Thursday, November 19, 2009

ကမ္မဿကတ (၁)

မေမေပြောခဲ့ဖူးတာမှန်နေမလား… လူတိုင်းမှာ ကြမ္မာဆိုတာရှိတယ်တဲ့။
ဒါမှမဟုတ် လက်ဖ်တင်နင် ဒန်ပြောခဲ့သလို ဘဝဆိုတာ ကြုံသလို လေနှင်ရာ လွင့်မြောနေတာပဲလား။
(Forrest Gump)

ဗုဒ္ဓသည် ကမ္မဝါဒီ ကိရိယဝါဒီဖြစ်သည်။ ကမ္မဿကတအမြင်သည် “မိမိတို့ပြုသော အပြုအမူအတွက် မိမိတို့တွင် တာဝန်ရှိသည်” (ဆက်စပ်ဖတ်ရှုရန် တာဝန်) ဟူသောအမြင်ဖြစ်သည်။ ထို့ကြောင့် စင်ကြယ်သော ကမ္မဿကတအမြင် ဖြစ်စေရန် တာဝန်ရှောင်သော, တာဝန်မဲ့သော အမြင်များအား ငြင်းပယ်ရသည်။ ကမ္မဝါဒအရ
(၁) ကောင်းသော အပြုအမူ၊ မကောင်းသော အပြုအမူဟူ၍ ရှိသည်။
(၂) အကြောင်း အကျိုး ဟူ၍ရှိသည်။ ထိုကြောင့် ကောင်းမှု, မကောင်းမှုတို့သည် ကောင်းကျိုး, မကောင်းကျိုးပေးမည်။ (၃) ကောင်းမှု၊ မကောင်းမှုတို့ကို မိမိတို့ကိုယ်တိုင် ရွေးချယ်ပြုလုပ်ခြင်းဖြစ်သည် ဟု သိရှိနားလည်ရသည်။
အနည်းဆုံး ဤအချက်များကို လက်ခံယုံကြည်ပါမှ ကမ္မဿကတဝါဒီဟု ခေါ်နိုင်မည်။ အချို့သည် ကမ္မဿကတဝါဒီဟု မိမိကိုယ်မိမိ လက်ခံထားကြသော်လည်း လက်တွေ့တွင်မူ ဗုဒ္ဓ၏ ကမ္မဝါဒနှင့် ဆန့်ကျင်ဖက်အယူအဆများအား လက်ခံယုံကြည်နေတတ်ကြသည်။

နိယတိဝါဒ / ဣဿရနိမ္မိတဝါဒ လူဘဝသည် ရေးထားပြီးသား စာအုပ်တစ်အုပ်ကဲ့သို့ မည်သည့်အရွယ်တွင် ဘာဖြစ်၍၊ မည်သည့်အရွယ်တွင် သေမည်စသဖြင့် ဖြစ်ပျက်သမျှသည် ကြိုတင်သတ်မှတ်ထားပြီးသားဖြစ်သည်ဟု ယူဆသောအမြင်အား ဒဿနတွင် Determinism ဟုခေါ်သည်။ ယင်းမူလသတ်မှတ်ချက်ကို (နိယတိ - Destiny) ဟုလည်းခေါ်သည်။ ဤကဲ့သို့ လူသားတို့၏ ကြမ္မာအား တန်ခိုးရှင် နတ်ဒေဝတာတို့က ကြိုတင်သတ်မှတ် ဖန်ဆင်းပေးထားသည်ဟု ယူဆသောအယူဝါဒအား ဣဿရနိမ္မိတဝါဒဟုခေါ်သည်။ တန်ခိုးရှင်, နတ်သိကြား, အထက်ပုဂ္ဂိုလ်များ၏ စောင်မမှုကို ငံ့လင့်နေသော အယူအစွဲတို့သည် ဣဿရနိမ္မိတဝါဒ၏ အစွယ်အပွားများပင်ဖြစ်သည်။ ဤအယူအဆအရဆိုပါလျှင် မိမိတို့၏ ကြိုးစားအားထုတ်မှုတို့သည် အချည်းအနှီးသာ ဖြစ်ပေ တော့မည်။

ပုဗ္ဗေကတဟေတုဒိဋ္ဌိအချို့ကလည်း ဖြစ်ပျက်သမျှသည် မိမိတို့ အတိတ်ကပြုခဲ့သော ကံအတိုင်းသာ ဖြစ်ရသည်ဟုယူဆသည်။ လူ့ဘဝအား ကံကြွေးဆပ်ရခြင်းပင် ဖြစ်၍ ဖြစ်သမျှအား ခါးဆီးခံရမည်ဟု ယူဆသည်။ ထိုသို့ ကံကြွေးဆပ်ခြင်းဖြင့် ဝဋ်တို့ကို ကုန်စေမည်၊ သန့်စင်စေမည်ဟုလည်း ယူဆကြသည်။ အချို့သော ဗုဒ္ဓဘာသာဝင်များသည်ပင် ဤသို့သော အယူအဆကို လက်ခံထားကြ၏။ ဤအယူအဆသည် ဗုဒ္ဓ၏ ကမ္မဝါဒ စစ်စစ် မဟုတ်။ ပုဗ္ဗေကတဟေတုဒိဋ္ဌိ (ရှေးကပြုသော အကြောင်းကြောင့် ဟူသောအမြင်) ဟု ဗုဒ္ဓက သတ်မှတ်၏။ ရောဂါတစ်ခုဖြစ်လာလျှင် ကံကြောင့်ဖြစ်သော ရောဂါဝေဒနာတို့ ရှိသလို၊ သလိပ်, လေ, သည်းခြေ, ရာသီဥတု, ထိခိုက်ဒဏ်ရာရမှုစသော အခြားအကြာင်းများစွာရှိ၍ ရောဂါရတိုင်း အတိတ်ကံကို ပုံချခြင်းသည် မှားယွင်းသော ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်၏။

အဟေတုကဝါဒအချို့ကမူ လူ့ဘဝသည် ကြိုတင်ပြဋ္ဌာန်ထားပြီးခြင်းမျိုးလည်း မဟုတ်။ အကြောင်းအရင်းမြစ်လည်းမရှိဘဲ ကြုံကြိုက် တိုက်ဆိုင်မှု (သင်္ဂတိ - Accidental occurence) များသာဖြစ်သည်ဟု ခံယူကြသည်။ လူတို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် မဟုတ်ဘဲ သူ့အလိုလို သဘာဝအလျှောက် ကြုံရာကျပန်းဖြစ်ပျက် နေကြသည်ဟု မြင်သည်။ ထိုအမြင်အား အဟေတုကဝါဒဟုခေါ်သည်။ ဤသို့အရာရာသည် အကြောင်းမဲ့ဖြစ်ပေါ်နေသည် ဟုယူဆပါက ကောင်းမှုတို့ကို ကြိုးစားအားထုတ်တော့မည် မဟုတ်သဖြင့် ကမ္မဝါဒ, ကိရိယဝါဒ၏ ဆန့်ကျင်ဖက် ဖြစ်သည်။

အကိရိယဝါဒကောင်းခြင်း, ဆိုးခြင်းသည်ကား ကာလဒေသပေါ်လိုက်၍ သတ်မှတ်ထားသော ပညတ်ချက်များသာဖြစ်သည်။ သူ့အမြင်တွင်မှန်သော်လည်း ကိုယ့်အမြင်တွင် မှားနေနိုင်သည်ဟု ယူဆသော ပညတ်ဂိုဏ်းသား (moral relativists) များသည်လည်း ကောင်းဆိုးဟူသော ကုသိုလ်အကုသိုလ်အား ပစ်ပယ်ရာရောက်သည်။ ထို့အတူပင် အချို့ပရမတ်သမားတို့ကလည်း အစစ်မှန်အားဖြင့် ပရမတ်တရားများသာ ရှိပြီး လူ, တိရိစ္ဆာန်ဟု မရှိဟူ၍ သမုတိသစ္စာကို ငြင်းပယ်ကာ “လူသတ်သည်ဟုမရှိ၊ အရက်သောက်သည်”မရှိဟု ယူဆကြပြန်သည်။ ကောင်းမှု၊ မကောင်းမှု ကံကို ပစ်ပယ်ရာရောက်သည်။ ဒါနပြုခြင်း, သီလ ဆောက်တည်ခြင်းတို့သည် အဓိပ္ပါယ်မရှိဟုယူဆ၍ အကိရိယဝါဒဟုခေါ်သည်။

ဥစ္ဆေဒဝါဒအချို့သောရုပ်ဝါဒီ, မျက်မှောက်ဝါဒီတို့က “လူသားသည် ရုပ်တရားများဖြင့် ဖွဲ့စည်းထား၍၊ သေလွန်သော် ပြတ်စဲ ပျက်စီးသွားမည်၊ မော်လီကျူးများ, အက်တမ်များ ပြန်ဖြစ်သွားမည်၊ မြေကြီးဖြစ်သွားသည်၊ တမလွန်လောကဟူ၍ မရှိ, အတိတ်ဘဝဟူ၍ မရှိ, ငရဲမရှိ, နတ်ပြည်မရှိ၊ မျက်မှောက်လူ့ဘဝတွင်သာ ကောင်းဆိုး အကျိုးတို့ကို ခံစားရသည်” ဟုယူဆသည်။ ဤသို့ တမလွန်ကို ငြင်းပယ်သော ပြတ်စဲအယူ ဥစ္ဆေဒဝါဒသည် ကောင်းမှု, မကောင်းမှုကံတို့၏ အကျိုးကို ပစ်ပယ်၍ နတ္ထိကဝါဒဟုလည်းခေါ်သည်။

ခတ္တဝိဇ္ဇာဝါဒအချို့သည် မိမိအတွက် အကျိုးရှိမည့်ကိစ္စဖြစ်က ဘာလုပ်လုပ်တရားသည်ဟု ယူဆကြသည်။ မိမိ၏ တန်ခိုးအာဏာ ကြီးပွားရေးအတွက် အမိ, အဖ, သားမယားသော်မှ သတ်သင့်လျှင် သတ်ရမည်၊ လမ်းကြောင်းသည် ပဓာနမကြ။ ခရီးရောက်ဖို့သာ လိုရင်းဖြစ်သည်ဟု ယူဆသည်။ ဤအယူအဆအား မဟာဗောဓိဇာတ်တွင် ခတ္တဝိဇ္ဇာဝါဒဟုခေါ်၍ ကမ္မဝါဒ၏ ဆန့်ကျင်ဖက်ဝါဒများတွင် ထည့်သွင်း၍ပြထားသည်။ ခတ္တဝိဇ္ဇာသည် အာဏာဝါဒ (Rule of Might), စစ်သားဝါဒ (rule of warriors) ဖြစ်သည်။ “ကြည်ညိုလေးစားမှု ခံရခြင်းထက် အကြောက်အရွံ့ ခံရခြင်းကသာ၍ စိတ်ချရသည်”ဟု ရေးသားခဲ့ဖူးသော မက္ခိယာဗယ်လီ (Machiavelli) ၏ ဝါဒမျိုးဖြစ်သည်။ မဟာဗောဓိဇာတ်တွင် ဤဝါဒီမျိုးအား “မိမိကိုယ်မိမိ ပညာရှိထင်နေသော လူမိုက်များ” (ဗာလာ ပဏ္ဍိတမာနိနော) ဟု ရှုတ်ချခဲ့သည်။ လမ်းစဉ်ထက် အကျိုးရလဒ်ကိုသာ ဦးစားပေးသော ဝါဒသည် မိမိတို့၏ အပြုအမူအပေါ် တာဝန်မယူပဲ၊ ရေတိုအကျိုးရလဒ် နောက်ကိုသာလိုက်ပြီး ဘာမဆိုလုပ်ရဲသောဝါဒ ဖြစ်၍ ကမ္မဝါဒ၏ ဆန့်ကျင်ဖက်အဖြစ် သတ်မှတ်ပြသည်။

ကမ္မဿကတဝါဒီတစ်ဦးသည် အနည်းဆုံး ကမ္မဝါဒ၏ ဆန့်ကျင်ဖက် အယူအဆများအား သိရှိနားလည်ထားရန် လိုပါသည်။

စာညွှန်း။

အံ-၃-၆၂၊ မဟာဝဂ်-တိတ္ထာယတနသုတ်
ဇာတက-၅၂၈၊ ပဏ္ဏာသနိပါတ်၊ မဟာဗောဓိဇာတ်
ဆက်စပ်ဖတ်ရှုရန်  တာဝန်
နောက်ဆက်တွဲ...
Comments ရေးသွားသူတွေ မေ့လောက်မှ ပြန်ဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။ ဒီပို့စ်မှာ သေချာထည့် မရေးလိုက်တဲ့ “သစ္စာတရားနယ်” ကို စာဖတ်သူတွေက ဖြည့်ဖတ်သွားကြတဲ့အတွက် ကျေးဇူးပါ။ ဘာသာစကား, ရိုးရာယဉ်ကျေးမှု စသဖြင့် လူတွေသတ်မှတ်ထားတဲ့ အမှန်တရားတွေ အများကြီးပါ။ သမုတိသစ္စာနယ်မှာ မိမိသူတစ်ပါးအကျိုး ထိခိုက်နစ်နာစေတဲ့, သူတော်ကောင်းတွေ အပြစ်တင်ဝေဖန်နိုင်တဲ့ အပြုအမူအပြောအဆိုတွေကို မကောင်းမှု အကုသိုလ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ သမုတိသစ္စာနယ်က အကောင်း-အဆိုးတိုင်းကို ကုသိုလ်-အကုသိုလ်နဲ့ ညီမျှခြင်းချလို့ မရတာတွေ အများကြီး ရှိတတ်ပါတယ်။ ဒါကြောင့် ယဉ်ကျေးမှုအစဉ်အလာတွေကို ငြင်းပယ်လိုက်ယုံနဲ့တော့ အကုသိုလ် ဖြစ် မသွားပါဘူး။ ဒါပေမဲ့ အရာရာဟာ သတ်မှတ်ချက်တွေပါလို့ ငြင်းပယ်လိုက်ရင်တော့ ကုသိုလ်-အကုသိုလ်ကို ငြင်းပယ်ရာ ရောက်ပါတယ်။ ကာလ, ဒေသ, ဘာသာစကား, ယဉ်ကျေးမှုတွေပေါ် မမှီပဲ ပကတိမှန်ကန်တဲ့ ပရမတ္ထတရားဆိုတာ ရှိနေလိ့ုပါ။ ပရမတ္ထသစ္စာနယ်မှာ လောဘ, ဒေါသ, မောဟတရားတွေ အခြေခံပြီးဖြစ်တဲ့ စိတ်စေတနာကို အကုသိုလ်လို့ သတ်မှတ်ပါတယ်။ အကယ်၍ အရင်းကြတဲ့ လောဘ, ဒေါသ, မောဟတရားတွေကို မကြည့်ပဲ၊ “ပရမတ္ထအားဖြင့် လူဆိုတာ မရှိ, အရက်ဆိုတာ မရှိ၊ ရုပ်နာမ်တရားတွေသာရှိလို့ လူသတ်ရင်လည်း လူသတ်တယ် မခေါ်နိုင်ဘူး” စသဖြင့် တလွဲကို ယူပြီး အစွန်းရောက်ရင်တော့ ကုသိုလ်-အကုသိုလ်ကို ငြင်းပယ်ရာ ရောက်ပြန်ပါတယ်။
သစ္စာတရားနယ်နဲ့ စပ်ပြီး ဆက်ပြောရရင် … လယ်တီဆရာတော်ဘုရားက ပရမတ္ထသစ္စာနယ်ကို (၁) “သဘာဝသစ္စာ” နဲ့ (၂) “အရိယသစ္စာ” လို့ ထပ်ခွဲပြပါတယ်။ လူတွေ အကောက် အယူမလွဲအောင်လို့ပါ။ ဥပမာ ပရမတ္ထနယ်မှာ သုခဝေဒနာဆိုတာ သဘာဝအားဖြင့် ရှိပါတယ်။ သို့သော်လည်း ဘုရား, ရဟန္တာစတဲ့ အရိယပုဂ္ဂိုလ်တို့ရဲ့ အမြင်မှာ သုခဝေဒနာအပါအဝင် ဝေဒနာအားလုံး, သင်္ခါရတရားအားလုံးဟာ ဖောက်ပြန်တတ်တဲ့အတွက် ဒုက္ခလို့ ရှုမြင်ပါတယ်။ ဒုက္ခသစ္စာလို့ မြင်ပါတယ်။ သစ္စာလေးပါးဟာ အရိယသစ္စာနယ်ပါ။ ဒါကြောင့် “သစ္စာလေးပါးလွဲရင် ကျန်တာပညတ်” အစား “ပရမတ္ထသစ္စာမှလွဲရင် ကျန်တာပညတ်” ဆိုရင်တော့ ပိုပြီး တိကျပါလိမ့်မယ်။

Thursday, November 12, 2009

လက်ဆောင်

အစစ်ကို ရှာဖို့တဲ့လေ
အတုပေါ် illusion ကို ထပ်တလဲလဲ တင်ကြည့်မိတယ်…။

စွမ်းအင်ကို စားသုံးဖို့
ရေမှန်မှန် သောက်သလို…

အပေါက်အကြား အာကာသမှာ
လိပ်ပြာမောင်နှံ တောင်ပံဖြန့်သလို…

ကိုယ့်ကိုယ်ကို ပြန်မြင်ဖို့
ကြေးမုံပြင်ထက် မှန်တဲ့ ရှေ့မှာ ခြေစုံရပ်သလို…

ခြစ်ရာတွေ အက်ကြောင်းထပ်နေတဲ့ ကမ္ဘာမြေမှာ…
ချစ်ရာတွေ အပ်ကြောင်းထပ်လိုက်တယ်…။

(ကိုဧရာအတွက် မွေးနေ့ အမှတ်တရ)

Wednesday, November 4, 2009

Algebra သင်ခန်းစာ


သားကြီးက ဒီနှစ် P5 လို့ ခေါ်တဲ့ Primary 5 ပါ။ နောက်နှစ်ဆိုရင် P6… PSLE လို့ ခေါ်တဲ့ Primary School Leave Examination ဖြေရမှာပါ။ ဒီမှာတော့ ကျောင်းသား၊ မိဘ၊ ဆရာ အားလုံး လှုပ်လှုပ်ရွရွနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စာမေးပွဲတခုပါ။ အခု သားကြီး P5 Semester 2 စာမေးပွဲ ဖြေနေပါပြီ။ ဒီနေ့တော့ သူက “မေမေ သားကို မုန့်ဖိုးပိုပေးလိုက်ပါ…သားတို့ ဆရာမက စာမေးပွဲပြီးတာနဲ့ ကျောင်းမပိတ်ခင်ထိ ရတဲ့ အချိန်မှာ P6 အတွက် Algebra စသင်တော့မယ်တဲ့ သားတို့ကို Book Shop က စာအုပ်ဝယ်ခိုင်းထားတယ်” လို့ ဆိုလာပါတယ်။
ဒီမှာတင် အဖေက “သားတွေ့လား P6 က အရေးကြီးတယ်။ လာလာ သားကို အဖေ Algebra သင်ပေးမယ်..” ဆိုပြီး
“ဒီမှာ သား စာအုပ်တအုပ် ရှိတယ်။ ဗူးတဗူးလည်း ရှိတယ်။”
“ဟော စာအုပ်တအုပ် ထပ်ထည့်လိုက်မယ်”
“စာအုပ် ဘယ်နှစ်အုပ် ဖြစ်သွားသလဲ?”
သားကြီး က “နှစ်အုပ်”
“အေး တအုပ်က ‘a’, နှစ်အုပ်ဆိုတော့ ...”
“‘2a’”

“ဗူးတဗူးက ‘b’, နှစ်ဗူးဆိုတော့…”
“‘2b’”
“‘a’ နဲ့ ‘b’ နဲ့ ပေါင်းတော့” 
( ‘c’ ဒါက သားငယ်က ဝင်ပြောတာပါ။ ကျမကတော့ သားငယ် အဖြေကို ရီနေရပါပြီ)
သားကြီး - “ဘယ်ပေါင်းလို့ ရမလဲ အမျိုးမှ မတူတာ။ Value ဆိုရင်တော့ ပေါင်းလို့ရတာပေါ့”
“အေး ဟုတ်တယ်”
“တကယ်က သားတို့ P1 ကတည်းက သင်ပြီးပါပြီ…Triangle ပုံလေးတွေ Rectangle ပုံလေးတွေနဲ့လေ…
Triangle က ဘယ်နှစ်ခု
Rectangle က ဘယ်နှစ်ခု” 
လို့ ဆက်ပြောပါတယ်… သားကြီးကတော့ ဘယ်အရာမဆို ခပ်ပေါ့ပေါ့ပဲ...
သူ့အဖေက ဆက်ပြီး
“‘a’ နဲ့ ‘b’ ပေါင်းတာ ဟာ ‘b’ နဲ့ ‘a’ ပေါင်း တာနဲ့ တူတယ်...ဒီတော့
a + b = …”
“b + a” လို့ သားကြီးက ပြန်ဖြေပါတယ်
“အေး ဟုတ်တယ်”
“a + b = b + a ဆိုတာ Mathematic မွာ law လို့ခေါ်တယ်...။ Commutative Law တဲ့”
ဒီမှာတင် သားငယ်က
“Mother in Law ဆိုတာ ဘာတုန်း” လို့ ထမေးပါတော့တယ်။
(ဟုတ်တယ်လေ သူလည်း သူသိတာ သူဝင်ပြောရတာ)
“မေမေ့ကို မေး” ဆိုပြီး အဖေက ဆက်နေပြန်ပါတယ်။
“(a + b) + c ဟာ a + (b + c) နဲ့ ညီတယ်ဆိုတာကိုရော သားသိလား အဲ့ဒါ အရေးကြီးတယ် Associative Law လို့ ခေါ်တယ် ဒါသိပ်အရေးကြီးတယ်။”
“သိတယ်” ဆိုပြီး ပြောပြောဆိုဆို သားကြီးက အခန်းထဲက ထွက်သွားပါပြီ။

ဒီမှာ တင် ကျမက “ဘာ.. ဘာ.. (a + b) + c = a + (b + c) ဟုတ်လား…”တွေကနဲ ခဏ စဉ်းစားပြီးမှ  “အော် တူမှပေါ့ အားလုံးပေါင်းတာကိုး” လို့ ဆိုလိုက်မိတော့…
“မင်းတို့တွေ အဲ့ဒါ ခက်တာပဲ ဘာမဆို လွယ်လွယ်လေး လွယ်လွယ်လေးနဲ့၊ သူများတွေလို အသေးစိတ် သေသေချာချာ ဂဃနဏ စူးစမ်းလေ့လာချင်စိတ်မရှိဘူး။ သူများတွေက တူတယ်ဆိုရင် ဘာ့ကြောင့်တူတယ်ဆိုတာ အရေးတယူ စဉ်းစားနေတဲ့ အချိန်မှာ..” ဆိုပြီး လက်ချာက ကျမဖက်လှည့်လာပါတော့တယ်။
“အောင်မလေးတော် ကျမကလည်း လွယ်တယ်လို့ မပြောပါဘူး။ အပေါင်းမလို့ တူတာပေါ့ လို့ ပြောတာပါ။ အခြား ဟာဆိုရင်တော့ ဘယ်လာတူနိုင်ပါ့မလဲ” လို့ နှုတ်လန်ထိုးလိုက်တော့မှ
“အင်း” ဆိုပြီး ဆရာကြီး ကွန်ပြူတာဖက် မျက်နှာလှည့်ပြီး အသံတိတ်သွားတော့တယ်။


ဒီကနေ့ သင်ခန်းစာ ဒီမှာတင်ပြီးပါပြီ။ ။


စကားချပ်။ ။ ကျမတို့ လင်မယားကတော့လေ … ဆရာ ဓနုဖြူဆွေမင်းရဲ့ “ဆြာတွတ်နဲ့ မသေးမျှင်” အတိုင်းပါပဲ။

Sunday, November 1, 2009

ဆိုညည်းဖြစ်သော သီချင်းများ

မသီတာ သီချင်းမညည်းတော့တာကြာပေါ့…။ အရင်းစစ်တော့ အမြစ် ကိုဧရာက ဆိုသလို… တံတျာတေးရှင် အဲ့လူကြီးကို မနာလိုတာက စ,တာပါ …။ ရွှေမန္တလေး မျိုးဆက် လို့ မပြောရဘူး… ဘယ်သီချင်းပဲ ကောက်ညည်း ညည်း … ဘယ် အချိန်ချိန် ထ ဆိုဆို… ဘယ်တော့မှ ဖြစ်ကတတ်ဆန်း မဆို…။ မူလ အဆိုရှင် အသံကို မမှီ မှီအောင် တု ဆိုနေတာကြီးက အမြင်ကတ်စရာကောင်းလွန်းလို့ …။ သူ့လို အဖြစ်မရှိတဲ့ ဒီက ဆိုကို မဆိုတော့တာ … မှတ်ကရော။ မရှိ မာန မတတ်မာန ပေါ့သေးသေးမှတ်လို့။ တခါတလေ အမှတ်တမဲ့ ဆိုလိုက်မိရင်လည်း သူ့ဘက်တော်သားနှစ်ယောက်က ဟား ဟား မေမေကြီး အသံကြီး ကလည်း ဟား ဟား ဟား နဲ့ ကောင်းချီးပေးကြလို့ ဘလော့ဂ်မှာပဲ တခါတလေ ဆိုရတော့တယ်။

မသီတာ ဆယ်ကျော်သက်တုန်းကတော့ “ဓားသွားထက် ပျားရည်စက်လို ခုံမင်နေတယ်.. အချစ်ရဆုံး.. ကိုယ်ရဲ့ သီချင်းလေး မင်း…” ဆိုတဲ့ သီချင်းကို ကော်နီစတိုင် မတူ တူအောင် ဖမ်းဆိုရတာ အမော။ Echo သံလေးပါအောင် ရေချိုးခန်းထဲ အလုံပိတ် အော်တာပေါ့။

ကျောင်းတွေ ပိတ်ထားတဲ့ အချိန်.. ခဏခဏ နားထောင်ပြီး ဆိုညည်းမိတဲ့ သီချင်းလေးက စိုင်းထီးဆိုင်ရဲ့ လှေငယ်ရှင် ဆုတောင်း တဲ့ နားဆင်ကြည့်ကြပါရှင်…

(လှေငယ်ရှင် ဆုတောင်း…. လှေငယ်ရှင် ဆုတောင်း….)
(လှေငယ်ရှင် ဆုတောင်း… )

ရေလယ်မှာ ကမ်းကပ်ဖို့ မမြင်နိုင်သေးတယ် … (လှေငယ်ရှင်အဖော်မဲ့ ….)
ရေလယ်မှာ လွင့်မျောကာ လှိုင်းရဲ့ဒဏ်တွေရဲ့ကြားမှာ
အဖန်ဖန် မှောက်ရင်းလှန်ရင်းနဲ့ ရောက်ရာလှော်ခတ်လို့….
ဘယ်ဆီသောင်ကမ်းမှာ မှေးစက်ရမယ်မျှော်လင့်ကာ… (လှေငယ်ရှင်အဖော်မဲ့ …. လှေငယ်ရှင်အဖော်မဲ့ ….)

လေငြိမ်နေတုန်းမှာ ကမ်းမကပ်ခဲ့တဲ့ ငမိုက်သားရယ်… (လှေငယ်ရှင်ကမ်းအဝေး)
တခါကြုံဖူးတဲ့ အခွင့်အခါကောင်းတစ်ခုကို နှစ်ခါရဖို့မလွယ်
သာယာတဲ့သီချင်းသံလေးတပုဒ်ကို နှစ်ခါမကြားတော့တယ်…
ဆယ်သူရှိတုန်းမှာ လက်မလှမ်းတော့… ကယ်သူဝေးပြီ… (လှေငယ်ရှင်ကမ်းအဝေး… လှေငယ်ရှင်ကမ်းအဝေး…)

ကိုယ်တခါ အားထားတဲ့ ပဲ့ကလေးရယ် ပျောက်ဆုံးပြီကွယ်
အဖော်မွန်ဖြစ်တဲ့ အို မီးခွက်လည်း ငြိမ်းခဲ့ပြီကွယ်…
ဒီအမှောင်ထုထဲမှာ စမ်းတ၀ါးနဲ့ မနေလိုတော့ပြီ… (ဒီအမှောင်မှာစမ်းတ၀ါး…)
လေမငြိမ်မုန်တိုင်းတွေရဲ့ကြားမှာ နေမဖြစ်တော့ပြီ
ပြန်နိုင်ဖို့ လမ်း မမြင်တဲ့ဘ၀ကြမ်းမှာ မကူးခတ်ချင်
တည်ငြိမ်တဲ့ မေတ္တာ ကမ်းစပ်မှာ ခိုလှုံပါရစေ… (လှေငယ်ရှင် ဆုတောင်း…. လှေငယ်ရှင် ဆုတောင်း….)

အခု နောက်ဆုံးတပုဒ်အနေနဲ့ ကိုခိုင်ထူးရဲ့

ပြုံးပျော်ချင်ရင် ၀မ်းနည်း တတ်ရမယ်… ပြည့်စုံချင်ရင် ဆင်းရဲတတ်ရမယ်
ဒါဟာ .. လောကရဲ့ သစ္စာတရား
လိမ္မာတတ်အောင် မိုက်မဲဖူးရမယ် … ချစ်ခင်တတ်အောင် မုန်းမေ့ဖူးရမယ်
ဒါဟာ .. လောကရဲ့ သစ္စာတရား
မပြေလည်တွေ မမျှတတွေကြား … ဖျောက်ပစ်ချင်တာဟာ ဘ၀တခုပါ
ဘ၀ထဲမှာ လူတွေထဲမှာ
လောကရဲ့ သစ္စာတရားရှိနေတယ်
ဟေ့ .. သစ္စာဆိုတာ အမှန်တရားပါ
လောကရဲ့ အလယ် သစ္စာရှိဖို့ တိုက်တွန်းရအောင်
တို့ တို့ တို့ တို့လာတယ်)))

ကျေးဇူးတင်ပါတယ်ရှင်

မဆိုဘူး မဆိုဘူးနဲ့ စင်ပေါ်ရောက်သွားတာ … ခွင့်လွှတ်တော့ တန်ခူးရေ

Wednesday, October 28, 2009

အလှတရားရှာပုံတော် (၄)

နွေမလို့ ခေါ်ချင် ခေါ်လိုက်လေ…။ တို့က ဒီလို့ပဲနေတတ်တာ…။ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ လေးလံမှုတွေကို ခ၀ါချထားတယ်။ ဟန်မဆောင်ချင်ဘူး။ ဘာရယ်? နွေဦးရဲ့ လေရူးတွေမှာ နွေမရဲ့ လှောင်ရယ်သံတွေ ကပ်ပါနေတယ်…ဟုတ်လား။ ဟိုး..ဟိုး ဒါတော့ တဆိတ်လွန်ပြီ…။ မာယာအကြောင်း ကောင်းကောင်းသိပေမဲ့ နွေမ.. ဘယ်တုန်းက အရိုးပေါ် အရွက်ဖုံးခဲ့လို့တုန်း ပြောစမ်းပါအုံး။ ဖုန်တွေ တသောသောလို လူတကာနဲ့ ရောရော နှောနှောလို့ နွေမရဲ့ ပွင့်လင်းမှုကို ရှင် အပြစ်မြင်တယ်။ တချိန်ကတော့ နွေမရဲ့ သဘာဝက အရိုးခံအလှဆို…။ ထားပါတော့လေ…တံလျပ်ကို ရေထင်မိတာ နွေမ အမှားဆိုလည်း နွေမဘ၀နဲ့ နွေမသာ ရှိပါစေတော့…။ မိုးနဲ့ ဆောင်းကိုသာ နွေမလို နှလုံးသားတွေ မခန်းခြောက်ရအောင် သတိပေးထားရမယ်။
*****
မိုးရေလို ခေါ်လိုက်ရင်… မြောက်ကနေ တောင်ဖြစ်ပစေ အပြေးလေး အရောက်လာတတ်တာ သူအသိပါလေ။ ရွာမလိုနဲ့ ညို… ညိုမလိုနဲ့ ပြို…အဲဒါ အဲ့ဒါတွေက မူယာမာယာတွေ မဟုတ်ရပါဘူး… ချစ်လို့ ကျီစားတာပါ။ ဒါကို သူက ရိုးမယ်ဖွဲ့ပြီ်လား။ တခါတလေ စိတ်ကြီးတဲ့ မိုး… ထစ်ချုန်းသံတွေနဲ့ သူ့ရင်ကို တအုံးအုံး ထုမိတာကို ချော့ကာမှပိုဆိုး အကဲပိုလွန်းတယ်လို့ ညူစူရက်တယ်နော်။ ပျော်ရင်လည်း ငို၊ စိတ်ညစ်ရင်လည်း ငိုတတ်တဲ့ မိုးဘ၀ကို ငြီးငွေ့စရာကြီးလို့ သူယူဆမှတော့ မိုးနေရာကလည်း ခံစားကြည့်ပါဦးကွယ်လို့ ဘယ်လို ပြောသာတော့မှာလဲ…။ ရှိပါစေတော့လေ ထားရာနေ စေရာသွားရတဲ့ဘ၀မှာ လွမ်းရင်လည်း ငိုတတ်နေပါပြီ…။ မိုးငိုရင် ကလေးတွေကတော့ ပျော်ကြလို့ ဖြေသာပါတယ်။ ဆောင်းနဲ့နွေရေ မိုးလို အုံ့မှိုင်းခြင်းတွေ ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းတို့ရေ…။
*****
အခုတော့လည်း ဆောင်းရဲ့အဖော်က နှင်းလေးတွေမှတပါး အခြားမရှိတော့ပါဘူးလေ။ အေးခဲနေတဲ့ ဆောင်းနှလုံးသားကို ဖွေးဖွေးဖြူတဲ့လက်ကလေးတွေနဲ့ မွမွလေး တို့ထိလို့ အားပေးနှစ်သိမ့်ကြပါတယ်။ သူတို့ ကိုယ်တိုင်က အေးမြနေမှတော့ နွေးထွေးမှုကို သူတို့လေးတွေ ဘယ်လာဆောင်ကြဉ်းနိုင်ကြပါ့မလဲ။ ဒါကို ဆောင်းလည်း သိတယ်။ သူတို့လည်း သိပါတယ်။ သိရက်နဲ့ သိရက်နဲ့ပဲ… ပုဝါ ပါးပါးလေး ခြားထားသလို မပီပြင်ဝိုးတ၀ါးတဲ့ အိပ်မက်မြူတွေနဲ့ နေသားကျနေပါပြီလေ။ တဖြုတ်ဖြုတ်ကြွေကျတဲ့ သစ်ရွက်လေးတွေကတောင် ဆောင်းရေ… မင်းကို မချစ်လို့ မဟုတ်ပါဘူးကွယ် လို့ မလုံမလဲ ပြောသွားကြတယ် နွေနဲ့ မိုးရယ်…။ ဆောင်းတို့ ဆုံနိုင်ခွင့်ရှိသေးရဲ့လားဟင်?
ပုံကို ဤနေရာမှ ယူပါသည်။
အလှတရားရှာပုံတော် (၁)
အလှတရားရှာပုံတော် (၂)
အလှတရားရှာပုံတော် (၃)

Monday, October 26, 2009

တကယ်လို့ ကမ္ဘာပျက်မယ် ဆိုရင်ပေါ့...

ကမ္ဘာကြီး ပျက်မယ်ဆိုတာ ယုံကြည် သိထားပေမဲ့ ၂၀၁၂ ဆိုတာကြီးတော့ မယုံကြည်ပါဘူး။
ဒါကလည်း 'လူဆိုတာ သေတတ်တယ်' ဆိုတာကို ယုံကြည်ပေမဲ့ 'ငါသေမှာကိုတော့ မယုံကြည်သလိုမျိုး' ဖြစ်နိုင်ပါတယ်…။ ဘာပဲဖြစ်ဖြစ် စိတ်ကူးနဲ့ မကြာမီ အချိန်အတွင်း ကမ္ဘာကြီး ပျက်ကြည့်လိုက်ပါ့မယ်…။ ဒါမှ ဘလော့အကိုကြီး ကိုအောင်သာငယ် လက်ဆင့်ကမ်းလိုက်တဲ့ တဂ်ဂိမ်းကို ဘလော့ မောင်နှမတွေနဲ့ ကစားလို့ရမှာ (သူငယ်ချင်း သက်ဝေကလည်း တဂ်ပါတယ်)...Ready 1, 2, 3


၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ...

အင်း..ဖြစ်နိုင်ရင်တော့ ချစ်တဲ့သူတွေနဲ့ပဲ အတူ ရှိနေချင်တယ်…။ သေရတော့မှာမို့ စိတ်ညစ်နေရတဲ့အထဲ… မုန်းတဲ့သူတွေနဲ့ ဟာ...မဖြစ်ပါဘူးကွာ။

၂။ဘာတွေခံစားနေရမလဲ...

ခန္ဓာကိုယ်ကြီးကတော့ အပူတွေဟပ်ပြီး ပူလောင်နေမယ်…။ စိတ်တွေက ကစဥ့်ကလျား ဖြစ်နေနိုင်တယ်… ။ အလိုလိုနေရင်းတောင် ပျံ့လွင့်လွန်းတဲ့ စိတ်အာရုံတွေကို သေခါနီးမို့ သေချာစုစည်းဖို့ ကြိုးစားရင်း ရုန်းရင်းဆန်ခတ်လည်း ဖြစ်နေနိုင်သလို အေးအေး ဆေးဆေးလေးလည်း ဖြစ်နေနိုင်တယ်။

၃။ ဘာတွေပြင်ဆင်ထားမလဲ...

ပြင်ဆင်မှာပါ… ။ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက်ပေါ့…။ အချိန်တွေ နည်းလာတာနဲ့အမျှ လုပ်စရာတွေလည်း နည်းပါးသွားနိုင်သလို… ကျန်တဲ့ အချိန်လေးကို အကျိုးရှိရှိ အသုံးချဖို့ စက္ကန့်မလပ်လည်း အလုပ်များနေနိုင်တယ်။

၎။ ၀မ်းနည်းမိမှာက...

ချစ်သောကမ္ဘာရေ မင်းနဲ့ကိုယ် အိုးစားကွဲကြပေါ့…။

၅။ကြောက်လန့်မိတာက...

မီးတောက်တွေက ကိုယ့်ကို ၀ါးမြိုကြမှာ… မူးဝေနောက်ကျိ ချာချာလည်နေမှာ… အမှောင်ထုထဲကို ကစဥ့်ကလျားကျသွားမှာ…။

၆။ဆောင်ထားချင်တာ...

ကြည်လင်ပြတ်သားတဲ့ အသိစိတ်တခု

၇။ဘာတွေရေးမိမလဲ...

အသိစိတ်အာရုံထဲ ရောက်လာတာတွေရေးမယ်။

ဂ။တွေးမိတွေးရာ အတွေး...

ကိုယ်ရော စိတ်ပါ ဆောက်တည်ရာမရအောင် ပင်ပန်းလာရင်၊ ကိုဧရာကို “စာဖတ်ပြ” လို့ ပူဆာတတ်တယ်။ ဖိုးဖတ်ချင်ကြီးကလည်း “ဘာဖတ်ပြရမလဲ” ဆိုပြီး အမြဲအဆင်သင့်။ အဲ့လိုအချိန်မှာတော့ သူလည်း သူ့စိတ်နဲ့ သူ့ကိုယ် သူ့သေခြင်းတရားကို ရင်ဆိုင်ပါစေလေနော့ … ။ ဒီတော့ ကိုယ့်ကိုယ်ကို အားကိုးရလိမ့်မယ်။ ကိုယ်ဘယ်လောက်ထိ စွမ်းသလဲ။

၉။ဂုဏ်ယူချင်တာက...

ဤကမ္ဘာမြေမှာ လူဖြစ်ခဲ့တာ ဂုဏ်ယူစရာပါ။

၁၀။ရှာကြံဖြေသိမ့်မိတာက...

ရှေ့ကလူတွေ သေသာသွားကြရော ကမ္ဘာပျက်တာ ကြုံမသွားကြရှာဘူး…။

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း...

အို ကမ္ဘာမြေ…
ဤလူကို ထမ်းခဲ့သမျှ
လေးလှသကွလို့
ပစ်ကာရယ် မချ…။

“သည်းခံခြင်း” ဆိုတဲ့
မင်းရဲ့ အခြားအမည်

ဝသုန်မြေ ပျက်ကြွေပြုန်းချိန်မို့
သိကြားစေ သက်သေညွှန်းလို့ရယ်
နောက်ဆုံးအကြိမ်အဖြစ်
ကျူးရင့်ခဲ့သည်။ ။

ဆက်ပြီး Tag ချင်တာက
သင်းနွယ်ဇင် (ကလေးတွေ စာမေးပွဲပြီးရင်ရေးပေးနော်)

Saturday, October 24, 2009

လေးဆယ်ဘူတာ

မသီတာက ရန်ကုန်သူ… မန်းလေးသား ကိုဧရာနဲ့ အကြောင်းပါတော့ မီးရထားကြီးစီးပြီး မန္တလေး သွားတာပေါ့…။ ရထားလမ်းခရီးမှာ ဘူတာတိုင်းကတော့ အရေးပါတဲ့ ဘူတာတွေ မဟုတ်ကြဘူးလေ…ဆင်တူရိုးမှား ဘူတာလေးတွေလည်း ရှိသပေါ့။ အဲ တောင်ငူလို သာစည်လို ဘူတာမျိုးမှာတော့ အမြန်ရထားကြီးက ခဏတဖြုတ်ဖြစ်ဖြစ် ရပ်ကြတယ်။ ရောက်ခါနီးတော့လည်း “ကျမတို့ ရန်ကုန် မန္တလေး အဆန်ရထားကြီးဟာ မကြာခင် အချိန်အတွင်းမှာ တောင်ငူဘူတာကို ဆိုက်ရောက်ပါတော့မယ်ရှင်” ဆိုတာမျိုး လော်စပီကာက ကြော်ငြာပေးသေးတယ် မဟုတ်လား။ ဒီသဘောပဲ ဘ၀ခရီးကိုလည်း နှင်လာလိုက်တာ တနှစ်ချင်း မှတ်တိုင် ဘူတာလေးတွေ မှန်မှန်ဖြတ်ကျော်ရင်း… “မကြာခင် အချိန်အတွင်းမှာ လေးဆယ်ဘူတာကို ဆိုက်ရောက်ပါတော့မယ်ရှင်”
*****
လေးဆယ်ဘူတာ ရောက်လာတဲ့ မသီတာ… အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အတည်တကျရှိမနေတော့ မိတ်ဆွေအမတွေက သူတို့ အလုပ်မှာ လာလုပ်ပါ။ “ဗိသုကာဆိုင်ရာ ပုံတွေဆွဲရမှာ၊ သင်ပေးပါမယ်” တဲ့…။ “အမရယ် သင်ဖို့ တတ်ဖို့ နောက်ကျနေပါပြီ” လို့ အကြောင်းပြန်ရင်း၊ retired ယူဖို့ကလည်း စောနေပြန်သေး…။

စောလွန်းသည်နှင့် နောက်ကျသည်… ပျင်းရိခြင်းတရားခြောက်ပါးထဲမှာ လုံးလုံးလျားလျား အကျုံးဝင်လို့…။ မသီတာ အပြင်အလုပ်ထွက်မလုပ်ဘူး…အိမ်ထဲမှာပဲ နေတယ်ဆိုတော့… “မပျင်းဘူးလား” လို့ မကြာခဏ အမေးခံရပါတယ်။ ဟုတ်ပါရဲ့ လေးဆယ်ဘူတာကိုရောက်သည်ထိ မသီတာ တလမ်းလုံး အိပ်လာတာ…။ အိပ်မက်ထဲက ကိုဧရာလည်း ထိပ်ကြီး ပြောင်လိုက်လာ၊ သားကြီး ရေချမ်းတောင် ဆယ်ကျော်သက်လေးဖြစ်၊ သားငယ် ရေစင်လည်း ကလေးလေးကနေ ကလေးကြီး ဖြစ်လာပေါ့၊ အဖေတို့ အမေတို့လည်း အချိန် တခုကို စောင့်နေကြရပါပြီလေ။ ခရီးဖော်တွေကလည်း အေးဆေးငြိမ်သက်ကြတော့ မသီတာတို့ မပင်မပန်းပါပဲ ပျင်းတိုင်း အိပ်သပေါ့…။

သွားနေတာကတော့ သေရွာကိုပါလေ…။ လမ်းခရီးတလျှောက် ဘာတွေစားစား aging က တားမှ မရပဲ။ ကံကောင်းထောက်မတာကို မသီတာတို့ အလဟဿ သဲထဲတော့ ရေသွန်မပစ်ပါဘူး…။
ဘာတွေ ယူသွားရမယ်။
ဘာတွေ ချန်ခဲ့ရမယ်။
ဘယ်လို ခရီးဆက်ရမယ်။
သိပါတယ်။
*****
ကျေးဇူးတရားနဲ့ မေတ္တာတရားအကြောင်းလေးလည်း တထောက်တနား ဒီနေရာလေးမှာ အမှတ်တယဖော်ကျူးပါရစေ
အမေနဲ့ အဖေ
ခင်ပွန်းနဲ့ သား
မောင်နှမ ဆွေမျိုး သားချင်း
မိတ်ဆွေ သူငယ်ချင်း
တွေ့ဆုံ ကြုံခဲ့ရသူ အားလုံးကို မသီတာမှာ အထီးကျန်မည့် အကျည်းတန်တဲ့ အထုပ္ပတ္တိတွေ ရှိခဲ့ရင် ခွင့်လွှတ်ကြပါ…လို့

မသီတာ
ခေတ္တ - လေးဆယ်ဘူတာ

Thursday, October 22, 2009

ဟင်းချက်ခြင်း

ဘလော့ပေါ်မှာ ဟင်းချက်နည်းတွေ ဟင်းစပ်နည်းတွေ တင်ပေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကျေးဇူးတင်တယ်။ တနေ့တခြား တိုးလာတဲ့ ကိုယ်အလေးချိန်ကြောင့် စိုးရိမ်မိတာက ပြန်ရင် လေယာဉ်အပေါက်ဝ မဆန့်မှာကိုပါပဲ။

အိမ်မှာ အတူနေ အမ အရင်းက နှစ်ယောက်၊ တ၀မ်းကွဲက နှစ်ယောက် ရှိတော့ မိဘအိမ်မှာ ဟင်းမချက်ခဲ့ရဘူး။ ဒီက ချက်မယ်ဆိုတော့လည်း သူတို့က “ဟုတ်လို့လားဟယ်..ဖယ်ဖယ်နဲ့” ပြောလွှတ်ကြတယ်။ ဒီထွက်လာတော့လည်း ရောက်ရောက်ချင်းနေတဲ့အိမ်မှာ အန်တီက ချက်ကျွေးတယ်။ ကိုယ်က ဘေးက အကူ။ အလုပ်နားနီးတဲ့ အိမ်ပြောင်းတော့လည်း အိမ်ရှင်အမက ချက်ကျွေးတယ်။ ကိုယ်က ဘေးက အကူသက်သက်။ အိမ်ထောင်ကျတော့ အိမ်ခန်းလေးတခန်းငှားတယ်။ အိမ်ဦးနတ်ကတော့ အိမ်ပေါ်တက်နေပြီ။ ကိုယ်က ရက်မကျသေးလို့ စောင့်နေရသေးတဲ့ အချိန်…မန်းလေးသားကို မျက်နှာလုပ်ပြီး ကြာဇံချက်တအိုး ချက်ထားပေးခဲ့တာ သူ (၇) ရက်လောက် စားလိုက်ရတယ် ပြောတာပဲ။

ကံကောင်းတာလား၊ ကံဆိုးတာလားတော့ မသိဘူး ယောက္ခမကြီးကလည်း ဆီးချို သွေးတိုးရောဂါရှိတော့ ဘာအစားအစာမှ ဟက်ဟက်ပက်ပက်မစားဘူး။ သားငယ်လေးကတော့ လူကြီးခွံတာ စားရတာပဲ။ သားကြီးကတော့ ရှင်းရှင်းပဲ “မေမေချက်တာ ကောင်းလည်း မကောင်းဘူး” တဲ့။ ရင်နာလိုက်တာ။ ဟိုလူကြီးကတော့ “ကောင်းလား…” မေးရင် “အင်း…”။ “မကောင်းဘူးလား” မေးရင်လည်း “အင်း..” ပဲ။ အဖေတို့ အမေတို့ကို အခါအခွင့်သင့်လို့ တခါတလေ ချက်ကျွေးခဲ့ရတုန်းက… “ကောင်း.. သိပ်ကောင်း.. ငါ့သမီးချက်တာ ကောင်းမှကောင်း” လို့ ပြောခဲ့ကြတာကိုး။ ခြွင်းချက်လေးတွေတော့ ရှိတာပေါ့။ ဘူးသီး အချိုချက်တာ ဆနွင်းမှုန့်များသွားလို့ ဟင်းအိုးအဖုံးမဖွင့်ရဲဘူး။ ဖွင့်လိုက်ရင် ဟင်းအိုးထဲမှာ သုံးဘီးကားရောင်ကြီးက ပြူးတူးပြဲတဲနဲ့ မီးနေသည်နံ့ကလည်း ထောင်းကနဲထလာလို့ ကမန်းကတန်းပြန်ပိတ်ရတယ်။ အမေ ဆူမှာကြောက်လိုက်တာ…အမေက ဆူပါဘူး။ “သမီးရယ် ဘူးသီးက အညှီအဟောက်မှ မဟုတ်ပဲ ဆနွင်း အများကြီး မလိုဘူးလေ” တဲ့။ တခါလည်း ၀က်သားဟင်း ချက်လိုက်တာ အငန်များသွားလို့ “အော် ငါ့သမီးက ၀က်သားငါးပိချက် ချက်သကိုး… သိမ်းထားလိုက် နောက်နေ့မှ အာလူးနဲ့ ရောစားမယ်” တဲ့ ပြီးသွားတာပဲ။ တခါလည်း ပဲတောင့်ရှည်သီး ..အစာသွတ်ချက်တာတော့ မြင်ဖူးတာပဲ။ ချက်ဆိုတော့ ဘယ်လိုအစာသွတ်ရမှန်းမသိဘူး ပါးပါးလှီးပြီး ဘူးသီးလို့ပဲ အချိုချက်လိုက်တာပေါ့..။ ထမင်းပွဲမှာ အဖေက “ငါ့သမီးချက်တဲ့ အထူးအဆန်းဟင်း” ဆိုပြီး စားသွားတာပဲ မျက်နှာတချက်မပျက်ပေါင်။

ကိုယ့်အခြေအနေကိုယ် အမှန်အတိုင်း လက်မခံချင်ပဲ လက်ခံရတော့မဲ့ အခြေမှာ ငါတော့ Drive လိုပြီ ဆိုပြီး၊ “တပည့်တော် ဆွမ်းကပ်ချင်လို့ပါ ဘုရား၊ တလမှာ တရက် နေ့ဆွမ်းကပ်ခွင့် ပေးပါ ဘုရား” လို့ ဒီက ဘုန်းတော်ကြီးကျောင်းသုံးကျောင်း တန်းစီ လျှောက်လိုက်တယ်။ ဒီတော့လည်း ဒီက မိတ်ဆွေ အန်ကယ် အန်တီ အမတွေက တို့လည်းလိုက်မယ်ဆိုပြီး၊ ဆွမ်းလှည့်ကျရင် စီကြမံကြ ချက်ကြ ပြုတ်ကြလို့ တို့များက နောက်နားလေးက မှေးလိုက်ရုံ။ ဘယ်လိုပဲ ဖြစ်ဖြစ် မလျော့သောဇွဲနဲ့ လစဉ်မပျက် ကျောင်းသုံးကျောင်းကို ဆွမ်းဒကာမကြီး ဆွမ်းကပ်လာတာ နှစ်နှစ်ကျော်လို့ သုံးနှစ်နီးပါးရှိပါပေါ့။ မနေ့ကတော့ (၂၁.၁၀.၂၀၀၉) ဆွမ်းပတ်လှည့်ကျတဲ့ ကျောင်းကို ကိုယ်စီအရေးကိစ္စတွေကြောင့် ဆွမ်းကပ်ဖော်တွေ တယောက်မှ မလိုက်နိုင်ကြဘူး။ သားကြီးကျောင်းပိတ်ထားလို့သာ သားအမိနှစ်ယောက် ဆွမ်းကပ်သွားကြတယ်။ ကျောင်းမှာ ကျောင်းထိုင်ဆရာတော်လည်း ခရီးသွားနေတယ်။ ကျောင်းစောင့်အဖြစ် အာဂန္တုကြွလာနေတဲ့ ဘုန်းတော်ကြီးနှစ်ပါးက “ဒကာမကြီး ကပ်တဲ့ဆွမ်း ဘုန်းကြီးတို့ ဘုန်းပေးရတာ အဆင်ပြေပါတယ်” မိန့်လို့ ၀မ်းသာလုံးစို့ပြီး ဒီပို့စ်ကို ရေးပါတယ်။
ခြွင်းချက်။ ။အိမ်နားက အန်ကယ်ကြီးက ဆွမ်းဟင်းနှစ်ခွက် ချက်ထည့်ပေးလိုက်တယ်။
မနေ့က ကပ်တဲ့ ဆွမ်းဟင်းတွေတော့ မဟုတ်ပါဘူး။ မနှစ်ကတည်းက ဆွမ်းကပ်သွားခါနီး ဘလော့မှာတင်ချင်လို့ ရိုက်ထားတဲ့ပုံပါ။ ပုဇွန်ကြော်၊ ပန်းဂေါ်ဖီကြော်၊ မှိုကြော်၊ ငါးပိချက် (နာရီလက်တံ အတိုင်း)။ အမှတ်သတိကလေးကပ်ပြီး ရှုစားကြပါ။

Saturday, October 10, 2009

ကာလာမသုတ် - ပွင့်လင်းသော နှလုံးသားဖြင့် ထောက်တည်ရာ ရှာမှီးခြင်း - ၃

ဗြဟ္မဝိဟာရတရား လေးပါး
ကာလာမတို့အား “ယုံမှားဖွယ်ပမာဏ ၁၀-ချက်အား တရားသေစွဲယူခြင်း မပြုရန်နှင့် မိမိတို့ ကိုယ်တိုင်သိနိုင်သော အကုသိုလ်တရားတို့အား ရှောင်ရန်, ကုသိုလ်တရားတို့အား ဖြည့်ဆည်းရန်” ဟောကြားပြီးနောက်၊ ထိုထက်အဆင့်မြင့်သော ဗြဟ္မဝိဟာရတရားလေးပါးအား ဆက်လက်ဟောကြားတော်မူသည်။ သီလဘာဝနာတို့ကို ဟောကြားစဉ်က “သင်တို့သည် (တုမှေ)” ဟုသုံးနှုန်းကား ဟောကြားခဲ့၍ ဗြဟ္မဝိဟာရကထာသို့ ရောက်သောအခါ “အရိယသာဝက” ဟု ပြောင်းလဲ ဟောကြားသည်။ “အရိယသာဝက” သည် မုချအားဖြင့် သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ” ဟူသော မြတ်စွာဘုရား၏ တပည့်သာဝက အရိယာပုဂ္ဂိုလ်များကို ရည်ညွှန်း၍၊ ပရိယာယ်အားဖြင့် အရိယာတို့အား ဖူးမြင်လေ့ရှိ၍ အရိယာတရားတို့၌ လိမ္မာသော အကြားအမြင်များသော ကလျာဏပုထုဇဉ်တို့အား ရည်ညွှန်းသည်။

ကာလာမတို့… အရိယသာဝကသည် ဤသို့ မက်မောခြင်းကင်းသည်, ပျက်စီးစေလိုခြင်းကင်းသည်, တွေဝေခြင်းကင်းသည်, ဆင်ခြင်တုံတရားရှိသည် သတိရှိသည် ဖြစ်၍ မေတ္တာဖြင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာသို့ ပျံ့နှံ့စေ၍ နေ၏။ နှစ်ခုသော, သုံးခုသော လေးခုသော အရပ်မျက်နှာသို့ ပျံ့နှံ့စေ၍ နေ၏။ ထို့အတူပင် အထက်အောက်ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးအား မိမိနှင့်အတူထား၍ ကျယ်ပြောသော, မြင့်မြတ်သော, အတိုင်းအဆမရှိသော, ရန်ကင်းသော, စိုးရိမ်ကြောင့်ကြကင်းသော မေတ္တာစိတ်ဖြင့် တစ်လောကလုံးအား ပျံ့နှံ့စေ၍ နေ၏။ [ထိုအတူပင် ကရုဏာစိတ်, မုဒိတာစိတ်, ဥပေက္ခာစိတ် … ] (အံ-၃-၆၆၊ အဂုၤတ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)
သမာဓိဘာဝနာကို ပွားများမည့်သူသည် သမာဓိဘာဝနာ၏ အဟန့်အတားဖြစ်သော နီဝရဏတရားတို့ကို ပယ်စွန့်ထားရန် လိုအပ်သည်။ “ဝိဂတာဘိဇ္ဈော ဝိဂတဗျာပါဒေါ အသမ္မူဠှော သမ္ပဇာနော ပတိဿတော - မက်မောခြင်းကင်းသည်, ပျက်စီးစေလိုခြင်းကင်းသည်, တွေဝေခြင်းကင်းသည်, ဆင်ခြင်တုံတရားရှိသည် သတိရှိသည်ဖြစ်၍” ဟူသောစကားသည် နီဝရဏတရားတို့ကို ပယ်ခွာကြောင်းဖြစ်သော ရှေးဦးပြုဖွယ် (ပုဗ္ဗဘာဂဘာဝနာ) အကျဉ်းဖြစ်သည်။ အကျယ်ကို သာမညဖလသုတ်အပါအဝင် အခြားသော သုတ္တန်ဒေသနာများတွင် တွေ့နိုင်သည်။


(၁) တစ်ပါးသူတို့၏ ပိုင်ဆိုင်မှုအား မက်မောခြင်း အဘိဇ္ဈာသည် ကြွေးမြီးနှင့်တူ၏။ ကြွေးရှိသူသည် မိမိ၏ တိုးတက်ကြီးပွားရေးအတွက် မလုပ်ဆောင်နိုင်ပဲ ကြွေးရှင်၏ ဆဲရေးနှိပ်စက်မှုကို ခံကာ, ကြွေးရှင်အတွက်သာ အလုပ်လုပ်ပေးနေရသကဲ့သို့ ဖြစ်သည်။ (၂) သူတစ်ပါးအား ပျက်စီးစေလိုခြင်း ဗျာပါဒသည် အနာရောဂါနှင့် တူ၏။ မကျန်းမာသူအတွက် စားကောင်း သောက်ဖွယ်တို့၏ အရသာကို မည်မျှပင်ကောင်းစေကာမူ မခံနိုင်သကဲ့သို့ ဗျာပါဒရှိသူသည် လောကအား အဆိုးမြင်သည်။ ဆရာသမားတို့၏ ဆုံးမမှုကိုလည်း မခံနိုင်။ သာသနာ၏ အရသာကို မခံစားနိုင်။ (၃) လေးလံထိုင်းမှိုင်းခြင်း ထိနမိဒ္ဓသည် အချုပ်ထောင်နှင့် တူ၏။ အချုပ်အနှောင်ကြခံနေရသူသည် အချုပ်ထောင် အပြင်တွင် ကျင်းပသော ပျော်ပွဲရွှင်ပွဲများကို မခံစားနိုင်သကဲ့သို့ ဖြစ်သည်။ (၄) ပျံ့လွင့်ခြင်း (ဥဒ္ဓစ္စ) နှင့် နောင်တတစ်ဖန် ပူပန်ခြင်း (ကုက္ကုစ္စ) ရှိသူသည် ကျေးကျွန်နှင့် တူ၏။ ကျေးကျွန်သည် ပျော်ပွဲရွင်ပွဲတွင်း၌ ရောက်နေခဲ့သည့်တိုင် မိမိအားခိုင်းစေပါက သွားရသည်။ ဥဒ္ဓစ္စ ကုက္ကုစ္စရှိသူသည် ကျေးကျွန်ကဲ့သို့ လွှမ်းမိုး နှိပ်စက်ခြင်း ခံရသည်။ (၅) ကုသိုလ်, အကုသိုလ်စသည့် တရားတို့၌ ယုံမှားသံသယရှိခြင်း ဝိစိကိစ္ဆာသည် ကန္တာရခရီးခဲနှင့် တူ၏။ ဝိစိကိစ္ဆာရှိသူသည် ကန္တာရထဲတွင် မျက်စိလည်လမ်းမှား၍ ပင်ပန်းဆင်းရဲနေသကဲ့သို့ ဖြစ်သည်။

[…] ကြွေးကင်းခြင်းကဲ့သို့, ရောဂါကင်းခြင်းကဲ့သို့, နှောင်အိမ်မှ လွတ်ခြင်းကဲ့သို့, လွတ်လပ်သူဖြစ်ခြင်းကဲ့သို့, ဘေးကင်းရာအရပ်သို့ရောက်သူကဲ့သို့အတူ ရဟန်းသည် မိမိ၌ အပိတ်အပင် နီဝရဏတရားငါးပါးတို့ကို ပယ်ပြီးဖြစ်သည်ကို ကောင်းစွာမြင်၏။

မိမိ၌ နီဝရဏတရားငါးပါး ပယ်ပြီးဖြစ်သည်ကို ကောင်းစွာမြင်သော ရဟန်းသည် ဝမ်းမြောက်ခြင်း (ပါမောဇ္ဇ) ဖြစ်၏။ ဝမ်းမြောက်သော် နှစ်သက်ခြင်း (ပီတိ) ဖြစ်၏။ နှစ်သက်ခြင်းဖြစ်သော် ကိုယ်သည် ငြိမ်းအေး၏ (ကာယော ပဿမ္ဘတိ)။ ကိုယ်ငြိမ်းအေးသည်ရှိသော် ချမ်းသာခြင်း (သုခ)ကို ခံစားရ၏။ ချမ်းသာသော် စိတ်သည် တည်ကြည်၏ (စိတ္တံ သမာဓိယတိ)။ (ဒီ-၁-၂၂၅၊ ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ သာမညဖလသုတ်)

ဤသို့ နီဝရဏတရားများကင်း၍ စိတ်တည်ကြည်သောအခါတွင် မိမိတို့နှစ်သက်ရာ ကမ္မဋ္ဌာန်ဘာဝနာအာရုံ၌ စိတ်ကို စူးစိုက်နေ၏။ ဤသို့နေခြင်းအား ဈာန်ဟုခေါ်သည်။ ရေမှော်တို့ ဖုံးပိတ်နေသော ရေကန်တွင် လက်ဖြင့် ဖယ်ရှားလိုက်ပါက အတန်ကြာကြာ ကြည်လင်မှုကိုရသကဲ့သို့ ဈာန်စိတ်စွမ်းအားဖြင့် ကိလေသာတို့အား ပယ်ခွာထားနိုင်ပါသည်။ ယင်းကို အဋ္ဌကထာတို့တွင် ဝိက္ခမ္ဘနပဟာနဟု ခေါ်သည်။ ဈာန်စိတ်တို့ကို မြင့်မြတ်သော (မဟဂ္ဂတ) စိတ်ဟုလည်း ခေါ်သည်။ ကာလာမတို့အား ပုဗ္ဗဘာဂဘာဝနာကို အကျဉ်းဟောကြားပြီးနောက် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဟူသော တရားလေးပါးအား ဆက်လက်ဟောကြားသည်။ “မေတ္တာ, ကရုဏာ, မုဒိတာ” ဘာဝနာတို့သည် တတိယဈာန်တိုင်ရောက်နိုင်၍၊ ဥပေက္ခာဘာဝနာသည် စတုတ္ထဈာန်တိုင်ရောက်နိုင်လေသည်။

“မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ” တရားလေးပါးအား မြတ်သောအကျင့်တရား (ဗြဟ္မစိုရ်) လေးပါးဟု ခေါ်သည်။ ထိုလေးပါးဖြင့် နေထိုင်ခြင်းအား မြတ်သောနေထိုင်ခြင်း (ဗြဟ္မဝိဟာရ)ဟု ခေါ်သည်။ သတ္တဝါတို့အား မိမိနှင့် ထပ်တူ သဘောထား၍ ရန်လိုခြင်း, စိတ်ဆင်းရဲစေခြင်းမပြုပဲ ချမ်းသာစေလိုခြင်းအား မေတ္တာဟုခေါ်သည်။ ဒုက္ခရောက်နေသော သတ္တဝါများအား ဆင်းရဲမှလွတ်စေလိုခြင်းအား ကရုဏာဟုခေါ်သည်။ ချမ်းသာနေသော သတ္တဝါများအား ဝမ်းမြောက်ခြင်း, ထိုသို့တို့ တရားသဖြင့်ရထားသော စည်းဥစ္စာဂုဏ်တို့ မဆုတ်ယုတ် မပျက်စီးစေလိုခြင်းသည် မုဒိတာဖြစ်သည်။ သတ္တဝါတို့သည် မိမိတို့၏ ကံအားလျော်စွာ ဆင်းရဲချမ်းသာခံစားကြရသည်ဟု အညီအမျှ စိတ်ထားခြင်းအား ဥပေက္ခာဟု ခေါ်သည်။

ဗြဟ္မဝိဟာရသည် သတ္တဝါတို့အား မိတ်ဆွေ, ရန်သူဟု ကျဉ်းမြောင်းစွာ ခွဲခြားဆက်ဆံခြင်းကင်း၍၊ အတိုင်းအဆ ဘောင်မရှိသော ကျယ်ပြောသော စိတ်ဖြင့် နေထိုင်ခြင်း ဖြစ်သည်။ သူတစ်ပါး၏ ပိုင်ဆိုင်မှုအား မက်မောသောစိတ် (အဘိဇ္ဈာ) ဟူသော လောဘစိတ်, သူတစ်ပါးအား ပျက်စီးနေလိုခြင်း (ဗျာပါဒ) ဟူသော ဒေါသစိတ်, တွေဝေခြင်းဟူသော မောဟစိတ်တို့ ကင်းရှင်းနေသည်။ ထို့ကြောင့် ဗြဟ္မဝိဟာရတရားဖြင့် နေထိုင်သူသည် ရန်လိုခြင်းကင်းသည်, ရန်ကင်းသည်, ပျက်စီးစေလိုခြင်းကင်းသည်, စိုးရိမ်ကြောင့်ကြကင်းသည်, စိတ်အညစ်အကြေး ကိလေသာတို့ ကင်း၍ ဖြူစင်နေလေသည်။

တနည်းအားဖြင့် ကာလာမတို့အား ကိုယ်ကျင့်သီလနှင့် ဗြဟ္မဝိဟာရတရားတို့ ဟောကြားခြင်းသည် မျက်မှောက် အကျိုးခံစားမှုရစေနိုင်သော “မကောင်းမှု ရှောင်, ကောင်းမှု ဆောင်, ဖြူအောင် စိတ်ကိုထား” ဟူသည့် အဆုံးအမပင် ဖြစ်သည်။

ထောက်တည်ရာလေးပါး

ကာလာမတို့အား ယုံမှားဖွယ်အချက် ၁၀-ချက်ဖြင့် စတင်၍ ဟောကြားခဲ့သည်။ ထိုတရားတို့သည် အမှားဖြစ်နိုင်သလို အမှန်ဖြစ်နိုင်သော အကျိုးနှစ်မျိုး (ဒွေဓာ ဝိပါကာ) ရှိ၍ တစ်ထစ်ချ အားကိုးယုံကြည်လက်ခံနိုင်လောက်သော တရားများမဟုတ်ကြောင်း ဟောကြားခဲ့သည်။ ထို့နောက် “မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား” ဟူသော မြတ်စွာဘုရား၏ အဆုံးအမကို နာယူကာ မိမိတို့၏ စိတ်အား ဖြူစင်အောင်ထားနိုင်သော “အရိယသာဝက” တို့၏ မလွဲချော်နိုင်သော အကျိုးကို ဟောကြားသည်။

ကာလာမတို့ … ဤသို့ ရန်ကင်းသော, စိုးရိမ်ကြောင့်ကြကင်းသော, အညစ်အကြေး ကိလေသာကင်းသော, စင်ကြယ်သော စိတ်ရှိသည့် အရိယာသဝကအား မျက်မှောက်ဘဝ၌ပင် ထောက်တည်ရာ (အဿာသ) လေးပါးရ၏။

(၁) “အကယ်၍ တမလွန်လောကသည် ရှိအံ၊ အကောင်းအဆိုး ကံတို့၏ အကျိုးဆက်သည် ရှိအံ၊ ငါသည် ကိုယ်ပျက်စီး၍ သေလွန်ပြီး နောက်၌ ကောင်းသောလားရာ, နတ်ပြည်လောကသို့ ရောက်ရလိမ့်မည်” ဟူသော ပဌမထောက်တည်ရာကို ရ၏။
(၂) “အကယ်၍ တမလွန်လောကသည် မရှိအံ့၊ အကောင်းအဆိုး ကံတို့၏ အကျိုးဆက်သည် မရှိအံ့၊ ငါသည် မျက်မှောက်၌ပင် ဘေးရန်ကင်းသည်, စိုးရိမ်ကြောင့်ကြကင်းသည်, ဆင်းရဲကင်းသည်ဖြစ်၍, မိမိကိုယ်ကို ချမ်းသာစွာ နေရ၏ (အဝေရံ အဗျာပဇ္ဇံ အနီဃံ သုခိံ အတ္တာနံ ပရိဟရာမိ)” ဟူသော ဒုတိယထောက်တည်ရာကို ရ၏။
(၃) “(မကောင်းမှု) ပြုသောသူအားသာ မကောင်းမှုပြုသည် မည်အံ့၊ ငါသည် တစ်စုံတရာသော မကောင်းမှုကို မပြုခဲ့။ ထိုသို့ မကောင်းမှု မပြုခဲ့သော ငါ့အား အဘယ်မှာ ဆင်းရဲခြင်းကို ထိတွေ့စေမည်နည်း” ဟူသော တတိယထောက်တည်ရာကို ရ၏။
(၄) “(မကောင်းမှု) ပြုသောသူအား မကောင်းမှု ပြုသည် မမည်အံ့၊ ငါသည် (မကောင်းမှု မပြုခြင်း, ပြုလျှင်လည်း ပြုသည် မမည်ခြင်း ဟူသော) နှစ်ပါးစုံဖြင့် စင်ကြယ်သည်ဟု မိမိကိုယ် မိမိရှုမြင်နိုင်သည်” ဟူသော စတုတ္ထထောက်တည်ရာကို ရ၏။ (အံ-၃-၆၆၊ အဂုၤတ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)

“တမလွန်လောကမရှိ (နတ္ထိ ပရ လောကော), အကောင်းအဆိုးပြုသော ကံတို့၏ အကျိုးဆက်သည် မရှိ (နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော)” ဟူသည်မှာ နတ္ထိကဝါဒ ဖြစ်သည်။ “ပြုသော်လည်း မကောင်းမှု ပြုသည်မမည် (ကရောတော န ကရီယတိ ပါပံ)” ဟူသည်မှာ အကိရိယဝါဒ ဖြစ်သည်။ ဤမိစ္ဆာဒိဋ္ဌိ အယူနှစ်ပါးအား မူတည်ကာ ယင်းဝါဒတို့ မှန်သည်ဖြစ်စေ, မှားသည်ဖြစ်စေ မချွတ်မယွင်းရနိုင်သော သက်သာရာ, ထောက်တည်ရာ (အဿာသ) လေးပါး ကို ဟောကြားထားခြင်းဖြစ်သည်။

“မကောင်းမှု ရှောင်, ကောင်းမှုဆောင်, ဖြူအောင် စိတ်ကိုထား” သူသည် “တမလွန်မရှိ, ကံ-ကံ၏ အကျိုး မရှိ” ခဲ့သည့်တိုင် မျက်မှောက်၌ပင် စိတ်ဖြူစင်ချမ်းသာသော အကျိုးကိုရရှိပြီး ဖြစ်သည်။ တမလွန်ဘဝနှင့် ကံ-ကံ၏ အကျိုးတို့ ရှိခဲ့လျှင် ကောင်းသော သုဂ္ဂတိဘုံသို့ ရောက်ရပေမည်။ “ကောင်းခြင်း, ဆိုးခြင်းသည် နေရာဒေသအလျောက် သတ်မှတ်ချက်သာဖြစ်၍ အကောင်းအဆိုး ပြုခြင်းဟု မရှိ” ဟူသော အကိရိယဝါဒ မှန်ခဲ့ပါလျှင် မိမိသည် မကောင်းမှု မပြု၍ တစ်ကြောင်း, ပြုခဲ့သည့်တိုင် အကောင်းအဆိုး ပြုသည်ဟု မရှိ၍ တစ်ကြောင်း ပူပန်စရာ မလို။ နှစ်ပါးစုံ စင်ကြယ်နေသည်။ အကိရိယဝါဒမှားခဲ့လျှင်လည်း မိမိသည် မကောင်းမှု ပြုမထား၍ မကောင်းမှု၏ အကျိုးကိုခံရမည်ကို မဟုတ်။ ယင်းအယူဝါဒတို့ မှားသည်ဖြစ်စေ, မှန်သည်ဖြစ်စေ မုချသက်သာ ရနိုင်သည်။ (မဇ္ဈိမနိကာယ်မှ အပဏ္ဏကသုတ်သည်လည်း အလားတူပင် မျက်မှောက်နှင့် တမလွန်နှစ်မျိုးလုံးတွင် အရှုံးမရှိနိုင်သည့် (အပဏ္ဏက) အကျိုး ရှုထောင့်မှ ဟောကြားထားသည်။) စင်စစ် နတ္ထိကဝါဒနှင့် အကိရိယဝါဒတို့သည် အလွန် အပြစ်ကြီးလေးသော နိယတမိစ္ဆာဒိဋ္ဌိများ ဖြစ်သည်။ ထိုအယူတို့အား မစွန့်ပဲ ကျင့်သုံးခဲ့ပါက မုချအပါယ်လားစေနိုင်သည်။

မြတ်စွာဘုရားရှင်က ဤသို့ထောက်တည်ရာ လေးပါးအား ဟောကြားပြီးသောအခါ ကာလာမတို့သည် နှစ်သက်ဝမ်းမြောက်၍ သရဏဂုံသုံးပါးအား အသက်ထက်ဆုံး ဆည်းကပ်ကိုးကွယ်သော ဥပါသကာများအဖြစ်မှတ်ယူရန် လျှောက်ထားကြသည်။ ဤတွင် သီလနှင့် သမာဓိဘာဝနာကိုသာ ဟောကြားထား၍ သစ္စာလေးပါးတရား, အနတ္တတရားတို့အား ဆက်လက် ဟောကြားထားသည်ကို မတွေ့ရချေ။ ကာလာမတို့သည် ထိုတရားတို့အား နာကြားနိုင်စွမ်း မရှိသေး၍ ဖြစ်ပေမည်။

ကာလာမသုတ်ကဲ့သို့ပင် “ယုံမှားဖွယ် ၁၀-ပါးအား တစ်ထစ်ချစွဲယူခြင်း မပြုသေးပဲ မျက်မှောက်၌ပင် ကိုယ်တိုင်သိနိုင်သော ကုသိုလ်, အကုသိုလ်စသည့်တရားများအား ဆောင်ရန်, ရှောင်ရန်” ဝေသာလီပြည် ဘဒ္ဒိယလိစ္ဆဝီတို့အားလည်း ဟောကြားခဲ့ဖူးသည် (အံ-၄-၉၃၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ မဟာဝဂ်၊ ဘဒ္ဒိယသုတ်)။ ဤဘဒ္ဒိယသုတ်သည် “ရဟန်း ဂေါတမသည် တတ္ထိယ (အယူဝါဒခြားရှိသူ) တို့အား မိမိဖက် ပါလာအောင် သွေးဆောင်လှည့်ဖျားတတ်သော အာဝဋ္ဋနိမာယာ အတတ်ရှိသည်” ဟု စွတ်စွဲမှုများသည် မှန်ကန်မှု ရှိမရှိ မေးလျှောက်သည်ကို အကြောင်းပြု၍ ဟောကြားခဲ့သည်။ ယုံမှားဖွယ် ၁၀ပါးအား တစ်ထစ်ချမယူရန်နှင့် ကုသိုလ်, အကုသိုလ်တရားတို့ကို ဟောကြားအပြီး၌ ဘဒ္ဒိယလိစ္ဆဝီတို့လည်း ဥပါသကာအဖြစ်မှတ်ယူရန် လျှောက်ထားကြသည်။ မြတ်စွာဘုရားက မိမိသည် ထိုသို့ တပည့်ခံစေရန် ဖိတ်ခေါ်ခဲ့သလောဟု မေးတော်မူ၏။ ထိုအခါ ဘဒ္ဒလိစ္ဆဝီတို့က “ရဟန်း ဂေါတမသည် တတ္ထိယ (အယူဝါဒခြားရှိသူ) တို့အား မိမိဖက် ပါလာအောင် သွေးဆောင်လှည့်ဖျားတတ်သော အာဝဋ္ဋနိမာယာ အတတ်ရှိသည် ဟူသော စွတ်စွဲချက်သည် မှန်ပေ၏။ မြတ်စွာဘုရား၏ အာဝဋ္ဋနိမာယာ အတတ်သည် ကောင်းမြတ်ပါ၏။ မြတ်စွာဘုရားသည် ကျွနု်ပ်တို့ ချစ်ခင်သော သားချင်း ဆွေမျိုးများအားလည်း ဤအာဝဋ္ဋနိမာယာဖြင့် လှည့်ပတ်ပါမူ ယင်းတို့၏ အရှည်သဖြင့်သော အကျိုးစီးပွားချမ်းသာအတွက်သာ ဖြစ်ပါမည်” ဟု ပြန်လည် လျှောက်ထားကြသည်။ ဤဘဒ္ဒိယသုတ်တွင် ဗြဟ္မဝိဟာရကထာနှင့် ထောက်တည်ရာလေးပါးတို့ကို ဆက်လက် ဟောကြားထားခြင်း မရှိပါ။ သို့သော် ယင်းသုတ်အဋ္ဌကထာအရ ဘဒ္ဒိယတို့ သောတာပန် တည်ကြသည်ဟုသိရသဖြင့် ထောက်တည်ရာအစစ်သို့ ရောက်ရှိကြသည်ဟု ဆိုနိုင်ပါသည်။

“ပွင့်လင်းသော နှလုံးသားဖြင့် ထောက်တည်ရာရှာမှီးခြင်း” ဟူသော ဤ (ကေသမုတ္တိ) ကာလာမသုတ်ဒေသနာသည် တစ်ပါးသောအယူဝါဒရှိသူ တတ္ထိယတို့အား မြတ်စွာဘုရား၏ အဆုံးအမသာသနာသို့ ပြောင်းလဲစေသော အာဝဋ္ဋနိမာယာ လည်းဖြစ်လေသည်။ အကယ်၍ ကာလာမသုတ်၏ တစ်စိတ်တစ်ဒေသအား မှားယွင်းစွာဆုပ်ကိုင်ကာ ပိဋကတ်ကျမ်းစာတို့အား ငြင်းပယ်လိုက်ပါက မှန်ကန်စွာ နှလုံးမသွင်းတတ်ခြင်း (အယောနိသော မနသိကာရ) ကိုသာ အပြစ်တင်ရပေတော့မည်။

ဧရာ (မန္တလေး)

စာညွှန်း။
ကေသမုတ္တိသုတ်အပါအဝင် နိကာယ်ငါးရပ်မှ သုတ္တန်ဒေသနာများနှင့် Jayatilleke ၏ Early Buddhist Theory of Knowledge ကို ပဓာနကိုးကားပါသည်။

Thursday, October 8, 2009

ကာလာမသုတ် - ပွင့်လင်းသော နှလုံးသားဖြင့် ထောက်တည်ရာ ရှာမှီးခြင်း - ၂


အပိုင်း (၁)

အသိပညာ သုံးမျိုး
မှန်လျှင်မှန် မှားလျှင်မှားနိုင်သော အကျိုးနှစ်မျိုးရှိ၍ တစ်ထစ်ချအမှန်အဖြစ် မယူနိုင်သော ပမာဏများအား ပြန်လည်သုံးသပ်ပါက နှစ်သက် ယုံကြည်ခြင်းပေါ်တည် မှီ၍နေသည်။ အချို့သည် မိမိ လေးစားကြည်ညိုသော ဆရာ, ကျမ်းဂန်စာပေနှင့် မိရိုးဖလာအစဉ်အလာတို့မှ တဆင့်ကြားသိ၍ လက်ခံ ယုံကြည်ခြင်းဖြစ်သည်။ အချို့သည် ဖြစ်နိုင်ကောင်းသည်ဟု ထင်၍ လက်ခံယုံကြည်ကြသည်။ ယုတ္တိဗေဒကဲ့သို့ နည်းတစ်ခုခုကိုယူ၍ စနစ်တကျ တွေးခေါ်ထားခြင်း, စူးစမ်းဆင်ခြင်ထားခြင်းတို့ကြောင့် မှန်သည်ဟု လက်ခံယုံကြည်ကြသည်။ ထို့ကြောင့် ကာလာမသုတ်နှင့် စင်္ကီသုတ်တို့တွင်လာသော ပမာဏများကို ထပ်မံ၍ အကျဉ်းခြုံးပါက တစ်ဆင့်ကြားမှု (အနုဿဝန) နှင့် စဉ်းစားဆင်ခြင်မှု (တက္က ဝီမံသ) ဟူသော ပမာဏနှစ်မျိုး အဖြစ် တွေ့နိုင်သည်။ တစ်ဆင့်ကြားမှုနှင့် စဉ်းစားတွေးခေါ်မှုသည် စိတ်ချသေချာသော ပမာဏများ မဟုတ်သေးပါက မည်သည့်ပမာဏကို အခြေပြု၍ အမှန်တရားကို သိရှိနိုင်ပါသနည်း။


တခါက ဘာရဒွါဇနွယ်ဖွား သိင်္ဂါရဝလုလင်သည် မြတ်စွာဘုရားအား ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ဝန်ခံကြသူများအနက် အရှင်ဂေါတမသည် မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သနည်း မေးလျှောက်ဖူးသည်။ “မျက်မှောက်၌ တရားထူးသိမြင်ကာ ဆုံးခမ်းတိုင်အောင်ရောက်၍ မြတ်သောအကျင့်၏ အစဦးကို ဝန်ခံသူ (ဒိဋ္ဌဓမ္မဘိညာ ဝေါသာနပါရမိပ္ပတ္တာ အာဒိဗြဟ္မစရိယံ ပဋိဇာနန္တိ)” ဟု သုံးနှုန်းထားသော်လည်း “ဘာသာတရားတို့ကို အစဦးတီထွင်သူ” ဟု အကျဉ်းအားဖြင့် နားလည်နိုင်ပါသည်။

(၁) ဘာရဒွါဇ… တစ်ဆင့်ကြားလက်ခံသူ (အနုဿာဝိက) သမဏ, ဗြာဟ္မဏ အချို့ရှိသည်။ ထိုသူတို့သည် တစ်ဆင့်ကြားဖြင့် ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ဝန်ခံကြကုန်၏။ ဥပမာကား ဝေဒသုံးပုံဆောင် တေဝိဇ္ဇ ဗြာဟ္မဏတို့တည်း။
(၂) ဘာရဒွါဇ… ယုံကြည်မှုသက်သက်မျှဖြင့် (ကေဝလံ သဒ္ဓမ္မတ္တကေန) ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ဝန်ခံသော သမဏ, ဗြာဟ္မဏ အချို့လည်းရှိ၏။ ဥပမာကား စဉ်းစားတွေးခေါ်သူတို့ (တက္ကီ ဝီမံသီ) တည်း။
(၃) ဘာရဒွါဇ… ထို့အပြင် ရှေးကမကြားဖူးသေးသော တရားတို့အား (အနနုဿုတေသု ဓမ္မေသု) ကိုယ်တိုင် ထိုးထွင်းသိမြင်ကာ (သာမံယေ၀ ဓမ္မံ အဘိညာယ) ဘာသာတရားတို့ကို အစဦးတီထွင်သူဟု ဝန်ခံသော သမဏ, ဗြာဟ္မဏ အချို့လည်းရှိ၏။ ထိုသူတို့တွင် ငါသည် တစ်ပါး အပါအဝင်တည်း။ (မ-၂-၄၇၄၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ သိင်္ဂါရဝသုတ်)
အထက်ပါ ဒေသနာအရ တစ်ဆင့်ကြားမှု (အနုဿဝန), စဉ်းစားဆင်ခြင်မှု (တက္က ဝီမံသ), ကိုယ်တိုင် ထိုးထွင်းသိမြင်မှု (သယံ အဘိညာ) ဟူသော ပမာဏသုံးမျိုးတွင် ဗုဒ္ဓသည် ကိုယ်တိုင် ထိုးထွင်းသိမြင်မှုကို အလေးပေးကြောင်း တွေ့ရသည်။ တစ်ဆင့်ကြားမှုဖြင့်ရသော သုတမယပညာ, စဉ်းစားဆင်ခြင်မှုဖြင်ရသော စိန္တာမယပညာနှင့် သီလ, သမာဓိ, ပညာတို့ကို အဆင့်ဆင့် ပွားများအားထုတ်၍ ကိုယ်တိုင်ထိုးထွင်းသိမြင်သော ဘာဝနာမယပညာတို့တွင် ဘာဝနာမယပညာကသာ စိတ်ချရသော အသိပညာဖြစ်သည်။

သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓတို့မှလွဲလျှင် သူတစ်ပါးထံမှ တစ်ဆင့်ကြားနာမှု မပါပဲ သစ္စာတရားအား ကိုယ်တိုင် ထိုးထွင်းသိနိုင်ခြင်းမရှိ။ “ယောနိသော မနသိကာရ” ခေါ် မှန်ကန်သော နှလုံးသွင်းမှုဖြင့် ပြည့်စုံလျှင် သူတစ်ပါးထံမှ တစ်ဆင့်ကြားနာခြင်းသည် သမ္မာဒိဋ္ဌိဖြစ်စေရန် အခြေခံ အကြောင်းရင်းဖြစ်သည်။ သို့သော် နှလုံးသွင်းမှားပါက မိစ္ဆာဒိဋ္ဌိပင် ဖြစ်စေနိုင်သည်။ မိရိုးဖလာအစဉ်အလာသမားများ, ကျမ်းဂန်စာအုပ်သမားများသည် သုတမယပညာမျှကို တရားသေဆုပ်ကိုင်ကာ (မိုးကုတ်ဆရာတော်ကြီး၏ စကားဖြင့် ပြောရလျှင်) “သူတစ်ပါး ပါးစပ်ဖျားတွင် လမ်းဆုံးနေကြသူများ” ဖြစ်သည်။

ဗုဒ္ဓဝါဒသည် ပိုင်းခြားဝေဖန်၍ ဆိုလေ့ရှိသော “ဝိဘဇ္ဇဝါဒ” ဖြစ်သည့်အားလျှော်စွာ ပိုင်းခြားဝေဖန်ခြင်း, စူးစမ်းဆင်ခြင်ခြင်းတို့သည် အရေးပါသည်။ ဆရာကောင်း ဟုတ်မဟုတ်ကိုလည်း စူးစမ်းဆင်ခြင်ရသည်။ မိမိဝါဒ, သူတစ်ပါးတို့၏ ဝါဒကိုလည်း ကွဲပြားအောင် စူးစမ်းဆင်ခြင်ရသည်။ ကုသိုလ်, အကုသိုလ်, အကြောင်း, အကျိုးစသဖြင့် တရားသဘောတို့ကိုလည်း စူးစမ်းဆင်ခြင်ရသည်။ သို့သော် သစ္စာတရားကို စဉ်းစားတွေးခေါ်မှုသက်သက်ဖြင့် ချဉ်းကပ်မရ။ စဉ်းစားတွေးခေါ်မှုနယ်ကိုကျော်လွန်သော (အတက္ကာဝစရ) တရားဖြစ်သည်။ ထို့ကြောင့် ကာလာမသုတ်မှ ပမာဏ (၁၀) မျိုး (တနည်း စင်္ကီသုတ်မှ ပမာဏ ငါးမျိုး) တို့ဖြင့်ရသော သုတမယပညာ, စိန္တာမယပညာတို့သည် အသိဉာဏ်စာရင်း သွင်းရသော်လည်း ကိုယ်ပိုင်ဉာဏ်အစစ် မဟုတ်သေး။

ရဟန်းတို့ … “အတ္တသည်လည်းကောင်း, လောကသည်လည်းကောင်း မြဲ၏။ ဤအယူသာမှန်၍ အခြားအယူတို့သည် အချီးနှီးသာတည်း” ဟုပြောဆိုလေ့ရှိသော သမဏ, ဗြာဟ္မဏတို့အား စင်စစ် ယုံကြည်ခြင်း, နှစ်သက်ခြင်း, တစ်ဆင့်ကြားခြင်း, အခြင်းအရာကို ကြံစည်ခြင်း, အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံခြင်း ဟူသောအကြောင်းတို့မှ လွဲ၍ စင်ကြယ်ပြည့်စုံသော ကိုယ်ပိုင်ဉာဏ် (ပစ္စတ္တံယေ၀ ဉာဏံ) ဖြစ်ရန် အကြောင်း မရှိ။ စင်ကြယ်ပြည့်စုံသော ကိုယ်ပိုင်ဉာဏ်မရှိသဖြင့်၊ ဤအယူတို့၌ အသိဉာဏ်အဖို့သို့ (ဉာဏဘာဂမတ္တမေဝ) သက်ဝင်ငြားသော်လည်း၊ ထိုသို့သက်ဝင်ခြင်းအား အစွဲအလန်း (ဥပါဒါန်) ဟုသာ ဆိုအပ်၏။ (မ-၃-၂၈၊ မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ဒေဝဒဟဝဂ်၊ ပဉ္စတ္တယသုတ်)

သုတမယဉာဏ်နှင့် စိန္တာမယဉာဏ်တို့ကို ငြင်းပယ်ရန် မဟုတ်သော်လည်း ထိုအသိဉာဏ်သက်သက်မျှကို အားကိုးကာ “ဤသည်သာ အမှန်”ဟု တရားသေစွဲယူပါက အစွဲအလန်းဥပါဒါန်သာ ဖြစ်လေသည်။ ထို့ကြောင့် ကိုယ်တိုင်သိမြင်မှုဖြင့် သိသောအသိဉာဏသည်သာ အားထားရာဖြစ်၏။ “ကိုယ်တိုင်သိမြင်မှု” ဆိုသော်လည်း “မျက်စိဖြင့် မြင်သိခြင်း, နားဖြင့် ကြားသိခြင်း, နှာခေါင်းဖြင့် နံသိခြင်း, လျှာဖြင့် အရသာသိခြင်း, ကိုယ်ဖြင့် ထိသိခြင်း” ဟူသည့် အာရုံခံအင်္ဂါ (ပသာဒ) ငါးပါးဖြင့် ကိုယ်တိုင် သိသော ပဉ္စာရုံသိမျိုး (Empirical Knowledge) မျိုးမျှကို ဆိုလိုသည် မဟုတ်။ ထိုအသိတို့သည် အဖြူ, အနီစသဖြင့် ခွဲခြားမှတ်သားမှု သညာကိုအခြေခံသည့် အသိမျိုးသာ ဖြစ်သည်။ သညာသိတို့သည် (တံလျှပ်မြင်က ရေရှိသည်ဟု ထင်အောင်) လှည့်ဖျားတတ်သော အသိမျိုးဖြစ်၍ အားကိုးနိုင်သော အသိမဟုတ်သေး။ ပညာအစစ် မဟုတ်သေး။ ဗုဒ္ဓအဆုံးအမအရ သင်္ခါရတရားအားလုံးတို့၏ “အနိစ္စ, ဒုက္ခ, အနတ္တ” ဟူသည့် လက္ခဏာကို မြင်အောင် သိနိုင်သော အသိမျိုးသည်သာ ပညာအစစ်ဖြစ်သည်။ သစ္စာလေးပါးအား ပိုင်းခြားသိမြင်သော အသိမျိုးသည်သာ မဂ္ဂင်ထိုက်သော ပညာအစစ်ဖြစ်သည်။ ထိုအသိပညာသည် ထိုးထွင်းသိခြင်း, ပိုင်းခြားသိခြင်း, ကိလေသာကို ပယ်စွန့်ခြင်းဟူသော အကျိုးရှိသည် (အဘိညတ္ထာ, ပရိညတ္ထာ, ပဟာနတ္ထာ)။ ထိုအသိပညာမျိုးသည် မနောဝိညာဏ်၌သာ ဖြစ်ပေါ်နိုင်သည်။ ပညာနှင့် ဝိညာဏ်တို့၏ ခြားနားချက်မှာ ပညာသည် ပွားများရသော ဘာဝေတဗ္ဗတရားဖြစ်၍ ပညာနှင့် ယှဉ်သောအသိ ဝိညာဏ်သည် ပိုင်းခြားသိသော တရားဖြစ်သည်။ (မ-၁-၄၄၉၊ မ-၁-၄၅၁၊ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ စူဠယမကဝဂ်၊ မဟာဝေဒလ္လသုတ်)

ထို့ကြောင့် ကိုယ်တိုင် ထိုးထွင်း၍ သိမြင်သော ဉာဏ်ရရှိရန် သီလ, သမာဓိ, ပညာဟူ၍ အဆင့်အဆင့် ပွားများအားထုတ်ခြင်း ဘာဝနာအမှုကို ပြုကြရသည်။ လောဘ, ဒေါသ, မောဟတရားတို့ ကိုယ်နှင့်နှုတ်တွင် မလွန်ကျူးစေရန် အားထုတ်ရသည်။ စိတ်အစဉ်တွင် မထကြွစေရန် အားထုတ်ရသည်။ အကြွင်းမဲ့ ပယ်သတ်နိုင်ရန် အားထုတ်ရသည်။ ထိုသို့အားထုတ်မှု အဆင့်ဆင့်တွင် လောဘ, ဒေါသ, မောဟတို့ ဖြစ်လျှင် ဖြစ်ပေါ်သည်, မဖြစ်လျှင် မဖြစ်ပေါ်သည်ကို မိမိတို့ အားထုတ်နေသော ဉာဏ်အဆင့်အလျှောက် ကိုယ်တိုင် သိရှိနိုင်ပေသည်။ ထိုသို့သိသော အသိတို့သည် “ယုံကြည်ခြင်း, နှစ်သက်ခြင်း” စသည်တို့ သက်သက်ပေါ်တွင် အခြေခံသော အသိများမဟုတ်တော့ပဲ ပညာဖြင့် ကိုယ်တိုင် သိမြင်သော အသိများဖြစ်လေသည်။

ရဟန်းတို့ … ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်စဉ် မိမိတို့၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ ထင်ရှားရှိသော် “ငါ၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ ရှိသည်” ဟု သိ၏။ မိမိတို့၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ ထင်ရှား မရှိသော် “ငါ၏ အဇ္ဈတ္တသန္တာန်၌ ရာဂ, ဒေါသ, မောဟ မရှိ” ဟု သိ၏။ ရဟန်းတို့ … ဤသို့သိခြင်းသည် ယုံကြည်မှုဖြင့် သိခြင်းလော၊ နှစ်သက်မှုဖြင့် သိခြင်းလော၊ တစ်ဆင့်ကြားဖြင့် သိခြင်းလော၊ အခြင်းရာအား ကြံစည်၍ သိခြင်းလော၊ အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံကာ သိခြင်းလော။ မဟုတ်ပါအရှင်ဘုရား… ။ ရဟန်းတို့ … ဤတရားတို့ကို ပညာဖြင့် သိမြင်သည် မဟုတ်လော။ မှန်ပါသည် အရှင်ဘုရား။ (သံ-၄-၁၅၃၊ သဠာယတနဝဂ္ဂသံယုတ်၊ သဠာယတနသံယုတ်၊ နဝပုရာဏဝဂ်၊ အတ္ထိနုခေါပရိယာယသုတ်)

ကုသိုလ်နှင့် အကုသိုလ်
မြတ်စွာဘုရားသည် ကာလာမတို့အား ယုံမှားသံသယဖြစ်ဖွယ် ပမာဏများပေါ်တွင် တစ်ထစ်ချ ကောက်ယူခြင်း မပြုရန် ဟောကြားပြီးနောက် မိမိတိုအဆင့်အားလျှော်စွာ ကိုယ်တိုင်သိနိုင်သည့် အကုသိုလ်တရားတို့ကို ပယ်စွန့်ရန်, ကုသိုလ်တရားတို့ကို ပွားများရန် ဆက်လက် ဟောကြားတော်မူ၏။

[…] ကာလာမတို့ … “ဤတရားတို့သည် အကုသိုလ်တရားတည်း။ အပြစ်ရှိသော တရားတည်း။ ပညာရှိတို့ ကဲ့ရဲ့အပ်သောတရားတည်း။ လက်ခံကျင့်သုံးပါက အကျိုးစီးပွားမဲ့ခြင်းငှာ, ဆင်းရဲခြင်းငှာ ဖြစ်ကုန်၏။” ဟု
သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိငြားအံ့ (အတ္တနာ၀ ဇာနေယျာထ)၊ ထိုတရားတို့အား ပယ်စွန့်ကြရာ၏။

ကာလာမတို့… “မိမိတို့၏ အတွင်းသန္တာန်၌ လောဘ, ဒေါသ, မောဟ ဖြစ်သော် အကျိုးစီးပွားရှိခြင်းငှာ ဖြစ်သလော၊ အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်သလော” အဘယ်သို့ ထင်မှတ်သနည်း။ (အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်ပါသည် အရှင်ဘုရား။ )

ကာလာမတို့…. လောဘ, ဒေါသ, မောဟတို့ ဖုံးလွှမ်းသိမ်းယူထားသည့် တပ်မက်သူ, အမျက်ထွက်သူ, တွေဝေသူသည် အသက်ကို သတ်၏။ မပေးသည်ကိုလည်း ယူ၏။ တစ်ပါးသူ၏ မယားကိုလည်း ပြစ်မှား၏။ မမှန်သောစကားကိုလည်း ဆို၏။ တစ်ပါးသူတို့ကိုလည်း ထို့အတူပင် ပြုစေ၏။ ဤသို့ဖြစ်သော် အရှည်သဖြင့်တွင့် အကျိုးစီးပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ရာသည် မဟုတ်လော။ (ဖြစ်နိုင်ပါသည် အရှင်ဘုရား။)

[…] ကာလာမတို့ … “ဤတရားတို့သည် ကုသိုလ်တရားတည်း။ အပြစ်မရှိသော တရားတည်း။ ပညာရှိတို့ ချီးမွမ်းအပ်သောတရားတည်း။ လက်ခံကျင့်သုံးပါက အကျိုးစီးပွားရှိခြင်းငှာ, ချမ်းသာခြင်းငှာ ဖြစ်ကုန်၏။” ဟု သင်တို့သည် မိမိတို့ကိုယ်တိုင်ပင် သိငြားအံ့၊ ထိုတရားတို့အား ပြည့်စုံကြစေရာ၏။

ကာလာမတို့… “မိမိတို့၏ အတွင်းသန္တာန်၌ အလောဘ, အဒေါသ, အမောဟ ဖြစ်သော် အကျိုးစီးပွားရှိခြင်းငှာ ဖြစ်သလော၊ အကျိုးစီးပွားမဲ့ခြင်းငှာ ဖြစ်သလော?” အဘယ်သို့ ထင်မှတ်သနည်း။ (အကျိုးစီးပွားရှိခြင်းငှာ ဖြစ်ပါသည် အရှင်ဘုရား။)

ကာလာမတို့…. လောဘ, ဒေါသ, မောဟတို့ ဖုံးလွှမ်းသိမ်းယူထားခြင်း မရှိသည့် မတပ်မက်သူ, အမျက်မထွက်သူ, မတွေဝေသူသည် အသက်ကို မသတ်။ မပေးသည်ကိုလည်း မယူ။ တစ်ပါးသူ၏ မယားကိုလည်း မပြစ်မှား။ မမှန်သောစကားကိုလည်း မဆို။ တစ်ပါးသူတို့ကိုလည်း ထို့အတူပင် မပြုစေ၏။ ဤသို့ဖြစ်သော် အရှည်သဖြင့်တွင် အကျိုးစီးပွားရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ရာသည် မဟုတ်လော။ (ဖြစ်နိုင်ပါသည် အရှင်ဘုရား။)
(အံ-၃-၆၆၊ အဂုၤတ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)

ဤတရားဒေသနာသည် အနောက်တိုင်းဒဿနပညာမှ ပဓာနကျသည့် ကိုယ်ကျင့်တရားနှင့်ပတ်သက်သော အယူအဆသုံးမျိုးအား အကျဉ်းအားဖြင့် ခြုံငုံမိနေသည်ကို တွေ့ရပေမည်။ ပထမအုပ်စုသည် အပြုအမူတို့၏ နောက်ဆက်တွဲ အကျိုးဆက်ကို အလေးပေး၍ ကောင်းဆိုးခွဲခြားသော အယူအဆ Consequentialism/Utilitarianism ဖြစ်သည်။ ဒုတိယအုပ်စု Deontological Ethics သည် ကျင့်ဝတ် စည်းမျည်းတို့အား လိုက်နာမှုကို ပဓာနထားသည်။ တတိယအုပ်စု Virtue Ethics က အဇ္ဈတ္တသန္တန်မှ သူတော်ကောင်းတရား (Virtue) တို့ကို မြတ်နိုးတန်ဖိုးထား၍ ယင်းစရိုက်ကောင်းများကို မြှင့်တင်ပေးရန် လေ့ကျင့်ပညာပေးမှုကို အလေးထားသည်။

ကာလာမသုတ်ဒေသနာတွင် “အပြစ်ရှိခြင်း, သူတော်ကောင်းတို့ ကဲ့ရဲ့အပ်ခြင်း, အကျိုးစီးပွားမဲ့၍ ဆင်းရဲကို ဖြစ်စေခြင်း” စသည့် နောက်ဆက်တွဲ အကျိုးဆက်များဖြင့် အကုသိုလ်၏ အနက်ပရိယာယ်ကို ဟောကြားထားသည်။ နောက်ဆက်တွဲ အကျိုးဆက် ဆိုရာတွင် မျက်မှောက်ဘဝ၌ ခံစားရမည့် အကျိုးဆက်နှင့် နောင်တမလွန်ဘဝ၌ ခံစားရမည့် အကျိုးဆက်ဟူ၍ နှစ်မျိုး ရှိသည်။ သုတ္တန်တို့တွင် နာကြားသူ၏ စရိုက်, စကားဆက်စပ်မှုတို့ပေါ်တည်၍ တမလွန်အကျိုးကို ဦးစားပေး၍ ဟောသည်ရှိသလို, မျက်မှောက်အကျိုးကိုဦးစားပေး ဟောကြားသည်လည်း ရှိသည်။ အချို့လည်း မျက်မှောက်, တမလွန်နှစ်မျိုးလုံး ထည့်သွင်းဟောကြားသည်။ ဥပမာ အတ္တာနုဝါဒသုတ် (အံ-၄-၁၂၁၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ ဘယဝဂ်၊ အတ္တာနုဝါဒသုတ်) တွင် (၁) မိမိကို မိမိ ကဲ့ရဲ့စွပ်စွဲအပ်သော အတ္တာနုဝါဒဘေး (၂) သူတစ်ပါးတို့က ကဲ့ရဲ့စွပ်စွဲအပ်သော ပရာနုဝါဒဘေး (၃) အပြစ်ဒဏ်ခတ်ခြင်း ခံရသော ဒဏ္ဍဘေး (၄) သေလွန်က မကောင်းသော လားရာသို့ရောက်သော ဒုဂ္ဂတိဘေးဟူ၍ အကျိုးနှစ်မျိုးလုံး ထင်ရှားအောင် ဟောကြားထားသည်။ ဤကာလာမသုတ်ဒေသနာ၌မူ မျက်မှောက်ဘဝ၌ “မိမိတို့ ကိုယ်တိုင်ပင် သိနိုင်သော” (အတ္တနာ၀ ဇာနေယျ) အကျိုးများကိုသာ ဟောကြားထားသည်ကို တွေ့နိုင်သည်။

ကုသိုလ်, အကုသိုလ်၏ အနက်အား အကျိုးဆက် သက်သက်ဖြင့် ဝေဖန်ခြင်းသည် မပြည့်စုံ။ ကုသိုလ်, အကုသိုလ်၏ မူလအကြောင်းရင်းမြစ်သည်လည်း အရေးပါသည်။ လောဘ, ဒေါသ, မောဟတရားတို့သည် အကုသိုလ်၏ မူလရင်းမြစ်ဖြစ်၍ အလောဘ, အဒေါသ, အမောဟတရားတို့သည် ကုသိုလ်၏ မူလရင်းမြစ်ဖြစ်သည် (မ-၁-၈၉၊ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မူလပရိယာယဝဂ်၊ သမ္မာဒိဋ္ဌိသုတ်) (အံ-၃-၇၀၊ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ အကုသလမူလသုတ္တံ)။ မိမိတို့၏ အတွင်းသန္တာန်တွင် လောဘ, ဒေါသ, မောဟတရားတို့ဖြစ်ပွားပါက အကုသိုလ်ဟု သတ်မှတ်၍ ထိုတရားတို့ကို ပယ်သတ်ရန် ဟောကြားထားသည်။ တစ်ဖန် “အပြစ်ရှိခြင်း, သူတော်ကောင်းတို့ကဲ့ရဲ့အပ်ခြင်း, မိမိကို မိမိ လိပ်ပြာမလုံခြင်း, သူတစ်ပါးက ကဲ့ရဲ့စွပ်စွဲခြင်း” စသည်တို့သည် အကျိုးဆက်ဖြစ်သည် မှန်သော်လည်း၊ တနည်းအားဖြင့် အရှက်, အကြောက်တရားတို့ကို ရည်ညွှန်းသည်။ ဗုဒ္ဓဘာသာတွင် မကောင်းမှုပြုရန် ရှက်ခြင်း (ဟိရီ), မကောင်းမှုပြုရန် ကြောက်ခြင်း(သြတ္တပ္ပ)ကို အလေးပေးတန်ဖိုးထားသည်။ ရှက်ခြင်းသည် မိမိကို မိမိ လေးစားသောအားဖြင့် မကောင်းမှု မပြုခြင်းဖြစ်၍၊ ကြောက်ခြင်းသည် (မိမိမှ တစ်ပါးသော) သူတော်ကောင်းတို့ ကဲ့ရဲ့စွပ်စွဲမည်ကို ငဲ့၍ ကြောက်ခြင်းဖြစ်သည်။ ဤတရားနှစ်ပါးသည် မကောင်းမှုကို ရှောင်ကြဉ်ရန်အတွက် အရေးပါသော လောကပါလတရားများဟု သတ်မှတ်သည် (အံ-၂-၉၊ အင်္ဂုတ္တရနိကာယ် ဒုကနိပါတ်၊ ကမ္မကရဏဝဂ်၊ စရိယသုတ်)။ “သဒ္ဓါ, သီလ, ဟိရီ, သြတ္တပ္ပ, သုတ, စာဂ, ပညာ” ဟူသော သူတော်ကောင်း ဥစ္စာခုနှစ်ပါးတွင် ထည့်သွင်းထားသည်။ လောဘ, ဒေါသ, မောဟ ပယ်သတ်ခြင်း, သူတော်ကောင်းတရားများ ပွားများစေခြင်းတို့အား အနောက်တိုင်းဒဿနမှ Virtue Ethics မှ စာရိတ္တပညာရေးနှင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။ သို့သော်လည်း ဗုဒ္ဓသာသနာ၏ နောက်ဆုံးပန်းတိုင်သည် အရစ္စတိုတယ်၏ Nicomachean Ethics မှ magnanimous man ခေါ် သူတော်ကောင်း ဖြစ်ရေး, သူရဲကောင်း ဖြစ်ရေး သက်သက်မဟုတ်၊ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရေး ဝိမုတ္တိရသ အတွက် ဖြစ်လေသည်။

အခြားသောရှုထောင့်သည် ကုသိုလ်အမှု, အကုသိုလ်အမှုတို့ကို ဖြစ်စေသော လမ်းကြောင်း (ကမ္မပထ) မှ ဝေဖန်ခြင်းဖြစ်သည်။ “သူ့အသက်သတ်ခြင်း, မပေးသည်ကိုယူခြင်း” စသည်တို့သည် အကုသိုလ်အမှုတို့ကို ဖြစ်စေသည့် လမ်းကြောင်း (အကုသလ ကမ္မပထ) ဖြစ်၏။ ယင်းတို့ကို ရှောင်ကြဉ်ခြင်းသည် ကုသိုလ်အမှုတို့ကို ဖြစ်စေသည့် လမ်းကြောင်း (ကုသလ ကမ္မပထ) ဖြစ်၏။ သမ္မာဒိဋ္ဌိသုတ်နှင့် အခြားသောသုတ္တန်ဒေသနာများတွင် အကုသိုလ်အား အကုသလကမ္မပထ (၁၀) ပါးဖြင့် သတ်မှတ်၍ ဟောကြားသည်။

(၁) သူ့အသက်သတ်ခြင်း (ပါဏာတိပါတာ)
(၂) မပေးသည်ကို ယူခြင်း (အဒိန္နာဒါန)
(၃) ကာမ၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ)
(၄) မဟုတ် မမှန် ပြောဆိုခြင်း (မုသာဝါဒ)
(၅) ကုန်းချော ပြောဆိုခြင်း (ပိသုဏာဝါစာ)
(၆) ကြမ်းတမ်းစွာ ပြောဆိုခြင်း (ဖရုသာဝါစာ)
(၇) ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း (သမ္ပပ္ဖလာပ)
(၈) (သူတစ်ပါး၏ ပစ္စည်း ဥစ္စာအား) မက်မော ရှေးရှုကြံစည်ခြင်း (အဘိဇ္ဈာ)
(၉) သူတစ်ပါးအား ပျက်စီးစေလိုခြင်း (ဗျာပါဒ)
(၁၀) မှားယွင်းသောအယူရှိခြင်း (မိစ္ဆာဒိဋ္ဌိ)

ကမ္မပထ ဆယ်ပါးအနက် ပထမသုံးပါး (၁ မှ ၃ ထိ) သည် ကိုယ်ဖြင့် ပြုမူသော ကာယကံအမှုများဖြစ်သည်။ ဒုတိယလေးပါး ( ၄ မှ ၇ ထိ) သည် နှုတ်ဖြင့် ပြောဆိုသော ဝစီကံအမှုများဖြစ်သည်။ နောက်ဆုံးသုံးပါး ( ၈ မှ ၁၀ ထိ) သည် မနောဖြင့် ကြံစည်သော မနောကံအမှုများ ဖြစ်ကြသည်။ ဤတွင် ကိုယ်နှုတ်နှစ်ပါးဖြင့် (တနည်း ကမ္မပထအားဖြင့် ၇-ပါးသော အမှုများဖြင့်) အကုသိုလ် မဖြစ်ပွားစေရန် ရှောင်ကြဉ်ခြင်းအား သီလစောင့်ထိန်းခြင်းဟု ခေါ်သည်။ ငါးပါးသီလစသဖြင့်သော ကိုယ်ကျင့်သိက္ခာပုဒ်များသည် “မသတ်ရ, မခိုးရ” တားမြစ်ထားသည်များကို ရှောင်ကြဉ်ခြင်း (ဝိရတီ) သဘောဖြင့် ပြလေ့ရှိသည်။ ဤသို့သော သီလတို့အား ဝါရိတ္တသီလဟု ခေါ်သည်။ မြတ်သောအကျင့်၏ အခြေခံအစ ဖြစ်သဖြင့် အာဒိဗြဟ္မာစာရိက သီလဟုခေါ်သည်။ သို့သော် “မသတ်ရန်, မခိုးရန်” သာမက “သတ္တဝါတို့အား လစ်လျူရှုမထားပဲ အစဉ်သနားသောအားဖြင့် သတ္တဝါတို့၏ အကျိုးစီးပွားကို စောင့်ရှောက်ရသည်”။ ဤသို့ ဝတ္တရားများအား ဖြည့်ကျင့်ရခြင်းအား စာရိတ္တသီလဟု ခေါ်သည်။ အခြေခံထက်ပို၍ မွန်မြတ်သောကြောင့် အာဘိသမာစာရိက သီလဟု ခေါ်သည်။ ထို့ကြောင့် မြတ်သောအကျင့်အား ကျင့်သုံးသူသည် အခြေခံဖြစ်သော ရှောင်ကြဉ်မှု အာဒိဗြဟ္မာစာရိကမျှဖြင့် တင်းတိမ်နေရန် မဟုတ်ပဲ၊ ပို၍ မွန်မြတ်သော လိုက်နာကျင့်သုံးမှု အာဘိသမာစာရိကကိုလည်း ဖြည့်ဆည်းရန် လိုအပ်သည်။ မဖြည့်ဆည်းပါက သီလပြည့်စုံခြင်း မဖြစ်နိုင်၊ သီလပြည့်စုံခြင်း မဖြစ်လျှင် သမာဓိပြည့်စုံခြင်း မဖြစ်နိုင်ဟု ဟောကြားထားသည်။ (အံ-၅-၂၁၊ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ပဉ္စင်္ဂိကဝဂ်၊ ပဌမအဂါရဝသုတ်)

ဤသို့ ရှောင်ကြဉ်ရန် စည်းကမ်းများ (ဝါရိတ္တ) နှင့် လိုက်နာရန် စည်းကမ်းများ (စာရိတ္တ) များဖြင့် ကုသိုလ်, အကုသိုလ်အား သတ်မှတ်ခြင်းသည် အနောက်တိုင်းကိုယ်ကျင့်ဒဿနအလိုအရ Deontological Ethics ဖြစ်သည်။ ထို့ကြောင့် ကာလာမသုတ်ဒေသနာတွင် ပယ်စွန့်ရန် အကုသိုလ်နှင့် ဖြည်ဆည်းရန် ကုသိုလ်တရားတို့အား အကျိုး (ဝိပါက), အကြောင်း (မူလ), ကံဖြစ်စေသည့် လမ်းကြောင်း (ကမ္မပထ) ဟူသော ရှုထောင့်သုံးရပ်လုံးမှ ဟောကြားထားသည်ကို တွေ့ရသည်။ သို့သော် အနောက်တိုင်းဒဿနများမှ consequentialism, vritue ethics နှင့် deontological ethics တို့ကဲ့သို့ အမြင်တစ်ခုနှင့် တစ်ခု အငြင်းပွားနေရန်မလိုပဲ ရှုထောင့်သုံးရပ်လုံး တစ်စည်းတစ်လုံးတည်းရှိကာ ကိုယ်ကျင့်သီလထက် ပိုမိုအဆင့်မြင့်သော သမာဓိ, ပညာနှင့် ဝိမုတ္တိတရားတို့သို့ တက်လှမ်းရန် ဖြစ်သည်။

[…] သီလ၌ တည်၍ ဖြစ်စေအပ်သော သမာဓိသည် များစွာသော အကျိုး အာနိသင်ရှိ၏။ သမာဓိ၌ တည်၍ ဖြစ်စေအပ်သော ပညာသည် များစွာသော အကျိုး အာနိသင်ရှိ၏။ ပညာ၌ တည်၍ဖြစ်သော စိတ်သည် ကာမာသဝ, ဘဝါသဝ, အဝိဇ္ဇာသဝဟူသော အာသဝေါတို့မှ ကောင်းစွာ လွတ်မြောက်၏။ (ဒီ-၂-၁၅၅၊ ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာပရိနိဗ္ဗာနသုတ်)


Wednesday, October 7, 2009

ကာလာမသုတ် - ပွင့်လင်းသော နှလုံးသားဖြင့် ထောက်တည်ရာ ရှာမှီးခြင်း - ၁


ကာလာမသုတ် (ကေသမုတ္တိသုတ်) သည် ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တို့ မကြာခဏ ကိုးကားလေ့ရှိကြသော ဒေသနာတစ်ပုဒ် ဖြစ်သည်။ ဤဒေသနာအား မြတ်ဗုဒ္ဓ၏ လွတ်လပ်စွာ စူးစမ်းတွေးခေါ်မှု ပဋိညာဉ်စာတမ်း (Buddha’s Charter of Free Inquiry) အဖြစ် ပညာရှင်တို့က သတ်မှတ်ကြသည်။ ဤဒေသနာတော်က မျက်ကန်းယုံကြည်မှုအား ဆန့်ကျင်၍ လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှု, ကိုယ်တွေ့အသိဉာဏ်တို့ကို နှိုးဆော်ထားသည်။ သို့သော်လည်း စာတစ်ပိုဒ်မျှကို ကိုးကားကာ ဗုဒ္ဓဝါဒသည် ယုံကြည်မှုအားလုံးတို့အား ငြင်းပယ်သော ပစ္စုပ္ပန်ဝါဒမျိုး, လက်တွေ့အတွေ့အကြုံဝါဒမျိုး (pragmatic empiricism) အဖြစ် ကောက်ချက်ဆွဲရန်ကား မသင့်။ ကာလာမသုတ်သည် အယူဝါဒကွန်ယက်တို့ အလယ်တွင် တွေဝေနေသူတို့အား “ပွင့်လင်းသော နှလုံးသားကို အခြေတည်ကာ ထောက်တည်ရာ ရှာမှီးရန်” လမ်းညွှန်ထားသော ဒေသနာဖြစ်သည်။ မိမိ၏ အယူဝါဒအပေါ် တရားသေဆုပ်ကိုင်ထားသော ကာပဋိကလုလင်အား ဟောကြားသည့် မဇ္ဈိမနိကာယ်မှ စင်္ကီသုတ်ဖြင့် တွဲဖက်လေ့လာကြည့်ပါက သစ္စာတရား ရှာပုံတော်ခရီးတွင် “ပွင့်လင်းသော နှလုံးသား” ဖြင့် စတင်ရန် မည်မျှအရေးပါကြောင်း သိနိုင်ပါသည်။ ထို့ကြောင့် ကာလာမသုတ် ခေါ် ကေသမုတ္တိသုတ်၏ ဆိုလိုရင်း အဓိပ္ပါယ် ပေါ်လွင်စေရန် စင်္ကီသုတ်အပါအဝင် အခြားသော နိကာယ်ကြီးများတွင် ဟောကြားထားသည့် သုတ္တန်ဒေသနာတော်များနှင့် ဆက်စပ်၍ တင်ပြပါမည်။


ဒေသနာနိဒါန်း


မြတ်စွာဘုရားသည် ကေသမုတ္တိ မည်သောအရပ်မှ ကာလာမနွယ်ဖွားတို့အား ဟောကြားခဲ့၍ ကေသမုတ္တိသုတ် (တနည်း) ကာလာမသုတ်ဟု အမည်ရသည်။ ကေသမုတ္တိသည် တောအုပ်အစပ်တွင်တည်ရှိ၍ တောရိပ်ခိုသည့် ရသေ့ရဟန်းတို့ တစ်ထောက်တနား စတည်းချရာ နေရာဖြစ်သည်။ ထိုရသေ့ရဟန်းတို့သည် မိမိတို့၏ အယူဝါဒများကို ဟောပြောကြ၍ အခြားသူတို့၏ အယူဝါဒများကို အပြစ်တင် ရှုတ်ချကြသည်။ ဤသို့ဖြင့် တစ်ယောက်တစ်မျိုး ပြောဟောနေကြသောအခါ ကာလာမတို့သည် အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်စွမ်း မရှိတော့ပဲ ရှုတ်ထွေးတွေေ၀ နေကြသည်။ ယုံမှားသံသယတို့ ပြည့်နေကြသည်။ ကေသမုတ္တိသို့ မြတ်စွာဘုရားရှင် ကြွရောက်လာသောအခါ ကာလာမတို့သည် မိမိတို့၏ ရှုတ်ထွေးတွေဝေနေမှုကို လျှောက်ထားကြ၏။ ဘုရားရှင်က “ကာလာမတို့… သင်တို့၏ ယုံမှားခြင်းသည် သင့်ပေ၏။ သင်တို့၏ မဝေခွဲနိုင်ခြင်းသည် သင့်ပေ၏။ သင်တို့သည် ယုံမှားသင့်သောအရာ၌ ယုံမှားခြင်းသာ ဖြစ်ပေ၏” ဟု အစချီ၍ ကာလာမသုတ်ဒေသနာကို ဟောကြားခဲ့သည်။


ယုံမှားသံသယဖြစ်ဖွယ် အချက် ၁၀-ချက်

ကာလာမတို့… သင်တို့သည်
(၁) တစ်ဆင့်စကားကြားကာမျှဖြင့် မယူလင့်ဦး (မာ အနုဿဝေန)၊
(၂) အစဉ်အဆက်စကားမျှဖြင့်လည်း မယူလင့်ဦး (မာ ပရမ္ပရာယ)၊
(၃) ဤအရာသည် ဤသို့ ဖြစ်ဖူးသတဲ့ဟူသော စကားမျှဖြင့်လည်း မယူလင့်ဦး (မာ ဣတိကိရာယ)၊
(၄) စာပေကျမ်းဂန်များနှင့် ညီညွတ်သည်ဟူ၍လည်း မယူလင့်ဦး (မာ ပိဋကသမ္ပဒါနေန)၊
(၅) တွေးတောကြံစည်ခြင်းဟူသော အကြောင်းမျှဖြင့်လည်း မယူလင့်ဦး (မာ တက္ကဟေတု)၊
(၆) နည်းယူဆင်ခြင်ခြင်းဟူသော အကြောင်းမျှဖြင့်လည်း မယူလင့်ဦး (မာ နယဟေတု)၊
(၇) အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူလင့်ဦး (မာ အာကာရ ပရိဝိတက္ကေန)၊
(၈) အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံရုံမျှဖြင့်လည်း မယူလင့်ဦး (မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ)၊
(၉) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူလင့်ဦး (မာ ဘဗ္ဗရူပတာယ)
(၁၀) မိမိတို့ လေးစားသော ရဟန်း၏စကားဖြစ်ကာမျှဖြင့် မယူလင့်ဦး (မာ သမဏော နော ဂရု)၊
(အံ-၃-၆၆၊ အဂုၤတ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)

လူအများစုတို့သည် မိမိတို့၏ စရိုက်အလိုက် “တစ်ဆင့်စကား, အစဉ်အဆက်စကား” စသည့် အချက်များမှ တစ်ချက်ချက်နှင့် ပြည့်စုံပါက အမှန်ဟု ယူဆတတ်ကြသည်။ အယူအဆတစ်ခု၏ အမှားအမှန်ကို ဤအချက်များဖြင့် ထောက်ဆတိုင်းထွာလေ့ ရှိကြသည်။ မှန်ကန်သော အသိပညာရရာ ရကြောင်း အထောက်အထားတို့အား အရှေ့တိုင်းဒဿနစာပေတွင် “ပမာဏ” ဟုခေါ်သည်။ အထက်တွင် ဖော်ပြခဲ့သည့် အချက် ၁၀-ချက်, ပမာဏ ၁၀-မျိုးတို့အား ယုံမှားသံသယဖြစ်ဖွယ် (ကင်္ခနီယ) အဖြစ်သတ်မှတ်၍ ထိုအချက်တို့ ပြည့်စုံရုံမျှဖြင့် အမှန်ဟု “မယူလင့်ဦး” ဟုဟောကြားခြင်း ဖြစ်သည်။ သို့သော် ယင်းပမာဏများအား ငြင်းပယ်လိုက်ခြင်း မဟုတ်ပါ။

ကာလာမသုတ်တွင် ဟောကြားခဲ့သော ယုံမှားသံသယဖြစ်ဖွယ် ပမာဏ ၁၀-ချက်အား အခြားသော သုတ္တန်များတွင် အယူဝါဒတို့၏ အခြေခံပမာဏ ၅-ချက်အဖြစ် အကျဉ်းခြုံး၍ တွေ့ရသည်။ ထိုအချက်များသည် အမှန်ဟု တထစ်ချ ဆုံးဖြတ်နိုင်လောက်အောင် ခိုင်လုံသော ပမာဏများ မဟုတ်။ မှန်လျှင်မှန်၍ မှားလျှင်မှားနိုင်သော အကျိုးနှစ်မျိုး (ဒွေဓာ ဝိပါကာ) ရှိသည့် ပမာဏများဖြစ်ကြောင်း ဗုဒ္ဓက စင်္ကီသုတ်တွင် ဘာရဒွါဇနွယ်ဖွား ကာပဋိကလုလင်အား ဟောကြားခဲ့သည်။

ဘာရဒွါဇ… ဤငါးပါးတို့သည် မျက်မှောက်၌ပင် (အမှန် အမှားဟူသော) အကျိုးနှစ်မျိုးရှိသည်။ အဘယ်ငါးပါးနည်း?
(၁) ယုံကြည်ခြင်း (သဒ္ဓါ)
(၂) နှစ်သက်ခြင်း (ရုစိ)
(၃) တစ်ဆင့်ကြားခြင်း(အနုဿဝ)
(၄) အခြင်းအရာကို ကြံစည်ခြင်း (အာကာရပရိဝိတက္က)
(၅) အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံခြင်း (ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ) တို့တည်း။

ဘာရဒွါဇ… ကောင်းစွာ ယုံကြည်ထားသော်လည်း အချည်းနှီး အမှားဖြစ်တတ်သည်။ ကောင်းစွာ ယုံကြည်မထားသော်လည်း အဟုတ်အမှန် ဖြစ်တတ်သည်။ […] ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံထားသော်လည်း အချည်းနှီး အမှား ဖြစ်တတ်သည်။ ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံထားခြင်း မရှိသော်လည်း အဟုတ်အမှန် ဖြစ်တတ်သည်။
[…] ဘာရဒွါဇ… ယောက်ျားအား ယုံကြည်ခြင်းဖြစ်သော်လည်း “ဤသည်သာ မှန်၏။ အခြားသည် အချည်းအနှီးတည်း” (ဣဒမေ၀ သစ္စံ, မောဃမညန္တိ) ဟု တစ်ဖက်သတ် ဆုံးဖြတ်ခြင်းသို့ မရောက်။ “ငါသည် ဤသို့ ယုံကြည်၏” ဟုသာ ပြောဆို၍ သစ္စာစောင့်၏။ […] ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက် လက်ခံထားသော်လည်း “ဤသည်သာ မှန်၏။ အခြားသည် အချည်းအနှီးတည်း” ဟု တစ်ဖက်သတ် ဆုံးဖြတ်ခြင်းသို့ မရောက်။ “ငါသည် ဤသို့ ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက် လက်ခံထား၏” ဟုသာ ပြောဆို၍ သစ္စာစောင့်၏။ ဘာရဒွါဇ… ဤမျှဖြင့် ငါတို့သည် သစ္စာစောင့်ခြင်း (သစ္စာနုရက္ခဏာ) ကို သတ်မှတ်၏။ (မ-၂-၄၂၈၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ စင်္ကီသုတ်)

ကာလာမသုတ်လာ ပမာဏ-၁၀ ချက်, (အကျဉ်းခြုံး၍ စင်္ကီသုတ်လာ ပမာဏ-၅ ချက်) တို့သည် မှန်လျှင်မှန်၍ မှားလျှင်မှားနိုင်သောကြောင့် ထိုအချက်တို့နှင့် ပြည့်စုံရုံမျှဖြင့် အမှန်ဟု အခိုင်အမာယူ၍ မရနိုင်သေး။ ဤသို့ လှေနံဓားထစ် တရားသေ စွဲယူမှု မရှိခြင်းအား အမှန်တရားအား ထိမ်းသိမ်းစောင့်ရှောက်ခြင်း, သစ္စာစောင့်ခြင်းဟု ဗုဒ္ဓက မိန့်ကြားခဲ့သည်။ ထိုပမာဏများကို အကြောင်းပြု၍ “ငါ့အမြင်သာ အမှန်, ငါ့အမြင်မှကွဲလျှင် အမှား” ဟု တစ်ဖက်သတ် ယူလိုက်ပါက အမှန်တရား အစစ်နှင့် ကင်းဝေးသွားပေမည်။ ထို့ကြောင့် ကာလာမသုတ်လာ အချက် ၁၀-ချက်တို့သည် ငြင်းပယ်ရမည်ဟု မဆို၊ အမှန်တရားအတွက် မိမိတို့၏ နှလုံးသားအား တံခါးဖွင့်ထားရန် နှိုးဆော်လိုက်ခြင်းသာ ဖြစ်သည်။ သစ္စာတရား ရှာပုံတော်ခရီး၏ အစဖြစ်သော သစ္စာစောင့်ခြင်းအတွက်ဖြစ်သည်။ (စင်္ကီသုတ်တွင် အမှန်တရားအား လျှော်စွာသိခြင်း (သစ္စာနုဗောဓာ), အမှန်တရားသု့ိ ဆိုက်ရောက်ခြင်း (သစ္စာနုပ္ပတ္တိ) ဟူသော အဆင့် ၂-ဆင့်ကို ဗုဒ္ဓက ဆက်လက် ဟောကြားထားပါသည်။)

ဧရာ(မန္တလေး)

Tuesday, October 6, 2009

လမ်းထဲက FRC တွေ - ၂

ကျမတို့အိမ်နှင့် မျက်စောင်းထိုး နှစ်ဆောင်ပြိုင် နှစ်ထပ် သစ်သားအိမ်ကြီး၏ အပေါ်ထပ် ခြေရင်းခန်းတွင် တရုတ်မိသားစု တစု နေထိုင်ကြပါသည်။ သူတို့၏ ဖခင်ကြီးမှာ ကျမတို့ ငယ်ငယ်မှာပင် သူ့အသက်လည်း သိပ်မကြီးသေးပဲ ဆုံးပါးသွားခဲ့ပါသည်။ ဘာရောဂါလည်းတော့ အသေအချာ မသိခဲ့ပါ။ ကျမ အကိုကြီး ပြန်ပြောသလောက် မှတ်မိနေခဲ့သည်မှာ… “အန်ကယ်ကြီးက အေးဆေးပြီး သိပ်သဘောကောင်းတာ၊ သေခါနီးမှ ဘာဖြစ်သွားတယ် မသိဘူး စိတ်ဖောက်ပြန် သွားရှာတယ်…” ဟူ၍သာ။

နောက်တော့ အန်ကယ်ကြီး၏ ဇနီး ကျမတို့ကတော့ သူ့ကလေးများ ခေါ်သလို မာမား ဟုပင် လိုက်ခေါ်သော အန်တီကြီးမှာလည်း တဖြေးဖြေးနှင့် ယဉ်ယဉ်လေး စိတ်ဖောက်ပြန် လာပါတော့သည်။ တချိန်လုံး ပြုံးနေပြီး ဘာစကားမှ မပြောတော့ပါ။ ည ည ဆိုလျှင် အိမ်ပေါ်မှ ဆင်း၍ ခြေဦးတည့်ရာ လျှောက်သွားတတ်ပါသဖြင့် သူတို့၏ သမီးအကြီးဆုံး အမကြီးမှာ မာမားကို အချိန်ပြည့် အနီးကပ် စောင့်ရှောက်သူ ဖြစ်လာရပါတော့သည်။ ထိုအမကြီး၏ အောက်တွင် ယောက်ျားလေးနှစ်ယောက် ဖြစ်ပြီး သူတို့အောက် မိန်းကလေး ၃ယောက်မှာ အကြီးမက ကျမအထက်က အမနှင့် မတိမ်းမယိမ်း၊ အလတ်မက ကျမနှင့်ရွယ်တူ၊ အငယ်မလေးက ကျမညီမလေးနှင့် အရွယ်တူ အတန်းတူ ကစားဖော်များ ဖြစ်ခဲ့ကြပါသည်။

သူတို့ညီအမ ၃ယောက်လုံး ကစားသန်ကြပါသည်။ အလတ်မမှာ အငြင်းပါသန်ပါသည်။ ထုတ်ဆီးတိုးကြပြီဟေ့ ဆိုလျှင် သူတို့ညီအမများသည် ခေါင်သူကြီးများ ဖြစ်ကြပြီး အလယ်စည်းမှ တဖက်အသင်းသား ကျောကုန်းကို အုံးကနဲ နေအောင် ရိုက်ဖမ်းနိုင်စွမ်းရှိကြပါသည်။ သို့ပါသော်လည်း သူတို့၏ မာမားကိုမူ ကြမ်းကြမ်းတမ်းတမ်း ပြောဆို ဆက်ဆံခြင်းမျိုး တခါဖူးမှ မတွေ့ခဲ့ရပါ။ မာမားကို ကလေးတယောက်လိုပင် အလိုလိုက်ထားကြပါသည်။ စနေ တနင်္ဂနွေလိုနေ့မျိုးတွင် မာမားကို ခေါ်၍ မြို့ထဲလိုမျိုး ထွက်ပေးကြသည်။ စိတ်ဖောက်နေသည့် အမေကြီးဆိုပြီး ချောင်ထိုးမထား။ အိမ်နီးနားချင်းတို့၏ အလှူ၊ မင်္ဂလာပွဲများကို မာမားအား သစ်လွင်သော အ၀တ်အစားလေးများ ၀တ်စေ၍ သမီး တယောက်ယောက်နဲ့ အတူသွားစေသည်။ မာမား ရောက်မလာသော အလှူပွဲ ဆိုလျှင်ပင် အလှူရှင်က “ဟဲ့ မာမား နေမကောင်းဘူးလား၊ လာတာမတွေ့သေးဘူး၊ နေမကောင်းဘူး ဆိုရင် ချိုင့်နဲ့ သွားပို့ပေး”ဟု စီစဉ်တတ်ကြသည်အထိ ပတ်ဝန်းကျင်က မာမားကို အလေးထားကြပါသည်။

ကျမတို့ မောင်နှမတတွေ မာမားကို အလေးထားကြပုံလေး အမှတ်တရတခုမှာ… ကျမတို့ အဖေသည် အိမ်မှာ ကက်ဆက်တောင် မဖွင့်ရ ဆူညံဆူညံတွေ မကြိုက်တတ်ကြောင်း ပို့စ်တခုတွင် ရေးပြီးဖြစ်ပါသည်။ နယ်မှာနေသော အဖေ့ညီ ဦးဦးမှာ အဖေ့လို မဟုတ်ပါ။ ကလေး၊ လူငယ်များကို အလိုလိုက်တတ်၍ ပစ္စည်းကောင်းကြိုက်တတ်သူလည်း ဖြစ်ပါသည်။ သူ့အလုပ်အားချိန် ပိုက်ဆံလည်းလက်ထဲမှာ ရှိနေမည် ဆိုပါလျှင် ရန်ကုန်တက်လာပြီး TV လာဝယ်ခြင်း၊ ဗွီဒီယို အောက်စက်လာဝယ်ခြင်း စသဖြင့် လုပ်တတ်ပါသည်။ အခုတခေါက်မှာ ကာယာအိုကေစက် လာဝယ်ခြင်း ဖြစ်ပြီး တညသာ ကျမတို့အိမ်မှာ အိပ်ပြီး မနက်သင်္ဘောနှင့် နယ်ပြန်မည် ဖြစ်ပါ၍ ဒီတညသာ ကျမတို့ မောင်နှမတတွေ ကာယာအိုကေစက်နှင် မိုက် ကောင်းမကောင်း စမ်းသပ်ခွင့်ရကြမည် ဖြစ်ပါသည်။ ထိုစဉ်က သန်းနိုင်၏ “ဆု” အခွေ ပေါက်နေ၏။ “စိတ်မဆိုးနဲ့နော် ခွင့်လွှတ်ပါကွယ် ကိုယ်ရိုင်းနေရင်…” စသည့် သီချင်းအေးအေးလေးများ ပါသလို “ရောင်စုံမမ သိပ်လှတယ်ဗျ…” ဆိုတာမျိုး တအုံတမကြီး ၀ိုင်းအော်လို့ ကောင်းသော သီချင်းများလည်း ပါ၏။ ရောင်စုံမမ သီချင်းမှ အချပိုဒ်လေး “အို မမ အိုး မမ ”ကို အသံဖြင့် “အို မာမား အိုး မာမား ” ဟု သုံးလေးခေါက် အော်ဆိုနေကြပြီးမှ ကိုလေးက “ဟဲ့ နင်တို့ … မာမားက သူ့ခေါ်တယ် အောင်းမေ့ပြီး ဆင်းလာနေဦးမယ်” ဟု သတိပေးတော့မှ အဲ့ဒီနေရာလေးရောက်ရင် အသံကို နှိမ့်ဆိုခဲ့ကြပါသည်။

ဒီလိုနဲ့ ကြီးကောင်လေးတွေ ၀င်လာကြတော့ ကျမနဲ့ရွယ်တူ အလတ်မမှာ သူ့အမများနဲ့ မတူ တမူထူးခြားပြီး သိသိသာသာ တသွေးတမွေး ဖြစ်လာသည်။ အသားအရေမှာလည်း တနေ့ထက်တနေ့ စွတ်စွတ်ဖြူနုလာသည်။ ကိုယ်လုံးကိုယ်ပေါက်လေးမှာလည်း ကောက်ကြောင်းလေးနှင့် ဖြစ်လာသည်။ ကျမတို့နှင့်လည်း အခေါ်အပြောနည်းလာသည်။ “ဒီမိန်းမ လှလာသလောက် သွေးကြီးလာတယ် ငါတို့ကိုတောင် ရှိတယ် မအောင်းမေ့တော့ဘူး” လို့ ကွယ်ရာတွင် အတင်းပြောကြသည်။ ထုံးစံအတိုင်း လူကြီးတွေ စပ်ပေးစား၍ သူ အိမ်ထောင်ပြုသည်။ သူ့ အမျိုးသားမှာ အမေရိကန်တွင် နေထိုင်သူဟု သိရပါသည်။ သူတို့ လက်မှတ်ထိုးတဲ့နေ့ သူတို့အိမ် ၀ရံတာမှာ ဓာတ်ပုံရိုက်တာကို ကျမတို့ အိမ်ကနေ လှန်းကြည့်လိုက်ရပြီး သူ့အမျိုးသားက သူ့ထက် အရပ်ပုတယ် ဆိုတာသာ မှတ်မိလိုက်ပါတော့သည်။ နောက်တော့ ယောင်နောက် ဆံထုံးပါသွားသည်။

ကျမ စင်္ကာပူ ရောက်လာပြီးမှ သူတို့အိမ်ကြီးကို အိမ်ပိုင်ရှင်က ပိုင်ရှင်အသစ်ဆီ ရောင်းလိုက်၍ သူတို့လည်း လမ်းထဲမှာ မရှိကြတော့သလို၊ မာမားလည်း မြန်မာပြည်မှာ မရှိတော့ပါ။ အလတ်မက သူ့အမေကို သူ့နဲ့အတူ ခေါ်ထားခဲ့ပါပြီ။ မာမားမှာ သူ့မြေးတွေ ထိန်းကျောင်းရင်း ကျန်းမာရေးလည်း ကောင်းမွန်နေသည်ဟု ၀မ်းသာဖွယ်ကြားသိရပါသည်။ နောက်များမကြာမီ အကြီးမနဲ့ အငယ်မပါ အလတ်မဆီ လိုက်သွားကြပြီလို့ ထပ်မံကြားသိရပါသည်။

ပထမပို့စ်နှင့် ယခုပို့စ်ပါ ငယ်ငယ်တုန်းက သူငယ်ချင်းများနဲ့ အဆက်အသွယ်မရှိပါ၊ နေရပ်လိပ်စာ မသိပါ။ အားလုံး မသီတာရဲ့ memoryထဲမှာပဲ ရှိပါတော့တယ်။ (Titanic ထဲက ခိုးချတာ)


Monday, October 5, 2009

လမ်းထဲက FRC တွေ

လမ်းထဲက အဒေါ်ကြီးတွေ အကြောင်းရေးခဲ့ပြီး အခု လမ်းထဲက FRCတွေ အကြောင်း ရေးချင်ပြန်ပါသည်။ FRC ဆိုသည်မှာ ကျမတို့ နိုင်ငံတွင် မြန်မာနိုင်ငံသားမဟုတ်သူများ ကိုင်ဆောင်ရန် ထုတ်ပေးသော လက်မှတ်ဖြစ်ပါသည်။ (ဤပို့စ်မှ FRC သည် တရုတ်လူမျိုးများကိုသာ ရည်ရွယ်ပါသည်။) ဘယ်ကနေ အတွေးစ ရလည်း ဆိုပါလျှင် အောက်တိုဘာလက စသည်ဟု ဆိုရပေမည်။ မသီတာအတွက် အောက်တိုဘာလသည် အမှတ်ရစရာ များသောလဖြစ်ပါသည်။ ဒီလမှာ မွေးသည်။ ဒီလမှာ မင်္ဂလာဆောင်သည်။ ဒီလမှာ စင်္ကာပူသို့ ထွက်ခဲ့သည်။

အောက်တိုဘာလ စ၀င်ကတည်းက လူက ခပ်ငိုင်ငိုင်လေးတွေးမိသည်။ “အင်း ငါဒီမှာ နိုင်ငံခြားသား FRC အဖြစ်နေလာလိုက်တာ ဆယ်စုနှစ်တခုတောင် တော်တော်ကျော်လာပါကောလား…”။ ထိုအတွေးစမှ တဆင့် FRC တယောက်အနေနှင့် ဘယ်လို နေသင့်၊ ထိုင်သင့်၊ စိတ်သဘောထားသင့်သလဲ ဆိုသည့် အတွေးဆက်ကာ ငယ်စဉ် လမ်းထဲက အမှတ်တရ အကြောင်းလေးတွေ တရေးရေးပေါ်လာခြင်း ဖြစ်ပါသည်။

အဖေ ဒီအိမ်ကြီးကို ကျမမွေးကာစမှာ ၀ယ်လိုက်တော့ နှစ်ဆောင်ပြိုင် နှစ်ထပ် သစ်သားအိမ်ကြီး ဖြစ်ပြီး အခန်းခန်း အဆောင်ဆောင် ထပ်ခိုးအဆင့်ဆင့်မှာ အိမ်ထောင်စုတွေ တပြုံကြီးနှင့် ဖြစ်သည်ဟု ကြားဖူးသည်။ ယခင်အိမ်ရှင်မှ အပိုင်းပိုင်းဖြင့် အိမ်ငှားချထားသူများကို အဖေက တရစ်ချင်း ရှင်းလာပြီး ကျမ သိတတ်သောအရွယ်ရောက်သောအခါ အိမ်ငှားဟူ၍ အပေါ်ထပ် ခြေရင်းခန်း၌ နေသော တရုတ်မိသားစု တစုသာ ကျန်တော့သည်။

ထိုမိသားစုမှာ မိဘများမရှိကြတော့ပါ။ လူပျိုကြီးလား၊ အိမ်ထောင်မရှိတာလား မသေချာသော သူတို့၏ ဦးလေးဟုသိရသော အန်းကျိတ်ဟု ခေါ်ကြသည့် အလွန်ပိန်သည့် ဦးလေးကြီးက သူတို့ မိသားစု၏ အာဏာမရှိသော အုပ်ထိန်းသူ လူကြီးဖြစ်ပါသည်။ အန်းကျိတ်သည် သော့ပြင်ဆရာ တဦးဖြစ်ပြီး သော့တံလေးတွေ ချိတ်ဆွဲထားသာ သံကွင်းကို လက်၌ဆွဲကာ မြို့ထဲမှာ တလမ်းဝင် တလမ်းထွက် “သော့ပြင်တယ်” ဟု အော်ရခြင်းသည် သူ၏ နေ့စဉ် အလုပ်ဖြစ်ပါသည်။ မိဘနှစ်ပါးစလုံး မရှိကြတော့သည်သာမက သူတို့၏ သမီးအကြီးဆုံးမှာလည်း တူတူး၊ ငန်ငန်းနှင့် မီမီး ဆိုသော ကလေးသုံးယောက်ကို လောကအလယ်၌ စောစီးစွာပင် ထားသွားခဲ့ပါသည်။ ဆုံးပါးသွားသူများ အားလုံး၏ တူညီမှုမှာ တီဘီရောဂါဖြင့် မရဏ သေမင်းခေါ်ဆောင်ရာကို လိုက်ပါသွားခဲ့ရခြင်းဖြစ်ပါသည်။ တူတူးတို့ အဖေကတော့ ဒီအိမ်မှာမနေပါ။ မြို့ထဲမှာနေသည်ဟု သိရပြီး တပတ်တခါလောက် သူ့သားသမီးတွေကို လာတွေ့တတ်သည်။

တူတူးမှာ ကျမနှင့် ရွယ်တူ သူငယ်ချင်း ဖြစ်၍ မူလတန်းကျောင်း တကျောင်းတည်းမှာလည်း တက်ကြပါသည်။ တရုတ်ကလေးမှာ စာတော်တတ်ကြသော်လည်း တူတူးမှာ စာမတော်ပါ။ တနှစ်တခါ စာမေးပွဲနီးလျှင် စာအုပ်ပျောက်တတ်သော ကျမအတွက် တူတူးဆီမှ မပြည့်မစုံ မလှမပရေးထားသော စာအုပ်များကို ကျမအမနှစ်ယောက်မှ ငှားယူပြီး ကိုယ့်အပိုင်းနှင့်ကိုယ် တာဝန်ခွဲဝေ၍ နှစ်ရက်လောက်နှင့် အပြီးကူးယူရသည်မှာလည်း စာမေးပွဲဖက်ရှင်တခု ဖြစ်ခဲ့ပါသည်။ တူတူးသည် သူ့ထက် စာတော်၍ သူတို့၏ အိမ်ရှင်ဖြစ်သော ကျမအပေါ် ကျိုးနွံပါသည်။ အငယ်နှစ်ယောက်ဖြစ်သော ငန်ငန်းနှင့် မီမီးက စွာချင်သည်။ ကျမတို့ ကစားရင်း ရန်ဖြစ်ကြလျှင် ကျမတို့ဖက်က “တရုတ် တရုတ် သောက်စားပုတ်” ဟု အော်လျှင် ငန်ငန်းက မခံပါ “မြန်မာ မြန်မာ လူလိမ္မာ” ဟု ပြန်အော်တတ်ပါသည်။

ကလေးများကသာ နိုင်စားသည်မဟုတ်။ လူကြီးများကဏ္ဍတွင်လည်း နေ့စဉ်လိုလို မောင်နှမတတွေ အော်ဟစ်ရန်ဖြစ်တတ်ကြသော ထိုအိမ်ငှားမိသားစုကို ကျမ အဖေနှင့် အကိုတွေက မျက်နှာသာမပေးကြပါ။ ခပ်တည်တည် ခပ်တန်းတန်းသာ နေကြပါသဖြင့် သူတို့ ပြောဆို ဆက်ဆံစရာရှိလျှင် ကျမ အမေနှင့်သာ အခေါ်အပြော လုပ်ဝံ့ကြပါသည်။ အန်းကျိတ်မှအစ သူ့ထက် အသက်ငယ်သော ကျမအမေကို အဒေါ်ကြီးဟု အမြဲတစေ တရိုတသေ ခေါ်ပြောပါသည်။ မှတ်မှတ်ယယ တနေ့သော နေ့လည်စာ စားချိန်လောက်တွင် အမေနှင့် ကျမတို့ မိသားစုတွေ ထမင်းစားနေကြသည်။ ကျမတို့ မစားမီ အဖေကို ဦးစွာ ထမင်းတ၀ိုင်း ပြင်ဆင်ပေးရလေ့ရှိ၍ မီးဖို ထမင်းစားခန်းထဲမှာ အဖေရှိမနေတော့ပါ။ ထိုအချိန် သံတံခါး ပိတ်ထားသော နောက်ဖေးပေါက် အပြင်ဘက်မှ အန်းကျိတ် က “အဒေါ်ကြီး တူရှိလား” ဟု ခပ်အုပ်အုပ် အသံဖြင့် လှမ်းမေးပါသည်။ အမေလည်း ထမင်းစားနေရာမှ ရုတ်တရက် မကြားသဖြင့် “ဘာလဲ” ဟု ထပ်မေးပါသည်။ “အဒေါ်ကြီး တူရှိလား…တူရှိရင် ငှားချင်လို့” ဟု အန်းကျိတ်က ထပ်ပြောရာ အမေ က “တူတော့ မရှိဘူး၊ ရဲဒင်းပဲရှိတယ်” ဟု အော်ပြောလိုက်ရာ အန်းကျိတ်လည်း တံခါးပေါက်မှ လှစ်ကနဲ နေအောင် ပျောက်ကွယ်သွားပါတော့သည်။ တအောင့်ကြာသော် ထမင်းဝိုင်းထဲမှ တယောက်က “အမေ အန်းကျိတ်က ထမင်းစားမလို့ တူ လာ ငှားတာထင်တယ်” ဟု ပြောလိုက်မှ အားလုံး တယောက်မျက်နှာ တယောက်ကြည့်ကာ ရယ်ကြရပါတော့သည်။

ကျမတို့ အိမ်တွင် ထိုစဉ်က အမှန်တကယ် တူ (ထမင်း ဟင်းစားသော တူ) မရှိပါ။ သံရိုက်သော တူလည်း ရှိဟန်မတူပါ။ ထင်းခုတ်သော ရဲဒင်းသာ ရှိပါသည်။ ရဲဒင်း၏ အသွားတဖက်မှာ ခုတ်ဖြတ်ရန် သုံး၍ရပြီး အခြားတဖက်မှာ တူကဲ့သို့ပင် ထုနှက်ရန် သုံး၍ရပါသည်။

ကျမတို့ ၃တန်းလား ၄တန်းလားရောက်သောနှစ်တွင် တူတူးတို့ အဖေ နောက်အိမ်ထောင်ပြုတော့မည်ဟု သိရပါသည်။ တူတူးတို့ အဖေမှာ ရုပ်ဖြောင့်သူတဦးဖြစ်ပါသည်။ ကွယ်လွန်သွားသော သူတို့ အမေမှာလည်း သူတို့ မောင်နှမများထဲတွင် အချောဆုံးနှင့် ကျန်သူများနှင့်မတူ ယဉ်ကျေးနှစ်လိုဖွယ်ရာကောင်းသည်ဟု မှီလိုက်သူများက ပြန်ပြောတတ်ကြပါသည်။ တခါတရံ တူတူးတို့ မိထွေးဖြစ်မည့်သူပင် သူ့အဖေနှင့်အတူ ပါလာတတ်ပါသည်။ သူတို့ လာလျှင် ကျမတို့ ကလေးတသိုက် ချောင်းကြည့်တတ်ကြသည်။ ကလေးအတွေးနှင့် မိထွေးဆိုသော အရာကို ဘယ်လိုမှ လက်မခံနိုင်သေးသော အရွယ်ဖြစ်ပါ၍ ဘယ်လောက်ပင် ရန်တွေဖြစ်ခဲ့ဖြစ်ခဲ့ စွာတေလန် မီမီးကိုပင် သနားစိတ်ဝင်ခဲ့ပါသည်။ တနေ့မှာတော့ တူတူးတို့အဖေက အမေရိကန်ကို သွားတော့မည်ဟု သိရသော အခါ “နင်တို့ကိုရော ခေါ်သွားမှာလား” ဟု ကမန်းကတန်း မေးမိသည်။ “ငါတို့ ၃ယောက်စလုံးကို ခေါ်သွားမှာ… ငါတို့ ကြီးလာတော့ ရွှေတိဂုံဘုရားကို တိုးရစ်အဖြစ်လာမှာပေါ့ဟာ အဲ့ဒီအခါကျရင် နင်တို့နဲ့ ပြန်တွေ့…” ဟု တူတူးလား၊ ငန်ငန်းလား (မသေချာတော့) က ပြောခဲ့ပါသည်…ပြောခဲ့ပါသည်…။

*****
မျက်စောင်းထိုးအိမ်က FRC သူငယ်ချင်းမိသားစု အကြောင်း ဆက်ရန်

Saturday, October 3, 2009

အခြေခံ ဗုဒ္ဓဘာသာသင်တန်း - ဆရာတော်ဦးသီလာနန္ဒာဘိဝံသ

ဆရာတော်ဦးသီလာနန္ဒာဘိဝံသ အမေရိကန်နိုင်ငံမှာ ပို့ချခဲ့တဲ့ “အခြေခံ ဗုဒ္ဓဘာသာသင်တန်း” ကို http://www.burmeseclassic.com/tayar_section.php မွာ တင်ထားတာ တွေ့ရပါတယ်။ ဓမ္မဒါနအဖြစ် ထပ်ဆင့်ပြန်လည် မျှဝေပါတယ်။

သင်တန်းမိတ်ဆက်
ရတနာသုံးပါး
ဘုရားရတနာ
တရားရတနာ
သံဃာရတနာ
သစ္စာလေးပါး
မဂ္ဂင်ရှစ်ပါး
ကံနှင့် ကံ၏အကျိုး
ဘဝဟောင်း ဘဝသစ်
ပဋိစ္စသမုပ္ပါဒ်
ကန်တော့ပုံနှင့် ငါးပါးသီလ
၈-ပါး, ၉-ပါး, ၁၀-ပါးသီလ
ဘုရားအနေကဇာတင်ခြင်း
ပရိတ်ကြီးအကြောင်း

Friday, October 2, 2009

“The Road Less Travelled” နှင့် ချစ်တတ်ပြီ

“အချစ်သည် ရယူခြင်းမဟုတ်သလို၊ ပေးဆပ်ခြင်းလည်း မဟုတ်။ မြင့်မြတ်ခြင်းသာ ဖြစ်သည်။”
မသီတာက “ချစ်တတ်ပြီ” ဟု ဆိုလာတော့ … ချစ်တတ်အောင် အချစ်ကို ဋီကာဖွင့်ပြသည့် စာအုပ်တစ်အုပ်ကို ပြေးသတိရမိသည်။ စာအုပ်အမည်က “The Road Less Travelled” ဖြစ်သည်။
“The will to extend one’s self for the purpose of nurturing one’s own or another’s spiritual growth.”
အချစ်ဟူသည် “မိမိကိုမိမိ ဖြစ်စေ, တစ်ပါးသူတစ်ဦးကိုဖြစ်စေ စိတ်ဓာတ် ရင့်ကျက် မြင့်မားလာစေရန် ပြုစုပျိုးထောင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် မိမိ၏ စိတ်နှလုံးအား ဆန့်ထုတ်သည့် စိတ်စေတနာ” ဟု အဓိပ္ပါယ်ဖွင့်ပြသည်။

“အသွားနည်းသော လမ်း” ဟူသည့် စာအုပ်နာမည်နှင့် လိုက်အောင်ပင် စာရေးသူ M. Scott Peck ဖွင့်ပြသော အချစ်၏အဓိပ္ပါယ်က တွေ့ဖူးနေကြ အဓိပ္ပါယ်များနှင့် မတူ။ စိတ်ရောဂါကု ဆရာဝန်တစ်ဦးဖြစ်သည့်အလျောက် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု အတွေ့အကြုံများကို အခြေခံ၍ ဖွင့်ဆိုထားခြင်းဖြစ်သည်။

အချစ်သည် စိတ်ဓာတ် ရင့်ကျက်မြင့်မားလာစေရန်ဟူသော ရည်ရွယ်ချက်ရှိရမည်။ မိဘတို့သည် မိမိသားသမီး ကောင်းစားရေးအတွက် တစ်နယ်တစ်ကျေးသို့ ကျောင်းထားပေးရသည်လည်း ရှိသည်။ သားသမီးကို မခွဲနိုင်၍ ကျောင်းမလွှတ်ခြင်းသည် အချစ် ဟုတ်ပါ၏လော…။ Peck က မဟုတ်ဟု ဖြေမည်။ “မင်းမရှိရင် အသက်မရှင်ချင်ဘူး” ဟူသော အချစ်မျိုးကို စာရေးသူက အချစ်ဟု မသတ်မှတ်၊ “Passive dependent personality disorder” စိတ်ရောဂါတစ်မျိုးဟု သတ်မှတ်သည်။ အချစ်မဟုတ်ယုံသာမက Anti-love ဟုသတ်မှတ်သည်။ အချစ်သည် ရည်ရွယ်ချက်ပါရသည်။

ထို့ကြောင့် အချစ်သည် စိုက်ထုတ်မှု ကင်းမဲ့သော မတော်တဆကိစ္စတစ်ခု မဟုတ်။ ရင်ခုန်ခြင်း၊ ချိုမြိန်ခြင်း၊ တသလွမ်းမောခြင်း၊ စူးရှကြွေကွဲခြင်းများသည် အချစ်မဟုတ်။ မတော်တဆ ခလုပ်တိုက်လဲသလို ချစ်မိ၊ ကြိုက်မိသွားခြင်းမျိုး “Falling in love” သည် အချစ်မဟုတ်ဟု ဆိုသည်။ ထိုအချစ်များသည် ကာမဂုဏ်စိတ်နှင့် ဆက်စပ်နေပြီး၊ တာရှည်ခံသော အချစ်မျိုးမဟုတ်။

စိတ်ပညာအရ မွေးကင်းစကလေးငယ်များသည် မိမိနှင့် ပတ်ဝန်းကျင်ကို ခွဲခြားမသိနိုင်သေး။ ကိုယ် ငိုလျှင် တလောကလုံး ငိုသည်။ ကိုယ်ဆာလျှင် လောကကြီး ဆာသည်။ အတ္တနှင့် လောကဟူသော စည်းဘောင်မရှိသေး။ လအတန်ကြာမှ မိမိသည် ပတ်ဝန်းကျင်လောကကြီးနှင့် သီးခြားဖြစ်နေသည်ကို ရိပ်မိလာသည်။ ကိုယ် ဆာနေသော်လည်း မိခင်ကနို့ချိုတိုက်ချင်မှ တိုက်မည်။ ကိုယ် ကစားချင်သော်လည်း မိခင်က ချော့မြူချင်မှ ချော့မြူပေလိမ့်မည်။ အရွယ်ရောက်လာသည်နှင့်အမျှ အတ္တဥခွံက အရည်ထူလာသည်။ အတ္တဘောင် (ego boundary) အတွင်း ပုန်းအောင်းရင်း၊ အထီးကျန်ဝေဒနာကို ခံစားလာရသည်။ အချို့မှာ ငယ်စဉ်ဘ၀တွင် တွေ့ကြုံရသည့် နာကျဉ်းဖွယ် ခံစားချက်များကြောင့် လောကကြီးအပေါ် သံသယစိတ်များဖြင့် စိုးရွံ့၍ပင် နေတတ်သည်။ ချစ်ကြိုက်မိခြင်းက ထိုအထီးကျန်ဝေဒနာကို ခေတ္တဖြေဖျောက်ပေးသည်။ မိမိ၏ စိတ်နှလုံးအား ချစ်သူအပေါ် အပ်နှင်းလိုက်ခြင်းက၊ မိမိ၏ အတ္တဥခွံလေးအား ဖောက်ခွဲလိုက်သလိုဖြစ်ကာ သာယာမှုကိုပေးသည်။ သို့သော် အမှန်တကယ် အတ္တဘောင်ကို ချိုးဖောက်လိုက်ခြင်း မဟုတ်။ ချဲ့ထွင်လိုက်ခြင်းလည်းမဟုတ်။ ထို့ကြောင့် “ချစ်ကြိုက်မိ” သွားခြင်းမျိုးက ယာယီခဏသာခံ၍ ဖောက်ပြန် ပြောင်းလဲတတ်သည်။ သို့သော် ချစ်ကြိုက်မိခြင်းကို အစပြုကာ အချစ်စစ်ကို ပြုစုပျိုးထောင်ပေးသွားနိုင်သည်။

ပြုစုပျိုးထောင်ခြင်းသည် ပန်းပျိုးသူတစ်ဦးကဲ့သို့ မြတ်နိုးနှစ်သက်မှုရှိသည်။ ပန်းချစ်သူသည် ပန်းပင်တို့ကို ပစ်မထား။ ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာထည့်တတ်ရသည်။ မိမိချစ်ခင်သော သူ/အရာဝတ္ထုပေါ်တွင် မိမိ၏ စိတ်ဝင်စားမှု၊ စိတ်ခံစားမှုတို့ကို ရင်းနှီးမြှုပ်နှံသည်။ တာဝန်ယူရသည်။ ဤဖြစ်စဉ်ကို စိတ်ပညာက Cathexis ဟုခေါ်သည်။ Cathexis သည်လည်း မိမိ၏ အတ္တဥခွံကို ချဲ့ထွင်သည်။ သို့သော်လည်း ဤမျှနှင့်တော့ အချစ်စစ်မဟုတ်သေးဟု Peck ကဆိုသည်။ မိခင်သည် ရင်သွေးငယ်ကို နို့ချိုတိုက်ကြွေး၊ ယုယပိုက်ထွေးကာ ပြုစုပျိုးထောင်သည်။ သို့သော်လည်း မိမိ၏ ရင်သွေးကြီးပြင်းလာ၍ မိမိအား မနာခံတော့သောအခါ အချစ်ကုန်ခမ်း သွားတတ်သေးသည်။ စိတ်နာကျည်းသွား တတ်သေးသည်။ ထို့ကြောင့် Cathexis သက်သက်သည်လည်း အချစ်စစ် မဟုတ်သေး။ မိမိပြုသမျှ နာခံမည့် အိမ်မွေးတိရစ္ဆာန်လေးများအား ချစ်သော အချစ်မျိုးသာဖြစ်သည်ဟု Peck ကဆိုသည်။

ပြုစုပျိုးထောင်မှုဆိုသော်လည်း ခံစားမှု (emotion) ကို ဗဟိုပြုသော ပြုစုပျိုးထောင်မှုမျိုးမဟုတ်။ မိမိကိုယ်တိုင်နှင့် မိမိချစ်သူတို့၏ စိတ်ဓာတ် အရည်အသွေး မြင့်မားလာစေရန် အသိပညာဖြင့် ထိန်းကွပ်မှုပါသည့် စေ့ဆော်မှု (volition) စေတနာကို အချစ်ဟုသတ်မှတ်သည်။ ထို့ကြောင့် သူ၏အဓိပ္ပါယ်အဖွင့်တွင် အလိုဆန္ဒ (desire) ဟုမသုံးပဲ စေတနာ (will) သုံးသည်။ “ရေကူးချင်တယ်” နှင့် “ရေကူးမယ်” ဟူသောစကားရပ်နှစ်ခုတွင် အလိုဆန္ဒနှင့် စေတနာတို့၏ ခွန်အားကွာခြားပုံကို သိနိုင်သည်။ ထို့ကြောင့် အချစ်သည် စွန့်စားဝံ့သော သတ္တိခွန်အား ပါသည်။ အချစ်သည် ပေးဆပ်ခြင်းမဟုတ်သော်လည်း ပေးဆပ်ဝံ့သည်။ အနစ်နာ ခံဝံ့သည်။ အဆုံးအရှုံးခံဝံ့သည်။ မိမိအလိုအတိုင်းမဖြစ်၍ အချစ်သည် ကုန်ခမ်းမသွား။ သတိပညာဖြင့် ရင်ဆိုင်နိုင်သည်။ အချစ်စစ်သည် မိမိ၏ စိတ်နှလုံးအား ဖြန့်ထုတ်ထားသည့် စိတ်ဖြစ်သည်။ မြင့်မြတ်ခြင်းဖြစ်သည်။

Peck သုံးသွားသော ဝေါဟာရများနှင့် ဖွင့်ဆိုသွားသော အချစ်၏ အဓိပ္ပါယ်သည် နားလည်ရ ခက်လောက်အောင် နက်ရှိုင်းသည် ဆိုရသော်လည်း၊ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် မေတ္တာတရားကို ပုံဖော်ထားသော ဝေါဟာရများနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ( မေတ္တာနှလုံးကိုယ်စီသုံး)

ဧရာ(မန္တလေး)

ချစ်တတ်ပြီ ပို့စ်အတွက်
sonata-cantata said...
ကွန်မန့်ဖြင့် ဖြည့်စွက်ပေးကြတဲ့ ဘလော့မိတ်ဆွေ အားလုံးနဲ့ ဖတ်သွားကြတဲ့သူ အားလုံးကို ကျေးဇူးပါ...
ဝန်ခံချင်တာကတော့ "ချစ်တတ်ပြီ" ဆိုတဲ့ ခေါင်းစဉ်လေး စိတ်ကူးနဲ့ တင်လိုက်ပါတယ်...တကယ် ချစ်တတ်ပြီလား ဆိုတာကတော့...
စာတွေ ဆက်ရေးချင်ပါသေးတယ်။

October 2, 2009 10:30 AM

မသီတာ

Wednesday, September 30, 2009

ချစ်တတ်ပြီ

အတိတ်က အချစ်

သဘာဝအတိုင်း ဖာသိဖာသာ ကြီးပြင်းလာရင်း အချစ်သည် ဖောက်ပြန်တတ်သည်ဟု သိလိုက်ရသော အချိန်၌ နှလုံးသားလေးက အလွန်သေးငယ်လွန်း နေခဲ့သေးသလို ဦးနှောက်ကလည်း အရည်တည်လေးမျှသာ ရှိသေးသည်။

ဒီလိုနဲ့ အချစ်ဆိုတာ ကြီးစွာသော သတိ၊ လုံလောက်သော ပညာတို့ဖြင့် ရင်ဆိုင်ကိုင်တွယ်ရမည့် အရာအဖြစ်သို့ အလိုအလျောက် ရောက်ရှိသွားတော့သည်။

အချစ်ကို ယုံကြည်မှုနည်းပါးစွာ ဖြတ်သန်းခဲ့သော အချိန်ကာလများတွင် အချစ်သည် တကိုယ်ကောင်းဆန်ခြင်းဖြစ်သည်ဟု နားလည်စေခဲ့ပြန်သည်။

အချစ်ဟာ ကံကောင်းခြင်းလက်ဆောင်ဟု ထင်ယောင်ထင်မှား ပြုမိချိန်သည် ကံဆိုးမိုးမှောင်ကျသော အချိန်ဖြစ်သည်။ အချစ်ဆိုတာ သွေးသားတို့ရဲ့ လိုအပ်ချက်လို့ သေးနုတ်သိမ်ငယ်စွာ တွေးတောမိခဲ့သည်လည်း ရှိသည်။

အချစ်သည် ဟိုနားဒီနား အတူသွားလောက်သာ ဖြစ်သည်ဟု ယူဆသူများလည်း ကိုယ့်ဘေးနားက ဖြတ်လျှောက်သွားကြသည်။

အချစ်ကို တန်းတန်းဆွဲ လိုက်မရှာခဲ့သလို သူ့ဖာသာရောက်လာလိမ့်မည်ဟုလည်း မျှော်လင့်မနေခဲ့ပါ။

*****
နှလုံးသားကို တို့ထိလိုက်တဲ့ အချစ်ကို ဦးနှောက်က ဒါအချစ်ပဲ လို့ ဆုံးဖြတ်ချက်ချတယ်။ နှလုံးသားနဲ့ ဦးနှောက် ပြိုင်တူ ထပ်ကာ ထပ်ကာ မြည်တမ်းကြပြီးနောက်မှာတော့ အချစ်တွေက တကိုယ်လုံး ပျံ့နှံသွားတော့တယ်။

အချစ်တခုကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီလို့ ကြွေးကြော်ရအောင် အချစ်က တခု၊ နှစ်ခု၊ ရေတွက်လို့ရတဲ့အရာမဟုတ်။
ဟယ် အချစ်ဆိုတာ တကယ်ရှိတယ်လို့ အလန့်တကြား ထအော်ရအောင်လည်း အချစ်ကို အားနာဖို့ကောင်းလှပါသည်။

*****
အခြား အရာများလိုပင် အချစ်တခုဖြစ်ဖို့ အကြောင်းတရားများစွာတို့ ပေါင်းဆုံဖို့လိုပါသည်။ ဆန့်ကျင်ဘက်တို့သာ ပေါင်းစုံခြင်း မဟုတ်။ အချိန်တန် အရွယ်ရောက်၍ လူမှုဆက်ဆံရေးနယ်ပယ်၌ လူသားနှစ်ဦး ပေါင်းသင်းနေထိုင်ကြခြင်း၌် အချို့အတွက် အချစ်သည်အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သလို၊ အချို့ကလည်း ဦးနှောက်၏ စေခိုင်းမှုကြောင့်ဟု ဆိုကြလေသည်။ အချို့လည်း ဖြစ်ရိုးဖြစ်စဉ် တခုကို ဖြတ်သန်းသွားခြင်းမျှသာ။

အနည်းဆုံးတော့ အနီးဆုံးလူသားများကြား အချစ်သည်လိုအပ်ပါသည်။ အချစ်ကို တန်ဖိုးထားကြလျှင် ထိုအချစ်ကို ရှင်သန်အောင် ကြီးထွားအောင် ပြုစု ပျိုးထောင်ကြရန် တာဝန်ရှိပါသည်။ သစ္စာကို မဏ္ဍိုင်ပြုရပါသည်။ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်းတို့သည် အချစ်၏ ပြယုဂ်တို့ ဖြစ်လာကြသည်။ လူတဦး၏ စာရိတ္တ၊ ၀ါရိတ္တတို့ကို အချစ်ဖြင့် တည့်မတ်နိုင်သည်။ အချစ်သည် စွမ်းအားရှိသော တန်ခိုးသတ္တိ ဖြစ်သည်။ မိမိတို့၏ ဘ၀ကို ဂုဏ်သိက္ခာတို့ဖြင့် မွမ်းမံမည် ဆိုပါက အချစ်သည် ဂုဏ်သိက္ခာနှင့် အလိုက်ဖက်ဆုံးသော ဆုတံဆိပ်ဟု ဆိုချင်ပါသည်။

အချစ်သည် ရယူခြင်းမဟုတ်သလို၊ ပေးဆပ်ခြင်းလည်း မဟုတ်။ မြင့်မြတ်ခြင်းသာ ဖြစ်သည်။

Monday, September 28, 2009

အလှတရားရှာပုံတော် (၃)


ခုန်ပေါက်ဆင်းလာတဲ့ မိုးရေစက်ပေါက်လေးတွေက လောကကြီးအကြောင်း သိချင်လို့တဲ့လေ မိခင်ရင်ခွင်ကို စွန့်ခွာသွားခဲ့ကြပြီး ဘ၀အဖုံဖုံ ကျင်လည်လို့ အမောအပန်းတွေနဲ့ အမေ့ရင်ခွင်ဆီ တပတ်ပြန် ပြေးဝင်ခိုလှုံလာကြသလို…။ မြေကြီးမေမေ ဖြစ်စေ၊ ပင်လယ်မေမေ ဖြစ်စေ … အိမ်အပြန် သားကို နေ့ညမရွေး ရင်ခွင်ဖွင့်လို့ ကြိုဆိုစမြဲလေ…။

သားနဲ့အတူပါလာတဲ့ လက်ဆောင်… အက်ဆစ်တွေတဲ့… တတ်နိုင်သလောက် ရတတ်သမျှ အချိန်လေးမှာ အမေ ပြုပြင်ယူမှာ…။ အော်… သားရယ် မင်းလေး ပင်ပန်းလွန်းလှသကွယ်…။ မိုးသီး ဘ၀မှာ ကျစ်ကျစ်ပါအောင် ဆုပ်ခဲ့ရတဲ့ လက်သီးတွေကို ပြန်သတိရနေလေသလား…။ လက်ချောင်းတွေကို ကွေးချည် ဆန့်ချည် လုပ်ကြည့်နေတာ အမေ မြင်သပေါ့။

မနေ့က ပြန်လာတဲ့ သမီးကတော့ အငွေ့ဘ၀တုန်းက သွက်သွက်ကြီး လွတ်လပ်ပျော်မြူးခဲ့သလောက်၊ ငွေ့ရည်ဖွဲ့ရတဲ့ဘ၀မှာတော့ ရင်တခုလုံးဗြောင်းဆန် မထွေးနိုင် မအန်နိုင်ဖြစ်ရပုံတွေကို ပြန်ပြောင်းတသ ပြောနေခဲ့သေး…။ အမေကတော့ သမီးပြောသမျှ အေးပေါ့ သမီးရယ်…။ ဒီလိုပေါ့ သမီးရယ်လို့ စကားထောက်ခံရင်း…။ နှင်းငွေ့ လက်ကျန်အဖြစ် ရင်ခုန်ခဲ့တာကိုတော့ သမီး ထည့်ပြောမသွားတာကို အမေ နားလည်စွာ ကျိတ်ပြုံးရင်း…။

မင်းလေးတို့ ကြာကြာမနေနိုင်တာ အမေ သိသပေါ့။ ရောက်သခိုက်အချိန်လေးမှာ အမေချက်ပြုတ်ကျွေးတဲ့ ကုန်းစာ၊ ရေစာတွေ လိုသလို စားသုံးလို့၊ အမေဆီက အားသစ်တွေ ထပ်လောင်းလို့ ဘ၀ခရီးကို ဆက်ကြဖို့ ပြင်ဆင်ကြပေဦးတော့။

အလှတရားရှာပုံတော် (၂)
အလှတရားရှာပုံတော် (၁)

Saturday, September 19, 2009

အိမ်အပြန် လက်ဆောင်

ကိုယ်ပြန်လာပြီ
ကိုယ်ရေးသော ဘလော့ဆီ

တနယ်လွန် ရွာတကျေး

လုပ်အားပေးဖို့ သွားခဲ့တယ်…
အပန်းပြေခရီး တခု ရောက်ခဲ့တယ်။

ရှေ့တန်းတိုက်ပွဲတခု ထွက်ခဲ့တယ်…
လေ့ကျင့်ရေးစခန်းတခု ရောက်ခဲ့တယ်။

အိမ်အပြန် လက်ဆောင်လေးတွေ ပါလာတယ်…
စွမ်းရည် သတ္တိ သဘော တဲ့ကွယ်။

ဝေမျှလို့ဖြင့် ပေးပါတယ်…
ထပ်တူထပ်မျှ ရစေရွယ်။ ။
(Mahamuni Buddhist Society က ကြီးမှူးကျင်းပတဲ့ ကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော်၏ ၇-ရက်တရားစခန်းပွဲမှာ ဝေယျာဝစ္စကုသိုလ်ယူဖို့ သွားခဲ့တာပါ။)

Wednesday, September 9, 2009

ဘလော့တာ...(၉)

ကိုယ်ဟာ တစုံတခုကို စောင့်နေခဲ့တာဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်စောင့်နေမိတာ အချိန်ဖြစ်နေလို့ပါ...

ကိုယ်ဟာ တစုံတခုကို မကြာခဏ ကြည့်ဖြစ်နေခဲ့တယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်တွေ့တွေ့နေတာ ကိန်းဂဏန်းတွေမို့ပါ...

ကိုယ်ဟာ တစုံတခုကို ပျောက်ဆုံးသွားမှာ စိုးရိမ်နေတယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ကိုယ်ဆုံးရှုံးနေတာ နုပျိုခြင်းတွေ...

ကိုယ်ဟာ တစုံတခုအတွက် နောင်တရနေတယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ရွှင်ပျတဲ့ ဟဒယနဲ့ မွေးဖွားမလာခြင်း(သို့) ရင်းနှီးမနေခြင်း...

ကိုယ်ဟာ တစုံတခုသော အသွေးအမွေးရှိမယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
ရာသီလိုက်ပြီး အရောင်ပြောင်းတတ်တာ...

ကိုယ်ဟာ တစုံတခုကို မှီခိုအားထားရတော့မယ်ဆိုရင်
ဝမ်းနည်းစရာကောင်းတာက
အချိန်မှန်မှန် ဆေးမသောက်တတ်တာ...

ကိုယ်ဟာ တစုံတခုအတွက် စွန့်လွှတ်စွန့်စားဖို့လိုရင်
ဝမ်းနည်းစရာကောင်းတာက
ထုတ်သုံးတဲ့ ဓား.. ကြားဖူးကြရဲ့လား ယိမ်းနွဲ့ပါး တဲ့...

အကောင်းနဲ့ အဆိုး တစုံတခုကိုရွေးရမှာ…
ဝမ်းနည်းစရာကောင်းတာက
ကိုယ်ဟာ အဆွေးအမြေ့တွေနဲ့သာ အသားကျပြီးနေတတ်တာ...

ကိုယ်ဟာ တစုံတခုကို အဖော်ပြုပြီး နေမိတယ်ဆိုရင်
ဝမ်းသာစရာကောင်းတာက
(ဘလော့ဂင်း) blogging နေတတ်တာ…

မသီတာ တပတ်(သို့) နှစ်ပတ်လောက် ပျောက်မယ် ခွင့်ပြုနော်...