Wednesday, July 16, 2008

တရားဦး ဓမ္မစကြာ - နိဒါန်း

“… ပညာတည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား)ကို စေလွှတ်ကြကုန်လော့။ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ။” 
[ ဝိနည်းမဟာဝါ-မဟာခန္ဓကဝဂ်-ဗြဟ္မယာစက ကထာ]
ပစ္စေကဗုဒ္ဓဘုရားနှင့် သမ္မာသမ္ဗုဒ္ဓဘုရားတို့မှအပ တရားနာကြားရခြင်းမရှိပဲ အကျွတ်တရားရသည်ဟူ၍ မရှိချေ။ မှန်သောအမြင် (သမ္မာဒိဋ္ဌိ) ရရှိရန်အတွက်
(၁) သစ္စာနှင့်လျော်သော (သစ္စာနုလောမိက) တရားကိုနာကြားခွင့်ရခြင်း၊
(၂) နှလုံးသွင်းမှန်ခြင်း (ယောနိသော မနသိကာရ) ဟူသောအကြောင်းတရားနှစ်ပါး လိုအပ်သည်။
ဗောဓိပင်ရင်းတွင် မြတ်စွာဘုရားရရှိတော်မူခဲ့သော တရားတို့သည် အလွန်ပင် နက်နဲသိမ်မွေ့၍ ဆင်ခြင်စဉ်းစားမှုနယ်ကို ကျော်လွန်သော အတက္ကာဝစာရ တရားမျိုး ဖြစ်သည်။ သတ္တဝါတို့သည် ကာမဂုဏ်တို့တွင် သာယာတပ်မက် နှစ်ခြိုက်ပျော်မွေ့နေကြရာ၊ တပ်မက်ခြင်း တဏှာ ကုန်ရာဖြစ်သောတရားသည် လောကရေစီးကြောင်း, သံသရာရေစီးကြောင်းနှင့် ဆန့်ကျင်ဖက် (ပဋိသောတဂါမိ) ဖြစ်၍ နေလေသည်။ ထို့ကြောင့် တရားကိုဟောခဲ့ပါက နားလည်လက်ခံနိုင်စွမ်းရှိရန် မလွယ်ကူ။ ဟောကြားသောတရားတော်အား သင့်တင့်သော နှလုံးသားဖြင့် ခံယူနိုင်ရန် မလွယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ရောက်ပြီးစ ဗုဒ္ဓမြတ်စွာဘုရားအား “သတ္တဝါတို့အား တရားဟောကြားပါက နားလည်နိုင်ရန် မလွယ်။ ပင်ပန်းဆင်းရဲရုံသာ ဖြစ်လိမ့်မည်”ဟူသော အကြံသည်ဖြစ်ပေါ်လာ၏။
ထိုအခါတွင် သဟမ္ပတိ ဗြဟ္မာမင်းသည် မြတ်စွာဘုရားထံ ရောက်ရှိလာ၍၊ “ပညာမျက်စိကို ဖုံးအုပ်တတ်သော မြူနှင့် တူသည့် ကိလေသာ နည်းပါးသောသူတို့လည်း ရှိပါသေးသည်။ ထိုသူတို့သည် တရားနာကြားခွင့် မရှိ၍ ဆုံးရှုံးနေကြရပါသည်”ဟု တရားဟောရန် တောင်းပန် လျှောက်ထား၏။ သုံးကြိမ်တိုင်တိုင် လျှောက်ထားသောအခါ သတ္တဝါတို့၏ ဣန္ဒြေ အနုအရင့်, ကိလေသာ အထူအပါးကိုသိမြင်သော ဗုဒ္ဓစက္ခုဉာဏ်တော်နှင့် လောကအား ကြည့်ရှုသုံးသပ်တော်မူ၍ သတ္တဝါတို့အား တရားဟောကြားမည်ဟု မိန့်တော်မူ၏။
“… ပညာတည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား)ကို စေလွှတ်ကြကုန်လော့။ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ။”
[ ဝိနည်းမဟာဝါ-မဟာခန္ဓကဝဂ်-ဗြဟ္မယာစက ကထာ]
တရားဦးကို ဟောရန်အတွက် ပညာမျက်စိတွင် ကိလေသာမြူပါးသောသူတို့ကို ကြံစည်တော်မူ၏။ အာဠာရ နှင့် ဥဒက ရသေ့တို့အားဟောကြားရန် အကြံရသော်လည်း ထိုရသေ့တို့သည် သေလွန်သွားကြပြီး၍ တရားနာယူနိုင်စွမ်းမရှိသော အရူပဗြဟ္မဘုံတွင် ဖြစ်နေကြလေသည်။ ထိုနောက် မိမိ ဒုက္ကရစရိယာအကျင့်ကို ကျင့်စဉ်က ဝတ်ကြီးဝတ်ငယ် ပြုခဲ့ကြသော ပဉ္စဝဂ္ဂီ ခေါ် ရဟန်း ၅-ပါးအား တရားဦးဟောရန် အကြံဖြစ်၏။ ထိုအချိန်တွင် ပဉ္စဝဂ္ဂီငါးပါးတို့သည် ကာသိတိုင်း၊ ဗာရာဏသီပြည်ရှိ ‘ဣသိပတန’ အမည်ရသည့် မိဂဒါဝုန်တောတွင် နေထိုင်လျှက် ရှိကြလေသည်။ မြတ်စွာဘုရားသည် ဥရုဝေလတောတွင် ရက်အနည်းငယ်မျှ သီတင်းသုံးပြီးနောက်၊ ဥရုဝေလတောမှ ပဉ္စဝဂ္ဂီငါပါးတို့ရှိရာ မိဂဒါဝုန်တောသို့ အစဉ်အတိုင်း ခြေလျင် ကြွချီတော်မူသည်။ ဥရုဝေလတောမှ ဂယာသို့ ၃-ဂါဝုတ်ခရီး၊ ဂယာမှ ဗာရဏသီသို့ ၁၈-ယူဇနာ ကွာဝေးသည်ဟု သာရတ္ထဒီပနီဋီကာတွင် ဖော်ပြထားသည်။ မိုင်အကွာဝေးအားဖြင့် ၁၄၂-မိုင်မျှ ဝေးကွာသော ခရီးရှည် ဖြစ်၏။ ဤခရီးရှည်သည် ဗုဒ္ဓမြတ်စွာ၏ ပထမဦးဆုံး သာသနာပြုခရီးစဉ် ဖြစ်လေသည်။
သာသနာပြုလုပ်ငန်းတို့မည်သည် သတ္တဝါတို့အပေါ် သနားကြင်နာသည့် ကရုဏာတော်ဖြင့် အေးမြသည့် နှလုံးသား၊ သတ္တဝါတို့တွင် ဖုံးလွမ်းထားသော အမိုက်မှောင်ကို ပယ်ရှားပေးနိုင်မည့် ပညာ အလင်းရောင်တို့ပေါ်တွင် အခြေတည်ရသော လုပ်ငန်း ဖြစ်သည်။ စိတ်ရှည်ရသည်။ သည်းခံရသည်။ ဇွဲလုံ့လရှိရသည်။ လွယ်ကူသော လုပ်ငန်းမဟုတ်။ ဗုဒ္ဓ၏ ပထမဦးဆုံး သာသနာပြု လုပ်ငန်းသည်လည်း လွယ်ကူချောမွေ့လှသည် မဟုတ်ကြောင်းကို ဝိနည်းမဟာဝါ မဟာခန္ဓက၊ ပဉ္စဝဂ္ဂီယကထာတွင် တွေ့ရသည်။
တရားဦးဓမ္မစက်ကို ဟောတော်မူမည်ဟု မိုင်ပေါင်းရာချီသောခရီးကို ခြေလျင်ကြွချီလာခဲ့ရသော မြတ်စွာဘုရား၏ တရားဦးအား ပဉ္စဝဂ္ဂီ ငါးဦးတို့သည် လွယ်လင့်တကူ နာယူခဲ့ကြခြင်းမဟုတ်။ အဝေးမှကြွလာသော ဗုဒ္ဓမြတ်စွာကြွလာသည် မြင်သောအခါ ပဉ္စဝဂ္ဂီငါးဦးတို့သည် “ကမ္မဋ္ဌာန်းအလုပ်မှ ထွက်၍ လာဘ်လာဘပေါများရန် လှည့်လည်နေသော ရဟန်း ဂေါတမသည် လာနေပြီ။ ခရီးဦးကြို မပြုကြနှင့်၊ နေရာထိုင်ခင်းမပေးကြနှင့်”ဟု နှုတ်ကတိစကား ထားကြသည်။ အစာငတ်ခံ, အပင်ပန်းဆင်းရဲခံ၍ ကျင့်ကြံသော ပဓာနအကျင့် ကိုစွန့်ပယ်၍ အစာပြန်လည် စားသောကြောင့် ဘုရားအလောင်းတော်အား လမ်းခွဲခဲ့သော ပဉ္စဝဂ္ဂီငါးပါးတို့သည် ဗုဒ္ဓအပေါ်၌ အထင်မြင်သေးသော မျက်လုံးများဖြင့် ကြိုဆိုကြသည်။ ဗုဒ္ဓက ကရုဏာမေတ္တာဓာတ်ကို ပဉ္စဝဂ္ဂီငါးဦးအပေါ်တွင် အပြည့်ညွှတ်၍ ရောက်လာသောအခါ၊ မေတ္တာတန်ခိုးကြောင့် ပဉ္စဝဂ္ဂီတို့သည် ခရီးဦးကြို မပြုပဲ မနေနိုင်။ နေရာထိုင်ခင်း မပေးပဲ မနေနိုင်ကြတော့။
သို့တိုင် မြတ်စွာဘုရားက တရားဟောကြားမည်ဟု ဆိုသောအခါ၊ “ရဟန်း ဂေါတမ … သင်သည် ပြုနိုင် ကျင့်နိုင်ခဲသော ဒုက္ကရစရိယာအကျင့်ဖြင့်ပင် တရားထူးမရရှိခဲ့။ ပဓာနအကျင့်ကမ္မဋ္ဌာန်းကို စွန့်၍ ယခုကဲ့သို့ လာဘ်လာဘပေါများရန် လှည့်လည်နေသောသင်သည် အဘယ်မှာ မြတ်သောအသိဉာဏ်ထူးကို ရနိုင်ပါအံ့နည်း”ဟု ဝေဖန်၍ အကြိမ်ကြိမ် ငြင်းပယ်ကြ၏။ ထိုအခါ “ရဟန်းတို့… ငါသည် ရှေးယခင်က ဤသို့သော စကားမျိုး ဆိုခဲ့ဖူးပါသလော” ဟု ဗုဒ္ဓမြတ်စွာက မေးရ၏။ ထိုသို့ အခြေအတင် ပြောဆို၍ နောက်မှ ပဉ္စဝဂ္ဂီငါးဦးတို့က တရားနာယူရန် လက်ခံကြခြင်းဖြစ်လေသည်။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့်ညဦးပိုင်း နေလုံးသည် အနောက်အရပ်၌ဝင်၍၊ လပြည့်ဝန်းသည် အရှေ့လောကဓာတ်တွင် အာသာဠှနက္ခတ်နှင့် ယှဉ်၍ ပေါ်ထွန်းလာသော အချိန်တွင် “ဒွေ မေ, ဘိက္ခဝေ, အန္တာ...” အစချီကာ တရားဦး ‘ဓမ္မစက္ကပ္ပဝတ္တနသုတ်’ ဒေသနာတော်အား ဟောကြား တော်မူခဲ့လေသည်။

Tuesday, July 8, 2008

အေကၽြးအေမြး


မြန်မာလူမျိုးတို့၏ ကျွေးချင်မွေးချင်တတ်ကြသည့် ချစ်စရာ့စိတ်စေတနာသည် အကျင့်၊ ဓလေ့ထုံးစံ အဖြစ်သို့ပင် ပြောင်းလဲရောက်ရှိနေပြီ ဖြစ်သည်။ အသိမိတ်ဆွေ တစ်ယောက် လမ်းတွေ့လျှင် လ္ဘက်ရည် ခေါ်တိုက်မည်။ တနယ်တကျေးမှ ဧည့်သည်ဆိုပါလျှင်လည်း "တို့အိမ်ဘက်လည်း ထမင်းစားလှည့်ခဲ့ပါဦး"ဟု ဖိတ်မန္တကပြုကြသည်။ ချိုင့်ဖြင့် ပို့ပေးတတ်သည်များလည်း ရှိသေးသည်။ မွေးနေ့၊ အိမ်သစ်တတ်၊ ထိမ်းမြားမင်္ဂလာ နှင့် အလှူမင်္ဂလာတို့ ဆိုလျှင်တော့ ပြောစရာမလို အကျွေးအမွေးကပါပြီးဖြစ်သည်။


တရားဓမ္မအားထုတ်နေသူများသည် သူတစ်ပါး ကျွေးမွေးလှူဒါန်းသော အာဟာရကို ပစ္စဝေက္ခဏာ ဆင်ခြင်၍သော်လည်းကောင်း၊ အလှူရှင်အား မေတ္တာပို့သ၍သော်လည်းကောင်း၊ မိမိ အားထုတ်ဆဲ ကမ္မဋ္ဌာန်းကို ဆက်လက်အားထုတ်လျက်သော်လည်းကောင်း၊ သုံးဆောင်မှီဝဲရသည်ဟု လေ့လာဖူးပါသည်။ ထိုသို့ မဟုတ်ဘဲ အလှူရှင်များက ချမ်းသာစွာ တရားပွားများအားထုတ်နိုင်ပါစေရန် ရည်သန်၍ လှူဒါန်းသော ဒါနကို အမှုမဲ့ အမှတ်မဲ၊့ လောဘ၊ ဒေါသတို့ဖြင့် စားသုံးမိမည်ဆိုပါက အလှူ့ရှင်ထံတွင် ခန္ဓာဖြင့် ကြွေးဆပ်ရတတ်ပါသည်။ ခန္ဓာဖြင့် ဆိုသည်မှာ သူတစ်ပါး၏ စားဖတ်၊ ၀ါးဖတ် အဖြစ်သော် လည်းကောင်း၊ အခိုင်းအစေခံအဖြစ်သော်လည်းကောင်း ကြွေးဆပ်ရခြင်း ဖြစ်ပါသည်။ ဤနေရာတွင် သံသရာတွင် မသိခြင်းအပေါင်းဖြင့် ကျင်လည်ကြသူတို့၏ မသိခြင်းတစ်ခုဖြစ်သည့် မိမိ၏သင်္ချိုင်းသည် ကုန်းသင်္ချိုင်းလေလော၊ ရေသင်္ချိုင်းလေလော၊ ကြောက်စရာ အကောင်းဆုံးဟု ဆိုလိုက ဆိုနိုင်သည့် ပါးစပ်သင်္ချိုင်းလေလော ဟူသောအချက်ကို သတိပြုရပေမည်။ National Geographic Channel တွင် တွေ့ရသည့် ကျားသစ်ပါးစပ်ထဲမှ ဂျီသမင်ငယ်၏ အဖြစ်ကို စိတ်မှန်းဖြင့် ခံစားကြည့်ကြစေလိုပါသည်။


မိတ်ဆွေသူငယ်ချင်းများကျွေးတာကို သွား၍စားရသော အခါများတွင် “တို့ကတော့ လက်ချည်းလာတာ မဟုတ်ဘူးနော်၊ ပါးစပ်လည်းပါတယ်” ဟု စ,နောက်တတ်ကြသည်။ “သူခေါ်ကျွေးတာကို ငါက Blind ကြီးသွားစားရမှာ ရှက်စရာကြီး၊ တစ်ခုခုတော့ ၀ယ်သွားဦးမှ” ဟုလည်း တစ်ခါတစ်ရံ ခပ်ကြောင်ကြောင်တွေးမိတတ်သည်။ တရားအားထုတ် ကျင့်ကြံနေခြင်း မဟုတ်ဘဲ၊ ခင်၍မင်၍ ကျွေးခြင်းမျိုးတွင် ကျွေးသူ၊ စားသူ နှစ်ဦးနှစ်ဖက် မည်သို့သော စိတ်များထားကြလျှင် သင့်မြတ်ပါမည်နည်း။


အလွယ်ကူဆုံးမှာ “ကျွေးနိုင်၊ မွေးနိုင်ပါစေ” ဟု ဆန္ဒပြု ဆုတောင်းပေးခြင်းသာ ဖြစ်သည်။ ထိုသောအခါ ကြင်စဦးများနှင့် ကလေးမရသေးသည့် အိမ်ထောင်များဖြစ်ပါက ပြုံးတုံ့တုံ့ဖြစ်ကြပေမည်။ တချို့ကတော့… “ဟေ့ ဟေ့ ကျွေးနိုင်ပါစေ တွင်ပဲရပ်၊ မွေးတော့ မမွေးနိုင်တော့ဘူး” ဟု ရယ်မောရင်း အချိန်မှီတားဆီးတတ်ကြသည်။ “ကျွေးနိုင်ပါစေ” ဆိုရာ၌ မိမိတို့ ကောင်းကောင်းစားရရန်၊ မကြာခဏ စားရရန် မရည်ရွယ်ပါ။ ကျွေးလိုသူ၏ စေတနာကို အသိအမှတ်ပြုခြင်းဖြစ်ပြီး၊ “မွေးနိုင်ပါစေ” ဆိုသည်မှာ မိမိ၏ ပစ္စည်းဥစ္စာများအပေါ်တွင် တပ်မက်သည့်စိတ်ကို တတ်နိုင်သမျှ စွန့်လွှတ်၍ ပြန်လည်ရရှိမည့် တစ်ဘ၀ တစ်နပ်စာအကျိုးကို မမျှော်ကိုးသည့် စိတ်ကောင်း စိတ်မြတ်များ မွေးနိုင်သမျှ မွေးနိုင်ကြပါစေဟု ဆန္ဒပြု ဆုတောင်းခြင်းသာ ဖြစ်ပါသည်။


သူတော်ကောင်းဓာတ်၊ တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်။

Blog စာမျက်နှာများတွင် ကျွေးမွေးဧည့်ခံထားသော အစားအစာများသည် ဗိုက်ထဲသို့ရောက်အောင် စားသုံးလိုက်ရသော အာဟာရများ မဟုတ်စေကာမူ၊ စဉ်းစား ဆင်ခြင် အသိဉာဏ်တိုးအောင် အာဟာရပေးပါသည်ဟု ခွန်အားရှိစွာဖြင့် ဤ Post ကိုရေးသားလိုက်ပါသည်။
(မှတ်ချက်။ ။ မသီတာ၏ အတွေးအမြင် စစ်စစ်ဖြစ်ပါသည်။ ကိုဧရာ Style ၀င်နေ၍ သူမှ တွေးတတ်၊ မြင်တတ်တာ မဟုတ်ကြောင်း၊ မိမိသည်လည်း ကျွေးတတ်၊ မွေးတတ်ပါကြောင်း- S-C)

Monday, July 7, 2008

မေတ္တသုတ်ပရိတ်တော် နှင့် မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပွားနည်း‌ေ ၁၁-နည်း

မေတ္တသုတ်ပရိတ်တော် Discourse on Loving-Kindness
ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒဿေန္တိ ဘီသနံ။
ယဉှိစေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ-မတန္ဒိတော။

သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။

မေတ္တာသုတ် ပရိတ်တော်၏ အာနုဘော်ကြောင့် နတ်ကြမ်း, ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ် အာရုံအမျိုးမျိုးတို့ကို မပြဝံ့ကြကုန်။ မေတ္တာသုတ်ပရိတ်တေ‌ော်ကို နေ့၌ဖြစ်စေ၊ ည၌ဖြစ်စေ မပျင်းမရိ အထပ်ထပ် ရွတ်ဖတ် သရဇ္ဈာယ်သောသူသည် ချမ်းသာစွာ အိပ်စက်ရခြင်း၊ အိပ်မက်ဆိုး မမြင်မက်ခြင်း စသောအကျိုးများကို ရရှိနိုင်၏။ အို… သူတော်ကောင်းတို့ ထိုကဲ့သို့ အာနိသင်နှင့် ပြည့်စုံသော ပရိတ်တော်ကို ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။

yassānubhāvato yakkhā, neva dassent bhīsanaṃ,
Yamhi cevānuyuñjanto, Rattindiva-matandito.

Sukkhuaṃ supati sutto ca, Pāpaṃ Kiñci na passati,
Evamādiguṇūpetaṃ, Parittaṃ taṃ bhaṇāma he.

By the power of this Sutta, the Yakkhas do not show their fearful appearance, and a person who makes effort regarding this Sutta day and night (by reciting and practicing), sleeps comfortably, and when he is asleep, he does not have bad dreams. Oh good people! Let us recite this protective Sutta which is endowed with these qualities and others as well.

ကရဏီယ’မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟူဇူ စ၊ သုဝစော စဿ မုဒု အနတိမာနိ။

ငြိမ်းချမ်းသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့်သက်ဝင်၍ နေလိုသော အကျိုးစီးပွား၌ လိမ္မာသောသူသည် ဤဆိုလတ္တံ့သော စည်းကမ်း နည်းလမ်းကို ပြုကျင့်အပ်၏။
၁။ ကျင့်စွမ်းနိုင် ရမည်။
၂။ ကိုယ်နှုတ် ဖြောင့်မတ်ရမည်။
၃။ စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်။
၄။ ဆိုဆုံးမ လွယ်ရမည်။
၅။ စိတ်ထားနူးညံ့ သိမ်မွေ့ရမည်။
၆။ လွန်ကဲမြင့်မောက်သော မာန မရှိရာ။

Karaṇīya’matthakusalena, Yaṃ ta santaṃ padaṃ abhisammecca,
Sakko ujū ca suhujū ca, Suvaco cassa mudu anatimānī.

He who wants to dwell penetrating the state of calm (Nibbāna) and who is skilled in his good, should practice these kinds of training. He should be able, upright, very obedient, gentle and not conceited.

သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဗော ကုလေသွ’နာနုဂိဒ္ဓေါ။

၇။ ရောင့်ရဲလွယ်ရမည်။
၈။ မွေးမြူလွယ်ရမည်။
၉။ အမှုကိစ္စနည်းပါးရမည်။
၁၀။ ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှုရှိရမည်။
၁၁။ ငြိမ်သက်သော ဣန္ဒြေရှိရမည်။
၁၂။ ရင့်ကျက်သော ပညာရှိရမည်။
၁၃။ ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်းမရှိရာ။
၁၄။ ဆွေမျိုး (ဒါယကာ) တို့၌ တပ်မက်မှုကင်းရမည်။

Santussako ca subharo ca, Appakicco ca sallahukavutti,
Santindriyo ca nipato ca, Appagabbho kulesva’nānugiddho.

He should be contented, easy to take care of, have few activities, have light living (have few possessions), and be controlled in his senses; he should be wise and not impudent and not be greedily attached to the families (devotees).

န စ ခုဒ္ဒ’မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။
သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၁၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်းအနည်းငယ်မျှလည်း မပြုကျင့်ရာ။
(ဤ စည်းကမ်း နည်းလမ်းတို့ကို လိုက်နာရမည်။) ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာခြင်းနှင့် ပြည့်စုံကုန်သည် ဘေးကင်းကုန်သည် ဖြစ်၍ ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။

Na ca khudda’mācare kiñci, Yena viññū pare upavadeyyuṃ,
Sukhino vā khemino hontu, Sabbasattā bhavantu sukhitattā.

He should not commit any slight wrong, by doing which he might be censured by wise men. May all beings be happy and safe. May they be happy.

ယေ ကေ စိ ပါဏာဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ’နဝသေသာ။
ဒီဃာ ဝါ ယေ ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

ဒိဋ္ဌာ ဝါ ယေ ၀ အဒိဋ္ဌာ၊ ယေ ၀ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

အလုံးစုံသော သက်ရှိသတ္တဝါတို့သည်လည်းကောင်း၊ ကြောက်တတ်သော (ပုထုဇဉ်) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ စိတ်ဓာတ် ခိုင်ခံ့သော (ရဟန္တာ)ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရှည်သောကိုယ်, ကြီးသောကိုယ်, အလယ်လတ်စားရှိသောကိုယ်, ပုတိုသောကိုယ်, သိမ်မွေ့သောကိုယ်, ဆူဖြိုးသောကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊

မြင်အပ်သော သတ္တဝါ, မမြင်အပ်သော သတ္တဝါ, အဝေးနေ သတ္တဝါ, အနီးနေ သတ္တဝါတို့သည် လည်းကောင်း၊ ရဟန္တာပုဂ္ဂိုလ်၊ ပုထုဇဉ်နှင့် ကျင့်ဆဲ သိက္ခပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။

Ye keci pāṇābhūtatthi, Tasā vā thāvarā va’navasesā,
Dīghā vā ye va mahantā, Majjhimā rassakā aṇukathūlā.

Diṭṭhā vā ye va adiṭṭhā, Ye va dūre vasanti avidūre,
Bhūtā va sambhavesī va,Sabbasattā bhavantu sukhitattā.

Whatsoever living beings there be, feeble, or strong, long or big or medium or short, small or fat, seen or unseen, those dwelling far or near, those who are yet to be born – may all beings without exception be happy.

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိ။
ဗျာရောသနာ ပဋိဃသညာ၊ နညမညဿ ဒုက္ခမိစ္ဆေယျ။

မည်သည့်အရပ်၌မဆို မည်သူမဆို တစ်ဦးနှင့် တစ်ဦး လိမ်လည်လှည့်ဖျားခြင်းကင်းကြပါစေ။ အထင်အမြင်သေးခြင်း ကင်းရှင်းကြပါစေ။ ကိုယ်နှုတ်ဖြင့် ရန်လိုစော်ကားခြင်း၊ စိတ်ဖြင့် ငြူစူခြင်း မရှိကြပါစေလင့်။ အချင်းချင်း ဆင်းရဲစေလိုခြင်း မရှိကြပါစေလင့်။

Na paro paraṃ nikubbetha, Nātimaññetha katthaci na kañci,
Byārosanā paṭighasaññā, Naññamaññassa dukkhamiccheyya.

Let none be deceive another or despise any person in any place. Let him not wish any harm to another with insult or ill-will.

မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ-မနုရက္ခေ။
ဧဝံ ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

မိခင်သည် ရင်၌ဖြစ်သော တစ်ဦးတည်းသော သားကို အသက်ရှင်စေရန် အစဉ် စောင့်ရှောက်ဘိသကဲ့သို့၊ သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

Mātā yathā niyaṃ putta, Māyusā ekaputta-manurakkhe,
Evaṃ pi sabbabhūtesu, Mānasaṃ bhāvaye aprimāṇaṃ.

Just as a mother would protect her only child at the risk of her own life, even so let him cultivate a boundless heart toward all beings.

မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာနံ။
ဥဒ္ဒံ အဓော စ တိရိယဉ္စ၊ အသမ္ဘာဓံ အဝေရ’မသပတ္တံ။

အထက်အောက်ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်းမရှိသော အတွင်းရန်, အပြင်ရန် ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

Mettañ ca sabbalokasmi, Mānasaṃ bhāvaye aprimānaṃ,
Uddaṃ adho ca tiriyañ ca,Asambādhaṃ avera’masapattaṃ.

Let thoughts of boundless love pervade the whole world – above, below and across; making them unrestricted, free of hate and free of enmity.

တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ’ဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရ’မိဓမာဟု။

ငိုက်မျည်းခြင်းကင်း၍၊ ရပ်နေသမျှ သွားနေသမျှ ထိုင်နေသမျှ လျောင်းနေသမျှ ကာလပတ်လုံး ဤ (မေတ္တာနှင့်ယှဉ်သော) သတိကို ပွားများအံ့ဟု ဆောက်တည်ရာ၏။ ဤသို့နေထိုင်ခြင်းအား မြတ်သောနေထိုင်ခြင်း (ဗြဟ္မဝိဟာရ)ဟု ဗုဒ္ဓသာသာနာ၌ ဟောတော်မူကုန်၏။

Tiṭṭhaṃ caraṃ nisinno va, Sayāno yāvatāssa vitamiddho,
Etaṃ satiṃ adhiṭṭeyya, Brahmametaṃ vihāra’middha māhu.

Whether he is standing, walking, sitting, or lying down, as long as he is awake he should develop his mindfulness in loving kindness. This is the Noble Living here (in this Dispensation of Buddha), they say.

ဒိဋ္ဌဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတု’ဂ္ဂဗ္ဗသေယျ ပုန ရေတိ။

(ထိုမေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသောသူသည်) သက္ကယဒိဋ္ဌိသို့လည်း မကပ်မူ၍၊ သီလရှိသည်ဖြစ်၍ (သောတာပတ္တိမဂ်ဉာဏ်ဟူသော) အမြင်နှင့် ပြည့်စုံသည်ဖြစ်၍၊ ဝတ္ထုကာမတို့၌ တပ်မက် တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေ နေခြင်းသို့ မရောက်တော့ပေ။

Diṭṭhiñ ca anupaggamma, Sīlavā dassanena sampanno,
Kāmesu vineyya gedhaṃ, na hi jātuggabbhaseyya puna reti.

Not approaching (taking) wrong views, being virtuous and endowed with Vision (The first Path Knowledge), and discarding attachment to sensual objects, he definitely does not come again to lying in a (mother’s) womb.

***********************************************************************
မင်းကွန်းဆရာတော်ဘုရားကြီး (ဦးဝိစိတ္တသာရာဘိဝံသ) သီကုံးဖွဲ့ဆိုသော မေတ္တသုတ်လာ မေတ္တာပွားနည်း ၁၁-နည်း
၁။ သဗ္ဗေ သတ္တာ သုခီနော ဟောန္တု။
(က) လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၂။ တသ, ထာဝရာ
(က) ကြောက်တတ်, မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၃။ ဒိဋ္ဌ, အဒိဋ္ဌာ
(က) မြင်အပ်, မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၄။ ဒူရေ, အဝိဒူရေ
(က) ဝေးနေ, နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၅။ ဘူတ, သမ္ဘဝေသီ
(က) ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၆။ ဒီဃ, ရဿ, မဇ္ဈိမ
(က) ရှည်, တို, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၇။ မဟန္တ, မဇ္ဈိမ, အဏုက
(က) ကြီး, ငယ်, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၈။ ထူလ, အဏုက, မဇ္ဈိမ
(က) ဆူ, ကြုံ, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
(ခ) ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၉။ န ပရော ပရံ နိကုဗ္ဗေထ
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ နာတိမညေထ ကတ္ထစိ န ကိဉ္စိ
အထင်သေးခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဗျာရောသနာ ပဋိဃသည၊ နညမညဿ ဒုက္ခမိစ္ဆေယျ
ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

Saturday, July 5, 2008

မရေးတတ်၍ ရေးလိုက်ပါသည်။

များများ ရေးပါ။
တိုစိ၊ တိုစိလေးတွေ…
ဖတ်တော့ မယ်ဆို ပြီးသွားပြီ။
some are taking time to understand for me.
ကျမ စာရေးဖြစ်အောင် အားပေးကြသူများ၏ comment လေးတွေ ဖြစ်ပါတယ်။
...............
များ များ မရေးနိုင်တာ ဝန်ခံပါတယ်။
ဒီမှာတော့ ဒီလောက်ရေးပြီးရင်ကို ညှစ်ထားပြီးသား ကြံဖတ်ကြီးလို ဖြစ်ကျန်ခဲ့ရရှာပါတယ်။
ကျွန်မသည် မပြည့်သည့်အိုး ဖြစ်သည်။
ကျွန်မ ဘောင်ဘင်ခတ်တာကိုလည်း လူသိမှာ စိုးကြောက်လှပါ၏။
ကျမ၏ ဆင်ခြေများဖြစ်ပါသည်။
...............
ဖွင့်ဟ ဝန်ခံပါမည်။
ကျမရေးထားတာတွေက Blog မှာ ကဏ္ဍခွဲထားသလို စကားပြေလည်း မဟုတ်၊ ကဗျာလည်း မဟုတ်။
“စကားပျာ” များဖြစ်ပါသည်။
(ခက်ဆစ်- စကားပျာ=တည်ငြိမ်မှုမရှိ၊ အဓိပ္ပါယ်မပေါ်လွင်၊ ကယောက်ကယက်နှင့် ပျာယာခတ်နေသောစာ။)
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် စာဖတ်သူများကို စော်ကားသလို ဖြစ်က မပြည့်သည့်အိုးလေးကို ခွင့်လွှတ်ကြပါဟူ၍သာ…
...............
ကျမတို့ မိခင်ဘာသာ မြန်မာစာကို လေ့လာသင်ယူခဲ့ကြသည်။ သူငယ်တန်း နှင့် ပထမတန်းတွင် အစဦးဆုံး အက္ခရာတွေကို အသံထွက်ပုံ၊ ရေးဆွဲပုံမှစ၍ စာလုံးတွေကို ဘယ်လိုပေါင်းမယ်။ ဘယ်လို ဖတ်မယ်။ သင်ကြရသည်။ ပထမတန်း နှစ်ဝက်ပြီးလျှင် မြန်မာစာ ရေးတတ်၊ ဖတ်တတ်ပြီ ဖြစ်သည်။
ဖတ်တတ်သော အခါ ကျက်ကြရသည် (အမေးအဖြေတွေကို ၏, သည် မရွေ့)၊ ရေးတတ်သော အခါ ကူးခဲ့ကြသည်။ (အောက်ပါစာလုံးများနှင့် ဝါကျဖွဲ့ပါ ဟူသော မေးခွန်းအတွက် ဆရာမ ဥပမာရေး ပြသော ဝါကျတွေကို)။
အတန်းကြီးလာသော အခါ နေ့ထူးနေ့မြတ်နှင့် တစ်စုံတစ်ခုသော အခမ်းအနားများတွင် ပေးထားသောခေါင်းစဉ် အတွက် စာစီစာကုံးရေးခြင်းမျိုးကို မိခင်ဘာသာတွင် အလွန်ပါရမီထူး၍ ထူးချွန်နေသော ကျောင်းသားများသာ ရွေးထုတ် အစွမ်းပြခွင့်ရခဲ့ကြပါသည်။ ကျောင်းသားများ အများဆုံးပျက်ကွက်သော အိမ်စာကို စစ်တမ်းထုတ်မည်ဆိုပါလျှင် စာစီစာကုံးပင် ဖြစ်ပါလိမ့်မည်။ အမှတ်ကောင်းလိုသူများသည် စာစီစာကုံး ကို ကျက်ကြပါသည်။ တွေးနိုင်အောင်၊ ရေးနိုင်အောင် ကျောင်းစာမှလွဲ၍ စာဖတ်ဝါသနာပါလာအောင် စွဲဆောင်မည့် ကလေးစာပေ နှင့် အလှမ်းဝေးခဲ့ရပါသည်။
အခြား ဘာသာစာပေများတွင် လေ့လာရသလို ပေးထားသောရုပ်ပုံများ အတွက် ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်အတွေးဖြင့် Composition ကိုယ်တိုင်ရေးခြင်းမျိုး ကျမတို့ မလေ့ကျင့်ခဲ့ကြပါ။ Comprehension ကဲ့သို့သော စာပိုဒ်ကိုဖတ်ပြီး မေးခွန်းတွေကို ကိုယ့်အတွေးအခေါ်၊ ကိုယ်ပိုင်ဉာဏ်နှင့် မဖြေခဲ့ကြပါ။
အခြားဘာသာရပ်များ သိပ္ပံ၊ ပထဝီ၊ သမိုင်း စသည်တို့ကို မြန်မာဘာသာဖြင့် လေ့လာသင်ကြားခဲ့ကြသော်လည်း အထက်ပါနည်းအတိုင်းပင် ချဉ်းကပ်ခဲ့ကြ၍ သမိုင်းမှ အဖြစ်အပျက် တစ်ခုအတွက် ဘဝတွင်ပါသွားရမည့် သင်ခန်းစာ၊ အတွေးအခေါ်များအစား အမှတ်ပေးစည်းမျဉ်းတွင် ခုနှစ်၊ သက္ကရာဇ်များ၏ အရေးပါမှုကိုသာ နားလည်ခဲ့ကြပါသည်။ “သိပ္ပံတော်ရန်၊ သင်္ချာ တော်ရမည်။” ဆိုသကဲ့သို့သော အပြန်အလှန် အကျိုးပြုနိုင်ခွင့်များကိုလည်း မခံစားကြရတော့ပါ။ လူမျိုးခြားတို့၏ အမည်များနှင် စကားလုံးများကို မြန်မာစာလုံးနှင့် ပေါင်းထားသည်များကို အသံပင်မထွက်တတ်သဖြင့် မောနေအောင် ကြိုးစား၍ ကျော်ခွ ဖတ်ခဲ့ရခြင်းကြောင့့် ဆက်စပ်၍ နားလည်နိုင်ခြင်း အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရပါသည်။
မည်သို့ဆိုစေ

မြန်မာပြည်သည် တို့ပြည်။
မြန်မာစာသည် တို့စာ။
မြန်မာစကားသည် တို့စကား။
တို့ပြည်ကို ချစ်ပါ။
တို့စာကို မြတ်နိုးပါ။
တို့စကားကို လေးစားပါ။

“ကျည်ပွေ့ အတတ်ပေါက်စေ” ဟူသောထုံးကို နှလုံးမူ၍ ဆက်၍ကြိုးစားပါဦးမည်။
ခေတ်အဆက်ဆက်မှ စာကောင်းပေမွန်များကို ရေးသားပြုစုခဲ့ကြသူများ၊ အခြားဘာသာမှ အတတ်ပညာ နှင့် စာပေ၊ အနုပညာများကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုကြသောသူများ၊ Image လေးနဲ့ ပြီးတော့မှ အောက်ကစာသားတွေ … သိတယ်မို့လား Blog က Post လေးတွေကို တွေးသူ၊ ရေးသူ၊ ဝေမျှသူ အားလုံးကို လေးစားလျက် ကျမ ကိုယ်တိုင်စာတွေ အများကြီးရေးချင်ပါသည်။ ဆရာကြီး Dr.မင်းတင်မွန်၏ Good English စာအုပ်နောက်ကျောမျက်နှာဖုံးမှ ကျမစိတ်ထဲ အမြဲစွဲနေသော စာတန်းကို ကျမဆန္ဒနှင့်ကိုက်ညီအောင် ဒီလိုလေး ပြောင်းလဲယူသုံးပါရစေ။

လူတိုင်း မိခင်ဘာသာ မြန်မာစာတွင် တော်၍၊ မြန်မာစာတွင် ပျော်ရမည်။







Thursday, July 3, 2008

မေတ္တာနှလုံး ကိုယ်စီသုံး

မေတ္တာနှင့် အပြိုင်အဆိုင်

မေတ္တာဟူသောဝေါဟာရသည် စင်စစ် မြန်မာလူမျိုးများနှင့် အထူးမိတ်ဆက်ပေးရန် မလိုတော့ပေ။ “မြင့်မြတ်သော နေထိုင်ခြင်း”ဟု အဓိပ္ပါယ်ရသော ဗြဟ္မဝိဟာရ ခေါ် ဗြဟ္မစိုရ်တရားလေးပါးတွင် မေတ္တာသည် ပထမဆုံးနေရာတွင် ရှိနေသည်။ “မေတ္တာ” ဟူသောစကားသည် “မိတ္တ (အဆွေခင်ပွန်း)” ဟူသောဝေါဟာရနှင့် နှီးနွယ်နေသည်။ ထို့ကြောင့် မေတ္တာတရားဟူသည် မိတ်ဆွေသူငယ်ချင်းတို့တွင် ထားရှိအပ်သော “ခင်မင်မှု၊ ချစ်ခင်မှု၊ ရင်းနှီးမှု” ဟုနားလည်နိုင်ပါသည်။

မိမိ ရင်းနှီး ခင်မင်သူအား ကြီးပွားတိုးတက် ချမ်းသာစေလိုသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် အချို့က “မိတ်ဆွေတွေကြားမှာလည်း ကိုယ်ထက်သာမှာ မနာလို မရှုစိမ့်တာတွေ ရှိကြတာပဲ”လို့ စောဒကတက်ကောင်း တက်ပါလိမ့်မည်။ မှန်ပါသည်။ ပုထုဇဉ်လူသားများတွင် “အပြိုင်အဆိုင်” ဆိုသော စိတ်ကလေးများက အမြစ်တွယ်နေတတ် ကြသည် မဟုတ်ပါလော။ မိမိတွင်ရှိသော ပစ္စည်းဥစ္စာ၊ အသိပညာ၊ ဂုဏ်အဆင့်အတန်းများအား ခွဲဝေပေးလိုက်ရမည်ကို တွန့်တိုသော “မစ္ဆရိ” နှင့်၊ သူတစ်ပါးတွင်ရှိသည့် ပစ္စည်းဥစ္စာ၊ အသိပညာ၊ ဂုဏ်ထူးများအပေါ် မနာလို မရှုစိမ့်သော “ဣဿာ” တရားတို့သည် ဤ “အပြိုင်အဆိုင်” ဟူသောသဘောမှ ပေါက်ပွား လာကြခြင်း ဖြစ်သည်။

အပြိုင်အဆိုင်ဆိုသည်မှာ နိုင်းယှဉ်မှု, ထောက်ဆမှု, တိုင်းထွာမှု ဖြစ်၏။ နှိုင်းယှဉ်သည်ဆိုရတွင်လည်း ထောက်ဆစရာ (Reference) နှင့် ဘာကို နှိုင်းယှဉ်မည်ဆိုသော အပိုင်းနှစ်ပိုင်း ရှိပါသည်။ “ငါ” ကို ထောက်ဆပြီး “သူ”နှင့် တိုင်းထွာသည်။ ပစ္စည်းဥစ္စာ၊ ရုပ်ရည်အဆင်း၊ ဂုဏ်ဒြပ်စသော အရည်အသွေးများက နှိုင်းယှဉ်စရာများ ဖြစ်သည်။ “ငါကသူထက် ပိုချောတယ်။ သူနဲ့ငါ ပစ္စည်းဥစ္စာကြွယ်မှုခြင်းတူပါတယ်။ သူက ငါ့ထက် လာဘ်ပိုရတယ်” စသဖြင့် ပြိုင်ဆိုင်ကြသည်။ ယင်းကိုပင် ဗုဒ္ဓဘာသာစာပေတွင် “မာန” ဟုသုံးပါသည်။ မိမိက သာသည်ဟု မောက်မာ ထောင်လွှားသော “သေယျမာန”၊ မိမိနှင့် အဆင့်အတန်းတူပါပဲဟု နိုင်းယှဉ်သော “သဒိသမာန”၊ မိမိက သူ့ထက် နိမ့်ကျသည်ဟု အားငယ်စိတ်နှင့် နိုင်းယှဉ်သော “ဟီနမာန” ဟု မာန သုံးမျိုးခွဲထားသည်။ (မောက်မာမှုကိုသာ မာန ဟုခေါ်သည်မဟုတ်ပဲ၊ အားငယ်စိတ် inferior complex ကိုလည်း ဗုဒ္ဓဘာသာတွင် မာန ဟုခေါ်ကြောင်း သတိပြုသင့်ပါသည်။)

အပြိုင်အဆိုင်ဟူသော မာနတရားက မိတ်ဆွေသူငယ်ချင်းတို့ အကြားသာမက လင်မယား၊ ညီအကိုမောင်နှမ နှင့် နောက်ဆုံး မိဘနှင့်သားသမီး အကြား၌ပင် ရှိနေတတ်ကြပါသည်။ ထို အပြိုင်ဆိုင်တို့မှနေ၍ “ဣဿာ၊မစ္ဆရိယ” တရားများ ပွားများပြီး ချစ်ခင်ရမည့် အစား၊ တစ်စိမ်းပြင်ပြင်ဖြစ်ရုံသာမက အချို့ဆိုလျှင် ရန်သူများ အဖြစ်သို့ပင် ရောက်သွားတတ်ပါသည်။ “အပြိုင်အဆိုင်” ဆိုသည်မှာ မိတ်ဆွေသူငယ်ချင်းအဖြစ်မှ ရန်သူအဖြစ်သို့ ပို့ပေးမည့် မေတ္တာတရား၏ ဆန့်ကျင်ဖက် တရားဟု ဆိုနိုင်သည်။ ထို့ကြောင့် ပုထုဇဉ်သဘာဝအရ မိတ်ဆွေတို့အကြားတွင် အပြိုင်အဆိုင်၊ မနာလိုဝန်တိုမှုတို့ ရောနှော၍ ရှိကောင်း ရှိနေနိုင်သော်လည်း၊ မေတ္တာ ဟူသည် “မိတ်ဆွေသူငယ်ချင်းတို့ ထားရှိသော ချစ်ခင်မှု၊ ရင်းနှီးမှု၊ တစ်ဦးကို တစ်ဦး ယိုင်းပင်းကူညီမှု၊ ကောင်းစေလိုမှု” ဟူသော အဓိပ္ပါယ်သည် မမှားယွင်းပါ။

မေတ္တာ နှင့် အချစ်

“မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ’မနုရက္ခေ၊
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။”

မေတ္တာ၏သဘောကို ပို၍ပေါ်လွင်စေသော ဖွင့်ဆိုချက်လေးကို မေတ္တာသုတ်တွင် တွေ့နိုင်ပါသည်။ “မိခင်သည် မိမိရဲ့တစ်ဦးတည်းသောသားလေးအား စောင့်ရှောက်သကဲ့သို့ သတ္တဝါခပ်သိမ်းအပေါ်တွင် အတိုင်းအရှည်မရှိသော (မေတ္တာစိတ်) ကို ပွားများရမည်” ဟု အနက်ရသည်။ မိခင်တို့သည် မိမိသားသမီး မည်မျှပင် ဆိုးဆိုး၊ အချစ် ယုတ်လျော့ မသွားတတ်ကြပါ။ သည်းခံပြီး အချစ် ပိုတတ်ပါသေးသည်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်းသဘော၊ ဒေါသကို ပယ်ဖျောက်ခြင်းသဘောဟုလည်း ဆိုနိုင်ပါသေးသည်။ အဘိဓမ္မာတွင် မေတ္တာကို အဒေါသ (ဒေါသကင်းခြင်း) ဟု တရားကိုယ် ကောက်ပြပါသည်။

ဒေါသသည် မိမိကိုရော မိမိ၏ ပတ်ဝန်းကျင်ကိုပါ ပူလောင်စေတတ်သော သဘောရှိသည်။ မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဖက် အေးမြခြင်းသဘောရှိသည်။ ချစ်ခင်ရင်းနှီးမှုဟု အဓိပ္ပါယ်ရသော မေတ္တာတရားသည် အေးမြ သော်လည်း၊ မေတ္တာ ယောင်ဆောင်တတ်သော ပူလောင်သော အချစ်မျိုးလည်းရှိ သေးသည်။ စင်စစ် အချစ်သည် အေးမြသော မေတ္တာအချစ်နှင့် ပူလောင်သောအချစ်တို့ ရောယှက်နေသည့် ရှုတ်ထွေးနားလည်ရခက်သော စိတ်သဘာဝမျိုးဖြစ်သည်။

အချစ်သည် သာယာမှုနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်ပတ်သက်နေသည်။ ချစ်သူမျက်နှာလေးအား ကြည့်၍ သာယာသည်။ မိမိ သားလေး အသံအား ကြား၍ ကြည်နူးသည်။ စံပယ်ပန်း ရနံ့လေးအား နှစ်သက်သည်။ နှစ်သက်, သာယာ, ကြည်နူးမှုအား ပါဠိလို ‘နန္ဒိ’ ဟုခေါ်သည်။ အဖန်ဖန် တွေ့ချင်၊ ကြားချင်၊ နမ်းရှိုက်ချင်သော အလွန် နှစ်သက်သာယာမှုအား ‘အဘိနန္ဒိ’ ဟုခေါ်သည်။ သောက်လေ သောက်လေ ငတ်မပြေသော ဆားငံရေကဲ့သို့ ကြည့်၍ မဝ၊ ကြား၍ မဝ၊ နမ်းရှိုက်၍ မဝနိုင်အောင် မွတ်သိပ်တပ်မက်ခြင်းအား ‘တဏှာ’ ဟုခေါ်သည်။ အာရုံတို့အပေါ် တပ်ငြိခြင်းအား ‘ရာဂ’ဟုခေါ် သည်။ ထို့ကြောင့် ဓမ္မစကြာဒေသနာတွင် “နန္ဒိရာဂ သဟဂတာ တတြာတတြာဘိနန္ဒိနီ”ဟု တဏှာ၏ သဘောအား ဟောကြားထားသည်။ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံငါးပါးအား ‘ကာမဂုဏ်’ ဟုခေါ်သည်။ ထိုအာရုံငါးပါး အပေါ်၌ တပ်မက်သာယာခြင်းအား ‘ကာမတဏှာ’ ဟုခေါ်သည်။ ဤတွင် ကာမတဏှာ, ကာမရာဂဟူသော ဝေါဟာရတို့သည် လိင်မှုသာယာတပ်မက်ခြင်း (sexual pleasure/desire) မျှသာမဟုတ်၊ သက်မဲ့ စံပယ်ပန်းရနံ့လေးအား တရှိုက်မက်မက် နှစ်သက်တပ်မက်ခြင်းကိုလည်း ကာမတဏှာဟုပင် သုံးနှုန်းခေါ်ဝေါ်ကြောင်း သတိပြုသင့်သည်။

တပ်မက်ခြင်းသည် သာယာမှုကို မျှော်လင့်ခြင်း ဖြစ်သည်။ သို့သော် မျှော်လင့်ခြင်းသည် အထင်ဖြစ်သည်။ လောကကြီးသည် တည်ငြိမ်၊ ခိုင်မြဲမှု အလျဉ်း မရှိ။ အမြဲ ပြောင်းလဲ ဖောက်ပြန်နေသည်။ မိမိနှစ်သက်တပ်မက်သော အာရုံတို့နှင့် ကွေကွင်းရသောအခါ၊ ထိုအာရုံတို့က မိမိတို့မျှော်လင့်ထားသည့် ကြည်နူးသာယာမှုတို့ မပေးစွမ်းနိုင်တော့သောအခါ ကြေကွဲခြင်း၊ ဝမ်းနည်းပူဆွေးခြင်းတို့ကြုံရလေသည်။ ထို့ကြောင့် တပ်မက်မှု တဏှာအား ဓမ္မစကြာဒေသနာက “ဒုက္ခ သမုဒယံ” ဆင်းရဲခြင်း၏ အကြောင်း သမုဒယသစ္စာအဖြစ် ဘုရားရှင်က ဟောကြားတော် မူခဲ့သည်။ ထို့ကြောင့် တဏှာအချစ်, ကိလေသာအချစ်သည် မိမိအား သာယာမှုကို ပေးစွမ်းသည်, ပေးစွမ်းနိုင်လိမ့်မည်ဟူသော အကျိုးကို မျှော်လင့်မှုကို အခြေခံသော ချစ်ခင်မှုမျိုးဖြစ်၍၊ ပူလောင်မှုနှင့် ဆက်စပ်နေသော အချစ်မျိုးဖြစ်သည်။ မေတ္တာအချစ်ကား မိခင်သည် တစ်ဦးတည်းသော သားငယ်အား စောင့်ရှောက်သကဲ့သို့ အကျိုးကို မမျှော်ကိုးပဲ ချစ်ခင်သော အေးမြသည့် အချစ်မျိုးဖြစ်သည်။ ထို့ကြောင့် တဏှာ, ကိလေသာ အချစ်သည် ဒေါသကဲ့သို့ မေတ္တာတရား၏ တိုက်ရိုက်ဆန့်ကျင်ဖက် မဟုတ်သည့်တိုင်၊ မေတ္တာ အယောင်ဆောင်၍ ပူလောင်စေတတ်သော မေတ္တာ၏ အနီးကပ် အတွင်းရန်သူဖြစ်သည်။ အပြိုင်အဆိုင်ဟူသော မာန နှင့် မနာလိုဝန်တိုမှုဟူသော ဣဿာ, မစ္ဆရိယတို့သည် မေတ္တာ၏ အပြင်ရန်သူဖြစ်သည်။

နယ်ခြားမဲ့ မေတ္တာ

မေတ္တာ၏ ရန်သူသည် အပြိုင်အဆိုင်၊ တစ်နည်းအားဖြင့် နှိုင်းယှဉ်ခြင်းဟု ဆိုခဲ့ပြီး ဖြစ်သည်။ နှိုင်းယှဉ်ခြင်းသည် ထောက်ဆမှု (reference)၊ တိုင်းထွာမှု (measurement) တို့နှင့် ဆက်စပ်နေပြီး၊ ထောက်ဆစရာသည် “ငါ” ဖြစ်၍၊ “ငါနှင့် ထောက်ဆ၍ တိုင်းထွာမှု” ကို မာနဟုခေါ်ကြောင်း အထက်တွင် ရှင်းခဲ့ပါပြီ။ ထို့ကြောင့် တိုင်းဆမှုကို ပယ်ရှားနိုင်မှသာ မေတ္တာအစစ် ဖြစ်ပေါ်နိုင်မည်။ တဖန် အချစ်သည် မေတ္တာကို လှည့်စားတတ်သော တရားဖြစ်၍ “အချစ်” ဟူသော ပေတံဖြင့် နှိုင်းဆတိုင်းထွာမှုကို ပယ်ရှားမှ မေတ္တာအစစ် ဖြစ်ပေါ်နိုင်မည်။

ငါဟူသော စံကို ထောက်ဆကာ အချစ်ဟူသော ပေတံဖြင့်တိုင်းထွာ၍ ပုထုဇဉ်တို့က လောကကို ဖန်ဆင်းထားခြင်းဖြစ်သည်။ ဤသို့ တိုင်းထွာလိုက်လျှင် (၁) မိမိ၊ (၂) မိမိ ချစ်သော ပုဂ္ဂိုလ်၊ (၃) မိမိမုန်းသော ရန်သူ၊ (၄) မိမိ ချစ်သည်၊မုန်းသည်မဟုတ်သော အလယ်အလတ်ပုဂ္ဂိုလ် ဟုအကြမ်းဖျင်းအားဖြင့် ကွဲပြားနေပေမည်။ ဤသို့ ကွဲပြားနေသည်ကို “နယ်ပယ်စည်း” ခြားထားသည်၊ စိတ်ကို ဘောင်ခတ်ထားသည်ဟု ခေါ်၏။

မေတ္တာအစစ်ကို ပွားလိုပါက ဤနယ်ပယ်စည်းကို ဖျက်ဆီးပစ်ရမည်။ နယ်ပယ်စည်းပျက်သွားခြင်းကို “သီမ သမ္ဘေဒ”ဟု အဋ္ဌကထာဆရာက သုံးနှုန်းသည်။ ချစ်သူ၊ မုန်းသူမခွဲတော့။ ငါနှင့်သူ မခွဲတော့။ သတ္တဝါအားလုံးကို အညီအမျှထားပြီး ရင်းနှီးခင်မင်စိတ်၊ ကူညီလိုစိတ်၊ ချမ်းသာစေလိုသည့် စိတ်တို့ ဖြစ်စေရပါသည်။ ထို့ကြောင့် “သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ - ခပ်သိမ်းသောသတ္တဝါတို့ အပေါ်တွင် အတိုင်းအဆမရှိသော (အပရိမာဏံ) စိတ် ကို ဖြစ်စေရမည်” ဟု မေတ္တာသုတ် ပါဠိတော်က ဟောထားခြင်း ဖြစ်သည်။ မေတ္တာသုတ် နောက်တစ်ပိုဒ်ကို ဆက်ရွတ်ပါက -

“မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ ဘာဝယေ အပရိမာဏံ၊
ဥဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ’မသပတ္တံ။”

“အထက်အောက်ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်းမရှိသော ရန်ကင်းသော အတိုင်းအဆမရှိသော မေတ္တာစိတ်ကို ပွားများရာ၏” ဟုတွေ့ရပေမည်။ ကျဉ်းမြောင်းသော၊ ဘောင်ခတ်ထားသောစိတ်နှင့် လောကကို မကြည့်တော့။ အထက်အောက်ဝဲယာ အရပ်ဆယ်မျက်နှာစလုံးရှိ တစ်လောကလုံးမှ သတ္တဝါအားလုံးအား အတိုင်းအဆ မထားသော မေတ္တာစိတ်ကို ပွားရမည်ဟုဆိုလိုသည်။

ဤတွင် ‘ငါ’ ဟူသော မာနအား သောတာပန်စသော ကျင့်ဆဲအရိယာတို့သည်ပင် အကြွင်းမဲ့ ပယ်သတ်နိုင်ခြင်းမရှိသေး။ ရဟန္တာကသာ ပယ်သတ်နိုင်သည်။ ကာမတဏှာအချစ်အား အနာဂါမ်နှင့် ရဟန္တာတို့ကသာ အကြွင်းမဲ့ ပယ်သတ်နိုင်သည်။ သို့ကြောင့် ဤသို့သော နယ်ခြားမဲ့ မေတ္တာမျိုးအား ပုထုဇဉ်ပုဂ္ဂိုလ်တို့ ပွားများနိုင်ပါမည်လောဟု မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပေမည်။ အဖြေကား ပုထုဇဉ်တို့သည်လည်း အတ္တကို တဒင်္ဂမျှခွာ၍ ချစ်သူ, မုန်းသူမခွဲခြားသော မေတ္တာစိတ်မျိုးကို တခဏမျှ ပွားများနိုင်ပါသည်။ ရေမှော်တို့ဖုံးနေသော ရေကန်တွင် လက်ဖြင့် ဖယ်ရှားလိုက်ပါက အတော်ကြာကြာ ကြည်လင်နေနိုင်သကဲ့သို့ပင်၊ ထို ခဏများကို မကြာခဏဖြစ်စေပါက အလွန်သန့်ရှင်းအေးမြသော မေတ္တာစိတ်သည် အတန်ကြာဖြစ်ပေါ် နိုင်ပါသည်။ ထို့ကြောင့် အနာဂါမ်၊ ရဟန္တာမဟုတ်သေး၍ မေတ္တာ၏ ရန်သူတို့အား အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း၊ တခဏကြာဖြစ်စေ၊ အတန်ကြာဖြစ်စေ “နယ်ခြားမဲ့ မေတ္တာမျိုး” အား ပွားများနိုင်ပါသည်။

“တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ’ဿ ဝိတမိဒ္ဓေါ၊
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရ’မိဓမာဟု။”

မေတ္တာသုတ်တော်တွင် “ငိုက်မျဉ်းခြင်းကင်းလျက် ရပ်နေ, သွားနေ, ထိုင်နေ, လျောင်းနေသမျှကာလပတ်လုံး ဤမေတ္တာစိတ်ကို ဖြစ်စေအံ့ဟု သတိဖြင့် အဓိဋ္ဌာန်ပြု၍ ပွားများရာ၏။ ဤသို့သောနေခြင်းအား မြတ်သောနေခြင်း (ဗြဟ္မဝိဟာရ) ဟုခေါ်သည်။” ဟုဟောကြားထား၏။

မေတ္တာပွားပုံ

မေတ္တာပွားခြင်းဟူသည် သတ္တဝါအားလုံး ချမ်းသာကြပါစေဟု ရင်းနှီးခင်မင်သော၊ ရိုင်းပင်းကူညီလိုသော စိတ် မွေးမြူခြင်း ပင်ဖြစ်သည်။ ဤတွင် အာရုံပြုမှုပိုင်းနှင့် စိတ်ထားမှုအပိုင်းဟုခွဲ၍ ကြည့်နိုင်သည်။ အာရုံပြုအပိုင်းအရ ဆင်းရဲချမ်းသာ၊ လူတန်းစား အသားအရောင်မခွဲ သတ္တဝါအားလုံးအား အညီအမျှဖြစ်စေရန် အာရုံပြုရသည်။ ထိုသို့ အာရုံပြုနိုင်ရန်အတွက် မိမိမှ အစထား၍ မိမိ၏ မိဘ, ဆရာသမား, ဆွေမျိုးမိတ်သင်္ဂဟစသဖြင့် တဖြည်းဖြည်း အာရုံကို ကျယ်ပြောအောင် ဖြန့်ကျက်ရသည်။ ထို့နောက် အလုံးစုံသော သတ္တဝါများကိုပါအောင် အာရုံပြုရသည်။ တစ်ဖန် ထက်အောက်ဖီလာ အရပ်ဆယ်မျက်နှာစလုံးမှ သတ္တဝါအားလုံးအား အညီအမျှဖြစ်အောင် အာရုံပြုရသည်။

စိတ်ထားမှုအပိုင်းအနေဖြင့် မေတ္တသုတ် ပရိတ်တော်တွင် “သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ” ဟု အကျဉ်းအားဖြင့် ဖော်ပြထားသည်။ မင်းကွန်း ဆရာတော်ဘုရားက “လုံးစုံများစွာသတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ”ဟု စပ်ဆိုခဲ့ပါသည်။ ဤသည်ကိုပင် အနည်းငယ် ထပ်မံ၍ အသေးစိတ်ကာ မေတ္တာသုတ်တွင် ဂါထာဖွဲ့ ထားပါသေးသည်။

“န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။”

တစ်ဦးနှင့် တစ်ဦး လိမ်လည်လှည့်ဖျားမှု ကင်းပါစေ။ တိုင်းသူပြည်သားတို့ အလိမ်အညာမခံရပါစေနှင့်။ နေရာတိုင်း၊ ရွာတိုင်း၊ နယ်တိုင်း၊ မြို့တိုင်းမှ လူတန်းစားမရွေး လူတိုင်းသည် အထင်သေးခံရခြင်း၊ နှိမ်ချခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း၊ အချုပ်အချယ်ခံရခြင်း မရှိပါစေနှင့်။ (ကိုယ်၊ နှုတ်ဖြင့်) ရိုက်နှက်ကြိမ်းမောင်းဆဲဆိုခံရခြင်း၊ စိတ်ဆင်းရဲအောင် ငြင်းဆဲခြင်းမခံရပါစေနှင့်ဟု မေတ္တာစိတ်ကို ပွားများရပါသည်။ ဤ ဂါထာအပိုဒ်ကိုပင် မင်းကွန်းဆရာတော်ဘုရားက ဤသို့ စပ်ဆိုခဲ့ပါသည်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

အချုပ်ဆိုလျှင် မေတ္တာဆိုသည် “သူ, ငါ, ချစ်သူ, မုန်းသူ” နယ်ပယ်စည်း မခြားပဲ သတ္တဝါအားလုံးအပေါ် ဒုက္ခမရောက်စေလိုသည့်စိတ်၊ ချမ်းသာစေလိုသည့်စိတ်၊ ခင်မင်ရင်းနှီး ကူညီရိုင်းပင်းလိုသည့်စိတ် မွေးမြူခြင်းဖြစ်သည်။ မိခင်သည် မိမိရင်၌ဖြစ်သော တစ်ဦးတည်းသောသားအား စောင့်ရှောက်သကဲ့သို့ “လူသားတိုင်းအား အချုပ်ချယ်ခံရခြင်း၊ အနှိမ်ချခံရခြင်း၊ နှိပ်စက် အနိုင်ကျင့်ခံရခြင်းတို့မှ ကင်းလွတ်ပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံစေရန်” အတွက် မေတ္တာစိတ် မွေးမြူပြီး ကူညီစောင့်ရှောက်ကြရန် ဗုဒ္ဓမြတ်စွာက မေတ္တာသုတ် ပရိတ်တရားတော်ဖြင့် တိုက်တွန်းတော်မူခဲ့ပါသည်။
[ မေတ္တာဘာဝနာပွားများနည်း ]

ဧရာ (မန္တလေး)

စာညွှန်း
၁။ မေတ္တာသုတ်ပရိတ်တော် (ခုဒ္ဒကပါဌပါဠိတော်)
၂။ ခုဒ္ဒကပါဌအဋ္ဌကထာ
၃။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊ ဗြဟ္မဝိဟာရနိဒ္ဒေသ၊ မေတ္တာဘာဝနာကထာ
၄။ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ သီကုံးဖွဲ့ဆိုသော မေတ္တာပွားနည်း လင်္ကာ
၅။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၊ ယုဂနဒ္ဓဝဂ္ဂ၊ မေတ္တာကထာ (၅၂၈-သွယ်သော မေတ္တာပွားနည်း)
၆။ ဓမ္မစက္ကပဝတ္တနသုတ္တံ (သံယုတ်ပါဠိတော်၊ မဟာဝဂ္ဂ၊ သစ္စသံယုတ်)





kkn,ktho,kka,atn တို့ကိုယ်စား တောင်းဆိုလိုက်တဲ့ဒီpost လေးကတော့ ကျမ သူငယ်ချင်းတွေနဲ့
၂၁ရာစုရဲ့လူနေမှုစနစ်တဲ့လား။ နည်းနည်းမှနွေးထွေးမှုမရှိတဲ့လူမှုစနစ်ပုံစံတစ်ခုပါပဲ။ ဇနီးနဲ့ခင်ပွန်းဟာ တစ်အိမ်ထဲမှာရှိနေကြစဉ်တောင် မေးလ်ပို့ ပြီးရင်ဖွင့်ရသည်။ အဲသည်နေ့ ကကျွန်မပို့ လိုက်သည်က “ဒီလောကမှာ စိတ်အညစ်ဆုံးမိန်းမတစ်ယောက်ကိုပြောပါဆိုရင်လောလောဆယ် ရှင့်မိန်းမ ဆိုတာ သတိမထားမိဘူးမဟုတ်လား”လို့ ရင်ဖွင့်ထားတဲ့ (http://privatecrazyworld.blogspot.com/2008/06/because-i.html) Art world မှ မမအတွက်သိင်္ဂီရေ မင်းတို့ သူငယ်ချင်းတွေရထားတဲ့ အသည်းတွေက ‘ကျောက်စရစ်အသည်း၊ လျှပ်စစ်အသည်း’ တွေဆိုရင် ကိုယ် ရထားတာက ‘ဘုတ်အုပ်အသည်းကြီး’ ကွ...။
ဦးချစ်မောင်ရဲ့ အယ်ဒီတာ အလုပ်ကြီးကို၊ ဂျာနယ်ကျော် မမလေးရဲ့ “သူလိုလူ” ဖတ်ပြီးကတည်းက သဘောမကျတာ၊ အယ်ဒီတာ့ ဘိုးအေနဲ့ လာတွေ့နေတယ်... တကယ်ပဲ။
ဒီလူ လောဘကြီးချက်ကတော့ ရေးထားပြီးသမျှ စာတွေအားလုံး သူက edit လုပ်ချင်တာ ကလား။
သူ့လောဘနဲ့ ဆက်စပ်နေတဲ့ ကိုယ့်မောဟ အကြောင်းလေး ပြောပြချင်လို့ပါ။
ကျမတို့ အရွယ် (စပ်ကူးမတ်ကူး)မှာ အပြောများကြတဲ့ အိပ်မပျော်ခြင်းရောဂါ။ ဟို တစ်ယောက်ကလည်း၊ ညညအိပ်မပျော်ဘူး stressတွေ၊ worryတွေ။ တစ်ယောက်ကတော့ အိပ်ချိန်ကို ကောင်းကောင်းမရတာတဲ့။ တစ်ယောက်ကလည်း အိပ်ချိန်ကျမှ မီးလာလို့ အိမ်အလုပ်တွေ ထလုပ်ရ။
“ငါတနေ့ ဆယ်နာရီ အနည်းဆုံးအိပ်တယ်”လို့ ပြောလိုက်တော့။ “တကယ်လားဟင်တဲ့။”(stress နဲ့မမ က)။ အားကျသလိုလို။
ကျမကလည်း ကျန်းမာရေးဘဲ လိုက်စားသလိုလို၊ ကုသိုလ်ကောင်းလို့ဘဲ ဇိမ်ရစ်သလိုလို အချိုးနဲ့ဆိုတော့ ‘အပျင်းမ’ လို့ မကလော်တော့ဘဲ အခြားသူတွေဘက်လှည့် နင်တို့ “problem ကဘာလဲဟင်”လို့ မေးနေလေရဲ့။
ဒီမှာ ဒီကပြောချင်နေတာ…
နေကုန်နေခမ်း သူအလုပ် လုပ်ရပါတယ်။ အိပ်ပစ်ရမဲ့ အချိန်တွေကို နှမြောတဲ့ အဲ့ဒီလူကလေ သူတစ်ယောက်တည်း ဖတ်ချင်သလောက်စာတွေကို (အိမ်မှာရှိတာတွေရော၊ Internet ကရော) အေးအေးလူလူ ဖတ်နိုင်ဖို့၊ အားမနာစတမ်း စု, တု, ပြုနိုင်ဖို့ …
“သီတာ မအိပ်သေးဘူးလား အိပ်တော့လေ အိပ် အိပ်” နဲ့ ပြောလွန်းတဲ့သူ့ကို အရွဲ့တိုက်ပြီး (သူ့ကိုယ်ပိုင်အချိန်တွေကို သူ့တစ်ယောက်ထဲနဲ့ ပစ်ထားလိုက်တယ် ဘာဖြစ်ဖြစ်။)
ငယ်ငယ်ထဲက အအိပ်,မက်လွန်းလို့ အကိုတွေက ‘မယ်ပျင်းကြီးမ’ လို့ဘွဲ့ပေးထားတဲ့ ကျမဘဲ ဘယ်ရမလဲ၊ ဘယ်အချိန် အိပ်လိုက် အိပ်လိုက် စိတ်ကောက်ပြီးအိပ်တာနဲ့ကို မတူဘူး။ အိပ်မပျော်ခင် ဘုရားဂုဏ်တော် ပွားတာ တစ်ခါမှ (၉)ပါး မပြည့်ဖူးဘူး။
အိမ်မက်ထဲမှာတော့ အိမ်ကလူလည်းပါတယ်။ ကွဲနေရတဲ့ ဆွေတွေမျိုးတွေ အစုံအလင်ပါဘဲ။ တခါများ မြတ်စွာဘုရားကလေ ဂဏာနို့ဆွမ်းတွေ လက်တော်နှစ်ဖက်နဲ့ ကျမကို စွန့်ကြဲလို့။ မနက်မိုးလင်းရင် အဲ့ဒီလူကို အိမ်မက်တွေ တန်းစီပြောပြ။ အိပ်ချိန်ကြာတော့ အိမ်မက်ကလည်း တစ်ပုဒ်မကတော့ဘူးလေ။
နေထွက်လာတော့လည်း နိစ္စဓူဝ ဆောင်တာတွေ…။
တစ်ခါတော့ စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်တယ်။ နောင်ဘ၀များကျရင်တော့ သနားစရာနဲ့ အမြဲတမ်း ရောပြွမ်းနေတဲ့ ‘မ’ဆိုတဲ့ဆိုတဲ့ သတ္တ၀ါ ဘယ်တော့မှ မဖြစ်ပါရစေနဲ့တော့လို့။
နေနှင့်ဦးပေါ့လေ...နောက် ဆယ့်ငါးနှစ်၊ နှစ် နှစ်ဆယ်လောက် ကျရင်တော့ ထိပ်ပြောင်ပြောင်နဲ့ အဲ့ဒီလူကြီးလေ သူ့ကို ရေနွေးငှဲ့ပေးဖို့၊ မျက်စဉ်းခတ်ပေးဖို့၊ နင်းနှိပ်ပေးဖို့၊ ကံဆိုးရင် ရှူးရှူးပါတည်ဖို့။ သီတာ၊ သီတာနဲ့ တ တာထဲ၊ တာနေမှာ မြင်ယောင်သေး…
အဲ့ဒီအချိန်ကို စောင့်ရင်း၊ ကျမကတော့ အိမ်မက်တွေဆက်မက် နေရဦးမှာပေါ့လေ။
ကျမ ရည်ရွယ်သူအားလုံးလည်း ကျမလိုဘဲတေးထားကြမည်ဟု ယုံကြည်ပါသည်။
ချစ်သောသူများ ချစ်တတ်ကြပါစေ။
မေတ္တာဖြင့်

Thursday, June 26, 2008

အဘိဓမ္မာ နှင့် ဓမ္မာ


ပင်လယ်သမုဒ္ဒရာသည် အလွန်ကျယ်ပြောသော သဘောရှိသည်။ အလွန်နက်ရှိုင်းသော သဘောလည်းရှိသည်။ ထိုပင်လယ်သမုဒ္ဒရာနှင့် နှိုင်းစာလျှင်၊ ဘ၀အဆက်ဆက်ကျင်လည်ခဲ့ရသော သံသရာကား အစရှာ၍ မရနိုင်အောင် အလွန်ရှည်လျားလှသည်။ သံသရာဟူသည် ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသောတရားတို့ အဆက်မပြတ် တရစပ် ဖြစ်ပျက်နေသော အစဉ်ဟု အဓိပ္ပယ်ဖွင့်သည်။ ထိုသို့ အပြောကျယ်သော သံသရာအား ကူးခတ်လွန်မြောက်နိုင်ရန် အတွက် ခန္ဓာ၊ အာယတန၊ ဓာတ်ဟူသောတရားတို့ကို ဘုရားရှင်က ၀ိနည်း၊ သုတ္တန်၊ ဘိဓမ္မာဟူသော ပိဋကသုံးသွယ် နည်းပင်လယ်ကြီးဖြင့် ဟောကြားတော်မူခဲ့သည်။ ဤသို့ဟောကြားတော်မူနိုင်ခြင်းသည်လည်း ဉေယျဓမ္မ ခေါ် သိနိုင်သောတရားမှန်သမျှအား အကြွင်းအကျန်မရှိ ထိုးထွင်း၍ သိတော်မူနိုင်သော သဗ္ဗညုတဉာဏ်တော်၏ ကျယ်ပြောနက်ရှိုင်းမှုကြောင့် ဖြစ်ပေသည်။ ပင်လယ်သမုဒ္ဒရာ, သံသရာ, ပိဋကသုံးပုံ ဒေသနာနည်း အသွယ်သွယ် နှင့် သဗ္ဗညုတဉာဏ်တော်တို့အား ကျယ်ပြော နက်ရှိုင်းသည့် သာဂရ (ပင်လယ်) လေးပါးဟု စာပေတွင် သတ်မှတ်ထားသည်။

ပိဋကသုံးပုံ ဒေသနာတော်နည်း အသွယ်သွယ်ဟူသော နယသာဂရတွင် အဘိဓမ္မာဒေသနာတော်သည် အခြားသော ဒေသနာတော်တို့ထက် သာလွန်ထူခြားစွာ နက်နဲကျယ်ပြော၏။ ထိုသို့ သာလွန်ထူးခြား (ဓမ္မာတိရေက ဓမ္မာဝိသေသ) ၍ပင်၊ “အဘိဓမ္မာ” ဟူသော အမည်ဆောင်လေသည်။

အဘိဓမ္မာဒေသနာတော်သည် “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျကတာဓမ္မာ” အစချီ၍ “ဓမ္မ” တို့ကို အသေးစိတ်နည်း အသွယ်သွယ်ဖြင့် ဟောကြားထားသည်။ ဓမ္မကို “တရား” ဟူသော မြန်မာဝေါဟာရဖြင့် ဖလှယ်၍သုံးသည်။ ဓမ္မသည် နေရာ အသုံးအနှုန်းအလိုက် အနက်အဓိပ္ပါယ် အမျိုးမျိုးဆောင်သည်။ မြတ်စွာဘုရားဟောကြားအပ်သော တရားဒေသနာ (Teaching) ဟုဆိုလိုသည်လည်း ရှိသည်။ သုတ်, ဂါထာ, ဥဒါန်းစသဖြင့် သင်ယူအပ်သော စာပေပရိယတ္တိ (Scripture) ကို ဆိုလိုသည်လည်းရှိသည်။ ဓမ္မ, အဓမ္မ (တရားခြင်း, မတရားခြင်း) စသည်တွင် ကောင်းသောဂုဏ် (moral quality, righteousness) ဟုအနက်ရသည်။ ဓမ္မစကြာတွင် “ဒိဋ္ဌဓမ္မော ပတ္တဓမ္မော” စသဖြင့် ဟောကြားရာ၌ မြင်အပ်, ဆိုက်ရောက်အပ်သည့် သစ္စာတရား (Truth) ဟူသည့် အဓိပ္ပါယ်ရသည်။ ဉာဏ်ဖြင့်သိအပ်သောတရား (ဉေယျဓမ္မ) ဟူသော အဓိပ္ပါယ်ဆောင်သည်လည်း ရှိ၏။ ပုဂ္ဂိုလ်, သတ္တ၀ါမဟုတ်သော သဘောတရားသက်သက်ဟု အဓိပ္ပါယ်ရသည် လည်းရှိသည်။ အဘိဓမ္မာဒေသနာတွင်ကား ပုဂ္ဂိုလ်, သတ္တ၀ါမှ ဆိတ်သုန်းသော သုညတတရား၊ သဘာဝတရားတို့ကို ပဓာနထား၍ ဟောကြားထားသည်။

အဘိဓမ္မာ ကထာဝတ္ထုကျမ်းတွင် “ပုဂ္ဂိုလ်အား မှန်ကန်သောသဘော, မြတ်သောသဘောဖြင့် ရအပ်သလော?” (ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ) ဟု စီစစ်ဝေဖန်၍ ဟောကြားထားသည်။ ထိုဒေသနာအား မှီး၍ ဉာဏ်ဖြင့် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိအပ်(ရအပ်)သော သဘောတရားတို့ကို “ပရမတ္ထတရား” ဟုခေါ်သည်။ အမှန်တကယ်မရှိ အထင်ဖြင့်သာ ကြံဆ၍သိရသော “ငါ သူတစ်ပါး ပုဂ္ဂိုလ် သတ္တ၀ါ” စသည်တို့အား “ပညတ္တိတရား”ဟု ခေါ်သည်။ ပရမတ်တရားတို့သည် (အမှန်ရှိသည့်အတိုင်း) ဉာဏ်ဖြင့်သိရသော တရားဖြစ်၍၊ ပညတ်တရားတို့သည် (အမှန်ရှိသည်မှ သွေဖီ၍) အထင်ဖြင့် သိရသောတရားဖြစ်သည်။ ပညတ်သည် အထင်ဖြင့် ပြီးသောတရား (ပရိကပ္ပသိဒ္ဓ) ဖြစ်၍၊ ပရမတ်သည် မိမိ၏ ပင်ကိုယ်သဘာဝအားဖြင့် ပြီးသောတရား (သဘာဝသိဒ္ဓ)ဖြစ်သည်။

“အတ္တနော သဘာဝံ ဓာရေန္တီတိ ဓမ္မာ” မိမိ၏ သဘောကို မိမိဆောင်သောကြာင့် ဓမ္မာဟု ခေါ်ရကြောင်း ဓမ္မသင်္ဂဏီအဖွင့်ကျမ်းဖြစ်သော အဋ္ဌသာလိနီအဋ္ဌကထာတွင် အဓိပ္ပါယ်ဖွင့်ပြသည်။ သဘောတရားဟူသည် သဘာဝဓမ္မကို မြန်မာမှုပြုထားခြင်းဖြစ်သည်။ သဘော နှင့် သဘာဝသည် အနက်အဓိပ္ပါယ်အတူတူပင်ဖြစ်သော်လည်း၊ မြန်မာစာတွင် သွင်ပြင်လက္ခဏာ အမူအရာ တို့ကို သဘောဟု သုံးနှုန်းလေ့ရှိပြီး၊ သဘာဝဟုဆိုလျှင် တောတောင်ရေမြေ မိုးလေ၀သစသော လူတို့ဖန်တီးထားခြင်းမဟုတ်ပဲ အလိုလိုဖြစ်ပေါ်နေသော အရာများ အဖြစ်နားလည်ကြသည်။

ပထမအဓိပ္ပါယ်အရ “ပူခြင်း, အေးခြင်း, သိခြင်း, ခံစားခြင်း” စသဖြင့် အသိစိတ်တွင် သိစေနိုင်မည့် အမူအရာ, အသွင်ပြင်, အမှတ်အသား လက္ခဏာများကိုဆိုသည်။ သဘာဝသည်ပင် လက္ခဏာဖြစ်သည်။ ထို့ကြောင့်ပင် “အတ္တနော လက္ခဏံ ဓာရယန္တီတိ ဓမ္မာ” မိမိ၏ လက္ခဏာကို ဆောင်သောကြာင့် ဓမ္မာ ဟုခေါ်ကြောင်း သမ္မောဟ၀ိနောဒနီခေါ် အဘိဓမ္မာဝိဘင်း အဖွင့်အဋ္ဌကထာကျမ်းက ထပ်မံ၍ ဖွင့်ပြပြန်သည်။

ဝေါဟာရတို့သည် ဓာတ် ခေါ် အနက်ဓိပ္ပါယ် ရင်းမြစ်(root) များမှ ဆင်းသက်လာသည်ဟု ယူဆသည့်အားလျော်စွာ၊ အဋ္ဌကထာခေတ်စာပေတို့တွင် ဓာတ်တို့၏ အနက်ကိုဖော်၍ ဝေါဟာရတို့၏ အဓိပ္ပါယ်ကို ဖွင့်ဆိုလေ့ ရှိခဲ့ကြသည်။ ဓမ္မာဟူသော ဝေါဟာရအား “√ဓာ = ဆောင်ခြင်း” ဟူသော ဓာတ်နက်သံပါအောင် မိမိလက္ခဏာကို ဆောင်၍ ဓမ္မ၊ မိမိ သဘာဝကို ဆောင်၍ ဓမ္မ စသဖြင့် ဖွင့်ဆိုကြလေသည်။ ဤတွင် သဘာဝ၏ နောက်ကွယ်တွင် ထိုသဘာဝကို ဆောင်ထားသော အရာတစ်ခုခု ရှိနေသယောင်၊ ခက်မာမှုစသော လက္ခဏာတို့နောက်ကွယ်တွင် ထိုခက်မာမှုလက္ခဏာကို ဆောင်ထားသော အရာတစ်ခုခု ရှိနေသယောင် အထင်မှားဖွယ်ရှိသည်။ အနောက်တိုင်းဒဿနတို့တွင်လည်း ခေတ်အဆက်ဆက် phenomenon ခေါ် သွင်ပြင်လက္ခဏာတို့၏ နောက်ကွယ်တွင် ပကတိ တည်ရှိနေသော အနှစ်သာရတရား (essence) ရှိသည်ဟု ယူဆခဲ့ကြလေသည်။ အပေါ်ယံသွင်ပြင်လက္ခဏာတို့သည် ဖြစ်ပေါ်ပြောင်းလွဲနေကြသော်လည်း တည်တန့်ခိုင်မြဲသော အနှစ်သာရတရားတို့ အပေါ်မှီ၍ ဖြစ်ပေါ်ကြခြင်း ဖြစ်သည်ဟု ယူဆကြသည်။ အဘိဓမ္မာဒေသနာသည် အနတ္တဒေသနာဖြစ်သည်။ “အသာရဋ္ဌေန အနတ္တာ” ဟူသောစကားအတိုင်း အနှစ်သာရမရှိခြင်းသည်ပင် အနတ္တသဘောဖြစ်ရာ၊ သဘာဝနှင့် သဘာဝန္တ ခေါ် သဘာဝကိုဆောင်သော အခံဒြပ် (substance) ဟု နှစ်မျိုး မကွဲပြားပါ။ လက္ခဏ နှင့် လက္ခဏာကိုဆောင်သောတရားဟု နှစ်မျိုး မကွဲပါ။ ခက်မာခြင်းဟူသော လက္ခဏာသည်ပင် ပထ၀ီဟူသော ဓမ္မဖြစ်သည်။ သဘာဝသည်ပင် ဓမ္မဖြစ်သည်။ ထို့ကြောင့် “န စ ဓာရိယမာနသဘာဝါ အညော ဓမ္မော နာမ နတ္ထိ - ဆောင်ထားသောသဘာဝတို့မှတစ်ပါး ဓမ္မဟု အမည်ရခြင်းမရှိ” ဟု မဟာဋီကာက ဖွင့်ပြသည်။

ဒုတိယအဓိပ္ပါယ်အရ တောတောင်ရေမြေ မိုးလေ၀သစသော လူတို့ဖန်တီးထားခြင်းမဟုတ်ပဲ အလိုလိုဖြစ်ပေါ်နေသော အရာများအားလည်း သဘာဝဟု ခေါ်သည်။ လူနတ်ဗြဟ္မာတို့က ဖန်တီးထားခြင်း မဟုတ်။ အတ္တက ဖန်တီးထားခြင်း မဟုတ်။ သဘာဝအလျောက် ဖြစ်ပျက်ပြောင်းလဲနေရသော တရားများဟု ဆိုလိုသည်။ သဘာဝ ဟူသော ပါဠိဝေါဟာရအား (သ-မိမိကိုယ်တိုင်၏ + ဘာဝ-ဖြစ်ခြင်း) မိမိကိုယ်တိုင်၏ ဖြစ်ခြင်း၊ မိမိအလိုလို ဖြစ်ခြင်းဟူသော အနက်အဓိပ္ပါယ်ရသည်။ အနောက်တိုင်းဒဿနတို့မှ thing-in-itself/ being-in-itself ဟူသော အဓိပ္ပါယ်ရသည်။ ဤတွင်လည်း သဘာဝသိပ္ပံပညာ နှင့် အချို့ဒဿနတို့တွင်ကဲ့သို့ နာမ်တရား၏ အခန်းကဏ္ဍကို ပစ်ပယ်ကာ ရုပ်ဝါဒကို စောင်းပေးသော အစွန်းတရားများနှင့် ကြုံတွေ့နိုင်သည်။ သူ့အလိုအလျောက်ဖြစ်ပျက်နေသည်ဟူသော အဓိစ္စသမုပ္ပန္နအယူမျိုးသို့ ရောက်သွားနိုင်သည်။ အဘိဓမ္မာတွင် နာမ်တရားတို့သည်လည်း သဘာဝဖြစ်သည်။ ရုပ်နာမ်တရားတို့သည် အကြောင်းမဲ့သက်သက် မိမိအစွမ်းဖြင့် ဖြစ်တည်ကြရသည်ဟူ၍ မရှိ။ ဓမ္မတစ်ပါးသည် အခြားသောဓမ္မတို့ အပေါ်တွင် အကြောင်းတရားအဖြစ် တည်မှီ၍ ဖြစ်ရသည်။ ထို့ကြောင့်ပင် သဘာဝကို အဓိပ္ပါယ်ကောက်မလွဲစေရန် “ဓာရိယန္တိ ၀ါ ပစ္စယေဟိ, ဓာရိယန္တိ ၀ါ ယထာသဘာဝတောတိ ဓမ္မော– အကြောင်းအားဖြင့် ဆောင်တတ်၏, ဤသို့ သဘာဝအားဖြင့် ဆောင်တတ်၍ ဓမ္မ” ဟု အဋ္ဌသာလိနီတွင် ဆက်၍ ဖွင့်ဆိုထားသည်။

အချုပ်အားဖြင့်ကား ဓမ္မသည် သွင်ပြင်လက္ခဏာကို ဆောင်သောတရားဖြစ်သည်။ သဘာဝကို ဆောင်သော တရားဖြစ်သည်။ “√ဓာ-ဆောင်ခြင်း” ဟူသော စကားရင်းမြစ်၏ အနက်သံပါအောင် အဓိပ္ပါယ် ဖွင့်ရသော်လည်း သွင်ပြင်လက္ခဏာ, သဘာဝတရားတို့၏ နောက်ကွယ်၌ ထိုသဘာဝကို ဆောင်ထားသော အခံဒြပ် အနှစ်သာရတရားဟူ၍ မရှိ။ သဘာဝတရားဆိုရသော်လည်း မိမိကိုယ်တိုင် ရပ်တည်နိုင်စွမ်းမရှိ။ အကြောင်းတရားတို့က ဆောင်ထား၍သာ ဓမ္မဟုခေါ်ရခြင်း ဖြစ်သည်။ ဓမ္မ၏ အနက်အဓိပ္ပါယ်ကား ကျယ်ပြော နက်ရှိုင်းသည်။ အဘိဓမ္မာဒေသနာက ထိုဓမ္မတို့ကို ကျယ်ပြော နက်ရှိုင်းစွာ နည်းအသွယ်သွယ်ဖြင့် ပိုင်းခြားဝေဖန်၍ ပြသည်။ နယသာဂရခေါ် နည်းပင်လယ်၏ ကျယ်ပြော နက်ရှိုင်းမှုဖြင့် ဗုဒ္ဓမြတ်စွာ၏ ဉာဏသာဂရခေါ် ဉာဏ်တော်၏ ကျယ်ပြော နက်ရှိုင်းမှုကို မှန်းဆ ကြည်ညိုနိုင်ပေသည်။

ဧရာ (မန္တလေး)

စာညွှန်း။
(၁) အဋ္ဌသာလိနီ၊ သမ္မောဟ၀ိနောဒနီ၊ ဓမ္မသင်္ဂဏီ မူလဋီကာ
(၂) မဟာဂန္ဓာရုံဆရာတော်၏ အဋ္ဌသာလိနီဘာသာဋီကာ
(၃) “The Dhamma Theory: Philosophy Conerstone of Abhidhamma” by Prof. Dr. Y. Karunadasa, The Wheel publication No. 412/413.


"Loving-kindness is love without attachment, craving or lust."


AhaṃAvero homi.အဟံ အဝေရော ဟောမိMay I be free from enmity(danger)
Abyāpajjo homi.အဗျာပဇ္ဇော ဟောမိBe free from mental suffering.
Anīgho homi.အနီဃော ဟောမိBe free from physical suffering.
Sukhī attānaṃ pariharāmiသုခီ အတ္တာနံ ပရိဟရာမိTake care of myself happily.
______________
mama mātāpitu Ācariyā caမမ မာတာပိတု အာစရိယာ စMay my parents, teachers
Ñata mittā caဉာတ မိတ္တာ စRelatives,
Sabrahmacārīno caသဗြဟ္မစာရီနော စ And dhamma friends,
Averā hontuအဝေရာ ဟောန္တုMay they be free from enmity,
Abyāpajjā hontuအဗျာပဇ္ဇာ ဟောန္တုBe free from mental suffering,
Anīghā hontuအနီဃာ ဟောန္တုBe free from physical suffering,
Sukhī attānaṃ pariharantuသုခီ အတ္တာနံ ပရိဟရန္တုTake care of themselves happily.
______________
Imasmiṃ ārāme ဣမသ္မိံ အာရာမေIn this compound
sabbe yoginoသဗ္ဗေ ယောဂိနောMay all yogis (mediators)
Averā hontuအဝေရာ ဟောန္တုBe free from enmity,
Abyāpajjā hontuအဗျာပဇ္ဇာ ဟောန္တုBe free from mental suffering,
Anīghā hontuအနီဃာ ဟောန္တုBe free from physical suffering,
Sukhī attānaṃ pariharantuသုခီ အတ္တာနံ ပရိဟရန္တုTake care of themselves happily.
______________
Imasmiṃ ārāmeဣမသ္မိံ အာရာမေIn this compound,
Sabbe bhikkhuသဗ္ဗေ ဘိက္ခုMay all the monks
Samnerā caသမဏေရာ စAnd novice monks
Upāsaka upāsikāyo caဥပါသက ဥပါသိကာယော စLaymen and laywomen
Averā hontu,အဝေရာ ဟောန္တုBe free from enmity,
Abyāpajjā hontu,အဗျာပဇ္ဇာ ဟောန္တုBe free from mental suffering,
Anīghā hontu,အနီဃာ ဟောန္တုBe free from physical suffering,
Sukhī attānaṃ pariharantu.သုခီ အတ္တာနံ ပရိဟရန္တုTake care of themselves happily.
______________
Amhākaṃ catupaccaya dāyākāအမှာကံ စတုပစ္စယ ဒါယာကာMay our donors of four requisites
Averā hontu,အဝေရာ ဟောန္တုBe free from enmity,
Abyāpajjā hontu,အဗျာပဇ္ဇာ ဟောန္တုBe free from mental suffering,
Anīghā hontu,အနီဃာ ဟောန္တုBe free from physical suffering,
Sukhī attānaṃ pariharantu.သုခီ အတ္တာနံ ပရိဟရန္တုTake care of themselves happily.
______________
Amhākaṃ ārakkha devatāအမှာကံ အာရက္ခာ ဒေဝတာMay our guardian deities
Imasmiṃ vihāreဣမသ္မိံ ဝိဟာရေIn this temple
Imasmiṃ āvāseဣမသ္မိံ အာဝါသေIn this dwelling
Imasmiṃ ārāmeဣမသ္မိံ အာရာမေIn this compound
Ārakkha devatāအာရက္ခ ဒေဝတာMay guardian deities
Averā hontu,အဝေရာ ဟောန္တုBe free from enmity,
Abyāpajjā hontu,အဗျာပဇ္ဇာ ဟောန္တုBe free from mental suffering,
Anīghā hontu,အနီဃာ ဟောန္တုBe free from physical suffering,
Sukhī attānaṃ pariharantu.သုခီ အတ္တာနံ ပရိဟရန္တုTake care of themselves happily.
______________
5 - Anodhisa pharaṇ Mettāအနောဓိသ ဖရဏ မေတ္တာ ၅-ပါးUnspecified Pervasion of Mettā
1. Sabbe sattā၁။ သဗ္ဗေ သတ္တာMay all beings
2. Sabbe pāṇā၂။  သဗ္ဗေ ပါဏာAll breathing beings
3. Sabbe bhūtā၃။ သဗ္ဗေ ဘူတာAll creatures
4. Sabbe puggalā၄။ သဗ္ဗေ ပုဂ္ဂလာAll individuals
5. Sabbe attabhāva-pariyāpannā၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ All personalities
7- Odhisa pharaṇ Mettāသြဓိသ ဖရဏ မေတ္တာ ၇-ပါးSpecified Pervasion of Mettā
6. Sabbā itthiyo၆။ သဗ္ဗာ ဣတ္ထိယောAll women
7. Sabbe purisā၇။ သဗ္ဗေ ပုရိသာ All men
8. Sabbe Ariyā၈။ သဗ္ဗေ အရိယာAll noble ones
9. Sabbe anariyā၉။ သဗ္ဗေ အနရိယာAll not noble ones
10. Sabbe devā၁၀။ သဗ္ဗေ ဒေဝါ All deities
11. Sabbe manussā၁၁။ သဗ္ဗေ မနုဿာAll human beings
12. Sabbe vinipātikā၁၂။ သဗ္ဗေ ဝိနိပါတိကာAll those in unhappy states
(A) Averā hontu,အဝေရာ ဟောန္တုBe free from enmity,
(B) Abyāpajjā hontu,အဗျာပဇ္ဇာ ဟောန္တုBe free from mental suffering,
(C) Anīghā hontu,အနီဃာ ဟောန္တုBe free from physical suffering,
(D) Sukhī attānaṃ pariharantu.သုခီ အတ္တာနံ ပရိဟရန္တုTake care of themselves happily.
Dukkhā muccantuဒုက္ခာ မုစ္စန္တုMay they be free from suffering
Yathā Laddha-sampattitoယထာ လဒ္ဓသမ္ပတ္တိတောMay whatever relatedness possessed
mā vigacchantuမာ ဝိဂစ္ဆန္တုNot be lost
Kammassakāကမ္မဿကာHave kamma as their true property.
______________
Notes: 12 ways x 4 kinds of mettā = 48 kinds of mettā
ဒုက္ခာ မုစ္စန္တု =ကရုဏာဘာဝနာ(development of Compassion)
ယထာ လဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု=မုဒိတာဘာဝနာ ( development of Sympathetic Joy)
ကမ္မဿကာ=ဥပေက္ခာဘာဝနာ (development of Equanimity)
______________
10 - disā pharaṇ Mettāဒိသာ ဖရဏ မေတ္တာ Directional Pervasion of Mettā
1. Puratthimāya disāya၁။ ပုရတ္ထိမာယ ဒိသာယIn the Eastern direction
2. Pacchimāya disāya၂။ ပစ္ဆိမာယ ဒိသာယIn the Western direction
3. Uttarāya disāya၃။ ဥတ္တရာယ ဒိသာယIn the Northern direction
4. Dakkhiṇāya disāya၄။ ဒက္ခိဏာယ ဒိသာယIn the Southern direction
5. Puratthimāya anudisāya၅။ ပုရတ္ထိမာယ အနုဒိသာယ In the South-East direction
6. Paccimāya anudisāya၆။ ပစ္ဆိမာယ အနုဒိသာယIn the North-West direction
7. Uttarāya anudisāya၇။ ဥတ္တရာယ အနုဒိသာယIn the North-East direction
8. Dakkhiṇāya anudisāya၈။ ဒက္ခိဏာယ အနုဒိသာယIn the South-West direction
9. Heṭṭhimāya disāya၉။ ဟေဋ္ဌိမာယ ဒိသာယIn the downward direction
10. Uparimāya disāya၁၀။ ဥပရိမာယ ဒိသာယIn the upward direction
Sabbe sattā, Sabbe pāṇāသဗ္ဗေ သတ္တာ, သဗ္ဗေ ပါဏာ May all beings, all breathing beings
Sabbe bhūtā, Sabbe puggalāသဗ္ဗေ ဘူတာ, သဗ္ဗေ ပုဂ္ဂလာAll creatures, all individuals
Sabbe attabhāva-pariyāpannāသဗ္ဗေ အတ္တဘာဝပရိယာပန္နာall personalities
Sabbā itthiyo, Sabbe purisāသဗ္ဗာ ဣတ္ထိယော, သဗ္ဗေ ပုရိသာAll women, all men
Sabbe Ariyā, Sabbe anariyāသဗ္ဗေ အရိယာ, သဗ္ဗေ အနရိယာAll noble ones, all not noble ones
Sabbe devā, Sabbe manussāသဗ္ဗေ ဒေဝါ, သဗ္ဗေ မနုဿာ All deities, all human beings
Sabbe vinipātikāသဗ္ဗေ ဝိနိပါတိကာAll those in unhappy states
(A) Averā hontu,အဝေရာ ဟောန္တုBe free from enmity,
(B) Abyāpajjā hontu,အဗျာပဇ္ဇာ ဟောန္တုBe free from mental suffering,
(C) Anīghā hontu,အနီဃာ ဟောန္တုBe free from physical suffering,
(D) Sukhī attānaṃ pariharantu.သုခီ အတ္တာနံ ပရိဟရန္တုTake care of themselves happily.
Dukkhā muccantuဒုက္ခာ မုစ္စန္တုMay they be free from suffering
Yathā Laddha-sampattitoယထာ လဒ္ဓသမ္ပတ္တိတောMay whatever relatedness possessed
mā vigacchantuမာ ဝိဂစ္ဆန္တုNot be lost
Kammassakāကမ္မဿကာHave kamma as their true property.
Notes: 10 directions x 48 kinds of mettā= 480 kinds of mettā (directional)
480 directional + 48 undirectional = 528 Kinds of mettā
______________
Uddhaṃ yāva bhavaggā caဥဒ္ဓံယာ၀ ဘဝဂ္ဂါ စAs far as the highest existence
Adho yāva avīcittoအဓော ယာ၀ အဝီစိတောAnd as far down as the lowest
Samantā cakkavāḷesuသမန္တာ စက္ကဝါဠေသုIn the entire universe
Ye sattā pathavīcarāယေ သတ္တာ ပထဝီစရာWhatever beings that move on earth
Abyāpajjā niverā caအဗျာပဇ္ဇာ နိဝေရာ စMay they be free from suffering and enmity
Niddukkhā ca anupaddavāနိဒ္ဒုက္ခာ စ နုပဒ္ဒဝါ from physical suffering and dangers
______________
Uddhaṃ yāva bhavaggā caဥဒ္ဓံယာ၀ ဘဝဂ္ဂါ စAs far as the highest existence
Adho yāva avīcittoအဓော ယာ၀ အဝီစိတောAnd as far down as the lowest
Samantā cakkavāḷesuသမန္တာ စက္ကဝါဠေသုIn the entire universe
Ye sattā udakecarāယေ သတ္တာ ဥဒကေစရာWhatever beings that move in water
Abyāpajjā niverā caအဗျာပဇ္ဇာ နိဝေရာ စMay they be free from suffering and enmity
Niddukkhā ca anupaddavāနိဒ္ဒုက္ခာ စ နုပဒ္ဒဝါfrom physical suffering and dangers
______________
Uddhaṃ yāva bhavaggā caဥဒ္ဓံယာ၀ ဘဝဂ္ဂါ စAs far as the highest existence
Adho yāva avīcittoအဓော ယာ၀ အဝီစိတောAnd as far down as the lowest
Samantā cakkavāḷesuသမန္တာ စက္ကဝါဠေသုIn the entire universe
Ye sattā ākā secarāယေ သတ္တာ အာကာသေစရာWhatever beings that move in air
Abyāpajjā niverā caအဗျာပဇ္ဇာ နိဝေရာ စMay they be free from suffering and enmity
Niddukkhā ca anupaddavāနိဒ္ဒုက္ခာ စ နုပဒ္ဒဝါfrom physical suffering and dangers

ကိုAlvin၏ ဝေမျှခြင်း- The chant of Metta (Pali/English/Myanmar)

Tuesday, June 24, 2008

သဒ္ဓါခရီး အလယ်

ဤပုံကို အရှင်ပညာဝံသ မဟာဓမ္မာစရိယ;M.A ၏ မိထွေးတော်ဂေါတမီနှင့် ဘိက္ခုနီသာသနာ စာအုပ်မျက်နှာဖုံးမှ ရယူပါသည်
ဒီအဝတ် ဝတ်ဖို့ ဘယ်လို သဒ္ဓါတရား နဲ့ ဆုံးဖြတ်လိုက်လဲ ကိုယ့်ကိုကိုယ် ဆန်းစစ်တော့
သဒ္ဓါ ဆိုတဲ့ တရားကို ကြည်လင်ခြင်းလို့ပဲ အဓိပ္ပါယ်ဖွင့်ရလေမလား။
နောက်ကြိစိတ်တွေ နည်းပါးသွားတာတော့ သိသိသာသာပဲ။
ကြည်လင်နေတဲ့ စိတ်အခံဓါတ်ကြောင့် ပေလား။
ကြားဖူးထားတဲ့ “ဉာဏ်မမြင်၊ အထင်နဲ့သာ ပြီးရော” ဆိုတဲ့ စကား၊ “ကိုယ့်စိတ်နဲ့နှိုင်း မရိုင်း” ဆိုတဲ့ စကားတွေ ရဲ့ အဓိပ္ပါယ် ကောင်းကောင်းနားလည်လာတယ်။ ဘယ်အရာကို မဆို ကိုယ့်စိတ်နဲ့ နှိုင်းပြီး ထင်ချင်တိုင်းထင်၊ နောက်ဆက်တွဲ အပြော၊ အလုပ်တွေ ပါလာ။ အဆုံးမှာ စစ်ကြည့်တော့ အမှားကအများသား။ ဒီလိုနဲ့ ဟင်းဟင်း… ကိုယ့်အဆင့်အတန်းကို ကိုယ့်ဖာသာ အကဲခတ်မိလာတယ်။ အမြတ်တွေပါ။
အဘိဓမ္မာ သင်တန်းတက်ဖူးပေမဲ့ စိတ်တွေ အစဉ်အတိုင်း ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကိုယ်တွေ့ နဲ့ ကိုက်ကြည့်နိုင်ဖို့ဝေးစွ၊ စာတွေ့ အဖြစ်တောင် အလွတ်မရနိုင်တဲ့ ကိုယ့်အဆင့်အတန်း။
လိုသေးတယ်။ လိုသေးတယ်။
အဆင့်အတန်းရှိတဲ့ သာသနာမှာ အောက်ဆုံးအဆင့်လေးလောက်တော့ မှီမိ၊ ထောက်မိအောင်…
ကြိုးစားစမ်း။ ကြိုးစားလိုက်စမ်း။

Friday, June 20, 2008

မေတ္တာခရီးအစ

သတိထားမိနေတာပဲလား…
အတ္တ၊ မာန၊ လောဘ၊ ဒေါသ နဲ့ မောဟတွေ
ပျောက်ကွယ်နေတဲ့ မေတ္တာတရား။
ကိုယ်ဘယ်လိုမှနေ မပျော်တော့ဘူး။
အခွင့်အရေးဆိုတာ၊ တသက်မှာ နှစ်ခါပေါ်ဖို့ မလွယ်ဘူးတဲ့…
ကံကောင်းထောက်မ,လို့ပေပဲလား။
ဒီအခွင့်အရေးကို အမိအရ ကိုယ်,ဆုပ်ကိုင်နိုင်ခဲ့တယ်။
ကျေးဇူးပါကွယ်။
...............
"ငါ၏ကိုယ်မှာ၊ နံသာမွှေးကြိုင်၊ မြဲခိုင်လှစွာ၊ ကောင်းရာမမြင်၊ ဆံပင်သာရှိ၊ အမွှေးရှိ၍၊ ရှိသည့်လက်သည်း၊ ခြေအသည်းနှင်၊့ သွားလည်းတစ်ထွေ၊ အရေတမျိုး၊ ညှီနံဆိုးသည်၊ အသိုးအပုတ်ချည်းပါတကား။ "
ရှုပ်ထွေးထူထပ်၊ လိမ်ကောက်ကြမ်းရှ၊ ဒုက္ခပေးလှတဲ့ ဒီဆံပင်တွေ ရိတ်သင်လိုက်ရတာနဲ့တင် စိတ်ထဲတော်တော်ရှင်းသွားတယ်။
တစ်ယောက်သောသူက သူရိတ်ပေးပါရစေ လို့ ဆရာလေးထံခွင့်တောင်းလေတော့
သားဦးလေးဖွားပြီးစ ယုယစွာဖြီးသင် သူရှင်းကာပေးခဲ့တာသတိရ
ဆရာလေးခွင့်မပေးခဲ့တာ စိတ်ထဲက ဒီလိုနားလည် ...
“တဏှာရာဂသည် မေတ္တာလိုလိုနှင့် ဝင်တတ်သည်” ဟု ရှင်တော်ဘုရား ထုတ်ဖေါ်ဟောကြား၊ မိုးကုတ်ဆရာတော် ဘုရားကြီးထံမှ တဆင့်နားကြားခဲ့ရဖူးလေသော တရားတော်ကို အမှတ်ရ...

ပညာစခန်း တတ်လှမ်းစဟန်ပြင် သတိတရား ကိုယ်ရုံကို ချပ်ဝတ်တန်ဆာလို ဆင်မြန်းရပါလေပြီ။
မသုမနစာရီ @ မသီတာ 
...............
အာရုံဆွမ်းစားဖို့ အိမ်တစ်အိမ်ကို ကြွရတယ်။ ဆရာတော်ကြီးက ရှေ့ဆုံးကကြွလို့ သံဃာလေးပါးတန်းစီလို့ လိုက်တယ်။ နောက်ကမှ သားကိုရင်။ ဆရာလေး မပုညက ကိုရင်နောက်က ခပ်ခွာခွာလေးလိုက်။ နောက်ကမှ အမှတ်သတိနဲ့ မသုမနပေါ့။
ဝေလီဝေလင်း စင်္ကြံလေးလျှောက်ရတာ သာတောင့်သာယာရှိသလိုလိုနဲ့ ငါဆိုတဲ့ ပမွှားကောင်ကဝမ်းတစ်ထွာကို ဒီလို ကျောင်းရတာ ဝမ်းနည်းလာချင်သလိုလို
သြော်…အနစ်နာခံသွားရှာလေတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးမှာဖြင့်
ဒို့ အတွက် လမ်းကြမ်းကြီးကို လျှောက်ခဲ့ရတာ လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်းတဲ့။
sacrifice ဆိုတဲ့စကားလုံးကို နားထဲက အထပ်ထပ်ကြား။
ဘဝသစ်ရဲ့ စဦး ခရီး
စို့နစ်နစ်ကြီးပါလား။

Monday, May 19, 2008

ကဆုန်လပြည့် သို့မဟုတ် မြင့်မြတ်ခြင်း၏ သင်္ကေတ

“အဂ္ဂေါဟမသ္မိ လောကဿ။
ဇေဋ္ဌောဟမသ္မိ လောကဿ။
သေဋ္ဌောဟမသ္မိ လောကဿ။
အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ”တိ။ [မ-၃-၂၀၇-အစ္ဆရိယအဗ္ဘုတသုတ္တံ]

“ငါသည် လောကတွင် ထိပ်ဆုံးဖြစ်၏။
ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။
ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။
ဤမွေးဖွားခြင်းသည်ကား နောက်ဆုံးမွေးဖွားခြင်းတည်း။
နောင်တစ်ဖန် ဘဝဖြစ်ခြင်း မရှိတော့ပြီ။”

ကဆုန်လပြည့်နေ့သည် မြင့်မြတ်ခြင်း၏ သင်္ကေတဖြစ်သည်။ လောကတွင် သာမာန်လူနှင့် မြင့်မြတ်သောလူဟူ၍ နှစ်မျိုးရှိသည်။ လူသာမာန်တို့သည် လောကသဘာဝအရ ရယူမှုကို အလိုရှိကြသည်။ မိမိတို့၏ စီးပွားချမ်းသာကို အလိုရှိကြသည်။ ချီးမွမ်းမြှောက်ပင့်မှုကို အလိုရှိကြသည်။ အချွေအရံတို့ကို အလိုရှိကြသည်။ သြဇာအာဏာကို အလိုရှိကြသည်။ မြင့်မြတ်သူတို့ကား လူအများ၏ အကျိုးစီးပွားအတွက် မိမိတို့၏ စီးပွားချမ်းသာကို စွန့်လွှတ်ကြသည်။ မိမိတို့၏ အသက်ကို စွန့်လွှတ်ကြသည်။ သြဇာအာဏာတို့ကို စွန့်လွှတ်ကြသည်။ လောကအတွက် စွန့်လွှတ် အနစ်နာခံခြင်းသည် မြင့်မြတ်သူတို့၏ လက္ခဏာဖြစ်သည်။

ဤကဆုန်လပြည့်တွင် လောက၏ အမြင့်မြတ်ဆုံးဖြစ်သော ဗုဒ္ဓမြတ်စွာ အလောင်းလျာကို ဖွားမြင်တော်မူခဲ့သည်။ မယ်တော်မာယာဒေဝီသည် အလောင်းတော်၏ သန္ဓေကို လွယ်ပြီးဆယ်လအကြာတွင် မိမိ၏ ဆွေမျိုးများရှိရာ ဒေဝဒဟပြည်သို့ အသွားလမ်းခရီး ပင်လုံးကြွတ်ပွင့်နေသော အင်ကြင်းပင်များရှိသော လုမ္ဗနီဥယျာဉ်တွင် ခေတ္တ အနားယူ၏။ ထိုသို့အနားယူခိုက် မဟာသက္ကရာဇ် ၆၈-ခု ဝိသာခါနက္ခတ် နှင့် စန်းလယှဉ်သော ကဆုန်လပြည့် သောကြာနေ့ နံနက်တွင် အလောင်းတော်ကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ မြင့်မြတ်သူတို့၏ လုပ်ဆောင်ချက်တို့သည် အံ့ချီးမခမ်းဖြစ်သကဲ့သို့ပင်၊ သဘာဝတရားက ထိုမြင့်မြတ်သူတို့အပေါ် တုန့်ပြန်မှုသည်လည်း မယုံနိုင်စဖွယ် ဖြစ်ရသည်။ ဖွားမြင်စ အလောင်းတော်သည် ညီညွတ်သော ခြေတို့ဖြင့် မြေ၌ ရပ်တည်ပြီးလျှင် မြောက်အရပ်သို့ ရှေးရှု၍ ခုနှစ်ဖဝါးလှမ်းကာ ကြွတော်မူ၏။ ထို့နောက် “ငါသည် လောကတွင် ထိပ်ဆုံးဖြစ်သည်။” စသော ကြုံးဝါးသောစကားကို ဆိုခဲ့၏။ ဗုဒ္ဓ အလောင်းတော်သည် မြင့်မြတ်သူတို့တွင် အမြတ်ဆုံးဖြစ်ပေ၏။

အမျိုးဇာတ်ကြောင့် မြတ်ခြင်း, တန်ခိုးအာဏာကြောင့် မြတ်ခြင်းတို့သည် မြင့်မြတ်ခြင်း အစစ်မှန်မဟုတ်။ လောကအတွက် အနစ်နာခံ စွန့်လွှတ်သော နှလုံးသားကသာ မြင့်မြတ်ခြင်းဖြစ်သည်။ မြင့်မြတ်သော နှလုံးသားသည် မိမိပတ်ဝန်းကျင်မှ ဆင်းရဲဒုက္ခရောက်နေကြရသော လောကသားတို့အပေါ် သက်သော အေးမြသည့် ကရုဏာတရား အပေါ်အခြေခံသည်။ လောကသားတို့အား ဖုံးလွှမ်းထားသည့် အမိုက်မှောင်ကို ပယ်ရှားနိုင်သော ပညာအလင်းရောင် အပေါ်တွင် အခြေခံရသည်။ မြင့်မြတ်သော နှလုံးသားသည် ကောက်ရိုးမီးကဲ့သို့ ဝုန်းကနဲတောက်၍ ဝုန်းကနဲငြိမ်းပျောက်သွားသော သဘောမျိုးမဟုတ်။ မြင့်မြတ်သော နှလုံးသားသည် ပြုစုပျိုးထောင်၍ ယူရသည်။ ထိုသို့ ပြုစုပျိုးထောင်ခြင်းကို ပါရမီဖြည့်ကျင့်သည် ဟုခေါ်သည်။

ဤကဆုန်လပြည့်သည် မြင့်မြတ်သော နှလုံးသားကို စတင်သန္ဓေတည်ခဲ့သော အခါကာလလည်း ဖြစ်သည်။ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တွင် အလောင်းတော်သည် သုမေဓာရှင်ရသေ့ဖြစ်ခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရား ကြွရောက်လာမည့် လမ်းအား သန့်ရှင်းနေကြသည့်လူတို့ထံမှ “မြတ်စွာဘုရား” ဟူသောစကားသံကို ကြားသောအခါ၊ သုမေဓာရှင်ရသေ့သည် အလွန် နှစ်သက်ဝမ်းမြောက်မှု ဖြစ်ရသည်။ မြင့်မြတ်ခြင်းသည် မိမိ၏ ပတ်ဝန်းကျင်မှ တစ်ဆင့် ကူးလူးဆက်ဆံသော သဘောလည်း ရှိရကား၊ သုမေဓာသည် အများနည်းတူ လမ်းသန့်ရှင်းရေးတွင် ကူညီပါဝင်ခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရား ကြွလာသောအခါတွင် အလောင်းတော်သည် မိမိ၏ ဆံပင်တို့ကို ဖြေ၍၊ သင်္ကန်း, စမ္မခဏ် သားရေပိုင်းတို့ကို ဖြန့်ကျက်၍၊ မိမိ၏ ကိုယ်ကို အလျားမှောက်ကာ တံတားခင်း၍ ပေးသည်။ ဒီပင်္ကရာမြတ်စွာဘုရားကဲ့သို့ပင် ဘုရားအဖြစ်ရောက်ကာ လောကအား ကျေးဇူးပြုလိုစိတ် ဖြစ်ပေါ်ဆုတောင်းလေသည်။ ဤသည်ကို ကြာပန်းရှစ်ခိုင်ဖြင့် မြတ်စွာဘုရားအား ပူဇော်ရန်လာသော အမျိုးသမီးငယ် သုမိတ္တာသည် မြင်၏။ ဤတွင် ကြာပန်းငါးခိုင်အား သုမေဓာရှင်ရသေ့အတွက်, ကျန်သုံးခိုင်အား မိမိအတွက်ထား၍ ဘုရားရှင်အားလှူဒါန်းကာ သုမေဓာရှင်ရသေ့၏ မြင့်မြတ်သော အမှုတွင် ပါရမီဖြည့်ဖက်အဖြစ် ပါဝင်လေသည်။ “ဤကမ္ဘာမှ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်တွင် သုမေဓာရသေ့သည် မြတ်စွာဘုရားဖြစ်လတ္တံ။ ဤသတို့သမီးသည် သင်ရသေ့နှင့် တူမျှသော စိတ်, တူမျှသော ကံ, တူမျှသောအမှုရှိ၍၊ သင့်အား အစဉ်စောင့်ရှောက်လျှက် ပါရမီ ဖြည့်လတ္တံ” ဟု ဒီပင်္ကရာဘုရားက ဗျာဒိတ်စကား မိန့်ကြားခဲ့သည်။ ဤကဆုန်လပြည့်တွင် ဒီပင်္ကရာဘုရား၏ မြင့်မြတ်ခြင်းတို့သည် သုမေဓာ၏ စိတ်နှလုံးကို သိမ်းကြုံးယူကာ၊ ကူးလူး သန္ဓေတည်ခဲ့၏။

ထိုမှစ၍ သိဒ္ဓတ္ထ နှင့် ယသော်ဓရာ အလောင်းလျာမောင်နှံတို့သည် ဖြစ်ရာဘဝ, ရောက်ရာနေရာမှ မြင့်မြတ်သော နှလုံးသားတို့ကို ပြုစုပျိုးထောင်ခဲ့သည်။ မိမိတို့အကျိုးစီးပွားထက် လောက၏ အကျိုးစီးပွားကိုသာ ပဓာနပြု၍၊ စည်းစိမ်ဥစ္စာ, အသွေးအသား, အသက်တို့ကို စွန့်လွှတ်ခဲ့သည်။ သိဒ္ဓတ္ထမင်းသားဘဝရောက်သော် ထိုပါရမီတို့သည် အထွတ်ခေါင်သို့ရောက်လေပြီ။ သိဒ္ဓတ္ထမင်းသားသည် လူသားစင်စစ်အဖြစ် မွေးဖွားလာသော်လည်း၊ သာမာန်လူသားမဟုတ်တော့။ မြင့်မြတ်သော မဟာလူသားဖြစ်လေပြီ။ မြင့်မြတ်သူတစ်ကာတို့ထက် မြတ်သော အထွတ်ခေါင်ဖြစ်လေပြီ။

သိဒ္ဓတ္ထမင်းသားသည် အသက် ၂၉-နှစ်အရွယ်တွင် ဖြစ်ပေါ်လာအံ့သော စကြဝတေးမင်းစည်းစိမ်ကို စွန့်ကာ သတ္တဝါတို့ အကျိုးအတွက် ဘုရားအဖြစ်သို့ရရန် အားထုတ်ခဲ့သည်။ အလောင်းတော်ဘဝဖြင့် လောကသားတို့ကို လောကဆင်းရဲမှ လွတ်ရန် မရေတွက်နိုင်သောကမ္ဘာများစွာ အားထုတ်ခဲ့ဖူးပြီ။ ယခုနောက်ဆုံးဘ၀ ရောက်သောအခါ၌ကား သတ္တဝါတို့အား သံသရာဝဋ်ဆင်းရဲမှ ကယ်မ, ထုတ်ဆောင်ရန် အားထုတ်လေပြီ။ လောကဆင်းရဲနှင့် သံသရာဆင်းရဲနှိုင်းစာလျှင်၊ လောကဆင်းရဲသည် ပြောပလောက်သော ဆင်းရဲမဟုတ်တော့။ သံသရာမှ မလွတ်သရွေ့ ဆင်းရဲအမျိုးမျိုး ကြုံတွေ့ရမည်သာ။ ဆင်းရဲဟူသမျှ၏ အရင်းမြစ်ကို ချိုးဖြတ်ရန်အတွက် တစ်ပြောင်းတစ်ပြန်ပြန် ပြေးသွားကျင်လည်နေရသော သံသရာကို ဖြတ်တောက် ရပေမည်။ လောကအကျိုးကို ဆောင်ရန် ဦးစွာပထမ မိမိကိုယ်တိုင် သံသရာဆင်းရဲအပေါင်းမှ လွတ်မြောက်ရန် ကျိုးပမ်းရသည်။ ထို့ကြောင့် သံသရာမှ ထွက်မြောက်ကြောင်းတရားကို ရှာဖွေခြင်းဟူသော မြတ်သောရှာဖွေခြင်း (အရိယာပရိယေသန) ကို အားထုတ်တော်မူခဲ့၏။

ဤကဆုန်လပြည့်သည် လောက၏ အမြတ်ဆုံးဖြစ်သော ဗုဒ္ဓအဖြစ်ရောက်တော်မူသောနေ့ ဖြစ်သည်။ ‘ဗုဒ္ဓ’ ဟူသည် နိုးကြားသိမြင်ခြင်းဟု အဓိပ္ပါယ်ရသည်။ ဒုက္ခခပ်သိမ်း၏ အရင်းမြစ်ကို ရှာဖွေသိမြင်ခြင်းကြောင့် ဗုဒ္ဓ ဟူ၍ အမည်ရသည်။ အလောင်းတော်သည် ဂယာအရပ်မှ ဥရုဝေဠတော သေနနိဂုံး ဗောဓိပင်ရင်းတွင် “ဘုရားမဖြစ်သရွေ့, ဤနေရာမှ မထတော့”ဟူသော ခိုင်မြဲသောစိတ်ဖြင့် အားထုတ်တော်မူရာ၊ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့အကုန် အာရုဏ်တက်အချိန် ဝိသာခါနက္ခတ်နှင့် စန်းလတို့ ယှဉ်ခိုက်တွင် ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။

“အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။”
“ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။
သဗ္ဗာ တေဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ”တိ။ [ဓမ္မပဒ-ဇရာဝဂ်-ဂါထာ-၁၅၃, ၁၅၄]

ဆင်းရဲဒုက္ခကို အဖန်ဖန်ဖြစ်စေတတ်သော လက်သည် (အိမ်ဆောက်လက်သမား)အား ရှာဖွေခဲ့ပါသော်လည်း၊ မတွေ့သဖြင့် ဘဝများစွာသံသရာကို ကျင်လည်ခဲ့ရလေပြီ။
အို... အိမ်ဆောက်လက်သမား၊ ငါသည် သင့်အား ယခု မြင်ပြီ။
သင်သည် နောက်တစ်ဖန် ဆောက်လုပ်နိုင်တော့မည် မဟုတ်တော့။
သင်၏ ကိလေသာဟူသော အခြင်ရနယ်တို့ကို ချိုးဖျက်ခဲ့ပြီ။
အဝိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ။
ငါ၏ စိတ်သည် ပြုပြင်စီရင်ခြင်းကင်းရာနိဗ္ဗာန်သို့ ရောက်ပြီ။
တဏှာကုန်ကြောင်း အရဟတ္တဖိုလ်ကို ရပြီ။

ဗုဒ္ဓဘုရားဖြစ်သည်နှင့် ဤ “အနေကဇာတိ” အစချီသော ဝမ်းမြောက်သော ဥဒါန်းစကားကိုဆို၏။ ဆင်းရဲအပေါင်းတို့၏ လက်သည်ရင်းမြစ်သည် မသိမှု ‘အဝိဇ္ဇာ’ နှင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ကြောင်းသိလေပြီ။ ၄၅-ဝါကာလပတ်လုံး မနားတမ်း မိမိသိသော အသိတရားကို မျှဝေ၍ ဟောကြားခဲ့သည်။ အလောင်းတော်ဘဝတွင် စည်းစိမ်, အာဏာ, ကိုယ်လက်အင်္ဂါ, အသက်တို့ကို စွန့်လွှတ်ပေးဆပ်၍ လောကသားတို့အား ကယ်တင်ခဲ့သည်။ နောက်ဆုံး ဗုဒ္ဓအဖြစ်တွင် သစ္စာလေးပါးတရားကို ဟောကြား၍ သတ္တဝါတို့ကို သံသရာမှကယ်တင်ခဲ့သည်။


ဟန္ဒဒါနိ, ဘိက္ခဝေ, အာမန္တယာမိ, ဝယဓမ္မာ သင်္ခါရာ, အပ္ပမာဒေန သမ္ပာဒေထ။ [ဒီ-၂-၁၈၅-မဟာပရိနိဗ္ဗာနသုတ္တံ]
ရဟန်းတို့... အကျဉ်းလိုရင်းကို ဆိုအံ့။ အလုံးစုံသော သင်္ခါရာတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။ မမေ့မလျော့သောသတိတရား ရှိကြကုန်လော့။

အင်ကြင်းပင်တို့ အကြားတွင် ဖွားမြင်တော်မူခဲ့သော ဗုဒ္ဓသည် အင်ကြင်းပန်းတို့ပွင့်သော ဤကဆုန်လပြည့်နေ့ (မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ အရုဏ်တက်ခါနီး အချိန်တွင်) မလ္လာမင်းတို့၏ ဥယျာဉ်အတွင်းရှိ အင်ကြင်းပင်ရင်း၌ပင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ သာမာန်လူသားတို့အမြင်တွင် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သော်လည်း၊ အရိယာသူတော်စင်တို့ အမြင်၌ကား ဒုက္ခခပ်သိမ်းငြိမ်း၍ လုံးဝအေးငြိမ်းမှုကိုပြုသွားခြင်းပင် ဖြစ်သည်။ ဤသည်ကား မြင့်မြတ်သူတို့၏ ထိပ်ဆုံးမြင့်မြတ်မှုပင် ဖြစ်သည်။ မြင့်မြတ်သော နှလုံးသားပိုင်ရှင်ဖြစ်သည့် ဗုဒ္ဓသည် ဤကဆုန်လပြည့်တွင် “အပ္ပမာဒေန သမ္ပာဒေထ” ဟူသော နောက်ဆုံးသြဝါဒ စကားဖြင့် လောကသားတို့အား ကျေးဇူးပြုသွားခဲ့လေသည်။

ဧရာ (မန္တလေး)

Sunday, May 11, 2008

အရာရာတိုင်းဟာ အမေ

Wonder Woman ... My Mum

Saturday, May 10, 2008

မင်းနှင့် ပြည်သူ

ဤ အ၀ိရောဓေန၊ တရားကို မကျင့်ဆောင်၊ ပြည်သူတို့နှင့် ဆန့်ကျင်ဘက်ပြုလျှင် ပြည်သူတို့မုန်း၍ အလိုရှိရာ သခင်ရှာပြီးလျှင် မင်းကို ဖျက်ဆီးသည်။ မင်းအားကြီး၍ ပြည်သူတို့က မဖျက်ဆီးနိုင်လျှင်လည်း အခြားနိုင်ငံသို့ သွား၍ ပြည်ပျက်သည်။ ဤကဲ့သို့ ပြည်သူနှင့် ဆန့်ကျင်ဘက်ပြု၍ ပျက်စီးသည်ကား မရေတွက်နိုင်။ ငါးရာငါးဆယ်ဇာတ်၊ ရာဇ၀င်တို့၌ အများပင် ဖြစ်လေသည်။ မျက်မြင်ကိုယ်တွေ့ဖြစ်ရသည်လည်း များလှလေပြီ။
[ရာဇဓမ္မသင်္ဂဟကျမ်း - ယောမင်းကြီးဦးဘိုးလှိုင်]


ဘုရားအလောင်းတော် ဝေဿန္တရာမင်းသည် သဗ္ဗညုတဉာဏ်ကိုရည်သန်၍ ဒါနပါရမီကို ဖြည့်တင်းတော်မူခဲ့ရာ၊ ၀တ္ထုပစ္စည်းတို့ကို မဆိုထားလင့် မိမိနှလုံးသားကိုပင် အလှူခံယူသူရှိက လှူအံ့ဟု ငယ်စဉ်ကပင် အဓိဋ္ဌာန်ထားခဲ့သည်။ သို့အားလျော်စွာ အခါတစ်ပါးတွင် မိုးခေါင်ရေရှား၍ ဒုဗ္ဘိကန္တရကပ်ဆိုက်ရောက်နေသော ကလိင်္ဂတိုင်းအား များစွာသော ကရုဏာသက်၍ ပစ္စယဆင်ဖြူတော်အား လှူဒါန်းခဲ့သည်။ ဤသည်ကို မိမိ၏ စေတုတ္တရာတိုင်းသာပြည်သူတို့က သဘောမကျ။ အမျက်ပြင်းစွာထွက်ကြ၍၊ ဝေဿန္တရာမင်းအား တိုင်းပြည်မှ နှင်ထုတ်ပါရန် ခမည်းတော် သိဉ္စည်းမင်းအား တောင်းဆိုကြ၏။ သက်ဦးဆံပိုင်မင်းဖြစ်သော သိဉ္စည်းမင်းက ဝေဿန္တရာသည်လည်း မိမိ၏သားဖြစ်၏။ စေတုတ္တရာတိုင်းသားတို့လည်း မိမိ၏သားသမီးများဖြစ်၏။ သားသမီးများ အချင်းများရာတွင် တစ်ယောက်နှင့် အများဖြစ်ပါက အများကိုအနိုင်ပေးရမည်။ ထို့ကြောင့် မင်းကြီးသည် သားတော် ဝေဿန္တရာအား ချစ်လျက်နှင့် နိုင်ငံမှထွက်ခွာရန် အမိန့်ထုတ်ခဲ့သည်။

ပစ္စယဆင်ဖြူတော်သည် ဝေဿန္တရာမင်း၏ ဘုန်းကံကြောင့် ပေါ်သော ဆင်ဖြူတော်ဖြစ်သည်။ အလှူသည် ငတ်မွတ်ခေါင်းပါးဘေးဆိုက်နေသည့် လူအပေါင်းအား ကယ်တင်လိုသော စေတနာဖြစ်သည်။ သဗ္ဗညုတဉာဏ်တော်ကို ရည်စူး၍ပြုသော မြတ်သောအမှုဖြစ်သည်။ မိမိ၏အမှုအပေါ်တွင် စိုးစိမျှ အပြစ်မြင်ဖွယ် မရှိသော်လည်း၊ ပြည်သူ၏ ဆန္ဒကိုလေးစားသောအားဖြင့် မင်းစည်းစိမ်ကိုစွန့်၍ ပြည်နှင်ဒဏ်ကို ကြည်ဖြူစွာ ခံယူခဲ့သည်။

မဟာသုတသောမဇာတ်တွင် ဘုရားအလောင်းတော် သုတသောမမင်း၏ ပညာသင်ဘက် ဗြဟ္မဒတ်မင်းသည် သားစားကြူးသူဖြစ်သည်။ စားတော်ဆက်သည် ‘ရသက’ ဖြစ်သည်။ ရသကသည် ပွဲတော်ဆက်တိုင်း အသားဟင်းကို ထည့်၍ ဆက်ရသည်။ အသားမရသော တစ်နေ့တွင် လူသားကိုချက်၍ ဆက်မိသည်မှစ၍ နောက်ဆုံးတွင် လူသားကို မစားရမနေနိုင်အောင် တပ်မက်သွားသော မင်းဖြစ်သည်။ ထို့ကြောင့်ပင် ပေါရိသာရ (လူသားစားသူ) ဟု အမည်ရသည်။ ရသကနှင့် ပေါင်းကာ ကောက်ကျစ်သောနည်းလမ်းများဖြင့် လူသားရအောင် ဖန်တီးကာ လူသားကို ပွဲတော်တည်သော မင်းဖြစ်သည်။ အကြောင်းစုံကို ပြည်သူတို့သိသောအခါ တိုင်းပြည်မှနှင်ထုတ်ခဲ့သည်။ လူကြမ်းပေါရိသာရမင်းသည် ပြည်သူ၏ ဆန္ဒကို မပယ်ရှားပဲ၊ မင်းအာဏာကို စွန့်ကာ ရသကကိုသာ ခေါ်၍ တိုင်းပြည်မှ ထွက်ခဲ့သည်။ “မရ, ရသက ချိုင်” ဟုဆိုစမှတ်ပြုရလောက်အောင် စားစရာလူသားရှားလာသောအခါ မိမိ၏ စားတော်ဆက်အဖော် ရသကကိုပင် သတ်၍ စားသော မင်းဖြစ်သည်။
နောင်တွင် မိမိဖမ်းမိထားသော သုတသောမမင်းနှင့် ‘သတာရဟ’ ဂါထာလေးဂါထာအား ဟောကြားပါက လိုရာဆုလေးဆုပြန်ပေးမည်ဟု ပေါရိသာရက ကတိစကားပြုသည်။ သုတသောမမင်းက ‘သတာရဟ’ ဂါထာလေးဂါထာ အား ဟောကြားကာ တောင်းဆု လေးဆု တောင်းသည်။ နောက်ဆုံး တောင်းဆုဖြစ်သော ‘လူသားမစားရန်’ အချက်ကို ပေါရိသာရက အလွယ်တကူ လက်မခံလို။ ထိုအခါ သုတသောမမင်းက “ခန္ဓာကိုယ်နှင့် စည်းစိမ်ဥစ္စာယှဉ်လာလျှင် ခန္ဓာကိုယ်အတွက် စည်းစိမ်ဥစ္စာကို စွန့်ရသည်။ အသက်နှင့် ခန္ဓာကိုယ်ယှဉ်လာလျှင် အသက်အတွက် ခန္ဓာကိုယ်ကို စွန့်ရသည်။ အသက်နှင့် ကတိသစ္စာယှဉ်လာလျှင် ကတိသစ္စာအတွက် အသက်ကိုပင်စွန့်ရ၏” ဟုဟောရာ ပေါရိသာရက မိမိပေးထားသော ကတိကို မပယ်ဖျက်ပဲ မင်းအာဏာနှင့်ပင် လဲခဲ့သော လူသားစားခြင်းကို စွန့်ကာ ငါးပါးသီလမြဲသွား ခဲ့သည်။ ထို့ကြောင့်ပင် ပေါရိသာရသည် ဂေါတမဘုရားလက်ထက်တော်၌် အင်္ဂုလိမာလမထေရ် အဖြစ် ကျွတ်တမ်းဝင်သွားခဲ့လေသည်။

နှလုံးသားနုသော ဝေဿန္တရာမင်းသည် မိမိကမှန်သည့်တိုင် ပြည်သူ့ဆန္ဒကို လေးစားသဖြင့် မင်းစည်းစိမ်ကို ကြည်ဖြူစွာ စွန့်ခဲ့ဖူးသည်။ လူသားစားသော လူ့ဘီလူး လူကြမ်းကြီးပေါရိသာရသည်လည်း ပြည်သူ့ဆန္ဒကို မလွန်ဆန်ပဲ မင်းအာဏာကို စွန့်ခဲ့သော ထုံးရှိ၏။ ပြည်သူကို ဆန့်ကျင်သော မင်းတို့သည် ပျက်စီးရသည်။ မင်းတို့အားကြီး၍ ပြည်သူက မတော်လှန်နိုင်လျှင်လည်း၊ အသိပညာရှိသော ရဟန်းရှင်လူတို့ ပြည်ရွာကို စွန့်ခွာကာ တစ်ပါးသောတိုင်းပြည်သို့ ခိုလှုံကြ၍ တိုင်းပြည် ပျက်တတ်ကြောင်း ယောမင်းကြီးဦးဘိုးလှိုင်က သတိပေးခဲ့ဖူးသည်။

[မောင်ထင်၏ “ယောမင်းကြီးဦးဘိုးလှိုင်– အထ္ထုပ္ပတ္တိ နှင့် ရာဇဓမ္မသင်္ဂဟကျမ်း”၊ ဦးရွှေအောင်၏ “ဗုဒ္ဓ– လောကသားတို၏ အနှိုင်းမဲ့ကျေးဇူးရှင်– ကိုယ်တွေ့ဗုဒ္ဓ၀င်” တို့မှ ကောက်နှုတ်ဖော်ပြပါသည်။]

ဧရာ (မန္တလေး)


မွေးရပ်မြေ


ကျွန်မ ဆယ်တန်းတုန်းက ဖြစ်သည်။
“မကြီး သီတာ ဆုရလာတယ်။ စာစီစာကုံးပြိုင်တာ၊ ခေါင်းစဉ်က ‘ဇာတိချက်ကြွေ၊ မွေးရပ်မြေ။’ ”
“ဟုတ်လား။ ပြစမ်းပါဦး၊ စာစီစာကုံးကို။” “ဟင်? ရွာအကြောင်းကြီးရေးထားတာပဲ၊ သီတာက ရန်ကုန်မှာ မွေးတာပဲဟာ။ ရွာက မကြီးတို့ရဲ့ မွေးရပ်မြေ။ မကြီးတောင် အဲ့ဒီလောက် မရေးတတ်ဘူး။”
ဟုတ်ပါသည်။
ကျွန်မ အစ်မကြီးနှင့်၊ အစ်ကို သုံးယောက်တို့၏ မွေးရပ်မြေ။
အဖေနှင့်၊ အမေတို့၏ မွေးရပ်မြေ။
အဖိုးနှင့်၊ အဖွားတို့၏ မွေးရပ်မြေ။
“ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာ။”
*****
ကျွန်မ နှစ်တန်းတုန်းက ဖြစ်သည်။
အတန်းပိုင်ဆရာမက မြန်မာစာ သင်ချိန်တွင်၊ စာလုံးတွေ ပေးပြီးဝါကျဖွဲ့ ခိုင်းသည်။
‘သွားသည်။’ ဆိုသော စာလုံးပါသည်။
ခုနစ်နှစ် အရွယ် ကလေးတစ်ယောက်၏ ရင်ထဲ၊ ခေါင်းထဲရှိသော စာလုံးတွေနှင့် ၀ါကျဖွဲ့လိုက်သည်။
“ကျွန်မသည် ရုပ်ဆိုင်သို့သွားသည်။”
ဆရာမ ဆီမှ စာအုပ်ပြန်ရလာတော့၊ ထိုဝါကျကို အမှားခြစ်ထားသည်။
အံ့သြမှုတွေနှင့်၊ “ဆရာမ ဒါဘာဖြစ်လို့ မှားတာလဲဟင်?”
“ကျွန်မသည် အရုပ်ဆိုင်သို့သွားသည်။ ဆိုရင် ‘အ’ ပြုတ်ကျန်ခဲ့တယ်လေ။”
“အရုပ်ဆိုင် မဟုတ်ဘူး ဆရာမ။”
သြော်၊ ‘အရုပ်ဆိုင’် မဟုတ်ဘူး ဆိုရင၊် ‘ရှပ်ဆိုင်’လို့ ရေးချင်တာလား။ ရှပ်ဆိုင်ဆိုရင်၊ ဟတ်ထိုး။ တစ်ချောင်းငင် မဟုတ်ဘူး။ ဆရာမက ပြောပြောဆိုဆို ကျွန်မ စာအုပ်တွင် မှင်နီဖြင့် တစ်ချောင်းငင်ကို ဟတ်ထိုး ပြင်ပြီး၊
“သွား။ သုံးခေါက် အမှားပြင်ခဲ့။”
“ရှပ်ဆိုင်ဆိုတာ ဘာလည်း ဆရာမ?”
“ရှပ်ဆိုင်ဆိုတာ ယောင်္ကျားရှပ်အင်္ကျီ ချုပ်ရောင်းတဲ့ဆိုင်။”
အမှားဆိုတာကို မလိုချင်သည့် စိတ်ရင်းဆွဲရှိသည့် ကျွန်မငယ်ငယ်သည် ငါက ယောင်္ကျားလည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ရှပ်ဆိုင်ကို သွားရမှာလဲ။ ငါက ရွာဆိုတာကိုမှ ထည့်မရေးမိတာကို၊ ဒါလည်းမဟုတ်ပါဘူး။ ရန်ကုန်သို့ သွားသည်။ မန္တလေးသို့ သွားသည်။ ဒီလိုပဲ ရေးကြတာပဲ မြို့လို့ထည့်မရေးပေါင်။
ဆရာမ ကျွန်မတို့ ရွာနံမည်အား မသိခြင်းကို ၀မ်းနည်းမိခြင်းဖြင့်ပင် အမှားပြင်ခြင်းကို အဆုံးသတ်လိုက်သည်။
နောက်များမှ ဆရာမကို ‘ရုပ်ဆိုင’်ဆိုတာ သမီးတို့ ရွာနံမည်လို့ ပြောပြရဦးမယ်။
*****
အဖေပြောဖူးသည့်စကား။
“အဖေတို့များ လယ်သမား သားသမီး ဆင်းရဲပါတယ် သမီးရယ်။ ၀ါဆိုလ ရေကြီးကြီးနဲ့၊ သမီးတို့ အဖွားမယ်၊ ကောက်စိုက်ရင်း ဗိုက်နာလာလို့၊ ကောက်စိုက်တံချ လယ်ထဲက တက်မွေးရတာ သမီးတို့ အဖေကိုပေါ့။ လဆန်း(၆)ရက်။ ငယ်ငယ်တုန်းကများ ၀တ်စရာအင်္ကျီ မရှိလို့ သင်တိုင်းကြီးလို ခေါင်းကစွတ်ချထားရတာ ဂုံနီအိတ်စလို ကြမ်းကြမ်းကြီးပါ။ အရွယ်ရောက်လာ၊ အိမ်ထောင်ရက်သားကျတော့ သမီးတို့ အဖိုးက အဖေ့ကို ပြောတယ်။ ငါ့သား မင်းလယ်ထဲနေရင်တော့ ကြီးပွားမှာ မဟုတ်ဘူး။ မင်း သား၊ သမီးလေးတွေလည်း လယ်ထဲရောက်မယ်။ မင်း စပါးကုန်ကူးချေကွာ ဆိုပြီး ဆန်ပြုတ်သောက်ပြီး စုထားတဲ့ ငွေတို၊ ငွေစလေးတွေ ထုတ်ပေးတယ်။”
ရိုးသားခြင်း၊ ကြိုးစားခြင်း၊ စိတ်ကူးဉာဏ် ကောင်းခြင်းတွေနဲ့ ရွက်ကုန်ဖွင့်။
သမ္ဗန်တက်ကို လက်တွေပေါက် သွေးထွက်အောင် လှော်ခဲ့။
ဆန်စက်များရဲ့ အ၀ယ်တော်။ ကျွန်တော်။
ကြိုးစားရင်း၊ ကြိုးစား။
ချွေတာရင်း၊ စုဆောင်း။
မောင်တထမ်း၊ မယ်တရွက်။
သားသမီးလေးတွေကလဲ၊ လိမ္မာသကွဲ့။
ဒီလိုနဲ့...
လမ်းခုလတ်မှာ၊ မှောက်လျက်ထိုး။
ပြည်သူပိုင်နဲ့၊ တည့်တည့်တိုး။
ဆန်စက်လုပ်သား၊ မောင်ခမျာရယ်။
အလုပ်လက်မဲ့၊ မနေနိုင်တယ်။
ရန်ကုန်မြို့ပေါ်၊ ခေါက်တုံ့လျှောက်။
ရှာစမ်းပါဟဲ့၊ ငွေဝင်ပေါက်။
လမ်းဘေးအိမ်သာ၊ ခေါင်းကိုထိုး။
ဖြတ်သန်းရတဲ့၊ နေ့, ညဆိုး။
တွေ့ပါပြီတဲ့၊ ငွေပေါ်လွယ်။
ငါးပွဲစားတဲ့ကွယ်။
ရောက်ရပြန်ပေါ့၊ မွေးမြေတစ်ခေါက်။
မြစ်ကြိုချောင်းကြား၊ ထိုနယ်တစ်လျှောက်။
ဟိုတုန်းကတော့၊ စပါးဝယ်။
ခုများမှာတော့၊ ငါးရှာတယ်။
သိရက်နှင့်ပင်၊ မျက်စောင်းထိုး။
အကုသိုလ်မျိုး၊ ထိုအကျိုး။
*****
အညှိုးအတေကြီးတဲ့၊ ဘုရားကျမ။
နာဂစ်ကိုတော့၊ လက်မှိုင်ချ။

(ကျွန်မကို မွေးမှ) ဖခင်မကြိုက်သော အလုပ်ကို ‘ငါတစ်ယောက်တည်း ကောင်းစားဖို့ မဟုတ်ဘူး။ အများကောင်းစားဖို့’ ဟု (ကိုယ့်လိပ်ပြာ၊ ကိုယ်မလုံနိုင်ဘဲ) ကြုံးဝါးရင်း၊ ‘အဖေ့ သားသမီးတွေ အကုန် ပညာတတ်တယ်’ ဟု မကြာခဏ သက်ပြင်းချလေ့ရှိသော
အဖေမသိအောင်၊ ကြိတ်ဆုတောင်း။
တံငါဘ၀မှ၊ လွတ်စေကြောင်း။

*****
အို လာခြင်းကောင်းသော၊ သူတော်ကောင်းအပေါင်းတို့
သင်တို့၏ ရခဲလှသော ဘ၀တန်ဖိုးကို အကျိုးမဲ့၊ အချီးနှီး မဖြစ်ကြစေကုန်လင့်။

Friday, May 2, 2008

ကျွန်မရဲ့ မာရ်ဆိုး


ကိုယ့်ထက်သာက၊ မနာလိုပါ
တန်းတူတေ့ွလ့ို၊ မနှစ်မြို့တာ
အောက်လူများ၊ ပျပ်လျှိုးခစားပါ။

(ရှိခိုးဆုတောင်း)
မာရ်ညစ်ရန်ဆိုး၊ ဖြတ်ချိုးအောင်မြင်
ဘုန်းတော်ရောင်လျှမ်း၊ အောင်ပန်းသခင်
လက်စုံမိုး၍၊ ရှိခိုးဦးတင်
အောင်စေကြောင်း၊ ဆုတောင်းပန္နာဆင်။
(မဟာဂန္ဓာရုံဆရာတော်။)

လိုနေတာက၊ မေတ္တာ ပညာ
သတိထားလို့၊ ကြိုးစားပွားမှာ
အောင်မလေးးးးးးးးးး၊ အဆုံး နောင် မတ,ခင်။