အမျိုးသားရဲ့ ကုမ္ပဏီတွင်း အလုပ်နေရာ ပြောင်းရွှေ့မှုကြောင့်၊ August 5, 2016 နေ့ နံနက်ဝေလီဝေလင်းအချိန်မှာ စင်္ကာပူနိုင်ငံကနေ အမေရိကန်နိုင်ငံ၊ Colorado ပြည်နယ် Longmont မြို့လေးကို ထွက်လာခဲ့ပါတယ်။ နေ့သစ်တနေ့ရဲ့ သက်ဝင်လှုပ်ရှားမှုတွေ မစတင်မီ၊ ငြိမ်သက်နေတဲ့ မြို့တော်ကို တိတ်တဆိတ် ခွဲခွာခဲ့ရပါပြီ။ အနှစ် နှစ်ဆယ်အတွင်း အလျဉ်းသင့်သလို ခိုကပ်ခဲ့တဲ့ သံယောဇဉ်တွေက မျက်ဝန်းမှာ မိုးညိုစေခဲ့ပါတယ်။
Colorado ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ Denver မြို့ International လေဆိပ် ကို ညနေ ၆နာရီလောက်ရောက်ပါတယ်။ လေဆိပ်ကနေ Longmont မြို့ကို taxi ငှားလာပါတယ်။ ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးမှာ မီးခိုးရောင် တိမ်စင်းကြောင်းတွေကြားက တနေ့တာကို နှုတ်ဆက်တော့မည့် လိမ္မော်ရင့်နေခြည်တန်းတွေအောက်မှာ တမျှော်တခေါ် ဝေးလံလွန်းလှတဲ့ ဝါညိုညို မြင်ကွင်းတွေ မိုးအဆုံး မြေအဆုံး တွေ့ရပါတယ်။
ကိုယ်ကတော့ မျက်လုံးစိမ်းနဲ့ ကြည့်နေပြီ သတိသာထားတော့ အမေရိကားရေ…။ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ဟိုးအနောက်ဘက်ယွန်းယွန်းက လှမ်းမြင်နေရတဲ့ ခပ်ရင့်ရင့် Rocky တောင်တန်းကြီးတွေဆီ ဦးတည်သွားနေတာပါ။ တောင်ခြေမြို့လေးတစ်မြို့ဖြစ်တဲ့ Longmont မြို့ကို ဝင်လာတော့ မှောင်ရီပျိုးနေပါပြီ။ လမ်းဘေးတလျောက်က အိမ်လေးတွေရဲ့ မှိန်ပျပျမီးရောင်ကို ကျိုးတိုးကျဲတဲ မြင်ရချိန်မှာတော့ “ရွာငယ်ဇနပုဒ် မီးလေးတွေ မှိတ်တုတ်” လို့ ရေရွတ်မိပါတော့တယ်။
ကိုယ်က တောင်တန်းတွေနဲ့ နီးစပ်ခဲ့ဖူးသူတယောက် မဟုတ်ပါဘူး။ တောင်တန်းတွေကို မှတ်မှတ်ရရ စလို့ သတိပြုမိတာက ဆယ်ကျော်သက်အရွယ် ကျွဲပွဲမြို့အနီး အဝေးပြေးလမ်းမကြီးပေါ်မှာ စက်ဘီးစီးရင်း၊ လမ်းဘေးတဖက်တချက်က စိမ်းမြမြစပါးပျိုးခင်းတွေကို အနားသတ်ထားတဲ့ ဟိုးခပ်ဝေးဝေးက မှိုင်းညို့ညို့ ပဲခူးရိုးမနဲ့ အရှေ့ရိုးမ တောင်တန်းကြီးတွေကိုပါ။ နောက်နှစ်များကြာပြီး မိသားစုနဲ့ ကုန်းမြင့်ဒေသတွေဆီ အလည်အပတ်သွားတော့ တောင်တန်းတွေကို ပိုပြီး နီးနီးကပ်ကပ် မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒီအချိန်မှာတော့ တောင်ကုန်းတွေက တောင်ကတုံးတွေ ဖြစ်ပြီး ဝါဖန့်ဖန့် ဖြစ်လို့ နေပါတယ်။ ကိုယ်လာခဲ့တဲ့ အချိန်ရာသီကြောင့်လို့ မျက်နှာလွဲ ခဲပစ်ပြီး ရဲရဲကြီး ကြည့်လိုက်တော့လည်း တောင်တန်းတွေက ရိုးရိုးလေး လှလို့။
ဒီမြို့လေးမှာတော့ အိမ်ထဲကအိမ်ပြင် ထွက်လိုက်ပြီဆိုတာနဲ့ မျက်လုံးထဲ တန်းဝင်လာမှာက တောင်တန်းကြီးတွေ…။ အိမ်အတော်များများမှာဆို ပြူတင်းတံခါးဖွင့်လိုက်ရင်ပဲ တောင်တန်းတွေရဲ့ ပြူးပြူးကြီး စိုက်ကြည့်ခြင်းကိုခံရမှာပါ။ သက်ရင့်ကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီတောင်တန်းတွေဟာ ဣန္ဒြေကြီးကြတယ်။ ခက်ထန် ရင့်ရော်တဲ့ အသွင်ကိုလည်း ဆောင်တယ်။ ကိုယ်တို့ဆီက တောင်တန်းတွေကတော့ ပြေပြစ်နူးညံတဲ့ အသွင်ရှိတယ်။ တောင်တန်းဆိုမှတော့ ငြိမ်သက်တဲ့ အသွင်ကတော့ ကိုယ်စီ ရှိကြပါတယ်။
ရောက်တဲ့ အချိန်က စလို့ ကိုယ့်ကို ဘယ်သူကမှ တာဝန်ပေးမထားပဲ စွဲစွဲမြဲမြဲ လုပ်ဖြစ်နေတဲ့ အလုပ်က နှိုင်းယှဉ်ခြင်းပါ။ ဟိုမှာနဲ့ ဒီမှာ…၊ ကိုယ်တို့ဆီနဲ့ သူတို့ဆီ…၊ အရှေ့နဲ့ အနောက်…တွေ့ရာရာကို နှိုင်းယှဉ်နေတော့တာ…။ လမ်းဘေး မြက်ခင်းထဲမှာလည်း ကိုယ်တို့ဆီမှာလို ကံကောင်းခြင်း အရွက်လေးတွေ ရှိလေမလား ရှာရတာအမော…။ ဟယ် သူတို့ဆီက ခြံစည်းရိုးပင်တွေက တို့ဆီက ဒေါနပန်းနဲ့ တူတယ်တော့ဆိုပြီး ကုန်းနမ်း… ဟင် မွှေးလည်း မမွှေးဘူး ဆိုတဲ့ အဖြစ်တွေ…။
အသက်လေးရလာတဲ့အလျောက် ကိုယ့် အတွေ့အကြုံ၊ ကိုယ့် ခံယူချက်နဲ့ ကိုယ်သိမှတ်ထားတာတွေကို တယူသန် တဇွတ်ထိုး မစွဲယူဖို့ သတိထားရင်း၊ ကွဲလွဲမှုတွေကို ဘာကြောင့်ဆိုတာ သိဖို့ရာသာ ဇောကပ်ရင်းပါ။
သိပ်မကြာခင်မှာပဲ တောင်တန်းတွေဟာ အရောင်ပြောင်းတတ်တယ် ဆိုတာကို သိရချိန်မှာတော့ ကိုယ့်ကိုကိုယ် သဘာဝတရားနဲ့ ပိုနီးစပ်လာပြီး ပိုရင့်ကျက်သွားသလိုလို စိတ်ကြီးဝင်မိပါသေးတယ်။ ဒီမှာ အချိန်နဲ့အမျှ ရာသီဥတုက အပြောင်းအလဲ မြန်တယ်။ ရာသီဥတု အခြေအနေ ပြောင်းသွားတာနဲ့အမျှ တောင်တန်းကြီးတွေက အရောင်ပြောင်းပါတယ်။ မြင်ဖူးခဲ့တဲ့ စိမ်းညို့ညို့၊ ရွှေအိုရောင် တွေ အပြင်၊ ခရမ်းဖျော့၊ ခရမ်းရင့်၊ ကြက်သွေးရောင်၊ မီးခိုးမှိုင်း၊ ငွေမှင်ရောင် အို… စုံလို့ စုံလို့ပါပဲ…။
မိုးများရာ အရပ်မှာ ကြီးပြင်းခဲ့သူ တယောက်ဟာ နှင်းထူတဲ့အရပ်ကို ရောက်နေချိန်မှာတော့ တမ်းတမိတာက မြန်မာစာပေကို ရေးသားကြတဲ့ စာရေးဆရာများကိုပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်သာဆို “နှင်းတွေ ဝေမှဖြင့်ကွယ်” ဆိုပြီး စာတွေရေးမှာပဲလို့။ ကောင်းကင်ပေါ်က ကျလာတာချင်းတူပေမည့် မိုးနဲ့ နှင်းက အသွင်ကွဲတယ်။ မိုးရွာပုံတွေ မတူသလို နှင်းကျပုံတွေလည်း မတူဘူး။ မတူတာသာသိတယ် ဘယ်လိုဟူကား မဖော်ပြတတ်၊ ကိုယ့်ရဲ့ ဝေါဟာရ ဆင်းရဲမှု။ နှင်းရှိတဲ့ဒေသကလူတွေရဲ့ သူတို့ဘာသာစကားနဲ့ ပုံဖော်ထားတာတွေလည်း ကိုယ်က လက်လှမ်းမမှီ။ ဆင်းရဲတာ မကောင်းပါလား… ဂုဏ်ငယ်လိုက်တာ…။
နှစ်တနှစ်ရဲ့ အစဦးဆုံး ရွာချလိုက်တဲ့မိုးနဲ့ အစိုဓာတ်ကို မွတ်သိပ်နေတဲ့ မြေပြင်တို့ ထိအတွေ့မှာ လှိုက်ဝဲလာတဲ့ မြေသင်းနံကို မက်မောခဲ့ဖူးသူတစ်ယောက်ဟာ မိုးလေဝသ သတင်း ကြေငြာထားတဲ့အတိုင်း နှင်းတွေ စကျလာတဲ့ အချိန်မှာတော့ ဝေ့ကာဝိုက်ကာ ဝဲပျံလာတဲ့ နှင်းပွင့်တွေကို ယောင်နနနဲ့ ငေးကြည့်နေမိခဲ့တယ်။ မိုးရွာလို့ စိတ်မညစ်ဖူးသူဟာ နှင်းတွေ ကျတော့လည်း အင်း… ပျော်ပါတယ်…ပျော်ပါတယ်…ပျော်ရမှာပေါ့လေလို့ ပျော်ခိုင်းလိုက်ပါတယ်။ ဂျပန်ကား၊ ကိုးရီးယားကားတွေမှာ တွေ့ဖူးတယ်လေ… နှင်း စကျပြီဆို ကောင်လေးနဲ့ ကောင်မလေး သမီးရည်းစားတွေ ပြေးဖက်ကြတော့တာ…။ နှင်းတွေက ထပ်ကာထပ်ကာ ဆက်လို့သာ ကျနေလို့ နှင်းဦးကျလည်း လွန်ခဲ့ပါပြီ…။ တမြန်နေ့က မနက်ပိုင်းမှာ နှင်းပြေးလေး တခဏ ဝေတယ်။ နောက်နေ့ကစ နေ့ရောညရော စွေနေလိုက်တာ… ည ညဆို နှင်းလေတွေပါ လာတယ်။ ညှာတာမဖက် နှိပ်စက်တဲ့ ရာသီ…။
လူဆိုတာမျိုးကလည်း ကိုယ်သန်ရာသန်ရာ အနေအထားနဲ့ လောကကို ရင်ဆိုင်နေတာမဟုတ်လား။ ကိုယ်ကတော့ စိတ်ကူးယဉ်သမားဆိုတော့ အတွေးအလျဉ်ကြောမှာသာ မျောလို့မဆုံး…။
Longmont မြို့ရောက် ၅ လ ပြည့် အမှတ်တရ-








9 comments:
အစ်မရဲ့ စိတ်ကူးတွေထဲ အတူယှဉ်တွဲ စီးမျောရင်း
တောင်တန်းတွေကို ငေးမော
နှင်းလေပြေကို ကျားကန်
မြို့လေးရဲ့ အသံကို နားဆင်ရင်း
ခဏတာ ခံစားရောက်ရှိပါကြောင်း ...။
အရမ်းချစ်စရာကောင်းတဲ့စာလေးဘဲ.. ဖတ်ရင်းနဲ့ မမသီတာနဲ့အတူ ရောက်သွားတယ်.
နေရာသစ်မှာ ပျော်ရွှင်ပါစေ.. ကျန်းမာပါစေ မမသီတာနဲ့မိသားစု
စင်စင်
နှင်းတွေကြားက အတွေးလေးကို မျဝေသွားတယ် မ့ရေ
👯🎅
👯🎅
သီတာရေ၊စမ်းကြည့်တာနော်
ထပ်စမ်းပြန်ပြီသီတာရေ၊သည်းခံနော်။
Missing u! ♥
Post a Comment