Sunday, January 25, 2015

ဘုရားရှေ့မှ ခြင်္သေ့ကြီးများ

ဘီလူးသဘက်တို့နှင့် တိုက်ခိုက်မည့်သူသည် မိမိတို့ကိုယ်တိုင် ဘီလူးသဘက် ဖြစ်မသွားစေရန် သတိထားဖို့လိုသည်။ (နီရှေး)

မြန်မာပြည်သို့ ခေတ္တပြန်စဉ် မိတ်ဆွေသူငယ်ချင်းအချို့က မျိုးစောင့်ဥပဒေအပေါ် မိမိ၏ သဘောထားကို တီးခေါက်ကြည့်ကြသည်။ မိမိကလည်း သူတို့အမြင်ကို စူးစမ်းမိခဲ့သည်။ အင်တာနက်နှင့် ဖေ့ဘုတ်စာမျက်နှာများတွင် တဖက်နှင့် တဖက် အပြန်အလှန် ညစ်ညမ်း ကြမ်းတမ်းသော စကားများဖြင့် ဆဲဆိုဝေဖန် တိုက်ခိုက်နေကြသည့် ထိရှလွယ်သည့် အကြောင်းရာ ဖြစ်သဖြင့် လက်လွတ်စပယ်လည်း မှတ်ချက် မပေးလို။ Politically correct ဖြစ်ရန် သိပ်အားထုတ်နေလျှင်လည်း မပြတ်မသား၊ မရိုးမသား ဖြစ်နေနိုင်သည်။ မိမိက တစ်လင်တစ်မယားစနစ်မှ တပါး ကျန်ဥပဒေများကို သဘောမတူကြောင်း ဖြေ ဖြစ်ခဲ့သည်။ အထူးသဖြင့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို လုံးဝ အတည်မဖြစ်စေလိုကြောင်း ပြောဖြစ်သည်။

မျိုးစောင့်ဥပဒေကို ထောက်ခံသူတို့က အခြားဘာသာများတွင် မိမိတို့ဘာသာတရားကို ကာကွယ်ရန်ရှိပြီး၊ ဗုဒ္ဓဘာသာတွင်သာ မရှိသဖြင့် ဤဥပဒေများသည် တရားမျှတသည်ဟု အကြောင်းပြကြသည်။ အစ္စလာမ်အစွန်းရောက်ဝါဒ၏ အန္တရာယ်ကို ကာကွယ်ရန်လိုကြောင်း ထောက်ပြကြသည်။ မိမိတို့ ဘာသာ၊ သာသနာကို ထိမ်းသိမ်းစောင့်ရှောက်ခြင်းသည် ကောင်းမြတ်သည်ဟု လက်ခံပါသည်။ အစ္စလာမ်အစွန်းရောက်ဝါဒ၏ အန္တရာယ်ရှိမှုကိုလည်း လက်ခံပါသည်။ လူဦးရေပေါက်ကွဲမှု ဖြစ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသဖြင့် အစ္စလာမ်အစွန်းရောက်ဝါဒ၏ အန္တရာယ်ကို ပို၍ သတိထားသင့်သည်။ သို့သော် အစွန်းရောက်ဝါဒကို ဆန့်ကျင် တုန့်ပြန်သောအခါတွင် အစွန်းရောက်ဝါဒကို မကျင့်သုံးမိရန် အရေးကြီးသည်။ အဓမ္မကို အဓမ္မဖြင့် တုန့်ပြန်ခြင်းသည် တရားမျှတသည်ဟု အကြောင်းပြရန် မသင့်။ ထိုနည်းလမ်းများသည် ပျော့ပြောင်းသော မွတ်စလင်များကို အစွန်းရောက်ဝါဒီများ အဖြစ်သို့ တွန်းပို့ရာရောက်စေနိုင်သည်။ ပဋိပက္ခများကို ဖြေရှင်းပေးမည့်အစား ပိုမိုကြီးထွားစေနိုင်သည်။ မိမိကိုယ်တိုင်လည်း အစွန်းရောက် အဓမ္မဝါဒီများ ဖြစ်သွားပေလိမ့်မည်။ ဤနေရာတွင် အသေခံ ဗုန်းခွဲ၊ အကြမ်းဖက်တိုက်ခိုက်သူများကိုသာ အစွန်းရောက်ဝါဒီဟု ဆိုသည်မဟုတ်။ အစွန်းရောက်သော အတွေးအခေါ်များနှင့် အမုန်းတရားအပေါ်အခြေခံသည့် အတွေးအခေါ်များကို လက်ခံ၊ ဟောပြော၊ ဖြန့်ဖြူးသူများသည် အစွန်းရောက်ဝါဒီများပင် ဖြစ်သည်။

မိမိအနေဖြင့် အစ္စလာမ်အစွန်းရောက်ဝါဒအား အန္တရာယ်အဖြစ် ယူဆသည့် အဓိကအကြောင်းရင်းမှာ (၁) နိုင်ငံရေးအာဏာရယူ၍ ရှရီယာ (shariʿa) ဥပဒေဖြင့် ကျင့်သုံးသည့် အစ္စလာမ်နိုင်ငံထူထောင်လိုခြင်း (၂) ဘာသာခြားတို့အား ရန်သူသဖွယ် ဆက်ဆံခြင်း (၃) အစ္စလာမ်ဘာသာကို စွန့်လွှတ်သူများအား သေဒဏ် အထိ ကြီးလေးသော အပြစ်များပေးခြင်း (၄) အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံခြင်းတို့ ဖြစ်သည်။ အလားတူ အမြင်အယူအဆများဖြင့်ပင် အစ္စလာမ်အစွန်းရောက်ဝါဒကို ဆန့်ကျင် တုန့်ပြန်မည်ဆိုပါက မိမိတို့ကိုယ်တိုင်လည်း အစွန်းရောက်သွားမည် ဖြစ်သည်။

မိမိအမြင်အရ ဗုဒ္ဓဘာသာနိုင်ငံ ထူထောင်ရန် ကြိုးပမ်းမည့်အစား၊ နိုင်ငံရေး, အုပ်ချုပ်ရေး, တရားဥပဒေပြုရေး, တရားစီရင်ရေးတို့တွင် ဘာသာတရား၏ သြဇာလွှမ်းမိုးမှု ကင်းရှင်းစေရန် ကြိုးပမ်းသင့်သည်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုသည် လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် အခွင့်အရေး ဖြစ်သည်။ မိမိယုံကြည်သည့် ဘာသာတရားကို မိမိ ရွေးချယ် ကူးပြောင်းကိုးကွယ်ခွင့် မရှိဘဲ၊ (မိဘဆွေမျိုးနှင့် အိမ်ထောင်ဖက်တို့မှ အစ) အခြားဘေးလူ တစ်ဦးတစ်ယောက်က ခွင့်ပြုပါမှ ယုံကြည်ကိုးကွယ်နိုင်သည် ဆိုခြင်းမှာ အတော်လေး အဓိပ္ပါယ်မဲ့လွန်းသည်။ စင်စစ် လွတ်လပ်စွာ ကိုးကွယ်မှု၊ လွတ်လပ်စွာ ဘာသာကူးပြောင်းမှုကို ဥပဒေက အပြည့်အဝ အာမခံချက်ပေးခြင်း၊ အတင်းအကြပ် ဘာသာကူးပြောင်းစေခြင်းကို ဥပဒေဖြင့် တားဆီး ကာကွယ်ပေးခြင်းတို့ကသာ လွတ်လပ် ယဉ်ကျေးသော လူ့အဖွဲ့အစည်းနှင့် ဆီလျော်ပါလိမ့်မည်။

အကယ်၍ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများကို ကာကွယ် စောင့်ရှောက်ရန်အတွက် လူမျိုးရေး, ဘာသာရေး, ကျားမ ခွဲခြားမှုကို အားပေးသည့် အမြင်များဖြင့် ဘာသာရေး ချုပ်ချယ်ဖိနှိပ်မှုများကို ဥပဒေအဖြစ် ပြဋ္ဌာန်းမည်ဆိုပါက ဆန့်ကျင်ဖက် အကျိုးဆက်များသာ ရနိုင်ပါသည်။ နိုင်ငံတကာမှ ဗုဒ္ဓဘာသာဝင် အများစုကလည်း ဤဥပဒေများကို ထောက်ခံ အားပေးကြလိမ့်မည်မဟုတ်။ ကမ္ဘာအလယ်တွင် မြန်မာဗုဒ္ဓဘာသာတို့အတွက် အရှက်ရစရာသာ ဖြစ်ပါလိမ့်မည်။ ပိုင်းခြားဝေဖန်တတ်သော မြန်မာလူငယ်များ ဗုဒ္ဓဘာသာနှင့် ရဟန်းသံဃာတို့အပေါ် အကြည်ညို ပျက်ကာ၊ သူတို့အား ဘာသာမဲ့များ အဖြစ်သို့ တွန်းပို့သလို ဖြစ်သွားနိုင်သည်။ ဗုဒ္ဓမြတ်စွာ၏ မေတ္တာတရား၊ ခန္တီတရား၊ ဗြဟ္မစိုရ်တရား အဆုံးအမများတို့ကို ပျက်ရယ်ပြု စော်ကားရာ ရောက်သွားနိုင်သည်။

ဤနေရာတွင် ဆရာတော်တစ်ပါး၏ ဥပမာကို ယူသုံးချင်ပါသည်။ ဘုရားရှေ့မှ ခြင်္သေ့ကြီးများကို ရှေ့မှကြည့်လျှင် ဘုရားကို ရန်ပြုမည့်သူများအား ကာကွယ်မည့်ဟန်ဖြင့် ခန့်ခန့်ငြားငြား ရှိလှသော်လည်း၊ ဘုရားဖက်မှ ကြည့်လိုက်လျှင်မူ အမြီးကို ထောင်ထားသဖြင့် အမြင်မတော်ဘဲ ဖင်ပေါ်နေပါလိမ့်မည်။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်းသည် ကောင်းမြတ်သည့် ကိစ္စဖြစ်သော်လည်း၊ မုန်းတီးမှုများ၊ အာဃာတများဖြင့် အစွန်းရောက်ပြီး မာန်ဖီနေလျှင်မူ ဘုရားရှေ့မှ ခြင်္သေ့ကြီးများကဲ့သို့သာ ဖြစ်နေပါလိမ့်မည်။

Monday, November 3, 2014

တိမ်တွေဟာ အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်...

တိမ်တွေဟာ အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်

ကျောင်းပြီးလို့ စင်္ကာပူကို အလုပ်လုပ်ဖို့ ထွက်လာတဲ့အချိန်ကပေါ့…။ ကိုယ့်ထက်အရင်ရောက်နှင့်နေတဲ့ သူတွေလည်း ရှိတယ်။ နောက် ဘယ်သူရောက်လာပြန်ပြီတဲ့။ ခဏနေတော့ ဘယ်ဝါရောက်လာပြန်ပြီနဲ့။ ရောက်လာတဲ့သူကို အရင်ရောက်နှင့်တဲ့သူက ဘုန်းကြီးကျောင်းလိုက်ပို့ကြ…။ ပင်နီဆူလာမှာ ချိန်းပြီး စုကြ ဆုံကြ…။

တိမ်တွေဟာ အတူတကွနေထိုင်ဖို့ ကြိုးစားကြတယ်

ဟောမကြာပါဘူး အလုပ်အကိုင်တွေ အခြေကျ…။ မင်္ဂလာဆောင်တွေ သွားလိုက်ရတာ…။ ဟောတခု ဟောတခု…။ ပျော်ကြ ရွှင်ကြ..။ ကောင်းချီးပေးကြ…။ ကိုယ် ကိုယ်တိုင်လည်း မင်္ဂလာဆောင်ဖြစ်ခဲ့တယ်။

တိမ်တွေဟာ မျိုးဆက်သစ်တွေကို မွေးဖွားလို့…

ဆက်တိုက်ဆိုသလိုပါပဲ… သားသား မီးမီးလေးတွေရဲ့ ကင်ပွန်းတပ်တွေ၊ မွေးနေ့အလှူတွေ၊ အိမ်သစ်တက် မင်္ဂလာတွေ ဝေေ၀စည်စည်… အိမ်တကာ လည်စားရတော့တာပဲ…။

တိမ်တွေမှာ မွေးရပ်မြေရှိလေသလား

မွေးရပ်မြေက အခြေအနေတွေ ကောင်းလာလို့တဲ့…။ ပြန်ကြတာ ဟောတယောက်…။ တော်ကြာနေ ဟောတယောက်…။ ခဏတာ ခွဲခွါခြင်းအတွက် နှုတ်ဆက်တယ်ဆိုတာ ပြန်လည် တွေ့ဆုံဖို့ပဲ မဟုတ်လား။

တိမ်တွေဟာ ညို တတ်သေးတယ်

ဘယ်သူငယ်ချင်းတော့ဖြင့် ဆေးရုံတက်ရလို့တဲ့။ သွားအားပေးလိုက်ကြပါဦး…။ ဘယ်တယောက်ဖြင့် ဘာရောဂါဖြစ်လို့တဲ့…။ တယောက်ပြီး တယောက် ဆိုသလို...။ အင်း… အနိစ္စ၊ ဒုက္ခ၊ အနတ္တ…။

တိမ်တွေဟာ မိုးတွေအဖြစ် ရွာချလိုက်တယ်

ဘယ်နေရာမှာပဲ ရွာရွာ… ကမ္ဘာမြေကြီးကတော့ တိမ်တွေကို ပွေ့ဖက်လိုက်တာပါပဲ။

ဘာလိုပဲ ဖြစ်ဖြစ်
တိမ်တွေကတော့ အုပ်စုဖွဲ့လို့ ပျံသန်းကြဦးမှာပါ…။
တိမ်တွေဟာ အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်…။
အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်…။
အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်…။
အုပ်စုဖွဲ့လို့ ပျံသန်းကြတယ်…။

Blog Challenge အတွက် မမတင့် tag လို့ ရေးပါတယ်။

Wednesday, October 8, 2014

စင်္ကီသုတ် - ပွင့်လင်းသော နှလုံးသားဖြင့် သစ္စာတရား ရှာမှီးခြင်း

    ကာလာမသုတ်သည် အယူဝါဒ အမျိုးမျိုးကြားတွင် တွေဝေရှုတ်ထွေးနေသော ကာလာမအမျိုးသားတို့အား “ပွင့်လင်းသောနှလုံးသား” ကို အခြေပြုကာ “ထောက်တည်ရာ သက်သာရာ” ရရှိစေမည့် နည်းလမ်းကို ဟောကြားခဲ့သည့် ဒေသနာ ဖြစ်သည်ဆိုပါက၊ ဤစင်္ကီသုတ်သည် မိမိ၏ အယူဝါဒအား ယုံကြည်မှု လွန်ကဲကာ မာန်တက်နေသော ကာပဋိကလုလင်အား “ပွင့်လင်းသော နှလုံးသား” ကို အခြေပြု၍ “သစ္စာတရားကို ရှာမှီးနိုင်စေရန်” ဟောကြားထားသော ဒေသနာဟု ဆိုနိုင်သည်။ ကာလာမတို့သည် ဝိစိကိစ္ဆာ(ယုံမှားသံသယ) လွှမ်းမိုးနေသည်ဆိုပါက ကာပဋိကလုလင်သည် မိစ္ဆာဒိဋ္ဌိ (မှားယွင်းသောအယူ) လွှမ်းမိုးနေသူ ဖြစ်သည်ဟု ဆိုရမည်။ ဗုဒ္ဓသည် ကာလာမတို့အား မိမိတို့ကိုယ်တိုင် သိနိုင်သော ကုသိုလ်တရားတို့ကို ဖြည့်ဆည်းရန်, အကုသိုလ်တရားတို့ကို ပယ်စွန့်ရန် နည်းလမ်းများကို ဟောကြားခဲ့သည်။ ယုံကြည်မှု အစွဲကြီးမားသော ကာပဋိကလုလင်ကိုမူကား “သစ္စာစောင့်ခြင်း၊ သစ္စာသိခြင်း၊ သစ္စာဆိုက်ခြင်း” ဟူသော အဆင့်သုံးဆင့်ဖြင့် မှန်ကန်သော ယုံကြည်မှုမှသည် ခိုင်မာသော ယုံကြည်မှု ရရှိနိုင်ပုံကို ဟောကြားထားသည်။ ဤသုတ်နှစ်သုတ်အား နှိုင်းယှဉ်ကာ နာကြားသူ၏ စရိုက်ကိုလိုက်၍ သင့်လျော်သော တရားဒေသနာ ဟောကြား ပြသတော်မူသည့် မြတ်စွာဘုရားရှင်၏ ဉာဏ်တော်အားလည်း ကြည်ညိုနိုင်ပေသည်။

    ဒေသနာနိဒါန်း

    မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာများနှင့်အတူ ကောသလတိုင်းအတွင်း ဒေသစာရီလှည့်လည်စဉ် “သြပါသာဒ” အမည်ရသော ဗြာဟ္မဏရွာသို့ ရောက်တော်မူ၍ ထိုရွာ၏မြောက်ဖက် နတ်တို့အားပူဇော်ပသရာ အင်ကြင်းတော၌ သီတင်းသုံး နေတော်မူသည်။ သြပါသာဒရွာကို အပိုင်စားသော စင်္ကီ အမည်ရှိ ဗြာဟ္မဏပုဏ္ဏားသည် တိုင်းတစ်ပါးသား ဗြာဟ္မဏပုဏ္ဏားတို့နှင့်အတူ မြတ်စွာဘုရား သီတင်းသုံးရာ အင်ကြင်းတောဆီသို့ အတူ သွားရောက် ကြ၏။ မြတ်စွာဘုရားရှင်နှင့် အသက်အရွယ်ကြီးသော ပုဏ္ဏားတို့ ဝမ်းမြောက်ဖွယ်၊ အမှတ်ရဖွယ်စကားတို့ ပြောဆိုနေစဉ် အသက် ၁၆-နှစ်မျှသာရှိသေးသော ကာပဋိက အမည်ရသည့် ဘာရဒွါဇနွယ်ဖွား ပုဏ္ဏားလုလင်ငယ်လေးက စကားကို ကြားဖြတ်၊ ကြားဖြတ်၍ ပြောဆို၏။ မြတ်စွာဘုရားရှင်က ကာပဋိကလုလင်အား စကားကြားဖြတ်မပြောရန် ဟန့်တားသောအခါ စင်္ကီပုဏ္ဏားက ဤလုလင်သည် ဝေဒကျမ်းသုံးကျမ်းအား တစ်ဖက်ကမ်းခပ် တတ်မြောက်၍ ပညာ၊ ဗဟုသုတရှိသူဖြစ်ပြီး အရှင်ဂေါတမနှင့် စကား ပြောဆိုနိုင်သူဖြစ်၍ မဟန့်တားပါရန် လျှောက်ထားသည်။ လုလင်က “မိမိအား ကြည့်လျှင် မေးခွန်း မေးအံ့” ဟု အကြံရှိသည်ကို သိ၍ ဗုဒ္ဓက ကာပဋိကလုလင်အား စိုက်၍ ကြည့်လေသည်။ ထိုအခါ ကာပဋိကလုလင်က ဤသို့ မေးလျှောက်၏။
    အရှင်ဂေါတမ… ဗြာဟ္မဏတို့၏ ရှေးရိုးစဉ်လာဖြစ်သော ဝေဒမန္တန်တို့သည် ဤသို့ ဤသို့ဖြစ်သည်ဟု အစဉ်အဆက် မှတ်သားလာ၍ ပိဋကကျမ်းဂန်နှင့်လည်း ပြည့်စုံပါသည် (ဣတိဟိတိဟပရမ္ပရာယ ပိဋကသမ္ပဒါယ)။ ဗြာဟ္မဏတို့သည် ထိုဝေဒမန္တန်တို့၌ “ဤသည်သာမှန်၏။ အခြားသည် အချည်းအနှီးတည်း” (ဣဒမေ၀ သစ္စံ, မောဃမညန္တိ) ဟု တစ်ထစ်ချ ဆုံးဖြတ်ခြင်းသို့ ရောက်ကြပါ၏။ ဤအရာ၌ အရှင်ဂေါတမသည် မည်သို့ ပြောဆိုလိုပါသနည်း။ (မ-၂-၄၂၇၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊စင်္ကီသုတ်)

    ကာပဋိကလုလင်၏ မေးခွန်းသည် မိမိ အယူဝါဒအပေါ်တွင် အလွန်အထင်ကြီး စွဲလမ်းနေ၍ ပညာမာန်တက်ကာ ဗုဒ္ဓအား စိန်ခေါ်လိုက်သည့် မေးခွန်းပင် ဖြစ်သည်။ ဤသို့ မိမိကိုယ်တိုင် သိမြင်ခြင်း မရှိသော အယူတစ်ခုအပေါ်၌ ယုံကြည် စွဲလမ်းမှု လွန်ကဲ၍၊ မိမိအယူသာ အမှန်၊ အခြားသူတို့၏ အယူသည် အမှားချည်းဟု တဖက်သတ် ဆုံးဖြတ်ချက်ချသော စကားမျိုး (ဧကံသ ဝါဒ - categorical claims) ဆိုခြင်း ဖြစ်သည်။

    အခြေအမြစ်ကင်းမဲ့သည့် ယုံကြည်မှုများ

    မာန်တက်နေသာ လုလင်အား သူ ယုံကြည်ထားသော တရားသေဝါဒ၏ အခြေအမြစ် ကင်းမဲ့ပုံကို ပေါ်လွင်စေရန် “ကိုယ်တိုင် သိမြင်ခြင်း ရှိမရှိ” ဟူသော အချက်ပေါ်တွင် မူတည်၍ ဗုဒ္ဓက တန်ပြန် မေးခွန်းများ မေး၏။

    ဘာရဒွါဇ … ဗြာဟ္မဏတို့တွင် “ငါသည် ဤအကြောင်းကို သိသည်၊ မြင်သည် (အဟမေတံ ဇာနာမိ, အဟမေတံ ပဿာမိ)။ ဤသည်သာမှန်၏။ အခြားသည် အချည်းအနှီးတည်း” ဟုဆိုသည့် တစ်ဦး တစ်ယောက်သော ဗြာဟ္မဏ ရှိပါ၏လော (ဟု ဗုဒ္ဓက ပြန်လည်မေး၏)။ (မ-၂-၄၂၇၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊စင်္ကီသုတ်)

    ဘာရဒွါဇနွယ်ဖွား ကာပဋိကလုလင်က မရှိကြောင်း ဝန်ခံ၏။ ထို့အတူပင် ဆရာအစဉ်အဆက်တွင် လည်းကောင်း၊ ဗြာဟ္မဏတို့၏ လက်ဦးဆရာဖြစ်သော ဝေဒကျမ်းကို စီရင်ပို့ချခဲ့သည့် ရသေ့ကြီးများတွင်လည်းကောင်း ကိုယ်တိုင် သိမြင်၍ ဤသို့ ဧကံသစကား ဆိုခဲ့ကြသူ တစ်ဦး တစ်ယောက်မျှ ရှိပါ၏လောဟု မေးသော် မရှိကြောင်း ဝန်ခံ၏။

    ဘာရဒွါဇ … ဗြာဟ္မဏတို့ ပြောဆိုသော စကားသည် ရှေ့ဆုံးလူလည်း မမြင်၊ အလယ်လူလည်း မမြင်၊ နောက်ဆုံးလူလည်း မမြင်သော သူကန်းအစဉ်တန်း (အန္ဓဝေဏီ) နှင့် တူ၏။ ဗြာဟ္မဏတို့၏ ယုံကြည်ခြင်းသည် အခြေအမြစ်ကင်းမဲ့သည့် ယုံကြည်မှု (အမူလိကာ သဒ္ဓါ) မဟုတ်ပါလော။ (မ-၂-၄၂၇၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊စင်္ကီသုတ်)

    ကိုယ်တိုင် သိမြင်သည်ဟု ဝန်ခံနိုင်ခြင်း မရှိဘဲ အစဉ်အဆက် လက်ဆင့်ကမ်း ပို့ချခဲ့ကြကာ တထစ်ချ ဧကံသစကားဆိုသော ဗြာဟ္မဏတို့၏ ယုံကြည်ခြင်းသည် အခြေအမြစ်ကင်းသော မျက်ကန်းယုံကြည်မှု (Baseless blind faith) ဖြစ်ကြောင်း ဗုဒ္ဓက မိန့်သည်။ ဒီဃနိကာယ်၊ တေဝဇ္ဇသုတ်တွင်လည်း ဗုဒ္ဓက ဗြာဟ္မဏတို့၏ ယုံကြည်မှုအား အလားတူ ဝေဖန်ထားသည်။ ဤစင်္ကီသုတ်တွင် ဗြာဟ္မဏတို့သည် မည်သို့ယုံကြည်၍ မည်သို့သော ဧကံသစကား ဆိုကြောင်း ဖော်ပြထားခြင်း မရှိပါ။ တေဝဇ္ဇသုတ်တွင် ဗြဟ္မာကြီး၏ အပေါင်းအဖော်ဖြစ်ရန် (ဗြဟ္မသဟဗျတာယ) အတွက် အကျင့်လမ်းကြောင်း အမှန်နှင့် စပ်လျဉ်းသည့် ဗြာဟ္မဏတို့၏ ယုံကြည်မှုကို ဝေဖန်ထားခြင်းဖြစ်သည်။ ဗြာဟ္မဏဝါဒအရ ဤလောကနှင့် သတ္တဝါများအား မဟာဗြဟ္မာကြီးက ဖန်ဆင်းထားခြင်း ဖြစ်ပြီး၊ သူတို့၏ နောက်ဆုံးပန်းတိုင်သည် ထိုဖန်ဆင်းရှင် ဗြဟ္မာကြီး စိုးစံရာ ကောင်းကင်ဘုံတွင် ထိုဗြဟ္မာကြီး၏ အပေါင်းအဖော် (ဗြဟ္မသဟဗျ) အဖြစ် ရောက်ရှိရေးပင် ဖြစ်သည်။ ဒီဃနိကာယ် တေဝဇ္ဇသုတ်တွင် ဗြာဟ္မဏများ၊ ရှေးဆရာ အစဉ်အဆက်နှင့် ဝေဒကျမ်းပြု ရသေ့ကြီးများအနက် တစ်ဦး တစ်ယောက်မျှ ထိုဖန်ဆင်းရှင် ဗြဟ္မာကြီးကို ကိုယ်တိုင် မြင်ဖူးခြင်း (သက္ခိဒိဋ္ဌော) ရှိမရှိ မေးခွန်းထုတ်၍၊ ကိုယ်တိုင် မမြင်ဘူးပါပဲလျှက် ထိုဗြဟ္မာကြီးရှိရာ ဘုံသို့ အရောက် ပို့ဆောင်ပေးနိုင်မည့် လမ်းကို ယုံကြည်ပြောဆိုနေကြခြင်းသည် ခိုင်လုံသော သက်သေ အထောက်အထား ကင်းမဲ့သည့် မျက်ကန်းယုံကြည်မှု ဖြစ်ကြောင်း ဗုဒ္ဓက ဝေဖန် ပြထားသည်။

    အရှင်ဂေါတမ… ဤအရာ၌ ဗြာဟ္မဏတို့သည် ယုံကြည်မှုဖြင့်သာ ဆည်းကပ်ကြသည် (သဒ္ဓါယေ၀ ပယိရုပသန္တိ) မဟုတ်ပါ၊ ဗြာဟ္မဏတို့သည် တစ်ဆင့်ကြားခြင်း (အနုဿဝ) ဖြင့်လည်း ဆည်းကပ်ကြပါ၏ (ဟု ကာပဋိကလုလင်က ပြန်လည် ချေပသည်)။ (မ-၂-၄၂၈၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊စင်္ကီသုတ်)

    ဗြာဟ္မဏတို့၏ တထစ်ချ ယုံကြည်ပြောဆိုခြင်းကို ကိုယ်တိုင် သိမြင်မှု မပါသည့် မျက်ကန်းယုံကြည်မှု အဖြစ် ဗုဒ္ဓက ဝေဖန်သောအခါ၊ ယုံကြည်မှု သက်သက်ကြောင့် မဟုတ်ဘဲ၊ တစ်ဆင့်ကြား (အနုဿဝ) ဖြင့် လက်ခံ ယုံကြည်ထားကြကြောင်း ကာပဋိကလုလင်က ပြန်လည်ချေပသည်။ ဤနေရာတွင် တစ်ဆင့်ကြားဟုဆိုသည်မှာ ဆရာအစဉ်အဆက် (ပရမ္ပရာယ) လက်ခံပို့ချလာသော အစဉ်အလာ (tradition) သက်သက်မျှကို ဆိုလိုဟန်မတူပါ။ ဝေဒကျမ်းကို စီရင်သည့် ရသေ့ကြီးများသည် ထိုထို အမှန်တရားတို့ကို ကိုယ်တိုင် သိမြင်ခြင်း မရှိသော်လည်း၊ နတ်ဗြဟ္မာတို့ထံမှ သူတို့ ကြားနာရသည့် သုတိ (Śruti – divine revelation) တို့ကို တဆင့်ပြန်လည် ပို့ချခဲ့သည်ကို ဆိုလိုဟန်ရှိသည်။ ဗြာဟ္မဏဝါဒအရ ဝေဒကျမ်းများသည် လူသားတို့ စီရင်ထားခြင်းမဟုတ်ဘဲ (အပုရိသေယ)၊ ဖန်ဆင်းရှင် ဣဿရ ဗြဟ္မာကြီးထံမှ ကြားနာရသည်ကို (သုတိ) ရသေ့ကြီးများက လူတို့ နားလည်နိုင်မည့် စကားဖြင့် စီရင်ပို့ချခဲ့ကြခြင်း ဖြစ်သည်ဟု ယူဆကြသည်။

    မခိုင်လုံသည့် အကြောင်းရင်းများ

    ကာပဋိကလုလင်က ဆရာအစဉ်အဆက် လက်ခံလာသည့် ယုံကြည်မှု သက်သက်ကြောင့်သာမဟုတ်ဘဲ၊ ဗြဟ္မာကြီးထံမှ ကြားနာရသည်ကို အစဉ်အဆက် သင်ယူပို့ချခဲ့သည်ဟူသော အနုဿ၀ (divine revelation and oral tradition) ကြောင့်လည်း တထစ်ချစကား ပြောဆိုရကြောင်း ဆင်ခြေ တက်လာပြန်သည်။ ဤတွင် ဗုဒ္ဓက ဧကံမုချ အမှန်အဖြစ် ပြောဆိုနိုင်ရန် ခိုင်လုံမှု မရှိသော အကြောင်းရင်း ၅-မျိုး ကို ဟောကြားသည်။

    ဘာရဒွါဇ… သင်သည် ရှေးဦးစွာ ယုံကြည်မှုသို့ လိုက်ခဲ့ပြီး ယခု တဆင့်ကြားကို ဆိုပြန်၏။ ဘာရဒွါဇ… ဤငါးပါးတို့သည် မျက်မှောက်၌ပင် (အမှန် အမှားဟူသော) အကျိုးနှစ်မျိုးရှိသည်။ အဘယ်ငါးပါးနည်း?
    (၁) ယုံကြည်ခြင်း (သဒ္ဓါ)
    (၂) နှစ်သက်ခြင်း (ရုစိ)
    (၃) တစ်ဆင့်ကြားခြင်း(အနုဿဝ)
    (၄) အကြောင်းခြင်းရာကို ကြံစည်ခြင်း (အာကာရပရိဝိတက္က)
    (၅) အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံခြင်း (ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ) တို့တည်း။
    (မ-၂-၄၂၈၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊စင်္ကီသုတ်)

    မှန်ကန်သော အသိပညာရရာ ရကြောင်း အထောက်အထားတို့အား အရှေ့တိုင်းဒဿနစာပေတွင် “ပမာဏ” (source of knowledge) ဟုခေါ်သည်။ ပုဂ္ဂိုလ်တစ်ဦး၊ အစဉ်အလာတရပ်၊ ကျမ်းဂန်တစ်ခုအား ယုံကြည်မှုကို အခြေခံ၍ ရရှိသော အသိပညာကို သုမယပညာဟု ခေါ်သည်။ အကြောင်းယုတ္တိကို စဉ်းစားဆင်ခြင်ခြင်း၊ စူးစိုက်လေးနက်စွာ စဉ်းစားတွေးခေါ်ခြင်းတို့ဖြင့် ရရှိလာသော အသိပညာကို စိန္တာမယပညာဟု ခေါ်သည်။ အထက်တွင် ဖော်ပြခဲ့သော အကြောင်းရင်း ၅-မျိုးကို အခြေခံ၍ သိရှိသော အသိပညာများသည် သုတမယပညာနှင့် စိန္တာမယပညာတို့တွင် အကြုံးဝင်သည်။ ကိုယ်တိုင်မျက်မှောက် သိမြင်ခြင်းမရှိသေးဘဲ သုတမယ၊ စိန္တာမယတို့ဖြင့် ရရှိလာသော အသိအမြင်များသည် မှန်ကောင်း မှန်နိုင်သလို၊ မှားကောင်း မှားနိုင်ပါသည်။ မှန်ကန်သည့်တိုင် ပြည့်စုံသော အသိမျိုး မဟုတ်သေးဘဲ ရှုထောင့်တခုမှ တစိတ်တဒေသ သိမြင်သော အမြင်မျိုး (ဧကင်္ဂဒဿန) ဖြစ်နေတတ်သည်။ ဤသို့သော အမြင်မျိုးကို စွဲကိုင်ကာ “ဤသည်သာ အမှန်၊ ကျန်သည်က အမှား” ဟု အချင်းချင်း ငြင်းခုန်နေကြသူများသည် မျက်မမြင် သူကန်းတို့ ဆင်စမ်း၍ ကိုယ်ထင်ရာပြောကာ ငြင်းခုန်နေကြသည်နှင့် တူကြောင်း ဥဒါန်း နာနာတိတ္ထိယသုတ်တွင် ဟောကြားထားသည် (ဥဒါန-၅၄၊ ပဌမနာနာတိတ္ထိယသုတ်)။

    ဘာရဒွါဇ… ကောင်းစွာ ယုံကြည်ထားသော်လည်း အချည်းနှီး အမှားဖြစ်တတ်သည်။ ကောင်းစွာ ယုံကြည်မထားသော်လည်း အဟုတ်အမှန် ဖြစ်တတ်သည်။ […] ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက် လက်ခံထားသော်လည်း အချည်းနှီး အမှား ဖြစ်တတ်သည်။ ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက် လက်ခံထားခြင်း မရှိသော်လည်း အဟုတ်အမှန် ဖြစ်တတ်သည်။ ဘာရဒွါဇ… အမှန်တရားကို စောင့်ထိန်း၍ ဉာဏ်အမြော်အမြင်ရှိသော ယောကျ်ားသည် ဤအရာ၌ “ဤသည်သာမှန်၏။ အခြားသည် အချည်းအနှီးတည်း” ဟု တဖက်သတ် ဆုံးဖြတ်ရန် (ဧကံသေန နိဋ္ဌံ ဂန္တုံ) မသင့် ။ (မ-၂-၄၂၈၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊စင်္ကီသုတ်)

    သစ္စာစောင့်ခြင်း (သစ္စာနုရက္ခဏာ)

    ဤတွင် ဗုဒ္ဓက ယုံကြည်မှု သဒ္ဓါတရား၊ ရှေးရိုးစဉ်လာ အတွေးအခေါ်များ၊ စာပေကျမ်းဂန်များနှင့် စဉ်းစားဆင်ခြင်မှုတို့သည် မှန်ကန်သည့် အသိဉာဏ်ရကြောင်း အခြေခံ အကြောင်းရင်းများ (source of knowledge) မဟုတ်ဟု ငြင်းပယ်နေခြင်း မဟုတ်။ “ဤသည်သာ အမှန်၊ ကျန်သည်က အမှား” ဟု တရားသေ တထစ်ချ ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် ခိုင်လုံသော ပမာဏများ မဟုတ်သည်ကိုသာ ဝေဖန်ထောက်ပြနေခြင်း ဖြစ်သည်။ အယူဝါဒတခု အဆိုတရပ်ကို နှစ်သက် ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ မိရိုးဖလာ အစဉ်အလာတရပ်ကို လိုက်နာကျင့်သုံးကောင်း ကျင့်သုံးနိုင်သည်။ ကျမ်းဂန်စာပေတို့ကို ကိုးကားပြောဆိုကောင်း ပြောဆိုနိုင်သည်။ အကြောင်းအရာ တရပ်ပေါ်တွင် လေးနက်စွာ စူးစမ်းဆင်ခြင်၍ မိမိတို့ ယုံကြည်သည့်အတိုင်း သုံးသပ်ပြောဆိုကောင်း ပြောဆိုနိုင်သည်။ သို့သော် ကိုယ်တိုင် မျက်မှောက် သိမြင်ခြင်း မရှိသေးဘဲ၊ မိမိ နှစ်သက်ယုံကြည်သည်သာ အမှန်၊ မိမိတို့၏ အစဉ်အလာ လက်ခံထားသည့်တို့ကသာ အမှန်၊ မိမိတို့ စဉ်စား ဆင်ခြင်ထားသည်ကသာ အမှန်၊ မိမိတို့၏ ကျမ်းဂန်စာပေတို့ကသာ အမှန်ဟု လှေနံဓားထစ် တဖက်သတ် ဆုံးဖြတ်ချက် ချလိုက်လျှင်မူ၊ အသိဉာဏ်သဘောပါစေကာမူ စွဲလမ်းယုံကြည်မှု ဥပါဒါန်သာ ဖြစ်သည် (မ-၃-၂၈၊ မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ဒေဝဒဟဝဂ်၊ ပဉ္စတ္တယသုတ်)။ “ဤသည်သာ အမှန်” ဟု သုံးသပ် စွဲလမ်း ဆုပ်ကိုင်၍ မိမိကိုယ်ကို နှောင်ဖွဲ့ထားခြင်း (ဣဒံသစ္စာဘိနိဝေသကာယဂန္ထ) ဟုလည်း ခေါ်သည်။ မိမိကိုယ် မိမိ ထိုယုံကြည်ချက်၊ ထိုအတွေးအခေါ်၊ ထိုအစဉ်အလာတွင် လှောင်ပိတ် အကျဉ်းချလိုက်ရာ ရောက်သည်။ ကိုယ်တိုင် သိမြင်ခြင်း မရှိသေးသည့် အရာတို့တွင် လှေနံဓားထစ် တဖက်သတ် ဆုံးဖြတ်ခြင်းမပြုသေးပါက အမှန်တရားအတွက် မိမိ၏ နှလုံးသားကို ဖွင့်လှစ်ထားရာ ရောက်သည်။ အမှန်တရားကို စောင့်ထိန်းရာ ရောက်သည်။ သစ္စာစောင့်ခြင်း ဖြစ်သည်ဟု စင်္ကီသုတ်တွင် ဟောကြားထားသည်။

    ဘာရဒွါဇ… ယောက်ျားအား ယုံကြည်ခြင်းဖြစ်သော်လည်း “ဤသည်သာမှန်၏။ အခြားသည် အချည်းအနှီးတည်း” (ဣဒမေ၀ သစ္စံ, မောဃမညန္တိ) ဟု တစ်ဖက်သတ် ဆုံးဖြတ်ခြင်းသို့ မရောက်။ “ငါသည် ဤသို့ ယုံကြည်၏” ဟုသာ ပြောဆို၍ သစ္စာစောင့်၏။ […] ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံထားသော်လည်း “ဤသည်သာမှန်၏။ အခြားသည် အချည်းအနှီးတည်း” ဟု တဖက်သတ် ဆုံးဖြတ်ခြင်းသို့ မရောက်။ “ငါသည် ဤသို့ ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံထား၏” ဟုသာ ပြောဆို၍ သစ္စာစောင့်၏။ ဘာရဒွါဇ… ဤမျှဖြင့် ငါတို့သည် သစ္စာစောင့်ခြင်း (သစ္စာနုရက္ခဏာ) ကို သတ်မှတ်၏။ သို့သော် သစ္စာကို လျော်စွာသိမြင်ခြင်း (သစ္စာနုဗောဓာ) ကား မဖြစ်သေးပေ။(မ-၂-၄၂၈၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ စင်္ကီသုတ်)

    သို့သော် ပွင့်လင်းသော နှလုံးသား ထားရှိခြင်း (သို့မဟုတ်) သစ္စာစောင့်ခြင်းသည် ခရီးဆုံးပန်းတိုင် မဟုတ်။ သစ္စာတရား ရှာပုံတော်ခရီး၏ ပထမအစ ခြေလှမ်းသာ ဖြစ်သည်။ စင်္ကီသုတ်တွင် (၁) သစ္စာစောင့်ခြင်း (သစ္စာနုရက္ခဏယ)၊ (၂) သစ္စာသိခြင်း (သစ္စာနုဗောဓာ)၊ (၃) သစ္စာဆိုက်ခြင်း (သစ္စာနုပ္ပတ္တိ) ဟု အဆင့်သုံးဆင့် ဟောကြားထားရာ ဒုတိယအဆင့်ဖြစ်သော သစ္စာသိခြင်းကို ဆက်လက်ဟောကြားရန် လမ်းဖွင့်ပေးလိုက်သည်။

    အကြောင်းခိုင်လုံသည့် ယုံကြည်မှု

    စိစစ်ဝေဖန်မှု ကင်းမဲ့သော ယုံကြည်မှုသည် အခြေအမြစ် ကင်းမဲ့သော မျက်ကန်းယုံကြည်မှု ဖြစ်သည်။ အကြောင်းယုတ္တိကို စူးစမ်းဆင်ခြင်ကာ စဉ်းစားတွေးခေါ်ထားသော ယုံကြည်မှု (rational faith) သည်လည်း ကိုယ်တိုင် မျက်မှောက် သိမြင်မှု ကင်းမဲ့နေသေးပါက မိမိယုံကြည်ထားသည့်အတိုင်း မှန်ကန်ခြင်း ရှိနိုင်သလို၊ မှားယွင်းကောင်း မှားယွင်းနိုင်သေးသည်။ သို့သော် မည်သည့်အရာကိုမျှ ဆုံးဖြတ်ချက်မချနိုင်ဘဲ မယုံကြည်မှု ကင်းမဲ့ကာ အရာရာကို တွေဝေနေပါက အမှန်တရားကို ရှာဖွေရန် ထက်သန်သည့် အားထုတ်မှု (အာရဒ္ဓဝီရိယ) ပြုနိုင်လိမ့်မည် မဟုတ်။ သိပ္ပံပညာရပ်ဆိုင်ရာ စမ်းသပ်မှုများ၌ ပင်လျှင် ထိုက်သင့်သော ယုံကြည်မှုရှိမှသာ ထက်သန်စွာ စူးစမ်းရှာဖွေမှု ဖြစ်နိုင်သည်။ ထို့ကြောင့် ယုံကြည်ချက် ရှိမှသာလျှင် စိတ်အား ထက်သန်ခြင်း၊ ဇွဲလုံ့လရှိခြင်း၊ တာဝန်မဲ့ မနေခြင်း (ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော) ဖြစ်နိုင်သည်ဟု ဟောကြားထားသည် (သံ-၅-၅၂၀၊ ဣန္ဒြိယသံယုတ်၊ ဇရာဝဂ်၊ အာပဏသုတ်)။ သဒ္ဓါတရားသည် ယုံကြည်ထိုက်သော အရာတို့အပေါ်တွင် ကြည်ညိုခြင်း (ပသာဒ) သဘောရှိသည်။ တွေဝေခြင်းစသည့် စိတ်၏ အညစ်အကြေးများကို အနယ်ထိုင်စေ၍ ကြည်လင်စေခြင်း (သမ္ပသာဒနီယ) သဘောရှိသည်။ တွေဝေခြင်းကင်းစွာဖြင့် “ဤသို့ ဖြစ်၏” ဟု ကိုယ်တိုင်သိမြင်သကဲ့သို့ သက်ဝင် ဆုံးဖြတ်နိုင်ခြင်း (သြကပ္ပန) သဘောရှိသည်။ သံလျက်ဓားကို ကိုင်ကာ ငါးလိပ်မကန်းတို့ ပေါသော မြစ်ရေသို့ စိတ်မတွန့်ဆုတ်ဘဲ ရဲဝံ့စွာ စိတ်ချယုံကြည်စွာ ဆင်းသက်ဝံ့သော သူရဲကောင်းကဲ့သို့ ကောင်းသောအမှုတို့ စွမ်းဆောင်ရန် ရှေ့သို့ တိုးခြင်း ပြေးဝင်ခြင်း (သမ္ပက္ခန္ဒန) သဘောရှိသည်။ ဒါနပြုခြင်း၊ သီလ ဆောက်တည်ခြင်း၊ ဘာဝနာ ပွားများခြင်းစသည့် ကုသိုလ်တရားတို့ ပြုရာတွင် သဒ္ဓါသည် ရှေ့ပြေး (သဒ္ဓါ ပုဗ္ဗင်္ဂမာ ပုရေစာရိကာ) ဖြစ်သည်ဟု ယုံကြည်ခြင်း သဒ္ဓါ၏ သဘောကို အဋ္ဌသာလိနီ အဋ္ဌကထာက ဖွင့်ပြသည်။ ထို့ကြောင့် အခြေအမြစ်ကင်းမဲ့သော မျက်ကန်း ယုံကြည်မှုမျိုး (အမူလကသဒ္ဓါ) ကို စွန့်ပယ်ရမည်ဆိုသော်လည်း၊ သေချာစွာ စူးစမ်းလေ့လာ၍ ယုံကြည်ထိုက်သည်ကို ဆုံးဖြတ် သက်ဝင်နိုင်သည့် ယုံကြည်မှုမျိုး (သြကပ္ပနသဒ္ဓါ) ကိုကား တည်ဆောက်ယူရန် လိုအပ်သည်။

    ဆရာကောင်း ရှာဖွေခြင်း

    တခါက သာလရွာမှ ဗြာဟ္မဏတို့အား “သင်တို့တွင် အကြောင်းခိုင်လုံသည့် ယုံကြည်မှုကို ရစေနိုင်လောက်သည့် ဆရာကောင်း တစ်ဦးဦး ရှိပါ၏လော” ဟု ဗုဒ္ဓမြတ်စွာက မေးဖူးသည်။ မရှိကြောင်းသေး ဖြေကြားကြသောအခါတွင် ဆရာကောင်း မရှိပါက ဧကန်မုချ အကျိုးရှိသည့် (အပဏ္ဏက Infallible) တရားကို လိုက်နာကျင့်သုံးသင့်ကြောင်း ဟောကြားသည် (မ-၂-၉၂၊ မဇ္ဈိမပဏ္ဏာသ၊ ဂဟပတိဝဂ်၊ အပဏ္ဏကသုတ်)။ အလားတူပင် ယုံကြည်မှု ရေရေရာရာ မရှိဘဲ တွေဝေနေသော ကာလာမ မျိုးနွယ်တို့ကိုလည်း မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်သည့် ဧကန်မုချ ထောက်တည်ရာ သက်သာရာ ရစေနိုင်မည့် အကြောင်းတရား လေးပါးကို ဟောကြားထားသည်။ ဤစင်္ကီသုတ်မှ ကာပဋိကလုလင်မှာမူ မျက်ကန်း ယုံကြည်မှုဖြင့် တရားသေ ဝါဒကို ကိုင်စွဲထားသူ ဖြစ်သည်။ ဗုဒ္ဓက ကာပဋိကလုလင်အား ဆရာအကူအညီ မလိုဘဲ မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်သည့် တရားမျိုး ဟောကြားခြင်း မပြုတော့ဘဲ၊ ယုံကြည်ထိုက်သည့် ဆရာမျိုးကို ကိုယ်တိုင် စူးစမ်းလေ့လာကာ ရှာဖွေသင့်ကြောင်း ဟောကြားသည်။
    ဘာရဒွါဇ… တစ်ခုသော ရွာ, နိဂုံးကို အမှီပြု၍ သီတင်းသုံးနေသော ရဟန်းသည်ရှိ၏။ သူကြွယ်သည်လည်းကောင်း, သူကြွယ်၏သားသည်လည်းကောင်း ထိုရဟန်းထံသို့ ချဉ်းကပ်၍ ရဟန်း၏ လောဘ ဖြစ်ဖွယ်ရာ တရား, ဒေါသ ဖြစ်ဖွယ်ရာ တရား, မောဟ ဖြစ်ဖွယ်ရာ တရားတို့၌ စူးစမ်းလေ့လာ၏ (သမန္နေသတိ)။ စူးစမ်း လေ့လာသည်ရှိသော် “လောဘ (ဒေါသ, မောဟ) လွှမ်းမိုး ဖိစိးခံရသူသည် မိမိ မသိဘဲလျက်လည်း သိသည်ဟု ဆိုရာ၏။ မမြင်ဘဲလျက်လည်း မြင်သည်ဟု ဆိုရာ၏။ ရှည်မြင့်စွာ အကျိုးမဲ့ ဆင်းရဲစေမည့် အရာကိုလည်း သူတစ်ပါးတို့အား ဆောက်တည်စေရာ၏။ […] ဤအရှင်၏ ကိုယ်အမူအရာ, နှုတ်အမူအရာသည် လောဘ (ဒေါသ, မောဟ) ကင်းသူ၏ ကိုယ်အမူအရာ, နှုတ်အမူအရာမျိုးဖြစ်သည်။ ဤအရှင် ဟောကြားသော တရားတော်တို့သည် နက်နဲ၏။ မြင်နိုင်ခဲ၏။ ထိုးထွင်း၍ သိနိုင်ခဲ၏။ ငြိမ်သက်၏။ မွန်မြတ်၏။ ကြံစည်၍ မရနိုင်။ သိမ်မွေ့၏။ ပညာရှိတို့သာ သိအပ်၏။ ထိုတရားမျိုးအား လောဘ (ဒေါသ, မောဟ) ရှိသူတို့ ဟောကြားရန် မဖြစ်နိုင်” ဟု သိမြင်၏။ (မ-၂-၄၃၀၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ စင်္ကီသုတ်)

    အထက်ပါစာပိုဒ်တွင် ဖော်ပြထားသည့် “ရဟန်း” ဆိုသည်မှာ မြတ်စွာဘုရားကိုပင် ရည်ညွှန်းကြောင်း အဋ္ဌကထာဆရာက မှတ်ချက်ပေးထားသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် အခြားဘာသာတရားများတွင်ကဲ့သို့ ဖန်ဆင်းရှင် ဣဿရဘုရား၊ ထာဝရဘုရားမျိုး မဟုတ်။ ထိုဣဿရဘုရားရှင်က လူသားအဖြစ် ဝင်စားသော အဝတာရဘုရားမျိုးလည်း မဟုတ်။ ထိုဣဿရဘုရားရှင်၏ သတင်းစကားကို လူသားတို့အား တဆင့်ပြန်လည် ဟောကြားပေးသည့် တမန်တော်လည်း မဟုတ်။ ဗုဒ္ဓသည် မိမိ ကိုယ်တိုင် ထိုးထွင်း သိမြင်သည့် သစ္စာတရားကို လူသားတို့အား နည်းလမ်းပြသပေးသည့် ဆရာတစ်ဦး (သတ္ထာ) ဖြစ်သည်။ အချို့သော သုတ္တန်များတွင် ဗုဒ္ဓက မိမိကိုယ်မိမိ မိတ်ဆွေကောင်း (ကလျာဏမိတ္တ) တစ်ဦးအဖြစ် ရည်ညွှန်း သုံးစွဲလေ့ရှိသည်။

    မိတ်ဆွေကောင်း၊ ဆရာကောင်းကို ဆည်းကပ်ရာတွင် မျက်ကန်း ယုံကြည်မှုမျိုးဖြင့် ဆည်းကပ်ရသည်ကား မဟုတ်။ အသိဉာဏ်မပါသော ယုံကြည်မှုသည် မယုံကြည်သင့်သည်ကို ယုံကြည်မိတတ်သည်။ ထို့ကြောင့် အကြောင်းခိုင်လုံသော ယုံကြည်မှု ဖြစ်စေရန် မိမိတို့ ကိုယ်တိုင် သိရှိနိုင်သည့် နည်းလမ်းများဖြင့် စမ်းသပ်စစ်ဆေးရသည်။ စူးစမ်းလေ့လာရသည်။ ဗုဒ္ဓမြတ်စွာကိုပင် “သမ္မာသမ္ဗုဒ္ဓဘုရား ဟုတ် မဟုတ်” သိရန် စူးစမ်းလေ့လာမှုပြုသင့်ကြောင်း (တထာဂတေ သမ္မန္နေသနာ ကာတဗ္ဗာ - “သမ္မာသမ္ဗုဒ္ဓေါ ဝါ နော ဝါ” ဣတိ ဝိညာဏာယာ) မဇ္ဈိမနိကာယ် ဝီမံသကသုတ်တွင် ဟောကြားထားသည်။ သို့သော် သူတပါး၏ စိတ်ကို သိနိုင်သည့် စေတောပရိယာယဉာဏ်မျိုး မရှိသောသူအတွက် မည်သို့ သိနိုင်မည်နည်း။ မျက်စိဖြင့် မြင်နိုင် နားဖြင့် ကြားနိုင်သည့် (စက္ခုသောတဝိညေယျ) ကိုယ်အမူအကျင့် (ကာယသမာစာရ) နှုတ်အမူအကျင့် (ဝစီသမာစာရ) တို့ကို စူးစမ်းလေ့လာနိုင်ကြောင်း ဝီမံသကသုတ်တွင် နည်းလမ်းညွှန်ပြထားသည်။ ဝီမံသကသုတ်၏ အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

    (၁) မြင်အပ် ကြားအပ်သော ညစ်နွမ်းသည့် အကျင့်တို့ ရှိ မရှိ။
    (၂) မြင်အပ် ကြားအပ်သော ရောပြွမ်းနေသည့် အကျင့်တို့ ရှိ မရှိ။
    (၃) မြင်အပ် ကြားအပ်သော ဖြူစင်သည့် အကျင့်တို့ ရှိ မရှိ။
    (၄) ထိုသို့ ဖြူစင်သည့် ကုသိုလ်တရားတို့သည် အချိန် ကြာမြင့်စွာ ပြည့်စုံနေသလော၊ တခဏတာသာ ပြည့်စုံသလော။
    (၅) ကျော်ကြားခြင်း၊ အခြွေအရံများခြင်းကြောင့် အချို့သော အပြစ်များသည် ထင်ရှားလာသလော။
    (၆) ထိုသို့သော ဖြူစင်သည့် အကျင့်များသည် ကြောက်ရွံ့ခြင်းကင်းလျှက် ရှောင်ကြဉ်သည် ဖြစ်သလော၊ ကြောက်ရွံ့သဖြင့် ရှောင်ကြဉ်သည် လော ရာဂကင်းသည်ဖြစ်၍ ကာမဂုဏ်ကို မမှီဝဲခြင်းလော။
    (၇) တဦးတည်း နေစဉ်၌ဖြစ်စေ၊ အများသံဃာနှင့် နေစဉ်၌ ဖြစ်စေ မိမိ၏ ကောင်းသော အကျင့်ဂုဏ်ကို အကြောင်းပြုကာ တပည့်ကောင်းဆိုး အမျိုးမျိုးတို့အား မထေမဲ့မြင် ပြုသလော။ (တန်းတူ တသမတ်တည်း သဘောထားသလော) စသဖြင့် မိမိကိုယ်တိုင် စုံစမ်းလေ့လာရသည်။
    (၈) ထိုသို့ မိမိကိုယ်တိုင် စုံစမ်းပြီးနောက် အထက်ပါ အချက်များအား မြတ်စွာဘုရားကိုပင် တိုက်ရိုက် မေးမြန်း၍ ထပ်မံ စုံစမ်းရန် ဟောကြားထားသည်။

    မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန် စံဝင်သွားပြီဖြစ်သဖြင့် ယခုအခါတွင် ဤသို့ စူးစမ်းလေ့လာ၍ မဖြစ်နိုင်တော့ပါ။ သို့သော် ပိဋကတ်စာပေများတွင် တွေ့ရသည့် မြတ်စွာဘုရားရှင်၏ ပြုမူ ပြောဆို နေထိုင်ပုံတို့ကို ဤစံတို့ဖြင့် ဆန်းစစ်ဝေဖန်နိုင်ပါသည်။ အလားတူပင် ရဟန္တာ၊ သူတော်ကောင်း ဟုတ်-မဟုတ် အကဲခတ်နိုင်ရန်အတွက် ကိုယ်ကျင့်သီလ၊ စိတ်ဓာတ်ရင့်ကျက်ခိုင်မာမှု၊ အသိပညာတို့ကို စူးစမ်းလေ့လာသည့် နည်းလမ်းများကို အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ဌာနသုတ်၊ သံယုတ္တနိကာယ် သတ္တဇဋိလသုတ် စသည်တို့တွင်လည်း ဟောကြားထားပါသည်။ ယင်းသုတ္တန်တို့တွင် ဟောကြားထားသော နည်းလမ်းများကို အသုံးချကာ ဆည်းကပ် အားကိုးထိုက်သော ဆရာကောင်း ဟုတ် မဟုတ် စုံစမ်းလေ့လာနိုင်ပါသည်။

    ဤသို့ သေချာစွာ စုံစမ်း စိစစ်ပြီးသောအခါမှသာ ထိုဆရာ (မြတ်စွာဘုရား) ထံတွင် တရားနာရန် ချဉ်းကပ်ထိုက်သည် (သတ္ထာရံ အရဟတိ သာဝကော ဥပသင်္ကမိတုံ ဓမ္မဿဝနာယ) ဟု ဝီမံသကသုတ်တွင် ဆက်လက် ဟောကြားထားသည်။ တပည့်သာဝကသည် ထိုသို့သော ဆရာမျိုးထံတွင် တရားကို နာကြားပြီးသောအခါ အချို့သောတရားတို့ကို ကိုယ်တိုင် ထိုးထွင်းဉာဏ်ဖြင့် သိ၍ တရားတို့၌ ဆုံးဖြတ်နိုင်၏ (တသ္မိံ အဘိညာယ ဣဓေကစ္စံ ဓမ္မံ ဓမ္မေသု နိဋ္ဌံ ဂစ္ဆတိ)။ ထိုအခါတွင် “မြတ်စွာဘုရားသည် သစ္စာတရားကို ကိုယ်တော်တိုင် မှန်စွာ သိတော်မူသော သမ္မာသမ္ဗုဒ္ဓ ဖြစ်ပါ၏။ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်ဖြစ်ပါ၏။ သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူကြသော သံဃာတော် ဖြစ်ပါ၏ (သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ၊ သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သုပ္ပဋိပ္ပန္နော သံဃော) ဟု၍ ဆရာမြတ်စွာဘုရားအား ကြည်ညိုခြင်းသည် ဖြစ်၏။ ထိုသို့သော ယုံကြည်ခြင်းမျိုးသည် အကြောင်းခိုင်လုံသော ဉာဏ်အမြင်ကို အရင်းခံသော ယုံကြည်မှု (အာကာရဝတီ သဒ္ဓါ ဒဿနမူလိကာ) ဖြစ်သည်။ လောကတွင် မည်သူ တစုံတဦးကမျှ ပယ်ရှား၍ မရနိုင်အောင် ခိုင်မြဲသော သဒ္ဓါ ဖြစ်သည်။ ဝီမံသကသုတ်အဋ္ဌကထာက “ဒဿနမူလိကာ” ဆိုသည်မှာ သစ္စာကို ထိုးထွင်းသိမြင်သည့် သောတာပတ္တိမဂ် ဉာဏ်အမြင်ကို အရင်းခံခြင်းကို ဆိုလိုကြောင်း ဖွင့်ပြထားသည်။ မတုန်မလှုပ်သော သက်ဝင်ယုံကြည်ခြင်း (အဝေစ္စပသာဒ) ဟုလည်း ခေါ်သည်။

    သောတာပတ္တိ ဉာဏ်အမြင်ကို ရရှိနိုင်ရန်အတွက် (၁) သူတော်ကောင်းအား မှီဝဲဆည်းကပ်ခြင်း (သပ္ပုရိသသံသေဝ) နှင့် (၂) သူတော်ကောင်းတရား နာကြားခြင်း (သဒ္ဓမ္မဿဝန) ဟူသည့် ပြင်ပအကြောင်းတရား နှစ်ပါး၊ (၃) သင့်လျော် မှန်ကန်သော နှလုံးသွင်းမှု ရှိခြင်း (ယောနိသောမနသိကာရ) နှင့် (၄) တရားနှင့် လျော်သော အကျင့်တရားကို ကျင့်ခြင်း (ဓမ္မာနုဓမ္မပဋိပတ္တိ) ဟူသည့် မိမိနှင့် ဆိုင်သောအကြောင်း နှစ်ပါးတို့ လိုအပ်သည်။ ထိုလေးချက်အား သောတာပန်ဖြစ်ရန် အင်္ဂါလေးပါး (သောတာပတ္တိယင်္ဂါနိ) ဟူ၍ သုတ္တန်ဒေသနာတို့တွင် ဟောကြားလေ့ရှိသည်။ သမ္မာသမ္ဗုဒ္ဓဘုရားနှင့် ပစ္စေကဗုဒ္ဓ တို့မှအပ ကြွင်းသောပုဂ္ဂိုလ်တို့သည် ဆရာသမားထံမှ သစ္စာတရား နာကြားရခြင်း (ပရတော ဃောသော) ဟူသော ပြင်ပ အကြောင်းတရား မရရှိဘဲ မိမိတို့ အလိုအလျောက် သစ္စာတရားကို ထိုးထွင်းသိနိုင်စွမ်း မရှိပါ။ ပညာအရာတွင် ဧတဒဂ်ရတော်မူသော အရှင်သာရိပုတ္တရာသည်လည်း အရှင်အဿဇိမထေရ်ထံမှ တရားနာကြားရခြင်းကို အကြောင်းပြု၍ သစ္စာတရားကို ထိုးထွင်းသိရသည်။ ထို့ကြောင့် မှန်ကန်သော ယုံကြည်သက်ဝင်မှုကို ဖြစ်ပေါ်စေနိုင်သည့် ဆရာကောင်း ရှာဖွေခြင်းသည် ဉာဏ်အမြင်ကို အရင်းခံသည့် ယုံကြည်မှု တည်ဆောက်နိုင်ရန် အတွက် လိုအပ်ချက် လမ်းစဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။

    သစ္စာကို လျော်စွာသိမြင်ခြင်း (သစ္စာနုဗောဓာ)

    မျက်ကန်းယုံကြည်မှု မဟုတ်ဘဲ စူးစမ်းလေ့လာပြီးမှ ဆရာတင်ထိုက်သည်ဟု ဆုံးဖြတ် သက်ဝင်နိုင်သော ယုံကြည်မှုမျိုး ဖြစ်ပေါ်လာသောအခါတွင် ထိုယုံကြည်မှု သဒ္ဓါတရားကို အရင်းပြုကာ အဆင့် ၁၂-ဆင့်ကို လိုက်နာကျင့်ကြံခြင်းဖြင့် သစ္စာသိခြင်း (သစ္စာနုဗောဓာ) ဖြစ်ပေါ်ကြောင်း စင်္ကီသုတ်တွင် ဟောကြားထားသည်။ ဤအဆင့် ၁၂-ဆင့်ကို မဇ္ဈိမနိကာယ် ကိဋာဂီရိသုတ်တွင်လည်း အဆင့်ဆင့်သော သိက္ခာစဉ်၊ လုပ်ငန်းစဉ်၊ ကျင့်စဉ် (အနုပုဗ္ဗသိက္ခာ အနုပုဗ္ဗကိရိယာ အနုပုဗ္ဗပဋိပဒါ) ဟူသော အမည်ဖြင့် ဟောကြားထားပါသည်။
    ထိုသို့အားဖြင့် ထိုရဟန်းသည် (လောဘ, ဒေါသ) မောဟတရားတို့မှ အထူးစင်ကြယ်သည်ကို စူးစမ်းသိမြင်သောအခါ၊ ထိုရဟန်း၌ ယုံကြည်မှု (သဒ္ဓါ) ဖြစ်ပေါ်သည်။
    (၁) ယုံကြည်မှုရှိသူသည် ချဉ်းကပ်၏ (ဥပသင်္ကမတိ)။
    (၂) ချဉ်းကပ်သူသည် ရိုသေစွာ ဆည်းကပ်၏ (ပယိရုပါသတိ)။
    (၃) ရိုသေစွာ ဆည်းကပ်သူသည် နားစိုက်ထောင်၏ (သောတံ သြဒဟတိ)။
    (၄) နားစိုက်ထောင်သူသည် တရား နာကြား၏ (ဓမ္မံ သုဏာတိ)။
    (၅) တရားနာကြားသူသည် တရားကို မှတ်သားဆောင်ယူ၏ (ဓမ္မံ ဓာရေတိ)။
    (၆) မှတ်သားဆောင်ယူထားသော တရား၏ အနက်သဘောကို လေ့လာဆင်ခြင်၏ (အတ္ထံ ဥပပရိက္ခတိ)။
    (၇) အနက်သဘောကို လေ့လာဆင်ခြင်သူသည် တရားကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံ၏ (ဓမ္မာ နိဇ္ဈာနံ ခမန္တိ)။
    (၈) တရားကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံသူသည် အလိုဆန္ဒဖြစ်ပေါ်၏ (ဆန္ဒံ ဇယတိ)။
    (၉) အလိုဆန္ဒဖြစ်ပေါ်သူသည် အားထုတ်၏ (ဥဿဟတိ)။
    (၁၀) အားထုတ်၍ နှိုင်းချိန်ခြင်း ဖြစ်သည် (တုလေတိ)။
    (၁၁) နှိုင်းချိန်သည်ဖြစ်၍ အပူတပြင်း အားထုတ်၏ (ပဒဟတိ)။
    (၁၂) အပူတပြင်း အားထုတ်သည်ဖြစ်၍ ကိုယ်ဖြင့် မြတ်သော သစ္စာတရားအား မျက်မှောက်ပြု၏။ ပညာဖြင့်လည်း ထိုးထွင်း သိမြင်၏ (ပဟိတတ္တော သမာနော ကာယေန စေ၀ ပရမံသစ္စံ သစ္ဆိကရောတိ ပညာယ စ နံ အတိဝိဇ္ဈပဿတိ)။
    ဘာရဒွါဇ… ဤမျှဖြင့် သစ္စာကို လျော်စွာသိမြင်၏။ သစ္စာကို ထိုးထွင်းသိမြင်၏။ ဤမျှဖြင့် ငါတို့သည် သစ္စာသိခြင်း (သစ္စာနုဗောဓာ) ကို သတ်မှတ်၏။ သို့သော် သစ္စာဆိုက်ခြင်း (သစ္စာနုပတ္တိ) သည်ကား မဖြစ်သေး။ (မ-၂-၄၃၂၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ စင်္ကီသုတ်)

    မှန်ကန်သော ယုံကြည်မှုဖြစ်ပါက သူတော်ကောင်း ဆရာထံသို့ သွားရောက်ကာ ရိုသေစွာ ဆည်းကပ်မှီဝဲသည်။ ထိုသူတော်ကောင်းထံမှ တရားဓမ္မကို နာကြားလိုစိတ် ဖြစ်သည်။ စိတ်စိုက်၍လည်း တရားဓမ္မကို နာကြား မှတ်သားသည်။ ဤသို့ဖြင့် သူတော်ကောင်းအား မှီဝဲဆည်းကပ်ခြင်း (သပ္ပုရိသသံသေဝ) နှင့် သူတော်ကောင်းတရား နာကြားခြင်း (သဒ္ဓမ္မဿဝန) ဟူသော အင်္ဂါ နှစ်ပါးနှင့် ပြည့်စုံပါသည်။

    ဆရာသမားအား မှီဝဲဆည်းကပ်၍ အဆုံးအမကို နားယူသူသည် သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ်တရား စသည်တို့ကို နာယူ မှတ်သားရသဖြင့် သုတမယပညာ တိုးပွားသည် (သုဿူသာ သုတဝဒ္ဓနံ)။ ထိုသုတမယဉာဏ်ဖြင့် မကောင်းမှုကို ပယ်စွန့်ပြီး၊ ကောင်းမှုကို ပွားများရန်အတွက် လိုအပ်သော အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်သည့် အသိပညာ တိုးပွားသည် (သုတံ ပညာယ ဝဒ္ဓနံ)။ ထိုသုတမယဉာဏ်ကို အရင်းခံ၍ ကြားနာရသည်ကို အစဉ်လျောက်ကာ (သောတာနုသာရေန) တရား၏ အနက်သဘောကို စူးစမ်းဆင်ခြင်သည် (အတ္ထံ ဥပပရိက္ခတိ)။ ထိုသို့ အနက်သဘောကို သိမြင်သည်ရှိသော် ထိုထက်ပို၍ အခြေခံကျသော အကြောင်းဓမ္မနှင့် ဖြစ်မြဲ ဓမ္မတာ သဘောတရားတို့ကို စူးစိုက်ဆင်ခြင်ကာ သိမြင်လက်ခံသည် (ဓမ္မာ နိဇ္ဈာနံ ခမန္တိ)။ သုတမယဉာဏ်မှသည် စိန္တာမယဉာဏ်သို့ တိုးတက်သိမြင်သည်။ ဤအဆင့်အထိအား သိသင့် သိထိုက်သည်တို့ကို ပိုင်းခြားသိမြင်ခြင်း (ဉာတပရိညာ) ဟုလည်း ခေါ်သည်။

    အနက်ကို သိမြင်သည်၊ ဓမ္မကို သိမြင်သည်ရှိသော် (အတ္ထမညာယ ဓမ္မမညာယ) တရားနှင့်လျော်ညီသော အကျင့်တရား (ဓမ္မာနုဓမ္မပဋိပတ္တိ) ကို အားထုတ်လိုသော ဆန္ဒဖြစ်ပေါ်လာသည်။ ရုပ်နာမ်တရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေး သုံးပါးကို နှိုင်းချိန်ဆင်ခြင်သည် (တုလေတိ)။ ဤသို့ လက္ခဏာရေး သုံးပါးကို သုံးသပ်ဆင်ခြင်သောဉာဏ်ကို သမာသနဉာဏ်ဟု ခေါ်သည်။ ဉာတပရိညာမှသည် စူးစမ်း ဆင်ခြင် ဆုံးဖြတ်သောအားဖြင့် ပိုင်းခြားသိမြင်ခြင်း (တီရဏပရိညာ) သို့ တက်လှမ်းခြင်းဖြစ်သည်။ သုတမယ၊ စိန္တယမယဉာဏ်မှ ဘာဝနာမယဉာဏ်သို့ ကူးပြောင်းခြင်း ဖြစ်သည်။ ထို့နောက် တဆင့်တက်၍ အဆင့်မြင့်သော ဝိပဿနာဉာဏ်တို့ကို ပြင်းပြသော ပဓာန ဝီရိယဖြင့် အားထုတ်သည်။ မြဲသည်ဟု ထင်မှတ်ခြင်း (နိစ္စသညာ) စသည့် မှားယွင်းသော အမှတ်သညာတို့ကို ပယ်စွန့်သောအားဖြင့် ပိုင်းခြားသိခြင်း (ပဟာနပရိညာ) ဖြစ်ပေါ်ရန် အားထုတ်သည်။ ထိုသို့ အပူတပြင်း အားထုတ်သည်ရှိသော် သစ္စာတရားအား ပညာဖြင့် ထိုးထွင်းသိမြင်ကာ နိဗ္ဗာန်ကို ကိုယ်တွေ့ မျက်မှောက်ပြုလေသည်။ ဤမျှဖြင့် သစ္စာတရားကို လျော်စွာသိမြင်ခြင်း (သစ္စာနုဗောဓာ) ဖြစ်သည်။ သို့သော်လည်း ခရီးဆုံးပန်းတိုင်အားဖြင့် သစ္စာတရားသို့ ဆိုက်ရောက်ခြင်း (သစ္စာနုပ္ပတ္တိ) မဟုတ်သေးပါ။

    သစ္စာတရားသို့ ဆိုက်ရောက်ခြင်း (သစ္စာနုပ္ပတ္တိ)


    ဤသို့ သစ္စာတရားကို မျက်မှောက်ပြု သိမြင်သူသည် (နောက်ပြန် မဆုတ်နိုင်သောအားဖြင့်) အရိယာမဂ္ဂင်လမ်းကြောင်း အယဉ်ပေါ်သို့ စတင် ရောက်ရှိသည် ဖြစ်၍ သောတာပန် (သောတာပန္န) ဟုခေါ်သည်။ နိဗ္ဗာန်ကို ဉာဏ်ဖြင့် ကိုယ်တိုင် သိမြင်ပြီးဖြစ်ကာ၊ အယူမှား (မိစ္ဆာဒိဋ္ဌိ)၊ ယုံမှားသံသယ (ဝိစိကိစ္ဆာ)နှင့် အလေ့အကျင့်မှားများကို ယုံကြည်စွဲလမ်းမှု (သီလဗ္ဗတပရာမာသ) ဟူသည့် အနှောင်အဖွဲ့များကို အကြွင်းမဲ့ ပယ်စွန့်ပြီဖြစ်သဖြင့် အရိယာလမ်းကြောင်းပေါ်မှ နောက်သို့ပြန် မလည်နိုင်တော့။ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဟူသော အဆင့်မြင့်သည့် အရိယာမဂ်ဉာဏ်တို့သို့ ကိန်းသေ ဆိုက်ရောက်ရမည် ဖြစ်သည် (နိယတော သမ္ဗောဓိပရာယဏော)။ ခရီးဆုံး ပန်းတိုင်ဖြစ်သော အရဟတ္တဖိုလ်ကို ဆိုက်ရောက်ရန်အတွက် ကျင့်ကြံနေဆဲဖြစ်သော အရိယာသူတော်စဉ်တို့ကို ကျင့်ဆဲ (သေက္ခ) ပုဂ္ဂိုလ်ဟုခေါ်သည်။ နိဗ္ဗာန်ကို သိမြင်ခြင်းနှင့် နိဗ္ဗာန်သို့ ဆိုက်ရောက်ခြင်းတို့ ကွာခြားပုံကို ကျင့်ဆဲ သေက္ခပုဂ္ဂိုလ် မထေရ်တစ်ပါးပေးသည့် အောက်ပါ ဥပမာဖြင့် သိရှိနိုင်ပေသည်။

    ငါ့ရှင် ဥပမာသော်ကား ခရီးခဲ၌ ရေတွင်း ရှိရာ၏။ ရေတွင်း၌ ကြိုးသည် လည်းကောင်း၊ ရေပုံးသည်လည်းကောင်း မရှိရာ။ ထိုအခါ ယောက်ျားသည် ပူလောင်သော ကိုယ်ရှိသည်။ အပူဖြင့် နှိပ်စက်အပ်သောကြောင့် ပင်ပန်းသည်ဖြစ်ရကား ရေမွတ်သိပ်သည် ဖြစ်၍ လာရာ၏။ ထိုယောက်ျားသည် ထိုရေတွင်းကို ငုံ့ကြည့်ရာ၏။ ထိုယောက်ျားအား “ရေ” ဟူ၍ သာလျှင် အသိဉာဏ် ဖြစ်၏။ ကိုယ်ဖြင့်မူကား တွေ့ထိ၍ မနေရာ (န စ ကာယေန ဖုသိတွာ ဝိဟရေယျ)။ ငါ့ရှင် ဤအတူသာလျှင် “ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း” ဟူ၍ ဟုတ်မှန်သည့်အတိုင်း ပညာဖြင့် ကောင်းစွာမြင်အပ်၏ (ယထာဘူတံ သမ္မာပညာယ သုဒိဋ္ဌံ)။ အာသဝေါကုန်ပြီးသော ရဟန္တာသော်ကား မဟုတ်သေးပါ။ (သံ-၂-၆၈၊ နိဒါနသံယုတ်၊ မဟာဝဂ်၊ ကောသမ္ဗိသုတ်)

    ခရီးဆုံးပန်းတိုင်ကို ရောက်နိုင်ရန်အတွက် ကျင့်ဆဲသိက္ခပုဂ္ဂိုလ်တို့သည် ဖော်ပြခဲ့ပြီး ဖြစ်သော ၁၂-ဆင့်ရှိသည့် ကျင့်စဉ်ကိုပင် ဆက်လက်၍ အကြိမ်ကြိမ် ပွားများကျင့်ကြံရမည် ဖြစ်ကြောင်းကို စင်္ကီသုတ်တွင် မြတ်စွာဘုရားက ကာပဋိကလုလင်အား ဟောကြားသည်။

    ဘာရဒွါဇ… ထိုတရားတို့ကို ထုံခြင်း, ပွားများခြင်း, ကြိမ်ဖန်များစွာ ပြုခြင်းကြောင့် (အာသေဝနာ ဘာဝနာ ဗဟုလီကမ္မံ) သစ္စာဆိုက်ခြင်း (သစ္စာနုပတ္တိ) သည်ဖြစ်၏။ ဘာရဒွါဇ… ဤမျှဖြင့် သစ္စာဆိုက်ခြင်းသည် ဖြစ်၏ (သစ္စာနုပတ္တိ)။ သစ္စာတရားနှင့် ပြည့်စုံခြင်းသည် ဖြစ်၏ (သစ္စမနုပါပုဏာတိ)။ ဘာရဒွါဇ… ဤမျှဖြင့် ငါတို့သည် သစ္စာဆိုက်ခြင်းကို သတ်မှတ်၏။ (မ-၂-၄၃၃၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ စင်္ကီသုတ်)

    ထို့နောက် ၁၂-ဆင့်သော အကျင့်တရားတို့သည် ရှေ့အဆင့် တစ်ဆင့်က နောက်အဆင့်အား ကျေးဇူးများပုံကို ဆက်လက်ဟောကြားထားသည်။ ဒေသနာဆုံးသောအခါ ကာပဋိကလုလင်သည် အလွန်နှစ်သက် ဝမ်းမြောက်၍ သရဏဂုံသုံးပါးအား အသက်ထက်ဆုံး ဆည်းကပ်ကိုးကွယ်သော ဥပါသကာအဖြစ် မှတ်ယူရန် လျှောက်ထားသည်။ အယူမှားတစ်ခုကို မျက်ကန်း ယုံကြည်မှုဖြင့် စွဲကိုင်ကာ မာနထောင်လွှားလျှက်ရှိသော ကာပဋိကလုလင်သည် မှန်ကန်သော ယုံကြည်မှု လမ်းပေါ်သို့ ရောက်သွားသည်ဟု ဆိုနိုင်ပါသည်။ မှန်ကန်သော ယုံကြည်မှုရှိသူသည် ယင်းယုံကြည်မှုကို အခြေတည်ကာ ဤဒေသနာတွင် လာသော ကျင့်စဉ် ၁၂-ဆင့်ကို ကျင့်ကြံ အားထုတ်ပါက သောတာပတ္တိမဂ်ဉာဏ်အမြင်ကို အရင်းခံသည့် ခိုင်မာသော ယုံကြည်မှုကို ရရှိနိုင်ပါသည်။ စင်စစ် သစ္စာတရားကို ကိုယ်တိုင်သိမြင်ပြီးသူ၊ ဆိုက်ရောက်ပြီးသူအတွက် သူတပါးအပေါ် ယုံကြည်မှုသည် ပဓာန မကျတော့။ “သဒ္ဓိန္ဒြေ အစရှိသော ဣန္ဒြေငါးပါးကို ကြိမ်ဖန်များစွား ပွားများခြင်းဖြင့် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်နိုင်သည်ကို အသင် ယုံကြည်ပါသလော” ဟု ဗုဒ္ဓမြတ်စွာ အရှင်သာရိပုတ္တရာအား မေးမြန်းသောအခါ အရှင်သာရိပုတ္တရာက အောက်ပါအတိုင်း ဖြေကြားဖူးပါသည်။

    “အရှင်ဘုရား ဤအရာတွင် တပည့်တော်သည် မြတ်စွာဘုရားအပေါ် ယုံကြည်မှုဖြင့် ဆည်းကပ်သည်မဟုတ်ပါ (န ခွာဟံ ဧတ္ထ, ဘန္တေ, ဘဂဝတော သဒ္ဓါယ ဂစ္ဆာမိ)။ […] ဤအရာကို ပညာဖြင့် မသိမြင် မထင်ရှား မျက်မှောက် မပြု မတွေ့ထိကြရသော သူတို့သည် ဤအရာတွင် သူတပါးအပေါ်၌ ယုံကြည်မှုဖြင့် ဆည်းကပ်ကုန်ရာ၏ (တေ တတ္ထ ပရေသံ သဒ္ဓါယ ဂစ္ဆေယျုံ)။ […] ကျွနု်ပ်သည် ဤအရာကို ပညာဖြင့် သိမြင် ထင်ရှား မျက်မှောက်ပြု တွေ့ထိပါ၏။ ကျွနု်ပ်သည် ဤအရာတွင် ယုံမှား တွေဝေခြင်း မရှိတော့ပါ (နိက္ကင်္ခဝါဟံ တတ္ထ နိဗ္ဗိစိကိစ္ဆော)။ (သံ-၅-၅၁၄၊ ဣန္ဒြိယသံယုတ်၊ ဇရာဝဂ်၊ ပုဗ္ဗကောဋ္ဌကသုတ်)

    *****
    ဧရာ (မန္တလေး)
    စာညွှန်း။
    စင်္ကီသုတ်အပါအဝင် နိကာယ်ငါးရပ်မှ သုတ္တန်ဒေသနာများ၊ အဖွင့်အဋ္ဌကထာများနှင့် Jayatilleke ၏ Early Buddhist Theory of Knowledge ကို ကိုးကားပါသည်။

    Saturday, September 27, 2014

    တိမ်တွေပေါ်က မြို့

    အိပ်မက်သည် လိပ်ပြာတကောင်၏ အတောင်ကဲ့သို့ ဆန်းပြား နူးညံ့သလောက်၊ လျှပ်စီးရောင်ကဲ့သို့ စူးရှ တိုတောင်းလှ၏။ အိပ်မက်သည် မှော်ဆရာ ဖန်ဆင်းထားသည့် ပြကွက်တစ်ခု ပမာသာ ဖြစ်သော်လည်း၊ ထိုမျှ တိုတောင်းလှသည့် အခိုက်အတန့်လေးအတွင်းရှိ ကျွန်တော်တို့၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြည်နူးခြင်း၊ ကြေကွဲခြင်း အားလုံးသည် ပြက်ပြက်ထင်ထင်ရှိကာ တသက် တကမ္ဘာလောက်ပင် ရှည်ကြာနေတတ်ပါသည်။ အိပ်မက်ထဲတွင် ကျွန်တော် နေထိုင်ခဲ့ဖူးသော မြို့ကလေးကို တိမ်တွေပေါ်ကမြို့ဟု အမည်ပေးထားသည်။
    Image from Google
    မြို့လေးက မြို့ကြီးပြကြီး မဟုတ်သလို၊ ကျေးလက်တောရွာလည်း မဟုတ်။ တောင်ခါးပန်းတစ်ခုတွင် ရှိသည့် အိမ်ခြေသိပ် မများသော သာမာန်မြို့လေး တစ်မြို့သာ ဖြစ်သည်။ သို့သော် ထူးခြားသည်က တောင်ခြေကို လှမ်းကြည့်လိုက်လျှင် ဘာမျှ မမြင်ရ။ ထူထဲသော မြူခိုးများက ပိတ်ဆို့ထားသည်။ စင်စစ် မြူခိုးဆိုသည်ထက် တိမ်တိုက်ဟု ဆိုလျှင် ပို၍ မှန်မည်။ တောင်ခါးပန်းမှ အောက်သို့ လှမ်းကြည့်လိုက်လျှင် အလိပ်လိပ် ထနေသည့် တိမ်စိုင် တိမ်တိုက်များက လှိုင်းထနေသော ပင်လယ်ပြင်နှင့်ပင် ပို၍ တူနေသည်။ ညနေ ဆည်းဆာဆိုလျှင် ထိုတိမ်တိုက်များပေါ်သို့ ပန်းနုရောင် နေခြည် ထိုးလိုက်သောအခါ တိမ်တိုက်တို့၏ အရောင်နှင့် ပေါင်းစပ်ပြီး လိမ္မော်ရောင်၊ ပန်းသွေးရောင်၊ ခရမ်းရောင် စသဖြင့် အရောင်မျိုးစုံ ဖြစ်သွားကာ ဒေါင်းမြီး ဖြန့်၍ ကနေသလိုပင်။ နေလုံးကြီးက တိမ်တိုက်ကြီးထဲသို့ မြုတ်ဝင်သွားလျှင်တော့ တိမ်တိုက်တို့ကို ဖြတ်၍ တက်လာသော ဆည်းဆာရောင်ကြောင့် မြို့လေးက ရောင်စုံမီးများ ထွန်းထားသည့်နယ် ဆွတ်ပျံ့ဖွယ် ကောင်းလှသည်။ ထို့ကြောင့် ညနေစောင်းပြီဆိုလျှင် တောင်ခါးပန်းတွင် လမ်းလျှောက်သူများ၊ ခုံတန်းလေးများတွင် ထိုင်နေသူများ၊ လေတံခွန် လွှတ်သူများဖြင့် စည်ကားနေကာ အပန်းဖြေ ပင်လယ်ကမ်းခြေတခုနှင့် တူတော့သည်။ သို့သော် တောင်ခါးပန်း အစပ်သို့ကား မည်သူမျှ မသွားကြ။ ချောက်ကမ်းပါးက အလွန်တရာ နက်စောက်ကာ တိမ်တိုက်များဖြင့် ပိန်းပိတ်နေသောကြာင့် အန္တရာယ်များလွန်းလှသည်ဟု ဆိုသည်။ သို့သော် အကာအရံကား မရှိ။ သတိပေး ဆိုင်းဘုတ်များလည်း မရှိ။ “တောင်ခါးပန်းစပ်သို့ မသွားရ” ဆိုသည်မှာ မြို့ခံလူတွေအတွက် လူမှန်းသိတတ် စကတည်းက သိနေပြီးဖြစ်သောကြောင့် အထူးတလည် သတိပေးနေရန် မလိုတော့။

    တကယ်တော့ တောင်ခြေတွင် ဘာရှိသည်ဟု ဘယ်သူမျှ ကိုယ်တိုင်ကိုယ်ကျ မသိကြ။ ဒဏ္ဍာရီဆန်ဆန် ပါးစပ်ရာဇဝင်များဖြင့်သာ ကြားဖူးကြခြင်း ဖြစ်သည်။ တောင်ခြေတွင် မြစ်တစ်စင်းရှိသည်။ ထိုမြစ် အလွန်တွင် အလွန် ကြီးကျယ် ခမ်းနားသည့် မြို့ကြီးတစ်မြို့ ရှိသည်ဟု ဆိုသည်။ လူ့အသုံးအဆောင်မျိုးစုံ ဇိမ်ခံပစ္စည်းမျိုးစုံ ရှိ၍ လိုတရ နတ်ဘုံနတ်နန်းသဖွယ် တင်စားပြောဆိုကြသည်။ ဝိဇ္ဇာဓိုရ်များက စီရင် ဖန်ဆင်းထားသည့်အလား နည်းပညာ ထွန်းကားလှသည်။ သူတို့၏ ဦးခေါင်းတွင် ဝတ်ဆင်ထားသော ခေါင်းဆောင်း ကိရိယာအကူအညီဖြင့် စိတ်ဖြင့် စေခိုင်းနိုင်သော စက်ယန္တရားများ၊ ယာဉ်ရထားများကို အသုံးပြုကြသည်။ အချင်းချင်းကိုလည်း စိတ်ဖြင့်ပင် ဆက်သွယ် ပြောဆိုနိုင်ကြသည်။ ဇီဝဆေးပညာ ထွန်းကားလှသဖြင့် ယိုယွင်းသည့် ခန္ဓာကိုယ်အစိတ်များ အားလုံးလိုကိုပင် အစားထိုးလဲလှယ်နိုင်သော ကြောင့် ဇရာကို အံတုနိုင်ကြသည်။

    သို့သော် အစစအရာ ပြည့်စုံနေသည်ကား မဟုတ်။ သူတို့တွင် အားလပ်ချိန်ဟူ၍ မရှိ။ ကိုယ်ပိုင် သီးသန့်ဘဝဟူ၍ မရှိ။ တစ်ဦးတည်း ထိုင်နေသည့် အခိုက်၌ပင် တမြို့လုံးတွင် ဖြစ်ပျက်နေသမျှ သတင်းများ၊ စေခိုင်းချက်များက ဦးခေါင်းအတွင်း ဝင်ရောက်နေသည်။ ထိုင်လျှက်ပင် တမြို့လုံးမှ လူအားလုံး လိုလိုနှင့် စကားပြောနေရသည်။ စင်စစ် သူတို့ ဝတ်ဆင်ထားရသည့် ခေါင်းဆောင်းသည် သူတို့အား စောင့်ကြည့် အမိန့်ပေးနေသည့် ကိရိယာပင် ဖြစ်သည်။ သို့သော် သူတို့သည် ထိုခေါင်းဆောင်းကို ခေတ္တမျှပင် ချွတ်ကြည့်ရန် စိတ်ကူးမိကြပုံ မရ။ ထိုခေါင်းဆောင်းကို ချွတ်လိုက်ပါက အကျဉ်းကျနေသူ တစ်ဦးသဖွယ် ဖြစ်သွားနိုင်သည်။ တကယ်လည်း အပြစ်ကျူးလွန်သူများကို ခေါင်းဆောင်း ဖြုတ်၍ ဒဏ်ခတ် အပြစ်ပေးလေ့ရှိသည်ဟု ဆိုသည်။ ထိုခေါင်းဆောင်း မရှိတော့လျှင် သူတို့၏ ကျန်းမာရေးကို စောင့်ကြည့်နေသည့် စနစ်များလည်း ရှိမည်မဟုတ်တော့။ ထိုထက် ပိုဆိုးသည်က မြို့၏ လေထုသည် အလွန် ညစ်ညမ်းလှသောကြောင့် ခေါင်းဆောင်း မပါဘဲ နာရီပိုင်းထက် ပို၍ အသက်ရှင်ရန် မလွယ်။ ကျွန်တော်တို့ မြို့လေးတွင် တွေ့နေရသည့် တိမ်ပင်လယ်ကြီးသည် ထိုမြို့မှ ထွက်သော မီးခိုးငွေ့များ ဖြစ်သည်ဟု ဆိုသူက ဆိုသည်။ မြို့ဘေးတွင် ပတ်၍စီးနေသည့် မြစ်သည်လည်း ပုတ်ပွနေသော အသေကောင်များ၊ မီးတောက်လောင်နေသည့် ဆီကွက်များ၊ ဝါကြန်ကြန်အဆိပ်ရည်များဖြင့် ညစ်ညမ်းနေသည်။ ပြစ်မှုကြီးကြီး ကျူးလွန်သူများကို ရဲများက ဤမြစ်အတွင်းသို့ ပြစ်ချ၍ သေဒဏ်ပေးသည်။ အက်စစ်ရည်များ၊ အဆိပ်များဖြင့် လောင်ကျွမ်းကာ ရုပ်ပျက်ဆင်းပျက် သေဆုံးကြရမည် ဖြစ်သည်။

    တကယ်တော့ အားလုံးက ဒဏ္ဍာရီများသာ ဖြစ်သည်။ တိမ်တိုက်များ အောက်တွင် ထိုမြို့ကြီး တကယ်ရှိ မရှိပင် မသိ။ ဈေးထိပ်တွင် တဲထိုးနေသော အဖိုးအိုက ကလေးများအား ပြောသည့် ပုံပြင်ကို ချဲ့ကားကာ တဆင့်စကား ပြောဆိုနေကြခြင်းသာ ဖြစ်သည်။ သို့သော် မရှိဟုလည်း တတစ်ချ မပြောနိုင်။ တောင်ခြေမှ ပြန်လာသူဟု တဦးတလေမျှ မရှိသောကြောင့် ဖြစ်သည်။ ပြန်လာသူမရှိဟု ပြောရသည်မှာလည်း သွားသူတွေတော့ ရှိနေ၍ ဖြစ်သည်။ ကျွန်တော်တို့ မြို့လေး၏ အထွက်တွင် အလွန်နက်သည့် တောအုပ်တစ်ခု ရှိသည်။ ထိုတောအုပ်၏ အလွန်တွင် တောင်ခြေသို့ ဆင်းသော လမ်းရှိသည်။ အဆင်းလမ်းသာ ရှိ၍ အတက်လမ်း မရှိ။ လမ်းထိပ်တွင် ကနုတ်ပန်းများဖြင့် အလှဆင်ထားသည့် မုခ်ဦးကြီး တစ်ခုရှိသည်။ မုခ်ဦးထိပ်တွင် ကျွန်တော်တို့ မြို့လေးမှ နှုတ်ဆက်သော စာတမ်းကို စာလုံးကြီးကြီးဖြင့် ရေးထားသည်။ မုခ်ဦးအလွန်တွင် တိမ်တွေကိုသာ မြင်ရသည်။ မုခ်ဦးနှင့် နှုတ်ဆက်စာတမ်းက လွမ်းမောဖွယ် အနုပညာလက်ရာ အလွန်မြောက်လွန်းလှသည်ဟု ဆိုကြသည်။ ကျွန်တော်ကတော့ ဤသို့မထင်။ မုခ်ဦးသည် ထွက်ခွာသွားသူများအတွက် သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးနှင့် မြို့လေးကို ရာသက်ပန် စွန့်လွှတ်လိုက်ရတော့မည့် သင်္ကေတဖြစ်နေ၍သာ ကြေကွဲ လွမ်းမောဖွယ်ကောင်းနေခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း နေ့စဉ်နှင့် အမျှ တောင်ခြေသို့ ဆင်းမည့်သူများက မုခ်ဦးရှေ့တွင် တန်းစီ၍နေကြပါသည်။

    တခါတော့ အဖိုးအိုကို ကိုယ်တိုင် သွားမေးသည် - “အဖိုးပြောတဲ့ တောင်ခြေက မြို့ကြီးက တကယ် ရှိလို့လား”။ အဖိုးအိုက ဘာမှ ပြန်မဖြေဘဲ ပြုံးနေသည်။ နောက်တော့ အဖိုးအိုက မိမိကို ဆွဲခေါ်သွားပြီး၊ တောစပ် အရောက်တွင် တောင်ထိပ်သို့ တက်သော လမ်းကလေးတစ်ခုကို ပြသည်။ လမ်းဟုဆိုသော်လည်း ဆူးခြုံများဖြင့် ဖုံးပိတ်နေပြီး ကျောက်တုံးများကို တွယ်ကပ်ကာ ခက်ခက်ခဲခဲ တက်ရမည် ဖြစ်သည်။ အထက်ကို မော့ကြည့်လိုက်တော့လည်း ဘာမျှ ထူးထူးခြားခြား မမြင်ရ။ မြူတိမ်ကင်း၍ ပြာလဲ့နေသော ကောင်းကင်ပြင်ကြီးကိုသာ မြင်ရသည်။ တသက်လုံး တိမ်တွေကိုသာ ကြည့်နေခဲ့ကြသည်။ တိမ်တွေအောက်က မြို့ကြီးအကြောင်းသာ မမောတမ်း ပြောဆိုလာခဲ့ကြသည်။ ကိုယ် တသက်လုံးနေလာခဲ့သည့် တောင်၏ ထိပ်ကို တခါမျှ မော် မကြည့်ခဲ့ဖူးသည့် မိမိအဖြစ်ကို တအံ့တသြ သတိထားမိသည်။ “ဟိုး အထက်မှာ ရွာလေးတစ်ရွာ ရှိတယ်။ အဲဒီမှာ ဘာမှ ဆန်းဆန်းပြားပြား စိတ်ဝင်စားစရာ မရှိဘူး။ ဘာအလုပ်အကိုင် အခွင့်အလမ်းမှလည်း မရှိဘူး။ ဒါပေမယ့် အေးအေးလူလူတော့ နေလို့ရတယ်။ ကဲ မောင်ရင် ဒီကနေ တက်ပေတော့” - အဖိုးအိုက တောင်ထိပ်သို့ လက်ညိုး ညွှန်ပြပြီး သူနှင့်မဆိုင်တော့သလို ပြန်ထွက်သွားသည်။ အထက်သို့ ထပ်၍ မော့ကြည့်လိုက်သည်။ ဘာမျှ မမြင်ရ။ နောက်သို့ အနည်းငယ် ဆုတ်၍ မော့ကြည့်သည်။ ကောင်းကင်ပြင်ကြီးသည် ပို၍ ကျယ်ဝန်းလာသည်ဟု ထင်ရသည်မှ အပ ဘာမျှ မထူး။ နောက်သို့ ထပ်၍ ထပ်၍ ဆုတ်ကြည့်သည်။ ပြာလဲ့နေသော ကောင်းကင်ပြင်ထဲသို့ ရောက်သွားသလို ထင်ရ၍ ခန္ဓာကိုယ်ကို လေအေးတချက် တိုးဝှေ့သွားသည်။ လှပ်ကနဲ ရင်ထဲတွင် အေးစိမ့်သွားသည်။ ပက်လက် လန်လျှက် ရောင်စုံတိမ်တိုက်အတွင်း အိဝင်၍ ကျသွား၏။ အရာရာသည် နောက်ကျသွားခဲ့ ပြီဖြစ်သည်။

    Wednesday, September 24, 2014

    သူ့ဘဝ…သူ့အကြောင်း

    ဖွားဖွားတာမှာ မြေး ခြောက်ယောက်ရှိတယ်။ အရွယ်လေးတွေက မတိမ်းမယိမ်း ဆယ်ကျော်သက်လေးတွေ။ တနေ့သော မိသားစု တွေ့ဆုံပွဲမှာပေါ့ ဝမ်းကွဲ မောင်နှမတတွေ သူတို့ရဲ့ အနာဂတ် ဘဝရည်မှန်းချက်တွေအကြောင်း ပြောကြတယ်။
    “ဘွဲ့ရပြီးရင် ဘာလုပ်ကြမှာလဲ” ဥမ္မာက စမေးတယ်။
    “သားကတော့ ဖွားဖွားတာလို အင်ဂျင်နီယာ လုပ်မှာ” လို့ သူ့မောင်အရင်းဖြစ်တဲ့ အာကာက မဆိုင်းမတွ ဖြေတယ်။
    “ဖွားဖွားတာကလေ ၁၉၉၀ကနေ-၂၀၀၀ခုနစ်လောက်ထိ ဓာတ်ပုံမော်ဒယ်လ် လုပ်ခဲ့တာ… သူရိုက်ခဲ့တဲ့ မဂ္ဂဇင်းမျက်နှာဖုံးပုံတွေ၊ ပြက္ခဒိန်တွေ ရောင်းမလောက်အောင်စွံခဲ့တယ် ဆိုတာ သိကြရဲ့လား” လို့ ရတနာက မျက်ခုံးလေး ချီပြီးပြောလိုက်တော့…
    “ဖွားဖွားတာက သမီးကို အဲ့လို ပြောခဲ့တာ မဟုတ်ပါဘူး” ရွှေရည်က ပျာပျာသလဲ ပြောရှာတယ်။ “သူ့ဘဝတလျောက်လုံးကို ဆန်ကုန်သည်အဖြစ်နဲ့ ကုန်ဆုံးခဲ့တာပါတဲ့… ဖျာပုံမှာ နေခဲ့တုန်းက ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ် လို့တောင်ပြောသေး”
    “မဟုတ်တာတွေ…သူက ကွန်ပြူတာကျောင်းမှာ စာပြခဲ့တာပါဟာ” လို့ ဇေယျာက အသေအချာ ပြောပြန်တယ်။
    “မင်းတို့ တယောက်ကိုမှ ဖွားဖွားတာက အမှန်ပြောခဲ့ဟန် မတူဘူး။ တကယ်တော့ သူက စင်္ကာပူမှာ ကလေးထိန်း လုပ်ခဲ့တာကွ…” လို့ သူတို့ထဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ ကျော်စွာက ပြောလိုက်တယ်။
    “ကဲပါလေ…ဖွားဖွားတာ ဘာလုပ်ခဲ့တယ်ဆိုတာ သူ ကိုယ်တိုင်ကိုပဲ မေးကြည့်ရအောင်” လို့ အငယ်ဆုံးလေး ဆွေဆွေက အဖော်ညှိလိုက်ပြီး၊ မီးဖိုထဲမှာ ပီဇာဖုတ်နေတဲ့ ဖွားဖွားတာ အနားသွားပြီး မေးကြပါတယ်…။
    “ဖွားဖွားပြောလည်း ကလေးတို့ ယုံမှာ မဟုတ်ပါဘူး” လို့တခွန်းသာပြောပြီး ဂျုံတွေကို ပြုံးပြုံးကြီး ဖိနယ်နေတော့တယ်။

    အမှန်တကယ် ဖွားဖွားတာက ဘလော့ဂါ လုပ်ခဲ့တာ…:P

    မေဓာဝီတဂ်လို့ ပြုံးပြုံးကြီး ရေးပါသည်။

    Saturday, September 13, 2014

    အိပ်မက်

    အိပ်မက် မက်နေခြင်း ဖြစ်၏။

    နံနက်ခင်းသည် သာသာယာယာ ရှိလှ၍ လမ်းလျှောက်လိုစိတ် ဖြစ်မိသည်။ သိပ်မလှမ်းလိုက်ရဘဲ ကိုယ်က သင်္ချိုင်း တစပြင်တခုတွင် ရောက်၍ နေလေသည်။ လမ်းလေးသည် အကွေ့အကောက် အလွန်များစွာ ဖောက်လုပ်ထား၍ သိပ်အသုံးတဲ့မည့်ဟန် မရသော်လည်း၊ ရေစီးသန်သည့် စမ်းချောင်းလေးတွင် မျောပါသွားသကဲ့သို့ လမ်းလေးအတိုင်း မျှောလိုက်သွားဖြစ်သည်။ ခပ်လှမ်းလှမ်းတွင် မြင်နေရသည့် လောလောလတ်လတ် မြုတ်နှံထားဟန်တူသော မြေပုံမို့မို့လေးဆီသို့ သွားရန် စိတ်ကူးပေါက်သည်။ ထိုမြေပုံက စိတ်ကို ဆွဲဆောင်လွန်းလှသော်လည်း အတော်နှင့် မရောက်နိုင်။ အချင်းချင်း ရောယှက်ကာ တလူလူလွင့်နေသည့် အလံများ၊ တံခွန်များက ကွယ်နေသဖြင့် မြေပုံလေးကို မမြင် တချက်၊ မြင် တချက်။ အလံကိုင်သူများကို မမြင်ရသော်လည်း၊ သူတို့ အလွန် ဂုဏ်ယူဝင့်ကြွားနေကြလိမ့်မည်မှာ သေချာသည်။

    မျက်စိက ခပ်လှမ်းလှမ်းမှ မြင်ကွင်းများတွင် စူးစိုက်နေဆဲ၊ မြေပုံလေးက မိမိလျှောက်နေသော လမ်းနံဘေးတွင် ရောက်နေသည်ကို အမှတ်တမဲ့ မြင်လိုက်သည်။ ကျော်သွားလု နီးနီးပင်။ လမ်းဘေး မြက်ခင်းပေါ်သို့ ခုန်ထွက်လိုက်သည်။ လမ်းအတိုင်း မျှောလိုက်လာသည်ကို အရှိန်သတ်လိုက်သဖြင့် ယိုင်ထိုးသွားပြီး မြေပုံလေးရှေ့တွင် ဒူးထောက်မိရက်သား ဖြစ်နေလေသည်။ မြေပုံ၏ အနောက်တွင် ရပ်နေသည့် လူနှစ်ဦးက သူတို့ သယ်လာသည့် ကမ္ပည်းကျောက်စာတိုင်ကို မြေကြီးထဲသို့ ထိုးစိုက်ချလိုက်သည်။ ကျောက်စာတိုင်က အင်္ဂတေကိုင်ထားသကဲ့သို့ မြေသားပေါ်တွင် ကြံ့ကြံ့တည်၍ နေလေ၏။ ထိုအခိုက်မှာပင် ချုံနောက်ကွယ်မှ နောက်ထပ် လူတစ်ယောက် ပေါ်လာသည်။ ပန်းချီဆရာတဦးဖြစ်မည်ဟု တန်းပြောနိုင်သည် (ပန်းတမော့ဆရာတဦးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်)။ ဘောင်းဘီရှည်နှင့် ကြယ်သီး တလွဲစီ တပ်ထားသည့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ ခေါင်းထက်တွင် ကတ္တီပါ ဦးထုတ်တစ်လုံး ဆောင်းထားသည်။ ရိုးရိုး ခဲတံတစ်ချောင်းကို ဆုပ်ကိုင်ထားကာ လေထဲတွင် ကောက်ကြောင်းများ ဆွဲရင်း အနီးသို့ လျှောက်လာသည်။

    ကျောက်စာတိုင် အထက်နားတွင် ခဲတံဖြင့် စတင် ရေးခြစ်လိုက်သည်။ ကျောက်တိုင်က အတော်လေးမြင့်၍ ကုန်း ရေးရန် မလို။ သို့သော် သူနှင့် ကျောက်စာတိုင်ကြားမှ မြေပုံပေါ်သို့ တက်မနင်းလိုသဖြင့် ရှေ့ကို ကိုင်းထားရသည်။ ခြေဖျားထောက်ထားရသဖြင့် ဟန်ချက်ညီစေရန် ဘယ်လက်ဖြင့် ကျောက်စာတိုင်၏ မျက်နှာပြင်ပေါ် ထောက်ထားသည်။ ရိုးရိုးခဲတံ တစ်ချောင်းကိုသုံးကာ ရွှေရောင်စာလုံးများကို ရေးထိုးလိုက်သည်မှာ အတော်ကျွမ်းကျင် ပြောင်မြောက်လှပေသည်။ “ဤနေရာတွင် …” ။ ရေးလိုက်သော စာလုံးတိုင်း ခပ်နက်နက် ရေးထိုးထားသည့် ရွှေရောင်စစ်စစ်ဖြင့် လှလှပပ သေသေသပ်သပ် ရှိလှသည်။ ထိုစာလုံးများကို ရေးထိုးပြီးနောက် သူက ကိုယ့်ကို လှမ်းကြည့်လိုက်သည်။ ကိုယ်ကတော့ သူဆက်ရေးမည့် စာလုံးများကိုသာ စိတ်စော၍ ကျောက်သားပြင်ကိုသာ ငေးကြည့်နေမိသည်။ သူ့ကို သိပ်ဂရု မစိုက်မိ။ ဆက်ရေးရန် သူ ပြန်လှည့်သွားသည်။ သို့သော် တစ်ခုခုက ဟန့်ထားသလို ဆက်ရေး၍ မရဘဲ ဖြစ်နေဟန်တူသည်။ ခဲတံကို ကျောက်သားပြင်တွင် ထောက်ကာ ကိုယ်ကို လှည့်ကြည့် ပြန်သည်။ သည်တစ်ခါတွင် ကိုယ်က သူ့ကို ပြန်ကြည့်လိုက်တော့ သူအတော်လေး အားတုန့်အားနာ ဖြစ်နေဟန်တူသည်ကို သတိပြုမိသည်။ ဘာကြောင့်လဲတော့ မသိ။ အစောပိုင်းက သူ့၏ တက်ကြွ ဖျတ်လပ်မှုများ အားလုံး လွင့်ပျောက်သွားသည်။ သည့်အတွက် ကိုယ်လည်း ရှိုးတိုးရှန့်တန့် ဖြစ်သွားသည်။ တဦးကို တဦး အားကိုးရာမဲ့ ငေးကြည့်နေကြသည်။ မည်သို့မျှ ဖြေရှင်းမရနိုင်သည့် ခြောက်ခြားဖွယ်ရာ နားလည်မှုလွဲမှားခြင်းတစ်ခု ရှိနေလေပြီ။ သင်္ချိုင်းဇရပ်ဆီက ကြေးစည်သံကို အချိန်မတော် ကြားရသည်။ ပန်းချီဆရာက လက်ကို ပင့်လိုက်တော့ ကြေးစည်သံ တိတ်သွားသည်။ အတန်ကြာတော့ ကြေးစည်သံကို ပြန်ကြားရပြန်သည်။ သည်တကြိမ်တွင် အသံက ခပ်သဲ့သဲ့။ အသံ စမ်းနေသလို ရုတ်ချည်း တိတ်သွားပြန်သည်။ ပန်းချီဆရာ ရေးထိုးမည့် စာလုံးများကြောင့် ရင်ထဲ နင့်သွားသည်။ လက်နှစ်ဖက်ကို အုပ်ကာ အချိန်အတော်ကြာကြာ ငိုရှိုက်နေမိသည်။ ကိုယ် စိတ်ငြိမ်သွားသည်အထိ ပန်းချီဆရာက စောင့်ပါသေးသည်။ သို့သော် မထူးတော့သည့်အတွက် သူက ဆက်လက် ရေးထိုးလိုက်လေသည်။ ပထမဆုံး ရေးလိုက်သည်မှာ “ဧ” ဖြစ်သည်။ သူ အတော်လေး တွန့်ဆုတ်စွာ ရေးနေရပုံပင်။ သူ့လက်ရာက ယခင်လို မလှတော့။ ရွှေရောင်လည်း မဝင်းတော့။ ရေးချက်သည် မညီမညာ ဖျော့တော့တော့နိုင်လှပြီး၊ စာလုံးက ကြီးလွန်းနေသည်။ “ရာ” ဆိုသော စာလုံးကို ရေးအပြီးတွင် ပန်းချီဆရာသည် ဒေါသတကြီးဖြင့် မြေပုံကို ခြေဖြင့် နင်းဆောင့်လိုက်သည်။ ခပ်ညစ်ညစ် မြေမှုန့်များက ပြန့်ကျဲသွားသည်။ နောက်ဆုံးတော့ ကိုယ် သူ့ကို နားလည်သွားသည်။ သို့သော် သူ့ကို တောင်းပန်ရန် နောက်ကျသွားလေပြီ။ လက်ချောင်းများဖြင့် မြေသားကို ထိုးဆွလိုက်သည်။ ဘာအခုအခံမျှ မရှိတော့ပါ။ အရာရာသည် ကြိုတင် ပြင်ဆင်ပြီးသကဲ့သို့ ရှိနေလေသည်။ အပေါ်ယံ မြေသားလွှာသည် ပြယုဂ်သက်သက်သာ ဖြစ်နေသည်။ ထိုမြေသားလွှာ၏ အောက်တွင် ဟင်းလင်းပွင့်နေသော တွင်းတခုရှိသည်။ ထိုတွင်းထဲသို့ ကျောခင်း၍ အသာလိမ့်ချလိုက်သည်။ ဦးခေါင်းက လည်ပင်း အထက်၌ မတ်မတ်ရှိလျှက်ပင် အသူတစ်ရာ ချောက်ထဲသို့ ကျသွားသည်။ ကိုယ့်အမည်ကတော့ ကျောက်သားပြင်ထက်တွင် ခန့်ငြားထည်ဝါစွာ ကျန်ခဲ့သည်။

    ထိုမြင်ကွင်းဖြင့်ပင် ပီတိ တစိမ့်စိမ့်ဖြစ်ကာ အိပ်မက်မှ နိုးထလာပါသည်။


    (အမရွှေစင် tag လို့ A Dream by Kafka ကို ဆီလျော်အောင် ဘာသာပြန်လိုက်ပါတယ်။)

    Tuesday, September 9, 2014

    အမေနဲ့ မိသားစု

    မယ်ညိုရဲ့ “အမေနဲ့ ဘာပဲဖြစ်ဖြစ်ပေါ့သမီးရယ်” ဆိုတဲ့ ပို့စ်ကနေ tag တဲ့အတွက် ဒီပို့စ်ကို “အမေနဲ့ မိသားစု” လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။
    ကိုယ်တိုင်  မရေးနိုင်လို့ ဆရာမတယောက်ဆီကရတဲ့ ကဗျာလေးကို ကူးတင်ပေးလိုက်ပါတယ်။
    ကျေနပ်ပါနော် မမယ်ညို ... း-)

    FAMILY

    I ran into a stranger as he passed by,
    “Oh excuse me please,” was my reply.

    He said, “Please excuse me too;
    I wasn’t watching for you.”

    We were very polite, this stranger and I.
    We went on our way and we said goodbye.

    But at home a different story is told,
    How we treat our loved ones, young and old.

    Later that day, cooking the evening meal,
    My son stood beside me very still.

    When I turned, I nearly knocked him down.
    “Move out of the way,” I said with a frown.

    He walked away, his little heart broken.
    I didn’t realize how harshly I’d spoken.

    While I lay awake in bed,
    God’s still small voice came to me and said,

    “While dealing with a stranger,
    Common courtesy you use,
    but the family you love, you seem to abuse.

    Go and look on the kitchen floor,
    You’ll find some flowers there by the door.

    Those are the flowers he brought for you.
    He picked them himself: pink, yellow and blue.

    He stood very quietly not to spoil the surprise,
    you never saw the tears that filled his little eyes.”

    By the time, I felt very small,
    And now my tears began to fall.

    I quietly went and knelt by his bed;
    “Wake up, little one, wake up,” I said.

    “Are these the flowers you picked for me?”
    He smiled, “I found’em, out by the tree.

    I picked’em because they are pretty like you.
    I knew you’d like’em, especially blue.”

    I said, “Son, I was very sorry for the way I acted today;
    I shouldn’t have yelled at you that way.”

    He said, “Oh, Mom, that’s okay.
    I love you anyway.”

    I said, “Son, I love you too,
    And I do like the flowers, especially the blue.”

    (ကဗျာရေးသူ အမည် မသိပါ။)

    Saturday, September 6, 2014

    မင်းမရှိ ငါမရှိ ...

    “မင်းမရှိ ငါမရှိ အားလုံး ဘယ်သူမှ မရှိ…” ထူးအိမ်သင်၏ သီချင်း တစ်ပိုင်းတစ်စကို ဆိုညည်းမိရင်း သားကြီး ငယ်ငယ်က အကြောင်းတစ်ခုကို သတိရသည်။ စကားပြောတတ်စ သားကို ခေါင်း၊ လက်၊ မျက်စိ စသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်း အမည်များကို သင်ပေးရင်း၊ မိလိန္ဒပဉှာမှ မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့ တွေ့ဆုံခန်းက အတွေးထဲ ရောက်လာသည်။ မိလိန္ဒမင်းကြီးက “ဆံပင်သည် နာဂသေနလော၊ အမွေး လက်သည်း၊ ခြေသည်းတို့သည် နာဂသေနလော…” စသဖြင့် ပညာစမ်းသည်။ ထိုအခါ ဘီး၊ ဝင်ရိုး၊ ထမ်းပိုးစသော အင်္ဂါ အစိတ်အပိုင်းတို့သည် ရထား မဟုတ်သော်လည်း၊ ထိုအစိတ်အပိုင်းတို့ကြောင့် ရထားဟူသော အမည် ပညတ်ရကြောင်း၊ ရူပက္ခန္ဓာစသော ခန္ဓာတို့ကို အစွဲပြု၍ ပုဂ္ဂိုလ် သတ္တဝါဟု ခေါ်ဝေါ်သမုတ်အပ်သော ပညတ်တရားဖြစ်ကြောင်း အရှင်နာဂသေနက ပြန်လည်ဖြေရှင်းသည်။ ထိုအမေးအဖြေကို တွေးမိရင်း သား၏ ခန္ဓာကိုယ် အစိတ်အပိုင်းလေးများကို ပြကာ မေးခွန်း ထုတ်လိုက်သည်။
    မေး။ ။ ဒါ ဘယ်သူလေးလဲ…။
    ဖြေ။ ။ သားသား
    မေး။ ။ ဒါက ဘာလဲ…။
    ဖြေ။ ။ သားသား ခေါင်း။
    မေး။ ။ ဒါကကော …။
    ဖြေ။ ။ သားသား လက်။
    မေး။ ။ ဒါဆို ဒါကကော …။
    ဖြေ။ ။ သားသား မျက်စိ။
    “ဒါဆို သားသားက ဘယ်မှာလဲ” ဟု မေးခွန်းထုတ်ရန် ပြင်ထားသော ကျွန်တော် ငိုင်သွားရသည်။ သားအဖြေက အတွေး တစ်ခုကို ပေးသည်။ ပညတ်တွေ ပရမတ်တွေကို အာဘော်အာရင်း သန်စွာ ပြောဆို ဆွေးနွေးနေကြသော်လည်း၊ ကျွန်တော်တို့၏ အသိစိတ် အစဉ်တွင် စွဲကပ်နေသည့် “ငါ” ကို ခပ်လွယ်လွယ် ဆွဲခွာချရန် မလွယ်... ။

    စကားပြောတတ်စ သားကသာ မိမိကို တရားချခဲ့သည် မဟုတ်။ မသီတာကလည်း တရားချ ပြန်သည်။ အခုတစ်လော ကြားဖူးနား၀ ဆေးမြီးတိုများ ဖျော်ဖျော် တိုက်သော်လည်း မသီတာ၏ ကိုယ်အလေးချိန်က မကျ။ တစ တစသာ တိုး၍ လာသည်။ ဘယ်နှယ့် ဖြစ်တာပါလိမ့်လို့ ပြောမိတော့… “ရှင်ဟာလေ သင်္ခါရတရားကို ပါးစပ်ကသာ ပြောနေတယ်၊ တကယ် မသိသေးပါလား” ဟု ဆိုလေသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတို့ကို ရှုမှတ်ဆင်ခြင်ဖို့ ကျွန်တော် အချိန်ပေးရပါလိမ့်ဦးမည်။

    Monday, September 1, 2014

    Happy Blog Day 2014

    စာမရေးဖြစ်တာ ကြာလို့ ချေးကပ်နေတဲ့ Sonata Cantata ရဲ့ သီတာအင်ဂျင်တခြမ်းကို (အခြား ဧရာဘက်ခြမ်းကတော့ သူ့ဖာသာသူ ပုံမှန်လည်ပတ်နေပါတယ်) ဘလော့ဒေးကျမှ အတင်းကာရော စက်ထနှိုးလို့ မီးခိုးတွေရော ဖုန်တွေရောနဲ့ Happy Blog Day လို့ ငယ်သံပါအောင် အော်လိုက်ပါတယ်…။ (အ ဟွတ် ဟွတ် ဟွတ် မီးခိုးမွှန်သွား)

    “ကိုယ့်အကြောင်းတွေ ချည်းပဲ ရေးမနေနဲ့…” - ကိုဧရာ
    “စာကို စကားပြောသလို ရေးနေကြတယ်” - စာရေးဆရာ တဦး
    ဆိုတဲ့ ကန့်သတ်ချက်တွေက စာမရေးဖြစ်ခြင်းရဲ့ အကြောင်းအချက်များထဲက အချို့ပါ။ ခက်တာက ကိုယ်ကလည်း ကိုယ့်အကြောင်းပဲ ကိုယ် ရေးချင်တာ။ ရေးတတ်တာ။ တကယ်တော့ စာရေးတာနဲ့ စကားပြောတာဟာ ပုံစံအားဖြင့် မတူပါဘူး။ ဘလော့ဆိုတဲ့ online ပေါ်မှာ စာရေးတော့ စကားပြောသလိုပုံစံနဲ့ပဲ အများအားဖြင့် ရေးဖြစ်ပါတယ်။ မရေးတာ ကြာ။ ရေးလေ့ ရေးထ မရှိပြန်တော့လည်း ရေးလို့ကို မထွက်တော့ပါဘူး။

    ဘလော့ဒေးအမှတ်တရ ဘလော့ဂါဘဝကို ရေးဖို့ မမတင့်က Facebookမှာ နှိုးဆော်ထားကတည်းက ကြိုးစားတာ ခါးတွေ ညောင်းလာလို့ ဆေးတွေသာ ရက်ဆက် လိမ်းလိုက်ရပါတယ်။ စာဖတ်သူများကို မျက်စေ့ညောင်း ခါးညောင်း ဖြစ်အောင် ဖတ်ရမည့် ပို့စ်တပုဒ်တော့ ထွက်မလာပါဘူး…:P

    ဘလော့ဒေး အမှတ်တရအနေနဲ့ ရေးဖော် ရေးဖက် ဘလော့ဂါများ၊ စာဖတ်သူများ၊ Online ပေါ် စာရေးခြင်းကို အားပေးနေသည့် ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများ အားလုံးကို ချစ်ခြင်း မေတ္တာများ ထောင့်ပေါင်းစုံမှ ပို့လွှတ်လိုက်ပါတယ်။

    Saturday, June 14, 2014

    သန္တိသုခနှင့် အာဏာစက်

    သန္တိသုခကျောင်းတိုက်ကို ညအချိန်မတော် ဝင်ရောက် စီးနင်းပြီး ချိတ်ပိတ်လိုက်တယ် ဆိုတဲ့သတင်းက သာသနာ့ သမိုင်းမှာ အမည်းစက်တခုလို့ဘဲ မြင်မိပါတယ်။ ဒီနေရာမှာ ဒီကျောင်းတိုက်ကို ဘယ်သူ ပိုင်ဆိုင်သင့်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အာဏာစက်ရဲ့ အဓိပ္ပါယ်ကို အလွဲသုံးစားလုပ်ပြီး မရိုးဖြောင့်တဲ့ နည်းလမ်းတွေနဲ့ ပြဿနာကို ဖြေရှင်းနေကြလို့ပါ။


    ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ပြီးတဲ့နောက် ရှင်မဟာကဿပ အမှူးရှိတဲ့ သံဃာတော်တွေက သံဂါယနာတင်မယ့်အကြောင်း အဇာတသတ်မင်းကို အသိပေးတဲ့အခါ အဇာတသတ်မင်းက “တပည့်တော်က အာဏာစက်ကို ဖြစ်စေပါမယ်။ အရှင်ဘုရားတို့က ဓမ္မစက်ကို ဖြစ်စေတော်မူပါ” ဆိုတဲ့စကား ပြန်လျှောက်ဖူးပါတယ်။ ဒီစကားက ခေတ်အဆက်ဆက် အုပ်ချုပ်သူ အာဏာပိုင်တွေ အကြိုက် လက်သုံးစကား ဖြစ်လာပါတယ်။ ဒီနေရာမှာ အုပ်ချုပ်သူ မင်းတွေရဲ့ အမိန့်အာဏာကို အာဏာစက်လို့ သုံးစွဲသလို၊ ဘုရားရှင် ပညတ်တော်မူတဲ့ ဝိနည်း အဆုံးအမတွေကိုလည်း အာဏာစက်လို့ သုံးစွဲတာကို သတိပြုမိဖို့လိုပါတယ်။ ဓမ္မစက်နဲ့ အာဏာစက်က ဓမ္မနဲ့ ဝိနယ (Principle and Law) ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သာသနာရေးကိစ္စတွေကို ဆောင်ရွက်တဲ့အခါ အုပ်ချုပ်ရေး အာဏာစက်ကို လက်လွတ်စပယ် သုံးစွဲတာထက်၊ ဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်း စည်းကမ်း လုပ်ထုံးလုပ်နည်းတွေကို ဦးထိပ်ပန်ဆင်ပြီး လိုက်နာတာက ဗုဒ္ဓသာသနာနဲ့ ပိုပြီး အံဝင်ပါလိမ့်မယ်။ ယခုလို ပဋိပက္ခတွေကို ဖြေရှင်းဖို့ အတွက် ဘုရားရှင်က နည်းလမ်း ၇-သွယ် ညွှန်ကြားတော်မူခဲ့ပါတယ်။ မျက်နှာချင်းဆိုင် တွေ့ဆုံ ဖြေရှင်းခြင်း၊ မဲခွဲ ဆုံးဖြတ်ခြင်း၊ သတိပေးခြင်း၊ ဝန်ခံစေခြင်း၊ သင်ပုန်းချေခြင်း စတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ အကြမ်းဖက် အင်အားသုံးဖြေရှင်းဖို့၊ အုပ်ချုပ်ရေး အာဏာရဲ့ အကူအညီယူဖို့ ဆိုတာတွေ မပါပါဘူး။ ရဟန်းတော်တွေအတွက် ပညတ်ခဲ့တယ်ဆိုပေမယ့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်း အတုယူလိုက်နာသင့်တဲ့ ပဋိပက္ခဖြေရှင်းနည်းတွေဖြစ်လို့ “အဓိရုဏ်း နှိမ်နင်းရေး (http://sonata-cantata.blogspot.sg/2009/03/blog-post_9600.html)” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တပုဒ် ရေးခဲ့ဖူးပါတယ်။ ဒီလောက်ကောင်းတဲ့ ဘုရားရှင် အလိုကျ နည်းလမ်းတွေ ရှိပါလျှက်၊ ဘုရားရှင်ရဲ့ အာဏာစက်ကို ကျော်လွန်ပြီး တထစ်ရှိတိုင်း အုပ်ချုပ်ရေးက သာသနာရေးမှာ ဝင်ရောက်စွက်ဖက် အင်အားသုံးဖြေရှင်းတာကို “ဓမ္မစက်ကို အာဏာစက် နဲ့ အကူအညီပေးတယ်”လို့ စကားလုံးလှလှ သုံးတော့၊ “အာဏာသိမ်းတာကို Aid to Civil Power” လို့ တခါတလေ စကားလုံး လှလှသုံးတတ်ကြတာကိုပဲ ပြေးပြေး သတိရပါတယ်။

    ယခုဖြစ်ရပ်နဲ့စပ်ပြီး သီတဂူဆရာတော်ကြီးကလည်း “ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စမှာ ဘုရားဟော ပါဠိတော်ထဲမှာ ပါတဲ့အတိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ ဆွေးနွေး ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အခိုက် တိတ်တဆိတ် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော် မသင့်လျော်တဲ့ကိစ္စဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။ ယခုလို နည်းလမ်းမကျဘဲ ဖြေရှင်းမှုကို အ ကြောင်းပြုပြီး ရဟန်းသံဃာအချင်းချင်း စိတ်ဝမ်းကွဲစရာ ဖြစ်လာစေနိုင်သလို၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပေါ်လည်း အထင်အမြင် လွဲမှားစရာ ဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဗုဒ္ဓသာသနာရဲ့ ဂုဏ်သိမ်ကို ငြိုးမှိန်စေတာပါပဲ။

    ဒါပေမယ့် သာသနာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ “အကြမ်းဖက်တယ်လို့ ယူဆရင် အကုသိုလ်ဖြစ်တယ်။ အကယ်၍ သာသနာတော် သန့်ရှင်းအောင်ဆောင်ရွက်တာလို့ လက်ခံရင် ကုသိုလ်တောင် ဖြစ်နိုင်ပါတယ်” ဆိုတဲ့သဘောမျိုး တရားချသွားပါတယ်။ အခုလို အကြမ်းဖက် ဖြေရှင်းရတာကို “ဒေါသမထွက်ဘဲ သည်းခံပေးကြရင် ခန္တီ ကုသိုလ်ဖြစ်ပါတယ်” ပြောခဲ့ရင် မထောင်းတာပေမယ့်၊ ဒီလုပ်ရပ်ကို “သာဓု အနုမောဒနာ ခေါ်စရာ ကုသိုလ်” သဘောရောက်အောင် ပြောသွားတာကတော့ သာသနာတော်အတွက် အတော်လေး ရင်လေးစရာပါ။

    အခုတလောမှာ စာနယ်ဇင်းတွေမှာ နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးမှုကိစ္စကို ပြောဆိုနေကြတာ ရှိပါတယ်။ မိမိတဦးချင်း အမြင်ကတော့ ရဟန်းတော်တွေကို နိုင်ငံရေးမှာ လုံး၀ မပါဝင် မပတ်သက်ဖို့ တားမြစ် မရနိုင်သလို၊ နိုင်ငံရေးသမားတွေ အုပ်ချုပ်ရေးအာဏာပိုင်တွေ ဘာသာရေး မလုပ်ရလို့လဲ တားမြစ်စရာ မလိုပါဘူး။ ဒါပေမယ့် ရဟန်းတော်တွေက ဘာသာရေး သြဇာသုံးပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေမှာ ဝင်ရောက် စွက်ဖက်ကြမယ်၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက နိုင်ငံရေး သြဇာ၊ အုပ်ချုပ်ရေးအာဏာတွေသုံးပြီး သာသနာရေး ကိစ္စတွေမှာ ဝင်ရောက် စွက်ဖက်ကြမယ် ဆိုရင်တော့ မကြာခင်မှာ သာသနာတော်လည်း ပျက်စီး၊ ပျက်စီးပြီးသား တိုင်းပြည်လည်း နလံပြန်ထူနိုင်ဖို့ မလွယ်ဘူးလို့ အတွေးဝင်မိပါတယ်။

    Wednesday, May 14, 2014

    ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၁၁) - ဝေသာလီ

    ဝေသာလီ အသောကကျောက်တိုင်နှင့် စေတီ

    ခရီးစဉ်ရဲ့ ၁၂-ရက်မြောက် နံနက်စောစောမှာ ကုသိနာရုံကနေ မိုင် ၁၀၀-ကျော် ဝေးတဲ့ ဝေသာလီကို ခရီးဆက်ခဲ့ကြပါတယ်။ ဒီခရီးက ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်ကာနီး နောက်ဆုံး ကြွတော်မူခဲ့တဲ့ ခရီးနဲ့ ဆန့်ကျင့်ဖက်လို့ ဆိုနိုင်ပါတယ်။ မြတ်စွာဘုရားက ဝေသာလီမှာ အာယုသင်္ခါရ လွှတ်တော်မူပြီးတဲ့နောက် ဘဏ္ဍုဂါမ၊ ဟတ္ထိဂါမ၊ အမ္ဗဂါမ၊ ဇမ္ဗုဂါမ၊ ဘောဂနာဂရမြို့၊ ပါဝါမြို့တို့ကို အစဉ်အတိုင်း ခရီးလှည့်လည်လာခဲ့ပြီး ကုသိနာရုံမှာ ပရိနိဗ္ဗာန် စံဝင်တာဖြစ်ပါတယ်။ နောက်ဆုံး ဆွမ်းဘုဉ်းပေးတော်မူရာ ပါဝါမြို့ကို ဒီနေ့ခေတ် ဖဇီလ်နာဂါ (Fazilnagar) လို့ ရှာဖွေသတ်မှတ်နိုင်ခဲ့ပေမယ့်၊ အခြားလမ်းခရီး မြို့ရွာငယ်လေးများက ဘယ်အရပ်မှာ ရှိမယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ကြတော့ပါဘူး။ ကုသိနာရုံနဲ့ ပါဝါမြို့ကြား အလယ်လောက် မှာတော့ မြတ်စွာဘုရား နောက်ဆုံးရေကြည်တော် သောက်ပြီး ရေသပ္ပါယ်ခဲ့တဲ့ ကကုဓာမြစ် ရှိပါတယ်။

    ကုသိနာရုံမှ ဝေသာလီသို့

    ကေသရိယ

    ကုသိနာရုံကနေ ဝေသာလီကို သွားတဲ့လမ်းမှာ ကေသရိယ (Kesariya) ကို ဖြတ်သွားရပါတယ်။ ဒီနေရာဟာ ဗုဒ္ဓခေတ်က ကာလာမ မျိုးနွယ်စုတွေနေတဲ့ ကေသပုတ္တိ (ကေသမုတ္တိ) နိဂုံး၊ ကာလမသုတ် ဒေသနာ ဟောကြားတော်မူခဲ့ရာ အရပ်ပါ။ လမ်းအနီးမှာ စေတီပျက်ကြီး တစ်ဆူရှိပါတယ်။ ဒီစေတီက တရုတ်ရဟန်းတော် ဖာရှန် (ဖာဟီယန်) ရဲ့ မှတ်တမ်းမှာ ပါတဲ့ ဗုဒ္ဓရဲ့ သပိတ်တော် စွန့်ရာနေရာ အထိမ်းအမှတ် စေတီလို့ ယူဆကြပါတယ်။ မြတ်စွာဘုရားက နောင်သုံးလမှာ ပရိနိဗ္ဗာန်ပြုတော့မယ်လို့ အသိပေးကြေညာပြီး ဝေသာလီကနေ ကုသိနာရုံကို ခရီးထွက်တော်မူတဲ့အခါ၊ ဝေသာလီက ဝဇ္ဇီတိုင်းသားတွေက နောင်မှာ မြတ်စွာဘုရားကို ဖူးရတော့မှာ မဟုတ်ဘူးဆိုပြီး အလွန်ယူကြုံးမရ ဖြစ်ပြီး၊ ဘုရားရှင်ရဲ့ နောက်တော်ကနေ ထပ်ချပ်မကွာ လိုက်ပါခဲ့ကြပါတယ်။ ကေသရိယ အရပ်ရောက်တဲ့ အချိန်မှာတော့ ထပ်မံ မလိုက်ဖို့ တားမြစ်ပြီး မိမိကိုယ်စား ကိုးကွယ်ဖို့ သပိတ်တော်ကို စွန့်တော်မူခဲ့ပါတယ်။ ဝဇ္ဇီတိုင်းသားတွေက သပိတ်တော်ကို မိမိတို့ အရပ်ဒေသ ဝေသာလီကို ပင့်ဆောင်ပြီး ဌာပနာစေတီ တည်ခဲ့ကြပါတယ်။ နောင်တော့ သပိတ်တော် စွန့်ခဲ့ရာ ကေသရိယအရပ်မှာလည်း စေတီတည်ခဲ့တယ်လို့ ဖာရှန်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ အစကတော့ ရွှံ့စေးနဲ့ တည်ဆောက်ခဲ့ဟန်တူပြီး၊ နောင် မောရိယ၊ သုင်္ဂ၊ ကုသျှနမင်းဆက်ခေတ်တွေမှာ စေတီကို အုတ်တွေနဲ့ ငုံပြီး ပြုပြင်မွန်းမံခဲ့ပါတယ်။ ခရစ်နှစ် ၆-ရာစု ဂုတ္တခေတ်မှာ အတော်လေး တိုးချဲ့မွန်းမံခဲ့ပြီး ရုပ်ထုပေါင်း တစ်ရာကျော်နဲ့ တန်ဆာ ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဘောရောဗုဒု (Borobudur) စေတီတော်ရဲ့ ပုံစံချင်းတူတယ်လို့ သိရပါတယ်။ မူလက အမြင့်ဉာဏ်တော် ပေ ၁၅၀ ထိရှိခဲ့ပြီး၊ ယခုအခါမှာတော့ ၁၀၄ ပေသာ မြင့်ပါတော့တယ်။ အချိန်မရတဲ့အတွက် ကားပေါ်ကနေသာ ဖူးခဲ့ရပါတယ်။
     
    ကေသရိယ (ကေသမုတ္တိ) အရပ်ရှိ စေတီ

    ဝေသာလီ

    ဗုဒ္ဓခေတ်အခါက ဝဇ္ဇီတိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ ဝေသာလီကို နေ့လည် ၁၂-နာရီကျော်လောက်မှ ရောက်ပါတယ်။ ဗီဟာရ်ပြည်နယ် မူဇာဖာပူရ် (Muzaffarpur) ရဲ့ အနောက်ဖက် မိုင် ၂၀ အကွာ၊ ပတ္တနာမြို့ကနေဆိုရင် မြောက်ဖက် ၃၉-မိုင် အကွာမှာ တည်ရှိပါတယ်။ ဝဇ္ဇီတိုင်းက လူမျိုးနွယ်တွေ စုပေါင်းနေထိုင် အုပ်ချုပ်ကြတဲ့ ပြည်ထောင်စုနိုင်ငံ (Tribal Confedration) ဖြစ်ပါတယ်။ စာဏကျ အမတ်ကြီး စီရင်တဲ့ အဋ္ဌသျှတြကျမ်းမှာ ဝဇ္ဇီတိုင်းနိုင်ငံကို “ဂဏသံဃ” စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံအဖြစ် မှတ်တမ်းတင်ခဲ့ပြီး၊ အနောက်တိုင်း ပညာရှင်တွေကတော့ ဒီမိုကရေစီရဲ့ ရှေ့ပြေးနိုင်ငံ (proto-democratic republic) အဖြစ် မကြာခဏ ဖော်ပြလေ့ရှိပါတယ်။ အဋ္ဌကထာ မှတ်တမ်းများအရ အုပ်ချုပ်ရေးကို ရာဇ လို့ခေါ်တဲ့ အုပ်ချုပ်ရေး အရာရှိပေါင်း ၇၇၀၇-ဦးတို့ ပါဝင်တဲ့ ဂဏရာဇာ အဖွဲ့က အုပ်ချုပ်ပြီး၊ “အဋ္ဌကုလိကာ” လို့ခေါ်တဲ့ လူမျိုးနွယ်စု ရှစ်စုတို့ရဲ့ ခေါင်းဆောင်တွေ စုစည်းထားတဲ့ တရားရေးအဖွဲ့က ပဝေဏီပေါတ္ထကလို့ ခေါ်တဲ့ ရှေးအစဉ်အလာ ဥပဒေကျမ်းအတိုင်း စီရင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ထင်ရှားတဲ့ လူမျိုးနွယ်စုတွေကတော့ ဝဇ္ဇီ၊ လိစ္ဆဝီ၊ ဝိဒေဟ၊ ဉာတိကတို့ ဖြစ်ပါတယ်။ ဒီအနက် လိစ္ဆဝီလူမျိုးတွေကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။ ဝဇ္ဇီတိုင်းသားတွေရဲ့ ညီညီညွတ်ညွတ် စုဝေးတိုင်ပင်ပြီး အုပ်ချုပ်ကြတဲ့ အစဉ်အလာကို ဗုဒ္ဓမြတ်စွာကလည်း မကြာခဏ ချီးမွမ်းတော်မူလေ့ရှိပါတယ်။ မဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရား ၇-ပါးအဖြစ် ထုတ်ဆောင်ပြပြီး၊ ဝဇ္ဇီတိုင်းသားတို့ကို စံနမူနာယူပြီး ရဟန်း သံဃာတော်တွေကို အညီအညွတ် စုဝေး တိုင်ပင် ဆောင်ရွက်ကြဖို့ မိန့်ကြားတော်မူခဲ့ပါတယ်။

    မဟာဘာရတစတဲ့ ရှေးဟောင်း ပုရဏ်ကျမ်းတွေမှာပါတဲ့ ဝိသာလမင်းကို အစွဲပြုပြီး ဝေသာလီဆိုတဲ့ အမည်ရကြောင်း အဆိုရှိပါတယ်။ အဋ္ဌကထာဆရာ ရှင်ဗုဒ္ဓဃောသကတော့ လူဦးရေ စည်ကား တိုးပွားလာတဲ့အတွက် မြို့ကို သုံးကြိမ်တိုင်တိုင် တိုးချဲ့ခဲ့ရတာကြောင့် (ဝိသာလ = တိုးချဲ့ခြင်း) ဝေသာလီဆိုတဲ့ အမည်တွင်ကြောင်း ဖော်ပြထားပါတယ်။ ဝေသာလီမြို့ကို တံတိုင်း သုံးထပ်ကာရံထားကြောင်းကိုလည်း “ဝေသာလိယာ တီသု ပါကာရန္တရေသု” လို့ ရတနာသုတ် အမွှန်းမှာ တွေ့နိုင်ပါတယ်။ တချိန်က ဝေသာလီမြို့မှာ ကပ်ကြီးသုံးပါး ဆိုက်တဲ့အတွက် ဗုဒ္ဓမြတ်စွာကို ပင့်ဖိတ်ခဲ့ကြပါတယ်။ မြတ်စွာဘုရားက အရှင်အာနန္ဒာကို ရတနသုတ်ပရိတ် သင်ကြားပေးပြီး ဝေသာလီရဲ့ တံတိုင်း သုံးထပ်အတွင်းမှာ လှည့်လည် ရွတ်ဖတ်စေခဲ့ဖူးပါတယ်။

    ဂျိန်းဘာသာရဲ့ဘုရားဖြစ်တဲ့ မဟာဝီရက ဝေသာလီမှာ ဖွားမြင်ခဲ့ပါတယ်။ ဗုဒ္ဓစာပေတွေမှာတော့ မဟာဝီရကို နိဂဏ္ဍနာဋပုတ္တလို့ ခေါ်ပါတယ်။ ဒါကြောင့် ဝေသာလီက နိဂဏ္ဍဂိုဏ်းသားတွေ သြဇာလွှမ်းတဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ ဘုရားရှင်လက်ထက်က လိစ္ဆဝီစစ်သူကြီး သီဟနဲ့ သစ္စကပရိဗိုဇ်တို့က နိဂဏ္ဍဂိုဏ်းသားများ ဖြစ်ခဲ့ဖူးပါတယ်။ သူတို့က ဗုဒ္ဓကို စကားစစ်ထိုး အနိုင်ယူဖို့ ကြိုးစားခဲ့ကြပေမယ့် နောင်တော့ ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်တဲ့ ဥပါသကာတွေ ဖြစ်သွားကြကြောင်း သုတ္တန်တွေမှာ တွေ့ရပါတယ်။ သီဟစစ်သူကြီးက ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူအဖြစ် လက်ခံဖို့ လျှောက်ထားတော့ ချက်ခြင်း မဆုံးဖြတ်သေးဘဲ စဉ်းစားဆင်ခြင်ဖို့ သီဟစစ်သူကြီးကို ဗုဒ္ဓက တိုက်တွန်းပါတယ်။ သုံးကြိမ်တိုင်တိုင် လျှောက်ထားတော့မှ လက်ခံပြီး ယခင်ကလို နိဂဏ္ဍတို့ကိုလည်း ဆက်လက် လှူဒါန်းပေးကမ်းဖို့ တိုက်တွန်းတော်မူခဲ့ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာရဲ့ ဘာသာရေး သဘောထားကြီးမှုနှင့် အသိဉာဏ်ပါတဲ့ ကိုးကွယ်ယုံကြည်မှုတွေကိုသာ အလေးထားတဲ့အချက်ကို စဉ်းစားဆင်ခြင် ကြည်ညိုနိုင်ပါတယ်။

    ဝေသာလီရဲ့ ဗုဒ္ဓသာသနိက သမိုင်းဖြစ်ရပ်တွေကို ပြန်ပြီးသုံးသပ်ရင် အမျိုးသမီး အခွင့်အရေးအပေါ် ဗုဒ္ဓဘာသာရဲ့ သဘောထားကိုလည်း တွေ့နိုင်ပါတယ်။ ဗုဒ္ဓခေတ် အိန္ဒိယ လူ့အဖွဲ့အစည်းက ဇာတ်ခွဲခြားမှု၊ ကျားမခွဲခြားမှု အလွန်များ ပါတယ်။ ဒီနေ့ခေတ်မှာတောင် အိန္ဒိယနဲ့ အခြားသော လူ့အဖွဲ့အစည်းအတော် များများမှာ အမျိုးသမီးတွေကို ပိုင်ဆိုင်မှုပစ္စည်းသဖွယ်သာသာ သဘောထားပြီး ဆက်ဆံကြတာကို တွေ့နိုင်ပါတယ်။ ဒီနေ့ခေတ်ထိ လူကုန်ကူးခံရတာ၊ ပညာသင်ကြားခွင့် ဆုံးရှုံးတာ၊ ဗလက္ကာရကျင့်ခံရတာ၊ အကြမ်းဖက် နှိပ်စက်ခံရတာတွေ ရှိနေပါသေးတယ်။ ဝဇ္ဇီတွေက အမျိုးသမီးများကို အလိုမတူဘဲ အနိုင်ထက် သားမယားပြု့ကျင့်လေ့ မရှိဘူးဆိုတဲ့အချက်ကို ဝဇ္ဇီတွေရဲ့ မဆုတ်ယုတ်ကြောင်း (အပရိဟာနိယ) တရား ၇-ပါးမှာ ထည့်သွင်း ချီးမွန်း ဟောကြားခဲ့ပါတယ်။

    မိထွေးတော်ဂေါတမီ ဦးဆောင်တဲ့ အမျိုးသမီးအဖွဲ့က ဘိက္ခုနီမအဖြစ် ရဟန်းပြုခွင့် တောင်းတာကို ခွင့်ပြုပေးခဲ့တာကလည်း ဝေသာလီမြို့မှာ ဖြစ်ပါတယ်။ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တဲ့ အကျင့်မှာ ကျားမခွဲခြားမှု မရှိပါဘူး။ မရှိယုံမျှမက အမျိုးသမီးများကို အမျိုးသားများ နည်းတူ ရဟန်းပြုခွင့်ပေးခဲ့ပါတယ်။ ဒီနေရာမှာ အမျိုးသားများတန်းတူလို့ ဆိုပေမယ့် ခွဲခြားမှု လုံး၀ မရှိတာတော့ မဟုတ်ပါဘူး။ ဘိက္ခုနီတွေက ဂရုဓမ္မ ရှစ်ပါးကို စောင့်ထိန်း ရပါတယ်။ ဒါကလည်း သဘာဝအရကိုက မတူကွဲပြားနေတာ တစ်ကြောင်း၊ အိန္ဒိယလို လူ့အဖွဲ့အစည်းအတွင်းမှာ ဗုဒ္ဓသာသနာကို ရေရှည်တည်တံ့အောင် လက်ဆင့်ကမ်း သယ်ယူနိုင်ဖို့ လိုတာကြောင့် တစ်ကြောင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေကို ရဟန်းပြုခွင့် ပေးယုံမျှသာမကဘဲ၊ ရဟန်းတော်တွေထဲက အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်မထရ်တို့ကို လက်ယာတော်ရံ လက်ဝဲတော်ရံ ခန့်အပ်ခဲ့သလို၊ ဘိက္ခုနီတွေထဲက ခေမာထေရီနဲ့ ဥပ္ပလဝဏ်ထေရီတို့ကို လက်ယာတော်ရံ လက်ဝဲတော်ရံ ခန့်အပ်ပြီး ချီးမြောက်ခဲ့ပါတယ်။

    ဝေသာလီနဲ့ ဆက်စပ်နေတဲ့ အမျိုးသမီးတွေ အကြောင်း ပြောရင် အလွန် ချောမောလှတဲ့ ကချေသည် အမ္ဗပါလီကိုလည်း ထည့်သွင်းရပါလိမ့်မယ်။ ဝေသာလီဟာ အမ္ဗပါလီကြောင့် ပိုပြီး တင့်တယ် စည်ကားနေရတယ်လို့တောင် ဆိုလေ့ရှိပါတယ်။ ဗုဒ္ဓမြတ်စွာက ရဟန်းတော်တွေနဲ့ အမ္ဗပါလီရဲ့ သရက်တောဥယျာဉ်မှာ သီတင်းသုံးနေစဉ်မှာ အမ္ဗပါလီက ဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းကပ်ဖို့ လျှောက်ထားပါတယ်။ လိစ္ဆဝီမင်းတွေက ဆွမ်းကပ်ဖို့ လျှောက်တဲ့အခါ ဗုဒ္ဓမြတ်စွာက အမ္ဗပါလီရဲ့ ဆွမ်းကို လက်ခံပြီးသားဖြစ်လို့ လိစ္ဆဝီမင်းတွေရဲ့ ဆွမ်းကို ငြင်းပယ်ခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာကိုယ်တိုင် ပညတ်ထားတဲ့ ဝိနည်းတော်အရ အရင် လက်ခံပြီး ဆွမ်းကိုပယ်ပြီး နောက်ဆွမ်းကို လက်ခံလေ့မရှိပါဘူး။ ဒါပေမယ့် လောကအမြင်နဲ့ကြည့်ရင်တော့ မင်းရာဇာတွေ ပင့်ဖိတ်တဲ့ ဆွမ်းကို ငြင်းပယ်ပြီး ကချေသည် ပြည့်တန်ဆာ မိန်းမပျိုတစ်ဦးရဲ့ ဆွမ်းကို လက်ခံလိုက်တယ်လို့ မြင်ကောင်း မြင်ကြပါလိမ့်မယ်။ အမ္ဗပါလီက ဆွမ်းကပ်ပြီး၊ သူပိုင်ဆိုင်တဲ့ သရက်ဥယျာဉ်ကို ဘုရားနဲ့ သံဃာတော်တွေကို လှူဒါန်းခဲ့ပါတယ်။ နောင်တော့ အမ္ဗပါလီက (သူနဲ့ ဗိမ္ဗိသာရမင်းတို့ကရတဲ့) သူ့ရဲ့သားဖြစ်သူ အရှင်ဝိမလကောဏ္ဍည ဟောကြားတဲ့တရားကို နာယူပြီးတဲ့နောက် ဘိက္ခုနီအဖြစ် ရဟန်းပြုခဲ့ပြီး၊ ရဟန္တာထေရီ တစ်ပါးဖြစ်သွားခဲ့ပါတယ်။

    အမ္ဗပါလီထေရီမကြီးရဲ့ အကြောင်းကို စဉ်းစားမိတိုင်း ဆရာပါရဂူ ဘာသာပြန်ခဲ့တဲ့ အမ္ဗပါလီဝတ္ထု ဇာတ်သိမ်းခန်းကို သတိရမိတတ်ပါတယ်။ ဒီဝတ္ထုထဲမှာ ဗိမ္ဗိသာရမင်းက ငယ်စဉ်ကလိုဘဲ ရုပ်သေးဆရာ ယောင်ဆောင်ပြီး ဝေသာလီက အမ္ဗပါလီကို သွားတွေ့ချိန်မှာ အမ္ဗပါလီက ဘိက္ခုနီမ ဖြစ်နေပါပြီ။ ဒီအချိန်မှာပဲ အဇာတသတ်ရဲ့ လက်ရုံးတွေ ရောက်လာပြီး ဗိမ္ဗိသာရမင်းကို ဖမ်းဆီးလိုက်ပါတယ်။ “သား တစ်ယောက်က မိခင်ကို သံသရာ အကျဉ်းထောင်က လွတ်မြောက်အောင် လုပ်လိုက်တယ်။ နောက်သား တစ်ယောက်ကတော့ ဖခင်ကို အကျဉ်းထောင်ထဲ ထည့်တယ်” လို့ ဗိမ္ဗိသာရမင်း ရေရွတ်လိုက်ပါတယ်။ ဒီဇာတ်ကွက်နဲ့ စကားပြောခန်းတွေက ပါဠိစာပေကျမ်းဂန်တွေမှာတော့ မပါပါဘူး။ အဇာတသတ် နန်းတက်တာက ဗုဒ္ဓပရိနိဗ္ဗာန် မစံဝင်မီ ၈-နှစ် အလိုမှာဖြစ်ပြီး၊ အမ္ဗပါလီ မြတ်စွာဘုရားကို သရက်တောဥယျာဉ် လှူဒါန်းတာက ဗုဒ္ဓ ပရိနိဗ္ဗာန် စံဝင်မယ့်နှစ် ဝါ မဝင်မီလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီဝတ္ထုဇာတ်သိမ်းပိုင်းက လွဲနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် (ပြည့်တန်ဆာ တစ်ဦးရဲ့ သားအဖြစ် မထင်မရှား ကြီးပြင်းခဲ့ရတဲ့) အရှင်ဝိမလကောဏ္ဍညက မိခင် အမ္ဗပါလီကို သံသရာမှ လွတ်မြောက်စေခဲ့ပြီး၊ (နန်းတွင်းမှာ မင်းသားအဖြစ် ကြီးပြင်းခဲ့တဲ့) သားတော် အဇာတသတ်က ဖခမည်းတော် ဗိမ္ဗိသာရကို ဖမ်းဆီး အကျဉ်းချခဲ့တယ်ဆိုတာတွေကတော့ ထေရဝါဒ စာပေကျမ်းဂန်တွေမှာ လာတဲ့ အချက်လက်တွေနဲ့ ကိုက်ညီပါတယ်။
    ဝေသာလီ ကူဋာဂါရဝိဟာရ မြန်မာကျောင်း

     အသောကကျောက်တိုင်
    အသောကကျောက်တိုင်သို့ အသွား ရွာလမ်း
    အသောကကျောက်တိုင်ရှိရာ ရှေးဟောင်းသုတေသန နယ်မြေ

    ဝေသာလီကို ရောက်တော့ အသစ်ဆောက်နေတဲ့ ကူဋာဂါရ ဝိဟာရ မြန်မာကျောင်းမှာ တစ်ထောက်နားပြီး နေ့လည်စာ စားကြပါတယ်။ နေ့လည်စာ စားပြီးတဲ့နောက် ကိုလ်ဟွာ (Kolhua) ရွာအနီးမှာရှိတဲ့ အသောကကျောက်စာတိုင် ရှိရာကို အရင်သွားကြပါတယ်။ ကားက လမ်းမှာပဲ ရပ်ထားခဲ့ရပြီး အတွင်းဖက်ကို ကိုက် ၄၀၀ လောက် လမ်းလျှောက်ဝင်ရပါတယ်။ ရွာလေးကို ဖြတ်သွားရတာ ဖြစ်တဲ့အတွက် ဈေးသည်တွေ၊ ပိုက်ဆံတောင်းနေတဲ့ ကလေးငယ်တွေ ရှိပါတယ်။ အတွင်းဖက်ကို ရောက်တဲ့အခါ ခြင်္သေ့ရုပ် ထိပ်ဖူးရှိတဲ့ အသောက ကျောက်စာတိုင်ကို တွေ့ရပါတယ်။ ကျောက်တိုင်အနီးမှာ ရေကန်၊ စေတီပုထိုးပျက် အုတ်ပုံနဲ့ ရှေးဟောင်းအဆောက်အုံ ၄-နေရာတို့ကို တွေ့ရပါတယ်။
    အသောက ကျောက်တိုင်နှင့် မျောက်မင်းရေကန်

    ရေကန်က မျောက်တို့ တူးဖော်ထားသည့် မျောက်မင်းရေကန် (မကုဋဟရဒ) ဖြစ်ပြီး၊ ရေကန်အနီးက စေတီကြီးကတော့ မျောက်တွေကနေ မြတ်စွာဘုရားရှင်ကို ပျားရည်ကပ်လှူခဲ့တဲ့ အထိမ်းအမှတ်နဲ့ အသောကမင်း တည်ထားခဲ့တဲ့ စေတီဖြစ်တယ်လို့ တရုတ်ဘုရားဖူး ရဟန်းတော်တွေရဲ့ မှတ်တမ်းမှာ တွေ့ရပါတယ်။ အချို့ကလည်း မူလက အရှင်အာနန္ဒာရဲ့ ဓာတ်တော်တွေကို ဌာပနာပြီး လိစ္ဆဝီမင်းတွေ တည်ထားတဲ့ စေတီဖြစ်ပြီး နောင်မှာ အသောကမင်းက ရွှေဒင်္ဂါး ၁-ကုဋေ အကုန်အကျခံပြီး ပြန်လည် မွန်းမံခဲ့တယ်လို့ ဆိုပါတယ်။

    ကူဋာဂါရသာလာ

    ကူဋာဂါရသာလာ ကျောင်းတော်ရာ

    အသောကကျောက်တိုင်ရဲ့ မြောက်ဖက်က ကျောင်းတော်ရာကိုတော့ ဗုဒ္ဓမြတ်စွာ ဝါကပ်တော်မူခဲ့ဖူးတဲ့ ဝေသာလီပြည် မဟာဝုန်တောအတွင်းက ကုဋာဂါရသာလ ကျောင်းနေရာလို့ မှတ်တမ်းတင်ထားပါတယ်။ စုလစ်မွန်းချွန် အထွတ်ရှိတဲ့ ကျောင်းဇရပ်မျိုး ဖြစ်တဲ့အတွက် “ကူဋာဂါရသာလာ” (ကူဋ = အထွတ်+ အဂါရ = အိမ်၊ ကျောင်း + သာလာ = ခမ်းမ၊ ဇရပ်) လို့ ခေါ်တာဖြစ်ပါတယ်။ ဒီကျောင်းဆောင်မှာ မြတ်စွာဘုရား မကြာခဏ သီတင်းသုံးတော်မူခဲ့ ဖူးပါတယ်။ သစ္စကပရိဗိုဇ်ကို အောင်တော်မူခဲ့တဲ့ နေရာဖြစ်သလို၊ မိထွေးတော်ဂေါတမီနဲ့ သာကီဝင်မင်းသမီးတွေကို ဘိက္ခုနီဝတ်ခွင့် ပြုတော်မူခဲ့တဲ့ ဘိက္ခုနီသာသနာ စတင်ခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။
     

    ဝေသာလီ အနီးတဝိုက် မြေပုံ
    ဓာတ်တော်စေတီ

    ဓာတ်တော်စေတီရှိတဲ့ နေရာကတော့ ယခုနေရာကနေ ကားလမ်းခရီးအတိုင်း ၂-မိုင်ကျော် ထပ်သွားရပါတယ်။ ဒေသခံတွေက ခရောင်းနား ပေါက္ခရ (Kharauna Pokhar) လို့ခေါ်တဲ့ ရေကန် ရှိပါတယ်။ တချိန်က လိစ္ဆဝီမင်းတွေ အဘိသေက မင်္ဂလာပြုခဲ့တဲ့ ပေါက္ခရဏီ ရေကန်ပါ။ စစ်သူကြီး မဟာဗန္ဓုလရဲ့ ဇနီး မလ္လိကာမိဖုရားက ဒီကန်က ရေကို ချိုးချင်ပါတယ်လို့ ချင်ခြင်း တပ်လို့ အစောင့်တွေ အထပ်ထပ်ချထားတဲ့ကြားက သွားခဲ့ကြဖူးပါတယ်။ ယခုအချိန်မှာတော့ ဒေသခံတွေ ပျော်ပွဲစားထွက်ရင်း ဒီကန်မှာ လှေအပျော်စီး ကြဟန်တူပါတယ်။ ကန်ဘေးတဝိုက်မှာ အစားအသောက်နဲ့ လက်ဆောင်ပစ္စည်း ရောင်းတဲ့ ဆိုင်တန်းလေး ရှိပါတယ်။ ရေကန်ရဲ့ တဖက်ကမ်းမှာတော့ ဂျပန်နိုင်ငံက လာတည်ထားတဲ့ Visha Shanti ငြိမ်းချမ်းရေးစေတီကို လှမ်းမြင်နေရပါတယ်။
    လိစ္ဆဝီတို့၏ အဘိသေက ပေါက္ခရဏီနှင့် Visha Shanti ဂျပန်ငြိမ်းချမ်းရေးစေတီ

    ဓာတ်တော်စေတီက ရေကန်အနီးက ဥယျာဉ်တစ်ခုထဲမှာ တည်ရှိပါတယ်။ ယခုခေတ်မှာ “Buddha Asthi-Kalash Asthal” လို့ ခေါ်ပါတယ်။ အဋ္ဌိ-ကလသ (Asthi-Kalash) က အရိုးအိုးလို့ အဓိပ္ပါယ်ရပါတယ်။ လိစ္ဆဝီမင်းတွေက မိမိတို့အတွက် ဝေစုရတဲ့ ဗုဒ္ဓရဲ့ ဓာတ်တော်တွေကို ဌာပနာပြီး တည်ထားခဲ့တဲ့ စေတီလို့ ယူဆကြပါတယ်။ မူလက ရွှံစေးမြေနဲ့တည်ခဲ့တာ ဖြစ်ပြီး၊ နောင် မောရိယခေတ်၊ သုင်္ဂခေတ်၊ ကုသျန်ခေတ်တွေမှာ သုံးကြိမ်တိုင်တိုင် မူလစေတီကို ငုံပြီး တိုးချဲ့ပြုပြင်ခဲ့ကြပါတယ်။ ရှေးဟောင်းသုတေသနဌာနက တူးဖော်စဉ်က ဓာတ်တော်ပြာ၊ ခရုသင်း၊ ဖန်ပုတီးစေ့၊ ရွှေပြားစ၊ ကြေးဒင်္ဂါးတွေပါတဲ့ ဓာတ်တော်ကြုပ်ကို တွေ့ခဲ့ကြပြီး၊ ၁၉၇၂-ခုနှစ်က ပတ္တနာမြို့ ရှေးဟောင်း သုတေသနပြတိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ ယခုအချိန်မှာတော့ စေတီအုတ်မြစ်ခုံသာ ကျန်ပါတော့တယ်။ စေတီအုတ်မြစ်နေရာကို ရာသီဥတုဒဏ်ကနေ ကာကွယ်ဖို့အတွက် သွပ်ပြားနဲ့ အုပ်မိုးထားပါတယ်။
    သွပ်ဖြင့်မိုးထားသည့် ဓာတ်တော် စေတီရာ
    လိစ္ဆဝီမင်းတို့ တည်ထားခဲ့သည့် ဓာတ်တော်စေတီ

    ရာဇဝိသာလကဃရ (Rāja Bisāl-ka-garh) လို့ခေါ်တဲ့ လိစ္ဆဝီမင်းတွေ အစည်းအဝေးလုပ်တဲ့ သန္ထာဂါရလွှတ်တော် နန်းမြို့ဟောင်းနေရာနဲ့ အမ္ဗပါလီရဲ့ သရက်တောဥယျာဉ် နေရာတွေကိုတော့ မရောက်ဖြစ်ခဲ့ကြတော့ပါ။

    Monday, May 12, 2014

    ဗုဒ္ဓဂယာ ဘုရားဖူးခရီး (၁၀) ကုသိနာရုံ

    မနက်စောစော လုမ္ဗိနီမှာ ဘုရားဖူးပြီးတဲ့နောက် အိန္ဒိယနိုင်ငံဖက်ကို ပြန်ကူးပြီး ဆိုနောလီကျောင်းမှာ နေလည်စာ ဝင်စားကြပါတယ်။ တချိန်က နီပေါနိုင်ငံမှာ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေလို့ ပြည်ဝင်ခွင့်တွေ ပိတ်လိုက်တိုင်း မြန်မာဘုရားဖူးတွေအနေနဲ့ လုမ္ဗိနီကိုလည်း ကူးလို့မရ၊ သာဝတ္ထိကျောင်းဖြစ်ဖြစ် ကုသိနာရုံကျောင်းကို ဖြစ်ဖြစ် ခရီးဆက်ဖို့လည်း နောက်ကျနေပြီး အခက်အခဲ ကြုံရတတ်ပါတယ်။ ဒါကြောင့် ကုသိနာရုံဆရာတော်ကနေ သူ့တပည့်တစ်ပါးကို ဆိုနောလီမှာ ကျောင်းထောင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။


    နေ့လည်စာ စားပြီးနောက် ဆိုနောလီကနေ ခရီးမိုင် ၉၀ လောက် ဝေးတဲ့ ကုသိနာရုံကို ခရီးဆက်ခဲ့ကြပါတယ်။ ကုသိနာရုံကို ညနေ ၄-နာရီလောက်မှာ ရောက်ပါတယ်။ ကုသိနာရုံက ဥတ္တရာပရာဒေ့ရှ် ပြည်နယ်အတွင်းမှာ ရှိပြီး ဂေါရတ်(ခ်)ပူရ် (Gorakhpur) မြို့ရဲ့ အရှေ့ဖက် ၃၂-လောက်မှာ တည်ရှိပါတယ်။ ကုသိနာရုံကို ပါဠိလို “ကုသိနာရာ” လို့ရေးလေ့ရှိပြီး၊ မြောက်ပိုင်းဗုဒ္ဓဘာသာ သက္ကတစာပေတွေမှာတော့ “ကုသိနဂရီ၊ ကုသိဂါမ” စသဖြင့် ရေးလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် နှစ် ထောင်နဲ့ချီပြီး ဒီအမည်နာမတွေ တိမ်မြုတ် ပျောက်ကွယ်နေခဲ့ရပြီး၊ ယခုခေတ်ပိုင်း ရောက်မှ (ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ဝန်ကြီးဖြစ်ခဲ့တဲ့) Mayawati က ကုသိနာဂရ (Kushinagara) လို့ အမည် ပြန်လည် ပြောင်းလဲသတ်မှတ်ခဲ့တာပါ။

    ဘုရားရှင်လက်ထက်ကတော့ ကုသိနာရုံက မလ္လာမင်းတို့ အုပ်စိုးခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ မင်း (ရာဇာ) လို့ခေါ် ဝေါ်သုံးစွဲပေမယ့် တစ်ဦးတည်း ဘုရင်စနစ်နဲ့ အုပ်ချုပ်မင်းလုပ်တဲ့ သက်ဦးဆံပိုင် မင်းမျိုးတော့ မဟုတ်ပါဘူး။ ဝေသာလီက လိစ္ဆဝီမင်းတွေ၊ ကပိလဝတ္ထုနဲ့ ဒေဝဒဟက သာကီဝင်မင်းတွေလိုပဲ လူမျိုးစု ခေါင်းဆောင်တွေ စုပေါင်းပြီး (ဂဏစနစ်နဲ့) အုပ်ချုပ်တဲ့ မြို့ပြနိုင်ငံမျိုး ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ရှေးဦး ဒီမိုကရေစီ မြို့ပြ နိုင်ငံတွေလို့ ပြောဆိုရေးသားလေ့ရှိကြပေမယ့်၊ ဒီမိုကရေစီထက် Oligarchy ပိုပြီး ဆန်ပါတယ်။ ဗုဒ္ဓခေတ်မှာ ကုသိနာရုံနဲ့ ပါဝါ ဆိုပြီး မလ္လာ လူမျိုးနွယ်စုတွေရဲ့ သီးခြား မြို့ပြနိုင်ငံ နှစ်ခုရှိခဲ့ပါတယ်။ ဧကရာဇ် ဘုရင်တွေ နန်းစိုက်တဲ့ ရာဇဂြိုဟ်၊ သာဝတ္ထိ၊ ကောသမ္ဗီစတဲ့ မင်းနေပြည်တော်ကြီးတွေလိုတော့ မကြီးကျယ်ခဲ့ပါဘူး။

    အရှင်အာနန္ဒာက ကုသိနာရုံလို မထင်မရှား ကျေးလက် မြို့ငယ်လေးမှာ ပရိနိဗ္ဗာန်မပြုဘဲ၊ သာဝတ္ထိ ရာဇဂြိုဟ်စတဲ့ မြို့ကြီးတစ်မြို့ မြို့မှာ ပရိနိဗ္ဗာန်စံဝင်ဖို့ လျောက်ထားဖူးပါတယ်။ ကုသိနာရုံဟာ ရှေးတချိန်တခါက မဟာသုဒဿန  အမည်ရှိတဲ့ စကြဝတေးမင်း နန်းစိုက်ရာ၊ အလွန်ကြီးကျယ် စည်ကားခမ်းနားတဲ့ ကုသာဝတီ နေပြည်တော်ကြီး ဖြစ်ခဲ့ဖူးကြောင်း ဘုရားရှင်က မိန့်ကြားတော်မူပြီး၊ သင်္ခါရတရားတွေရဲ့ မမြဲတဲ့သဘောကို သံဝေဂ ယူနိုင်စေဖို့ မဟာသုဒဿန သုတ္တန်ကို ဟောကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်လက်ထက်က အလွန်ကြီးကျယ် ခမ်းနားခဲ့ပါတယ်ဆိုတဲ့ ရာဇဂြိုဟ်၊ သာဝတ္ထိစတဲ့ မြို့ကြီးတွေကလည်း ဒီနေ့ခေတ်မှာတော့ ရွာငယ်၊ မြို့ငယ်လေးတွေ ဖြစ်နေပါပြီ။ နိုင်ငံတကာက ဘုရားဖူးတွေ လာရောက်နေကြလို့သာ အနည်းအကျဉ်း စည်ကားနေရတာပါ။



    သံဝေဇနိယလေးဌာနမှာ အပါအဝင်ဖြစ်တဲ့ ကုသိနာရုံဟာ ဘုရားဖူးတွေ၊ ဘုန်းတော်ကြီး ကျောင်းတိုက်တွေနဲ့ စည်ကားခဲ့ဖူးပေမယ့်၊ ခရစ်နှစ် ၁၁-ရာစုနောက်ပိုင်းမှာတော့ လုံးဝနီးပါး တိမ်မြုတ်နေခဲ့ပါတယ်။ ၁၈၅၄-ခုနှစ်လောက် ရောက်မှ ဝီလဆင် (HH Wilson) က ကဆိယရွာ (Kasia) အနောက်တောင်ဖက် ၂-မိုင်ခန့်အကွာက စေတီပျက်တွေ ရှိတဲ့နေရာဟာ ကုသိနာရုံ ဖြစ်မယ်လို့ မှန်းဆနိုင်ခဲ့ပါတယ်။ ဗြိတိသျှ ကျောက်စာဝန် ကန်နင်ဟန်က ၁၈၆၁-၆၂-ခုနှစ်မှာ တူးဖော်လေ့လာခဲ့ပြီး ကုသိနာရုံဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။

    နိဗ္ဗာနစေတီနှင့် ဆင်းတုတော်

    ကုသိနာရုံကို တရုတ်ရဟန်းတော် ရွှန်ကျန်ရောက်ရှိစဉ်က နိဗ္ဗာနစေတီနဲ့ ပရိနိဗ္ဗာန် စံဝင်တော်မူဟန် ဆင်းတုတော်ကြီးကို ဖူးမြော်ခဲ့ရတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ၁၈၇၆-၇၇-ခုနှစ်မှာ ကာလေးလ် (A.C.L. Carlleyle) က တူးဖော်ခဲ့တဲ့အခါ နိဗ္ဗာနစေတီနဲ့ ပရိနိဗ္ဗာန်စံဝင်တော်မူဟန် လျောင်းတော်မူ ဆင်းတုတော်ကို တွေ့ရှိခဲ့တာပါ။


    ဆင်းတုတော်ကို တူးဖော်တွေ့ရှိစဉ်က တစစီ အပိုင်းပိုင်း ပြတ်နေတဲ့အတွက် ပြန်ပြီးဆက်ထားရတယ်လို့ ဆိုပါတယ်။ ပေ ၂၀လောက်ရှိပြီး ကျောက်စာတိုင်တွေ ထုလုပ်ရာမှာ အသုံးပြုလေ့ရှိတဲ့ ချူနာအရပ်ထွက် သဲကျောက်နဲ့ ထုလုပ်ထားတာပါ။ မျက်နှာတော်ကို ခေါင်းရင်းကနေ ဖူးရင် ပြုံးတော်မူနေဟန် တွေ့ရမှာဖြစ်ပြီး၊ အလယ်ပိုင်းက ဖူးရင် ရောဂါဝေဒနာ ခံစားနေရဟန်၊ ခြေရင်းပိုင်းက ဖူးရင် တည်ငြိမ်အေးချမ်းစွာ ဈာန် သမာပတ် ဝင်စားနေဟန် တွေ့ရမှာဖြစ်တယ်လို့ ဧည့်လမ်းညွှန်ဆရာတော်က ရှင်းပြပါတယ်။ အောက်ခြေပလ္လင်မှာ ရုပ်ထုငယ်လေးတွေ ရှိပါတယ်။ ညာဖက်လက်ပေါ် ခေါင်းတင်ပြီး ဝမ်းနည်းပူဆွေးနေဟန် ထုလုပ်ထားတာကတော့ အရှင်အာနန္ဒာ ဖြစ်နိုင်ပါတယ်။ မျက်နှာတော်အနီးက ရဟန်းတော်က အရှင်အနုရုဒ္ဓါဖြစ်ပြီး၊ အလယ်က ရဟန်းတော်ကတော့ ဘုရားရှင်ရဲ့ နောက်ဆုံးသာဝကဖြစ်တဲ့ အရှင်သုဘဒ္ဒ ဖြစ်နိုင်ပါတယ်။ ဒီသံဝေဂရဖွယ် ဆင်းတုတော်ကို ခရစ်နှစ် ၅-ရာစုလောက်က မထုရာမြို့က ဒိနာက ထုလုပ်ပြီး ဟရိဗလဆွာမိက လှူဒါန်းခဲ့ကြောင်း စာတမ်းပါရှိပါတယ်။ ဒီဆင်းတုတော် သီတင်းသုံးတော်မူနေတဲ့ ယခုလက်ရှိ ကျောင်းဆောင်ကိုတော့ ၁၉၅၆-ခုနှစ်မှာ အိန္ဒိယအစိုးရရဲ့အကူအညီနဲ့ ကုသိနာရုံဆရာတော် ဦးစန္ဒြမုနိက ဦးစီး ဆောက်လုပ် လှူဒါန်းခဲ့တာပါ။


    ကျောင်းဆောင်ရဲ့ နောက်ကပ်ရက်မှာတော့ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူရာ နေရာမှာ တည်ထားတဲ့ နိဗ္ဗာနစေတီ ရှိပါတယ်။ မလ္လာမင်းတွေက ဒီစေတီကို တည်ခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက် ပြန်လည် ပြုပြင်မွမ်းမံခဲ့ကြပါတယ်။ စေတီကို တူးဖော်စဉ်က “ဟရိဗလဆွာမိက နိဗ္ဗာနစေတီအတွင်း ဌာပနာသည်” လို့ ခရစ်နှစ် ၅-ရာစုက ကမ္ပည်းစာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ၁၉၂၇-မှာ စေတီဟောင်းကို ငုံပြီး ပြန်လည်ပြုပြင်ခဲ့ကြပါတယ်။ ၁၉၅၅-၅၆ ခုနှစ်မှာ မြန်မာပြည်က ဦးဘိုးကျူးနဲ့ ဦးဘိုးလှိုင်တို့ ကောင်းမှုနဲ့ စေတီကို အသစ်ပြန်လည် ပြုပြင် မွမ်းမံခဲ့ကြပြန်ပါတယ်။ ရှေးဟောင်းသုတေသန ရှုထောင့်က ကြည့်ရင်တော့ ရှေးဟောင်း မူလလက်ရာတွေ ဆုံးရှုံးသွားတယ်လို့ ဝေဖန်ကောင်း ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် ဘာသာရေးရှုထောင့်က ကြည့်ရင်တော့ (မဇ္ဈိမဒေသက အခြားစေတီ ဘုရားပျက်တွေနဲ့စာရင်) ဘုရားဖူးတွေအတွက် ပိုပြီး ကြည်ညို သဒ္ဓါပွားစေနိုင်တယ်လို့ ဆိုရမှာပါ။

    နိဗ္ဗာနစေတီ

    ဘုရားဖူးတွေအနေနဲ့ နိဗ္ဗာနစေတီတော်ကို ဖူးမြော်ရင်း ဗုဒ္ဓမြတ်စွာရဲ့ နောက်ဆုံးခရီးစဉ်ကို ဟောကြားထားတဲ့ မဟာပရိနိဗ္ဗာနသုတ်ကို နှလုံးသွင်းပြီး သံဝေဂပွားများ နိုင်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ အလွန်ပြင်းထန်တဲ့ သွေးဝမ်းရောဂါကြောင့် ပင်ပန်း နွမ်းနယ်နေတဲ့အတွက် သုံးဂါဝုတ်သာဝေးတဲ့ (ပါဝါကနေ ကုသိနာရုံ) ခရီးကို ၂၅-ကြိမ်တိုင်တိုင် အနားယူပြီး လာခဲ့ရပါတယ်။ ကဆုန်လပြည့် ညနေခင်း ဆည်းဆာလောက်မှာ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်ကို ရောက်ပါတယ်။ အင်ကြင်ပင် အစုံကြားမှာ ညောင်စောင်းကို ခင်းစေပြီး၊ အမှတ်သတိနဲ့ လက်ယာနံတောင်းစောင်းပြီး လျောင်းစက်တော်မူပါတယ်။ ပါဠိတော်တွေမှာ မြတ်စွာဘုရား လျောင်းစက်တော်မူကြောင်းကို ဖော်ပြရင် “ထမည်ဟူသော အမှတ်ကို နှလုံးသွင်း၍” (ဥဋ္ဌာနသညံ မနသိကာရိတွာ) ဆိုတဲ့ စကားကို ထည့်သွင်း ဖော်ပြလေ့ရှိပေမယ့်၊ ယခုလျောင်းစက်ခြင်းကို ဖော်ပြရာမှာတော့ ဒီစကား မပါတော့ပါဘူး။ မထသော လဲှလျောင်းခြင်းဖြင့် လျောင်းစက်တော်မူတာဖြစ်တယ်လို့ အဋ္ဌကထာက မှတ်ချက်ပြုပါတယ်။

    အချိန်အခါမဲ့ အင်ကြင်းပန်းတွေ ပင်လုံးကျွတ် ပွင့်ပြီး ဘုရားရှင်ရဲ့ ကိုယ်တော်ပေါ်ကို ကြဲပြန့်ကျလာပါတယ်။ နတ်တွေကလည်း မန္ဒာရ၀ နတ်ပန်းတွေ၊ အမွှေးနံ့သာတွေ၊ တူရိယာသီချင်းတွေနဲ့ ဗုဒ္ဓမြတ်စွာကို ပူဇော်ကြပါတယ်။ ဘုရားရှင်က ဒီလို ပူဇော်ခြင်းမျိုးကို အရိုအသေ အလေးအမြတ် ပူဇော်တယ်လို့ မခေါ်နိုင်ဘူး။ တရားဖြင့်လျှော်စွာ ကျင့်သုံးခြင်း (ဓမ္မာနုဓမ္မပဋိပန္န) ဖြင့်သာ ဘုရားရှင်ကို အရိုအသေ အလေးအမြတ် ပူဇော်ရာ ရောက်တယ်လို့ ဟောကြားပြီး ရဟန်းတော်တွေကို တရားနဲ့ အညီကျင့်သုံးလိုက်နာကြဖို့ တိုက်တွန်းတော်မူခဲ့ပါတယ်။ ဘုရားရှင်က အခြားသော မှာကြားစရာတွေကို မှာကြားပြီးတဲ့နောက်မှာ အောက်ပါ နောက်ဆုံးစကားကို မိန့်ကြားတော်မူခဲ့ပါတယ်။

    “ဟန္ဒ ဒါနိ, ဘိက္ခဝေ, အာမန္တယာမိ ဝေါ၊ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။”
    “ရဟန်းတို့ ယခုငါ မိန့်ကြားအံ့။ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏။ မမေ့မလျော့သော သတိတရားဖြင့် ကြိုးစား အားထုတ်ကြကုန်လော့”

    ဒီနောက်မှာတော့ ဗုဒ္ဓမြတ်စွာက ဈာန်သမာပတ် အဆင့်ဆင့်ကို စုန်ဆန် ဝင်စားတော်မူပြီး၊ အကြွင်းမဲ့ အငြိမ်းဓာတ်ဖြစ်တဲ့ ပရိနိဗ္ဗာန် ဝင်စံတော်မူပါတယ်။
    နိဗ္ဗာနစေတီတော်ရှေ့တွင် စိုက်ပျိုးထားသည့် အင်ကြင်းပင်


    တေဇော ဓာတ်လောင်ကျွမ်းရာ မကုဋဗန္ဓနစေတီ

    နံနက်မိုးသောက် ရောက်တဲ့အခါ အရှင်အာနန္ဒာနဲ့ ရဟန်းတော်တွေက ကုသိနရုံ မလ္လာမင်းတို့၏ လွှတ်တော်ကို သွားပြီး ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံဝင်တော်မူပြီဆိုတဲ့ သတင်းစကားကို ပြောပြီး၊ အလောင်းတော်ကို လိုအပ်သလို စီမံဆောင်ရွက်ကြဖို့ လွှဲအပ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံကာနီးမှာ ကြွင်းကျန်ရစ်ရဲ့ အလောင်းတော် (သရီရ) ကို ဘယ်လို စီမံရမယ်ဆိုတဲ့ အမေးစကားကို အရှင်အာနန္ဒာက မေးလျှောက်ခဲ့ဖူးပါတယ်။ ရဟန်းတွေကို “သင်တို့က အလောင်းတော်ကို ပူဇော်ဖို့ (သရီရပူဇာ) အတွက် ကြောင့်ကြစိုက် မနေကြပါနဲ့။ တရားဓမ္မကိုသာ ကြိုးကြိုးစားစား အားထုတ်ကြပါ။ ငါဘုရားကို ကြည်ညိုတဲ့ မင်း၊ ပုဏ္ဏား၊ သူကြွယ်တွေကနေ သရီရပူဇာကို ဆောင်ရွက်ကြပါလိမ့်မယ်” မှာကြား သွားတော်မူခဲ့ပါတယ်။

    ကုသိနာရုံ မလ္လာမင်းတို့က အလောင်းတော်ကို အင်ကြင်းဥယျာဉ် အတွင်းမှာဘဲ ၇-ရက်တိုင်တိုင် ပူဇော်ကြပါတယ်။ အဲဒီနောက်မှာတော့ ကုသိနာရုံမြို့ အရှေ့ဖက်မှာရှိတဲ့ မကုဋဗန္ဓန စေတီမှာ မီးသဂြိုဟ်ဖို့ စီမံကြပါတယ်။ မလ္လာမင်းတွေ အဘိသိက်ခံတဲ့အခါ မကိုဋ် ဦးသျှောင်ထုံးဖွဲ့ရာ မင်းကွန်းဖြစ်တဲ့အတွက် မကုဋဗန္ဓန စေတီလို့ ခေါ်တာပါ။ ဟိရညဝတီမြစ်ကမ်း နံဘေးမှာ တည်ရှိပါတယ်။ မြတ်စွာဘုရားရဲ့ ရုပ်အလောင်းတော်ကို ပင့်ဆောင်လာခဲ့ကြပြီး ဝါဂွမ်းနုတွေ၊ အဝတ်တွေနဲ့ အထပ်ထပ် ရစ်ပတ်ကြပါတယ်။ အလောင်းတော်ကို ရွှေတလားအတွင်းမှာ ဆီတွေနဲ့ အတူထည့်၊ ဖုံးအုပ်ထားပြီး နံ့သာမျိုးစုံကို ထင်းအဖြစ် စုပုံပြီး မီးသဂြိုဟ်ဖို့ ပြင်ဆင်ကြပါတယ်။ ဘယ်လိုပင် မီးတိုက်ကြပေမယ့် မီးမစွဲလောင်ဘဲ နေပါတယ်။ ပါဝါမြို့ကနေ ကြွလာတဲ့ အရှင်မဟာကဿပ မထေရ်က အလောင်းတော်ကို လက်ယာရစ် သုံးပတ်ပတ် ပူဇော်ပြီး၊ ခြေတော်အစုံ ရှိရာဖက်ကို ဦးခိုက် အဓိဋ္ဌာန်ပြုတော့မှ ထင်းပုံက အလိုအလျှောက် မီးထတောက်ကာ တေဇောဓာတ် လောင်ကျွမ်းတော်မူပါတယ်။

    ဓာတ်တော် လောင်ကျွမ်းရာ မကုဋဗန္ဓနစေတီ (ရာမဘာရ်)

    ဒီတေဇောဓာတ်လောင်ကျွမ်းတဲ့ နေရာမှာ မလ္လမင်းတွေက စေတီပုထိုး တည်ခဲ့ကြပါတယ်။ နောင်တော့ အသောကမင်း၊ ကုမာရဂုတ္တ (ခရစ် ၅-ရာစု) တို့က အသီးသီးပြန်လည် မွမ်းမံပြင်ဆင်ခဲ့ကြပါတယ်။ အခုအခါမှာတော့ အုတ်ပုံကြီးလိုသာ ကျန်ပါတော့တယ်။ အုတ်ပလ္လင်က အချင်းပေ ၁၅၅-ပေလောက်ရှိပြီး စေတီအခြေက အချင်း ၁၁၂-ပေရှိပါတယ်။ လက်ရှိအမြင့်က ပေ-၅၀ လောက်ပဲရှိတော့ပေမယ့်၊ အောက်ခြေအချင်းကို ထောက်ဆကြည့်ရင် မူလယခုထက် ၂-ဆလောက် မြင့်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ရာမဘာရ် (Ramabhar) ရေအိုင်အနီးမှာ တည်ရှိတဲ့အတွက် ဒေသခံတွေက ဒီစေတီကို ရာမဘာရ် စေတီလို့ ခေါ်ကြပါတယ်။ အချို့စာအုပ်တွေမှာ ဒီစေတီကို အင်္ဂါရစေတီလို့ မှားယွင်း ရေးသား ပြောဆိုကြတာလည်း ရှိပါတယ်။

    ဓာတ်တော်များ ခွဲဝေရာ

    ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်ကြောင်း သတင်းစကားကြားတဲ့အခါ အိမ်နီးချင်း တိုင်းနိုင်ငံတွေက သံတမန်တွေ စေလွှတ်ပြီး ဓာတ်တော်တွေကို ခွဲဝေပေးဖို့ တောင်းခံပါတယ်။ ဓာတ်တော် ဝေခြမ်းရေးကို အကြောင်းပြုပြီး ရန်စစ်ဖြစ်လုနီးပါး ဖြစ်လာပါတယ်။ ဒီမှာတင် မင်းတွေရဲ့ဆရာဖြစ်ခဲ့ဖူးတဲ့ ဒေါဏပုဏ္ဏားက “အချင်းတို့… ငါတို့ရဲ့ ဗုဒ္ဓမြတ်စွာက ခန္တီဝါဒ ရှိသူ ဖြစ်ပါတယ်။ ထိုမြတ်စွာဘုရားရဲ့ ဓာတ်တော်တွေကို ခွဲဝေရေးကို အကြောင်းပြုပြီး စစ်ဖြစ်ဖို့ မသင့်ပါဘူး” လို့ ကြားဝင်စေ့စပ်ပါတယ်။ ဓာတ်တော်တွေကို ရှစ်ပုံ အညီအမျှ အောက်ပါအတိုင်း ခွဲဝေပေးပါတယ်။

    ၁။ မဂဓတိုင်း အဇာတသတ်မင်း
    ၂။ ဝေသာလီပြည် လိစ္ဆဝီ မျိုးနွယ်စု
    ၃။ ကပိလဝတ္ထုမှ သာကျ မျိုးနွယ်စု
    ၄။ အလ္လကပ္ပမှ ဗုလိယ မျိုးနွယ်စု
    ၅။ ရာမရွာမှ ကောဠိယ မျိုးနွယ်စု၊
    ၆။ ဝေဋ္ဌဒီပမှ ဗြာဟ္မဏများ၊
    ၇။ ပါဝါမှ မလ္လ မျိုးနွယ်စု၊
    ၈။ ကုသိနာရုံမှ မျိုးနွယ်စု

    ဒေါဏပုဏ္ဏားကတော့ ဓာတ်တော်ခြင်တဲ့ ပြည်တောင်းကိုပဲ ရပါတယ်။ နောက်မှ ရောက်လာတဲ့ ပိပ္ပလိတောက မောရိယမျိုးနွယ်စုကတော့ မီးသွေး (အင်္ဂါရ) တွေဘဲရပါတော့တယ်။ သူတို့ရဲ့ တိုင်းပြည်နေရာ အသီးသီးမှာ သူတို့ရရှိတဲ့ ဓာတ်တော်၊ ပြည်တောင်း၊ မီးသွေးတွေကို ဌာပနာပြီး စေတီပုထိုး (ထူပ) ဆယ်ဆူ တည်ထားကိုးကွယ်ခဲ့ကြတယ်လို့ မဟာပရိနိဗ္ဗာနသုတ်မှာ ဖော်ပြထားပါတယ်။

    ပရိနိဗ္ဗာနစေတီတော်ရှေ့နဲ့ ဓာတ်တော်တွေ ခွဲဝေတဲ့နေရာမှာ အသောကမင်း စိုက်ထူခဲ့တဲ့ ကျောက်စာတိုင်တွေ ရှိတယ်လို့ တရုတ်ရဟန်းတော် ရွှန်ကျန်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဒီကျောက်စာတိုင်တွေကို မတွေ့ရတော့ပါဘူး။ ဒါကြောင့် ဓာတ်တော်ခွဲဝေတဲ့ နေရာ အတိအကျကို သုတေသနနည်းကျ သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။ အချို့ဘုရားဖူး ခရီးစဉ်တွေမှာတော့ ထိုင်းကျောင်း (Wat Thai Temple) ရဲ့ အရှေ့တောင်ဖက်အရပ်မှာရှိတဲ့ ညောင်ပင်ကြီးကို ဒေါဏပုဏ္ဏား ဓာတ်တော်တွေ ဝေတဲ့နေရာအဖြစ် ပို့ပေးလေ့ရှိပါတယ်။ အဲဒီနေရာမှာ ကုသိနာရုံ မလ္လမင်းတွေရဲ့ သန္ထဂါရလွှတ်တော် အဆောက်အအုံရဲ့ အပျက်အစီးတွေတွေ့ရတယ်လို့လည်း ဆိုပါတယ်။

    ဓာတ်တော် ခွဲဝေရာ နေရာ (wikimedia)
    မထကူဝ

    မဟာပရိနိဗ္ဗာနစေတီတော်ရဲ့ အနောက်တောင်ဖက် တစ်ဖာလုံ လောက်အကွာမှာ မထကူ၀ (Matha Kuar) လို့ ဒေသခံတွေခေါ်တဲ့ ကျောင်းတော်ရာ ရှိပါတယ်။ “မထကူဝ” ဆိုတာ “မတကုမာရ (Dead Prince)” ကနေ ဆင်းလက်တာ ဖြစ်ဟန်တူပြီး၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုခဲ့တဲ့နေရာ ဖြစ်မယ်လို့ ဗြိတိသျှ ကျောက်စာဝန် ကန်နင်ဟန်က အမှတ်မှားပြီး ယူဆခဲ့ဖူးပါတယ်။ ဒီနေရာကို ရှေးဟောင်သုတေသနဌာနက တူးဖော်စဉ်က ဉာဏ်တော် ၁၀-ပေလောက် ရှိပြီး၊ မြေကြီးကို လက်နဲ့ထိထားတဲ့ ဘူမိဖဿမုဒြာဟန် ရုပ်ပွားဆင်းတုတော် တဆူကို တူးဖော်ရရှိခဲ့ပါတယ်။ ဂယာဒေသက ထွက်တဲ့ ကျောက်နက်နဲ့ ထုလုပ်ထားတာလို့ ဆိုပါတယ်။ ဒီဆင်းတုတော် သီတင်းသုံးတဲ့ ကျောင်းဆောင်ကိုလည်း မြန်မာဘုရားဖူး ဦးဘိုးကျူးနှင့် ဦးဘိုးလှိုင်တို့က ၁၉၂၇-ခုနှစ်မှာ ဆောက်လုပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာက မြတ်စွာဘုရား နောက်ဆုံး ရေကြည်တော် သောက်ပြီး၊ ရေသပ္ပါယ်တော်မူခဲ့တဲ့နေရာလို့ ဧည့်လမ်းညွှန်တွေက ရှင်းပြလေ့ရှိပါတယ်။ မဟာပရိနိဗ္ဗာနသုတ်အရဆိုရင်တော့ ဘုရားရှင် နောက်ဆုံး ရေကြည်သောက်ပြီး ရေသပ္ပါယ်တော်မူခဲ့တဲ့ နေရာက ဒီနေရာမဟုတ်ဘဲ၊ ပါဝါနဲ့ ကုသိနာရုံကြားက ကကုဓာမြစ် ဖြစ်သင့်ပါတယ်။ အချို့ကလည်း မြတ်စွာဘုရား နောက်ဆုံး အနားယူတဲ့ နေရာ၊ နောက်ဆုံး တရားဟောတဲ့ နေရာ စသဖြင့် အမျိုးမျိုး ကြံဆ ပြောဆိုကြပါတယ်။

    မထကူ၀ ကျောင်းတော်