“မင်းမရှိ ငါမရှိ အားလုံး ဘယ်သူမှ မရှိ…” ထူးအိမ်သင်၏ သီချင်း တစ်ပိုင်းတစ်စကို ဆိုညည်းမိရင်း သားကြီး ငယ်ငယ်က အကြောင်းတစ်ခုကို သတိရသည်။ စကားပြောတတ်စ သားကို ခေါင်း၊ လက်၊ မျက်စိ စသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်း အမည်များကို သင်ပေးရင်း၊ မိလိန္ဒပဉှာမှ မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့ တွေ့ဆုံခန်းက အတွေးထဲ ရောက်လာသည်။ မိလိန္ဒမင်းကြီးက “ဆံပင်သည် နာဂသေနလော၊ အမွေး လက်သည်း၊ ခြေသည်းတို့သည် နာဂသေနလော…” စသဖြင့် ပညာစမ်းသည်။ ထိုအခါ ဘီး၊ ဝင်ရိုး၊ ထမ်းပိုးစသော အင်္ဂါ အစိတ်အပိုင်းတို့သည် ရထား မဟုတ်သော်လည်း၊ ထိုအစိတ်အပိုင်းတို့ကြောင့် ရထားဟူသော အမည် ပညတ်ရကြောင်း၊ ရူပက္ခန္ဓာစသော ခန္ဓာတို့ကို အစွဲပြု၍ ပုဂ္ဂိုလ် သတ္တဝါဟု ခေါ်ဝေါ်သမုတ်အပ်သော ပညတ်တရားဖြစ်ကြောင်း အရှင်နာဂသေနက ပြန်လည်ဖြေရှင်းသည်။ ထိုအမေးအဖြေကို တွေးမိရင်း သား၏ ခန္ဓာကိုယ် အစိတ်အပိုင်းလေးများကို ပြကာ မေးခွန်း ထုတ်လိုက်သည်။
မေး။ ။ ဒါ ဘယ်သူလေးလဲ…။
ဖြေ။ ။ သားသား
မေး။ ။ ဒါက ဘာလဲ…။
ဖြေ။ ။ သားသား ခေါင်း။
မေး။ ။ ဒါကကော …။
ဖြေ။ ။ သားသား လက်။
မေး။ ။ ဒါဆို ဒါကကော …။
ဖြေ။ ။ သားသား မျက်စိ။
“ဒါဆို သားသားက ဘယ်မှာလဲ” ဟု မေးခွန်းထုတ်ရန် ပြင်ထားသော ကျွန်တော် ငိုင်သွားရသည်။ သားအဖြေက အတွေး တစ်ခုကို ပေးသည်။ ပညတ်တွေ ပရမတ်တွေကို အာဘော်အာရင်း သန်စွာ ပြောဆို ဆွေးနွေးနေကြသော်လည်း၊ ကျွန်တော်တို့၏ အသိစိတ် အစဉ်တွင် စွဲကပ်နေသည့် “ငါ” ကို ခပ်လွယ်လွယ် ဆွဲခွာချရန် မလွယ်... ။
စကားပြောတတ်စ သားကသာ မိမိကို တရားချခဲ့သည် မဟုတ်။ မသီတာကလည်း တရားချ ပြန်သည်။ အခုတစ်လော ကြားဖူးနား၀ ဆေးမြီးတိုများ ဖျော်ဖျော် တိုက်သော်လည်း မသီတာ၏ ကိုယ်အလေးချိန်က မကျ။ တစ တစသာ တိုး၍ လာသည်။ ဘယ်နှယ့် ဖြစ်တာပါလိမ့်လို့ ပြောမိတော့… “ရှင်ဟာလေ သင်္ခါရတရားကို ပါးစပ်ကသာ ပြောနေတယ်၊ တကယ် မသိသေးပါလား” ဟု ဆိုလေသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတို့ကို ရှုမှတ်ဆင်ခြင်ဖို့ ကျွန်တော် အချိန်ပေးရပါလိမ့်ဦးမည်။
3 comments:
ပုထုဇဉ်လူသားတို့အဘို့ 'ငါ အစွဲ' လွယ်လွယ်ကူကူဖြုတ်ဘို့ခက်တယ် သီတာရေ... နေ့စဉ် 'ငါသည် မုချသေရမည့် အချိန်ပိုင်းသာလိုတော့သည် အသေမဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်' ဆိုတာလေးကို နှလုံးသွင်းနိုင်ဘို့ လိုတယ်။
ဟုတ်တယ် တကယ်တော့ ကျနော်တို့တတွေဟာမေ့လျောနေကြသူတွေဖြစ်နေတယ် ဒီကြားထဲမှာဖဘကြီးပေါ်လာလိုက်တာပိုဆိုးသွားတယ် နေ့နေ့ညညဖဘထဲကြီးစိုးနေလိုက်ကြတာများသေဖို့ပိုတောင်မေ့လျော့နေကြပြန်ရော
ကိုဧရာရေးတာဖတ်ပြီး ကိုယ့်ကိုယ်ကိုတောင် ပြန်ရှက်မိတယ်။ ငါစွဲတင် မကဘူး၊ ဘာမဟုတ်တဲ့ ပစ္စည်းလေးမှာ ကိုယ့်နာမည်လေးပါတာနဲ့ ဘယ်သူ့နဲ့မှ မတူတဲ့ ငါ့ပစ္စည်း၊ ငါ့ပစ္စည်းဆိုပြီး စွဲနေလို့လေ။
Post a Comment