Thursday, August 6, 2009
ထိုတည
“ဆရာ ဆရာ တံခါးဖွင့်ပါဦး” “ဆရာ”
အချိန်က ညသန်းကောင်နားနီးနေပြီ။ အိမ်ရှေ့မှ တကြော်ကြော်ခေါ်နေသည်။
အစေ့ပိတ်ထားသော အိမ်ရှေ့ တံခါးမကြီးကို အသာဟကြည့်တော့ ဆိုက်ကားပေါ်မှာ လူတယောက်၊ ဆိုက်ကားဆရာက တံခါးဖွင့်ပေးရန် တကြော်ကြော်အော်နေခြင်းဖြစ်သည်။
“ဘာဖြစ်လာတာလဲ” ဟု မေးရင်း၊ တံခါးသွားဖွင့်ချိန်တွင် ဆရာဝန်က မီးဖွင့်ပြီး ဆေးခန်းထဲမှာ အသင့်စောင့်နေသည်။
“သေနတ်ထိလာလို့”
“ဟင်! ဘယ်ကို ထိလာတုန်း”
“ခြေသလုံးနဲ့ ပေါင်မှာပါ..” ဆိုက်ကားဆရာက ဖြေနေခြင်းဖြစ်သည်။
“လာလာ ရှင်တွဲခေါ်လာခဲ့” …ဆိုက်ကားဆရာကို ပြောလိုက်သည်။
*****
လူနာဆေးခန်းထဲရောက်တော့ ဆရာဝန်က ဘယ်အချိန်က ဘယ်လိုဖြစ်လာတာလဲ ဟုမေးသည်။
“အဝိုင်းမှာ ဆရာ၊ သူတို့ ပစ်တာ…”
“အဝိုင်းမှာ ပစ်တယ်ပြောသံကြားလိုက်တာ ညဦးပိုင်းလောက်ကပဲ”
“ဟုတ်ပါတယ်ဆရာ… ၉-နာရီလောက်ကတည်းကပါ။ မြို့ထဲက ဆေးခန်းတွေ တခုဝင် တခုထွက်နဲ့ ကြည့်မပေးကြလို့ ဒီနေရာထိ အခုမှရောက်လာတာပါ။”
လူနာ ကုတင်ပေါ်ရောက်တော့ ဆရာဝန်က စစ်ဆေးမှုတွေ ပြုနေသည်။
ပေါင်ကတော့ ရှပ်ထိသွားတာ ကိစ္စမရှိဘူး။ ခြေသလုံးကတော့ ကျည်ဆန်ဖောက်ဝင်သွားတယ်။ ခွဲထုတ်ရလိမ့်မယ်။
“ရပါတယ်ဆရာ လိုအပ်သလို လုပ်ပါ။”
ဆရာဝန်သည် ခြေသလုံး ကျည်ဆန်ဖောက်ဝင်သွားသော နေရာကို ကိရိယာများဖြင့် အတွင်းမှ ကျည်ဆန်တောင့်ကို ထုတ်ယူနိုင်ရန် ကြိုးစားနေသည်။ အတန်ကြာသည်အထိ ကျည်ဆန်က ရှာမတွေ့ဖြစ်နေသည်။
“ကျည်ဆန်ကို ရှာမရဖြစ်နေတယ်။ ဘယ်သေနတ်အမျိုးအစားရဲ့ ကျည်လဲ … G3 လား၊ G4 လား မသိဘူး။ အောင်ဝင်းဆီ ဖုန်းဆက်လိုက် အကျိုးအကြောင်းပြောပြပြီး အခုလာခဲ့ပါလို့ ပြောလိုက်…။” ဆရာဝန်က သူ့သူငယ်ချင်း ဆရာဝန်ဆီ ဖုန်းဆက်ခိုင်းခြင်းဖြစ်သည်။
“ဒီအချိန်ကြီး လာပါ့မလား။”
“ဆက်သာဆက်လိုက်စမ်းပါ။”
*****
နာရီဝက်ခန့်အကြာမှာပင် သူငယ်ချင်းဆရာဝန် ရောက်လာသည်။ ဆေးခန်းလေး အတွင်း၌ လူသုံးဦးရှိနေသော်လည်း လိုအပ်သော အသံမှလွဲ၍ တိတ်ဆိတ်နေသည်။ လူနာတို့၏ အမျိုးမျိုးသော ညီးညူးအော်ဟစ်သံများနှင့် ရင်းနှီးဖူးပြီးသောနားသည် ထိုလူနာ၏ အော်သံ မကြားရခြင်း၌ အမည်မသိသော ထူးခြားမှုကို ဖြစ်စေသည်။ ခန်းဆီးလေးကို အသာလှစ်ကြည့်မိတော့ ဆရာဝန်နှစ်ယောက် ခေါင်းချင်းဆိုင် အလုပ်ရှုပ်နေကြပြီး၊ လူနာမှာ နံရံဖက်သို့ မျက်နှာမူနေ၍ သူ့မျက်နှာအနေအထားကို မမြင်ရ။ ဆိုက်ကားဆရာကတော့ အိမ်အပြင်မှာပင် စောင့်နေဟန်တူသည်။
သိပ်မကြာလိုက်ဟု ထင်ရသော အချိန်အပိုင်းအခြားအတွင်းမှာ လူနာ ဆေးခန်းအတွင်းမှ ထွက်လာသည်။ ဆရာဝန်က Antibiotic - one course နှင့် အကိုက်အခဲ ပျောက်ဆေး တပတ်စာ လူနာအားပေးလိုက်ရန် ညွှန်ကြားသည်။ တံခါးပေါက်အရောက်၌ လူနာက “ဆရာတို့ကို ကျေးဇူးတင်ပါတယ်” ဟု ပြောသွားသည်ကို ကြားလိုက်ရသည်။
*****
နောက်နေ့ ဆေးခန်းဖွင့်ချိန်ကုန်ဆုံးသွားသောအခါ “မနေ့က ဟိုလူနာ ဆေးလည်းလာမထည့်ဘူး” ဟု ပြောမိတော့ ဆရာဝန်က မကြားဟန်ပြုနေသည်။
ဆေးခန်း စတင်ဖွင့်ချိန်မှ စ၍ လူနာတဦးချင်းစီ၏ ကျန်းမာရေး မှတ်တမ်းကို အမည်၊ အသက်၊ နေရပ်လိပ်စာနှင့်တကွ စနစ်တကျထားသော ဤဆေးခန်းလေးတွင် ထိုတညမှ ထိုလူနာသည် မှတ်တမ်းဖွင့်မထားလိုက်သော လူနာ ဖြစ်သည်။
Subscribe to:
Post Comments (Atom)
15 comments:
ထိုတည..အတွက် ကျေးဇူးပါ မသီတာ..အ
အမရယ်..
၂ ရက်စာသွားတယ် ထင်တယ်...
အဲလို လူနာတွေ အများကြီးးးးတဲ့..။
မြတ်နိုး
ထိုတစ်ည
ထိုလူနာ
ထိုကျည်ဆံ
မကြားရသောညည်းညူသံ
....................
ဒီဆရာဝန်ကို ဂုဏ်ပြုပါတယ်
လေးလည်း လေးစားတယ်
မသီတာရေ.. နှစ်ခါပြန်ဖတ်ရတယ်...
ထိုတညတဲ့လား မ ရယ်…
ဒီလူနာ ဒီလို ဆရာဝန်နဲ့ ကုခွင့်ရတာ ကံကောင်းလိုက်တာ…
အတိတ်တွေက မနေ့ တနေ့ ကလိုပါပဲ…
ဆရာဝန်ရဲ့ စေတနာကို အရမ်းလေးစားပါတယ်ဗျာ.. တစ်ချို့ဆရာဝန်တွေကတော့ ဘာတွေဘယ်လို ဖြစ်လို့လဲမသိပါဘူးဗျာ.. ဆေးခန်းရောက်တာနဲ့ ရာဇ၀တ်မူ့လား ဘာဖြစ်တာလဲဆိုပြီး ရစ်တာနဲ့ သေမယ့်လူဆိုသေတာပဲ........ ထိုတညက
လိုဆရာဝန်တွေ အများကြီး ကျွန်တော်တို့လိုအပ်နေတုန်းပဲလေ
ထိုညတွေ ကြောက်လို့ အခုထိ “မစပ်သောငြုတ်” ဖြစ်နေပါသည်။
ဝေမျှပေးတဲ့အတွက်ကျေးဇူးနော်။
လာဖတ်သွားတယ် မသီတာ။ အဲဒီထိုတညမျိုးးးး မြို့တိုင်းနီးပါးမှာ ဖြစ်ခဲ့ကြတယ်.......
ဒါလေးဖတ်ပြီး အားလုံးပြန်သတိရ......စိတ်ထဲမကောင်းလိုက်တာ....
ဘယ်တော့မှမသိနိုင်မယ့် ပုစ္ဆာတွေ...
ထိုတည... ဖတ်ပြီး စိတ်ထဲမကောင်းပါ မသီတာ
ကိုဧရာ မသီတာရေ ထိုတညကို လာဖတ်သွားပါတယ်။ မြန်မာပြည်မှာ ဒီလိုညမျိုးတွေ မရှိတဲ့ခေတ်၊ ဆရာဝန်တွေက Health care code of ethnic အတိုင်း လိုက်နာတဲ့ ခေတ်ကို မြန်မြန် ရောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ထိုညမျိုးမှ အားလုံးဝေးကြပါစေ...
ဆေးခန်းမရောက်ဘဲ ပျောက်သွားတဲ့သူတွေ အကြောင်းဘယ်သူရေးမလဲ...။
ကြက်ပျောက်ငှက်ပျောက်ထက်ဆိုးတဲ့ အဖြစ်တွေ အများကြီးရှိနေသေးတယ်...။
တကယ်ကိုဆိုးရွားခဲ့တဲ့ ဘ၀တွေပါပဲဗျာ...။
ပြန်တွေးရင် ပူနွေးလတ်ဆတ်နေဆဲပါပဲ...။
Post a Comment