ဗုဒ္ဓမြတ်စွာသည် အနာထပိဏ်သူဌေးအား စီးပွားဥစ္စာ ရှာဖွေရာတွင် ထားရှိအပ်သော ရည်ရွယ်ချက် (၅) ပါးကို ဟောကြားထား၏။
(၁) မိမိနှင့်တကွသော မိဘ, သားမယား, အစေခံ အလုပ်သမားတို့ကို ချမ်းသာ နှစ်သက်စေရန်
(၂) မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့ကို ချမ်းသာ နှစ်သက်စေရန်
(၃) ရန်သူမျိုးငါးပါးနှင့်ကြုံတွေ့သောအခါ မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက် နိုင်ရန်
(၄) ဆွေမျိုးတို့အား ပေးကမ်းခြင်း, ဧည့်သည်တို့အား ကျွေးမွေးခြင်း, ကွယ်လွန်သူတို့ အတွက် ရည်စူး၍ ပေးလှူခြင်း, မင်းအား အခွန် ဆက်သခြင်း, နတ် ပူဇော်ခြင်းဟူသော ပူဇော်ခြင်းငါးမျိုး (ပဉ္စဗလိ) ပြုရန် (ဤငါးမျိုးသည် ဗုဒ္ဓခေတ် အိန္ဒိယနိုင်ငံတွင် ကျင့်သုံးခဲ့သော ရိုးရာအစဉ်အလာ လူမှုရေး, နိုင်ငံရေး, ဘာသာရေး ဝတ္တရားဖြစ်၍ ဗြာဟ္မဏ ပုရဏ်ကျမ်းများတွင် ယဇ်ကြီးငါးပါး “ပဉ္စမဟာယည” ဟု ခေါ်သည်။)
(၅) ရဟန်းပုဏ္ဏားတို့အား မြတ်သော အလှူပေးရန်
ထိုငါးချက်အား အနှစ်ချုပ်လျှင်
(၁) မိမိကိုယ်ကို ချမ်းသာနှစ်သက်စေသည် (အတ္တာနံ သုခေတိ ပိဏေတိ),
(၂) သူတစ်ပါးအား မျှဝေသည်, ကောင်းမှု ကုသိုလ်ပြုသည် (သံဝိဘဇတိ ပုညာနံ ကရောတိ) ဖြစ်၏။
ဤကဲ့သို့ အသုံးချသူသည် စီးပွားဥစ္စာ တိုးတက်သည် ဖြစ်စေ၊ ဆုတ်ယုတ်သည် ဖြစ်စေ စိတ်နှလုံးမသာမယာ မဖြစ်။ “ငါသည် စည်းစိမ်ဥစ္စာတို့အား မိမိအကျိုး, အများအကျိုးအတွက် အသုံးချခဲ့ပြီ” ဟု ဝမ်းမြောက် ကျေနပ်ခြင်း ဖြစ်လေသည်။
စာညွှန်း။
၁။ အံ-၁၀-၉၁၊ အင်္ဂုတ္တရနိကာယ်၊ ဒသကနိပါတ်၊ ဥပါလိဝဂ်၊ ကာမဘောဂီသုတ်
၂။ အံ-၅-၄၁၊ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ မုဏ္ဍရာဇဝဂ်၊ အာဒိယသုတ်
၃။ အံ-၄-၆၂၊ အင်္ဂုတ္တရနိကာယ်၊ စတုကနိပါတ်၊ ပတ္တကမ္မဝဂ်၊ အာနဏျသုတ်