Tuesday, August 12, 2008

??? သား နဲ့ ရန်ကုန်သူ

ကာတွန်းမောင်ဝဏ္ဏ၏လက်ရာများမှတစ်ခု

‘မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား’ တဲ့။

အဲ့ဒီ စာချိုးကို ငယ်ငယ် ကတည်းက တော်တော်မုန်းတာ။ တို့က ရန်ကုန်မှာမွေး ရန်ကုန်မှာကြီး တဲ့ ရန်ကုန်သူလေ။ ဟန်များသလားတော့ မမေးနဲ့။ တစ်ခုခု စားပြီးရင် အင်္ကျီအိတ်ကပ် ထဲက လက်ကိုင်ပဝါလေး ထုတ် ပါးစပ်ကို စတိုင်နဲ့ သုတ်တာ လေးငါးနှစ် သမီးလောက်က ဆိုဘဲ။ အစသန်တဲ့ အဒေါ်ကြီးတွေက “ညည်းတို့ အဖေက ငါးစိမ်းသည်ပါအေ” လို့ စရင် “သမီးတို့က ငါးစိမ်းရောင်းပေမဲ့ ကုလားထိုင်ပေါ်က ထိုင်ရောင်းတာပါ” လို့ ပြန်ပြောတတ်သေး သတဲ့။ အချိုးက အချိုးက။ မှန်းသာကြည့်တော့ ရိုက်ပေါက်လေးကို။ အို..ဘာဘဲဖြစ်ဖြစ် ‘ရန်ကုန် အကြွား’ ဆိုတာကြီးတော့ မကြိုက်ပေါင်။ တို့များက လှလှပပလေးနေ၊ ပညာသားပါပါလေး ပြောတတ်တာကို မနာလိုလို့ ပြောကြတာဟင်း..

‘မော်လမြိုင် အစား’ တဲ့။ အဲ့ဒီအရပ်လည်း ငယ်ငယ်က တစ်ခါမှ မရောက်ဖူးတော့ အစားတွေ ဘယ်လောက်ကောင်းလဲ မသိခဲ့ပါဘူး။ အဲ အိမ်ထောင်ကျပြီး တမြို့တနယ်ရောက်တော့ (နေဦး နေဦး အိမ်ထောင်ဘက်က ဘယ်မြို့သားလဲလို့ ဒီနေရာမှာ မမေးနဲ့ဦး။ သိပါလိမ့်မယ် နောက်တော့) ရွှေမြိုင်သူတွေနဲ့ အိမ်နီးချင်းတွေ ဖြစ်ပြီး စားလိုက်ရတာ တမျိုးပြီးတမျိုး။ ကိုယ်ကလည်း အရှိန်တွေရပြီး တတ်သလောက် မှတ်သလောက်တွေ ပြန်ချက်ကျွေးနဲ့ mood တွေဝင်လာလိုက်တာ လူလည်း Sophie Lorence စတိုင်ကနေ တဖြေးဖြေးနဲ့ Catherine Zeta-Jone ကိုယ်ဝန်ဆောင်တဲ့ ပုံ ပေါက်ရော။

တနေ့တော့ အတူနေတဲ့ ယောက္ခမကြီး မနက်တိုင်းစားတဲ့ ပေါင်မုန့်ကလည်းကုန်။ သားတော်မောင်ရဲ့ ညအိပ် ရှူးရှူးခံကလည်းကုန်တော့ နေမကုန်ခင် ကမန်းကတန်း အိမ်နေရင်းဝတ် ဘောင်းဘီတိုပွပွလေးနဲ့ဘဲ ဈေးဆင်းလာခဲ့တယ်။ ဝတ်လက်စ တီရှပ်ကိုတော့ ခပ်လတ်လတ် စပို့ရှပ်လေးနဲ့ လဲခဲ့ပါသေးတယ်။ အဲဒီနေ့က holiday ဖြစ်လို့ အိမ်မှာရှိနေတဲ့ အိမ်ကလူကြီး နောက်က လိုက်လာလို့ “ရှင်ကတော်တော်ကဲနေတယ်ပေါ့လေ” လို့တောင် ကိုယ်က သူ့ကို စ,ပစ်လိုက်သေး။ ခဏကြာတော့ အိမ်နေရင်းဘောင်းဘီ အစုတ်နဲ့ လမ်းထွက်လာမိပြီး ကိုယ့်ကိုကိုယ် မလုံမလဲနဲ့ “ကျမဘောင်းဘီ အနောက်မှာ ပြဲနေသလား၊ ပေနေသလား၊ ကြည့်ပေးပါဦးတော့” လို့ အကူအညီလေးတောင်းမိပါတယ်။ သူကလည်း ကူညီရှာပါတယ် ကြည့်ပေးပြီး “ဘာမှမဖြစ်ဘူး၊ ဘာမှမရှိဘူး” တဲ့ ဟူး..တော်သေး တအောင့်ကြာတော့မှ “အင်း..ဒါကြောင့် စာဆိုတွေက စပ်ကြတာကို ဆင်မယဉ်သာလို့ ...ကြိုးလေးတစ်ချောင်းသာ ချထားပေးလိုက်ရင် ပိုတူမှာပဲ” တဲ့။

ကဲ သိကြပြီ မဟုတ်လား ကျမ ယောက်ျား ဘယ်မြို့သားလည်းဆိုတာ…

6 comments:

Ko Paw said...

မော်လမြိုင်အစားဆိုတာတော့ “ငွေထွက်အောင် မှန်သဗျိုး”။ ကျနော့် မဒမ်က မော်လမြိုင်မှာ အနေများသူကိုး။ သူပြောတာရှိသေးတယ်။ ဘာတဲ့….သူက သူများဇနီးမယားတွေလို အ၀တ်အစားတွေ အလှပြင်အသုံးအဆောင်တွေ မမက်မောလို့ ကျနော့်အနေနဲ့ သူများတွေလို ပိုက်ဆံအထူးတလည် ကုန်စရာမလိုတဲ့အတွက် ကျနော်ကံကောင်းသတဲ့။ ရုတ်တရက်နားထောင်လိုက်ရင် ဟုတ်သလိုလို။

ဒါပေမယ့် နောက်မှ ပြန်စဉ်းစားကြည့်တော့ ရှော့ပင်း (Shopping) ဆိုတာမျိုးက တပတ်တခါ သို့မဟုတ် တလတခါ မှ ထွက်ကြတာမဟုတ်လား။ အစားအသောက်ဆိုတာမျိုးကျတော့…၀ှူး…..

သက်ဝေ said...

ဗဟုသုတ ကနည်း၊ ဥာဏ်ကလဲ တုံးတော့ မသီတာ အမျိုးသား ဘယ်မြို့သားလည်းဆိုတာ… စဉ်းစားလို့  မရပါကြောင်း...။
ဆက်တော့ စဉ်းစားလိုက်အုံးမယ်။ ရရင် အဖြေပေးမယ်လေ.. နော်...။

စူး said...

မန္တလေးသား
မှန်ရင် ဆုပေးပါ အမရေ..နော့်

မြတ်နိုးမေမေက မော်လမြိုင်သူ.ဖေဖေက ရန်ကုန်သား
မြတ်နိုးကလဲ ရန်ကုန်သူအစစ်
ဒါပေမဲ့ ကြွားတတ်ဘူး
စကားတတ်တယ် အစားမက်တယ်
ဟီး...

khin oo may said...

သိပါပြီနော်. မနလေးသား

တန်ခူး said...

မန္တလေးသားနဲ့  ရန်ကုန်သူ...
မတူ မတူ ဘယ်နေရာမှ မတူ...
မန္တလေးသားနဲ့  ရန်ကုန်သူ... သီချင်းကို ပြောင်းပြန်ဆိုလိုက်တာ မ ရေ... ဆက်တော့ဆိုတော့ဘူးနော်....

ThuHninSee said...

အဟမ်း..အဟမ်း။