လို့ ရတနာက မျက်ခုံးလေး ချီပြီးပြောလိုက်တော့…
“ဖွားဖွားတာက သမီးကို အဲ့လို ပြောခဲ့တာ မဟုတ်ပါဘူး” ရွှေရည်က ပျာပျာသလဲ ပြောရှာတယ်။ “သူ့ဘဝတလျောက်လုံးကို ဆန်ကုန်သည်အဖြစ်နဲ့ ကုန်ဆုံးခဲ့တာပါတဲ့… ဖျာပုံမှာ နေခဲ့တုန်းက ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ် လို့တောင်ပြောသေး”
“မဟုတ်တာတွေ…သူက ကွန်ပြူတာကျောင်းမှာ စာပြခဲ့တာပါဟာ” လို့ ဇေယျာက အသေအချာ ပြောပြန်တယ်။
“မင်းတို့ တယောက်ကိုမှ ဖွားဖွားတာက အမှန်ပြောခဲ့ဟန် မတူဘူး။ တကယ်တော့ သူက စင်္ကာပူမှာ ကလေးထိန်း လုပ်ခဲ့တာကွ…” လို့ သူတို့ထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ကျော်စွာက ပြောလိုက်တယ်။
“ကဲပါလေ…ဖွားဖွားတာ ဘာလုပ်ခဲ့တယ်ဆိုတာ သူ ကိုယ်တိုင်ကိုပဲ မေးကြည့်ရအောင်” လို့ အငယ်ဆုံးလေး ဆွေဆွေက အဖော်ညှိလိုက်ပြီး၊ မီးဖိုထဲမှာ ပီဇာဖုတ်နေတဲ့ ဖွားဖွားတာ အနားသွားပြီး မေးကြပါတယ်…။
“ဖွားဖွားပြောလည်း ကလေးတို့ ယုံမှာ မဟုတ်ပါဘူး” လို့တခွန်းသာပြောပြီး ဂျုံတွေကို ပြုံးပြုံးကြီး ဖိနယ်နေတော့တယ်။
အမှန်တကယ် ဖွားဖွားတာက ဘလော့ဂါ လုပ်ခဲ့တာ…:P
မေဓာဝီတဂ်လို့ ပြုံးပြုံးကြီး ရေးပါသည်။
5 comments:
ချစ်ဖို့ကောင်းတဲ့ ဖွားဖွားတာအကြောင်း ပြုံးလို့ဖတ်လို့ကောင်း။း))
ဟုတ်ပါ့ ဒီကလေးတွေ ဒါကိုတော့ မသိကြရှာဘူး။ ဖွားဖွားတာခမျာ တဂျောက်ဂျောက်တဂျက်ဂျက်နဲ့ မေဓာဝီ့အကြွေးဆပ်နေရရှာတား)
အမရွှေစင် အကြွေးကျန်သေးတယ် ဖွားတာရ
ဖွားဖွားတာ သိတ်ချစ်ဖို့ကောင်းတယ် မမေရဲ့ တဂ်ကြွေးကို မရ ရအောင်ဆပ်သွားတာပါလား .... :D
ဘွားဘွားတာကိုဒီရက်သတိရနေတာ
Post a Comment